← Chapters

လူသတ်မှု

Vol. 32 Ch. 421

လူသတ်မှု

Vol. 32 Ch. 421

ဟူယန်ချင်း ဘုန်းခနဲ လဲကျသွားသည်နှင့် တပြိုင်နက် နောက်စေ့မှ သွေးများ စီးထွက်လာကာ တိုက်ပွဲ စတင်ပြီး အသက်ရှူချိန် သုံးကြိမ်အကြာမှာပင် အဆုံးသတ်ခံလိုက်ရသည်။ ကျောင်းတော် တပည့်ပေါင်းများစွာသည် ရေးဖြေစာမေးပွဲတွင် အမှတ်အများဆုံး ရခဲ့သော လူတစ်ယောက်က စည်းမျဥ်း ချိုးဖောက်၍ လူသတ်လိုက်သောကြောင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။ လူအုပ်၏ အကြည့်က စီချင်းနှင့် အကြီးအကဲများထံ ပြိုင်တူ ကျရောက်သွားကာ စန်းနန်လည်း တိုက်ပွဲကွင်းအတွင်း ဝင်ရောက်သွားခဲ့သည်။ ဟူယန်ချင်းမှာ ရုတ်တရက် အသတ်ခံလိုက်ရသောကြောင့် မျက်လုံးများပင် ပြူးကျယ်နေဆဲဖြစ်ကာ တိုက်ပွဲ၌ ယွမ်ရှောင်အား ကိုင်တွယ်ရန် အမိန့်ပေးခံထားရသော်လည်း အလောင်းဖြစ်သွား၏။

လူသတ်မှု ဖြစ်ပျက်ခဲ့သည်မှာ အင်မော်တယ်မျိုးဆက်များ၏ ပိုင်နက်ဖြစ်သော ဆန်းကြယ်ဘုရားကျောင်းဖြစ်နေ၍ လက်လွှတ်ပေးမည် မဟုတ်ပေ။ စန်းနန်က လူသတ်လိုစိတ်ဖြင့် လှည့်ကြည့်လိုက်ရာ ယွမ်ရှောင်သည် လန်ရီနှင့် ရယ်ရယ်မောမော ပြောဆိုနေခဲ့၏။

"အကြီးအကဲ ဆန်းကြယ်ဘုရားကျောင်းရဲ့ သခင်ရွေးချယ်ပွဲမှာ လူသတ်ခွင့် ရှိလား"

ထန်ယီလန်၏ မေးခွန်းကို ကြားလိုက်သောအခါ စီချင်း မဖြေခင်မှာပင် ယွမ်ရှောင်က ဖြတ်ပြောလိုက်သည်။

"တိုက်ခိုက်ရေး ပြိုင်ပွဲမှာ အန္တရာယ်တွေ ရှိတတ်တယ်။ လက်နက်တွေမှာ မျက်လုံး မပါဘူး။ ကြောက်ရင် နုတ်ထွက်လိုက်ကြပေါ့"

ကောင်းကင်အရာရှိတစ်ယောက်က လူပုံအလယ် နှုတ်လှန်ထိုးခြင်း ခံရမည်ကို မျှော်လင့်မထားသဖြင့် ဒေါသတကြီး ဖြစ်သွား၏။

"ဒါက မတော်တဆ မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိ လူသတ်တာပဲ"

"မဟုတ်ဘူး။ လမ်းပြအသင်းရဲ့ ပါရမီရှင်က ဓားတစ်ချက်တောင် မခုခံနိုင်လောက်အောင် အားနည်းနေတာ သက်သက်ပဲ"

သူမက စွပ်စွဲ အပြစ်တင်လိုက်သောအခါ တစ်ဖက်လူသည် လမ်းပြအသင်းကို ပေါ်တင်လှောင်ပြောင်ခဲ့သောကြောင့် အယောက်တစ်ရာကျော်လုံး မျက်နှာများ မည်းနက်ကုန်သည်။

"ဘုရားကျောင်းအကြီးအကဲ ဒီလူသတ်သမားကို ပညာပေးရမယ်။ မဟုတ်ရင် ကျောင်းတော်အတွင်းမှာ ပဋိပက္ခတွေ ဖြစ်လာလိမ့်မယ်"

"ဆန်းကြယ်ဘုရားကျောင်းက မင်းတို့လို အပြင်လူတွေ စွက်ဖက်နေရမှာ မဟုတ်ဘူး။ ဒါက စည်းမျဥ်းအတိုင်း လုပ်ဆောင်တဲ့ နေရာ"

သူမက စီချင်းထံ ပြောလိုက်သော်လည်း ယွမ်ရှောင်မှာ အဆက်မပြတ် ဝင်ရောက် ချေပနေ၏။

"ကျုပ် မှားနေသလား။ သခင်ရွေးချယ်ပွဲက ဘုရားကျောင်းရဲ့ ဥပဒေအတိုင်း ကျင်းပတယ်။ အပြင်လူတွေက ဘာကြောင့် ဝင်ရောက်စွက်ဖက်နိုင်နေတာလဲ"

အင်မော်တယ်မျိုးဆက်များနှင့် ဧည့်သည်တော်များ ဒေါသထွက်နေစဥ် သူက စီချင်းထံ စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။

"တိတ်စမ်း။ ဘုရားကျောင်းက ဥပဒေအတိုင်း ဆောင်ရွက်မှာပါ။ စိတ်မပူပါနဲ့"

သူမက ဆူဆူပူပူ ဖြစ်နေသော လူအုပ်ကို ငေါက်ငမ်း၍ ထန်ယီလန်အား ကတိပေးလိုက်သည်။ ကျောင်းတော်၏ တပည့်များသည် ဥပဒေအားကိုးဖြင့် ကောင်းကင်အရာရှိကို ပေါ်တင်စိန်ခေါ် ​နေသည့် ယွမ်ရှောင်အား မလေးစားဘဲ မနေနိုင်တော့ပေ။ အင်မော်တယ်မျိုးဆက်နှင့် သူ၏ ရန်ငြှိုးက ပိုမိုနက်ရှိုင်းလာ၍ မည်သို့ အဆုံးသတ်မည်မှာ စွမ်းရည်အပေါ် မူတည်သည်။ ထန်ယီလန်မှာ လူပုံအလယ် နောက်ဆုတ်ပေးလိုက်ရသဖြင့် ဒေါသမီး တောက်လောင်နေကြောင်း လူတိုင်း သိနိုင်ပြီး မျက်နှာအမူအရာ တည်ငြိမ်ဟန်ဆောင်ထား၏။

"လူငယ်မျိုးဆက်က ကိုယ့်ပြဿနာကိုယ် ဖြေရှင်းရမယ်။ အမြဲတမ်း လူအိုကြီးတွေက ဝင်ဖြေရှင်းပေးနေရရင် လှောင်ပြောင်စရာ ဖြစ်လာတယ်"

ယွမ်ရှောင်က ထပ်မံ စော်ကားလိုက်သောအခါ နေရာတစ်ခုလုံး တိတ်ဆိတ်သွား၍ အင်မော်တယ်မျိုးဆက် လူငယ်များ အေးစက်လာကာ မည်သူမျှ ပေါ်တင်မစော်ကားရဲခဲ့သော သူတို့၏ မာန ထိပါးခံလိုက်ရသည်။

"ဒီကောင်လေးက စကားပြောကောင်းသားပဲ။ ကလေးတွေကို ကိုယ့်ကိစ္စကိုယ် ဖြေရှင်းခိုင်းလိုက်။ အကြီးအကဲတွေက စွက်ဖက်တာ မသင့်တော်ဘူး"

အရက်မူးနေပုံပေါ်သော ​ကောင်းကင်အရာရှိ ကျူးကျန်းက ဝင်ပြောလိုက်ခြင်းဖြစ်ကာ ယွမ်တဟဲနှင့် ဖုန်းချင်းထံ စိုက်ကြည့်နေ၏။ ဆိုလိုသည်မှာ လူငယ်မျိုးဆက်က ရန်ငြှိုးကို အချင်းချင်း ဖြေရှင်းရမည်ဖြစ်၍ ထိုအကြီးအကဲနှစ်ယောက်လည်း ယွမ်ရှောင်အား ကာကွယ်မပေးသင့်ချေ။

"မင်းတို့ ဒါကို တမင်စီစဥ်ထားတာမလား"

ထို့နောက် သူက ထန်ယီလန်ကို တီးတိုးမေးလိုက်သည်။

"နည်းနည်းလောက် ကောက်ကျစ်ပေးမှ ဒီကောင့်ကို ထောင်ချောက်ထဲ ခေါ်နိုင်မှာပေါ့။ ယွီချန်ရဲ့ နယ်မြေမှာ အကြောင်းပြချက်မရှိ သတ်လို့မရဘူး"

"ဟုတ်တယ်။ ကလေးတွေရဲ့ သတ်ဖြတ်လိုစိတ်က တောက်လောင်နေပြီ"

ချင်ကျန်းကလည်း ဝင်ပြောလိုက်ပြီး ထန်ယီလန်အား စော်ကားခဲ့သော ယွမ်ရှောင်အပေါ် ထန်ကျစ်နှင့် လမ်းပြအသင်းသားများ ဒေါသူပုန်ထနေပြီ ဖြစ်၏။

"အကို စိတ်မပူနဲ့။ ဒီကောင့်ရဲ့ လျှာကို ဆွဲထုတ်ပြီး သတ်ပစ်မယ်"

ထန်ယုရယ်၏ မျက်လုံးများ သွေးရောင်တောက်နေသည်။

"ယုအာ မင်းက ကြင်နာတတ်တယ်။ ဒီကောင့်ကို ငါတို့ ကိုင်တွယ်လိုက်မယ်။ မင်းက ညစ်ညစ်ပတ်ပတ် နည်းလမ်းတွေ နားမလည်ဘူး"

စန်းနန်က တီးတိုး ဟန့်တားလိုက်သည်။

"ဒီကောင်က အမေ့ကို စော်ကားခဲ့တယ်။ သူ့မျက်နှာကို နောက်ထပ် မမြင်ချင်တော့ဘူး"

တိုက်ခိုက်ရေးပြိုင်ပွဲသို့ ရောက်လာသော လူငယ်အယောက်သုံးဆယ်မှာ ဒေါသကို ထိန်းချုပ်ထားပြီး သူတို့ အချင်းချင်း တိုက်ပွဲများမှာ လျင်လျင်မြန်မြန် ပြီးဆုံးသွားခဲ့၏။ ၁၆ယောက်အဆင့်က ချက်ချင်း ရောက်ရှိလာကာ မျှော်လင့်ထားသည့်အတိုင်း ယွမ်ရှောင်ကို တိုက်ခိုက်ရန် ခွဲတမ်းကျသူမှာ ထန်ယုရယ် ဖြစ်နေသည်။

"မင်း အရှုံးပေးလိုက်။ စန်းနန် ကိုင်တွယ်ပေးလိမ့်မယ်"

"မရဘူး။ အမေကို စော်ကားတဲ့အတွက် သင်ခန်းစာပေးရမယ်"

ထန်ကျစ်က လေးနက်စွာ အကြံပေးလိုက်သော်လည်း သူမက နားမထောင်ဘဲ ခေါင်းမာစွာ တိုက်ပွဲကွင်းအတွင်း ဝင်ရောက်သွား၏။ ခြေချလိုက်သည်နှင့် တပြိုင်နက် မြေပြင်က အေးခဲသွားကာ အရိုးကွဲလောက်သည့် အအေးဓာတ် ပျံ့နှံ့လာသည်။ လူတိုင်း စကားများ ရပ်တန့်၍ တိုက်ပွဲ ကြည့်ရှုရန် အာရုံစိုက်လာကြ၏။

"ဟူယန်ချင်းကို ဘာလို့ သတ်ခဲ့တာလဲ"

"ဒီကောင်က ငါ့ကို အဆင့်နိမ့်ကမ္ဘာရဲ့ အရိုင်းအစိုင်းလို့ ခေါ်ခဲ့တယ်"

"ဒါက သေလောက်တဲ့ ပြစ်မှုလား"

"မင်းလို မောက်မာတဲ့ မိန်းမတစ်ယောက်က နားလည်မှာ မဟုတ်ဘူး"

ထန်ယုရယ်က ဒေါသကြောင့် မျက်နှာတစ်ခုလုံး အရောင်ပြောင်းကာ အဖြူရောင်မီးလျှံများ တောက်လောင်နေသည့် ရေခဲလှံတစ်ချောင်း ဆွဲထုတ်လိုက်သည်။ ၎င်းက အဆင့်မြင့်ယင်ရတနာ နှင်းကျောက်စိမ်းလှံ ဖြစ်ပြီး သူမသည် အခြေတည်အဆင့် ချီစက်ဝန်းနယ်ပယ်ဖြစ်ကာ ယိုယွင်းမှုနယ်ပယ်ရောက်ရန် သိပ်မလိုတော့ချေ။ ဒန်တန်အတွင်းရှိ ချီစက်ဝန်း လည်ပတ်လာသောအခါ ဧရာမ ရေခဲစက်ဝိုင်းကြီး တစ်ခု ပုံရိပ်ထင်လာ၍ ချီစွမ်းအင်များ စုစည်းကာ သူမ၏ ခန္ဓာကိုယ်အတွင်း တိုးဝင်လာခဲ့၏။

"လူသတ်သမား သေလိုက်စမ်း"

ထန်ယုရန်က ရေခဲနှင့် မီး ပေါင်းစပ်တောက်လောင်နေသည့် လှံကို ဝင့်ကာဝင့်ကာဖြင့် ရေခဲပြင်အထက် လျှောတိုက် ပြေးထွက်လာရင်း ယွမ်ရှောင်ထံ ထိုးသွင်းလိုက်လေသည်။

All Chapters