← Chapters

ထူးခြားဆန်းကြယ်သော အမျိုးသား

Vol. 5 Ch. 62

ထူးခြားဆန်းကြယ်သော အမျိုးသား

Vol. 5 Ch. 62

စုံထောက်အားလုံး၏ မျက်လုံးများက ယဲ့ချန်းထံသို့ ကျရောက်လာသည်။

ယဲ့ချန်းကတော့ တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်၏။

"ဒီအမှုမှာ အဓိကလူနှစ်ယောက် ပါဝင်ပတ်သက်နေတယ်။ ဖန့်ဟွားနဲ့ ကျိုးလင်းလင်းပေါ့"

"အရင်ဆုံး.. ဖန့်ဟွားနဲ့ လီဝမ်အာတို့က ဖောက်ပြန်ခဲ့ကြတာမှန်တယ်။ ဒါပေမဲ့ ဖန့်ဟွားမှာ ချစ်သူနောက်တစ်ယောက်ရှိသေးတယ်။ အဲဒါက ကျိုးလင်းလင်းပဲ"

ကျိုးလင်းလင်း အလျင်အမြန်နာမည်ကြီးလာရခြင်းမှာ ဖန့်ဟွားနှင့် အများကြီးသက်ဆိုင်သည်။ ကျိုးလင်းလင်းပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်နှစ်ကား၏ ဒါရိုက်တာများကလည်း ဒိတ်ဒိတ်ကြဲများပင်။

သို့သော် လီဝမ်အာ ကုမ္ပဏီကိုရောက်လာချိန်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ယဲ့ချန်း တဒင်္ဂမျှတုံ့ဆိုင်းသွားပြီး ဆက်ပြောလိုက်သည်။

"လီဝမ်အာက ကျိုးလင်းလင်းကို ရုပ်ရည်ပိုင်းမှာတင် သာရုံမကဘူး။ ကောက်ကျစ်တဲ့နေရာမှာလည်း သာတယ်။ အဲဒါကြောင့် သူက ကျိုးလင်းလင်းရဲ့ အရင်းအမြစ်တွေကို ရရုံတင်မကဘူး။ ကျိုးလင်းလင်းရဲ့အထောက်အပံ့တွေကိုပါ လုယူသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျိုးလင်းလင်းက ကုမ္ပဏီရဲ့နံပါတ်နှစ်ဖြစ်သွားပြီး လီဝမ်အာရဲ့ခြေထောက်အောက်ကို အမြဲရောက်နေတော့တာပဲ"

"ကျိုးလင်းလင်းလည်း အမုန်းတရားတွေကို သိုဝှက်ထားခဲ့တယ်။ သူက လီဝမ်အာကိုမုန်းပြီး ဖန့်ဟွားကို ပိုတောင်မုန်းသေးတယ်။ အဲဒါကြောင့်ပဲ ဒီဇာတ်လမ်းကို ကြိုးကိုင်ခဲ့တာ။ အရင်ဆုံး ဖန့်ဟွားရဲ့မိန်းမကို လီဝမ်အာနဲ့ ဖန့်ဟွားတို့ ဖောက်ပြန်နေတဲ့အကြောင်း သတင်းပေးပြီး ဖန့်ဟွားတို့မိသားစုထဲ ပဋိပက္ခဖြစ်အောင် ဖန်တီးခဲ့တယ်။ နောက်တော့ သူ့မိန်းမကို သတ်ချင်လာအောင် ဖန့်ဟွားကိုသွေးထိုးလှုံ့ဆော်လိုက်တယ်။

တစ်ဖက်မှာတော့ ဖန့်ဟွားကို သူ့မိန်းမနဲ့ ထိပ်တိုက်ဖြေရှင်းလာအောင်လုပ်ဖို့ လီဝမ်အာကို တိုက်တွန်းခဲ့တယ်။

နောက်ဆုံးအဆင့်အနေနဲ့ ရိုက်ကူးရေးတစ်ခုမှာ နှုတ်ခမ်းနီတောင့်ပေါ်ကို ဆိုင်ယာနိုက်သုတ်ပြီး လီဝမ်အာကို ရိုက်ကွင်းထဲမှာပဲ သေအောင်ကြံစည်ခဲ့တယ်။

လီဝမ်အာသေရင် ဖန့်ဟွားက အဓိကသံသယရှိသူဖြစ်လာမှာလေ။ သူက ထက်မြက်တယ်။ အရာအားလုံးက အချိတ်အဆက်မိနေတော့ တချို့ငတုံးတွေကလည်း ငါးစာကိုဟပ်မိသွားတာပေါ့"

ငတုံးတွေ!

ထိုစာလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ ရဲအရာရှိများ၏ နှုတ်ခမ်းထောင့်စွန်းများမှာ တွန့်လိမ်သွားရှာသည်။

အဲဒီငတုံးတွေဆိုတာ သူတို့အားလုံးကို ရည်ညွှန်းချင်မှန်း အသိသာကြီးပဲ။

ရုံးခန်းထဲတွင် စုံထောက် အများအပြားရှိ၏။ တော်တော်များများကလည်း အမှုပေါင်းရာနှင့််ချီ၍ ကိုင်တွယ်ခဲ့ဖူးကြသည်။

ယဲ့ချန်း၏ကောက်ချက်ကို ကြားပြီးနောက် ထိုစုံထောက်မျူးအားလုံး ကြက်သေသေကုန်ကြသည်။

ထိုအချက်အလက်မှာ ကျိုးကြောင်းသင့်ပြီး အသေးစိတ်ကျသလို ယုတ္တိဗေဒအရလည်း အလွန်ခိုင်မာသည်။

ရန်ပင်းက အေးတိအေးစက်သရော်လိုက်သည်။

"မင်းရဲ့ကောက်ချက်က ယုံချင်စရာကောင်းပေမဲ့ သက်သေက ဘယ်မှာလဲ။ နှုတ်ခမ်းနီတောင့်ပေါ်မှာ ဆိုင်ယာနိုက်မရှိဘူးလေ။ အဲဒါကို ဘယ်လိုရှင်းပြမှာလဲ"

လူတိုင်း၏အကြည့်က ယဲ့ချန်းထံသို့ တစ်ဖန်ရောက်သွားပြန်သည်။

အမှုတစ်ခုဖြေရှင်းရာတွင် သက်သေလိုအပ်လေသည်။

ကောက်ချက်က မည်မျှကောင်းမွန်နေပါစေ၊ သက်သေအခိုင်အလုံမရှိပါက အပြောသက်သက်မျှသာ။

"သက်သေမရှိဘူးမလား? အဲဒါတွေအကုန် မင်းရဲ့စိတ်ကူးသက်သက်ပဲ။ မင်းက စုံထောက်ဝတ္ထုတော့ ရေးလို့ရတယ်။ ဒါပေမဲ့ အမှုဖြေရှင်းဖို့တော့ အရည်အချင်းမရှိဘူး။

ရန်ပင်းက အေးတိအေးစက်သရော်လိုက်သည်။

အခြားစုံထောက်တွေကလည်း တိတ်တဆိတ်ခေါင်းခါမိကြသည်။

ယဲ့ချန်း၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက ထက်မြက်သော်ငြား သူ့ကောက်ချက်တစ်ခုတည်းကို အခြေခံ၍ လူတစ်ယောက်ကို ဖမ်း၍မရနိုင်ပေ။

"သက်သေက သေချာပေါက်ရှိတာပေါ့"

ယဲ့ချန်းကမူ ခပ်အေးအေးဆိုလာလေသည်။

"သက်သေရှိတယ်လား"

ယဲ့ချန်း၏စကား​ကြောင့် လူအုပ်ကြီးမှာ တစ်ဖန်လန့်ဖျပ်သွားချေသည်။

နှုတ်ခမ်းနီတောင့်ကို စမ်းသပ်စစ်ဆေးထားပြီးလေပြီ။ ထိုအပေါ်တွင် ဘာအဆိပ်မှမပါပေ။

သက်သေက ဘယ်မှာတဲ့လဲ?

လူတိုင်းလည်း သံသယမျက်လုံးများဖြင့် ယဲ့ချန်းကို ကြည့်လိုက်မိကြ၏။

"ရှင်းရှင်းလေးပါ။ ကျိုးလင်းလင်းက နှုတ်ခမ်းနီနှစ်တောင့်ကို ကြိုပြင်ထားပြီးသားလေ။ အဆိပ်ပါတာကတစ်ခု..အဆိပ်မပါတာကတစ်ခု။ အဆိပ်ပါတဲ့နှုတ်ခမ်းနီတောင့်ကို လီဝမ်အာသုံးပြီးတဲ့နောက်မှာ သူက နှုတ်ခမ်းနီတောင့်ချင်း ချက်ချင်းလဲလိုက်တာ။ ခင်ဗျားတို့ ရိုက်ကွင်းက အမှိုက်ပုံးထဲမှာ ရှာကြည့်လို့ရတယ်။ အဲဒီနှုတ်ခမ်းနီတောင့်ကို တွေ့ရလိမ့်မယ်"

ဤသို့ကြားရပြီးနောက် ရန်ပင်း၏မျက်ဝန်းအစုံမှာ ကျဉ်းမြောင်းသွားရသည်။

ကျိုးလင်းလင်းသာ ပြစ်မှုကျူးလွန်ခဲ့ရိုးမှန်လျှင် ဤဖြစ်နိုင်ခြေမှာ အလွန်​မြင့်လှသည်။

"ရိုက်ကွင်းက အမှိုက်ပုံးကို အခုချက်ချင်းသွားရှာ"

ရန်ပင်းက ထိုနေရာရှိ ရဲအရာရှိများကို ချက်ချင်းအမိန့်ပေးလိုက်သည်။

ဆယ်မိနစ်ကြာသောအခါ စက္ကူနှင့်ပတ်ထားသော နှုတ်ခမ်းနီတစ်ဘူးကို ရိုက်ကွင်းရှိ အမှိုက်ပုံးထဲမှ ရှာတွေ့ကြောင်း သတင်းရလိုက်သည်။

ထို့နောက် ဓာတ်ခွဲခန်းသို့ပို့လိုက်လေရာ ထိုနှုတ်ခမ်းနီပေါ်တွင် ဆိုင်ယာနိုက်အဆိပ်ပါရှိကြောင်း သိလိုက်ရ၏။ ထို့ပြင် ထိုအပေါ်၌ လီဝမ်အာနှင့် ကျိုးလင်းလင်းတို့၏ လက်ဗွေများကိုပါ တွေ့ရှိခဲ့သည်။

ကျိုးလင်းလင်း အဖမ်းခံလိုက်ရပြီး စုံစမ်းစစ်မေးသည့်အခါတွင်လည်း အရာအားလုံးက ယဲ့ချန်း ကောက်ချက်ချထားသည့်အတိုင်းပင်။

စုံထောက်များ၏ရုံးခန်းထဲတွင် တိတ်ဆိတ်မှုကြီးစိုးသွားရတော့သည်။

ရန်ပင်းကတော့ အလွန်ရှက်နေရသည်။

ယဲ့ချန်းကြောင့်သာမဟုတ်ပါက ဤအမှုမှာ တရားမျှတမှုရတော့မည်မဟုတ်။

"ယဲ့ချန်း ကျေးဇူးတင်ပါတယ်"

ရန်ပင်းက ယဲ့ချန်းအား ကိုးရိုးကားရားပြုံးပြလိုက်သည်။

"ရပါတယ်ဗျာ။ ရဲနဲ့ပြည်သူပူးပေါင်းရေးပဲလေ။ ကျွန်တော် လုပ်သင့်တဲ့အရာပါ"

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ပြုံးပြလိုက်၏။

အခြားစုံထောက်များမှာ ယဲ့ချန်းကို ကြည်ညိုလေးစားဟန်ဖြင့် ကြည့်နေကြသည်။

ယဲ့ချန်း၏ကောက်ချက်ချနိုင်စွမ်းမှာ အလွန်ခိုင်မာလွန်းလှ၏။ အမှုကို ပြီးပြည့်စုံစွာ တည်ဆောက်နိုင်သည်မှာ နတ်ဘုရားအဆင့်ပင် ဖြစ်၏။

ကျိုးစုစုကလည်း အလွန်အမင်းဂုဏ်ယူနေချေသည်။

"ဘယ်လိုလဲ။ ယဲ့ချန်းက ကျွန်မမိတ်ဆွေလေ။ အထင်ကြီးဖို့ကောင်းတယ်မလား"

"နင့်မိတ်ဆွေလား။ နင့်ချစ်သူလား"

ရှောင်ချန်းက ဝင်နောက်သည်။

ရုံးခန်းထဲ၌ ရယ်မောသံများဖြင့် ပြည့်နှက်သွား၏။

ကျိုးစုစု၏မျက်နှာလှလှလေးမှာ နီမြန်းသွားသော်ငြား ထိုစကားကိုတော့ မငြင်းလိုက်ပေ။

ယဲ့ချန်းလည်း ပြုံးလိုက်မိသည်။

"ခေါင်းဆောင်ရန်.. ကျွန်တော် ခင်ဗျားကို အများကြီးကူညီပေးခဲ့တယ်နော်။ ခင်ဗျားဆီကလည်း အကူအညီတစ်ခုလောက်တောင်းချင်လို့"

"ဘာအကူအညီလဲ"

ရန်ပင်း တဒင်္ဂမျှ ကြက်သေသေသွားလေသည်။

"စုစုကို နားချိန်လေးပေးလိုက်ပါဦး။ သူ ကျွန်တော်နဲ့ ညစာအတူစားမယ်လို့ ကတိပေးထားလို့"

ရန်ပင်းဘက်က အကြိမ်တစ်ရာလောက် ငြင်းလိုက်ချင်သော်ငြား ယဲ့ချန်းက အမှုကို ကူဖြေရှင်းပေးထားသည့်အပြင် လုပ်ဖော်ကိုင်ဖက်စုံထောက်များကလည်း ကြည့်နေကြသည်။

သူ့မှာ မတတ်သာသည့်အဆုံး ခေါင်းညိတ်လိုက်ရသည်။

"ကောင်းပြီလေ။ စုစု..အမှုရဲ့နောက်ဆက်တွဲအလုပ်ကို တခြားလူဆီကို အပ်ထားခဲ့ပြီး ညီလေးယဲ့ကို ငါတို့အစား ကောင်းကောင်းဧည့်ခံလိုက်ပါဦး"

"အင်း.. ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ရန်"

ယဲ့ချန်းနှင့် ကျိုးစုစုတို့လည်း ဌာနထဲမှ ထွက်လာခဲ့လိုက်သည်။

ယဲ့ချန်း၏ပြိုင်ကားကို မြင်သောအခါ ကျိုးစုစုမှာ အလွန်စိတ်လှုပ်ရှားသွားသည်။

"Henessy Poison GT..တစ်နာရီကို ၂၇၀မိုင်နှုန်းရှိတဲ့ ကမ္ဘာ့အမြန်ဆုံးကား.. ယဲ့ချန်း ဒီလောက်မိုက်တဲ့ကားက ရှင့်မှာ ဘယ်လိုလုပ်ရှိနေရတာလဲ"

"မင်းက ပြိုင်ကားတွေအကြောင်း တော်တော်သိတာပဲ"

ယဲ့ချန်း ရယ်မောလိုက်မိသည်။

"ဒါပေါ့။ ကျွန်မက ကားပြိုင်ပွဲရဲ့ပရိသတ်လေ။ ဖယ်ရာရီရဲ့ အစ်ကိုရှုက ကျွန်မရဲ့အိုင်ဒေါပေါ့"

ဤအဖြစ်ကိုမြင်သော် ကျိုးစုစုက သူ(မ)၏ဆိုရှယ်မီဒီယာမှ ဓာတ်ပုံတစ်ပုံကို ထုတ်ပြလေသည်။

"ကြည့်လိုက်.. ဒါက ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းလေ။ သူ့အဖေက ဖယ်ရာရီကားအရောင်းဆိုင်ပိုင်ရှင်။ ပြီးခဲ့တဲ့တစ်ခေါက် အစ်ကိုရှု ဟွားနိုင်ငံကို ကားပြိုင်ဖို့လာတုန်းက အဲဒီသူငယ်ချင်းက သူနဲ့အတူ ဓာတ်ပုံရိုက်ခဲ့သေးတယ်။ အဲဒီအကြောင်း ကျွန်မတို့ကို တစ်ချိန်လုံးလာကြွားနေတာ။ မနာလိုတောင်ဖြစ်တယ်"

ကျိုးစုစုက မနာလိုလေဟန်အမူအရာဖြင့် ထိုဓာတ်ပုံကို ကြည့်လိုက်သည်။

"ဟားဟား.. မင်းသဘောကျရင် ဓာတ်ပုံရိုက်ဖို့ဆိုတာ အသာထား..သူနဲ့အတူ ညစာစားဖို့ဆိုရင်တောင် ပြဿနာမရှိဘူး"

ယဲ့ချန်း ရယ်လိုက်လေသည်။

ယခုအချိန်တွင် ယဲချန်းက ဖယ်ရာရီကုမ္ပဏီ၏ ပင်မရှယ်ယာရှင်တစ်ဦးဖြစ်သောကြောင့် အစ်ကိုရှုကို တွေ့ဖို့ဆိုသည်မှာ အလွန်လွယ်လှ၏။

"ရှင်လား? ရှင့်ကိုယ်ရှင် ဘာထင်နေတာလဲ။ အစ်ကိုရှုက ကားနတ်ဘုရားနော်။ ရှင် သူ့ကိုတွေ့လို့ရတယ်လို့ ထင်နေတာလား"

ကျိုးစုစုက ယဲ့ချန်းကို မျက်စောင်းထိုးလျက် ပြောလိုက်သည်။

ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြုံး၍ သူ့ဖုန်းကို ထုတ်လိုက်သည်။

"ဟယ်လို.. ဥက္ကဋ္ဌဝေ့လား"

ဖယ်ရာရီကုမ္ပဏီ၏ ဟွာရှားရုံးခွဲဒါရိုက်တာ ဝေ့ရှန်းပင်။

"ဥက္ကဋ္ဌဝေ့..အခု အစ်ကိုရှုက ဟွားနိုင်ငံထဲမှာလား"

"ဟုတ်တယ်လေ။ ကျုပ်တို့ အခု ညစာစားနေတာ"

"သြော် ခင်ဗျားက ဘယ်မှာလဲ။ ကျွန်တော့်မိတ်ဆွေက အစ်ကိုရှုကို အရမ်းသဘောကျတာ။ သူနဲ့ ညစာအတူစားချင်လို့တဲ့"

"ကျုပ်တို့က ဂရန်းမိုတုစားသောက်ဆိုင်မှာ။ ခင်ဗျား အခု လာခဲ့လိုက်လေ"

"ကောင်းပြီ။ ကျွန်တော် အခုလာခဲ့မယ်"

ယဲ့ချန်းက ဖုန်းချပြီးနောက် ကျိုးစုစုကို ပြောလိုက်၏။

"ငါ မင်းကို အစ်ကိုရှုနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်"

"တကယ်လား။ ရှင် ကျွန်မကိုလိမ်လို့ကတော့ လုပ်မှာနော်"

ကျိုးစုစုက သူ(မ)၏ လက်သီးဆုပ်သေးသေးလေးကို ယမ်းပြလေသည်။

ယဲ့ချန်းကတော့ ပေါ့ပေါ့ပါးပါးသာ ပြုံးလိုက်၏။

ကျိုးစုစုမှာ သူသိသော အခြားမိန်းကလေးများနှင့် မတူပေ။

သူ(မ)၏စရိုက်က အလွန်တက်ကြွပြီး မျက်ဝန်းတို့ကလည်း စူးရှကာ အရှိန်အဝါပြင်းရှသည့်အပြင် လှပသွက်လက်ပြီး အလွန်ဆွဲဆောင်မှုရှိ၏။

ယဲ့ချန်းလည်း သူ့ပြိုင်ကားကို ဂရန်းမိုတုဟိုတယ်သို့ မောင်းလာခဲ့လိုက်သည်။

အစကမူ ယဲ့ချန်းနောက်နေသည်ဟုသာ ကျိုးစုစုထင်ခဲ့မိသော်လည်း ဂရန်းမိုတုဟိုတယ်သို့ ရောက်သွားသောအခါမှာတော့ သူ(မ) အနည်းငယ်အံ့သြသွားရ၏။

"မဖြစ်နိုင်တာ။ ယဲ့ချန်းက ငါ့ကို တကယ်ကြီး အစ်ကိုရှုနဲ့ မိတ်ဆက်ပေးမလို့လား"

ကျိုးစုစုခမျာ သူ(မ)ဘေးရှိ အမျိုးသားအကြောင်း သိချင်လာမိသည်။

ထိပ်တန်းအဆင့်ယုံကြည်မှုမျိုးဖြင့် ခုနစ်သန်းတန်ဇိမ်ခံကားနှင့် တက္ကစီမောင်းသည့်အပြင် ဖုန်းတစ်ချက်ဆက်လိုက်သည်နှင့် အစ်ကိုရှုနှင့် တွေ့နိုင်ခြင်းမှာ အလွန်အထင်ကြီးဖို့ကောင်းလှသည်။

ယဲ့ချန်းလည်း ကားကို ပါကင်ထိုးလိုက်ပြီး ကျိုးစုစုကို ထိပ်တန်းအဆင့်သီးသန့်ခန်းထဲသို့ ခေါ်သွားလိုက်သည်။

တံခါးပွင့်လာပြီးနောက် ယဲ့ချန်းကို မြင်သောအခါ အခန်းထဲရှိ လူအားလုံးက မတ်တတ်ထရပ်လိုက်သည်။

ညစာစားပွဲ၏အလယ်နားရှိ အမျိုးသားကို မြင်သောအခါ ကျိုးစုစု ထိတ်လန့်မှုကြောင့် ပါးစပ်ကို အုပ်ထားလိုက်မိသည်။

ဘုရားရေ!

သူ့အိုင်ဒေါ အစ်ကိုရှုပဲ!

"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"

"ဥက္ကဋ္ဌယဲ့ ကြွပါ"

ယဲ့ချန်းသည် လမင်းကို ကြယ်စင်များ ဝန်းရံထားသည့်အလား အဓိကထိုင်ခုံနားသို့ လိုက်လံပို့ဆောင်ပေးခံရသည်။

ယဲ့ချန်းကို အားလုံးက အလွန်လေးစားနေကြသည့်အပြင် အစ်ကိုရှုကပါ သူ့ဘေးနား၌ မတ်တတ်ရပ်နေတာကို မြင်လိုက်ရချိန်ဝယ် ကျိုးစုစု ပို၍ပင်အံ့သြသွားရသည်။

ယဲ့ချန်းက ပဟေဋ္ဌိတစ်ပုဒ်နှင့်တူသော လူတစ်ယောက်ပင်။

••••••••••••

All Chapters