မင်းရဲ့ဆန္ဒက ဘာလဲ
Vol. 9 Ch. 121
မိုးပြာရောင် အကြေးခွံများနှင့် ပေ၁၀၀ကျော် ရှည်လျားမည့် ကြီးမားသည့် နဂါးကြီးသည် ရေထဲမှ ထွက်ပေါ်လာကာ လေထု အလယ်တွင်ရပ်တန့်ပြီး အန်လင်းတို့အား ငုံ့ကြည့် နေလေသည်။
လခွမ်းဟေ့ ... အဲဒီနဂါးက ဘယ်ကနေ ရောက်လာတာတုန်း ...။
လူတိုင်းသည် ထိတ်လန့်တုန်လှုပ် သွားကြပြီး လေထုအတွင်းရှိ နဂါးကြီးအား ကြောင်အစွာဖြင့် ငေးကြည့် နေမိကြသည်။
"ငါ ... ငါတို့က အဲဒီနဂါးကို ဆင့်ခေါ် လိုက်မိတာလား ..."
အန်လင်းသည် တောင်တစ်လုံးတမျှ ကြီးမားလှသည့် သတ္တဝါကြီးအား ရင်ဆိုင်ရသည့် အခါတွင် စကားများပင် ထစ်လာတော့သည်။
မုန့်ထျန်းနှင့် အခြား သူများသည်လည်း ဆွံ့အလျက် ရှိသည်။ သူတို့အနေဖြင့် မည်သည့် အရာမျှ ပြုလုပ် မထားကြပေ။
ကောင်းကင်ဘုံ ပိုင်နက်တွင် လေ့လာခဲ့သည့် အချက်များအရ သူတို့ရှေ့တွင် ရှိနေသည့် အဆိုပါနဂါးသည် အဝါရောင် ဦးချိုရှိသည်။ တောင်ပံမရှိ။ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ရှိ ချိုနဂါးသာလျှင် ဖြစ်ပေလိမ့်မည်။
ထိုဧရာမ သတ္တဝါကြီးသည် နဂါးဘုရင် ဟူသည့် ဂုဏ်ပုဒ်အား ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မည်သည့် အတွက်ကြောင့် ထိုကန်လေး အတွင်းတွင် နေထိုင်ရသနည်း။
မည်သူမျှ တုံ့ပြန်ခြင်း မရှိသည်ကို မြင်လိုက်ရသဖြင့် ချိုနဂါးသည် အသက်ရှူသွင်း လိုက်သည်။
သူ့အနောက်တွင် လိုက်ပါနေသည့် လေဝဲသည် ချက်ချင်းဆိုသလို လွင့်စဉ်သွားသည်။
အန်လင်းနှင့် အခြားသူများသည် တုန်ရီစွာဖြင့် လက်နက်များအား ထုတ်ယူလိုက်ကြသည်။
ထိုအချိန်မှာပင် သက်တံနွား၏ အရိုးများသည် လေထဲသို့ မြင့်တက် သွားပြီးနောက် ချိုနဂါး၏ ပါးစပ်အတွင်းသို့ ဝင်ရောက် သွားကြသည်။
ထို့နောက်တွင် ချိုနဂါးသည် အရိုးများအား စိတ်ကျေနပ်မှု အပြည့်ဖြင့် ဝါးနေတော့သည်။
"အင်း ... သက်တံနွားရဲ့ ရိုးတွင်းခြင်ဆီက တကယ်ကို အရသာအရှိဆုံးပဲ ... နူးညံ့ရုံတင်မကဘူး ချီစွမ်းအင်ကိုပါ ပြန်လည်ဖြည့်တင်း ပေးနိုင်စွမ်းရှိတယ် ... တကယ်ကို အကောင်းဆုံးသော စားဖွယ်ပဲ ... ယှဉ်ကြည့်ရင် သက်တံနွားရဲ့ အသားတွေက အရသာမရှိဘဲ အရွက်ခြောက်ကို ဝါးနေရတာနဲ့တောင် တူနေသေးတယ် ..."
"ကောင်းတယ် ... လူသားတွေက သက်တံနွား ပေးအပ်ချင်လို့ ငါ့ကို ဆင့်ခေါ်လိုက်တာပေါ့ ... မင်းတို့က အသားတွေကိုပါ ဖယ်ထုတ်ပေး ထားသေးတယ် ..."
ချိုနဂါးသည် လူတိုင်းအား သဘောကျစွာဖြင့် ကြည့်လိုက်သည်။
အန်လင်းတို့အဖွဲ့သည် အလွန်အံ့အားသင့် နေမိကြသည်။
အချက်အလက်များစွာအား ရရှိလိုက်ရသည်။
သက်တံနွားသည် ထိုသောက်နဂါးအား ဆင့်ခေါ်နိုင်သည်။
သက်တံနွား၏ ရိုးတွင်းခြင်ဆီသည် အရသာ အရှိဆုံးအပိုင်း ဖြစ်သည်။
လူတိုင်းသည် ရှောင်ချိုးအား သတ်ဖြတ်လိုသည့် စိတ်ဆန္ဒအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
ရှောင်ချိုးသည် အပြစ်ကင်းစင်သည့် ပုံဖြင့်သာ ပြန်ကြည့် လိုက်မိသည်။ မဟာနွားမင်းသည် ထိုအကြောင်းအား ပြောကြားခဲ့ခြင်း မရှိချေ။ သူ့အနေဖြင့် ဘာလုပ်နိုင်မည်နည်း။
အရိုးများအား ဝါးစားပြီးသည့်နောက်တွင် ချိုနဂါးသည် သူ၏နှုတ်ခမ်းများကို သပ်လိုက်သည်။
"ငါ့ရဲ့ ဆင့်ခေါ်သူလေးတွေ ... မင်းတို့ ဘာကို ဆန္ဒရှိသလဲကွာ ..."
အန်လင်းတို့သည် အံ့အားလွန်း၍ စကားပင် မပြောနိုင်တော့ချေ။
ဆန္ဒတဲ့လား ...။
သူတို့သည် သက်တံနွား တစ်ကောင်ဖြင့် Shenron အား ဆင့်ခေါ်မိ လိုက်ခြင်းများလား။
Saiyans ဘာတွေများ တွေးနေတာလဲ။ Akira Toriyama တစ်ယောက်တော့ ငိုတော့မှာပဲ။
မုန့်ထျန်းသည် ဦးစွာအသိပြန်ဝင် လာသူ ဖြစ်သည်။ "Shenron ... ကျွန်မ အရပ် ရှည်ချင်တယ် ... ၁.၇ မီတာလောက်အထိ ရှည်ချင်တယ် ..."
ရှောင်ချိုး _ " Shenron ... ကျွန်တော်က ကောင်းကင်ဘုံ မဟာသူတော်စင် မျောက်မင်းလိုမျိုး ခန့်ညားချင်တယ် ..."
လောင်ကျိပင် _ "ကျွန်တော်က ပြိုင်ဘက်ကင်း ကျင့်ကြံခြင်း နည်းစနစ်ကို ရချင်ပါတယ် ..."
ကျုံးရုံရန် _ "ကျွန်တော်က လောကကြီးမှာ အခန့်ညားဆုံးသူ ဖြစ်ချင်တယ် ..."
စွန်းရှန့်လျန် _ "ကျွန်မက လောကြီးမှာ အလှဆုံးသော အမျိုးသမီး ဖြစ်ချင်တယ် ..."
အန်လင်း _ "ကမ္ဘာကြီးကို ငြိမ်းချမ်း စေချင်တယ် ..."
“ဝေါ့…”
ချိုနဂါးသည် ရေတစ်ပွက် အန်လိုက်သည်။
"မင်းတို့ကောင်တွေ ငါ့ကို နောက်နေကြတာလား ..."
သူ၏အသံသည် မိုးကြိုးပစ်သံနှင့် တူနေပြီး အန်လင်းတို့အား ချက်ချင်းဆိုသလို ငြိမ်သက် သွားစေသည်။
သူတို့သည် နဂါးအား လူလိမ်တစ်ဦး သဖွယ် ကြည့်လိုက်ကြသည်။
ချိုနဂါးသည် ပို၍ စိတ်ပျက်လာခဲ့သည်။ ဘာတွေဖြစ် နေတာတုန်း။ သူတို့အားလုံးက ဘာလို့များ စိတ်ပျက် လက်ပျက် ဖြစ်နေကြတာလဲ။
"မင်းတို့ရဲ့ ဆန္ဒက ဘာလဲ ... လဲလှယ်ချင်တဲ့ ပစ္စည်းတွေများ ရှိသလား ... အစကတည်းက ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ငါ့ရဲ့ ရတနာတိုက်ထဲမှာ ပစ္စည်း များများစားစားတော့ မကျန်တော့ဘူးနော် ... မင်းတို့ရဲ့ ကမ်းလှမ်းချက်တွေက ငါ့ကို စိတ်ကျေနပ်စေမယ်လို့ မျှော်လင့်ပါတယ် ..."
ချိုနဂါးသည် သူ၏စိတ်အား ထိန်းကာဖြင့် အသေးစိတ် ပြောကြားလာသည်။
လဲလှယ် ရမယ်တဲ့လား ...
အန်လင်းတို့အဖွဲ့သည် ထိုစကားအား ကြားလိုက်ရသည့် အခါတွင် အံ့အားသင့် နေမိသည်။
ဆန္ဒဆိုသည်မှာ ပစ္စည်းလဲလှယ် ခြင်းအား ရည်ညွှန်းသည်ပေါ့။
လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် တူညီသည့် အမူအရာများ ဖြစ်ပေါ်နေလေသည်။
ဒါက ဘယ်လိုမျိုးတုန်းဗျ။ နဂါးများသည် လွန်စွာ ရဲရင့်ပြီး ဖြောင့်မတ်ကြသူများ ဖြစ်သည်။ သက်တံ နွားရိုးများအား ဖြုန်းတီးပစ် လိုက်မိလေပြီ။
ချိုနဂါးသည် လူတိုင်း၏ အထင်အမြင် သေးသည့် အမူအရာများကို မြင်တွေ့ရသည့် အခါတွင် အလွန်ခံရခက် လာတော့သည်။
တိမ်တိုက်ကန် ရတနာတိုက်၏ ဂုဏ်သတင်းအား ကာကွယ်ရမည် ဟူသော အချက်ကြောင့်သာ မဟုတ်ခဲ့လျင် ထိုလူများအား ရေနှစ်သတ်လိုက်မည် ဖြစ်သည်။
အလဲအလှယ် ပြုလုပ်လိုခြင်း မရှိကြလျှင် မည်သည့် အတွက်ကြောင့် သူ့အား ဆင့်ခေါ်ကြသနည်း။ စနောက် နေခြင်းများလား။
ထိုသို့ဖြင့် ချိုနဂါးသည် နောက်ထပ် ဖြစ်နိုင်ချေတစ်ခုအား စဉ်းစားမိ လိုက်သည်။
"ဪ ... မင်းတို့ကောင်တွေက ရတနာတွေကိုတော့ လဲလှယ်လိုစိတ် မရှိဘူး ... ဒါပေမဲ့ တိမ်ဖြူကန်ရဲ့ အပျက်အစီးပုံကိုတော့ မွှေနှောက်မယ် အဲလိုပေါ့ ..."
အပျက်အစီး ပုံတဲ့လား ...။
ချိုနဂါး၏ စကားအား ကြားလိုက်ရသည့် အခါတွင် လူတိုင်းမျက်လုံးများမှာ အရောင်တောက် လာကြသည်။ သူတို့၏ စွန့်စား ရှာဖွေလိုသည့် စိတ်ဝိညာဉ်လေးသည် စတင်လောင်ကျွမ်း လာလေပြီ။
သူတို့သည် ချိုနဂါး၏ သောက်ရေးမပါသည့် ဆန္ဒအား ငြင်းပယ်နိုင်မည့် အခွင့်အရေးအား ရှာဖွေနေကြသည်။ သို့သော်လည်း မည်သို့ ပြောရမည်ကို မသိပေ။ သူတို့၏ တောင်းပန်မှုသည် မလုံလောက်ပါက အားကောင်းသည့် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ၏ လက်ထဲတွင် သေဆုံး သွားရပေမည်။
ယခုအခါတွင် သူတို့ အားလုံးတို့သည် သင့်လျော်သည့် အကြောင်းပြချက်များအား ရှာဖွေတွေ့ရှိ ထားကြလေပြီ။
"ကောင်းပြီ ... ငါ့နောက်ကို လိုက်ခဲ့ ... အပျက်အဆီးတွေကို အရမ်းအရမ်း မထိနဲ့နော် ... မင်းတို့က ရှေးဟောင်း အမွေအနှစ်တွေကို လိုချင်ရင်တောင်မှပဲ မင်းတို့ရဲ့အသက်ကို တန်ဖိုးထားရမယ် ... နားလည်တယ်မလား ..." ချိုနဂါးသည် အန်လင်းတို့အား သတိပေးလိုက်သည်။
အန်လင်းတို့သည် ချိုနဂါး ပြောဆိုသည်များအား အလွန် စိတ်ဝင်စားလျက် ရှိကြသည်။ သူတို့သည် အပျက်အစီးများမှ ရှေးဟောင်း အမွေအနှစ်များကို ရှာဖွေလိုကြသည်။
"ဖွင့် ..." ချိုနဂါးသည် နဂါးဘာသာစကားဖြင့် ပြောကြားလိုက်ပြီး ကန်မျက်နှာပြင်တွင် အက်ကွဲကြာင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကွဲကြောင်းမှ ကန်အောက်ခြေကိုပါ မြင်နိုင်သည့် စင်္ကြံတစ်ခု ပေါ်ထွက်လာသည်။
ချိုနဂါးသည် သက်လတ်ပိုင်း အရွယ်ရှိ လူတစ်ဦးအသွင်သို့ ပြောင်းလဲသွားပြီး အဝါရောင် မျက်ဆန်များ နဂါးဦးချို တစ်ခုနှင့် ဖြစ်သည်။
"လိုက်ခဲ့ ..." သက်လတ်ပိုင်း အရွယ်ရှိလူသည် တည်ငြိမ်သည် လေသံဖြင့် ညွှန်ကြားချက် ပေးလာသည်။
လူသားအသွင် ပြောင်းထားသည့် နဂါးအား မြင်လိုက်ရသည့် အခါတွင် အန်လင်းတို့အဖွဲ့သည် ထိုလူမှာ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ နဂါးမျိုးနွယ်ဝင် တစ်ဦးဖြစ်ကြောင်း သိလိုက်ကြရသည်။
စင်္ကြံလမ်းဆုံးတွင် သတ္တုတံခါးတစ်ခု ရှိနေပြီး ကန်ရေပြင်၏ တိုက်စားမှုများ ရှိနေသော်လည်း တလက်လက် တောက်ပကာ ခေတ်မီနေဆဲ ဖြစ်သည်။ သို့သော်လည်း ပြုလုပ်ခဲ့သည့် အချိန်ကာလမှာ လွန်စွာ ရှေးကျပေသည်။
ထိုလူသည် အန်လင်းအား တံပိုးတစ်ခု ကမ်းပေးလိုက်သည်။ တံခါးဝတွင်သာ တံပိုးတီးမှုတ်ရန် လိုအပ်ပေသည်။ သူသည် အန်လင်းတို့နှင့် အတူ တိမ်ဖြူကန် အပျက်အစီး ပုံအတွင်းသို့ အတူတကွ လိုက်ပါမည့်ဟန်ရှိသည်။
"အဆင်သင့် ဖြစ်ကြပြီလား ..." ထိုလူက မေးလာသည်။
အန်လင်းတို့သည် လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ အပျက်အစီးပုံအား ရှာဖွေခြင်းသည် အသက်အန္တရာယ် ဖြစ်စေနိုင်သည်အထိပင် ဖြစ်သည်။ ထို့အပြင် သူတို့သည် စိတ်ကို ပြင်ဆင်ထားရန်လည်း လိုအပ်ပေသည်။
ဂျိမ်း ဂျိမ်း ဂျိမ်း ဂျိမ်း ...
တံခါးပွင့်လာပြီး အပြာရောင် အလင်းသည် ဝင်ပေါက် တစ်ခုလုံးအား လွှမ်းခြုံထားသည်။
“တံခါးပေါ်မှာ စွမ်းအင် ကန့်သတ်ထားတဲ့ ဝင်္ကပါ ရှိနေတာကြောင့် ငါလိုက်ဝင်လို့ မရဘူး ... ငါက ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်လေ ... အဲတော့ မင်းတို့အပေါ်ပဲ မူတည်နေတယ် ...”
အန်လင်းတို့သည် တံခါးပေါက်အား ဖြတ်ကာဖြင့် ခြေလှမ်း လိုက်ကြသည်။
မည်သည့် ကြောင့်ရယ်မသိ အပြာရောင် အလင်းသည် သူခန္ဓာကိုယ် တစ်ခုလုံးအား စစ်ဆေးနေသည်ဟု ခံစားမိလေသည်။ အတော်လေး ထူးခြားသည့် ခံစားချက်ဖြစ်သည်။
တံခါးပိတ် သွားပြီးနောက် နဂါးမျိုးနွယ်စုမှလူသည် စင်္ကြံလမ်းကို ပတ်လိုက်ကာ ရေကန်နံဘေးတွင် တိတ်တဆိတ် ရပ်နေပြီး အတွေးထဲ နစ်မျောနေပုံ ရသည်။
"ဘယ်လောက်တောင် ကြာနေပြီလဲ ... သူတို့ရဲ့ အသက်တွေကို စွန့်ပစ်နိုင်တဲ့ ကျင့်ကြံသူတွေ ရှိနေဦးမယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ ..."
"ဒီအကြောင်း သခင်မ ထျန်းယွီကို တင်ပြရမယ် ..."
***
တိမ်တိုက်တောင်ထိပ်တွင် လင်းကျွင်းကျွင်းသည် ပန်းချီစာရွက် အလွတ်အား သူမရှေ့တွင် ဂရုတစိုက်ဖြင့် နေရာချနေလေသည်။
ထို့နောက် သူမသည် ပျက်စီးသွားသည့် ပန်းချီကားအား ထုတ်ယူလိုက်သည်။
သူမသည် ရယ်ရွှင်ဖွယ် ကြိုးကြာဖြူ ပန်းချီကားအား ဆုတ်ဖြဲခြင်း မရှိသည့်အပြင် ဂရုတစိုက်ဖြင့် သိမ်းဆည်း ထားလေသည်။ ထိုမျိုးမစစ်ကောင်အား မမေ့လျော့ရန် အတွက် သူမကိုယ်သူမ သတိပေးရန် ဖြစ်သည်။
လင်းကျွင်းကျွင်း၏ နူးညံ့သည့် ပုံရိပ်လေးသည် ဆုံးဖြတ်ချက် ပြတ်သားမှုများနှင့် ပြည့်နှက်နေပြီး သူမ၏ နှလုံးသားလေးသည် တည်ငြိမ်နေသည့် ရေပြင်ကဲ့သို့ ရှိနေလေသည်။ သူမသည် တဖြည်းဖြည်းနှင့် ဈာန်ဝင် သွားပြီးနောက် ပထမဆုံးသော စုတ်ချက်အား စတင် ရေးဆွဲလိုက်သည်။
ထိုအချိန်မှာပင် အသံလွှင့် အဆောင်လက်ဖွဲ့သည် ရုတ်တရက် တုန်ခါလာသည်။
လင်းကျွင်းကျွင်းသည် မျက်မှောင်ကြုတ်ကာဖြင့် နူးညံ့သည့် လက်ကလေးများအား ဝှေ့ယမ်းကာဖြင့် အသံလွှင့် အဆောင်လက်ဖွဲ့အား ထုတ်ယူလိုက်သည်။ "ဘာကိစ္စလဲ ..."
"သခင်မထျန်းယွီ ... ကျင့်ကြံသူ အဖွဲ့တစ်ဖွဲ့က ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်း ၈၈ ရဲ့ အပျက်အစီးပုံကို ရှာဖွေဖို့ ရောက်လာကြပါတယ် ..." အမျိုးသားတစ်ဦး၏ အသံသည် အသံလွှင့် အဆောင်လက်ဖွဲ့မှ ထွက်ပေါ်လာသည်။
"ဪ ... အဲဒီအဖွဲ့က အခြေအနေဘယ်လိုလဲ ..." သူမသည် ပုံမှန်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ထိုသတင်းအား ကြားလိုက်သည့်အခါတွင် အနည်းငယ် စိတ်လှုပ်ရှား သွားလေသည်။
"စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့် ၁ ယောက်၊ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အခြေခံအဆင့် ၁ ယောက်၊ တာအိုခန္ဓာ အဆင့် ၁၀က ၃ ယောက်နဲ့ တာအိုခန္ဓာ အဆင့် ၉ က ၁ယောက်ပါ ..."
လင်းကျွင်းကျွင်းသည် ခေါင်းညိတ် လိုက်ပြီးနောက် "တစ်ခုခု ရှာဖွေတွေ့ရှိဖို့ မျှော်လင့်ပါတယ်လေ ... အဲဒါဆိုရင် ကောင်းကင်ဘုံ ပိုင်နက်မှာ သူရဲကောင်းတွေ ဖြစ်သွားလိမ့်မယ် ... အဲဒီအချိန် ရောက်မှပဲ ငါနဲ့တွေ့ဖို့ ခေါ်လာခဲ့လိုက် ..."
"ကောင်းပါပြီ သခင်မ ထျန်းယွီ ..."
အသံလွှင့် အဆောင်လက်ဖွဲ့သည် ဖြတ်တောက်ခံလိုက် ရလေပြီ။
လင်းကျွင်းကျွင်းသည် သူမ၏ခေါင်းအား ခါယမ်း လိုက်ပြီးနောက် အရှေ့တွင် ရှိနေသည့် ပန်းချီ စာရွက်ပေါ်ကိုသာ အာရုံစူးစိုက် လိုက်သည်။
သူမသည် ထိုကဲ့သို့သော အဖွဲ့များအား ကြီးမားသည် မျှော်လင့်ချက် ထားရှိခြင်း မရှိပေ။
သူတို့သည် အားနည်းသည့် အဖွဲ့ မဟုတ်သော်လည်း အားကောင်းသည့် အဖွဲ့ဟု မသတ်မှတ် နိုင်သေးချေ။
အပျက်အစီးပုံ အတွင်းသို့ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ထက်နိမ့်သော ကျင့်ကြံသူများ သာလျှင် ဝင်ရောက်ခွင့် ရှိသည်။ ထို့ကြောင့် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့ကိုသာလျှင် အားကောင်းသည့်အဖွဲ့ဟု သတ်မှတ်နိုင်ပေည်။
သို့သော်လည်း အနည်းငယ်သော အားကောင်းသည့် အဖွဲ့များသည်သာလျှင် အပျက်အစီးပုံအား ရှာဖွေလိုကြသည်။ လွန်စွာ နည်းပါးသည့် ကျင့်ကြံသူများ သည်သာလျှင် အပျက်အစီးပုံ အတွင်းသို့ နောက်တစ်ဖန် ဝင်ရောက် လိုကြသည်။ လူတိုင်းသည် သူတို့အသက်များအား တန်ဖိုး ထားကြလေသည်။
သို့ရာတွင် ယခုအဖွဲ့သည် ၁၀ နှစ်အတွင်း အသန်မာဆုံးသော အဖွဲ့ဖြစ်သည်။
"အဲဒှတော့လည်း သူတို့ရဲ့ ရဲစွမ်းသတ္တိကို စောင့်ကြည့် ကြတာပေါ့ ..."
"အပျက်အစီးတွေကနေ တခြား အချက်အလက်တွေ မရရှိခဲ့ရင်တောင် အသက်ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်ရင် သေချာပေါက် ဆုချီးမြှင့်မယ် ..."
လင်းကျွင်းကျွင်းသည် တီးတိုးရေရွတ် လိုက်ပြီးနောက် ပန်းချီစုတ်တံအား ကောက်ယူ လိုက်တော့သည်။
***