← Chapters

စွမ်းအားသုံးပါး ပထမ ဓားချက်

Vol. 32 Ch. 422

စွမ်းအားသုံးပါး ပထမ ဓားချက်

Vol. 32 Ch. 422

ထန်ယုရယ်သည် ယိုယွင်းမှုနယ်ပယ်အောက်တွင် ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်ပြသခဲ့သဖြင့် လူတိုင်း လေးစားမိကြသည်။

"နှင်းပိုင်နက်"

သူမက လှံကို ယမ်းခါလိုက်ရုံဖြင့် နှင်းခဲများနှင့် မီးတောက်များ ပြန့်ထွက်လာကာ ပိုင်နက်တစ်ခု ဖွဲ့စည်း၍ ယွမ်ရှောင်ထံ တဖွဲဖွဲ ကျဆင်းလာ၏။ သူက နှင်းမုန်တိုင်း၏ ဗဟိုချက်၌ ပိတ်မိနေသော်လည်း မျက်လုံးမှိတ်၍ ကောင်းကင်သင်္ချိုင်းဓားရှည်ကို ထုတ်လိုက်သည်။ ၎င်းက လျှို့ဝှက်ဆန်းကြယ် တုန်ခါသွား၍ ရေခဲနှင့် မီးတောက် ပိုင်နက် တစ်ခု ဖြစ်တည်လာကာ ဥက္ကာပျံများကဲ့သို့ မိုးပြာရောင် ဓားအလင်းများ ပြည့်နှက်နေ၏။

"ထန် ထန် ထန်"

ဓားနှင့် လှံက ခဏအတွင်း ဆယ်ကြိမ်ထက်မနည်း တွေ့ဆုံသွားကာ ကိုယ်ပိုင်သိုင်းပညာဖြင့် ပြန်လည် တိုက်ခိုက်ခံလိုက်ရသောအခါ ထန်ယုရယ်ကို ဒေါသထွက်သွားစေသည်။ ဓားက လှံချက်တိုင်းကို တိတိကျကျ ရင်ဆိုင်နေပြီး နှင်းပိုင်နက်သိုင်းပညာအား တစ်ထပ်တည်း ထုတ်ဖော်ပြသထား၏။

"ထန်ယီလန် သူက နှင်းပိုင်နက်ကို ဘယ်လိုလုပ်တတ်မြောက်နေရတာလဲ"

"မဖြစ်နိုင်ဘူး။ ဒီသိုင်းပညာကို မိန်းကလေးတွေဆီသာ လက်ဆင့်ကမ်းပေးတာ"

ဤအချက်ကို လူတိုင်း ထင်ထင်ရှားရှား မြင်လိုက်ရသဖြင့် ချန်ကျန်းမှာ မျက်မှောင်ကြုတ်၍ မေးလိုက်သော်လည်း ထန်ယီလန်၌ အဖြေမရှိချေ။

"မင်း ငါ့ကို မယှဥ်နိုင်ဘူး။ အရှုံးပေးစမ်း"

"သေစမ်း"

နှင်းမုန်တိုင်းအကြား နဂါးတစ်ကောင်ပမာ လူးလွန့်နေသော ယွမ်ရှောင်က အထင်သေးစွာ မောင်းထုတ်လိုက်သဖြင့် ထန်ယုရယ်မှာ ပို၍ ဒေါသထွက်လာ၏။ သူမက ကျောက်စိမ်းနေ သိုင်းကွက်ကို ထုတ်ဖော်လိုက်ရာ လှံသည် နေဝင်ချိန် နေတစ်စင်းအလား ထိုးစိုက်သွားသည်။ သူကလည်း ဤသိုင်းကွက်ကို ကျွမ်းကျင်စွာ ကူးယူ၍ ဓားဖြင့် ပြန်လည် အသုံးပြုပြလိုက်သောအခါ တုန်လှုပ်သွားစေသည်။

"မင်းကို မသတ်ချင်ဘူး"

သူက မျက်မှောင်ကြုတ်၍ ထန်ယုရယ်အား ကန်ထုတ်လိုက်သဖြင့် ချီနှင့် သွေး ပြောင်းပြန်လန်သွားလောက်၏။

"နှင်းမုန်တိုင်းသိုင်း"

သူမက အရူးတပိုင်းဖြင့် နောက်ထပ် တိုက်ခိုက်လိုက်သော်လည်း တစ်ဖက်လူသည် ထိုနှင်းမုန်တိုင်း စွမ်းအားများဖြင့် တစ်သားတည်း ဖြစ်၍ ဓားတစ်လက် ဖောက်ထွက်လာ၏။ ၎င်းက သူမ၏ လည်မျိုထံ တည့်တည့်ဝင်ရောက်လာ၍ သွေးစို့ရုံမျှ ထိုးဖောက်သွားသောအခါ ထန်ယုရယ်မှာ သေပြီဟု ထင်မှတ်ပြီး အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့၏။ ထန်ယီလန်လည်း ချက်ချင်း ထရပ်လိုက်မိပြီး တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေပုံပေါ်သည်။

"ဘာကြောင့် ငါ့ကို မသတ်တာလဲ"

"စိတ်မပါလို့"

"နင်က ငါ့နောက်ခံကို ကြောက်နေလို့ မသတ်ရဲတာမလား"

"ကောင်းပြီ။ အခု သတ်ချင်သွားပြီ"

"တိုက်ပွဲက ပြီးပြီ။ ရပ်လိုက်ပါတော့ကွာ"

ယွမ်ရှောင်က ဓားဖျားကို ဖိသွင်းရန် အသင့်ဖြစ်နေစဥ် ယွမ်တဟဲ ချက်ချင်း ပြေးထွက်လာကာ အသည်းအသန် တားမြစ်လိုက်ရ၏။ ထန်ယုရယ်မှာ ကိုယ်ပိုင် သိုင်းပညာဖြင့် အရှက်တကွဲ အနိုင်ယူခံလိုက်ရသဖြင့် ရှိုက်ကြီးတငင် ငိုကြွေးရင်း မိခင်ထံ ပြေးသွားခဲ့သည်။ တစ်ဖက်လူသည် သူမ၏ သိုင်းကွက်များကို ပိုမိုကောင်းမွန်အောင် အသုံးပြလိုက်သောကြောင့် မထူးဆန်းပေ။ လန်ရီ ရွေးချယ်ထားသူသည် သိုးရေခြံ ဝံပုလွေတစ်ကောင် ဖြစ်နေသဖြင့် လူပေါင်းများစွာ၏ အမြင်က ချက်ချင်း ပြောင်းလဲသွား၏။ ထန်ယုရယ် ရှုံးနိမ့်သွားသဖြင့် ယွမ်ရှောင်က နောက်တစ်ဆင့် တက်သွားသောအခါ စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အင်မော်တယ်မျိုးဆက်များမှာ စန်းနန်ထံ အကြည့်ရောက်ကုန်သည်။

"ဒီကောင်က ချီစက်ဝန်း အဆင့်တွေကိုတော့ အနိုင်ယူနိုင်ပေမယ့် ယိုယွင်းမှုနယ်ပယ်အကြောင်း မသိလောက်ဘူး။ ဒါပေမယ့် မပေါ့ဆနဲ့"

"ယိုယွင်းမှုနယ်ပယ်အောက်က ဘယ်သူမဆို ပိုးကောင်းသာသာပါပဲ။ သူက ယုရယ်ကို မသတ်ခဲ့တော့ နောက်ခံကို ကြောက်တတ်တယ်။ ငါ ဂရုစိုက်မှာပါ"

ချင်ကျစ်ယွဲ့က ထောက်ပြ၍ စန်းနန်သည်လည်း ပြိုင်ဘက်ကို အထင်သေးတတ်သူတစ်ယောက် မဟုတ်ချေ။ သူတို့က ကျန်ပြိုင်ပွဲဝင်များကို တိုက်ပွဲအား မြန်မြန်အဆုံးသတ်ရန် ညွှန်ကြားခဲ့ပြီး ယွမ်ရှောင်မှအပ အားလုံးသည် ထန်ကျစ်အတွက် အဖြည့်ခံသာ ဖြစ်၏။ မျက်စိတမှိတ်အတွင်း ရှစ်ယောက်အဆင့် ရောက်ရှိလာကာ စန်းနန်သည် ယွမ်ရှောင်နှင့် ရင်ဆိုင်ရမည် ဖြစ်ကာ ကျော်ဖြတ်နိုင်လျှင် အမှတ်များအရ နောက်ထပ်တိုက်ခိုက်ရမည့် ပြိုင်ဘက်မှာ ထန်ကျစ် ဖြစ်နိုင်သည်။

"သူက စန်းနန်ကို ကျော်ဖြတ်နိုင်မယ်လို့ ထင်လား"

"သူ အနိုင်ရဖို့ မျှော်လင့်ထားပေမယ့် ယိုယွင်းမှုနယ်ပယ်က မလွယ်ဘူး။ သူတို့က အဆင့်တူချင်းမှာ မဟုတ်တဲ့အပြင် လမ်းပြအသင်းရဲ့ ခေါင်းဆောင်သုံးယောက်ကို သေချာပျိုးထောင်ပေးထားတာ"

လူအုပ်က စိတ်အားထက်သန်စွာ ဆွေးနွေးနေစဥ် ပြိုင်ဘက်နှစ်ယောက်က တိုက်ပွဲကွင်းအတွင်း ဝင်ရောက်လာခဲ့၏။

"ငါ့သား စိတ်အေးအေးထား"

သေရည်အိုးတစ်လုံးအတွင်း ခေါင်းစိုက်နေသည့် ကျူးကျန်းက သတိပေးလိုက်ခြင်းဖြစ်ကာ စန်းနန်၏ မျိုးရိုးအမည်မှာ ကျူးဖြစ်သည်။

"ဟုတ်ကဲ့။ ဒါက မပြောပလောက်တဲ့ အတားအဆီးတစ်ခုပါပဲ"

ထိုသားအဖ ပေါ့ပေါ့ပါးပါး ရှိနေသော မြင်ကွင်းအရ ယုံကြည်ချက်အပြည့် ဖြစ်ကြောင်း သိသာသော်လည်း ယွမ်ရှောင်က တည်ငြိမ်စွာ ရပ်နေသည်။

ပြိုင်ဘက်နှစ်ယောက်က မျက်လုံးချင်း ဆုံမိသည်နှင့် တပြိုင်နက် ဓားဆွဲထုတ်လိုက်ကြသည်။ ယွမ်ရှောင်သည် ပန်းချီကားအတွင်းမှ ချောမောလှပသည့် နတ်သားတစ်ပါးအလား ထင်မှတ်ရပြီး စန်းနန်မှာ ဧကရာဇ်တစ်ယောက်၏ အသွင်အပြင်မျိုး ထွက်ပေါ်နေ၏။ သူ၏ ဓားဝိညာဉ်က ရှည်လျားကြီးမား၍ ဓားသွားတစ်ဖက်တစ်ချက်တွင် ရွှေရောင်နှင့် အနက်ရောင် တောက်ပနေကာ ဓားအော်ရာ အလွှာလေးသိန်း ပိုင်ဆိုင်ထား၏။ ၎င်းမှာ အလယ်ယန်အဆင့် နေဝင်ချိန်ဓားဖြစ်ပြီး ဓားဝိညာဥ်များအကြား ထိပ်တန်းဖြစ်သည့်အပြင် အစွမ်းထက် ဓားစက်ကွင်း ခုနစ်ခု တပ်ဆင်ထားရာ တပည့်များကို မနာလို ဖြစ်သွားစေသည်။

"မင်းကို သတ်ဖို့ ဓားတစ်ချက်ပဲ လိုတယ်"

စကားအဆုံးတွင် ယိုယွင်းမှုနယ်ပယ် စွမ်းအားများက စန်းနန်၏ ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာကာ ဖျက်ဆီးနိုင်စွမ်း၌ မြင့်မြတ်ချီများထက် သာလွန်ပေ၏။ စွမ်းအားနှင့် ဓားကို ပေါင်းစပ်ပြီးနောက် သူက ယွမ်ရှောင်ထံ အလင်းတန်းပမာ ရုတ်တရက် ရောက်ရှိလာ၍ အလျားလိုက် ပိုင်းဖြတ်လိုက်သည်။ ခဏအတွင်း ရွှေရောင်နှင့် အနက်ရောင် ဓားအလင်းများစွာ ဖြန့်ကျက်၍ ဘီးလုံးကြီးပမာ ဖွဲ့စည်း ကျဆင်းလာ၏။

ဓားချက်၏ စွမ်းအားက တိုက်ပွဲကွင်းကို ဘုန်းခနဲ တုန်ခါသွားစေသော်လည်း ယွမ်ရှောင်က ခံစားချက်မဲ့သော မျက်နှာထားဖြင့် ရပ်နေပြီး လက်ထဲမှာ ဓားအား နဂါးတစ်ကောင်ပမာ လှုပ်ယမ်းနေသည်။

"ကောင်းကင်နဲ့ မြေကြီး ကမ္ဘာဦး တာအိုအစ ထာဝရ နယ်နမိတ် မရှိ"

ကမ္ဘာဦးစွမ်းအားသည် ဖန်ဆင်းရှင် အင်မော်တယ်၏ တစ်စိတ်တပိုင်း ဖြစ်သောကြောင့် ၎င်းနှင့် ဆက်စပ်နေသည့် စွမ်းအားသုံးပါး ဓားသိုင်း ထွက်ပေါ်လာသောအခါ ဓားကမ္ဘာငယ်တစ်ခု ဖြစ်တည်လာသည်။ တိမ်ပြာရောင်ဓားအလင်းများက ဝဲဂယက်ပမာ စုစည်း၍ လည်ပတ်နေစဥ် ဆံပင်ရှည်များ ဝေ့ဝဲနေသည့် ယွမ်ရှောင်သည် နတ်ဘုရားတစ်ပါးပမာ လှပတင့်တယ်နေ၏။

"စွမ်းအားသုံးပါး ဓားသိုင်း"

ထိုဓားကွက် ထွက်ပေါ်လာသောအခါ စန်းနန်၏ ဓားချက်မှာ စွမ်းအား ကင်းမဲ့သွားသကဲ့သို့ ပရိသတ်အားလုံး မတ်တပ်ရပ်လိုက်မိကြသည်။ မယုံကြည်နိုင်သော ဓားသမားများက အပျော်လွန်နေကြပြီး မရေမတွက်နိုင်သော အကြီးအကဲများ ဝမ်းသာလုံးဆို့နေကြ၏။

လူသားအင်မော်တယ်၏ ဓားပညာ ဆက်ခံသူတစ်ယောက်ဖြစ်သော စန်းနန်သည် စွမ်းအားသုံးပါး ဓားသိုင်းအကြောင်း လုံးဝ နားမလည်သဖြင့် ထိပ်တိုက်ရင်ဆိုင်မိလိုက်သည်။ မိုးပြာရောင် ဓားအလင်းများအောက်တွင် ယွမ်ရှောင်က ပျံတက်သွားပြီး အထက်စီးမှ ပြန်ကျလာကာ ဓားဖြင့် ထိုးသွင်းခဲ့၏။

"အဖေ..."

စန်းနန် မအော်နိုင်ခင်မှာပင် ဓားအလင်းများအကြား အမှုန့်ဖြစ်သည်အထိ နုတ်နုတ်စင်းခံလိုက်ရကာ ခန္ဓာကိုယ်ရော ဝိညာဥ်ပါ ဓားတစ်ချက်အောက်တွင် ဇာတ်သိမ်းသွားသည်။

"မင်းကို သတ်ဖို့ ငါလည်း ဓားတစ်ချက်ပဲ လိုတယ်"

ဤကား တိုက်ပွဲကွင်း ကြမ်းပြင်တွင် မိုးပြာရောင်ဓားအလင်းများကြောင့် ဖြစ်ပေါ်လာသော စာတစ်ကြောင်းပင်။

All Chapters