ရီမိသားစု၏ တပ်သားသစ် စုဆောင်းခြင်း
Vol. 1 Ch. 25
“ဟမ်...သခင်လေး ဘာလို့ဒီနေ့ အစောကြီး ပြန်လာတာလဲ...သိုင်းခန်းမကို မသွားခဲ့ဘူးလား...”
ရှောင်နူသည် ခြံဝင်းထဲတွင် အဝတ်အစားများ လျှော်နေရာမှ ခြေသံများ ကြားသောအခါ နောက်သို့ လှည့်လာခဲ့သည်။
သူ့ကိုရုတ်တရက် မြင်လိုက်ရသောအခါ သူမ၏ကြီးမား ဝိုင်းစက်သော မျက်လုံးများသည် လခြမ်းပုံ ကွေးသွားသည်အထိ ပြုံးပြလာပြီး ကျန်းရီကို နှုတ်ဆက်လိုက်သည်။
ကျန်းရီသည် ရှောင်နူ၏ ခေါင်းလေးကို ပုတ်လိုက်ပြီး ခေါင်းညိတ်ပြ လာခဲ့သည်။
“ရှောင်နူ...ခဏလောက် လာခဲ့ဦး...ငါမင်းကို အရေးတကြီး ပြောစရာရှိတယ်”
ကျန်းရီ၏ရင်ထဲမှ လေးလံမှုများကို ခံစားမိသောအခါ ရှောင်နူ၏ မျက်နှာပေါ်မှ အပြုံးသည် အေးခဲသွားခဲ့သည်။ သူမသည် သူ့အတွက် ရေတစ်ခွက် ငှဲ့ပေးခြင်းကိုပင် ရပ်တန့်လိုက်ကာ ကျန်းရီ၏နောက် အလျင်စလို လိုက်လာကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။ သူမသည် အလန့်တကြား မေးလာခဲ့သည်...
“သခင်လေး...ဘာဖြစ်တာလဲ...”
ကျန်းရီသည် အပြုံးတစ်ခုကို ခက်ခက်ခဲခဲ ထုတ်ဖော် လိုက်ရသည်...
“အရမ်း အရေးမကြီးပါဘူး...ငါသိုင်းခန်းမမှာ လျှို့ဝှက်တာဝန် တစ်ခု ထမ်းဆောင်စရာ ရှိလို့...သုံးလလောက် ထွက်သွားရမယ်...မင်းကို တစ်ယောက်တည်း ထားခဲ့ရမှာ နည်းနည်း စိုးရိမ်နေလို့...”
ကျန်းရှောင်နူသည် သူမ၏ရင်ဘတ်ကို ပုတ်ပြကာ အပြစ်ကင်းစင်သည့် အပြုံးလေးနှင့် ပြုံးပြလိုက်သည်။
“ကျွန်မထင်တာ ဒါအရေးကြီးတဲ့ ကိစ္စဖြစ်မယ် ထင်တယ်...သခင်လေး သွားပါ ရှောင်နူ အဆင်ပြေပါတယ်...ရှောင်နူ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှာပါ...သခင်လေးက အနာဂတ်မှာ ကြီးမားတဲ့ အရာတွေ လုပ်ရမှာဆိုတော့ စွန့်စားခန်းတွေ ထွက်သင့်တယ်လေ”
“ကြီးမားတဲ့အရာတွေ...”
ကျန်းရီသည် ခေါင်းယမ်းလိုက်ရင်း နာကြည်းစွာ ပြုံးလိုက်သည်။ သူသည် ခမ်းနားသော အောင်မြင်မှုများကို မလိုချင်သလို ကြီးမားသော အရာများကို လုပ်ဆောင်ရန်လည်း ဆန္ဒမရှိချေ။ သူလိုချင်သည်ကား ရှောင်နူနှင့် အေးအေးချမ်းချမ်း နေထိုင်သွားရန် ဖြစ်သည်။ ဘာကြောင့်များ ကံတရားသည် သူ့ကိုကျီစား ရပါသနည်း...ဂိုဏ်းတွင်း ဂိုဏ်းပြင်တွင် သူ့ကို သတ်ချင်နေသည့် ရန်သူများစွာ ရှိလေသည်။ သူသည် လုံခြုံအေးချမ်းစွာ နေနိုင်ရန်မှာ အောင်မြင်သည် အထိ ကျင့်ကြံရန်သာ ဖြစ်သည်။
“အိုး...ဟုတ်သားပဲ”
ကျန်းရီသည် သူပြန်ရလာခဲ့သော အမိန့်ပေး တံဆိပ်ပြားကို ထုတ်ကာ သူမကို ပြလိုက်သည်...
“ရှောင်နူ...ငါဘာရလာခဲ့လဲ ကြည့်ပါဦး”
“အာ...အမိန့်ပေး တံဆိပ်ပြား”
ရှောင်နူသည် ပျော်ရွှင်မှုနှင့် အော်ဟစ်လိုက်သည်။
“သခင်လေး...ဒါကို ပြန်ရွေးခဲ့တာလား...ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ်ကို ရသွားတာလဲ”
“သိုင်းခန်းမက ပေးခဲ့တာ”
ကျန်းရီသည် ခရမ်းရောင်ရွှေ တစ်ရွက်ကို ရှောင်နူကို ပေးလိုက်ပြီး ညွှန်ကြားလိုက်သည်...
“ဒီမှာ ဒီရွှေကို သိမ်းထား...ပြီးတော့ ငါသွားတဲ့ သုံးလအတွင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်...တစ်ခုကိုတော့ စိတ်ထဲမှာ စွဲနေအောင် မှတ်ထား...ဘယ်အခြေအနေပဲ ဖြစ်ဖြစ် ကျန်းအိမ်တော်ဝင်း ထဲကနေ ထွက်မသွားနဲ့...ဖန်းယွီ ဆောင်ကြာမြိုင်က တကူးတကတော့ ဒုက္ခလာပေးမှာ မဟုတ်ဘူး...ဒါပေမဲ့ မင်းထွက်သွားရင်တော့ အာမမခံနိုင်ဘူး...မင်းဒီခြံထဲမှာ ရှိနေသရွေ့ ဘာကမှ အန္တရာယ် မပေးနိုင်ဘူး...တစ်ယောက်ယောက်က ငါ့အကြောင်း မေးလာခဲ့ရင် ငါအဝေးကို သုံးလလောက် ထွက်သွားကြောင်း ပြောလိုက်...ငါသိုင်းခန်းမမှာ အလုပ်လုပ်နေကြောင်း ဘယ်သူ့ကိုမှ ပြောလို့မရဘူး...နားလည်လား...”
ရွှေရွက်လေးကို ပျော်ရွှင်စွာ ယူလိုက်ရင်း ရှောင်နူသည် ခေါင်းညိတ်ပြ လာခဲ့သည်...
“မစိုးရိမ်ပါနဲ့...သခင်လေး...ရှောင်နူ ဒီခြံဝင်းထဲကနေ ဘယ်မှ မသွားပါဘူး”
ကျန်းရီသည် ရှောင်နူ၏ ကတိကို ရမှသာ စိတ်သက်သာရာ ရသွားခဲ့သည်။ ကျန်းဂိုဏ်းသည် စည်းကမ်းများ အလွန် တင်းကျပ်ပေသည်။ ဂိုဏ်းသား တစ်ယောက်၏ မိသားစုအရေးတွင် တခြားသူများ ဝင်စွက်ဖက်ခွင့် မရှိပေ။ ထို့ကြောင့် ကျန်းရုဟူ၏ သူတစ်ယောက်တည်း နှင့်သာ သက်ဆိုင်ပြီး ရှောင်နူကို ခက်ခဲအောင် လုပ်လာလျှင် ဂိုဏ်းက ဒီအတိုင်း ကြည့်နေမည် မဟုတ်ပေ...သေချာပေါက် အကျိုးဆက်များ ရှိပေသည်။
ကျန်းရီသည် ရှောင်နူ၏ ခေါင်းကို တစ်ကြိမ် ထပ်ပုတ်လိုက်ရင်း မတ်တတ်ရပ်ကာ ပြောလိုက်သည်...
“ကောင်းပြီ...ငါခေါင်းဆောင် ရုန်ကို သွားပြီး အကြောင်းကြား လိုက်ဦးမယ်...ရှောင်နူ...ငါပြန်လာတာကို စောင့်နေပါ...”
ရှောင်နူသည် ပြုံးပြရင်း ခေါင်းညိတ် လာခဲ့သည်။ သူမသည် ကျန်းရီ၏ ထွက်သွားမှုကို စိတ်ပူနေသည့် အမူအရာသာ ရှိပြီး...စိတ်မချသည့် အရိပ်အယောင်တို့တော့ ရှိမနေချေ...
“ဂရုစိုက်ပါ...သခင်လေး...သခင်လေး ပြန်လာတဲ့အခါကျ ဖက်ထုပ် လုပ်ကျွေးမယ်လို့ ကတိပေးတယ်”
ကျန်းရီသည် ကျောခိုင်းလိုက်ပြီး မျက်လုံးများကို မှိတ်ချလိုက်သည်။ သူသည် တံခါး အပြင်ဘက်သို့ ရောက်သော်လည်း ရှောင်နူကို တစ်ချက်မှ ပြန်လှည့် မကြည့်ခဲ့ပေ..သူသာ သူမကို ကြည့်မိလျှင် ထွက်မသွားနိုင် ဖြစ်မည်ကို ကြောက်နေမိသည်...
“သခင်လေး...အစစအရာရာ အဆင်ပြေပါစေ”
ကျန်းရှောင်နူသည် တံခါးဝ ရောက်သည်အထိ ကျန်းရီ၏ နောက်မှ လိုက်သွားခဲ့သည်။ သူမသည် ထိုနေရာတွင် ရပ်နေရင်း သူထွက်ခွာ သွားသည်ကို ချိုသာသော အပြုံးတစ်ခုနှင့် တည်တည်ငြိမ်ငြိမ်ပင် လက်ပြနေခဲ့သည်။
ကျန်းရီ၏ ကျောပြင် ပျောက်ကွယ် သွားမှသာ ရှောင်နူသည် လက်ပြနေခြင်းကို ရပ်တန့်လိုက်သည်။ သူမ၏ အပြုံးလေးသည်လည်း အေးခဲသွားခဲ့သည်။ မျက်ရည်စီးကြောင်း နှစ်ခုသည် သူမ၏ ပါးပြင်ထက်မှ စီးကျလာခဲ့သည်။ သူမသည် ကျန်းရီ ထွက်သွားရာ ဘက်သို့ ငေးကြည့်ရင်း တီးတိုး ပြောလိုက်သည်...
“သခင်လေး...ဘာဖြစ်ခဲ့တယ် ဆိုတာကို ရှောင်နူ မသိပါဘူး...ဒါပေမဲ့ အရမ်းဆိုးတဲ့ တစ်ခုခု ဖြစ်ခဲ့တာ ဖြစ်ရမယ်...မဟုတ်ရင် သခင်လေး ရှောင်နူကို ဒီလိုမျိုး ထားခဲ့မှာ မဟုတ်ဘူး...သခင်လေး..ရှောင်နူကို စိတ်မပူပါနဲ့...သခင်လေး ဆန္ဒရှိတာကိုပဲ လွတ်လွတ်လပ်လပ် လုပ်ပါ..ရှောင်နူ အိမ်မှာ စောင့်နေပါ့မယ်...သခင်လေးသာ သေသွားခဲ့မယ်ဆိုရင် ရှောင်နူလည်း အသက် မရှင်ချင်တော့ပါဘူး...ရှောင်နူ တမလွန်ကို ရောက်သွားမယ် ဆိုရင်တောင် သခင်လေးရဲ့ အစေခံ ဖြစ်ချင်ပါသေးတယ်...”
***
“ဘာလဲ...မင်းက ထွက်သွားမယ်...သုံးလတောင် ထွက်သွားမယ်”
ခေါင်းဆောင်ရုန်သည် ကျန်းရီ၏ စကားများကို ကြားသည်နှင့် ဒေါသတကြီး ဖြစ်သွားခဲ့သည်။ သူသည် စားပွဲကို ဒေါသတကြီး ရိုက်ချလိုက်ပြီး ကျန်းရီကို အရေခွံ ဆုတ်တော့မည် ကဲ့သို့ပင် ကုလားထိုင်မှ ထလာခဲ့သည်။ သို့သော်လည်း ငြင်းဆိုစကား ထွက်မလာခင်မှာပင် ကျန်းရီသည် ခရမ်းရောင် ရွှေနှစ်ရွက် ခေါင်းဆောင်ရုန်ကို ပေးလိုက်သည်။
ကျန်းရီသည် ခေါင်းဆောင်ရုန် ရွှေရွက်များကို ယူသွားသည်ကို ကြည့်ရင်း ရင်ထဲမှပင် နာကျင်လာရသည်။ သူသည် အားတင်းကာ ပြောလိုက်သည်...
“ခေါင်းဆောင် ဒါက ကျွန်တော် နစ်နာကြေးအနေနဲ့ ပေးတာပါ..ကျွန်တော်က စိုက်ခင်းတွေမှာ တာဝန်ထမ်းဆောင်တဲ့ သူတွေ နည်းနေတဲ့ အချိန်မှ ထွက်သွားရတယ်...ပိုပြီးကောင်းတဲ့ တစ်ခုခု ရှာတွေ့ခဲ့ရင်လည်း ကျွန်တော် ပြန်ရောက်လာတဲ့ အခါ ထပ်ပြီး ပေးဆပ်မှာပါ...ကျွန်တော့်ကို ကူညီပြီး ဂိုဏ်းနဲ့ အချိန်ကိစ္စ ဖြေရှင်းပေးပါ...”
“စိုက်ခင်းတွေ”
ခေါင်းဆောင်ရုန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူသည် ကျန်းရီ၏ ပခုံးကို ကြင်နာစွာ ပုတ်လိုက်သည်...
“ကောင်းတယ်...ကျန်းရီ ခွေးကောင်လေး...မင်းမှာ အစွမ်းအစ ရှိပါတယ်...ငါနားလည်တယ်…မင်းလို လူငယ်တွေက အတွေ့အကြုံ သစ်တွေ လိုချင်ကြတယ်...ဒါပေမဲ့ မင်းဂရုစိုက်ရမယ်...ဂိုဏ်းကို သုံးလအတွင်း ရောက်အောင် ပြန်ခဲ့...ဂိုဏ်းကသာ ဒီကိစ္စကို သိသွားပြီး မင်းကို ဂိုဏ်းသား အဖြစ်က ပယ်ဖျက်လိုက်ရင် အားလုံး ရှုပ်ကုန်လိမ့်မယ်...”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သူသည် ထိုသို့ဖြစ်သည်ကို ကာကွယ်ရန်သာ မဟုတ်လျှင် ခေါင်းဆောင်ရုန်ကို ရွှေနှစ်ရွက် လိုလိုလားလား ပေးလိမ့်မည် မဟုတ်ချေ။ ကျန်းဂိုဏ်းတွင် စည်းမျဉ်းတစ်ခုရှိသည်။ ဂိုဏ်းမှ ခွင့်ပြုချက် မရဘဲ ထွက်ခွာသွားသူကို ဂိုဏ်းသား အဖြစ်မှ ပယ်ဖျက်မည် ဖြစ်သည်။
ကျန်းရီသည် ခေါင်းဆောင်ရုန်ကို သုံးလအတွင်း ပြန်လာရန် ထပ်မံကတိ ပေးပြီးနောက် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် ကျန်းအိမ်တော် မြောက်ဘက်တံခါးဝမှ ထွက်ကာ တံခါးအပြင် ရောက်သည်နှင့် ဝတ်ရုံစကို ခြုံလိုက်ပြီး သိုင်းခန်းမဆီ တည့်တည့် သွားခဲ့တော့သည်။
သူသည် သိုင်းခန်းမသို့ အနက်ရောင် အတွင်းအား အကူအညီနှင့် အကြားအာရုံကို သုံးကာ တစ်နာရီအတွင်း ဘေးကင်းကင်း ရောက်ရှိသွားခဲ့သည်။ ထို့ပြင် သူသည် လမ်းတွင် မည်သူမှ နောက်ယောင်ခံ လိုက်မလာနိုင်စေရန် လမ်းကြားများမှ လာခဲ့သည်။
ကြီးကြပ်သူ ယန်သည် ကျန်းရီ၏ သိုင်းခန်းမတွင် သုံးလကြာ နေထိုင်မည့် ရည်ရွယ်ချက်ကို မကျေမနပ် မဖြစ်ပေ။ ကျန်းရီသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ကို ရောက်ရှိရန် ကျင့်ကြံရာတွင်သာ အစွမ်းကုန် အာရုံစိုက်ထားရန် လိုအပ်ပေသည်။ ထိုနည်းဖြင့် သိုင်းခန်းမသည် ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် တစ်ယောက်ကို ရရှိနိုင်ပေသည်။
ကျန်းရီ၏ နေထိုင်ရန် နေရာသည် သိုင်းလေ့ကျင့်ခန်းများ ရှိရာ ခန်းမ၏ အခန်းကျဉ်းလေး တစ်ခု ဖြစ်သည်။ သူသည် နေ့ရက်တိုင်းကို ရီလင်းရွှယ်နှင့် တစ်ကြိမ်လေ့ကျင့်ပြီး ကျန်အချိန်များကို အခန်းအောင်း၍ ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။ ကြီးကြပ်သူ ယန်တောင်မှ သူ့ကို အခန်းပြင် မထွက်ခိုင်းခဲ့ပေ...သခင်လေး၊ သခင်မလေးများ တစ်ယောက်ယောက်ကသာ သူ့ကို သိုင်းလေ့ကျင့်ဖက် လုပ်ရန် ခေါ်ခဲ့လျှင် သူ့ကျင့်ကြံချိန်များကို အနှောင့်အယှက် ဖြစ်မည် စိုး၍ ဖြစ်သည်။
ရီလင်းရွှယ်သည်ကား အမှန်ပင် ထူးဆန်းသော မိန်းကလေး ဖြစ်သည်။ သူမသည် နေ့လယ်တိုင်းတွင် သိုင်းလေ့ကျင့်ခန်းများ ရှိရာသို့ ရောက်လာကာ ကျန်းရီနှင့် တစ်ပွဲတိုက်ရန် တောင်းဆိုလေ့ ရှိသည်။ ပွဲတိုင်း ရှုံးရသည်ကို သူမသည် မောပန်းဟန် မရှိပေ...အခြား သိုင်းလေ့ကျင့်ဖက် များနှင့် ကြီးကြပ်သူယန်ပင် သူမ ကျန်းရီကို စိတ်ဝင်စား နေသလားဟု သံသယ ဝင်လာကြသည်။
“ဟ...ငါအရှုံးပေးတယ်...အထီးကျန် ဝံပုလွေ...ရှင်ကပိုပိုပြီး အားကောင်းလာတယ်...ရှင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်ကို ရောက်တော့မယ် မလား...ရှင့် ကျင့်ကြံနှုန်းက ဘာလို့ဒီလောက် မြန်နေတာလဲ...ဒီလောက် ကျင့်ကြံနှုန်း မြန်ရဲ့သားနဲ့ ဘာလို့ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်မှာပဲ ရှိနေသေးတာလဲ...”
သိုင်းခန်းမတွင် နေထိုင်ရင်း ဆယ့်သုံးရက်မြောက်နေ့ ကျန်းရီသည် ရီလင်းရွှယ်နှင့် လေ့ကျင့်အပြီးတွင် ဖြစ်သည်။ သို့သော် သူမသည် ခါတိုင်းကဲ့သို့ အလျင်စလို ထွက်မသွားပဲ ကျန်းရီကို စပ်စပ်စုစုနှင့် မေးခွန်းများ မေးနေခဲ့သည်။
“ဟား..ဟား..ငါက အရင်တုန်းက ကျင့်ကြံရတာကို စိတ်မဝင်စားခဲ့ဘူး...အခု သိုင်းခန်းမကို ရောက်တော့ ကျင့်ကြံနှုန်းက မြန်လာရုံတင် မဟုတ်ဘူး...ဝိညာဉ်အားဖြည့် ဆေးတွေလည်း ထောက်ပံ့ပေးတယ်လေ...”
ကျန်းရီသည် အကြမ်းဖျင်း ရှင်းပြလိုက်သည်။ သူသည် လွန်ခဲ့သော ဆယ်ရက်ခန့်က ချိပ်ပိတ် သင်္ကေတပေါ်ရှိ အက္ခရာ အလုံးတစ်ရာခန့်ကို ဖယ်ရှားလိုက်ပြီး ကျင့်ကြံနှုန်းသည် မြန်ဆန်လာခဲ့သည်။ ကြီးကြပ်သူယန်ဆီမှ ဝိညာဉ် အားဖြည့်ဆေးများ အကူအညီနှင့် ပေါင်းစပ် လိုက်သောအခါ သူ့ကျင့်ကြံနှုန်းသည် မည်သို့ မမြန်ဘဲ နေနိုင်တော့မည်နည်း...သူ့ခန့်မှန်းချက် အရဆိုလျှင် နောက်သုံးရက်မှ ငါးရက်ခန့်အတွင်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်သို့ ရောက်လိမ့်မည် ဖြစ်သည်။
ရီလင်းရွှယ်သည် သူမ၏ ဝတ်ရုံအနီကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ရင်း သက်ပြင်းချလိုက်သည်...
“စိတ်မကောင်းစရာပဲ...ရှင်က ပိုပြီးတော့သာ နည်းနည်းလေး အာရုံစိုက် လိုက်မယ်ဆိုရင် ကောင်းကင်တောင်ပံမြို့က ထိပ်သီးပါရမီရှင် ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်လာမှာပဲ...”
“ထိပ်သီး ပါရမီရှင် ဆယ်ယောက်...ဘယ်ဆယ်ယောက်လဲ...”
ကျန်းရီသည် သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ရှင်ဘာမှ မသိဘူးလား...”
ရီလင်းရွှယ်၏ အကြည့်များသည် သူ့ထံ ရောက်လာခဲ့သည်။ သူမ၏ အသွင်သည် ဖော်ပြခြင်းငှာ မစွမ်းသာသော လက်ရာမြောက် ပန်းချီကား တစ်ချပ်နှယ်ပင်...
ရီလင်းရွှယ်သည် ခဏမျှ ရပ်လိုက်ပြီး ရှင်းပြလာခဲ့သည်။
“ကျီမိသားစုက ဒုတိယ သခင်လေး ကျီချန်းကော၊ တတိယ သခင်မလေး ကျီထင်ယွီ၊ မာမိသားစုက အကြီးဆုံး သခင်လေး မာဟေးချီ၊ ကျန်းဂိုဏ်းက အကြီးဆုံး သခင်လေး ကျန်းဟန်ရွှေ၊ ကျန်းဂိုဏ်းရဲ့ ဂိုဏ်းခွဲက ကျန်းရုလုံ၊ လမ်မိသားစုက အကြီးဆုံး သခင်လေး လမ်ချမ်ကျွင်း၊ စတုတ္ထ သခင်မလေး လမ်ချမ်ချမ့်၊ လျှိုမိသားစုက တတိယသခင်လေး လျှိုဟဲ၊ လျှိုမိသားစုခွဲက လျှိုကျန့်၊ နောက်ဆုံးတစ်ယောက် အားအနည်းဆုံးတော့ မဟုတ်ဘူး..သူက ယန်မိသားစုရဲ့ အကြီးဆုံး သခင်လေး ယန်ကျုံးထျန်း...သူတို့ ဆယ်ယောက်လုံးက အသက်ဆယ့်ရှစ်နှစ် အောက်မှာရှိပြီး စွမ်းအားက အနိမ့်ဆုံး သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်မှာ ရှိတယ်...ဒါကြောင့် သူတို့က ကျွန်မတို့ မျိုးဆက်မှာ ကောင်းကင်တောင်ပံ မြို့ရဲ့ ထိပ်သီးပါရမီရှင် ဆယ်ယောက် ဖြစ်နေတာပဲ..”
ကျန်းရီသည် ရီလင်းရွှယ်၏ စကားများကို ခေါင်းညိတ် နားထောင် နေသော်လည်း သူသည် ကျန်းဂိုဏ်းမှ အရေးပေး မခံသည်ကြောင့် ဤသို့သော အကြောင်းအရာများကို ယခင်က မကြားခဲ့ဖူးချေ...ကျန်းဂိုဏ်းမှ လူနှစ်ယောက်ရော၊ ကျီထင်ယွီပါ ထိုစာရင်းထဲတွင် ရှိလေသည်။ ကျန်းဟန်ရွှေနှင့် ကျီထင်ယွီသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်တွင် ရှိကြပြီး အလွန်အားကောင်း သူများ ဖြစ်ကြသည်။ သူတို့သည် ခရမ်းရောင် နန်းတော်ရှင် အဆင့်ကို ရောက်ရန် အဆင့်ငယ်တစ်ခု ကျော်ဖြတ်ရန်သာ လိုတော့သည်။
သို့သော်လည်း ကျန်းရီသည် အများကြီး တွေးမနေချေ။ ထိုသူများသည် သူနှင့် ကွဲပြားသော ဘဝတွင် နေကြသူများ ဖြစ်သည်။ သူသည် သူတို့နှင့် နှိုင်းယှဉ်လို စိတ်ပင် မရှိချေ။ သူသည် ရီလင်းရွှယ်ကို တစ်ချက်ကြည့် လိုက်သည်...
“သခင်မလေး ရီကလည်း မဆိုးပါဘူး...ဒီရက်ပိုင်းတွေမှာ မင်းရဲ့စွမ်းအားတွေ တော်တော်လေး တိုးတက်လာတယ်...မင်းရဲ့သိုင်းကွက်တွေ အားလုံး သဘာဝလွန် အဆင့်ကို ရောက်သွားပြီမလား...ပြီးတော့ မင်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်ကို ရောက်ဖို့ အရမ်း နီးကပ်နေပြီမလား”
“ခစ်..ခစ်..”
ရီလင်းရွှယ်သည် ကျန်းရီ၏ စကားများကို ကြားသောအခါ စိတ်လှုပ်ရှား သွားသည်။ သူမသည် အပြုံးတစ်ခုနှင့် လက်နှစ်ဖက်ကို ဆုပ်လိုက်ကာ ပြောလာခဲ့သည်...
“ရှင့်ကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ဒါတွေအားလုံးက ရှင့်ကြောင့်ပါပဲ...ကျွန်မက ကျွန်မစွမ်းအားတွေ တိုးတက်လာဖို့ကိုပဲ ဂရုစိုက်တာ...တကယ်တော့ ကျွန်မဒီမှာ ဆက်နေနေတာလဲ ဒါကြောင့်ပဲ”
“ကျွန်တော့်ကြောင့်”
ကျန်းရီသည် အံ့အားသင့် သွားခဲ့သည်။ သူသည် သိုင်းလေ့ကျင့်ရာတွင် တစ်ယောက်ယောက်ကို သဘာဝလွန်အဆင့် ရောက်သွားအောင် ကူညီနိုင်သည်လား...ဒီလို ကြောင်တောင်တောင် နိုင်တာမျိုးလည်း ရှိသေးတာလား...ထိုသို့ သခင်မလေးရီ၏ လှုပ်ရှားမှုများသည် လတ်တလောကမှ မယုံနိုင်စရာ ကောင်းအောင် မြန်ဆန်လာသည်မှာ တကယ်ကို သူ့ကြောင့်လား...
“အထီးကျန် ဝံပုလွေ”
ကျန်းရီ တွေးတောနေစဉ်တွင် ရီလင်းရွှယ်သည် ဝတ်ရုံထဲမှ တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်ကာ ပြောလာခဲ့သည်...
“ရီမိသားစု ကိုယ်စား ကျွန်မ ရီလင်းရွှယ်က ရှင့်ကို မိသားစုပိုင် သိုင်းလေ့ကျင့် ခန်းမရဲ့ ဒုတိယ အကြီးအကဲ နေရာအတွက် ဖိတ်ခေါ်ပါတယ်...လုပ်အားခကတော့...”
“ခဏနေပါဦး...သိုင်းလေ့ကျင့်ခန်းမရဲ့ ဒုတိယ အကြီးအကဲ...”
ကျန်းရီသည် ဆွံ့အသွားရသည်။ ဆယ့်ခြောက်နှစ်တောင် မပြည့်သေးတဲ့ သူက ရီမိသားစု သိုင်းလေ့ကျင့်ခန်းမရဲ့ ဒုတိယအကြီးအကဲ လုပ်ရမယ်...ရီလင်းရွှယ်ပဲ နောက်နေတာလား...ဒါမှမဟုတ် ရီမိသားစု ခေါင်းဆောင်ကပဲ ရူးသွားတာလား”
ကျန်းရီသည် ဆွံ့အနေရာမှ နောက်ဆုံးတွင် မယုံနိုင်စွာ မေးလိုက်သည်...
“သခင်မလေးရီ...မင်းနောက်နေတာ မလား”
ရီလင်းရွှယ်သည် သူ့ကို တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ပြီး သူမလက်ထဲမှ တံဆိပ်ပြားကို ဝှေ့ယမ်းပြ လာခဲ့သည်။
“ဒါက ကျွန်မအဖေရဲ့ တံဆိပ်ပြားပဲ...ပြီးတော့ ကျွန်မရှင့်ကို မနောက်ဘူး...အထီးကျန် ဝံပုလွေ...ရှင်သဘော မပေါက်ဘူးထင်တယ်...ရှင့်မှာ တခြားသူတွေကို သဘာဝလွန် အဆင့်ရောက်အောင် ကူညီပေးနိုင်တဲ့ ပြိုင်ဘက်ကင်း စွမ်းရည်ရှိတယ်...ရီမိသားစုက ရှင့်ဆီမှာ အဲဒီစွမ်းရည်ကို တွေ့နေရတယ်..ဒါကြောင့် ရှင့်ကို ကမ်းလှမ်းဖို့ ဆုံးဖြတ်လိုက်တယ်...ရှင်သာ ကျွန်မတို့ မိသားစုအတွက် အလုပ် လုပ်ပေးမယ်ဆိုရင် ရှင်က မိသားစုရဲ့ လူငယ် မျိုးဆက်တွေနဲ့ လေ့ကျင့်ပေးရုံက လွဲပြီး တခြားဘာမှ လုပ်စရာ မလိုဘူး...သူတို့ကိုသာ မြန်နိုင်သလောက် မြန်မြန် သဘာဝလွန် အဆင့် ရောက်အောင် ကူညီပေးရုံပဲ...”
ဒီလို ကြောင်တောင်တောင် ကိစ္စက တကယ်ကြီး ဖြစ်နေတာလားဟ...ဒါကရော အနက်ရောင် အတွင်းအား ကြောင့်ပဲလား...
ကျန်းရီသည် အံ့အားသင့်နေကာ ခေါင်းငုံ့ စဉ်းစားလိုက်သည်။ ရီမိသားစုအတွက် အလုပ်လုပ်ခြင်းသည် သိုင်းခန်းမတွင် လုပ်သည်နှင့် ခြားနေပေသည်။ ကျန်းဂိုဏ်းကသာ သိရှိသွားလျှင် သေခြင်းကသာ စောင့်ကြို နေလိမ့်မည်။ ၎င်းသည် ဂိုဏ်းကို သစ္စာဖောက်ခြင်းနှင့် မခြားပေ...
ရီလင်းရွှယ်သည် ကျန်းရီ၏ တိတ်ဆိတ်နေမှုကို စိတ်လှုပ်ရှား နေခဲ့သည်။ သူမသည် တစ်မီတာခန့် အကွာအဝေးသို့ ရောက်သည်အထိ သူ့ထံ ခြေလှမ်းအနည်းငယ် တိုးလာခဲ့သည်...
“အထီးကျန် ဝံပုလွေ...ရှင်သင့်တော်မယ် ထင်တာကို လုပ်ပါ...ကျွန်မက အဖေ့ဆန္ဒအတိုင်း လုပ်ဆောင်ရုံပါပဲ...တကယ်လို့ ရှင်က တခြားမိသားစုရဲ့ လူငယ် မျိုးဆက်တစ်ယောက် ဖြစ်နေမယ် ဆိုရင်တောင် ပြဿနာ မဟုတ်ပါဘူး...ရှင်က ရီမိသားစုက လူကို လက်ထပ်နိုင်တယ်...ကျွန်မမှာ ကျွန်မထက်တောင် ပိုလှတဲ့ ဝမ်းကွဲညီမ တစ်ယောက် ရှိတယ်...”
***