လူသတ်အရူး
Vol. 32 Ch. 419
ယွမ်ရှောင်သည် မျက်မှောင်ကြုတ်ရင်း အရုဏ်ဦး အိမ်တော်သို့ ပြန်ရောက်လာကာ ရှေးဟောင်းကျောင်းတော်၊ ဆန်းကြယ်ဘုရားကျောင်းနှင့် သခင်ရွေးချယ်ပွဲ ပတ်သက်သမျှ ကျမ်းစာအားလုံး စုဆောင်းပေးရန် တောင်းဆိုခဲ့သည်။ လန်ရီက အချိန်တိုအတွင်း လှုပ်ရှားခဲ့ပြီး စားပွဲတစ်ခုလုံး ပြည့်နှက်သွားစေသည့် စာအုပ်ပုံကြီးနှင့် ပြန်ရောက်လာခဲ့၏။
"အစ်ကိုက ဦးလေးဖုန်းကိုတောင် စစ်တုရင်မှာ အနိုင်ယူခဲ့တာပဲ။ ဒီရေးဖြေစာမေးပွဲလောက်က စိန်ခေါ်မှုတစ်ခု မဟုတ်ပါဘူး"
သူမက ပြုံးပြုံးရွှင်ရွှင်ဖြင့် အားပေးနေစဥ် သူသည် စာအုပ်အချို့ကို ကောက်ယူ၍ ဖတ်ရှုနေပြီဖြစ်သည်။
"ဒီကောင်တွေက ဇယားကို ရှုပ်တယ်။ သူတို့ ပြောသလို ဘယ်သူ့ကို သတ်ရမယ်ဆိုတာ ရွေးချယ်ပေးဖို့ မခက်ပါဘူး။ ဒါပေမယ့် အပြင်မှာဆိုရင် ငါကတော့ ထိခိုက်စေတဲ့ ဘယ်သူမဆို သတ်ပစ်မယ်"
"အမလေး ရှင်က လူသတ်ရတာကို စွဲလန်းနေတဲ့ အရူး ဖြစ်နေပြီ"
သူမက လျှာထုတ်၍ ပြောင်ပြလိုက်၏။
"ဖြစ်နိုင်တာ ငါက တခြားလူတွေထက် ဒေါသ ပိုထွက်တတ်လို့ ဖြစ်မယ်"
"ဒါက မတရားမှုကို မြင်ရင် သည်းမခံနိုင်တာပါ။ တရားမျှတပါတယ်"
"မဟုတ်ဘူး။ ငါက တစ်ကိုယ်ကောင်း အရမ်းဆန်တယ်။ ဘာလုပ်လုပ် အဆုံးမှာ ငါ့အတွက်ချည်း ဖြစ်လာတာပဲ။ ဒါကြောင့် ငါတို့နှစ်ယောက်က ကွာခြားနေတာပေါ့။ မင်းက ကိုယ်ကျိုးစွန့်ပြီး ဘယ်လိုပေးကမ်းစောင့်ရှောက်ရမလဲ စဥ်းစားတယ်။ ငါကတော့ မတူဘူး"
ယွမ်ရှောင်က သူမ၏ ပါးပြင်လေးကို ဆွဲညှစ်၍ စနောက်ပြီး စာအုပ်ပုံအတွင်း ခေါင်းစိုက်သွား၏။ မျက်နှာအမူအရာက လေးနက်တည်ငြိမ်ပြီး လျင်မြန်စွာ လေ့လာဖတ်ရှုနေကာ မှတ်တမ်းထားသော ဥပဒေများနှင့် ပြစ်မှုများအကြောင်း ခရေစေ့တွင်းကျ မှတ်သားခဲ့သည်။ လန်ရီက အနားတွင် တိတ်တဆိတ် စောင့်နေပေးရင်း အလိုက်သိစွာ သေရည်ခွက် ကမ်းပေးနေခဲ့၏။ ပထမဆုံးတွေ့ချိန်၌ တစ်ဖက်လူသည် မူလဝိညာဥ်နယ်ပယ်သို့ပင် မရောက်သေးသော်လည်း ရက်ပိုင်းအတွင်း လျင်မြန်စွာ အဆင့်တက်ခဲ့သည်။ သူမကိုယ်တိုင်ပင် အိပ်မက်ထဲမှ လက်တွဲဖော်၏ အရည်အချင်းကို တိတိကျကျ နားလည်ရန် မဖြစ်နိုင်ပေ။
"ဒါက ကျားသေရည်လား"
"အစ်ကို ကြိုက်တယ်ဆိုလို့ ပြင်ဆင်ထားပေးတာ"
ယွမ်ရှောင်က သေရည်ကို တစ်ငုံသောက်၍ အကျိုးသက်ရောက်မှုအကြောင်း ရှင်းပြလိုက်သောအခါ လန်ရီသည် ရှက်ပြုံးကလေးဖြင့် အခန်းအပြင်သို့ ပြေးထွက်သွားလေသည်။ ညနေအချိန် ရောက်သောအခါ သူက စာအုပ်အားလုံးကို ဖတ်ရှုပြီးကာ တည်ငြိမ်စွာ ထိုင်၍ စာဖတ်ခြင်းမှာ အကျိုးရှိကြောင်း လက်ခံလိုက်ရ၏။ သူ၏ လောကတာအိုနှလုံးသားနှင့် မူလဝိညာဥ်ပင်လျှင် မရေမတွက်နိုင်သော ဇာတ်လမ်းများအကြောင်း သိရှိပြီးနောက် ပိုမိုရင့်ကျက်လာခဲ့သည်။
"ကျင့်ကြံဖို့ အချိန်တန်ပြီ"
သူက ကောင်းကင်တာအိုဆေးလုံးများ ထုတ်ယူခဲ့ပြီး သားရဲလေးမှာ ချင်လန် ပိုင်ဆိုင်သမျှ အရင်းအမြစ်နှင့် ရတနာများ ဝါးမျိုသန့်စင်၍ ထုတ်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
"ဘာလို့ ဒီဆေးလုံးတွေမှာ မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းနံ့ ထွက်နေရတာလဲဟ"
"အရူးကောင်က ချင်လန်ရဲ့ အဝတ်အစားတွေကိုပါ ရောပြီး စားပစ်လိုက်တာလေ"
ကြယ်ပြာ၏ ရှင်းပြချက်ကြောင့် ယွမ်ရှောင်၏ မျက်နှာ မည်းနက်သွားသော်လည်း ဆေးလုံးများကို မျိုချပြီး ဖြစ်နေခဲ့သည်။
"မင်းက ဘယ်သူ့ကို အရူးကောင်လို့ ခေါ်နေတာလဲ"
"မင်းကို ခေါ်နေတာပေါ့ကွ"
"ဒါဆိုရင် မင်းနဲ့ငါက အတူတူဆိုတော့ မင်းလည်း အရူးပေါ့"
အရူးတစ်ယောက်ဖြစ်သော လနီ၏ ချက်ကျလက်ကျ ထောက်ပြမှုကြောင့် ကြယ်ပြာမှာ စကားမပြောနိုင် ဖြစ်သွားရ၏။ ၎င်းက လျစ်လျူရှု၍ ဆေးလုံးများ ထပ်မံအန်ထုတ်ကာ ယွမ်ရှောင်၏ ဒန်တန်သည်လည်း ဆေးအာနိသင်ကြောင့် စွမ်းအင်များ ပြည့်နှက်ကာ နေကိုးစင်း ထပ်မံ ကြီးထွားလာသည်။ နောက်ဆုံးတွင် သူက အခြေတည်အဆင့် မူလဝိညာဥ်နယ်ပယ်သို့ အဆင့်တက်သွားကာ ချီစက်ဝန်းအဆင့်သို့ ရောက်ရှိရန် မလိုတော့ပေ။ ကောင်းကင်ခန်းဆောင်နယ်ပယ်မှ ထိုအဆင့်သို့ ရှေးဟောင်းအပျက်အစီးနယ်မြေ ရောက်ရောက်ချင်း ရက်ပိုင်းအတွင်း လျင်မြန်စွာ တိုးတက်ခဲ့သောအခါ အခြားသူများ၏ နှစ်ချီ ကျင့်ကြံခြင်းနှင့် ညီမျှနေသည်။
နောက်နေ့နံနက် ရောက်သောအခါ သခင်ရွေးချယ်ပွဲအတွက် အသင့်ဖြစ်နေသော ယွမ်ရှောင်ကို လန်ရီက လာရောက်ခေါ်ဆောင်သွားသည်။
"နေရာက ဘယ်မှာလဲ"
ယွမ်ရှောင်က ဗလာဖြစ်နေသော သေရည်အိုးကို ပစ်ထုတ်ကာ အဝတ်အစားများ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ခဲ့၏။
"ဆန်းကြယ်ဘုရားကျောင်း ရင်ပြင်မှာ ဖြစ်လိမ့်မယ်။ မနေ့က အစ်ကို စာရင်းသွင်းတာကို လူတိုင်း သိနေကြတော့ လာကြည့်မယ့် ပရိသတ်တွေ အများကြီး ရှိနိုင်တယ်"
လန်ရီက ဖြေလိုက်ပြီး ထိုတပည့်များသည် ဝင်ခွင့် ရေးဖြေစာမေးပွဲ၌ အမှတ်သုည ရခဲ့သော ယွမ်ရှောင် မည်သို့ လုပ်ဆောင်မည်ကို ကြည့်လိုခြင်း ဖြစ်သည်။
"သွားကြစို့"
သူက ဓားပျံအပေါ် ခုန်တက်၍ သူမကို ဖိတ်ခေါ်ကာ လူပင်လယ်ကြီး ဖြစ်နေသော ဆန်းကြယ်ဘုရားကျောင်း ရင်ပြင်သို့ ထွက်ခွာလာခဲ့၏။ တပည့်များသည် အုပ်စုကိုယ်စီဖြင့် သီးခြားနေရာယူကာ ထူးဆန်းသော မျက်နှာအမူအရာများနှင့် တီးတိုး ပြောဆိုနေကြသည်။
"ယွမ်ရှောင်က တစ်ခုခုပဲ။ ကျောင်းတော်ကို ရောက်လာတာ မကြာသေးပေမယ့် နေရာတိုင်း ဝင်ရှုပ်နေတယ်"
"သူက အမြဲတမ်း အာရုံစိုက်ခံနေရပြီ"
"ငါ့အဘွား ပြောဖူးတယ်။ လူတစ်ယောက်က ထူးဆန်းနေရင် ကံကြမ္မာကောင်းတယ်တဲ့။ သူ့ကို မလှောင်ကြနဲ့။ လမ်းပြအသင်းက ခွေးကောင်တွေကိုသာ လှောင်ပြောင်ကြ"
"စန်းနန်နဲ့ ချင်ကျစ်ယွဲ့၊ တစ်ယောက်က နောက်ခံအားကိုးနဲ့ ရမ်းကားနေတဲ့ လူမိုက်။ နောက်တစ်ယောက်က တပည့်မလေးတွေကို ဖျက်ဆီးနေတဲ့ မိန်းမယုတ်"
"ဟေ့ကောင်တွေ တိုးတိုးပြောကြ။ အင်မော်တယ်မျိုးဆက်တွေ ကြားသွားရင် မလွယ်ဘူး"
ပတ်ဝန်းကျင်က တင်းမာနေပြီး ဒေါသတကြီး အကြည့်များသည် အလယ်ဗဟို၌ စုဝေးနေသည့် လမ်းပြအသင်းသားများထံ ကျရောက်နေ၏။ တစ်ယောက်ချင်းစီက ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားပြီး ယဥ်ကျေး၍ လေးစားကြည်ညိုဖွယ် အသွင်အပြင်များ ရှိသော်လည်း တပည့်များမှာ မနှစ်မြို့ကြပေ။ သို့သော် အများစုက လျှို့ဝှက်စွာ မကျေမနပ် ဖြစ်နေကြသော်လည်း လမ်းပြအသင်းသာ နေရာတစ်ခု ကမ်းလှမ်းလာလျှင် သူ့ထက်ငါ အလုအယက် ပြေးသွားကြပေလိမ့်မည်။
"ဘုရားကျောင်းအကြီးအကဲ ကြွချီလာပါပြီ"
စီချင်းသည် သခင်များ ခြံရံလျက် ကောင်းကင်မှ ဆင်းသက်လာကာ စင်မြင့်အထက် နေရာယူလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ လမ်းပြအသင်းကို လှောင်ပြောင်စော်ကားနေသူများမှာ ပါးစပ်ပိတ်ထား၍ ခေါင်းပင် မော့မကြည့်ဝံ့ချေ။
"ယွမ်တဟဲနဲ့ ဖုန်းချင်း သူတော်စင်နှစ်ယောက်လည်း စစ်ဆေးသူ ဖြစ်နေတာလား"
"သူတို့ ရှိနေရင်တောင် တရားမျှတဖို့ မသေချာဘူး။.ဆန်းကြယ်ဘုရားကျောင်းတစ်ခုလုံး အင်မော်တယ်မျိုးဆက်တွေ ပြည့်နှက်နေတာပဲ"
ကတုံးပြောင်ပြောင်နှင့် ဦးလေးမြစ်ခေါ် ယွမ်တဟဲက စစ်တုရင်ကျင့်ကြံသူ ဖုန်းချင်းနှင့်အတူ စီချင်း၏ ဘယ်ညာနှစ်ဖက်တွင် နေရာယူထားသည်။ ယခင်က သခင်ရွေးချယ်ပွဲကို ဘုရားကျောင်းအကြီးအကဲနှင့် သခင်ကိုးယောက် ကြီးကြပ်ခဲ့သော်လည်း လက်ရှိ၌ သခင်ခုနစ်ယောက်နှင့် သူတော်စင်နှစ်ပါး ကြီးကြပ်ကြပေလိမ့်မည်။ ဆန်းကြယ်ဘုရားကျောင်းက တရားမျှတချင်ယောင်ဆောင်ပြီး သူတော်စင်နှစ်ပါးကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း လူတိုင်း သိနိုင်ကြ၏။ ဧည့်သည်များလည်း ရောက်ရှိလာကြပြီး အင်မော်တယ်မျိုးဆက်မှ အကြီးအကဲသုံးဆယ်ကျော် ဆင်းသက်၍ စင်မြင့်တစ်ခု၌ နေရာယူလိုက်ပြန်သည်။
"ကောင်းကင်အရာရှိသုံးယောက်နဲ့ ဧည့်သည်တော်တွေကို ကြိုဆိုပါတယ်"
စီချင်းက ကြေညာလိုက်ပြီး ကောင်းကင်အရာရှိသုံးယောက်အနက် တစ်ယောက်သည် ထန်ကျစ်၏ မိခင် ထန်ယီလန် ဖြစ်ကာ ဆွဲဆောင်အား ပြင်းလွန်းသဖြင့် ယောကျ်ားသားများကို အာခေါင်ခြောက်၍ တံတွေးမျိုချသွားစေသည်။ ထန်ယီလန်အနားတွင် ခရမ်းရောင်ဝတ်ရုံနှင့် ကောင်းကင်အရာရှိချင် ရှိနေပြီး ချင်လန်၏ အစ်ကို ဖြစ်၏။ နောက်ဆုံး ကောင်းကင်အရာရှိသည် ဆံပင်ဖရိုဖရဲနှင့် ဒယိမ်းဒယိုင် ရပ်နေပြီး မူးယစ်နေပုံပေါ်သော်လည်း နားလည်နိုင်ရန် အခက်အခဲဆုံးပင်။ ထန်ယီလန်၊ ချင်ကျန်း၊ ကျူးကျန်း ဆိုသော အင်မော်တယ်မျိုးဆက် နယ်မြေများမှ ထိပ်တန်း ကောင်းကင်အရာရှိသုံးယောက် ရောက်ရှိလာသဖြင့် သခင်ရွေးချယ်ပွဲက ပို၍ ခမ်းနားထည်ဝါလာခဲ့သည်။
"ယွမ်ရှောင် ဘယ်ရောက်နေတာလဲ"
ဖုန်းချင်းက ယွမ်တဟဲထံ တစ်ချက်လှမ်းကြည့်၍ မေးလိုက်ခြင်း ဖြစ်လေသည်။