ပိုမိုအားကောင်းလာလိုသော ဆန္ဒ
Vol. 1 Ch. 26
ကျန်းရီသည် ရီလင်းရွှယ်၏ ကမ်းလှမ်းမှုကို ပါးနပ်စွာ ငြင်းပယ်ခဲ့သည်။ သူ့တွင် သိုင်းခမ်းမနှင့် ငါးနှစ်တာ သဘောတူညီမှု ရှိရုံသာမက သူသည် ကျန်းဂိုဏ်း၏ လူငယ်မျိုးဆက် တစ်ယောက်လည်း ဖြစ်သည်။ သူသည် ရီမိသားစုအတွက် အလုပ် လုပ်ပေးရန်မှာ မဖြစ်နိုင်ပေ။ သူသည် ရီမိသားစုနှင့် လက်မထပ်ချင်သလို ရီမိသားစု မျိုးရိုးနာမည်ကိုလည်း မယူချင်ပေ။
ရီလင်းရွှယ်သည် ကျန်းရီ၏ အမြင်ကို မေးရုံသာမေးခဲ့ပြီး ထပ်မံ မတိုက်တွန်းတော့ပေ။ ထိုနေ့မှစ၍ သူမသည် ကျန်းရီနှင့် အစမ်းလေ့ကျင့်ရန် ဆက်လက် သွားရောက်ခဲ့သော်လည်း ထိုကိစ္စကို ထပ်မံယူဆောင် မလာတော့ပေ။
ကျန်းရီသည် နေ့တိုင်းပင် လေးနာရီမှ ခြောက်နာရီအထိသာ အိပ်စက်သည်။ သူသည် အိမ်တွင် ကျန်းရှောင်နူ တစ်ဦးတည်း အကူအညီမဲ့နေမည်ကို တွေးမိသော အခါတိုင်းတွင် သူ၏စိတ်သည် စိုးရိမ်ပူပန်မှု များဖြင့် ပြည့်နှက်လာခဲ့သည်။ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သို့ မြန်မြန် ရောက်နိုင်ရန်သာ ဆုတောင်းမိသည်။ သို့မှသာ သူအိမ်ပြန် နိုင်ပေမည်။ ကျန်းရီမျှော် လင့်ထားသကဲ့သို့ပင် ဖန်းယွီ ဆောင်ကြာမြိုင်မှ အိမ်တော်ထိန်းသည် မကြာခင်မှာပင် သူနှင့် ကျန်းရှောင်နူ၏ အချက်အလက်များ အားလုံးကို ရရှိသွားခဲ့သည်။ ခန့်မှန်းထား သကဲ့သို့ပင် မာဖေး၏အဖေသည် ဒေါသတကြီးနှင့် ကျန်းရီနောက်သို့ နောက်ယောင်ခံ လိုက်ရန် လူများလွှတ်ရန် အိမ်တော်ထိန်းကို အမိန့်ပေးခဲ့သည်။ အခွင့်အရေး ရလျှင် သတ်ပစ်ရန်လည်း မှာကြားခဲ့သည်။
သို့သော်လည်း ကျန်းရီ၏ ချက်ချင်းပျောက်ဆုံး သွားမှုသည် အိမ်တော်ထိန်းလျှိုကို တာဝန်ကျရှုံး သွားစေသည်။ သူရရှိသော သတင်းအားလုံးသည် ကျန်းရီသည် သုံးလကြာ ပျောက်ဆုံး သွားမည်ဟုသာ ဖြစ်သည်။ အိမ်တော်ထိန်း လျှိုသည် တာဝန်ကို မစွန့်လွှတ်သေးပဲ ဖန်းရီဆောင်ကြာမြိုင်မှ အစောင့်များကို မြို့အနှံ့ရှာရန် အမိန့်ပေးခဲ့သည်။ ဆယ်ရက်လုံးလုံး ကြာမြင့်သွား သော်လည်း ကျန်းရီ၏ အရိပ်အယောင်ကို လုံးဝမတွေ့ရပေ။ သူသည် လေထဲတွင် ပျောက်ကွယ် သွားသကဲ့သို့ပင်။
မာဖေးသည် ပေါက်ကွဲနေခဲ့သည်။ သူသည် အိမ်တော်ထိန်းလျှိုကို ကျန်းရီအား မည်မျှပင် ကုန်ကျသည်ဖြစ်စေ ကောင်းကင်တောင်ပံမြို့ကို မြေလှန်ရှာရသည် ဖြစ်စေ ရအောင်ရှာရန် အမိန့်ပေးခဲ့သည်။ ရှာဖွေမှုသည် ငါးဆယ်ကီလိုမီတာ အကွာအဝေးတွင် ရှိသော မြို့များအထိပါ ပျံ့နှံ့သွားခဲ့သည်။ ကျန်းရီသည် သူ့ကို အသုံးမဝင်ဖြစ်အောင် လုပ်ပြီး သူ့ဘဝကို ဖျက်ဆီးခဲ့သည်။ သူသည် မအိပ်နိုင် မစားနိုင်ပဲ ကျန်းရီကို သတ်ရန် အတွေးသာရှိသော လူပိုတစ်ယောက် ဖြစ်နေခဲ့ပြီး ဖြစ်သည်။
ကောင်းကင်တောင်ပံ မြို့ရှိ မိသားစုကြီး ငါးခုမှ တစ်ခုဖြစ်သောကြောင့် မာမိသားစု၏ လှုပ်ရှားမှုတိုင်းကို တခြား မိသားစုများက စောင့်ကြည့်နေကြသည်။ သို့သော် မာဖေးသည် မတော်တဆမှု အကြောင်းကို လူသိရှင်ကြား ချမပြခဲ့သောကြောင့် တခြား မိသားစုများက မာမိသားစုသည် တစ်စုံတစ်ယောက်ကို ရှာဖွေနေသည်ဟုသာ သိကြလေသည်။ ထိုလူငယ်သည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်တွင် ရှိပြီး ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ခန့်သာ ရှိသည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် မကြာခင် ကျောင်းသားသစ်များ လက်ခံတော့မည်မှာ ကံကောင်းသည်။ ထို့ပြင် ၎င်းသည် အနောက်ဘက် မြို့စောင့်တပ်၏ တပ်သားသစ် လက်ခံခြင်းနှင့် တစ်ချိန်တည်းပင် ဖြစ်သည်။ ထိုဖြစ်စဉ် နှစ်ခုကြောင့် မာမိသားစု၏ ထူးဆန်းသော အပြုအမူများသည် တခြား မိသားစုများ၏ စောင့်ကြည့်မှုသို့ ရောက်ရှိသွားခဲ့သည်။ သူတို့အားလုံးသည် သူတို့၏ လူငယ်မျိုးဆက်များ ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ ဝင်ရောက်နိုင်ရန် သို့မဟုတ် အနောက်ဘက် မြို့စောင့်တပ် အရာရှိများ၏ မျက်နှာပေးမှုကို ရယူပြီး အနည်းဆုံး စစ်တပ်ထဲသို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ကာ သင်ကြားပေးရင်း အလုပ်ရှုပ် နေကြသည်။
စစ်တပ်၏ အရှိန်အဝါသည် ရှန်ဝူနိုင်ငံတော်တွင် အဆင့်အမြင့်ဆုံး ဖြစ်သည်။ ကောင်းကင်တောင်ပံ မြို့စားသည်ပင် သူအောင်မြင်ခဲ့သော စစ်ပွဲ၏ အရှိန်အဝါကြောင့်သာ မြို့စားဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ရှန်ဝူနိုင်ငံတော်၏ အကြီးဆုံး စစ်တပ်သုံးခုမှ တစ်ခုဖြစ်သော အနောက်ဘက် မြို့စောင့်တပ်သို့ ဝင်ရောက်နိုင်ခြင်းသည် မြင့်မားသော အဆင့်အတန်း၏ သင်္ကေတပင် ဖြစ်သည်။
အနောက်ဘက် မြို့စောင့်တပ်နှင့် ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် သုံးလအတွင်း ကောင်းကင်တောင်ပံ မြို့သို့ လာရောက်ကာ ကျောင်းသားသစ်များ လက်ခံမည်ဟူသော သတင်းကြောင့် ကျန်းဂိုဏ်း တစ်ခုလုံးသည်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ ကျန်းဂိုဏ်းချုပ် ကျန်းယွင်ရှန်သည်ပင် လူငယ်များ အားလုံးကို သုံးလအကြာတွင် ပြုလုပ်မည့် လူတွေ့ စစ်ဆေးပွဲသို့ သွားရောက်ရန် အမိန့်ပေးထားခဲ့သည်။
ထိုအချိန်အတွင်းတွင် ကျန်းယွင်ရှန်သည် အနောက်ဘက် မြို့စောင့်တပ်မှ ကြီးကြပ်သူများ ကောင်းကင် တောင်ပံမြို့သို့ လာရောက်သောအခါ လာဘ်ထိုးရန် အဖိုးတန်ပစ္စည်း အမြောက်အမြား ဝယ်ထားရန်ပင် သူ၏လူများကို တိတ်တဆိတ် ညွှန်ကြားနေခဲ့သည်။ ထိုပစ္စည်းများနှင့် ဆိုလျှင် ကျန်းဂိုဏ်းမှ လူငယ် အများအပြားသည် စစ်တပ်သို့ ဝင်ခွင့်ရလိမ့်မည်ဟု သူမျှော်လင့်နေခဲ့သည်။ တကယ်တော့ မိသားစု အားလုံးတွင် ကျန်းဂိုဏ်းသည် အနောက်ဘက် မြို့စောင့်တပ်မှ ကြီးကြပ်သူများနှင့် ရင်းနှီးနိုင်ချေ အရှိဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနောက်ဘက် မြို့စောင့်တပ် အရာရှိ...အနောက်ဘက် နယ်ခြားမြို့စား လော်ကဲအရှင်သည် မျိုးရိုးနာမည် ‘ကျန်း’ ဖြစ်သောကြောင့်ပင်။
ထိုအချက်ကို မူတည်၍ တွေးကြည့်လိုက်လျှင် ကျန်းဂိုဏ်းသည် လော်ကဲအရှင်၏ မိသားစုဂိုဏ်းပင် ဖြစ်ပေသည်။ ထို့ပြင် သူ၏ သက်တမ်း တစ်လျှောက်တွင် အကြီးအကဲချုပ် ကျန်းယွင်ဟိုင်သည် လော်ကဲအရှင်၏ အိမ်တော်တွင် အိမ်တော်ထိန်း အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
အနောက်ဘက် မြို့စောင့်တပ်သည် ကောင်းကင်တောင်ပံ မြို့တွင် လူသစ် လက်ခံခြင်းသည် ကျန်းဂိုဏ်း၏ အခွင့်အရေးကို အပြည့်အဝ အသုံးချရန် အကောင်းဆုံးပင်။ ကျန်းယွင်ရှန်သည် ကျန်းဂိုဏ်း၏ လူငယ်အများအပြား အနောက်ဘက် မြို့စောင့်တပ်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်နေခဲ့သည်။ သူတို့ထဲမှ အနည်းငယ်သည်ပင် စစ်တပ်အတွင်း ထွန်းပေါက်အောင်မြင် သွားလျှင်ပင် ကျန်းဂိုဏ်း၏ ဂုဏ်သရေကို အထွတ်အထိပ် ရောက်အောင် မြှင့်တင် ပေးနိုင်ပေသည်။
ကျန်းရီသည် ကံကောင်းပေသည်။ သူသည် ကျန်းဂိုဏ်းမှ စောစော ထွက်လာခဲ့၍သာ...မဟုတ်လျှင် သူသည် ကျန်းအိမ်တော်တွင် လအနည်းငယ် အကျယ်ချုပ် ကျနေပေလိမ့်မည်။ သူသည် သိုင်းခန်းမကို အကြောင်း မကြားနိုင်ရုံ တင်မက သူ၏ ကျင့်ကြံခြင်းသည်လည်း အလျင်အမြန် တိုးတက်လာမည် မဟုတ်ချေ။ လွန်ခဲ့သည့် နှစ်ရက်ကလည်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်ကို တက်ရောက်နိုင်မည် မဟုတ်ချေ။
တစ်ဖက်တွင် ကျန်းရီ ကံဆိုးပေသည်။ ယခု သူသည် အခြားသော သခင်လေးများ၊ မမလေးများ၏ သူတို့နှင့် လေ့ကျင့်ရန် အထင်အမြင်သေးစွာ အမိန့်ပေးခြင်းကို ခံနေရပေသည်။
ကျီထင်ယွီသည် တစ်ဦးတည်းနေရာမှ တစ်ဖန် ထွက်ခွာလာခဲ့ပြီး သူမ ပထမဆုံး လုပ်သည်ကား သိုင်းလေ့ကျင့်ခန်းများ ရှိရာဆီ တန်းတန်းမတ်မတ် လာကာ ကျန်းရီကို သိုင်းတစ်ပွဲ လေ့ကျင့်ရန် အမိန့်ပေးလာသည်။
မာမိသားစုမှ အကြီးဆုံး သခင်လေး မာဟေးချီ၊ လျှိုမိသားစုမှ သခင်လေး လျှိုဟဲ၊ လမ်မိသားစု သခင်လေး လမ်ချမ်ကျွင်းနှင့် ကျန်းဂိုဏ်းမှ ကျန်းဟန်ရွှေ...ထိုသခင်လေး လေးယောက်သည် ကျီထင်ယွီကို ပိုပန်းနေသည်မှာ နှစ်ချီနေပြီ ဖြစ်သည်။ ကျီထင်ယွီသည် သူတို့၏ ချဉ်းကပ်မှုကို အမြဲ ငြင်းပယ်ခဲ့သည်။ သို့သော် သူမသည် ဒီသိုင်းလေ့ကျင့်ဖက်ကိုမူ နှစ်ကြိမ်ဆက်တိုက် အမိန့်ပေးခဲ့သည်။ ပို၍ အရေးကြီးသည်ကား...သူသည် ကြေးအဆင့်သာ ရှိသော အဆင့်နိမ့် သိုင်းလေ့ကျင့်ဖက် တစ်ယောက် ဖြစ်နေခြင်းပင်။ ၎င်းသည် အမှန်ပင် ထူးဆန်းပေသည်။
ကြေးရောင် မျက်နှာဖုံးအောက်ရှိ ကျန်းရီ၏ မျက်နှာသည် မည်းမှောင် နေခဲ့သည်။ မာဟေးချီနှင့် လျှိုဟဲ၏ အေးစက်ပြီး အကြင်နာမဲ့သော အကြည့်တို့သည် သူ့ကို အပိုင်းပိုင်း ဖြတ်ပစ်တော့မည့် အလားပင်...
ကျီထင်ယွီ၏ အမိန့်တွင် မည်သည့် အဓိပ္ပာယ်မှ ပါဝင်ခြင်း မရှိသည်ကို ကျန်းရီသိသော်လည်း မာဟေးချီနှင့် လျှိုဟဲတို့ နှစ်ယောက်သည် ထိုသို့တွေးမည် မဟုတ်ချေ...မည်သို့ပင် ဖြစ်စေ ဒုက္ခတွေ့ရမည့်သူမှာ ကျန်းရီသာ ဖြစ်သည်။ အန္တရာယ် များလိုက်တဲ့ မိန်းကလေး...လှပသော မိန်းကလေး တစ်ယောက်၏ အပြုအမူများသည် မရည်ရွယ်သော်လည်း သူမကို ချစ်သော ယောက်ျားများကို ကျိုးကြောင်းမဆင်ခြင်ပဲ မိုက်ရူးရဲဆန် သွားစေနိုင်သည်။
“အထီးကျန် ဝံပုလွေ...ရှင်ဘာလို့ ဝင်မလာသေးတာလဲ”
ကျီထင်ယွီသည် သိုင်းလေ့ကျင့်ခန်းထဲသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် ကျန်းရီချက်ချင်း လိုက်မလာသည်ကို မြင်လိုက်လျှင် ပြန်လှည့်ကာ တည်ငြိမ်သော လေသံဖြင့် မေးလာခဲ့သည်။ မာဟေးချီနှင့် လျှိုဟဲကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ မျက်ခုံးများ အသာအယာ ပင့်တက်သွားသည်မှာ ပန်းချီကား တစ်ချပ်နှယ်...
“ထင်ယွီ...မင်းကို မနှောင့်ယှက်တော့ဘူး...ပြီးမှပဲ လာရှာတော့မယ်”
မာဟေးချီသည် ခန့်ညားသော အမျိုးသားတစ်ယောက် ဖြစ်သည်။ သူသည် ကျန်းဟန်ရွှေ ကဲ့သို့ပင်...သို့သော် အသားမှာ ကျန်းဟန်ရွှေထက် မည်းပေသည်။ အနက်ရောင်ဖြင့် တန်ဆာဆင်ထားသော ပိုးသားဝတ်ရုံနှင့် သူသည် လူမည်း မင်းသားလေး တစ်ပါးနှယ်ပင်...ကျီထင်ယွီ၏ မျက်ဝန်းထဲမှ သဘောမကျတို့ကို မြင်လိုက်သောအခါ သူသည် ချက်ချင်း ထွက်ခွာသွားခဲ့သည်။
လျှိုဟဲ၏ ပုံပန်းသွင်ပြင်သည် မာဟေးချီလောက် ကြည့်မကောင်းချေယာ သို့သော် ပခုံးကျယ်ကျယ်နှင့် သူသည် ပြီးပြည့်စုံမှု၏ နမူနာဟု ပြော၍ ရသည်။ သူသည်လည်း အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်သည်..
“သခင်မလေး ထင်ယွီ...မနက်ဖြန်မှ တွေ့ကြတာပေါ့”
ကျန်းရီသည် ထိုနှစ်ဦး ထွက်မသွားခင် ကပင် သိုင်းလေ့ကျင့်ခန်းထဲသို့ ဝင်သွားခဲ့သည်။
“ဘန်း”
တံခါးသည် ပိတ်သွားခဲ့သည်။ ကျီထင်ယွီသည် ကျန်းရီ၏ မျက်လုံးထဲမှ ဒေါသများကို မြင်လျှင် ပေါ့ပါးစွာ ပြောလာခဲ့သည်...
“သခင်လေးယိ...စိတ်မပူပါနဲ့...ထင်ယွီက သခင်လေးမာနဲ့ သခင်လေးလျှို ရှင့်ကို ခက်ခဲအောင် လုပ်ခွင့် မပြုပါဘူး”
ကျန်းရီသည် ခါးသီးစွာ ပြုံးလိုက်သည်...
“သခင်မလေးကျီ...ကျွန်တော်က အနှောင့်အယှက်တွေကို သဘောမကျဘူး...ကျွန်တော်က အေးအေးချမ်းချမ်း နေရတာကိုပဲ သဘောကျတာ...”
ကျန်းရီ၏ စကားလုံးများသည် နားလည်ရ ခက်ပေသည်။ သို့သော် ကျီထင်ယွီ အတွက်မူကား သလင်းကျောက် ကဲ့သို့ပင် ရှင်းလင်း နေပေသည်။ သူသည် သူမကဲ့သို့ အထက်တန်းလွှာများနှင့် ဆက်ဆံရသည်ကို သဘောမကျပေ...ကျီထင်ယွီသည် သူ့ကို လာပတ်သက် နေလျှင် ဒုက္ခသည် သူ့နောက် လိုက်လာမည် ဖြစ်သည်။
ကျီထင်ယွီသည် နောင်တရခဲ့ပုံ မပေါ်ချေ။ သူမ၏ တစ်ချက် ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလာခဲ့သည်...
“သခင်လေးယိ...သာမန် အရာတွေက တခြားသူတွေကို မနာလိုဖြစ်အောင် မစွမ်းဆောင်နိုင်ပါဘူး...ကမ္ဘာပေါ်မှာ လိုက်လံရှာဖွေထိုက်တဲ့ လူတိုင်း မက်မောနေကြတဲ့ အဖိုးတန်အရာတွေ အများကြီး ရှိပါသေးတယ်...အဲဒီအရာတွေက ယှဉ်ပြိုင်မှုနဲ့ အဆုံးမရှိတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတယ်...ဒါပေမဲ့ မနာလိုမှုမရှိတဲ့ ဘဝကြီးက ဘယ်လောက်တောင် မပြီးမပြည့်စုံ ဖြစ်နေမယ် ဆိုတာကို တွေးကြည့်စမ်းပါ...ဘဝက လက်တစ်ဆုပ်စာ လောက်လေးပါ...ငယ်ရွယ်နုပျိုမှုနဲ့ လှပမှုက ချက်ချင်း ပျောက်ကွယ်သွားမှာ...ဒီလိုဆိုရင်တောင် သခင်လေးက အောင်မြင်ခမ်းနားတဲ့ ဘဝထက် သာမန်ဘဝကိုပဲ လိုလားနေမှာလား...”
ကျန်းရီသည် နစ်မျော သွားရသည်။ သူ့လိုပင် ငယ်ရွယ်ကာ လှပသော မိန်းကလေးထံမှ ဤကဲ့သို့ ဘဝနှင့် ပတ်သက်သော အတွေးအမြင်များကို ကြားရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် တိတ်ဆိတ်နေခဲ့သည်။
စွမ်းအား၊ ကြွယ်ဝမှုနှင့် မိန်းမလှတို့ထံမှ ဝေးရာပြေးသော တစ်ယောက်ယောက်များ ရှိပါသလား...ခမ်းနားသော ဘဝတစ်ခုကို မလိုချင်သူ တစ်ယောက်ယောက်များ ရှိပါသလား...ကျန်းရီ၏ နှလုံးသား အောက်ခြေမှပင် တောက်လောင်နေသော မငြိမ်းသတ်သွားသည့် မီးတောက်တစ်ခု ရှိလေသည်။ ထိုမီးတောက်သည် ပေါက်ကွဲလာလျှင် သူသည် ကျန်းရုဟူကို အနောက်ဘက် တောင်ကုန်းတွင် ရောင်ရမ်းသွားအောင် ရိုက်လိုက်စဉ်နှင့် ဖန်းယွီ ဆောင်ကြာမြိုင်တွင် မာဖေးကို အသုံးမဝင်သူ ဖြစ်အောင် လုပ်လိုက်သော အခါက ကဲ့သို့ပင်...အားပြင်းပြင်းနှင့် ပေါက်ကွဲ တတ်လေသည်။
သို့သော်လည်း ကျန်းရီသည် ရှောင်နူ၏ ပိန်ပါးသော ပုံရိပ်လေးကို မြင်ယောင် လိုက်သည့်အခါ သူသည် အလျင်အမြန် ခေါင်းယမ်းလိုက်သည်။
“သခင်မလေး ကျီက ကျွန်တော်တို့လို လူတွေရဲ့ ဘဝကို နားလည်မှာ မဟုတ်ပါဘူး...ဒီအကြောင်းကို ဆက်မပြောပါနဲ့တော့...မင်းဒီကို လာတာ အကြောင်းရှိတယ် မလား”
စိတ်ပျက်မှု များသည် ကျီထင်ယွီ၏ မျက်လုံးတွင်း ဖြတ်ပြေး သွားခဲ့သည်။ သူမသည် ခဏမျှ တိတ်ဆိတ်နေခဲ့ပြီး စကားဆို လာခဲ့သည်...
“ကျွန်မရဲ့ ကိုယ်ပိုင်နေရာက ထွက်လာတော့ ရှင်ဒီမှာ သိုင်းလေ့ကျင့်ဖက် လုပ်နေတုန်းပဲ ဆိုတာ ကြားလိုက်လို့ အလည်လာခဲ့တာ...လိုရင်းကို ပြောရမယ် ဆိုရင်တော့...သခင်လေးယိ...ရှင် နောက်ဆုံး ယူလာခဲ့တဲ့ ဆေးတွေက အံ့သြဖို့ကောင်းတယ်...ဒါတွေကို ထုတ်တဲ့ အဂ္ဂိရတ်ပညာရှင်က အရမ်းကို စွမ်းအားကြီးတဲ့ သူတစ်ယောက် ဖြစ်ရမယ်...”
“ကျွန်မက ရှင်ဒီမှာ အချိန်ဖြုန်း နေမယ့်အစား အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်အောင် ကြိုးစားသင့်တယ်လို့ ထင်တယ်...သိုင်းခန်းမမှာ ကျင့်ကြံနှုန်းက မြန်ပေမဲ့လည်း ရှင့်ရဲ့ အသက်အရွယ်က ကျင့်ကြံဖို့ နောက်ကျနေခဲ့ပြီ...ပြီးတော့ ကျွန်မ အဲဒီ အဂ္ဂိရတ်ပညာရှင်နဲ့ ရှင်ကတစ်ဆင့် သိကျွမ်းပြီး ရင်းနှီး သွားချင်တယ်...အဲဒီအတွက် ရှင်ဘယ်လို တောင်းဆိုမှုမဆို လုပ်နိုင်ပါတယ်...အာ...ကျွန်မရဲ့ စကားလုံးတွေက ရိုင်းစိုင်းသွားတယ် ဆိုရင်လည်း သခင်လေးယိ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်...”
ဒီလိုကိုး...
ကျန်းရီသည် ခေါင်းကို ငုံ့ကာ နာကြည်းစွာ ပြုံးလိုက်သည်။ လောကကြီးသည် အမှန်ပင် ရက်စက်ပေသည်။ အနက်ရောင် အတွင်းအား၊ သူပြုလုပ်လိုက်သော ဆေးများနှင့် သူသည် အခြားသူများ၏ သိုင်းပညာကို သဘာဝလွန်အဆင့် ရောက်အောင် ကူညီပေးနိုင်သော အချက်ကြောင့်သာ မဟုတ်လျှင် ကျီထင်ယွီနှင့် ရီလင်းရွှယ်သည် သူ့ကို တစ်ချက်တောင် ကြည့်ပါမည်လား... သူတို့အတွက် သူသည် အသုံးဝင်သောကြောင့်သာ မိတ်ဆွေလုပ်ခြင်း ဖြစ်ပေသည်။ တွေးကြည့်လျှင် သူသည် မိုက်မဲစွာပင် သူတို့သည် သူ့ကို မိတ်ဆွေ တစ်ယောက်လို ဆက်ဆံကြသည်ဟု ယူဆနေခဲ့သည်။
ကမ္ဘာပေါ်မှာ အမေရယ်၊ အဘိုးရယ်၊ ရှောင်နူရယ်ပဲ ငါ့ကို ကြင်နာမှု အစစ်အမှန် ပေးခဲ့ကြတာလား...
ကျန်းရီသည် တိတ်ဆိတ်စွာ သက်ပြင်း ချလိုက်ပြီး ကျီထင်ယွီကို ကြည့်လိုက်သည်...
“သခင်မလေးကျီ...မင်းကို စိတ်ပျက်စေမိမှာ စိုးရွံ့မိပါတယ်...မင်းက ဒီဆေးတွေကို ဘယ်တော့မှ ထပ်မြင်ရမှာ မဟုတ်တော့ဘူး...မဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး ဒီကို အလုပ်လုပ်ဖို့ ရောက်လာမှာလဲ...ဒီအဂ္ဂိရတ်ပညာရှင်က သေသွားခဲ့ပြီ...”
“ဘယ်လို”
ကျီထင်ယွီ၏ မျက်နှာပေါ်တွင် အရောင်အသွေးစုံ ဖြတ်ပြေးသွားခဲ့သည်။ သူမသည် ကျန်းရီကို မေးလာခဲ့သည်...
“သခင်လေးယိ...ရှင်အမှန်အတိုင်း ပြောနေတာလား”
“လုံးဝကို အမှန်တရားပဲ”
ကျန်းရီသည် ခေါင်းညိတ်ပြ လိုက်သည်။ အတိအကျ ပြောရလျှင်လည်း ဆေးများကို အကြီးအကဲလျှို၏ အသုံးမဝင်သော ဆေးလုံးများကို သုံး၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ သူသည် ဆေးဖော်စပ်ခြင်း အကြောင်းကို တစ်ခုမှ နားမလည်ခဲ့ပေ...
“စိတ်မကောင်းစရာပဲ...သူက ထွက်သွားခဲ့ပြီ...”
ကျီထင်ယွီ၏ မျက်နှာတွင် စိတ်ပျက်မှုများကို တွေ့ရသည်။ သူမသည် ကျန်းရီကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ကာ မည်သည့်စကားမှ မဆိုတော့ပဲ အခန်းတွင်းမှ ထွက်သွားခဲ့သည်။ သူမသည် နောက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။
ကျန်းရီသည်လည်း သူ၏ အခန်းတွင်းသို့သာ ကျင့်ကြံရန် ဝင်သွားခဲ့လိုက်သည်။ မာဟေးချီနှင့် လျှိုဟဲတို့ ကြည့်သွားပုံသည် သူ့စိတ်တွင် သတိပေးသံများ ပေါ်ထွက်နေခဲ့သည်။ သူသည် အချိန်မရွေး သေလုမြောပါး အရိုက်ခံရနိုင်သော ဘဝတွင် အသားကျနေပြီ ဖြစ်သည်။ မည်သူမှ မနှောင့်ယှက်ရဲသော အေးချမ်းသည့် ဘဝကို ပိုင်ဆိုင်ရန်မှာ သူပိုမို အားကောင်းလာမှသာ ဖြစ်ပေမည်...သူသည် လူတိုင်းထက် ပိုမို အားကောင်းရပေမည်။
တကယ်တော့ ယနေ့တွင် ကျီထင်ယွီ၏ သိမ်ငယ်စေမှုကြောင့်သာ သူ့ရင်ထဲမှ မာနတို့ နိုးကြားလာခဲ့သည်။ သူသည် တစ်မြို့လုံးကိုတောင် ဖျက်ဆီးနိုင်သည့် ထိုမိန်းမလှများကို သက်သေပြချင်သည်...
သူသည်...အသုံးမဝင်သူ မဟုတ်ကြောင်း...
***