လမ်းပြအသင်း၏ စားသောက်ပွဲ
Vol. 32 Ch. 417
အရုဏ်တက်ချိန်၌ နေမင်း မြင့်တက်လာသောအခါ ရှေးဟောင်းအပျက်အစီးနယ်မြေကို လွှမ်းခြုံထားသည့် မြူခိုးများ ရွှေရောင် ပြောင်းလဲသွား၏။ လူအုပ်ကြီးက လမ်းများအထက်တွင် စုဝေး၍ အင်မော်တယ်သုံးပါးကို ကိုးကွယ်ဆည်းကပ်နေကြပြီး ယာဥ်ကြီးပေါ်ရှိ နယ်မြေတလျှောက် စည်ကားနေသည်။ ယွမ်ရှောင်သည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ငရဲကိုးထပ်ကမ္ဘာသို့ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး စစ်မင်းသမီးနှင့် နတ်ဆိုးဖြူအား နယ်စပ်၌ တွေ့ဆုံခဲ့သည်။ ကူကျင့်ကြံသူ သုံးယောက် နားခိုရာဂိုဏ်းအတွင်း ရောက်နေကြသဖြင့် စိတ်တိုင်းကျ လှုပ်ရှားရန် လွယ်ကူပြီး မြေပုံတစ်ချပ်အား နတ်ဆိုးဖြူထံ ကမ်းပေးလိုက်သည်။
"သွားပေတော့။ ဘေးကင်းပါစေ"
သူမက မြေပုံကို လေးစားစွာ လက်ခံရယူ၍ သပ်ရပ်စွာ သိမ်းဆည်းလိုက်သောအခါ ယွမ်ရှောင်သည် တစ်ချက်ပြုံး၍ နှုတ်ဆက်ခဲ့၏။ သူမက ခေါင်းညိတ်၍ ယုံကြည်မှုအပြည့် ရှိနေသော မျက်ဝန်းများဖြင့် လည်ပြန်တစ်ချက်ကြည့်ကာ မြူခိုးများအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။
"အခု မင်းအလှည့်ရောက်ပြီ"
ထို့နောက် သူက စစ်မင်းသမီးထံ မြေပုံတစ်ချပ် ပစ်ပေးလိုက်သည်။
"ငါကတော့ နတ်ဆိုးဖြူလို ကိုးကွယ်နေမှာ မဟုတ်ဘူး"
"ကြည့်ရတာ ရက်ပိုင်းအတွင်း မင်းက ပြောင်းလဲသွားပြီ ထင်တယ်"
ယွမ်ရှောင်၏ တင်းမာသော စကားကြောင့် သူမမှာ မသိစိတ်အရ အလန့်တကြား နောက်ဆုတ်သွားခဲ့၏။
"နင်က ငါ့ကို အန္တရာယ်များတဲ့ နေရာတစ်ခုဆီ သွားခိုင်းပြီး နည်းနည်းလေးတောင် မစိုးရိမ်ဘူးလား"
"မင်းရဲ့ နှလုံးသားထဲကနေ ငါ အမြဲတမ်း ဆက်သွယ်နိုင်တယ်လေ"
"ကောင်းပြီ နှလုံးသားမရှိတဲ့ ကောင်။ သူကျတော့ မိန်းမလှလေးနဲ့ ပျော်ပါးနေပြီး ငါ့ကို အန္တရာယ်တောထဲ လွှတ်နေတာချည်းပဲ"
သူမက နှုတ်ခမ်းဆူ၍ ဆောင့်ဆောင့်အောင့်အောင့် ပြောလိုက်သဖြင့် သူ့ကို ကြောင်အသွားစေ၏။
"မင်းက ဘယ်လိုလုပ် သိတာလဲ"
"နင့်ဆီက မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းနံ့ ရနေတယ်။ ကြည့်ရတာ ဒီကလေးမက အတော်လေး ငယ်သေးမယ် ထင်တယ်"
"မနာလိုဖြစ်နေတာလဲ"
"ဝေးသေး၊ နင်က လူသား၊ ငါက မိစ္ဆာ။ ငါ့ခန္ဓာကိုယ်ကို ရရင်တောင် နှလုံးသားကို ဘယ်တော့မှ မရစေရဘူး"
"မင်းရဲ့ နှလုံးထဲမှာ ငါပေးထားတဲ့ ကပ်ဘေးသွေး ရှိနေတာကို ရဖို့ လိုသေးလို့လား"
"လူယုတ်မာ ငါသွားပြီ။ တဏှာရူးပြီး မသေစေနဲ့"
စစ်မင်းသမီးက မျက်စောင်းတစ်ချက် ထိုး၍ သွေးရောင်အလင်းတန်းအဖြစ် မြူခိုးများအကြား ပြေးထွက်သွား၏။
"ဘာတွေ အလျင်လိုနေတာလဲ။ ငါ စကားပြောလို့ မပြီးသေးဘူး"
သို့ရာတွင် သူမ၏ စိတ်ထဲတွင် ယွမ်ရှောင်၏ စကားသံက လိုက်ပါလာသည်။
"အခု ပြော"
"ငါ့ကို ကြောက်လို့ ရှောင်နေတာလား"
"နင့်ကြီးတော်ကို ကြောက်ရမှာလား။ နင့်ဘာသာ ပျော်ရွှင်နေတာကို မနှောင့်ယှက်ချင်လို့"
"တကယ်တော့ မင်းက ငါ့ကို စိတ်ဝင်စားနေတာပဲ။ စိတ်ဓာတ်ပြင်းပြတဲ့ အစေခံမလေးက ရိုးသားဖြူစင်တဲ့ သခင်လေးကို တစ်ဖက်သတ် ကြိုက်နေတဲ့ ဇာတ်လမ်းလိုမျိုးပေါ့"
"နင့်ကြီးတော် ရိုးသားဖြူစင်ပါလား"
ယွမ်ရှောင်၏ စနောက်မှုကြောင့် စစ်မင်းသမီးကို ဒေါကန်သွားစေခဲ့သည်။
"သွေးမိစ္ဆာနယ်မြေမှာ ပျက်စီးသွားတဲ့ သွေးမိစ္ဆာယာဥ်ကြီးရဲ့ အကျွင်းအကျန်တွေ ရှိတယ်လို့ ကြားထားတယ်။ အတူတူ ရှာဖွေလိုက်ကြတာပေါ့"
"ဘာကို အတူတူလဲ။ ငါ တစ်ယောက်တည်း စွန့်စားရမှာ မဟုတ်ဘူးလား"
"သွားစမ်းပါ"
"ကောင်းပြီ။ တကယ်သွားပြီ"
ဤသို့ဖြင့် ယွမ်ရှောင်သည် သခင်ရာထူး ရွေးချယ်ရာတွင် ဝင်ရောက်နှောင့်ယှက်ရန် ရှေးဟောင်းကျောင်းတော်သို့ ပြန်သွားခဲ့၏။ လမ်းပြအသင်းက အဖွဲ့ဝင်ရာချီ ရှိသောကြောင့် တပည့်များအပေါ် လွှမ်းမိုးနိုင်စွမ်း မြင့်မားသည်။ တရားဝင်အဖွဲ့အစည်း ဖြစ်သောကြောင့် ကိုယ်ပိုင်အဆောက်အအုံတစ်ခု တည်ရှိကာ ငွေရောင်နှင့် အနက်ရောင် အဓိက အသုံးပြုထား၍ လေးနက်တည်ငြိမ်မှုနှင့် အာဏာအငွေ့အသက် ထင်ဟပ်နေသဖြင့် ဆန်းကြယ်ဘုရားကျောင်း အငယ်စားအလားပင်။ ဤအဆောက်အအုံတွင် နေရာတစ်ခု ပိုင်ဆိုင်ထားသူသည် တပည့်ပေါင်းများစွာ၏ ထောက်ခံမှုကို ရရှိထားကာ အမျိုးမျိုးသော အဆက်အသွယ်များအကြားတွင် အဓိကပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်၏။ လမ်းပြအသင်းသား ဖြစ်လာရန် အနိမ့်ဆုံး အဆင့်ခုနစ် တပည့် ဖြစ်ရမည် ဖြစ်သောကြောင့် မြင့်မားသော တောင်းဆိုချက်ဖြစ်ကာ ခေါင်းဆောင်ဖြစ်သူ ထန်ကျစ် မည်မျှ လေးစားခံရကြောင်း သိနိုင်သည်။
နံနက်ခင်းတွင် လမ်းပြအသင်းသားများလည်း တက်ကျမ်းကို ကျင့်ကြံရင်း အင်မော်တယ်သုံးပါးကို ပူဇော်နေကြသည်။ ထို့နောက် ဆန်းကြယ်ဘုရားကျောင်းမှ ပေးပို့လာသော သတင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ သခင်အသစ် ရွေးချယ်ပွဲအတွက် ရည်ရွယ်သည်။ ထို့ကြောင့် လမ်းပြအသင်း၏ နေရာသည် ပုံမှန်ထက် စည်ကားနေကာ အတွင်းပိုင်း၌ အင်မော်တယ်မျိုးဆက်များ စားသောက်ပွဲတစ်ခု ကျင်းပနေ၏။ ထူးခြားဆန်းပြားသော စားသောက်ဖွယ်ရာများနှင့် နေမင်းကျောက်စိမ်း သေရည်ကို တည်ခင်းဧည့်ခံထား၍ သာယာနာပျော်ဖွယ် ဂီတသံများ တီးခတ်ကာ မိန်းကလေးတစ်ဒါဇင်က အကအလှများဖြင့် ဖျော်ဖြေနေကြသည်။
ပျော်ပွဲရွှင်ပွဲကြောင့် လမ်းပြအသင်းသားများသည် စိတ်ဓာတ်တက်ကြွနေကာ သေရည်ကိုယ်စီ သောက်သုံး၍ ခွက်ချင်းတိုက်လျက် ရှိ၏။ စားပွဲ၏ အလယ်တွင် ဝတ်ကောင်းစားလှ ဆင်ယင်ထားသော ထန်ကျစ်သည် သေရည်ကို တိတ်တဆိတ် အရသာခံ သောက်နေပြီး အနားတွင် လူငယ်နှစ်ယောက် ခြံရံထားသည်။ ညာဘက်တွင် ခရမ်းရောင် ဝတ်ဆင်ထားသော မိန်းမလှတစ်ယောက် ဖြစ်ပြီး နဖူးပေါ်တွင် ခရမ်းရောင် လခြမ်းတစ်ခု တောက်ပနေသဖြင့် သက်စောင့်တံဆိပ်ဖြစ်ကြောင်း သိသာသည်။
"ကျစ်ယွဲ့ မင်းက အကမယ်လေးတွေကို သေချာ လေ့ကျင့်ပေးထားတာပဲ"
ဘယ်ဘက်တွင် ရှိနေသော ယောကျ်ားလေးက မှတ်ချက်ချ၍ သေရည်တစ်ခွက် ကိုင်ထားကာ လောကစည်းစိမ် ခံစားနေ၏။
"ငါ့မွေးနေ့ပွဲအတွက် ဒီမိန်းကလေးတွေကို ဖျော်ဖြေခိုင်းလို့ရမလား။ သူတို့အားလုံးက ရှေးဟောင်းကျောင်းတော်ရဲ့ တပည့်တွေဆိုတော့ ငါ့သူငယ်ချင်းတွေကို ဧည့်ခံခိုင်းလိုက်ရင် အရမ်းကောင်းမှာပဲ"
ထိုလူငယ်၏ စကားကြောင့် ချင်ကျစ်ယွဲ့ က အေးစက်စက် ကြည့်၍ မဖြေခဲ့ပေ။ သူမနှင့် စန်းနန်သည် လမ်းပြအသင်း၏ ဒုခေါင်းဆောင်များ ဖြစ်ကြပြီး ချင်ကျစ်ယွဲ့မှာ မိန်းကလေးတပည့်များအပေါ် သြဇာလွှမ်းမိုးသောကြောင့် မည်သည့်မိန်းကလေးတပည့်မှ မဆန့်ကျင်ရဲပေ။
"ကျစ်ယွဲ့ ဒီတစ်ယောက်ကို ငါ့ အခန်းထဲ ပို့ပေးပါလား"
စန်းနန်သည် အကမယ်များအနက် ငယ်ရွယ်သော မိန်းကလေးတစ်ယောက်ကို လက်ညှိုးထိုး၍ တောင်းဆိုလိုက်ပြန်သည်။
"နင်က ချစ်သူ ရွေးနေတာလား"
"ဘာဖြစ်ဖြစ် အရေး မကြီးပါဘူး။ ချစ်သူ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ ဂရုမစိုက်ဘူး"
"ဒီကောင်မလေးက နည်းနည်း ခေါင်းမာတယ်။ သိပ်ပြီး စိတ်အားထက်သန်မှာ မဟုတ်ဘူးနော်"
"နောက်ခံကရော ဘယ်လိုလဲ"
"အဖေက ရှေးဟောင်းအစောင့်တပ်ရဲ့ လူတစ်ရာ တပ်မှူးတစ်ယောက်"
"ဒါဆိုရင် လွယ်ပါတယ်။ ငါက သူ့ကို လူတစ်ထောင် တပ်မှူးအဖြစ် ရာထူးတိုးပေးလိုက်မယ်"
စန်းနန်က တဏှာခိုးဝေနေသော အပြုံးမျိုးဖြင့် ရေရွတ်လိုက်ရာ ချင်ကျစ်ယွဲ့ကို အံ့သြသွားစေသည်။
"နင် ပြောင်းလဲသွားတာလား။ အရင်က အတင်းအကြပ် လုပ်နေကျပါ"
"မျက်ရည်တွေနဲ့ ရုန်းကန်တာမျိုးကို ငါ ငြီးငွေ့နေပြီ။ အိပ်မက်တွေ ရည်မှန်းချက်တွေ ရှိတဲ့ ဒီလူငယ်လေးတွေကို လှည့်စားတဲ့ အရသာက ပိုကောင်းတယ်"
စန်းနန်နှင့် ချင်ကျစ်ယွဲ့ စကားပြောနေစဥ် ထန်ကျစ်က ရုတ်တရက် မျက်မှောင်ကြုတ်၍ ကြည့်လာသဖြင့် စန်းနန်မှာ ပျာပျာသလဲ ဖြစ်သွား၏။
"မင်းရော ကြိုက်လို့လား။ ဒါဆိုရင် ငါ နောက်ဆုတ်လိုက်ပါမယ်"
"မင်းကို သတိပေးထားမယ်။ ပျော်စရာရှိတာ ပျော်လို့ရတယ်။ ဒါပေမယ့် အင်မော်တယ်သုံးပါးနေ့က နီးကပ်လာနေပြီ။ ဘယ်လို အရှုပ်မျိုး ပြဿနာမျိုးမှ ငါ လက်မခံနိုင်ဘူး"
"ကောင်းပြီ။ ငါ သတိထားပါမယ်"
ထန်ကျစ်၏ လေးနက်သော သတိပေးစကားကို စန်းနန်က ချက်ချင်း အာမခံလိုက်ပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း အသံထွက် မပြောရဲချေ။ ထိုအစား သူက သေရည်ခွက်ကို မြှောက်၍ သခင်အသစ် ဖြစ်လာတော့မည့် တစ်ဖက်လူအား ဂုဏ်ပြုလိုက်သည်။ သူတို့၏ အမြင်တွင် ရှေးဟောင်းကျောင်းတော် ဘက်တော်သားများက သခင်ရာထူးအတွက် စာရင်းပင် မသွင်းရဲသောကြောင့် ငကြောက်များဟု သတ်မှတ်ထား၏။
လမ်းပြအသင်းနန်းတော်တွင် ဂီတသံများ မြိုင်ဆိုင်နေကာ အိပ်မက်ကိုယ်စီဖြင့် ကျောင်းတော်သို့ ဝင်ရောက်လာကြသည့် မိန်းကလေးများမှာ မမောမပန်း ကခုန်၍ အင်မော်တယ်မျိုးဆက်များကို ဖျော်ဖြေပေးနေရပြီး မရပ်တန့်ရဲပေ။ အင်မော်တယ်မျိုးဆက် လူငယ်များက သူတို့ကို မျက်စိအရသာခံ စိုက်ကြည့်၍ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်အား ပါးစပ်အရသာခံ စော်ကားနေကြ၏။ နန်းတော်၏ ဝင်ပေါက် အနီးအနားရှိ ကျောက်စိမ်းစင်မြင့်တစ်ခုအထက်တွင် အဖြူရောင် ရေခဲပမာ တောက်ပသည့် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ထိုင်နေခဲ့သည်။ သူမ၏ မျက်လုံးများက အဖြူရောင်သာ ဖြစ်သကဲ့သို့ ထန်ကျစ်နှင့် ရုပ်ရည်ချင်း ဆင်တူပေ၏။ လမ်းပြအသင်းသား ယောကျ်ားတစ်စုက သူမအနားတွင် ရစ်သီရစ်သီ လုပ်ကာ ချီးကျူးသံများနှင့် ကောင်းမွန်သော အမူအရာများ ပြသ၍ မျက်နှာကောင်းရစေရန် ဖားယားနေကြလေသည်။