← Chapters

ဆွဲဆောင်မှု ရှိလွန်းသော

Vol. 1 Ch. 27

ဆွဲဆောင်မှု ရှိလွန်းသော

Vol. 1 Ch. 27

“ငါ့ရဲ့ချိပ်ပိတ် သင်္ကေတပေါ်က အက္ခရာ လေးရာလောက်ကို ဖယ်ရှားပြီးသွားပြီ...ငါ့ကျင့်ကြံနှုန်းက အရင်ကထက် ဆယ့်ငါးဆလောက် မြန်လာပြီ...ဒါက သာမန်လူငယ် တစ်ယောက်နဲ့ အတူတူပဲ...အဲဒီသင်္ကေတသာ လုံးဝ ပျောက်ကွယ်သွားရင် ငါ့ကျင့်ကြံနှုန်းက ဘယ်လောက်တောင် မြန်လာလိုက်မလဲ”

ကျန်းရီသည် သူ၏ အခန်းငယ်လေးထဲတွင် ကျင့်ကြံနေရင်းမှပင် မျက်လုံးများ ပွင့်လာခဲ့သည်။ သူ၏ သင်္ကေတတွင် ရှေးဟောင်းအက္ခရာ တစ်သောင်း ရှစ်ထောင် ရှိသည့် အထဲမှ လေးရာလောက် ပျက်စီးရုံမျှဖြင့် သူ့ကျင့်ကြံနှုန်းသည် အလွန် မြန်ဆန်လာခဲ့သည်။ အက္ခရာများ အားလုံးသာ ပျက်စီးသွားလျှင် ဘယ်လောက်တောင် မြန်ဆန် လာလိမ့်မည်နည်း...

ကျန်းရီ သိုင်းခန်းမသို့ ရောက်ခဲ့သည်မှာ တစ်လလောက်ပင် ရှိခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံနေစဉ်တွင် သူသည် စွမ်းအား အကုန်လုံးကို ချိပ်ပိတ် သင်္ကေတ၏ ရှေးဟောင်း အက္ခရာများကို ဖျက်ဆီးရန်သာ အသုံးပြုနေခဲ့သည်။ သူ့ခန့်မှန်းချက်အရ ဆိုလျှင် သူသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သို့ ရောက်ရန် တစ်လခွဲခန့်သာ လိုတော့သည်။

သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်မှ စတုတ္ထအဆင့်သို့ ကူးပြောင်းရန် လိုအပ်သော အတွင်းအား ပမာဏမှာ နှစ်ဆဖြစ်သည်။ ကျန်းရီသည် သိုင်းခန်းမမှ ဝိညာဉ်အားဖြည့် ဆေးများ ဆက်တိုက် ရနေခဲ့ပြီး အနက်ရောင် အတွင်းအားနှင့် ပေါင်း၍ ဆေးအာနိသင်ကို ပိုမို အစွမ်းထက်စေ နိုင်သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံနှုန်းသည် ကျန်းဟန်ရွှေကို နှိုင်းယှဉ်လို့ ရနေပြီ ဖြစ်သည်။

တစ်ဖက်တွင် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ပထမဆုံး လေးဆင့်ကို ကျော်ဖြတ်ရန်မှာ လွယ်သည်ဟု ပြောကြသည်။ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ပဉ္စမအဆင့်သည် အတားအဆီး ဖြစ်လေသည်။ ထိုအဆင့်ကို ကျော်ဖြတ်ရန် လိုအပ်သော အတွင်းအား ပမာဏမှာ ပထမလေးဆင့် ပေါင်းခြင်းနှင့် ညီမျှသည် ဖြစ်သည်။ ထို့ကြောင့်ပင် ကျန်းရုဟူနှင့် မာဖေးတို့ ကဲ့သို့သော လူပေါ်ကြော့များမှာ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်တွင် ကြာနေခဲ့ခြင်း ဖြစ်သည်။ သူတို့၏ မိသားစုများသည် ချမ်းသာ ကြွယ်ဝလွန်း၍ ဆေးများမထောက်ပံ့ နိုင်သည်မှာတော့ မဖြစ်တန်ရာ...

ထို့ပြင် သိုင်းပညာရှင်သည် အဆင့်မြင့်လာလေလေ ဆေး၏ အာနိသင်သည် သက်ရောက်မှု မရှိတော့လေ ဖြစ်သည်။ မြေကမ္ဘာအဆင့်နှင့် ကောင်းကင်ဘုံအဆင့် ဆေးလုံးများသာ မဟုတ်လျှင် ဆေးစွမ်းသည် ထည့်မတွက်၍တောင် ရသည်။ သို့သော် အဆိုပါ ဆေးလုံးများသည် အလွန့်အလွန်ပင် ဈေးကြီးလေသည်။  မြေကမ္ဘာအဆင့် ဆေးတစ်လုံးသည် ခရမ်းရောင်ရွှေ တစ်ရာတေးလ် တန်ကြေးရှိသည်။ ကောင်းကင် တောင်ပံမြို့ကဲ့သို့ မြို့ငယ်လေးတွေ ကျီမိသားစုတောင် သူတို့၏ မျိုးဆက်များကို ရေရှည် ထောက်ပံ့နိုင်မည် မဟုတ်ချေ...ကောင်းကင်ဘုံအဆင့် ဆေးလုံးကို မူကား ကျီထျန်း ကိုယ်တိုင်တောင် သုံးနိုင်မည် မဟုတ်ချေ။

“ဘာပဲဖြစ်ဖြစ် ငါဒီကို ရောက်လာပြီ ဆိုမှတော့ ဒီအဆင့်ကို ကျော်နိုင်မှာပဲ...အရင်ဆုံး သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ကို ရောက်ဖို့ ကြိုးစားရမယ်”

ကျန်းရီသည် သက်ပြင်းချလိုက်ပြီး သူ၏ ရင်ဘတ်ဝတ်ရုံထဲမှ ငွေရောင် ဓားမြှောင်ကို ထုတ်ယူလိုက်သည်။ ၎င်း၏ ပြောင်လက်နေသော အသွားပေါ်တွင် ကျန်းရီ၏ စိတ်မသက်မသာသော မျက်နှာ ထင်ဟပ်နေခဲ့သည်။ မာဖေးသည် သူ့ကို ရှာနေသည်မှာ တစ်လလောက်ပင် ရှိတော့မည်။ သူမရှိသောအချိန်တွင် ရှောင်နူကိုများ ဒုက္ခပေးရန် ကြိုးစားနေမည်လား…

“အထီးကျန် ဝံပုလွေ...ထွက်လာပြီ...တိုက်ခိုက်တော့”

ကြီးကြပ်သူယန်၏ အသံသည် အခန်းပြင်မှ ထွက်ပေါ်လာခဲ့သည်။ သူသည် မာဖေးထံမှ ယူလာခဲ့သော အဖိုးတန် လက်နက်ကို ဝတ်ရုံထဲတွင် အသေအချာ ပြန်လည် သိမ်းဆည်းလိုက်ပြီး ဝံပုလွေ မျက်နှာဖုံးကို ဝတ်ဆင်ကာ ထွက်လာခဲ့လိုက်သည်။

ရီမိသားစု၏ သခင်မလေးသည် ကျန်းရီ သူ့ကို မည်မျှပင် အနိုင်ယူယူ ဆက်လက် လေ့ကျင့်မြဲပင်...သူ့ကို လာရောက် တိုက်ခိုက်ရန် အမိန့်ပေးသည်မှာ သူမ၏ နေ့စဉ်အလုပ် တစ်ခုနှယ်ပင်...ကျန်းရီသည် ဒေါသ ထွက်သော်လည်း သူမသည် သိုင်းခန်းမ၏ ဧည့်သည် တစ်ယောက်ဖြစ်သည်။ ကြီးကြပ်သူယန်လည်း ဘာမှ မလုပ်ပေးနိုင်ချေ...

“ဟမ်”

ကျန်းရီသည် အခန်းပြင် ထွက်လာသောအခါ ရီလင်းရွှယ်၏ ဘေးတွင် အဖြူရောင် ဝတ်စုံနှင့် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည်လည်း ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်ပင် ဖြစ်ပြီး ရီလင်းရွှယ်၏ အသက်အရွယ်ခန့်ပင် ဖြစ်သည်။ သူမ၏ ကောက်ကြောင်းများသည် အရမ်းကြီး မထင်ရှားသော်လည်း ရီလင်းရွှယ်ထက် ပို၍ လှပပေသည်။

ရီလင်းရွှယ်သည် ကျန်းရီကို မြင်လျှင် အချိန်ဆွဲ မနေတော့ပဲ တိုးတိုးကပ် ပြောလာသည်...

“အထီးကျန် ဝံပုလွေ...ဒါက ကျွန်မရဲ့ ညီမဝမ်းကွဲ ရီဖေးအာပဲ...ကျွန်မက ဒီမှာနည်းနည်း ကြာဦးမှာဆိုတော့...ရှင့်ကို သူနဲ့ အရင် တိုက်ခိုက်ခိုင်း လိုက်မယ်”

“အာ...”

ကျန်းရီသည် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ သူသည် ရီမိသားစုကို ဝင်၍ အလုပ်လုပ်ရန် ငြင်းဆန်ခဲ့သောကြောင့် ကိစ္စများသည် ဤသို့ ဖြစ်လာချေပြီ...ရီလင်းရွှယ်သည် သူမ မိသားစုမှ လူငယ်များကို သူနှင့် သိုင်းလေ့ကျင့်ရန် ခေါ်လာခဲ့ပေသည်။ သူသည် နာကျင်စွာ ခေါင်းညိတ် လက်ခံရုံအပြင် ဘာများတတ်နိုင် ပါမည်နည်း...

ရီဖေးအာသည် ကျန်းရီကို လုံးဝ စိတ်ဝင်စားပုံ မပေါ်ပေ။ ရီလင်းရွှယ် ထွက်သွားသည်နှင့် သူမသည် ကျန်းရီကို မကျေမနပ်ဖြင့် ကြည့်လိုက်ပြီး သိုင်းလေ့ကျင့်ခန်း ရှိရာသို့ ဦးစွာထွက်သွားခဲ့သည်။ တံခါးဝသို့ ရောက်သောအခါ သူမသည် ရပ်တန့်လိုက်ပြီး ကျန်းရီကို မကျေနပ်စွာ မေးလိုက်သည်...

“ရှင် မလာသေးဘူးလား”

ကျန်းရီသည် ဆွံ့အသွားရသည်။ တံခါးများ ပိတ်သွားသည်နှင့် ရီဖေးအာ၏ အမူအရာသည် နက်မှောင် သွားလေသည်။ သူမသည် ခြေထောက်များကို ဆောင့်နင်းလိုက်ပြီး လေထုအတွင်း လက်သီးပုံရိပ်များ ဖန်တီးလိုက်ကာ ကျန်းရီဆီ ကျောချမ်းစရာ အရှိန်နှင့် လက်သီးထိုးချလိုက်သည်။

သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်ပဲ ရှိသေးလား...သူမက စိတ်ကြီးဝင်လွန်း မနေဘူးလား...

ရလဒ်သည်ကား တွေးနေစရာပင် မလိုချေ။ အနက်ရောင် အတွင်းအား မသုံးဘဲနှင့်တောင် ကျန်းရီ၏ အမြန်နှုန်းသည် သူမထက် မြန်ဆန်ပေသည်။ ရီမိသားစု ဤမာနကြီးသော မိန်းကလေးသည် သူ၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ...

ကျန်းရီသည် အားပင်စိုက် မထားဘဲ စက်ဝိုင်းပုံ ရှောင်တိမ်း နေလိုက်သည်။ သုံးမိနစ်ကျော် ကြာအောင် အသည်းအသန် တိုက်ခိုက်သော်လည်း သူမသည် ကျန်းရီ၏ အဝတ်အစားကိုပင် ထိအောင် မလုပ်နိုင်ခဲ့ပေ။

ရီဖေးအာသည် အချိန်အတော်ကြာ မရပ်မနား တိုက်ခိုက်ခဲ့သေးသည်။ သို့သော် တိုက်ခိုက်မှုတိုင်းသည် လေထုကိုသာ ထိတွေ့နေခဲ့သည်။ သူမသည် အတော်လေး မခံမရပ်နိုင် ဖြစ်လာခဲ့သည်။ နောက်တစ်ကြိမ် ထပ်လွဲချော်သွားပြီး နောက်တွင်တော့ သူမသည် အော်ဟစ်ပါတော့သည်..

“ရှင်က မျောက်နှစ်ဖွားလား...မျောက်လိုမျိုး ခုန်ဖို့ ရှောင်ဖို့ကိုပဲ သိတာလား”

ကျန်းရီသည် ဘာမှမဖြစ်သလိုပင် ရပ်တန့်လိုက်ကာ ပြန်ချေပလိုက်သည်...

“ငါက ခုန်ပြီး ရှောင်မနေဘဲ မင်းရိုက်တာကို ခံနေရမှာလား...သိုင်းလေ့ကျင့်ဖက် တွေက လူတွေ ဒေါသ ပေါက်ကွဲဖို့ လက်ဝှေ့အိတ်တွေ မဟုတ်ဘူး...”

ရီဖေးအာသည် ထပ်မံ ပြောလာပြန်သည်...

“ရှင်ဘာလို့ ပြန်မတိုက်တာလဲ...ရှင်က ဒီလိုလုပ်နေရင် သိုင်းလေ့ကျင့်တာက ဘယ်လိုလုပ် ပျော်စရာ ကောင်းမှာလဲ”

“အို...ကောင်းပြီလေ”

ကျန်းရီသည် စိတ်မပါစွာ ပြန်ပြောလိုက်သည်။ ရီဖေးအာ စတင် တိုက်ခိုက်သည်နှင့် သူသည် အနက်ရောင် အတွင်းအားကို မျက်လုံးဆီ ပို့ဆောင်လိုက်ပြီး လက်တစ်ဖက်သည် ရေမှော်ပင်များ ကဲ့သို့ သူမဆီ တိုးဝင်သွားခဲ့သည်။

ရီဖေအာ၏ တိုက်ခိုက်မှု များသည် ရီလင်းရွှယ်ထက်ပင် အဆင့်နိမ့်ပေသည်။ အားစိုက်စရာပင် မလိုပဲ ကျန်းရီ၏ ပိုးမျှင်လက် အစုံသည် ပျံသန်းလာသော လက်သီးကို ဖမ်းကိုင်လိုက်သည်။ ရီဖေးအာသည် ကျောက်ရုပ်အလား ဖြစ်သွားခဲ့သည်။

“အိုး...မဟုတ်ဘူး”

ရီဖေးအာသည် လဲကျသွားလု မတတ်ပင်။ သူမ၏ မျက်နှာသည် ဒေါသနှင့် ရှက်ရွံ့မှုတို့ကြောင့် နီမြန်းလာခဲ့သည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်လိုက်ပြီး ဆက်လက် တိုက်ခိုက်လာပြန်သည်။ ဝမ်းနည်းစရာ ကောင်းစွာပင် ရလဒ်သည် အတူတူပင်...

“ဟောဟဲ...ဟောဟဲ...ငါထပ်ပြီး မတိုက်နိုင်တော့ဘူး”

မိနစ်အနည်းငယ်မျှ ကြာပြီးနောက် ရီဖေးအာသည် တံခါးဆီသို့ သွားလိုက်ကာ ခန်းမထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားခဲ့သည်။

ကျန်းရီသည် ဆက်လက် ကျင့်ကြံနေခဲ့သည်။ သို့သော် တစ်နာရီမျှ ကြာပြီးနောက်တွင် ကြီးကြပ်သူယန်သည် သူ့ကို ဆင့်ခေါ်ပြန်သည်။

အို...ဒီသခင်လေးဆီကနေ အရမ်းအားကောင်းတဲ့ အရှိန်အဝါတွေ ထွက်နေတယ်...သူက အနည်းဆုံးတော့ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဆဋ္ဌမ အဆင့်ကို ရောက်နေလောက်ပြီ...သူက ဘယ်မိသားစုကလဲ...ပြီးတော့ ဘာလို့ ငါ့ကို အမိန့်ပေးလာတာလဲ...

ကျန်းရီသည် တိတ်ဆိတ် နေလေသည်။ သခင်လေးသည် စကားတစ်ခွန်းမှ မဆိုဘဲ သိုင်းလေ့ကျင့်ခန်း အတွင်းသို့ ဝင်သွားခဲ့သည်။ ကျန်းရီသည် ရွေးချယ်စရာ မရှိသောကြောင့် သူ့နောက်ကသာ လိုက်ခဲ့ရသည်။

သခင်လေးသည် တံခါးပိတ် သွားသည်အထိ စောင့်လိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လာခဲ့သည်။

“ကျွန်တော်က ရီလုံယွိပါ...အထီးကျန် ဝံပုလွေ...မင်းအကြောင်းကို ရွှယ်အာပြောတာ အများကြီး ကြားဖူးပါတယ်...ငါ့ကိုအစွမ်းကုန် တိုက်ခိုက်ပေးပါ...”

ထပ်ပြီး ရီမိသားစုကလာတဲ့ တစ်ယောက်လား...

ကျန်းရီသည် ခေါင်းကိုက် လာခဲ့သည်။ ရီလင်းရွှယ်သည် သူမမိသားစုမှ လူငယ်များကို တကယ်ကြီး သူနှင့်တိုက်ခိုက် စေချင်နေသည်။ သို့သော် ကျန်းရီသည် အခြားသူများကို သဘာဝလွန် အဆင့်ရောက်အောင် ကူညီပေးနိုင်သည် ဟူသော သူ၏စွမ်းရည်ကို သံသယ ဝင်နေဆဲပင်...ကောင်းကင် တောင်ပံမြို့က လူတိုင်း ဒီလိုရူးကြောင်ကြောင် စကားကို ယုံကြတာပဲလား...

သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်

ဤသို့ အားကောင်းသော ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် ကျန်းရီသည် လုံးဝ မပေါ့ဆရဲပေ...သူသည် အနက်ရောင် အတွင်းအားကို သုံးကာ ပြိုင်ဘက်၏ လှုပ်ရှားမှုတိုင်းကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။

“ဒါကို ကြည့်ထားပါ...တိမ်မျောလွင့်လက်”

ကျန်းရီ အဆင်သင့် ဖြစ်သည်နှင့် ရီလုံယွိသည် စတင် တိုက်ခိုက်လာခဲ့သည်။ သူ၏ လက်များသည် ဓားတစ်ချောင်း တစ်ဖွယ် ပုံဖော်ရင်း ကျန်းရီကို ခုတ်ချလာခဲ့သည်။

အာ...ဒီသိုင်းပညာက ခန့်မှန်းဖို့ တော်တော်ခက်တာပဲ...ငါက လမ်းကြောင်းကို လုံးဝ ခန့်မှန်းလို့ မရဘူး။

ကျန်းရီ၏ အကြည့်များသည် ပြိုင်ဘက်၏ လက်များကိုသာ စူးစိုက်ကြည့် နေခဲ့သည်။ ရီလုံယွိသည် တိုက်ခိုက်မှုကို ချက်ချင်း သုံးလေးမျိုးခန့် ပြောင်းလဲ သွားသည်ကို မြင်သောအခါ သူသည် တိုက်ခိုက်မှု လာရာ လမ်းကြောင်းကို မခန့်မှန်းနိုင်တော့ပေ...

နောက်ဆုတ်…

ကျန်းရီသည် အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သို့သော် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်၏ အမြန်နှုန်းသည် မယုံနိုင်စရာ ကောင်းအောင် မြန်ဆန်ပေသည်။ ရီလုံယွိ၏ ပုံရိပ်သည် ကျန်းရီအနီးသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ သူ၏ ဓားပုံစံလက်သည် ကျန်းရီ၏ လည်ပင်းကို ဖြတ်တောက်လု နီးပါးပင်...

ကျန်းရီသည် လက်နှစ်ဖက်လုံးကို သုံးကာ ဓားပုံစံလက်၏ ဖြတ်တောက်မှုကို ခုခံလိုက်သည်။

ကျန်းလုံယွိသည် ပြုံးလိုက်သည်။ ကျန်းရီသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယ အဆင့်တွင်သာ ရှိသေးရာ သူ့ထက် ရုပ်ပိုင်းဆိုင်ရာ ခွန်အား နည်းပါးပေသည်။ သူသည် ကျန်းရီ၏ ခုခံမှုကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်သည်သာ...ထိုအတွေးနှင့် သူသည် ဓားပုံစံ လက်ချောင်းကို ကျန်းရီ၏ လည်ပင်းဆီ ဆက်လက် တိုးဝင်စေလိုက်သည်။

ကောင်းတယ်…မင်းရဲ့ သိုင်းကွက်ကို မပြောင်းရင် ရှုံးဖို့သာ ပြင်ထားတော့...ပိုးမျှင်လက်...ပုံရိပ်ယောင် ခြေလှမ်း…

ကျန်းရီသည် ပြိုင်ဘက်သည် သိုင်းကွက် မပြောင်းသည်ကို မြင်လျှင် လက်များကို လက်သည်းအသွင် ပြောင်းလိုက်ပြီး ရီလုံယွိ၏ လက်ကောက်ဝတ်ကို ဖမ်းကာ တစ်ဖက်သို့ ဆွဲလိုက်သည်။ ရီလုံယွိသည် ကျန်းရီနှင့် မျက်လုံးချင်း ဆုံလိုက်သည်။ သူ၏ အကြည့်သည် တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် တောက်လောင်နေခဲ့သည်။ သူသည် ဘယ်လိုများ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်ရှိ လူတစ်ယောက်ကို ထိခိုက်အောင် မလုပ်နိုင်ရပါသနည်း...သတင်းသာ ပြန့်သွားခဲ့လျှင် ကောင်းကင်တောင်ပံမြို့ တစ်ခုလုံးက သူ့အား လှောင်ရယ်ကြပေမည်။ ရီမိသားစု၏ မျိုးဆက်တွင် အားအကောင်းဆုံး လူတစ်ယောက် အနေနှင့် သူသည် မိသားစုတွင်းလည်း မျက်နှာ ပျက်ရပေမည်။

ဒီကောင်လေးရဲ့ သိုင်းပညာက တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းတယ်။

ရီလုံယွိ၏ တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန် လာခဲ့ပြီး လက်သီး တစ်ချက်စီတိုင်းတွင် အင်အားအပြည့် ပါဝင်နေပေသည်။ သူသည် ကျန်းရီကို အနိုင် မတိုက်နိုင်မချင်း ရပ်တန့်မည့်ပုံ မပေါ်ချေ...

“ဘန်း”

တစ်နာရီမျှ ကြာပြီးနောက်တွင် ကျန်းရီသည် ပြင်းထန်သော ရိုက်ချက်တစ်ခု ခံလိုက်ရပြီး ဘေးဘက်သို့ လွင့်ထွက်သွားခဲ့သည်။ ကျန်းရီသည် မောပန်းနေခဲ့ပြီ ဖြစ်သည်။ ကျန်းရီသည် မတ်တတ် ပြန်ရပ်လိုက်ကာ အရိုအသေပေးရင်း ပြောလိုက်သည်...

“သခင်လေးရီက တကယ့်ကို အားကောင်းတာပဲ...ကျွန်တော်က အရှုံးကို ဝန်ခံပါတယ်”

“ဟား...ဟား”

ကျန်းရီနည်းတူ ရီလုံယွိသည်လည်း ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားခဲ့ရသည်။ သူ၏ အမူအရာသည် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရခြင်းများ ရှိမနေဘဲ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်နေသည့်ပုံ ပေါ်နေခဲ့သည်။

“အထီးကျန် ဝံပုလွေ...မင်းကတော်တော်လေး သရုပ်ဆောင် ကောင်းတာပဲ...မင်းက အခု ငါ့ရိုက်တာကို တမင်ခံလိုက်တာ...မဟုတ်ဘူးလား...မင်းက လင်းရွှယ်ပြောသလို တကယ့်ကို အားကောင်းတာပဲ...မင်းရဲ့ အမြန်နှုန်းက လုံးဝကို ပုံမှန်မဟုတ်ဘူး”

“သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့် ဆိုတာကို ဖယ်ထားလိုက်...မင်းက စတုတ္ထအဆင့်ကို ရောက်ရုံနဲ့တောင် ငါ့ကို အသာလေး ရိုက်လို့ရနေပြီ...ပြောရမယ်ဆိုရင် မင်းက ငါတို့မိသားစုပိုင် သိုင်းလေ့ကျင့်ခန်းမရဲ့ ဒုတိယအကြီးအကဲ ဖြစ်လာဖို့ မစဉ်းစားတော့ဘူးလား...မင်းသာ ဆန္ဒရှိရင် ငါတို့က ကျန်းဂိုဏ်းနဲ့ ဆွေးနွေးပေးမယ်...ပြီးတော့ ရီလင်းရွှယ်ကို လက်ထပ်ဖို့ အဖေ ဆုံးဖြတ်ချက် ချပေးအောင်လည်း ငါလုပ်နိုင်တယ်”

***

All Chapters