← Chapters

ဆန်းကြယ်အမိန့်ပြား

Vol. 32 Ch. 414

ဆန်းကြယ်အမိန့်ပြား

Vol. 32 Ch. 414

သိုလှောင်အိတ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ယွမ်ရှောင်သည် ရွှေတွင်းတွေ့ ပြီဖြစ်ကြောင်း နားလည်သွားသည်။ ချင်လန်သည် ရှေးဟောင်းအပျက်အစီးနယ်မြေတွင် ချမ်းသာသူများအနက် တစ်ယောက်ဖြစ်ကာ ဆန်စေ့အရွယ် အဖြူရောင် အင်မော်တယ်ကျောက်စိမ်းအပြင် ပဲစေ့အရွယ် ရွှေရောင် အင်မော်တယ်ကျောက်စိမ်းများပင် ပိုင်ဆိုင်ထား၏။ ၎င်းသည် ရှေးဟောင်းအပျက်အစီးနယ်မြေတွင်သာ တည်ရှိနေ၍ အောက်ကမ္ဘာများရှိ အင်မော်တယ်ကျောက်စိမ်းများထက် ပို၍ တန်ဖိုးကြီးမားသည်။ အဆင့်နိမ့် အင်မော်တယ်ကျောက်စိမ်း သန်းငါးထောင်ကျော်နှင့် အလယ်အလတ် အင်မော်တယ်ကျောက်စိမ်း ဆယ်သန်းက သူ၏ လက်ထဲ ရောက်လာသည့်အပြင် ငွေလှိုင်းအိမ်တော်၌ ရှာတွေ့သမျှ ရတနာအားလုံးကို မောင်ပိုင်စီးခဲ့သည်။

"ဒီရေပူစမ်းကို ယူမသွားနိုင်တာတော့ နှမြောစရာပဲ"

ယွမ်ရှောင် ညည်းညူနေစဥ် သားရဲလေးက အကြံတစ်ခု ရသွား၍ ရေပူစမ်းအတွင်း ခုန်ဆင်းကာ စုပ်ယူသောက်ပစ်ခဲ့၏။

"ဒါက ချိုးရေတွေဟ"

"ဒါကြောင့် အရသာကောင်းနေတာကိုး"

ကြယ်ပြာက နှာခေါင်းပိတ်၍ အသက်အောင့်ထားသော်လည်း လနီသည် အားရပါးရ ကြွေးကြော်၍ မရပ်တန့်သွားခဲ့ပေ။ ထောင်စောင့်နဂါးတံဆိပ်သည် လောဘကြီးသော ဝံပုလွေတစ်ကောင်ပမာ ငွေရောင်မြွေတံဆိပ်ကို ဝါးမျိုနေပြီး ရုန်းလေးသိန်းခွဲနှင့် စက်ကွင်းတစ်ထောင်ကျော် ပါဝင်နေသဖြင့် အချိန်ကြာမည်ဖြစ်သော်လည်း ကျေနပ်နေခဲ့သည်။ လက်ရှိတွင် ၎င်း၏ ရုန်းအရေအတွက်က သုံးသိန်းနှစ်သောင်းအထိ မြင့်တက်လာ၍ ရုန်းစက်ကွင်း ရှစ်ရာ ဖြစ်တည်ကာ ဓားအော်ရာနှင့် ပခုံးချင်းယှဥ်နိုင်လာ၏။ အသက်တံဆိပ်က ယွမ်ရှောင်၏ နဖူးတွင် ပြန်လည်တည်ငြိမ်သွားသောအခါ ဧရာမစွမ်းအားလှိုင်းကြီးတစ်ခု ဖြန့်ကျက်လာကာ ရှေးဟောင်းအပျက်အစီးနယ်မြေ ထိပ်တန်းပါရမီရှင်များ၏ အဆင့်မျိုး ရောက်ရှိသွားသောကြောင့် စွန့်စားရကျိုးနပ်ခဲ့ပေသည်။

ရှေးဟောင်းမျှော်စင်တွင် ဟူယန်ပင်၊ ဓားစံအိမ်သခင်နှင့် ချန်လန်၏ သတ်ဖြတ်လိုစိတ်က နေ့ခင်းကြောင်တောင် ထင်ရှားနေပြီး အရုဏ်ဦးအိမ်တော်သို့ ရောက်သောအခါ သူသည် လန်ရီထံမှ ထိုရန်သူများအကြောင်း သတင်းအချက်အလက် စုံစမ်းခဲ့၏။ သက်တမ်းကုန်ဆုံးကာနီး ကျောက်စိမ်းဓားအင်မော်တယ်၏ ဓားနှလုံးသားကို ဓားဝိညာဥ်၌ တပ်ဆင်ပြီးသောအခါ သူက လှုပ်ရှားရန် မစောင့်ဆိုင်းတော့ပေ။ သခင်ဟူမှာ ဓားစံအိမ်ဆိုသည့် ခံတပ်အတွင်း အစောင့်အကြပ်များဖြင့် နေထိုင်ပြီး ချင်လန်မှာ တစ်ကိုယ်တော် အနားယူတတ်သောကြောင့် လူမိုက်တစ်ယောက်ပင်လျှင် မည်သူ့ကို ပစ်မှတ်ထားရမည်ဖြစ်ကြောင်း နားလည်နိုင်၏။

"ဒီအရာက ဘာလဲ။ လန်ရီကို မေးရမယ်"

ယွမ်ရှောင်သည် လေးလံ၍ စွမ်းအားများ ပြည့်နှက်နေသော အရာတစ်ခုအား သိမ်းဆည်း၍ သားရဲလေးကို ထွက်သွားရန် အချက်ပြလိုက်သည်။ သို့သော် လောဘကြီးသော လနီမှာ ရေပူစမ်းကို တစ်စက်မကျန် သောက်ပစ်လိုက်သောကြောင့် ဝမ်းဗိုက်ဖောင်းကား၍ ယိမ်းထိုးနေသည်။ ကြယ်ပြာမှာ အန်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရပြီး မအီမသာ ဖြစ်နေသောကြောင့် သူက သားရဲလေးကို ကောက်ယူ၍ ပြန်လည်ထွက်ခွာရန် ခြေလှမ်းပြင်လိုက်၏။

"မင်း ဘယ်သူလဲ"

ထိုအခိုက်အတန့်တွင် အေးစက်စက် မေးခွန်းတစ်ခု ထွက်ပေါ်လာ၍ လှည့်ကြည့်လိုက်သောအခါ ရွှေရောင်ဝတ်ရုံ၊ မျက်လုံးအဖြူရောင်များနှင့် ထန်ကျစ် ဖြစ်နေခဲ့သည်။

"ယွမ်ရှောင်။ သခင်မချင် ဘယ်မှာလဲ"

ထန်ကျစ်က သူ့ကို ချက်ချင်း မှတ်မိသွားသော်လည်း အရေးမစိုက်ဟန်ဖြင့် မေးလိုက်ပြန်သည်။ အငိုက်မိသွားသော ယွမ်ရှောင်က ထွက်သွားရန် အချိန်ဖြုန်းနေစဥ် တစ်ဖက်လူသည် ခြောက်ကပ်နေသော ရေပူစမ်းထံ အကြည့်ရောက်သွားသည်။

"မင်း နည်းနည်း နောက်ကျသွားတယ်။ ဒီကောင်မကြီးက ပိုကောင်းတဲ့ ဘဝကို ရောက်နေပြီ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ဓားပျံပေါ် ခုန်တက်ကာ မရေမတွက်နိုင်သော ဓားအလင်းများ ဖြန့်ကျက်ပစ်လိုက်၏။

"ဘယ်ပြေးမလို့လဲ"

ထန်ကျစ်၏ ခန္ဓာကိုယ်က သားရဲတစ်ကောင်ပမာ သန်မာလာ၍ ရွှေရောင်အလင်းတန်းတစ်ခုအလား ပြေးထွက်လာခဲ့သည်။

"ယိုယွင်းမှုနယ်ပယ်၊ အသက်ငယ်ငယ်နဲ့ ဒီကောင်က ထူးချွန်တာပဲ"

စစ်တပ်ကြီးတစ်ခုလုံး လိုက်ပါလာသော ဖိအားမျိုးကြောင့် သူက နောက်လှည့်ကြည့်လိုက်သောအခါ ရွှေရောင်လှံတစ်ချောင်း ဆွဲကိုင်ထား၍ ချီလင်ပမာ မီးတောက်များ ခြံရံနေသည့် ပုံရိပ်အား မြင်လိုက်ရသည်။ နေရောင်လှံ ၎င်းသည် အစွမ်းထက် ရတနာတစ်ခု ဖြစ်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေ၌ပင် ရှားပါးသောကြောင့် ချင်လန်ပင် ထိုအဆင့်မျိုး ပိုင်ဆိုင်မထားချေ။ ထန်ကျစ်က အေးစက်စက် လှောင်ရယ်၍ ခုန်အုပ်လာကာ သူ့ကို မြေပြင်၌ လှံဖြင့် တံကျင်လျှိုသတ်ရန် ကြံစည်ထားပုံပေါ်သည်။

လမ်းပြအသင်းသားများရှေ့မှောက်တွင် ပြသခဲ့သော မျက်နှာဖုံး ကွာကျလာသောအခါ တစ်ဖက်လူမှာ သားရဲတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်နေ၏။ ယွမ်ရှောင်က အသက်တံဆိပ်ကို ရုန်းထီးအ​ဖြစ် ပြောင်းလဲ၍ လှံဖျားကို ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။ ထီးက တဝီဝီ လည်ပတ်သွား၍ လှံမှာ ဘေးသို့ ချော်ထွက်သွားကာ မီးပွားများ စင်ထွက်လာသည်။ ဤရင်ဆိုင်မှုက ယွမ်ရှောင်ကို အတော်ဝေးဝေးသို့ နောက်ဆုတ်သွားစေသဖြင့် ပါရမီရှင် သိုင်းကျင့်ကြံသူတစ်ယောက်၏ ခွန်အားမှာ အံ့လောက်စရာပင်။ သိုင်းလမ်းစဥ်သည် နတ်ဆိုးမျိုးနွယ်ကို ရင်ဘောင်တန်းနိုင်ပြီး ရုပ်ခန္ဓာ စွမ်းအားသာမက သံချပ်ကာနှင့် လက်နက်များလည်း အသုံးချနိုင်စွမ်း ရှိသည်။ သို့သော် ထန်ကျစ်ကိုယ်တိုင်လည်း ရုန်းထီး၏ တန်ပြန်မှုကြောင့် မသက်သာလှချေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူက ယွမ်ရှောင်ကို တအံ့တသြ စိုက်ကြည့်နေပြီး တိုက်ခိုက်ရေးစွမ်းရည်ကြောင့် မင်သက်သွား၏။

"လွယ်ပါတယ်။ ငါက မင်းထက် ပိုပြီး ထူးချွန်လို့"

ယွမ်ရှောင်က အေးစက်စက် ရယ်မောကာ ဓားပျံနှင့်အတူ အမှောင်အတွင်း တိုးဝင်ပျောက်ကွယ်သွားသဖြင့် လိုက်လံဖမ်းဆီးရန် အခွင့်အရေး မရှိတော့ပေ။

"ဒီကောင်က ဘာလာလုပ်တာလဲ။ ချင်လန်ရော ဘယ်ရောက်နေတာလဲ"

စိတ်များ လေးလံနေသော ထန်ကျစ်က ငွေလှိုင်းအိမ်တော်အတွင်း စစ်ဆေးလိုက်သောအခါ ငွေရောင်ဝတ်ရုံကို တွေ့ခဲ့သည်။ လေထဲတွင် အနံ့တစ်ခု ရလိုက်သဖြင့် သူက အသေးစိတ် လိုက်လံစစ်ဆေးခဲ့သောအခါ ကျောက်တုံးမျက်နှာပြင်၌ မီးလောင်ရာကို မြင်လိုက်ရသည်။

"ပြာတွေလား။ ဘုရားကျောင်းအကြီးအကဲကို သွားရှာရမယ်"

သူက ရင်ထိတ်သွားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့၍ ခဏအတွင်း ငွေလှိုင်းအိမ်တော်အပြင်သို့ ပြေးထွက်သွားခဲ့သည်။

အရုဏ်ဦး အိမ်တော်အတွင်း ကျင့်ကြံနေသည့် လန်ရီအနားတွင် ချီစွမ်းအင်များသည် ကျားဖြူနှစ်ကောင်အဖြစ် ခမ်းနားထည်ဝါစွာ ဖြစ်တည်နေသည်။ တံခါးခေါက်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သောအခါ ရင်းနှီးနေသော အသံကြောင့် သူမသည် ညှင်သာစွာ အသက်ရှူထုတ်၍ တံခါးဖွင့်ပေးရန် ထသွားလိုက်သည်။

"လန်ရီ တံခါးဖွင့်ပါဦး"

"အစ်ကို ပြန်ရောက်လာပြီလား"

သူမက အခန်းအတွင်း ခြေချလာသည့် ယွမ်ရှောင်ကို ပွေ့ဖက်ဆီးကြိုကာ စူးစမ်းလိုစိတ်များ ပြည့်နှက်နေပုံရသည်။

"ဒါက ဘာလဲ"

သူက တစ်ချက်ပြုံး၍ သိုလှောင်အိတ်အတွင်းမှ ယူဆောင်လာသော ရတနာကို ထုတ်ပြလိုက်၏။

"ဆန်းကြယ်အမိန့်ပြား၊ ဒါက နယ်မြေအားလုံးကို ဖြတ်သန်းခွင့်ပေးနိုင်တယ်။ ဒါကို ပိုင်ဆိုင်တာက ဘုရားကျောင်းအကြီးအကဲ၊ ဘယ်လိုလုပ် အစ်ကိုကြီးဆီ ရောက်နေရတာလဲ"

လန်ရီ၏ အကြည့်က အမိန့်ပြားကို တလှည့် ယွမ်ရှောင်ကို တလှည့် ​ပြောင်းလဲသွားကာ ဖြေလိုက်သည်။

"ဘယ်လိုရလာလဲဆိုတာက အရေးမကြီးဘူး။ ဒါကို ဘယ်လိုသုံးရမှာလဲ"

သူက လက်ကာပြ၍ အဓိကအကြောင်းအရာကို ထပ်မံ မေးခွန်းထုတ်လိုက်လေသည်။

All Chapters