စွမ်းအားသုံးပါး ဓားသိုင်း
Vol. 32 Ch. 411
"ကျေးဇူးတင်ပါတယ် ဦးလေးဖုန်း"
ယွမ်ရှောင်သည် စာအုပ်ကို ဝတ်ရုံအတွင်း ထိုးထည့်လိုက်ပြီး ယူဆောင်သွားကာ လေ့လာရန် စိတ်ပိုင်းဖြတ်ထားပုံပေါ်သည်။
"မင်းက ဒါကို တကယ်လိုချင်တာလား။ ဒါပေမယ့် ဒီစာအုပ်ကို အပြင်ယူသွားခွင့်တော့ မပေးနိုင်ဘူး။ ဒါက ခန်းမဟောင်းရဲ့ စည်းမျဥ်း ဖြစ်တယ်"
သို့သော် ဖုန်းချင်းက စည်းမျဥ်းများအရ ငြင်းဆန်လိုက်သည်။
"ဒါဆိုရင် ဒီနေရာမှာ ဖတ်ကြည့်မယ်"
သူက ခေါင်းညိတ်၍ စာအုပ်စင်တစ်ခုကို မှီ၍ ယင်ယန်စစ်တုရင်ပညာကို စတင်လေ့လာလိုက်သောအခါ ဖုန်းချင်းကို အံ့သြသွားစေ၏။
"သူက ဘာလုပ်နေတာလဲ"
"အထာကျကျ ဟန်ဆောင်နေတာ ဖြစ်မှာပေါ့။ ဒါပေမယ့် ယောကျ်ားတစ်ယောက်က အာရုံစိုက်ပြီး စာဖတ်နေရင် သိပ်ချစ်စရာကောင်းတာပဲ"
ဖုန်းချင်းမှာ လန်ရီ၏ သဘောထားကြောင့် ဆွံ့အသွားရပြီး လူငယ်စုံတွဲ၏ ပလူးပလဲ လုပ်နိုင်စွမ်းကို လက်မြှောက်ပေးလိုက်ရသည်။ ယွမ်ရှောင်က စာအုပ်ကို လျင်မြန်စွာ လေ့လာနေပြီး မျက်ဝန်းများမှာ အဖြူအနက် စစ်တုရင်ရုပ်များအလား တောက်ပနေခဲ့သည်။ အသက်ရှူချိန် ခြောက်ဆယ်အကြာတွင် သူက အဆုံးထိ ပြီးစီးသွားသောကြောင့် စာအုပ်ကို ဖုန်းချင်းထံ ပြန်လည်ပေးအပ်ခဲ့သည်။
"ကျေးဇူးတင်တဲ့အတွက် အချိန်ရရင် တစ်ပွဲလောက် လာကစားပေးပါမယ်"
"အလကားလား။ မင်းရဲ့ တန်ကြေးကရော ဘာလဲ"
"မလိုအပ်ဘူး။ အခု ဦးလေးဖုန်း ပေးပြီးသွားပြီ"
သူ၏ စကားကြောင့် တစ်ဖက်လူမှာ အနည်းငယ် အတွေးရခက်သွား၏။
"လန်ရီ ငါတို့ ဆက်ရှာသင့်တယ်လို့ ထင်လား"
သူက ခန်းမဟောင်း၏ အတွင်းပိုင်းသို့ စူးစမ်းလိုက်သောအခါ ရုန်းစာလုံးများ ရေးထွင်းထားသော ဖုန်တက်နေသည့် သင်္ချိုင်းမှတ်တိုင်ပမာ အရာတစ်ခုကို မြင်လိုက်ရ၏။
"ဒါက ဘာလဲ"
သူက အနီးကပ် လျှောက်လှမ်းသွား၍ ဖုန်းချင်းနှင့် လန်ရီ နှစ်ယောက်လုံးကို မေးခွန်းထုတ်လိုက်၏။
"ဒါက ရှေးဟောင်းစွမ်းအားသုံးပါး ကျောက်တိုင် ဖြစ်ပြီး ရှေးဟောင်းကျောင်းတော်ရဲ့ အခြေခံအုတ်မြစ် ဓားသိုင်းပဲ။ ယင်ယန်စစ်တုရင် ပညာရပ် ပျောက်ကွယ်မှုက စစ်တုရင် နယ်ပယ်အတွက် နောင်တရစရာ ဖြစ်သလို ဒီဓားသိုင်းကလည်း ဓားကျင့်ကြံသူတွေအတွက် ဆုံးရှုံးမှု ကြီးမားတယ်"
လန်ရီ၏ ရှင်းပြချက်ကို နားထောင်ရင်း ယွမ်ရှောင်သည် ကျောက်တိုင်အထက်ရှိ ဖုန်များကို သန့်ရှင်းလိုက်သောအခါ ရေးထွင်းထားသည့် စာလုံးများ၏ ငါးပုံလေးပုံ ဖျက်ဆီးခံထားရကြောင်း တွေ့လိုက်ရသည်။ ကျင့်စဥ်သည် စာလုံးအရေအတွက် တစ်ထောင်ကျော် ရှိနိုင်သော်လည်း နှစ်ရာသာ ကျန်ရစ်ပြီး နေရာတိုင်း ပြန့်ကြဲနေသဖြင့် ယင်ယန်စစ်တုရင် ပညာထက် ပို၍ အခြေအနေဆိုးပေသည်။ ထိုစာလုံးများကို ဓားချက်များဖြင့် အတင်းအကြပ် ဖျက်ဆီးထားကြောင်း သိသာပြီး တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘနှင့် သစ္စာဖောက်ခြင်း၏ လက်ချက် ဖြစ်နိုင်၍ သူက အကြောင်းအရင်းကို စုံစမ်းမနေတော့ပေ။
"ဒီဓားသိုင်း ဖျက်ဆီးခံလိုက်ရတာ နှမြောစရာ ကောင်းလွန်းတယ်။ ဒါသာ ကျန်ရစ်နေရင် ငါတို့ ကျောင်းတော်ရဲ့ ဓားပညာ အဆင့်အတန်းက ဒီလောက်အထိ နိမ့်ကျသွားစရာ မရှိဘူး"
ဖုန်းချင်းသည် သက်ပြင်း အထပ်ထပ်ချ၍ ခေါင်းယမ်းနေစဥ် ယွမ်ရှောင်က ကျောက်တိုင်ကို လက်ဝါးဖြင့် ပွတ်သပ်၍ ပျက်စီးနေသော စာလုံးများ ဖော်ထုတ်ရန် ကြိုးပမ်းနေပြီဖြစ်သည်။
"ဒီကလေးက ဟန်ဆောင်နေပြန်ပြီလား။ အခြေအနေ ဘယ်လိုလဲ တစ်သက်မှာ တစ်ခါသာ ပေါ်နိုင်တဲ့ ပါရမီရှင်ကြီး"
အချိန်ခဏအကြာတွင် ဖုန်းချင်းသည် စာလုံးတိုင်းကို ထိတွေ့ခဲ့သော ယွမ်ရှောင်အား မေးလိုက်ခြင်း ဖြစ်သည်။
"ဦးလေးဖုန်း ကျုပ် ခင်ဗျားအပေါ် စစ်တုရင်နှစ်ပွဲ အကြွေးတင်သွားပြီ"
သူက အသက်ကို ပြင်းပြင်းရှူ၍ ကျေးဇူးတင်လိုက်ပြန်သည်။
"ဒါဆိုရင် အချိန်ဆွဲမနေနဲ့။ ပထမပွဲ ရှုံးခဲ့တာ ငါက မင်းကို အထင်သေးမိလို့။ အခုကစပြီး လွယ်ကူတော့မှာ မဟုတ်ဘူး"
ဖုန်းချင်းက စိန်ခေါ်လိုက်ပြီး ခန်းမအပြင်ရှိ စစ်တုရင်ခုံထံ ပြန်လည်ရောက်ရှိလာကြသည်။ သူက စစ်တုရင်ကျောက်တုံးများကို ပြန်လည်စီစဥ်၍ အဖြူရောင် ယူကာ တိုက်စစ်ဖွင့်ရန် ကြံစည်ထား၏။
"ဦးလေးဖုန်း ဒီတစ်ခေါက် ကျောက်တုံးစစ်တုရင်ခုံ မလိုတော့ဘူး"
"ဒါဆိုရင် ဘယ်တစ်ခု သုံးကြမှာလဲ"
ယွမ်ရှောင်သည် ကျောက်တုံးများ စီစဥ်နေသည့် ဖုန်းချင်းကို ဟန့်တား၍ ကျောက်စားပွဲအထက်၌ လက်ဝှေ့ယမ်းလိုက်သောအခါ အသက်ဝင်နေသည့် စစ်တုရင်ခုံငယ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ချီစွမ်းအင်ဖြင့် ဖန်တီးထားသော စစ်တုရင် ကျောက်တုံးများမှာ လေထဲတွင် မျောလွင့်နေသည်။
"ကျုပ်က အဖြူရောင်ကို နှစ်သက်လို့ အမြဲတမ်း ယူပါရစေ"
သူက အဖြူရောင် ကျောက်တုံးတစ်ခု ဆုပ်ကိုင်၍ ပြုံးပြလိုက်သောအခါ လန်ရီကို အံ့သြတကြီး ဖြစ်သွားစေ၏။
"ကောင်းပြီ"
ဖုန်းချင်းကမူ ယင်ယန်စစ်တုရင် စာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း အဓိပ္ပါယ်ပါပါ ကြည့်၍ သဘောတူခဲ့သည်။
ဆန်းကြယ်ဘုရားကျောင်းသည် ရှေးဟောင်းကျောင်းတော် ဧရိယာ အတွင်းပိုင်း၌ တည်ရှိပြီး ၎င်း၏ အဆောက်အအုံများက ခမ်းနားထည်ဝါ၍ ငွေရောင်ရင့်ရင့် အေးစက်စက် တောက်ပနေသည်။ ကျောင်းတော်၌ အထင်ကြီးစရာအကောင်းဆုံးနေရာဟု ကျော်ကြားသော်လည်း တပည့်အနည်းငယ်သာ လာရောက်ရန် သတ္တိရှိကြ၏။ ၎င်း၏ ရှေ့တွင် အကြီးအကဲများ၊ ဆရာများနှင့် တပည့်များစွာကို အကွက်ချ စွပ်စွဲ၍ သတ်ဖြတ်ခဲ့သောကြောင့် အငြှိုးအတေးများ စုဝေးနေကာ နာမည်ကြားရုံဖြင့် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ငွေရောင်ဝတ်ရုံ ဆင်မြန်းထားပြီး အေးစက်စက် လျှောက်လှမ်းလာသော သခင်မချင်သည် ခန်းမတစ်ခုအတွင်း ဝင်ရောက်လာ၍ အလွန်တရာ လေးစားဟန်ဖြင့် နေရာယူထားပြီး ကန့်လန်ကာနောက်ကွယ်မှ အနီရောင် ပုံရိပ်တစ်ခုထံ အာရုံစိုက်နေခဲ့သည်။
"အခြေအနေ အကျဥ်းချုပ်က ဒီလောက်ပါပဲ။ ယွမ်ရှောင်က နားလည်ရခက်ပြီး သိုင်းဧကရာဇ်မျိုးနွယ်နဲ့ ပတ်သက်နိုင်ချေ ရှိတယ်။ အင်မော်တယ်သုံးပါးအရှင်တို့"
စကားမဆုံးခင်မှာပင် ငွေရောင်နှင့် အနက်ရောင် ရောယှက်နေသည့် အမှတ်အသားတစ်ခု လေထဲတွင် ထွက်ပေါ်လာ၏။
"ဒီရုန်းနဲ့ဆိုရင် ငရဲကိုးထပ်ကမ္ဘာကို ဝင်ရောက်နိုင်တယ်"
အေးစက်စက် စကားသံတစ်ခုက ရှင်းပြလိုက်၏။
"အင်မော်တယ်သုံးပါးကို ကျေးဇူးတင်ပါတယ်။ ဘုရားကျောင်းခေါင်းဆောင်ကိုလည်း ကျေးဇူးတင်ပါတယ်။ သူရဲ့ နှစ်မျိုးကျွမ်းကျင်မှုက နည်းနည်းတော့ ထူးခြားမယ် ထင်ပါတယ်"
"စောက်စကားများလွန်းတယ်"
သခင်မချင်က ခေါင်းညိတ်၍ စကားရှည်နေသဖြင့် အငေါက်ခံလိုက်ရ၏။ ထို့ကြောင့် သူမ၏ အပြုံး ပျောက်ကွယ်သွားကာ လေးနက်စွာ ဦးညွှတ်၍ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
ညအချိန်ရောက်သောအခါ အရုဏ်ဦးအိမ်တော်ရှိ ရေကန်နံဘေးတွင် ပုံရိပ်နှစ်ခု ထိုင်နေကြပြီး လန်ရီမှာ ယွမ်ရှောင်၏ ရင်ခွင်အတွင်း ရောက်ရှိနေခဲ့၏။
"ဘာတွေးနေတာလဲ"
သူမ၏ နားရွက်ဖျားလေးကို လက်ချောင်းများဖြင့် ဆော့ကစားနေသည့် ယွမ်ရှောင် တိတ်ဆိတ်နေသဖြင့် မေးလိုက်ခြင်း ဖြစ်သည်။
"ငါ စိတ်အနှောင့်အယှက် ဖြစ်နေတယ်"
"ငါးရက်ကြာရင် ဆန်းကြယ်ဘုရားကျောင်းနဲ့ ရင်ဆိုင်ရမှာမို့လား"
သူ၏ စကားသံက လေးလံနေသဖြင့် သူမကို စိုးရိမ်သွားစေသည်။
"မဟုတ်ဘူး။ ငါ ကျင့်ကြံဖို့ အင်မော်တယ်ကျောက်စိမ်းတွေ ကုန်နေပြီ"
ငရဲကိုးထပ်ကမ္ဘာလောက်ပင် အရာရာ ချောမွေ့မှု မရှိသော ရှေးဟောင်းအပျက်အစီးနယ်မြေက ယွမ်ရှောင်ကို လက်တွေ့ထံ ပြန်လည်ခေါ်ဆောင်သွားခဲ့၏။ အင်မော်တယ်သုံးယောက်နှင့် နောက်လိုက်များ၏ တင်းကြပ်သော ဖိနှိပ်မှုများကြောင့် မည်မျှ ပါရမီရှိပါစေ ကြပ်ကြပ်တည်းတည်း နေထိုင်ရပေလိမ့်မည်။
"အစ်ကို လိုအပ်တာ ရှာပေးပါမယ်"
"မလိုဘူး။ ငါ တစ်ခုခု စီစဥ်လိုက်ပါမယ်"
လန်ရီက စိတ်အားထက်သန်စွာ ကမ်းလှမ်းလိုက်သော်လည်း သူမကိုယ်တိုင်အတွက် အင်မော်တယ်ကျောက်စိမ်းများ လိုအပ်သောကြောင့် ယွမ်ရှောင်အနေဖြင့် မယူရက်ချေ။
"လန်ရီ ရှေးဟောင်းအပျက်အစီးနယ်မြေမှာ ငွေရှာဖို့ အမြန်ဆုံး နည်းလမ်းက ဘာလဲ"
"ဒီနည်းလမ်းတွေကို ကျောင်းတော်ရဲ့ တပည့်လက်စွဲ စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတယ်"
"ထားလိုက်ပါတော့။ ငါက မဟုတ်လည်း သေဒဏ် ပေးခံထားရတယ်။ ဥပဒေချိုးဖောက်ပြီး သောင်းကျန်းရင်လည်း ဘာထူးမှာလဲ"
ယွမ်ရှောင်က လေးနက်စွာ စဥ်းစား၍ ပတ်ဝန်းကျင်၌ လူသူရှိမရှိ စစ်ဆေးကာ လန်ရီအနားကပ်ပြီး တီးတိုးမေးလိုက်လေသည်။
"ရှေးဟောင်းအပျက်အစီးနယ်မြေမှာ တကယ်အစွမ်းထက်တဲ့ ဓားနှလုံးသားတွေ ရှိလား"