← Chapters

သွေးမိစ္ဆာနယ်မြေ

Vol. 32 Ch. 409

သွေးမိစ္ဆာနယ်မြေ

Vol. 32 Ch. 409

"တာဝန်က ဘာများလဲ"

"အထူးတလည်တော့ မဟုတ်ပါဘူး။ သွေးမိစ္ဆာနယ်မြေထဲမှာ အငြှိုးတရားတွေကြောင့် နတ်ဆိုးနည်းနည်း မွေးဖွားလာခဲ့ပြီး ပတ်ဝန်းကျင်ကို ဒုက္ခပေးနေလို့ပါ"

လန်ရီ၏ မေးခွန်းကို ချီယန်က ရယ်မော၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အဲ့တာကို လမ်းပြအသင်းက စောင့်ကြည့်နေရမှာ မဟုတ်ဘူးလား"

သူမက မျက်မှောင်ကြုတ်လိုက်သည်။

"အမှန်အတိုင်းပြောရရင် ဒီသွေးနတ်ဆိုးတွေလောက်ကို သတ်ရတာ အန္တရာယ်များပြီး အကျိုးအမြတ် မရှိဘူးလေ။ အင်မော်တယ်သုံးပါးနေ့ ရောက်တော့မှာ ဆိုတော့ ဒီကောင်တွေက ရှေးဟောင်းအပျက်အစီးနယ်မြေကနေ တစ်လှမ်းမှ ခွာမယ် မထင်ဘူး"

သူ၏ အပြုံးက မှိန်ဖျော့သွားကာ ပတ်ဝန်းကျင်ကို အခြေအနေ ကြည့်နေစဥ် ယွမ်ကျင်းက ဝင်ရောက်ရှင်းပြခဲ့သည်။

"ကောင်းပါပြီ။ အစ်ကိုတို့ အသက်ကယ်ဖို့ ခရီးထွက်တာကို အနှောင့်အယှက်မပေးတော့ပါဘူး။ ဂရုစိုက်ကြပါ"

လန်ရီက ခေါင်းညိတ်၍ လမ်းဖယ်ပေးခဲ့၏။

"ငါတို့ ပြန်ရောက်လာရင် တစ်ခွက်လောက် သောက်ကြတာပေါ့"

"ဘေးကင်းလုံခြုံတဲ့ ခရီး ဖြစ်ပါစေ"

ချီယန်က မထွက်ခွာခင် ယွမ်ရှောင်ကို နှုတ်ဆက်လာသောကြောင့် ဦးညွှတ်၍ ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

"ငါတို့ ကျင့်ကြံသူတွေက သာမန်လူတွေကို ကယ်တင်ဖို့ အသက်ကို စွန့်လွှတ်ထားတယ်။ ဒီခရီးမှာ စိတ်တူကိုယ်တူ ညီအစ်ကိုတွေနဲ့ ကောင်းကင်ဘုံ ရောက်ချင်လည်း ရောက်သွားနိုင်တယ်"

"တော်ပါတော့ကွာ။ မင်းက ပေါက်ကရတွေ လေးလေးနက်နက် ပြောနေပြန်ပြီ"

"ဒါမျိုးတွေ အမြဲတမ်း ကြားရလွန်းလို့ ရိုးနေပြီ"

"ဒီကောင် လေးလေးနက်နက် ပြောတိုင်း ငါ့မှာ တွယ်တာစရာ မိသားစုလေး မရှိသေးတာကိုတောင် သတိရပြီး စိတ်ညစ်မိတယ်"

ချီယန်၏ စကားကို အပေါင်းအပါတစ်ယောက်က ဟန့်တားလိုက်သကဲ့သို့ ကျန်လူငယ်များလည်း ထောက်ခံလိုက်ကြ၏။

"ကြွစရာရှိတာ ကြွပါတော့"

ရယ်မောစနောက်နေကြသော ဂိုဏ်းတူအစ်ကိုများကို လန်ရီက မျက်စောင်းထိုး၍ မောင်းထုတ်လိုက်သည်။ သူတို့က စိတ်လက်ပေါ့ပါးစွာ ထွက်ခွာသွား၍ အဝေးတစ်​နေရာအရောက်တွင် ချီယန်သည် ပျော်ရွှင်နေသော စုံတွဲထံ လည်ပြန်ကြည့်လိုက်မိသည်။

"မင်းက လန်ရီကို ပျော်ရွှင်စေချင်တယ်မလား"

"သူမရဲ့ ပျော်ရွှင်မှုက ခဏတာဖြစ်ပြီး နာကျင်စရာနဲ့ အဆုံးသတ်သွားမှာကို စိုးရိမ်တာပါ"

"ငါတို့ စောင့်ကြည့်ပြီး ကာကွယ်ပေးလို့ရပါတယ်"

စိတ်ဖြတ်လိုက်ဟန်ဖြင့် သက်ပြင်းချနေသော သူ၏ ပခုံးအထက်သို့ ယွမ်ကျင်းက လက်ဖြင့် ပုတ်၍ အားပေးနှစ်သိမ့်ခဲ့သည်။

ကုသိုလ်ခန်းမအတွင်း ရောက်သောအခါ ယွမ်ရှောင်သည် သိချင်စိတ်ကို ထိန်းချုပ်မထားနိုင်သဖြင့် သွေးမိစ္ဆာနယ်မြေအကြောင်း လန်ရီထံ စုံစမ်းလိုက်၏။ ၎င်းက မိစ္ဆာများ၏ သွေးဖြင့် ဖွဲ့စည်းထားသော ပင်လယ်သမုဒ္ဒရာ တစ်ခုနှင့် ဆင်တူပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ ထက်ဝက်ခန့် ကျယ်ဝန်းသည်။

"ဒီမိစ္ဆာသွေးတွေ ဘယ်ကရောက်လာတာလဲ"

ထိုအချက်အလက်သည် သူ၏ စူးစမ်းလိုစိတ်ကို မြင့်တက်လာစေ၏။ သို့သော် လန်ရီ၏ ခြေလှမ်းများ တုံ့ခနဲ ရပ်သွား၍ တိတ်ဆိတ်မှု ကြီးစိုးနေသဖြင့် စိုးရိမ်စွာ ထပ်မေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ"

"အစ်ကိုကြီးက ဒီနယ်မြေရဲ့ သမိုင်းအကြောင်း မသိလောက်ဘူး"

အချိန်ခဏအကြာတွင် သူမက အသက်ပြင်းပြင်းရှူ၍ အောက်ပါအတိုင်း ရှင်းပြခဲ့သည်။ ရှေးခေတ်တွင် ကမ္ဘာများအကြား သွားလာနေသော ယာဥ်ကြီး နှစ်စင်း ရှိပြီး လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ် ပိုင်ဆိုင်ထားခဲ့သည်။ ရာစုနှစ်ပေါင်းများစွာ ကမ္ဘာများစွာတလျှောက် နှစ်ဖက် အားပြိုင်ခဲ့ကြပြီး မငြိမ်မသက် ဖြစ်စေခဲ့သည်။ အောက်ကမ္ဘာများရှိ မိစ္ဆာမျိုးနွယ်များ၏ အစွမ်းကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ ဆင်းသက်လာရာ အရင်းခံဖြစ်သည့် သွေးမိစ္ဆာမျိုးနွယ် မည်မျှအစွမ်းထက်ကြောင်း သိနိုင်သည်။ နောက်ဆုံးတွင် လူသားမျိုးနွယ် အင်အားမြင့်တက်လာ၍ သွေးမိစ္ဆာနယ်မြေကို ချေမှုန်းနိုင်ခဲ့ပြီး ယာဥ် နစ်မြုပ်သွားသော နေရာ၌ လက်ရှိ မိစ္ဆာသွေးပင်လယ်ကြီး ဖြစ်ပေါ်လာကာ မျိုးတုံးလုနီးပါးပင်။

ယွမ်ရှောင်က လူသားမျိုးနွယ် ကျဆုံးမည်ဟု ထင်ထားခဲ့သော်လည်း သွေးမိစ္ဆာမျိုးနွယ်၏ နိဂုံး ဖြစ်နေခဲ့သည်။ သို့သော် လူသားမျိုးနွယ်၏ အောင်ပွဲအထိမ်းအမှတ်သည် ရှင်းပြနေသော လန်ရီကို တစ်နည်းနည်းဖြင့် ဝမ်းနည်းသွားစေပုံပေါ်၏။ အမှန်တကယ်၌ ဤအောင်ပွဲကို ဦးဆောင်တိုက်ခိုက်ခဲ့သူမှာ သိုင်းဧကရာဇ်မျိုးနွယ် ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ့အနေဖြင့် အရာရာကို ဆက်စပ်တွေးခေါ်နိုင်သွားသည်။ သွေးမိစ္ဆာနယ်မြေကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သော်လည်း ရှေးဟောင်းအပျက်အစီးနယ်မြေက တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရပြီး သိုင်းဧကရာဇ်မျိုးနွယ်မှာ လျှို့ဝှက်ကြံစည်မှုများအကြား အပုပ်ချခံလိုက်ရပုံပေါ်သည်။

"လူတွေက စစ်ပွဲရဲ့ နောက်ဆက်တွဲပြဿနာကို သိုင်းဧကရာဇ်မျိုးနွယ်အပေါ် အပြစ်ပုံချခဲ့တယ်။ စစ်ပွဲကြောင့် သူတို့ အားနည်းနေတာကို အခွင့်ကောင်းယူပြီး မကောင်းကြံခံခဲ့ရတယ်။ ပြီးတော့ အင်မော်တယ်သုံးယောက်ဆိုတဲ့ ကောင်တွေက အချိန်ကိုက် ပေါ်လာတယ်မလား"

"ဟုတ်တယ်။ ဘယ်လိုလုပ် အတိအကျ ခန့်မှန်းနိုင်ရတာလဲ"

လန်ရီက စိတ်ရှုပ်ထွေးသွားဟန်ဖြင့် နားမလည်နိုင်စွာ ကြည့်လာသောအခါ သူက တစ်ချက်ပြုံးပြခဲ့သည်။

"မသိနားမလည်မှု၊ နုံအမှုနဲ့ သံသယက လူသားတွေရဲ့ သံသယပဲ။ တစ်ယောက်ယောက်က အပြစ်ပုံချလိုက်ရင် နောက်က လိုက်လာမှာပဲ။ ဒီအကြောင်း နားလည်ထားရင် မခက်ပါဘူး။ တစ်ခါတလေ ရန်သူတွေကြောင့်ရော အချင်းချင်းကြောင့်ရော အမှန်တရားကို မမြင်နိုင်ကြဘူး။ လမ်းမှားပြီး ကယ်တင်ရှင်တွေကို စော်ကားတတ်ကြတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ငါက မင်းနဲ့ တစ်ဖက်တည်းမှာ အမြဲတမ်း ရှိနေပေးပါ့မယ်"

သူက သူမ၏ ပခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ လေးနက်စွာ ကတိပြုခဲ့သည်။

"ဟုတ်ကဲ့"

"အဲ့ဒီအကြောင်း ခဏထားလိုက်ပါ။ မင်း အချိန်ရရင် သွေးမိစ္ဆာနယ်မြေကို တစ်ခေါက်လောက် သွားကြည့်ကြတာပေါ့"

ယွမ်ရှောင်က သွေးမိစ္ဆာနယ်မြေအကြောင်း စူးစမ်းလိုသည်ထက် စစ်မင်းသမီးအတွက် မိစ္ဆာသွေးများ စုဆောင်းလိုခြင်း ဖြစ်၏။

"ဘာကြောင့်သွားမှာလဲ။ အဲ့နေရာက ငရဲလိုပဲ"

"ငါ့လို သူရဲကောင်းတစ်ယောက်က ငရဲကို မသွားရင် ဘယ်သူ သွားမှာလဲ"

"ဟုတ်ပါပြီ"

ကျိုးကြောင်းမဆီလျော်သော ကြွားဝါမှုများအကြား နောက်ဆုံးတွင် လန်ရီမှာ တောင်းဆိုချက်ကို သဘောတူပေးခဲ့သည်။ စကားတပြောပြောနှင့် ဤစုံတွဲသည် နေရာတိုင်း အစောင့်များ ပြည့်နှက်နေသော ကုသိုလ်ခန်းမ အတွင်းပိုင်းသို့ ရောက်ရှိလာကာ တစ်ခုချင်းစီ စာရင်းမှတ်ထားသော ကျင့်စဥ်များကို အပြင်ယူဆောင်ခွင့် ပေးမထားချေ။ လူပြည့်နေသော အခန်းများစွာ ရှိပြီး အဆင့်ခုနစ် တပည့်များအတွက် သတ်မှတ်ထားသော ဧရိယာသို့ ရောက်ရောက်ချင်း အခန်းတစ်ခု ရွေးရန် သူမက အကြံပြုသည်။

"ဒီကုသိုလ်မှတ် ခြောက်ဆယ်ဆိုတာက ဘာကို ဆိုလိုတာလဲ"

ယွမ်ရှောင်က တံခါးတစ်ချပ်ရှေ့တွင် စိုက်ထူထားသည့် သစ်သားဆိုင်းဘုတ်ကို ညွှန်ပြ၍ မေးလိုက်၏။

"ရှေးဟောင်းကျောင်းတော်မှာ ကျင့်စဥ်တွေကို လေ့လာဖို့ ကုသိုလ်မှတ်တွေ လိုအပ်တယ်"

လန်ရီက သူမ ရှင်းပြရန် မေ့သွားသဖြင့် ရှက်ပြုံးကလေးနှင့် ပြောပြလိုက်သည်။ ကုသိုလ်မှတ် ရှာဖွေရန် နည်းလမ်းများစွာ ရှိပြီး အဆင့်ခုနစ် တပည့်တစ်ယောက်အနေဖြင့် လစဥ် အမှတ်တစ်ရာ ရရှိပြီး နတ်ဆိုး အမဲလိုက်ခြင်းကဲ့သို့ နည်းလမ်းများလည်း ရှိ၏။ အချိန် တစ်လကြာမှသာ ယွမ်ရှောင်၏ ခွဲတမ်း အမှတ်တစ်ရာ ရောက်ရှိလာမည်ဖြစ်သောကြောင့် အလွန်အရေးကြီးသည့် အရာကို သူမမှာ ပြဿနာများကြောင့် မေ့လျော့သွားခဲ့သည်။

"ရှေးဟောင်းကျောင်းတော်က တော်တော် အလုပ်ရှုပ်တာပဲ။ ဓားအပျက်အစီးနယ်မြေမှာဆိုရင် ငါက လိုချင်တာကို အမြဲတမ်း ရနိုင်တယ်"

သူမ ကြေကွဲစိတ်ဓာတ်ကျနေသော ဟန်ပန်လေးကြောင့် ယွမ်ရှောင်က ဆူပူမနေတော့ဘဲ ညည်းညူလိုက်သည်။

"ကျောင်းတော်ကို ဆရာတစ်ယောက်တည်း အုပ်ချုပ်တာ မဟုတ်ဘဲ မျက်လုံးတွေ အများကြီး စောင့်ကြည့်နေတော့ ညီမလည်း ဘယ်လိုလုပ်ရမလဲ မသိဘူး။ ကိုယ့်ဘာသာတောင် ကုသိုလ်မှတ်ရဖို့ တာဝန်တွေ တစ်ခုပြီး တစ်ခု လုပ်ခဲ့ရတယ်"

သူမက မျှော်လင့်ချက်မဲ့နေဟန်ဖြင့် ရေရွတ်နေခဲ့သည်။ အစစ်အမှန် ပြဿနာသည် အင်မော်တယ်သုံးယောက်၏ လက်တံများ ရှည်လျားနေခြင်း ဖြစ်ကာ ရှေးဟောင်းကျောင်းတော်၏ အတွင်းရေးအထိ ဘောင်ကျော်၍ စွက်ဖက်နေခြင်းပင်။

"ချွင်းချက်တစ်ခုခု မရှိဘူးလား"

ယွမ်ရှောင်က စိတ်ပျက်မနေတော့ဘဲ အဖြေရှာရန် ကြိုးစားလိုက်သည်။

"နေရာတစ်ခုတော့ ရှိတယ်။ မပြည့်စုံဘဲ ပျက်စီးယိုယွင်းနေတဲ့ ကျင့်စဥ်တွေကိုလည်း ကုသိုလ်ခန်းမမှာ သိမ်းဆည်းထားတယ်။ ဒါပေမယ့် အများစုက အသုံးမဝင်ဘူး"

လန်ရီက ရှင်းပြလိုက်သော်လည်း သက်ပြင်းအခါခါ ချနေမိ၏။

"အဲ့ဒီနေရာကို သွားကြတာပေါ့"

သို့သော် သူမ၏ စကားကို နားထောင်ရင်း ယွမ်ရှောင်၏ မျက်လုံးများ တောက်ပလာကာ လက်ကို ဆွဲကိုင်၍ လမ်းပြခိုင်းလိုက်လေသည်။

All Chapters