ထျန်းချန်ယိပင်ဆုလာဘ်များ
Vol. 5 Ch. 64
ဟွားနိုင်ငံမှာ နှစ်ပေါင်းများစွာကြာသည်အထိ ထိုကဲ့သို့ အံ့ဖွယ်ကောင်းသော ကားသမားတစ်ယောက် လုံးဝမပေါ်ထွန်းခဲ့ဖူးပေ။
F1ပြိုင်ပွဲတွင်လည်း အကောင်းဆုံးရလဒ်က ထိပ်ဆုံးအဆင့်နားကို ကပ်ပင်မကပ်နိုင်ပေ။
ယနေ့မှာမူ ဟွားနိုင်ငံသားတစ်ယောက်က ကားနတ်ဘုရား၏ အမြန်ဆုံးမှတ်တမ်းကို စံချိန်ချိုးပြီး နတ်ဘုရား ရှုကိုပင် အနိုင်ယူခဲ့သည်။
ဟွားနိုင်ငံရှိ ပြိုင်ကားပရိသတ်များ အရူးအမူးမဖြစ်ဘဲ မနေနိုင်ချေ။
ဟွားနိုင်ငံ၏ကားနတ်ဘုရားတစ်ပါး မွေးဖွားလာပုံကို သူတို့ မြင်တွေ့လိုက်ရသည်။
ကားနှစ်စီးက အရှိန်သတ်ပြီးနောက် ရပ်တန့်သွားကြသည်။
အစ်ကိုရှုက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းဆောင်းဦးထုပ်ကို ချွတ်၍ ယဲ့ချန်းထံသို့ လျှောက်လာလေသည်။
"မစ္စတာယဲ့..ကျွန်တော် ဘယ်သူ့ကိုမှ မလေးစားဖူးဘူး။ ဒါပေမဲ့ ဒီနေ့ ခင်ဗျားရဲ့ ကားမောင်းစွမ်းရည်ကို ကျွန်တော် အထင်ကြီးသွားပြီ။
ပွဲကြည့်နေကြသူများ၏ လက်ခုပ်သြဘာသံများမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့အားလုံးက ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားများဖြစ်ပြီး ထိုလက်ခုပ်သံများကလည်း ယဲ့ချန်းအတွက်သာ။
ယဲ့ချန်း၏ ကားမောင်းစွမ်းရည်က အားလုံးထက် အပြတ်အသတ်သာသည်။
ကျိုးစုစုလည်း လုံးဝအံ့သြသွားရသည်။ ယဲ့ချန်းက ကားနတ်ဘုရားရှုကို နိုင်သွားလေသည်။
လုံးဝမဖြစ်နိုင်သော ကိစ္စရပ်တစ်ခုကား အမှန်တကယ် ဖြစ်ပွားခဲ့လေပြီ။
အစီအစဉ်တင်ဆက်သူကလည်း စိတ်လှုပ်ရှားစွာ မေးကြည့်လိုက်၏။
"မစ္စတာယဲ့.. ခင်ဗျားက အရင်တုန်းက ပြိုင်ကားမောင်းသမားတစ်ယောက်လား"
ယဲ့ချန်း ခေါင်းခါပြလိုက်သည်။
"ကျွန်တော်က ပြိုင်ကားမောင်းသမားမဟုတ်ပါဘူး။ ဒါပေမဲ့ ကားကတော့ မကြာခဏမောင်းဖြစ်တယ်။ ကျွန်တော်က တက္ကစီဒရိုင်ဘာလေ"
"တက္ကစီဒရိုင်ဘာလား"
ထိုနေရာရှိလူတိုင်း ထိတ်လန့်ကုန်ကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းရှိ ပွဲကြည့်သူများမှာ ပို၍ပင် ကြောင်အကုန်၏။
"ဘာ? တက္ကစီဒရိုင်ဘာလား"
"တက္ကစီဒရိုင်ဘာတစ်ယောက်က ကားနတ်ဘုရားကို အနိုင်ယူသွားတာလား။ မဖြစ်နိုင်တာ"
"ငါ နားကြားမှားတာလား။ ဒီနေ့ခေတ် တက္ကစီဒရိုင်ဘာတွေက ဒီလောက်တောင် ကြမ်းတာလား"
"ဒီလောက်တော်တာတောင် တက္ကစီပဲမောင်းနေတာလား"
…
သူ့ဘေးရှိ နတ်ဘုရားရှုက ပို၍ပင် ကြက်သေသေသွားရသည်။
"တက္ကစီဒရိုင်ဘာတဲ့လား။ မစ္စတာယဲ့.. ခင်ဗျား F1 ပြိုင်ကားကို အခုမှ ပထမဆုံးအကြိမ် မောင်းဖူးတာလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ပထမဆုံးအကြိမ်ပဲ။ ခင်ဗျား ကျုပ်ကို အလျှော့ပေးထားလို့ ကံကောင်းသွားတာ။ မဟုတ်ရင် ကျွန်တော် အရှက်ကွဲနေလောက်ပြီ"
အစ်ကိုရှု ခါးသက်သက်ပြုံးလိုက်မိသည်။
"မစ္စတာယဲ့.. ခင်ဗျားက ကျွန်တော့်စံချိန်ကိုတောင် ချိုးသွားတာလေ။ ခင်ဗျားရဲ့အရည်အချင်းက ကျွန်တော့်ထက်တောင် ပိုသာပါတယ်"
ယဲ့ချန်းက တောင်းပန်လိုဟန်အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်သည်။
"ဆောရီး..ကျွန်တော် အရှိန်ထိန်းဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ လုပ်မရခဲ့ဘူး"
"ဘာ?"
ထိုနေရာရှိ လူများမှာ တစ်ဖန်ထိတ်လန့်သွားရပြန်သည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကြည့်ရှုသူများမှာ ပို၍ပင် ရူးသွပ်သွားကြလေသည်။
"အမလေး.. ဒါက ထိန်းထားတာတဲ့လား။ ဒါက လူစကားရောဟုတ်ရဲ့လား"
"တကယ့်ကို နတ်ဘုရားလို ဖြစ်တည်မှုမျိုးပဲ။ နတ်ဘုရားရှုရဲ့စံချိန်ကို ချိုးလိုက်တာတောင် ထိန်းချုပ်ထားတယ်တဲ့လား"
"ဒီလောက်ထိန်းထားတာတောင် တအားမြန်နေတာ။ ထိန်းများသာမထိန်းထားရင် ကောင်းကင်ဘုံအထိ ပျံတက်သွားမှာလား"
နတ်ဘုရားရှုမှာ အလွန်အံ့ဩမှင်တက်သွားလေသည်။
ဤအရှိန်မှာ ယဲ့ချန်း ထိန်းထားရုံမျှသာ ရှိသေးသည်။ အရှိန်အကုန်ထုတ်သုံးလိုက်ပါက မည်မျှကြောက်မက်ဖွယ်ကောင်းသော ရလဒ်မျိုး ထွက်လာမည်နည်း။
"မစ္စတာယဲ့…ကျွန်တော်တို့အသင်းထဲကို ဝင်ခဲ့ပါလား။ ကျွန်တော်တို့နှစ်ယောက်သာ အတူပူးပေါင်းလိုက်ရင် F1ပြိုင်ပွဲသမိုင်းမှာ ဒဏ္ဍာရီတစ်ပါးဖြစ်လာမှာ ကျိန်းသေတယ်"
နတ်ဘုရားရှုက အတည်ပေါက်ပြောလိုက်လေသည်။
ယဲ့ချန်းကတော့ ခေါင်းခါပြသည်။
"တကယ်တော့ တက္ကစီမောင်းရတာလည်း မဆိုးပါဘူး။ ကျွန်တော်က မြန်မြန်မောင်းရတာကို သဘောမကျဘူး။ ပြီးတော့ တစ်ယောက်တည်းမောင်းရတာလည်း သဘောမကျဘူး။ လူနှစ်ယောက်အတူမောင်းရမှ ပိုပျော်ဖို့ကောင်းတာ။ ဟုတ်တယ်မလား"
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် နောက်တစ်ကြိမ် ပေါက်ကွဲသွားပြန်ချေသည်။
"အဓိပ္ပာယ်တော့ရှိသားပဲ။ ငါလည်း လူနှစ်ယောက်အတူ မောင်းရတာပဲသဘောကျတာ"
"အမလေးလေး… ဒီလိုကားနတ်ဘုရားမျိုးက F1ပြိုင်ပွဲမှာ ဝင်မပြိုင်ဘူးဆိုရင် အရည်အချင်းတွေ နှမြောစရာပဲ"
"ခင်ဗျားရဲ့ကားမောင်းစွမ်းရည်နဲ့ဆိုရင် ကျွန်တော်တို့တက္ကစီဒရိုင်ဘာတွေရဲ့အလုပ်ကို မသိမ်းပိုက်လိုက်ပါနဲ့နော်"
…….
မကြာခင်မှာပင် တက္ကစီဒရိုင်ဘာတစ်ယောက်က ကားနတ်ဘုရားကို အနိုင်ယူလိုက်သည့်သတင်းက ပင်မပြိုင်ကားဝက်ဆိုက်ဘ်များသို့ ပျံ့နှံ့သွားခဲ့ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။
"ထူးခြားဆန်းကြယ်တဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်က ကားနတ်ဘုရားကို အနိုင်ယူလိုက်တာတဲ့"
"လူတွေထဲက အရည်အချင်းရှိတဲ့လူတစ်ယောက်က ကားနတ်ဘုရားရဲ့ပတ်လမ်းစံချိန်ကို ချိုးပစ်လိုက်တာနော်"
"ဆန်းကြယ်တဲ့ အဲဒီတက္ကစီဒရိုင်ဘာကို ရှာနေပါပြီ"
တိုက်ရိုက်ထုတ်လွှင့်မှုမှတ်တမ်းကလည်း အွန်လိုင်းပေါ်တွင် အတင်ခံထားရသည်။
လေ့ကျင့်ရေးပြီးဆုံးချိန်၌ အစ်ကိုရှုက ယဲ့ချန်းနှင့် ကျိုးစုစုတို့ကို ကားပြိုင်ကွင်းမှ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးခဲ့သည်။
ဝင်ပေါက်သို့ရောက်သောအခါ ပရိသတ်များ၏အော်ဟစ်သံကို သူတို့ ရုတ်တရက်ကြားလိုက်ရ၏။
"အစ်ကိုရှု အစ်ကိုရှု…"
ကျိုးစုစုက အကာအရံ၏အပြင်ဘက်ရှိ မိန်းကလေးတစ်ယောက်ကို ကြည့်လိုက်သည်။ သူ(မ)မှာ ဆိုရှယ်မီဒီယာတွင် သူ(မ) ကားနတ်ဘုရားရှုနှင့် အတူတွဲရိုက်ထားသော ဓာတ်ပုံကို တည်းဖြတ်ထားတာလားဟု မေးခွန်းထုတ်ခဲ့သော ကုန်မင်ဖြစ်၏။
ကျိုးစုစုက ကားနတ်ဘုရားရှု၏ဘေးတွင် ရှိနေတာကို မြင်လိုက်ရသော် ကုန်မင်လည်း လုံးဝကြောင်အသွားချေသည်။
ယခင်က သူ(မ)က ဓာတ်ပုံသာ အတူရိုက်နိုင်ခဲ့သော်လည်း ကျိုးစုစုကတော့ ကားနတ်ဘုရားရှုနှင့် သူငယ်ချင်းများနှယ် ရယ်ကာမောကာဖြင့် စကားပြောဆိုနေသည်။
"စုစုက ကားနတ်ဘုရားရှုနဲ့ စကားပြောနေတယ်ဟ"
"အားကျလိုက်တာနော်။ နတ်ဘုရားရှုနဲ့ မိတ်ဆွေတွေဖြစ်ခွင့်ရတယ်တဲ့"
"ဓာတ်ပုံကို တည်းဖြတ်ထားတယ်လို့ ပြောတဲ့လူတွေ စုစုကို ပြန်တောင်းပန်သင့်တယ်မလား"
အဆုံးမှာတော့ ကုန်မင်လည်း ဓာတ်ပုံတစ်ပုံတင်လိုက်ရသည်။
"တောင်းပန်ပါတယ် စုစု… အဲဒီဓာတ်ပုံက တကယ်အစစ်ပါ။ ငါ နင့်ကို တောင်းပန်ပါတယ်"
ကျိုးစုစုလည်း ထိုပို့စ်၏ကောမန့်များကို ကြည့်ပြိး အလွန်စိတ်ကျေနပ်သွားသည်။
"အားလုံးပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခု ငါ ကိုင်းကူးသွားပြီ။ ငါ့မှာ အိုင်ဒေါလ်အသစ်တစ်ယောက်ရနေပြီ!"
…..
ယဲ့ချန်းက Poisonပြိုင်ကားလေးကို ညဉ့်ယံကြားထဲ မောင်းနှင်လာသည်။
"ယဲ့ချန်း.. ကျေးဇူးပါပဲ။ ဒီနေ့ ကျွန်မ တကယ်ပျော်ခဲ့ရတယ်"
"အိုင်ဒေါလ်တစ်ယောက်ကို တွေ့ရတာဆိုတော့ သေချာပေါက်ပျော်မှာပေါ့"
ယဲ့ချန်း ပြောလိုက်လေသည်။
"ဒါပေမဲ့ အခုတော့ ကျွန်မရဲ့အိုင်ဒေါလ်က နတ်ဘုရားရှုမဟုတ်တော့ဘူး"
ယဲ့ချန်းလည်း ထိုစကားကိုကြားလိုက်ရချိန်မှာ အံ့ဩမှင်တက်သွားရှာလေသည်။
"ဒါဆို ဘယ်သူလဲ"
"မှန်းကြည့်လေ"
ကျိုးစုစု ပြုံးလျက် ကားထဲမှ ထွက်လိုက်သည်။
"ကြယ်ငါးပွင့်ရီဗျူးနော်… ဟုတ်တယ်မလား"
ကျိုးစုစု စနောက်လိုက်သည်။
"ကျေးဇူးပဲ!"
ယဲ့ချန်းက ကားထဲတွင်ထိုင်ရင်း လက်ယမ်းပြလိုက်သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ လေးခုမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းလိုက်နိုင်ပါပြီ။ ဆုလာဘ်ကတော့ ထျန်းချန်ယိပင်၇၆၇စတုရန်းမီတာနှစ်လွှာတိုက်ခန်းဆယ်ခန်း ဖြစ်ပါတယ်]
အမလေး… ဒီဆုက တော်တော်မိုက်တာပဲ!
ထျန်းချန်ယိပင်မှာ တိုက်ခန်းတစ်ခန်းကတင် သန်းနှစ်ရာနီးနီး တန်ဖိုးရှိသည်ဖြစ်ရာ တိုက်ခန်းဆယ်ခန်းဆိုပါက ၂ဘီလျံပင်။
ယဲ့ချန်း သူ့အဖေကို ဖုန်းဆက်လိုက်သည်။
"အဖေ.. ဟွမ်ဖူမြစ်ရဲ့ရှုခင်းကိုကြည့်ရတာ အဖေ သဘောကျတယ်မလား။ ကျွန်တော့်မှာ အဖေ့အတွက် တိုက်ခန်းတစ်ခန်းရှိတယ်။ အဲဒီဗီလာမှာနေရတာ ငြီးငွေ့လာရင် ဒီမှာ လာနေလို့ရတယ်။ သွားရေးလာရေးလည်း အဆင်ပြေတယ်။ မြေအောက်ရထားဘူတာရုံက အပြင်နားမှာတင်ရှိတော့ အဖေသွားချင်တဲ့အချိန် သွားလို့ရတယ်"
"ဘယ်အဆောက်အအုံလဲ"
"ထျန်းချန်ယိပင်၇၆၇စတုရန်းမီတာနှစ်လွှာတိုက်ခန်း"
ဖုန်းတစ်ဖက်တွင်မူ တစ်မိသားစုလုံးက ယဲ့ချန်း၏အိမ်သို့ ရောက်နေကြသည်။
"ရှောင်ချန်း..ဒီကလေးက တော်တော်အောင်မြင်နေပြီပဲ။ ဒီဗီလာကြီး ဘယ်လောက်ခမ်းနားလဲဆိုတာ ကြည့်စမ်းပါဦး"
ဦးလေးတစ်ယောက်က အားကျစွာ ဆိုလိုက်လေသည်။
"အမှန်ပဲ။ ရှောင်ချန်း အောင်မြင်လာမယ်ဆိုတာ သူငယ်ငယ်လေးကတည်းက ငါ ခံစားမိတယ်။ ငါသာ ဒီတစ်သက် ဒီလိုဗီလာမျိုးမှာ နေနိုင်ရင် သေပျော်ပါပြီ"
ယဲ့ကျန်းကလည်း ပြန်ပြောလိုက်၏။
"ရှောင်ချန်းက ငါ့ကို အိမ်ပြောင်းခိုင်းနေပြီ"
ယဲ့ကျန်း၏စကားကို ကြားသောအခါ အားလုံး အံ့ဩကုန်ကြသည်။
"ယဲ့ချန်းက ဘာဖြစ်တာလဲ။ သူ ဒေဝါလီခံလိုက်ရတာလား"
ဦးလေးဖြစ်သူက အလောတကြီးမေးလိုက်သည်။
"စီးပွားရေးအခြေအနေတွေ သိပ်မကောင်းဘူးလို့ ကြားတယ်။ သူ့လုပ်ငန်း အရှုံးပေါ်လို့များလား"
ဒုတိယဦးလေးကတော့ မျှော်လင့်စောင့်စားနေဟန်ဖြင့် ပြောလိုက်သည်။ ယဲ့ချန်း ရုတ်တရက်ကြီး အောင်မြင်သွားသည့်အတွက် ယဲ့မိသားစုတစ်ခုလုံးလည်း ယဲ့ချန်းတို့မိသားစုကို မနာလိုဖြစ်ခဲ့ရသည်။
နှစ်လွှာတိုက်ခန်းများနှင့် ဇိမ်ခံကားများကြောင့် ထိုလင်မယားနှစ်ယောက်မှာ ချမ်းသာကြွယ်ဝသောဘဝတွင် နေထိုင်နေကြသည်။
ယဲ့ကျန်းက အိမ်ပြောင်းရတော့မည်ဟု ပြောလာသောအခါ ဆွေမျိုးတချို့က ဝမ်းသာသွားကြသည်။
သူတို့သည် ယဲ့ချန်းတို့မိသားစုကို အမြဲနိုင်စားခဲ့သည်။
ယခု ယဲ့ချန်းတို့မိသားစုက လူကုံထံများ ဖြစ်သွားပြီမို့ ယဉ်ယဉ်ကျေးကျေးပြောဆိုဆက်ဆံနေသည့်တိုင် ယဲ့ချန်း၏ကျရှုံးမှုကို သူတို့ အမှန်တကယ်မျှော်လင့်မိသည်။
ဆွေမျိုးများက မိမိအား သူတို့ထက် မသာစေချင်ပေ။ မိမိ ရုန်းကန်ခက်ခဲနေလျှင် သူတို့က မိမိကို နိုင်စားကြမည်။ မိမိအဆင်ပြေနေလျှင် သူတို့က ကံဆိုးဖို့ ဆုတောင်းကြပေလိမ့်မည်။
ယဲ့ကျန်း ပြုံးလိုက်၏။
"မဟုတ်ဘူး။ ရှောင်ချန်းက အဆင်ပြေနေပါတယ်။ ဒီကလေးက ငါ ဟွမ်ဖူမြစ်ရှုခင်းကိုကြည့်ရတာကြိုက်မှန်း သိလို့ တိုက်ခန်းတွဲတစ်ခု ဝယ်ပေးထားတယ်တဲ့။ အဲဒီနေရာက ထျန်းချန်ယိပင်လို့ခေါ်တယ်ထင်တာပဲ"
"ထျန်းချန်ယိပင်လား"
ထိုနာမည်ကို ကြားသောအခါ ယဲ့မိသားစုထဲရှိ ဆွေမျိုးအားလုံးမှာ အံ့ဩကုန်ကြလေသည်။
ဤသည်မှာ မိုတု၏ဈေးအကြီးဆုံးအိမ်ရာဖြစ်ပြီး တိုက်ခန်းတစ်ခန်းလျှင် သန်းနှစ်ရာကျော်ပေးရသည်။
"အမလေး ရှောင်ချန်းက တော်တော်မိုက်နေတာပဲ။ မင်းတို့လူအိုကြီးနှစ်ယောက်ကတော့ တော်တော်ကံကောင်းတာပဲဟေ့"
"မင်္ဂလာဦးအိမ်ကို ပြင်ဆင်ပေးရဦးမဲ့ အသုံးမကျတဲ့ ငါ့သားအကြောင်း စဉ်းစားမိရင် တော်တော်ဒေါသထွက်တာပဲ"
"မင်းတို့ရှောင်ချန်းက တော်တော်အောင်မြင်နေတာပဲ။ ငါတို့ရှောင်ထောင်ကိုလည်း နောက်နောင် ကူညီပေးရမယ်နော်"
ယဲ့ချန်းက ဒေဝါလီခံလိုက်ရခြင်းမဟုတ်ဘဲ ထျန်းချန်ယိပင်တွင် သန်းနှစ်ရာကျော်တန် တိုက်ခန်းတစ်ခန်းကို ဝယ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ဆွေမျိုးများမှာ ကပ်ဖားကြပြန်လေသည်။
မိဘများအတွက် တိုက်ခန်းတွဲတစ်လုံး၊ သူ့အတွက် တိုက်ခန်းတွဲတစ်လုံး ယူထားပြီး ကျန်ရှစ်လုံးကိုတော့ အငှားချရန် ယဲ့ချန်း ဆုံးဖြတ်ထားသည်။
အနည်းငယ်မျှစဉ်းစားချိန်ဆပြီးနောက် လင်ရှန်းရှန်းကို ဖုန်းခေါ်လိုက်သည်။
•••••••••••••