← Chapters

နတ်ဘုရားအဆင့်တွေးခေါ်နည်း

Vol. 5 Ch. 61

နတ်ဘုရားအဆင့်တွေးခေါ်နည်း

Vol. 5 Ch. 61

ကျိုးစုစုက ယဲ့ချန်းကို မိုတုပြည်သူ့လုံခြုံရေးဗျူရိုထဲသို့ ဆွဲခေါ်သွားလေသည်။

"ယဲ့ချန်း.. ကျွန်မ ဒီည ရှင်နဲ့ ညစာထွက်မစားနိုင်တော့ဘူးထင်တယ်။ ရှုပ်ထွေတဲ့အမှုတစ်ခု လိုက်စရာရှိသေးလို့"

"သြော် ရပါတယ်။ စကားမစပ် အမှုအကြောင်း ပြောပြလို့ရလား။ ငါ မင်းကို ကူဖြေရှင်းပေးနိုင်ချင် ပေးနိုင်မှာပေါ့"

ယဲ့ချန်းလည်း သူ၏ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်း+၉၉၉၉ကို ရုတ်တရက်အမှတ်ရလိုက်သည်။

ယခုဆိုလျှင် သူ့ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်းက စုံထောက်ကိုနန်လောက် ကောင်းနေလေပြီ။ သို့ဖြစ်ရာ ဤအမှုကို သူ ဖြေရှင်းကောင်း ဖြေရှင်းနိုင်လောက်သည်။

ကျိုးစုစုမှာမူတ တဒင်္ဂမျှကြက်သေသေသွားသည်။ သို့သော် သူ(မ)၏မျက်လုံးများကတော့ တောက်ပလင်းလက်သွားသည်။

ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျန်းသုန်းရဲ့အမှုကိုလည်း ယဲ့ချန်းပဲ ကူဖြေရှင်းပေးခဲ့တာမလား?

ကျိုးစုစု ပြောလိုက်၏။

"ကောင်းပြီလေ။ ကျွန်မနဲ့အတူလိုက်ခဲ့"

ယဲ့ချန်းက ကျိုးစုစုနှင့် ရုံးခန်းထဲသို့ လိုက်လာခဲ့သည်။

ယဲ့ချန်းကိုမြင်သောအခါ ရှောင်ချန်းလည်း အံ့အားသင့်သွားရချေသည်။

"အစ်မစုစု..နင် ဘာလို့ ကျန့်ဟန်လိုက်ပိုးတာကို လျစ်လျူရှုထားတာပါလိမ့်လို့ တွေးနေတာ။ တကယ်တော့ နင်က လက်တွဲဖော်ရှာတွေ့ထားပြီကိုး"

"ကောင်မစုတ်လေး! ပေါက်ကရတွေဆက်ပြောနေရင် နင့်ပါးစပ်ကို ဆွဲဖြဲပစ်မှာနော်။ သူက ငါ့မိတ်ဆွေ.. အမှုကိစ္စနဲ့ပတ်သက်ပြီး ငါ့ကိုကူညီပေးမလို့ရောက်လာတာ"

ကျိုးစုစုလည်း ရှက်သွေးဖြာနေသည့်ကြားက ခံပြောလိုက်၏။

ထို့နောက် ယဲ့ချန်းအား အမှုအကြောင်း အသေးစိတ်ရှင်းပြလိုက်သည်။

လောလောဆယ်မှာ သံသယရှိသူသုံးယောက်ရှိသည်။ တစ်ယောက်မှာ ပြစ်မှုကျူးလွန်ချိန်အများကြီးရသော အသားပို့သည့်လူ ဖြစ်သော်ငြား သူသည် လီဝမ်အာနှင့် ဘာပြဿနာမှမရှိဖူးသောကြောင့် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်လည်း ရှာမရချေ။

ဒုတိယတစ်ယောက်ကတော့ လီဝမ်အာ၏လက်ထောက်ပင်။ ယခုနောက်ပိုင်း သူတို့နှစ်ယောက် စာချုပ်ကိစ္စနှင့် စကားများထားကြသည်။ အခင်းမဖြစ်ခင်က ထိုလက်ထောက်သည် လီဝမ်အာအတွက် ကော်ဖီတစ်ခွက်ဖျော်ပေးခဲ့လေရာ သူ(မ)က သံသယဖြစ်စရာအကောင်းဆုံးပင်။

တတိယတစ်ယောက်မှာမူ လက်ထောက်ဒါရိုက်တာပင်။

စုံစမ်းစစ်ဆေးမှုအပြီး ဖန့်ဟွားနှင့် လီဝမ်အာတို့ အပေးအယူလုပ်နေကြသည့် ဗီဒီယိုတစ်ခုကို သူ(မ)၏ဖုန်းထဲက ရှာတွေ့ခဲ့သည်။

ဝီချက်မက်ဆေ့ချ်များအရ လီဝမ်အာက ပြသချိန်ပိုရရန်အတွက် ဤဗီဒီယိုဖြင့် ဖန့်ဟွားကို ခြိမ်းခြောက်နေခဲ့သည်။

လီဝမ်အာက ဖန့်ဟွားကို ကွာရှင်းရန်အတွက် ဆက်တိုက်ဖိအားပေးနေခဲ့သည်ကို တွေ့ရှိခဲ့ရသဖြင့် သူလည်း အဓိကသံသယရှိသူများစာရင်းတွင် ပါဝင်လေသည်။

လေးယောက်မြောက်မှာ ဤအစီအစဉ်၏ ဒုတိယဇာတ်လိုက်မင်းသမီးဖြစ်၏။

သူတို့နှစ်ယောက်က ဖျော်ဖြေရေးကုမ္ပဏီတစ်ခုတည်းရှိ အနုပညာရှင်များ ဖြစ်သည်။ လီဝမ်အာ၏ ပါဝင်ပတ်သက်မှုကြောင့် သူ(မ)မှာ အဓိကဇာတ်လိုက်အဖြစ်မှ ဒုတိယဇာတ်လိုက်အဖြစ်သို့ ရာထူးလျှော့ခံလိုက်ရသည်။

သို့သော် သူ(မ)တွင် ပြစ်မှုကျူးလွန်ရန် အချိန်လည်းမရှိသလို အခွင့်အရေးလည်း မရှိပေ။ ထို့ကြောင့် သူ(မ)ကို သံသယရှိသူစာရင်းမှ ဖယ်ထုတ်ထားခဲ့သည်။

ယဲ့ချန်းက ထိုလူသုံးယောက်၏ အချက်အလက်များကို ကြည့်ပြီး သူ့စိတ်ထဲတွင် ကျိုးကြောင်းဆက်စပ်တွေးခေါ်ကြည့်လိုက်သည်။

ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် အထဲသို့ ဝင်လာလေသည်။

ထိုလူ၏ခန္ဓာကိုယ်မှာ ကြံ့ခိုင်သန်စွမ်းပြီး ပင်ပန်းနွမ်းနယ်နေသော အမူအရာဖြင့် ချောမောမှုတစ်စွန်းတစ်စကလည်း ထွက်ပေါ်နေသေးသည်။

"အမှုက တိုးတက်မှုရှိတယ်။ သံသယရှိသူက လက်ထောက်ဒါရိုက်တာဖန့်ဟွားပဲ"

ထိုလူက အခန်းထဲသို့ဝင်လာရင် မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

"ဖန့်ဟွားလား"

ကျိုးစုစု အတန်ငယ်လန့်ဖျပ်သွားရသည်။

"ဟုတ်တယ်။ သူပဲ။ ငါတို့ရဲ့စုံစမ်းစစ်ဆေးမှုအရဆိုရင် ဖန့်ဟွားက အဲဒီမတိုင်ခင်တစ်ရက်တုန်းက ပိုတက်ဆီယမ်ဆိုင်ယာနိုက်ကို ဝယ်လာခဲ့တယ်တဲ့။ ပြီးတော့ သူ့မှာ သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်တစ်ခုလည်း ရှိနေပြီးသားဆိုတော့ ငါတို့ ဒီလိုကောက်ချက်ချလိုက်တယ်"

ကျိုးစုစု ​ပြန်ပြောလိုက်သည်။

"စုံစမ်းစစ်ဆေးမှုအရ ဖန့်ဟွားက လီဝမ်အာကို အာလူးကြော်ကျွေးခဲ့သေးတယ်။ အဆိပ်က အာလူးကြော်ထဲမှာပါတာလား"

"သိပ်တော်တယ်"

ရန်ပင်းက စိတ်ကျေနပ်စွာ ပြုံးလိုက်လေသည်။ ထို့နောက် ဘေးနားတွင် မျက်မှောင်ကြုတ်လျက် ထိုင်နေသော ယဲ့ချန်းကို မြင်လိုက်သည်။

ယဲ့ချန်းကလည်း အလွန်ချောမောခန့်ညားပေသည်။ ရန်ပင်းမှာ ကျိုးစုစုကို တစ်ချိန်လုံးသဘောကျလာခဲ့သူဖြစ်၏။ ထို့ကြောင့် ကျိုးစုစုနှင့် ချောမောခန့်ညားသော အမျိုးသားတစ်ယောက်ကို တွဲမြင်လိုက်ရသောအခါ သူ အလွန်စိတ်ဆိုးသွားသည်။

အရေးအကြီးဆုံးအချက်မှာ ယဲ့ချန်းက သူ့အား အန္တရာယ်အငွေ့အသက်မျိုး ပေးနေလေသည်။

"ဒါကဘယ်သူလဲ"

"ကျွန်မရဲ့မိတ်ဆွေပါ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျန်းသုန်းရဲ့အမှုကို သူပဲ ကူဖြေရှင်းပေးခဲ့တာလေ။ အဲဒါကြောင့် ဒီအမှုကိုလည်း ကူစဉ်းစားခိုင်းမလို့"

"အဓိပ္ပာယ်မရှိတာ။ ရုပ်ရှင်ရိုက်နေတယ်များ ထင်နေလား။ အမှုတစ်ခုကို ဘယ်သူမဆို ဖြေရှင်းလို့ရတယ်ပေါ့လေ"

ရန်ပင်း ဒေါသူပုန်ထသွားသည်။

"ပြီးတော့ ငါတို့ရဲ့အမှုတွဲဖိုင်တွေက လျှို့ဝှက်ထားရတာ။ ကျိုးစုစု..အခုလိုလုပ်တာ မင်း စည်းမျဉ်းချိုးဖောက်နေတာပဲ။ နားလည်လား"

ရန်ပင်း ခပ်ကြမ်းကြမ်းပင် ဆက်ပြောလိုက်သည်။

ရုံးခန်းထဲရှိ လေထုမှာ အတန်ငယ်တင်းမာသွားလေသည်။

ကျိုးစုစုနှင့်ပတ်သက်လာလျှင် အမြဲနူးညံ့ညင်သာနေကျ ရန်ပင်းက ဒေါသထွက်နေသည်မှာ ပထမဆုံးအကြိမ်ပင်။

ကျိုးစုစုလည်း ထိတ်လန့်သွားရသဖြင့် စကားတစ်ခွန်းမှ မပြောရဲပေ။

ယဲ့ချန်း မတ်တတ်ထရပ်ပြီး ရန်ပင်းကို ကြည့်လိုက်သည်။

"ကျွန်တော်က ရဲအရာရှိမဟုတ်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အမှုကို ကျွန်တော်ဖြေရှင်းနိုင်တယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ စုံစမ်းစစ်ဆေးရေးတစ်ခုလုံး မှားနေပြီ။ လူသတ်သမားက ဖန့်ဟွားမဟုတ်ဘူး။ တခြားလူတစ်ယောက်"

"ဘာ?"

ယဲ့ချန်း၏စကားကြောင့် ရုံးခန်းထဲတွင် တစ်ဖန်တိတ်ဆိတ်သွားပြန်လေသည်။

ရန်ပင်းက ရဲတပ်ဖွဲ့ထဲတွင် နတ်ဘုရားအဆင့် စုံထောက်တစ်ယောက်တစ်ယောက်ဖြစ်ပြီး အံ့ဖွယ်ကောင်းလောက်သည့် အမှုဖြေရှင်းနိုင်စွမ်း ကိုးဆယ့်ရှစ်ရာခိုင်နှုန်းရှိသူတစ်ယောက်ပင်။

ထို့ပြင် ရဲတပ်ဖွဲ့ထဲရှိ မည်သူကမှ သူ့အား မေးခွန်းမထုတ်ရဲပေ။

သို့သော် ယဲ့ချန်းကတော့ ရန်ပင်း၏စုံစမ်းစစ်ဆေးရေးက မှားယွင်းနေသည်ဟု ဆိုလာချေသည်။ အတည်ပြုထားသော သံသယရှိသူက လူမှားနေသည်တဲ့။

ရန်ပင်းလည်း အံ့သြမှင်တက်သွားချေသည်။ ထို့နောက် သူ့နှုတ်ခမ်းထက်၌ မိမိကိုယ်ကိုယုံကြည်မှုရှိသောအပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

"ငါ့ရဲ့စုံစမ်းစစ်ဆေးမှုက မှားနေတယ်လို့ ပြောချင်တာလား။ အတည်ပြုထားတဲ့သံသယရှိသူက မှားတယ်ပေါ့။ ကောင်းပြီလေ။ ဒါဆို တရားခံအစစ်က ဘယ်သူလဲဆိုတာ ပြောစမ်းပါဦး"

ရန်ပင်း အေးတိအေးစက်ပြောလိုက်လေသည်။

လူတိုင်း၏မျက်လုံးများက ယဲ့ချန်းထံသို့ ကျရောက်သွားသည်။

"ဒီလူက ဘယ်ကရောက်လာတာလဲ ခေါင်းဆောင်ရန်ကိုတောင် မေးခွန်းထုတ်ရဲရတယ်လို့"

"ဒီကောင်လေး စုံထောက်ဝတ္ထုတွေအဖတ်များပြီး သူ့ကိုယ်သူနာမည်ကျော်စုံထောက်လို့ ထင်နေတာဖြစ်မယ်"

"ငါတို့ရဲ့ရာဇဝတ်မှုစုံစမ်းရေးအဖွဲ့က တရားခံကိုဖော်ထုတ်ဖို့အတွက် မနားမနေကြိုးစားထားရတာ။ ဘယ်လိုလုပ်မှားနိုင်မှာလဲ။ ဒီကောင်လေးက တော်တော်မာန်တက်နေတာပဲ"

......

အခြားရာဇဝတ်မှုစုံစမ်းစစ်ဆေးသူများကလည်း ယဲ့ချန်းကို မကျေမချမ်းဟန်ဖြင့် ကြည့်လိုက်ကြသည်။

ကျိုးစုစုမှာ ယဲ့ချန်းကိုကြည့်ရင်း အတန်ငယ်စိတ်လှုပ်ရှားနေသည်။

သံသယရှိသူကို စုံစမ်းစစ်ဆေးမှုများနှင့် သဲလွန်စစုဆောင်းရေးမှတစ်ဆင့် အတည်ပြုထားခြင်းဖြစ်၏။ ယဲ့ချန်းက မှုခင်းမှတ်တမ်းကို တစ်ချက်ကြည့်ရုံမျှဖြင့် တရားခံကို မည်သို့အတည်ပြုနိုင်ခဲ့သလဲ။

ယဲ့ချန်းလည်း ခပ်ပြုံးပြုံးလေး ပြောလိုက်၏။

"ဖန့်ဟွားက တရားခံလို့ ခင်ဗျားပြောလိုက်တာနော်။ ဒါပေမဲ့ မှတ်တမ်းတွေအရ ဖန့်ဟွား လီဝမ်အာကိုပေးခဲ့တဲ့ အာလူးကြော်ကို ရိုက်ကူးရေးဝန်ထမ်းက စီစဉ်ပေးခဲ့တာ။ အထုပ်ကလည်း အလုံပိတ်ထားတာ။ နောက်မှ ဖန့်ဟွားက အထုပ်ကိုဖောက်ပြီး နစ်နာသူကို ပေးခဲ့တယ်။ သူ့မှာ အဆိပ်ခတ်ချိန်မရှိဘူး"

ယဲ့ချန်း၏စကားများကို ကြားသောအခါ လူတိုင်း အံ့သြတုန်လှုပ်သွားလေသည်။

သူတို့အားလုံး စောင့်ကြည့်မှတ်တမ်းကို ကြည့်ထားပြီးဖြစ်၏။ ယဲ့ချန်းပြောသည့်အတိုင်း တစ်ထေရာတည်းပင်။

"ဒါပေမဲ့ သူသာ လူသတ်သမားမဟုတ်ဘူးဆိုရင် ပိုတက်ဆီယမ်ဆိုင်ယာန်ိုက်ကို ဘာလို့ဝယ်ခဲ့တာလဲ"

ရန်ပင်း မေးခွန်းထုတ်လိုက်သည်။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"သူသတ်ဖို့ကြံရွယ်ထားတာ လီဝမ်အာဆိုတာ သေချာလို့လား"

"ရှင်ဆိုလိုချင်တာက ဖန့်ဟွားက သူ့မိန်းမကိုသတ်ဖို့ ကြံစည်ခဲ့တာလား"

ကျိုးစုစု၏မျက်ဝန်းများ တောက်ပသွားသည်။

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။

"တော်တော်ဖြစ်နိုင်ခြေရှိတယ်။ လီဝမ်အာရဲ့လက်ထောက်က လီဝမ်အာနဲ့မတည့်ဘူးဆိုပေမဲ့ အသက်အန္တရာယ်ပေးရလောက်တဲ့အထိတော့ မဟုတ်ဘူး။ အဲဒါကြောင့် တကယ့်တရားခံအစစ်က ဒုတိယဇာတ်လိုက်မင်းသမီး ကျိုးလင်းလင်းပဲ"

"ကျိုးလင်းလင်းလား?"

ယဲ့ချန်း၏အကဲဖြတ်ချက်ကြောင့် ရန်ပင်း ရုတ်တရက် ရယ်လိုက်လေတော့သည်။

"ယဲ့ချန်း..မင်းရဲ့ကျိုးကြောင်းသင့်စဉ်းစားနိုင်စွမ်းက ကောင်းသားပဲ။ စုံထောက်ဝတ္ထုရေးရင် မဆိုးဘူး။ ငါတို့ရဲ့စုံစမ်းစစ်ဆေးမှုအရ ကျိုးလင်းလင်းက ပြစ်မှုကျူးလွန်နိုင်ခြေမရှိဘူး။ အဲဒါကြောင့် သူ့ကို အရင်ဆုံးဖယ်ထုတ်ထားခဲ့တာ"

"ဟုတ်တယ်.. ငါတို့ရဲ့စုံစမ်းစစ်ဆေးရေးရလဒ်အရ ကျိုးလင်းလင်းနဲ့ လီဝမ်အာတို့က ဆက်ဆံရေးကောင်းတယ်။ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

နောက်ထပ်စုံထောက်တစ်ယောက်ကလည်း ဝင်မေးလာလေသည်။

"ကောင်းပြီ။ အချိန်ဖြုန်းမနေကြနဲ့တော့။ အားလုံးပဲ အဆင်သင့်ပြင်ထား။ ငါတို့ ဖန့်ဟွားကို သွားဖမ်းဆီးကြမယ်"

ရန်ပင်းက စိတ်မရှည်လက်မရှည် ပြောလိုက်သည်။

ယဲ့ချန်းကလည်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

"မှတ်တမ်းထဲမှာ ရိုက်ကူးရေးမလုပ်ခင်က ကျိုးလင်းလင်းက လီဝမ်အာရဲ့နှုတ်ခမ်းနီကို ငှားခဲ့တယ်လို့ လက်ထောက်က ပြောထားတယ်နော်"

"နှုတ်ခမ်းနီလား"

လူတိုင်း အံ့သြမှင်တက်ကုန်ကြလေသည်။

အမှန်ပင်။ သူတို့သည် ရိုက်ကူးရေးမစခင် လီဝမ်အာစားသောက်သည့်အရာများကိုသာ အာရုံစိုက်ခဲ့မိ၏။ ထိုနှုတ်ခမ်းနီကို လုံးဝမေ့လျော့နေခဲ့သည်။

"နှုတ်ခမ်းနီပေါ်မှာ အဆိပ်ရှိနေတာများလား"

အားလုံး ထိတ်လန့်သွားကြလေတော့သည်။

သို့သော် ရန်ပင်းကတော့ ရုတ်တရက်ထရယ်လိုက်သည်။

"ငါတို့ရဲအရာရှိတွေက ဘာမှမလုပ်ဘဲ ဒီအတိုင်းထိုင်နေတယ်လို့ မင်းထင်နေလား။ အဲဒီနေ့တုန်းက ငါတို့ လူတိုင်းရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေအားလုံးကို စစ်ဆေးပြီးပြီ။ နှုတ်ခမ်းနီပေါ်မှာ ဘာအဆိပ်မှမရှိဘူး"

ခေါင်းဆောင်ရန်က အသေးစိတ်လေးများကအစ အာရုံစိုက်ခဲ့ပေသည်။

လူတိုင်း ခေါင်းတခါခါလုပ်လိုက်မိကြတော့သည်။

ယဲ့ချန်း၏ဆန်းစစ်ချက်က အဆင်​ပြေသော်ငြား နှုတ်ခမ်းနီပေါ်၌ အဆိပ်မရှိပါက ကျိုးစုစုကို ဖယ်ထုတ်ထား၍ရနိုင်သည်။

ရက်စက်ကြမ်းကြုတ်သည့် စစ်သူကြီးတစ်ပါးနှင့် အလားသဏ္ဍာန်တူသော ရန်ပင်းက မေးလိုက်၏။

"ကဲ မင်းမှာဘာပြောစရာရှိသေးလဲ"

ယဲ့ချန်း ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်လေသည်။

"ကျွန်တော့်ကောက်ချက်က မှန်ပါတယ်။ လူသတ်သမားက ကျိုးလင်းလင်းပဲ"

ရန်ပင်း အံ့သြမှင်တက်သွားလေသည်။

ကျိုးစုစုမှာ အံ့အားသင့်သွားရသည်။

အခြားစုံထောက်များအားလုံးလည်း ကြက်သေသေသွားကြသည်။

ထိုနှုတ်ခမ်းနီတောင့်ကို စစ်ဆေးပြီးပါပြီဟု ​သူတို့ပြောထားသည့်တိုင် ဤကောင်လေးက ကျိုးလင်းလင်းကို လူသတ်သမားဖြစ်ကြောင်း ဘာသက်သေနှင့် အခိုင်အမာဆိုနေရသလဲ!

••••••••••••••

All Chapters