← Chapters

လနတ်သားနှင့် နီအန် ပူးပေါင်းအကြံ

Vol. 32 Ch. 416

လနတ်သားနှင့် နီအန် ပူးပေါင်းအကြံ

Vol. 32 Ch. 416

ငရဲကိုးထပ်ကမ္ဘာ၊ နားခိုရာဂိုဏ်းအတွင်း ပထမအထပ် အကျဥ်းခန်း၌ တောင်ပံခတ်သံ တဝီဝီ ထွက်ပေါ်နေကာ အက်ကြောင်းအပြင်တွင် ရွှေ၊ငွေနှင့် အနက်ရောင် လိပ်ပြာများ နံရံကပ်ကာ တွားသွားနေကြ၏။ မှောင်မည်းနေသော ထောင့်တစ်ခုတွင် နီအန်သားရဲ ရှိနေပြီး ခေါင်းမော့၍ ညစ်ထေးထေး မျက်လုံးများဖြင့် အပြင်သို့ စိုက်ကြည့်နေသည်။ ထိုနေရာတွင် ပုံရိပ်သုံးခု ရှိ၍ ရွှေရောင်ဝတ်လူက သန့်ရှင်းစင်ကြယ်သော အသွင်၊ ငွေရောင်ဝတ်လူက လျှို့ဝှက်ဆန်းကြယ်သော အသွင်နှင့် အနက်ရောင်ဝတ်လူက ခံစားချက်ကင်းမဲ့သော အသွင် ဆောင်နေကြ၏။

"ထွက်သွားစမ်း"

ရုပ်တုများကဲ့သို့ မလှုပ်မယှက် ရပ်နေသော ထိုသုံးယောက်ကို နီအန်က ဟိန်းဟောက် မောင်းထုတ်၍ နားခိုရာဂိုဏ်း တုန်ခါသွားသော်လည်း ယခင်ကလောက် မပြင်းထန်သောကြောင့် အားနည်းလာပုံပေါ်သည်။

"အရင်တုန်းကဆိုရင် မင်းတို့က ငါ့ကျောပေါ်က သန်းတစ်ကောင်လောက်တောင် မသန်မာဘူး"

"အချိန်ဆိုတာ ပြောင်းလဲတတ်တယ်"

ရွှေရောင်ဝတ်လူက ယဥ်ကျေးသိမ်မွေ့သော လေသံဖြင့် အပြုံးမပျက် ဖြေလိုက်သည်။

"သွားစမ်း"

နီအန်က မြေကြီးကို ဆောင့်နင်း၍ စွမ်းအင်လှိုင်းများ ထုတ်လွှတ်လိုက်သော်လည်း ပုံရိပ်သုံးခုမှာ ထိခိုက်မသွားချေ။ ၎င်းက ပိတ်မိနေသကဲ့သို့ သူတို့လည်း ဝင်လာရန် သတ္တိမရှိသောအခါ အသံတိတ် တိုက်ပွဲတစ်ခု ဖြစ်ပွားလာသည်။ သို့သော် ဝမ်းဗိုက်အတွင်း ဆာလောင်မှုကြောင့် အားနည်းလာနေသော ၎င်း၏ အမြင်အာရုံမှာ ဝေဝါးကာ အားတင်း၍ သည်းခံနေရုံသာ တတ်နိုင်၏။ လွတ်မြောက်ရန် နှစ်ပေါင်းထောင်ချီ ကြံစည်ခဲ့ရသော်လည်း တံခါးဝအရောက်တွင် ပိတ်ဆို့ခံလိုက်ရသောကြောင့် အဆုံးမရှိ ဒေါသထွက်နေခဲ့သည်။

"ဒီကောင် သိပ်မကြာတော့ဘူး"

အနက်ရောင်ဝတ်လူက အေးစက်စက် မှတ်ချက်ချသည်။

"သူ့အစွမ်းကို စမ်းသပ်ကြည့်တာပေါ့"

ငွေရောင်ဝတ်လူက ရှေ့ထွက်လာ၍ ပါးစပ်ဖွင့်လိုက်သောအခါ ပိုးကောင်စီးကြောင်းတစ်ခု ထွက်လာပြီး အက်ကြောင်းအတွင်း ငွေရောင်စမ်းချောင်းလေးပမာ စီးဝင်သွား၏။ မမြင်ရလောက်အောင် သေးငယ်သော်လည်း အရေအတွက်များလွန်းသောကြောင့် ခဏအတွင်း နီအန်ကို ဖုံးလွှမ်းသွားသော ငွေရောင်ပိုးကောင်အုပ်ကြီး ဖြစ်တည်လာခဲ့သည်။

"စိတ်အနှောင့်အယှက် ဖြစ်စရာ ပိုးကောင်တွေ"

၎င်း၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး ခေါင်းပေါက်မတတ် ခံစားနေရသဖြင့် အကျဥ်းခန်းအတွင်း သောင်းကျန်းနေခဲ့၏။ ၎င်းက နာကျင်မှုကြောင့် လှုပ်ရှားလိုက်တိုင်း ပိုးကောင်များ ပိုမို ကပ်တွယ်လာကာ အသား၊ ကလီစာ၊ ဦးနှောက်နှင့် ရိုးတွင်းခြင်ဆီအထိ ထိုးဖောက်ဝင်ရောက်လာကြသည်။

"ဒီကူကောင်တွေက သူ့ကို ယဥ်ကျေးသွားစေလိမ့်မယ်"

ငွေရောင်ဝတ်လူက ကျေနပ်စွာ ရယ်မောနေစဥ် ရွှေရောင်ဝတ်လူသည် ဆက်လက် ညွှန်ကြားနေခဲ့၏။

"ဆက်လုပ်။ ဒီကောင် မခံနိုင်တဲ့အထိ နှိပ်စက်လိုက်"

ထို့နောက် အက်ကြောင်း ရှေ့တွင် ရပ်နေသော ငွေရောင်ဝတ်လူ၏ ဝမ်းဗိုက်က ကြောက်မက်ဖွယ် ကွဲထွက်သွားကာ ပိုးကောင်များ ထွက်ပေါ်လာပြန်သည်။

"အတိတ်က အောင်မြင်မှုနဲ့ ခွန်အားကို တမ်းတနေတာလား။ မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်စမ်း။ အတိတ်ကလို ကပ်ဘေးသားရဲ မဟုတ်တော့တာ ကြာပြီ ဟား ဟား"

ထိုသုံးယောက်က ကျေနပ်စွာ ရယ်မောနေပြီး အကျဥ်းခန်းအတွင်း နာကျင်စွာ လူးလိမ့်နေသော နီအန်မှာလည်း စိတ်ထဲတွင် ဟားတိုက်လှောင်ပြောင်နေခဲ့၏။

"မြေခွေးလေး မင်း ငါ့ကို ဘယ်လောက်ကြာကြာ ဟန်ဆောင်စေချင်တာလဲ"

"ငါ ရပ်လို့ မပြောမချင်း ဟန်ဆောင်နေလိုက်"

"မင်းက ဘယ်လိုလုပ် ဒီကူကောင်တွေကို မျိုချနိုင်တာလဲ"

လနတ်သား၏ စွမ်းရည်အပေါ် ၎င်းက ကြောက်လန့်နေကြောင်း သိသာသည်။

နားခိုရာဂိုဏ်းအပြင်ဘက် သစ်ပင်တစ်ခုအောက်တွင် စစ်မင်းသမီးက ခြေချိတ်ထိုင်နေသဖြင့် ကောက်ကြောင်းများ ပေါ်လွင်နေ၏။

"ငါ မင်းကို တစ်ခုခု လုပ်စေချင်တယ်။ နတ်ဆိုးဖြူကို ကိုင်တွယ်ခိုင်းလိုက်"

ထိုအခိုက်တွင် နှလုံးသားထဲမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသဖြင့် သူမက နှုတ်ခမ်းဆူလိုက်မိသည်။

"ဘာကိစ္စလဲ"

ယွမ်ရှောင်ထွက်သွားသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း သူမက ပျင်းရိနေပြီဖြစ်သည်။ သူ၏ အစီအစဥ်ကို နားထောင်ပြီးနောက် အကောင်အထည်ဖော်ရန် သူမက နတ်ဆိုးဖြူထံ ဦးတည်လိုက်၏။ ထိုနတ်ဆိုးမှာ ချောင်တစ်ခုတွင် ဒူးနှစ်လုံးထောင်၍ လူသေအလောင်းကဲ့သို့ ငြိမ်ငြိမ်သက်သက် နေရာယူထားသည်။

"ယွမ်ရှောင်က အကူအညီနည်းနည်း လိုအပ်နေတယ်။ လူနည်းနည်းလောက်ကို ကောင်းကင်နယ်မြေဆီ ခေါ်သွားလိုက်"

"ကောင်းပြီ"

စစ်မင်းသမီးက နတ်ဆိုးဖြူထံ စာရင်းတစ်ခု လွှဲပေးလိုက်ပြီး ဓားအစောင့်အရှောက်နှင့် မုမျိုးနွယ်ဝင်များ၊ ဖီးနစ်ဧကရီ၊ ယင်မိစ္ဆာဘုရင်အပါအဝင် ကျင့်ကြံသူ သုံးဆယ်ကျော်၏ အမည်များ ပါဝင်သည်။ အခြေအနေအရ ရှေးဟောင်းအပျက်အစီးနယ်မြေသည် ယွမ်ရှောင်နှင့် ပတ်သက်သူများကို ဒုက္ခပေးလိုကြောင်း သိသာနေသဖြင့် သူမက မျက်မှောင်ကြုတ်၍ ချက်ချင်း ခရီးထွက်ရန် ထရပ်လိုက်သည်။

"သူတို့ကို အမှန်အတိုင်း မပြောနဲ့။ နတ်ဘုရားတိုက်ကြီးမှာ ဓားလမ်းစဥ်ကို သင်ကြားပေးဖို့ ပြောလိုက်။ အထူးသဖြင့် ဓားအပျက်အစီးနယ်မြေက လူတွေ။ မင်းရဲ့ တာဝန် ပြီးဆုံးရင် မြန်မြန်ပြန်လာခဲ့။ ငရဲကိုးထပ်ကမ္ဘာကနေ ပိုပြီး ကြီးမားကျယ်ပြန့်တဲ့ နယ်မြေတွေဆီ ထွက်သွားချင်တယ်မလား။ သူက မင်းအတွက် နေရာတစ်ခု ရှာတွေ့ထားတယ်။ အမေ့ခံနတ်ဆိုးပင်လယ်လို့ ခေါ်တယ် ပြောတာပဲ"

စစ်မင်းသမီး၏ စကားကြောင့် နတ်ဆိုးဖြူ၏ ဝိညာဥ် ပြန်လည်ရှင်သန်လာသကဲ့သို့ မျက်ဝန်းလေးများ တောက်ပလာခဲ့သည်။

"အဲဲ့ဒီကို ဘယ်လိုသွားရမလဲ"

"သူ လာခေါ်လိမ့်မယ်"

"မင်းကရော အဲ့ဒီပင်လယ်ကို သွားမှာလား။ ဒါမှမဟုတ် ယွမ်ရှောင်အနား သွားရမှာလား"

"နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ငါတို့နှစ်ယောက်အကြားမှာ ဘာဆက်ဆံရေးမှ မရှိဘူး"

"မယုံဘူး။ ယွမ်ရှောင်လို ယောကျ်ားတစ်ယောက်ကို ဘယ်မိန်းမမှ မလွန်ဆန်နိုင်ဘူး"

နတ်ဆိုးဖြူက အသည်းအသန် ငြင်းဆန်နေသည့် စစ်မင်းသမီးကို တစ်ချက်ကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။

"မြန်မြန်သွားတော့။ နင် နောက်ကျနေရင် ငါ့အဖေလည်း အန္တရာယ်ရှိတယ်"

"ကောင်းပြီ။ နှုတ်ဆက်ပါတယ်"

ထို့နောက် သူမက အနားရှိ မြစ်တစ်ခုအတွင်း ခုန်ဆင်း၍ စစ်မင်းသမီး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

အရုဏ်ဦးနတ်ဘုရားအိမ်တော်တွင် ညသန်းခေါင်အချိန် ရှိနေဆဲ ဖြစ်ပြီး ချင်လန်၏ အရင်းအမြစ်များဖြင့် ယွမ်ရှောင် ကျင့်ကြံလိုက်သောအခါ အချိန်တိုအတွင်း ပြည့်စုံခြင်းအဆင့် မူလဝိညာဥ်နယ်ပယ်သို့ အဆင့်တက်သွား၏။ လောကတာအိုနှလုံးသားက လမ်းကြောင်းအသစ်တစ်ခု ဖြစ်​သော်လည်း နားလည်သဘောပေါက်နိုင်စွမ်းနှင့် ဉာဏ်အလင်းများကြောင့် မကြုံစဖူး လျင်မြန်ခဲ့သည်။ ငရဲကိုးထပ်ကမ္ဘာသို့ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ကျင့်ကြံသူများ မဆင်းသက်နိုင်သော်လည်း လနတ်သားသည် နီအန်နှင့် ပူးပေါင်းကာ ကူကျင့်ကြံသူ သုံးယောက်ကို အရူးလုပ်ထားနိုင်၏။ ထို့ကြောင့် သူက စစ်မင်းသမီးကို လှုပ်ရှားခိုင်းရန် ဆုံးဖြတ်ကာ လန်ရီထံမှ သွေးမိစ္ဆာပင်လယ်နှင့် အမေ့ခံနတ်ဆိုးပင်လယ်၏ မြေပုံများ တောင်းဆိုလိုက်သည်။ ထို့နောက် သူက ကျင့်ကြံရေးအခန်းအတွင်း အင်ပြည့်အားပြည့် ထရပ်လိုက်သောအခါ တုန်ခါသွားပြီး တံခါးလည်း ပွင့်ဟလာခဲ့သည်။

"အစ်ကို ကျင့်ကြံတာ ပြီးပြီဆိုရင် လက်ဖက်ရည် ပြင်ဆင်ထားပေးတယ်"

လန်ရီက ရှက်ပြုံးကလေးဖြင့် ပျားရည်ပမာ ချိုသာသော အသံလေးနှင့် ဖိတ်ခေါ်သည်။

"မလိုဘူး။ မင်းက လက်ဖက်ရည်ထက်တောင် ပိုပြီး.ချိုမြိန်သေးတယ်"

ယွမ်ရှောင်က ရုတ်တရက် ဆွဲဖက်၍ သူမကို ပေါင်ပေါ် တင်လိုက်ပြီး အကြည့်ချင်းဆုံခဲ့သည်။

"အာ ရှက်လိုက်တာ"

သူမက ရှက်သွေးကလေးများ ရဲသွားပြီး သူ၏ ရင်ဘတ်ကို အသာထုနှက်လိုက်သော်လည်း မိုးချုန်းသံအလား ဘုန်းခနဲ မြည်ဟီးသွား၏။ ထိုအင်အားကြောင့် သူက အသက်ရှူရပ်မတတ် ဖြစ်သွားကာ အသက်မထွက်ခင် အလျင်အမြန် တားမြစ်ခဲ့ရသည်။

"ငါ ကျင့်ကြံနေတုန်း ဘာတွေ ထူးခြားသွားလဲ"

"ဆန်းကြယ်ဘုရားကျောင်းက ချင်လန်ရဲ့ နေရာအတွက် သခင်အသစ်တစ်ယောက် ရွေးချယ်တော့မယ်။ ဒါက ကျောင်းတော်နဲ့ မဆိုင်ဘူး။ အင်မော်တယ်သုံးပါးနေ့ မတိုင်ခင် ပြဿနာမဖြစ်အောင်လို့ အကြီးအကဲတွေက ကျောင်းတော် တပည့်တွေကို ယှဥ်ပြိုင်ခွင့် မပေးထားဘူး"

လန်ရီက ရှင်းပြလိုက်၏။

"ဒါဆိုရင် သူတို့က ရွေးချယ်စရာ လူတစ်ယောက် သတ်မှတ်ထားတာ ဖြစ်ရမယ်"

ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ ကောက်ချက်ဆွဲသည်။

"မှန်တယ်။ ချင်လန် သေတာကို အကြောင်းပြပြီး အင်မော်တယ်မျိုးဆက်ထဲက သြဇာလွှမ်းမိုးနိုင်တဲ့ လူငယ်တစ်ယောက်ကို နေရာပေးဖို့ ကြံစည်နေကြတယ်။ ထန်ကျစ်က လမ်းပြအသင်းခေါင်းဆောင် ဖြစ်ပေမယ့် ညီမလောက် အာဏာမရှိတော့ ဒီနေရာပေးပြီး ရင်ဘောင်တန်းစေချင်နေကြတယ်"

"စည်းမျဥ်းတွေက တရားမျှတရဲ့လား"

"မသေချာဘူး။ ကျောင်းတော်ဘက်က အနိုင်ရဖို့လည်း ခက်ခဲတယ်။ ဆရာက အင်မော်တယ်သုံးပါးနေ့ မရောက်ခင် ဆူဆူပူပူ မဖြစ်စေချင်ဘူး။ ဒါကြောင့် နောက်ဆုတ်​နေရတယ်။ ညီမလေးက အသက် ၁၅နှစ် မပြည့်သေးတော့ ယှဥ်ပြိုင်ခွင့် မရှိဘူး။ မဟုတ်ရင် ထန်ကျစ်ကို ပြဿနာ ကောင်းကောင်း ရှာနိုင်တယ်"

လန်ရီက နှုတ်ခမ်းကိုက်၍ မကျေမနပ် ပြောလိုက်သောအခါ ယွမ်ရှောင်သည် တစ်ချက်ပြုံး၍ ကြွေးကြော်လိုက်လေသည်။

"ငါက အသက် ၁၅နှစ် ကျော်နေပြီ။ နည်းနည်းလောက် ပြဿနာ သွားရှာရအောင်"

All Chapters