ကျောက်စိမ်းဓား အင်မော်တယ်
Vol. 32 Ch. 412
"ဓားနှလုံးသားကို ဘာအတွက် လိုအပ်တာလဲ"
လန်ရီက တစ်ခုခုကို မှတ်မိသွားဟန်ဖြင့် မျက်လုံးလေးများ မှိတ်လိုက်၏။
"ရှေးဟောင်းအပျက်အစီးနယ်မြေက အန္တရာယ်နဲ့ ပြည့်နှက်နေတယ်။ ကျပန်းလူတိုင်းက အစွမ်းထက်နေနိုင်တယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဒိုင်းတစ်ခုတော့ လိုအပ်တယ်လေ"
"ညီမဘေးမှာ ရှိနေရင် အစ်ကို့ကို ဘယ်သူမှ မထိခိုက်နိုင်ပါဘူး"
သူမက ယွမ်ရှောင်၏ လက်ကို တွဲခို၍ အာမခံချက် ပေးခဲ့သည်။ သူမနှင့် ချန်ရီ အကြားတွင် ကွာခြားချက် များစွာရှိနေပြီး ဝိညာဥ်များ တူညီသည်မှလွဲ၍ အရာရာ ခြားနားလျက် ရှိ၏။
"မင်းပြောတာလည်း ဟုတ်ပေမယ့် ဓားနှလုံးသားတစ်ခု ရှိထားရင်လည်း ပိုမကောင်းဘူးလား"
သူက သူမ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ရေရွတ်လိုက်သည်။
"ဒီမှာ ခနစောင့်"
သူမက တက်ကြွသော ကျားမလေးတစ်ကောင်ပမာ အခန်းထဲသို့ ဝင်ရောက်သွားကာ သစ်သားသေတ္တာတစ်လုံးနှင့် ပြန်ရောက်လာခဲ့သည်။
"မင်းမှာ ဓားနှလုံးသားတစ်ခု ရှိနေတာလား"
ယွမ်ရှောင်အတွက် မမျှော်လင့်သော ပျော်ရွှင်စရာ တစ်ခု ဖြစ်သော်လည်း လန်ရီ၏ မျက်ဝန်းများအနက် ၎င်း၏ အရေးပါမှုကို သတိထားမိလိုက်သည်။
"ဒါက အဘွားရဲ့ အမွေပါ"
"တကယ့်အဘွားလား"
"သွေးသားအရ မဟုတ်ပေမယ့် ညီမကို ပြုစုပျိုးထောင်ပေးခဲ့တယ်"
ဤသို့ဖြင့် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော အသံဖြင့် လန်ရီက အကြောင်းစုံ ရှင်းပြလာခဲ့၏။ သူမ၏ အဘွားက ကျောက်စိမ်းဓား အင်မော်တယ်အဖြစ် ကျော်ကြားပြီး မရေမတွက်နိုင်သော အဆင့်နိမ့်ကမ္ဘာများတွင် ဓားပျံတစ်လက်ဖြင့် ဘဝကို ကုန်ဆုံးစေခဲ့သည်။ နတ်ဆိုးများကို သတ်ဖြတ် မောင်းထုတ်ပြီး သာမန်ပြည်သူများအား ကာကွယ်ပေး၍ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်သကဲ့သို့ လန်ရီကိုယ်တိုင်ပင် အောက်ကမ္ဘာတစ်ခုမှ သူမ ရှာတွေ့ခဲ့သော ကလေးတစ်ယောက် ဖြစ်၏။ လန်ရီ ကလေးဘဝတည်းကပင် အဘွားဖြစ်သူနှင့် လှည့်လည်သွားလာ၍ နတ်ဆိုးများ၊ မိစ္ဆာများကို တိုက်ခိုက်သတ်ဖြတ်ရင်း အပြစ်မဲ့သူများအား စောင့်ရှောက်ပေးခဲ့ကြ၏။
လန်ရီ အသက်ရှစ်နှစ် ပြည့်သောအခါ ကျောက်စိမ်းဓား အင်မော်တယ်က အသက်ကြီးရင့်လာသဖြင့် ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ပြန်လည် ခေါ်ဆောင်လာ၍ လျိုမိသားစု၌ အပ်နှံပေးခဲ့သည်။
"အဘွားက သဘာဝအရ သေဆုံးသွားတာလား။ ဒါမှမဟုတ်..."
"အဘွားက အေးအေးချမ်းချမ်း သေဆုံးသွားတာပါ။ ရာစုနှစ်ပေါင်းများစွာ တစ်ယောက်တည်း စွန့်စားတိုက်ခိုက်ခဲ့တယ်။ ခရီးအဆုံးမှာတော့ ရှေးဟောင်းအပျက်အစီးနယ်မြေကို ပြန်လာခဲ့ပြီး ဘဝရည်မှန်းချက်ကို နောင်တမရှိဘဲ ဖြည့်ဆည်းနိုင်ခဲ့ပြီ"
ယွမ်ရှောင်၏ မေးခွန်း မဆုံးခင် လန်ရီက ဖြတ်ပြောလိုက်ပြီး ညှင်သာစွာ ရှင်းပြခဲ့သည်။
"လူတစ်ယောက်က အများကောင်းကျိုးအတွက် ဘဝတစ်ခုလုံး မြုပ်နှံထားတယ်။ လောကကြီးအပေါ် အကျိုးပြုဖို့ နည်းနည်းလေးတောင် တွန့်ဆုတ်မနေဘူး။ သူမက တကယ့်ကို ထူးခြားတာပဲ"
သူက သစ်သားသေတ္တာကို လေးစားစွာ စိုက်ကြည့်ရင်း မှတ်ချက်ပေးလိုက်၏။ ကျောက်စိမ်းဓား အင်မော်တယ်က အောက်ကမ္ဘာများရှိ ဒုက္ခခံစားနေရသူများကို ကယ်တင်ပေးခဲ့ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ၌ မကျော်ကြားသော်လည်း အောက်ကမ္ဘာများအတွက် နတ်ဘုရားတစ်ပါးအလားပင်။
"အဘွားက ညီမအတွက် နာနာကျင်ကျင် ခံစားပြီး ဓားနှလုံးသားကို ဖန်တီးပေးခဲ့မယ်လို့ လုံးဝ မသိခဲ့ဘူး။ ဦးလေးလျိုက ဒါကို လာပေးတော့ ပြင်းပြင်းထန်ထန် ငိုမိခဲ့တယ်။ အဘွားရဲ့ ကြင်နာမှုကို ပြန်မပေးဆပ်နိုင်ခဲ့ဘူး။ ညီမ လုပ်နိုင်တာက ကျောက်စိမ်းဓား အင်မော်တယ်ရဲ့ အမွေခံအဖြစ် ဒုက္ခခံနေရသူတွေကို ကယ်တင်ဖို့ပဲ"
လန်ရီက အတိတ်မှ ဖြစ်ရပ်များကို ပြန်လည်သတိရသွားဟန်ဖြင့် မျက်ရည်ဝဲလာသည်။ ယွမ်ရှောင်မှာ သူမနှင့် ချန်ရီသည် ဘဝဇာတ်ကြောင်းချင်း ရည်မှန်းချက်ချင်း ကွာခြားပြီး သီးခြားစီဖြစ်ကြောင်း ပို၍ သဘောပေါက်လာခဲ့သည်။
"အတိတ်က အတိတ်ပါပဲ။ အဘွားက ညီမကို ဒီလိုငိုစေချင်တာ မဟုတ်ဘူး"
သူမက အားတင်း၍ ပြုံးရင်း မျက်ရည်များကို သုတ်ပစ်ကာ ရေရွတ်လိုက်၏။
"မှန်တယ်။ ဒီအရာက မင်းအတွက် အဓိပ္ပါယ်အများကြီး ရှိတယ်။ ငါ မယူပါရစေနဲ့"
အတွေးနက်နေသော ယွမ်ရှောင်က တည်ငြိမ်လေးနက်စွာ ခေါင်းညိတ်၍ သစ်သားသေတ္တာကို ပြန်လည် ပေးအပ်ခဲ့သည်။
"အချိန်မရှိတော့ပါဘူး။ အခု အသုံးမပြုရင် သိပ်မကြာခင် ပျက်စီးသွားလိမ့်မယ်။ အဘွားရဲ့ ဓားနှလုံးသားက ညီမရဲ့ ဒိုင်းအဖြစ် အချိန်အကြာကြီး ရှိပေးခဲ့တယ်။ အခု ညီမ သန်မာလာပြီဆိုတော့ သူမကို အနားယူခွင့်ပေးချင်တယ်။ ညီမဘေးမှာ အစ်ကို ရှိနေပေးတာကို သိရင်လည်း အဘွား ဝမ်းသာမှာပါ"
သူမက သစ်သားသေတ္တာကို လက်မခံတော့ဘဲ ယွမ်ရှောင်အား အသေအချာ ပေးအပ်ချင်ခဲ့သည်။
"ဒါပေမယ့် ငါက ဒီအရာနဲ့ တိုက်ခိုက်တာမျိုး ဖြစ်နိုင်တယ်"
သူက ကျောက်စိမ်းဓား အင်မော်တယ်ကို လေးစားသဖြင့် ချီတုံချတုံ ဖြစ်နေ၏။
"အဆင်ပြေပါတယ်။ အဘွားက လောကကြီးကို နောက်ဆုံးတစ်ကြိမ် ကူညီပေးချင်မှာပါ။ ဓားနှလုံးသား ပျက်စီးမသွားခင် အသုံးဝင်တဲ့အတွက် အဘွား ကျေနပ်ပျော်ရွှင်ပါလိမ့်မယ်"
လန်ရီက အားပေးခဲ့ပြီး ငရဲကိုးထပ်ကမ္ဘာရှိ ပရမ်းပတာ အခြေအနေများကြောင့် အရေးတကြီး ဖြစ်နေသော ယွမ်ရှောင်သည် ဖန်ဆင်းရှင်အင်မော်တယ်၏ စွမ်းအားများ ထုတ်လွှတ်ရန် ဓားနှလုံးသားကဲ့သို့ တံတားမျိုး လိုအပ်နေသည်။
"အဘွား မြေးသမက်က အဘွားကို ဂါရဝပြုပါတယ်"
သူက သစ်သားသေတ္တာကို လေးလေးစားစား ကိုင်မြှောက်၍ ကောင်းကင်သို့ ဦးညွှတ်လိုက်သည်။ သေတ္တာကို ဖွင့်လိုက်သောအခါ အက်ကြောင်းထင်၍ ပျက်စီးလုနီးပါး ဖြစ်နေသော အဖြူရောင် ဓားနှလုံးသားတစ်ခု ရှိနေကြောင်း မြင်လိုက်ရ၏။
"ကျောက်စိမ်းဓား အင်မော်တယ်က တကယ် အစွမ်းထက်ခဲ့လိမ့်မယ်။ ဓားနှလုံးသားက အဘွားရဲ့ စွမ်းအားကို ပြောပြနေတယ်"
သူက ၎င်းကို စူးစမ်းရင်း ကျောက်စိမ်းဓား အင်မော်တယ်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
"ငါ အပြင်ထွက်ဖို့ လိုအပ်တယ်။ မင်း လိုက်မလာနဲ့"
"ဘာကြောင့်လဲ။ အန္တရာယ်များလွန်းတယ်"
"ငါလည်း ရွေးချယ်စရာ မရှိဘူး။ ဓားနှလုံးသား သက်တမ်းကုန်ဖို့ နီးလာပြီ။ အဘွားရဲ့ နောက်ဆုံးစွမ်းအားကို ကောင်းကောင်းကြီး ပြသပေးရမှာပေါ့"
ယွမ်ရှောင်က ကန့်ကွက်နေသော လန်ရီကို တင်းမာစွာ အသိပေး၍ လှစ်ခနဲ ပျောက်ကွယ်သွားသောအခါ ဆွံ့အသွားစေသည်။
"သူ့နောက်ကို လိုက်သွားမှာလား"
အမှောင်ထဲမှ အရိပ်တစ်ခု ထွက်လာ၍ မေးလိုက်ခြင်း ဖြစ်သည်။
"မလိုအပ်ဘူး။ အဘွားက စောင့်ရှောက်ပေးပါလိမ့်မယ်"
လန်ရီက ခဏတာ စဥ်းစား၍ ခေါင်းခါပြလိုက်သည်။
ရှေးဟောင်းကျောင်းတော်သည် ညနက်နက်ကြောင့် မှောင်မိုက်နေပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အခြားအစိတ်အပိုင်းများကဲ့သို့ ထွန်းလင်းတောက်ပနေခြင်း မရှိပေ။ အမှောင်ထုနှင့် တိတ်ဆိတ်မှုသည် ခိုးဝှက်သွားလာရန် အားပေးနေပြီး ယွမ်ရှောင်က ဦးတည်ရာတစ်ခုသို့ တိတ်တဆိတ် ရွေ့လျားနေ၏။ ဓားစံအိမ်နှင့် ဆန်းကြယ်ဘုရားကျောင်းကို စိန်ခေါ်ပြီးနောက် သူက ညနက်တွင် တစ်ယောက်တည်း သွားလာရဲမည်ဟု မည်သူမျှ ထင်ထားမည် မဟုတ်ချေ။ သူက တောအုပ်တစ်ခုအတွင်းသို့ ရောက်လာပြီး အင်မော်တယ်မျိုးဆက် နယ်မြေများနှင့် ဆင်တူသည့် ငွေရောင်နန်းတော် တစ်ခုထံ ချဥ်းကပ်လာခဲ့သည်။ ဝင်ပေါက်၌ ငွေလှိုင်းအိမ်တော်ဟု ရေးထိုးထားသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားကာ ယွမ်ရှောင်သည် တစ်ချက်သာ ကြည့်၍ အတွင်းသို့ တစ်လှမ်းချင်း ဝင်ရောက်သွားလေသည်။