← Chapters

ဟက်ကာမာစတာ

Vol. 5 Ch. 66

ဟက်ကာမာစတာ

Vol. 5 Ch. 66

ကောင်းချန်က ယဲ့ချန်းကို ညုတုတုအကြည့်တစ်ချက် ပို့လိုက်သည်။

"လူချောလေး..ရှင် ကျွန်မကို လိုက်ပိုးချင်လို့ ကျွန်မကားကို ဝယ်ခဲ့တာလား"

ယဲ့ချန်းကတော့ သူ(မ)ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။

"ကျွန်တော် ခရီးသည်သွားခေါ်ဖို့ အလျင်လိုနေလို့ပါ”

ဘာလဲဟ?

ကောင်းချန်ခမျာ ရုတ်ခြည်းခေါင်းရှုပ်သွားရသည်။

တက္ကစီမောင်းဖို့ အလျင်လိုနေလို့ ငါ့ကားကို ဝယ်လိုက်တာလား?

ကောင်းချန် ရင်တလှပ်လှပ်ခုန်နေခဲ့သော်ငြား ဤအဖြေက သူ့နှလုံးသားကို အပိုင်းပိုင်းအစစကွဲသွားစေခဲ့သည်။

သူ(မ) အတွေးလွန်သွားကြောင်း သဘောပေါက်လိုက်ပြီးနောက် ကားသော့ကိုထုတ်ပြီး ယဲ့ချန်းကို ပေးလိုက်သည်။

ကောင်းချန်က ယဲ့ချန်းကို နူးညံ့စွာစိုက်ကြည့်လိုက်၏။

"ကျွန်မ ဒီကားကိုသုံးလာတာ သုံးနှစ်ရှိသွားပြီ။ သေချာဂရုစိုက်ပေးနော်”

ယဲ့ချန်းကတော့ ကောင်းချန်၏ ညှို့ယူဖမ်းစားမှုကို လုံးဝလျစ်လျူရှုပြီး အေးတိအေးစက်ပြောလိုက်လေသည်။

"ကျွန်တော့်ကို တစ်ခုလောက်ကူညီပါလား။ ဒါကို သံရည်ကျိုဖို့ ကားသင်္ချိုင်းမှာ သွားပစ်ပေးပါ”

ကောင်းချန်လည်း တစ်ဖန်ခေါင်းရှုပ်သွားရပြန်သည်။

ကားတစ်စီးကို တစ်သိန်းခွဲပေးဝယ်ပြီး ကားသင်္ချိုင်းကို တန်းပို့လိုက်တာလား?

ယဲ့ချန်းက လက်ယမ်းပြလျက် ရှားလိကားအစုတ်ကြီးကို မောင်းသွားလေသည်။

ဝိုင်းကြည့်နေကြသူတွေလည်း လုံးဝအံ့သြသွားကြရ၏။

ဝိုး...ဒါက ချမ်းသာကြွယ်ဝမှုရဲ့ ကြီးစိုးခြယ်လှယ်မှုလေလား။

ဒါက "ငွေရှိရင် လုပ်ချင်တာလုပ်လို့ရတယ်"ဆိုတဲ့ ဒဏ္ဍာရီလား?

ခရီးသည်တစ်ယောက်ကို ခေါ်ရန်အတွက်နှင့် ကားတစ်စီးကို တစ်သိန်းခွဲပေးဝယ်ခဲ့ပြီးနောက် ကားသင်္ချိုင်းကို တန်းပို့လိုက်သတဲ့လား?

တက္ကစီမောင်းရုံနဲ့ ဘယ်လောက်ရှာနိုင်မှာလဲ?

တက္ကစီတစ်ကြောင်းစာဆွဲရုံနဲ့တော့ တစ်သိန်းခွဲမရဘူးမလား?

လူကုံထံတွေက ဒီလိုပဲလား?

ရှားလိကားစုတ်လေး၏ ကားနောက်မြီးကိုကြည့်ရင်း ထိုလူတစ်သိုက်ခမျာ လေထဲလွင့်မျောနေသလို ခံစားလိုက်ရသည်။

ယဲ့ချန်း ကျိုးစုစု၏အိမ်ဝင်ပေါက်ကို ပြန်ရောက်လာခဲ့သည်။ ရှားလိကားစုတ်လေးကို မြင်သောအခါ ကျိုးစုစု အံ့သြသွားသည်။

"ဘာလို့ကားပြောင်းလိုက်တာလဲ”

"ခပ်လျှိုလျှိုနေပြီး မချမ်းသာချင်ယောင်ဆောင်မလို့"

ကျိုးစုစုက ယဲ့ချန်း၏လက်ကောက်ဝတ်ထက်ရှိ Patek Philippeနာရီကို တစ်ချက်ကြည့်ပြီးနောက် မျက်ဆန်လည်လိုက်လေသည်။

ကားထဲရောက်မှ ကျိုးစုစုက လျိုဝေ့ဝေ့ဟုခေါ်သော ဟက်ကာကျွမ်းကျင်သူတစ်ယောက်ကို ခေါ်လာကြောင်း ယဲ့ချန်းသိလိုက်ရသည်။ ထိုလူမှာ ဟက်ကာအမှုကို အထူးသီးသန့်ကိုင်တွယ်သူပင်။

ယဲ့ချန်းလည်း လေဆိပ်ကိုမောင်းပြီးနောက် ကားပေါ်ကဆင်းကြသည့်အခါ ကျိုးစုစုက အကျင့်ပါနေသည့်အတိုင်း ယဲ့ချန်းအား ကြယ်ငါးပွင့်ရီဗျူး ပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိလိုက်ပါပြီ။ ငါးခုမြောက်အဆင့်သတ်မှတ်ချက်(၅/၅)ကို အသက်သွင်းနိုင်ခဲ့ပါပြီ။ ဆုလာဘ်ကတော့ ချီလောင်၃၆၀နည်းပညာကုမ္ပဏီဖြစ်ပါတယ်]

ချီလောင်၃၆၀ကုမ္ပဏီက အဓိကအားဖြင့် 360 Antivirusကို အခမဲ့ဆိုက်ဘာလုံခြုံရေးပလက်ဖောင်းအဖြစ် အဓိကအသားပေးထားသော်လည်း ယခုအခါ ကုမ္ပဏီက ဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်ပြီး ယခင်၃၆၀နှင့်ယှဉ်လျှင် သိသိသာသာကွာခြားမှုရှိသည်။

ယခင်၃၆၀မှာ Antivirusသာမက browser၊ cloudပလက်ဖောင်းနှင့် အခြားဝန်ဆောင်မှုများလည်း ပါဝင်သည်။

ထိုအချိန်မှာပင် ယဲ့ချန်၏ဖုန်းက အသံမြည်လာသည်။

"မစ္စတာယဲ့...ကျွန်တော်က ချီလောင်၃၆၀ကုမ္ပဏီရဲ့စီအီးအို ဝမ်ရှောင်းယွီပါ။ ခင်ဗျား ကျွန်တော်တို့ကုမ္ပဏီကို ဝယ်လိုက်တယ်လို့ သတင်းရထားတယ်ဗျ။ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ညွှန်ကြားစရာတစ်ခုခုများရှိလားမသိဘူး”

"ဒီဟက်ကာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်လဲ"

ဝမ်ရှောင်းယွီ သက်ပြင်းချမိလေတော့သည်။

"ကျွန်တော်တို့ရဲ့ နည်းပညာရှင်တွေကလည်း ဗိုင်းရပ်စ်ကိုနှိမ်နင်းဖို့ကြိုးစားနေပေမဲ့ ဒီဟက်ကာက အရမ်းကျွမ်းကျင်လွန်းတယ်။ ကျွန်တော်တို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ကာကွယ်ရေးစနစ်ကို ချိုးဖောက်ထားတယ်”

ယဲ့ချန်းကား ခေါင်းတညိတ်ညိတ်။

"ဒီဟက်ကာဗိုင်းရပ်စ်က ကျွန်တော်တို့ကုမ္ပဏီအတွက် အခွင့်အလမ်းတစ်ခုပဲ။ ဒီအခွင့်အရေးကို အရယူပါ။ ပြီးတော့ antivirusဆော့ဖ်ဝဲ၊ browser၊ baidu Cloudနဲ့ အွန်လိုင်းဂိမ်းတွေလောက်ပဲ အာရုံစိုက်မနေနဲ့။ ဒီစျေးကွက်တွေက နောင်အနာဂတ်မှာ ကြီးထွားလာမှာ။ ကျုပ်တို့ ရှယ်ယာဝင်ထားမှဖြစ်မယ်"

ဝမ်ရှောင်းယွီခမျာ ယဲ့ချန်း၏စကားများကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။

ဖုန်းမဆက်ခင်ကတည်းက ယဲ့ချန်း၏အချက်အလက်များကို သူ စစ်ဆေးထားပြီးဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူသည် အင်တာနက်အကြောင်း ဘာမှမသိလောက်ဘူးဟု ယူဆခဲ့မိသော်ငြား ယဲ့ချန်းက အင်တာနက်ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယခုလိုအမြင်မျိုးရှိလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားပေ။

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ဘော့စ်.. ကုမ္ပဏီရဲ့အစီအစဉ်တွေကို ချက်ချင်းပြင်လိုက်ပါ့မယ်”

ဖုန်းချပြီးနောက် ယဲ့ချန်း မျက်မှောင်ကြုတ်မိသည်။

ဟက်ကာစွမ်းရည်...

စနစ်က သူ့ကို ဟက်ကာကျွမ်းကျင်သူစွမ်းရည်ကို ပေးနိုင်မည်ဆိုလျှင် အံ့ဩဖို့ကောင်းပေတော့မည်။

အရေးအကြီးဆုံးမှာ ဤဟက်ကာနည်းလမ်းက အလွန်ရက်စက်ယုတ်မာလွန်းသည်။ ဤနည်းလမ်းဖြင့် ငွေရှာနိုင်ခြင်းက တစ်ကဏ္ဍပင်။ သို့သော် ပြည်တွင်းကုမ္ပဏီများ၏ အချက်အလက်များကို နိုင်ငံခြားကုမ္ပဏီများထံသို့ ရောင်းချခြင်းမှာ ပိုက်ဆံအတွက်ဟုဆိုရန် မလွယ်တော့ပေ။

ဤဖြစ်ရပ်က ပြည်တွင်းကုမ္ပဏီများကို သိသာလှသော ဆုံးရှုံးနစ်နာမှုများ ဖြစ်စေပြီး အခြေခံအားဖြင့်တော့ အကျိုးအမြတ်အတွက် ရောင်းချခြင်းပင်။

ထိုအခိုက်ဝယ် ကျိုးစုစုက နေကာမျက်မှန်တပ်ပြီး လက်ပ်တော့တစ်လုံးကိုင်ထားသော အမျိုးသမီးတစ်ယောက်နှင့်အတူ ကားပေါ်တက်လာသည်။

"ဆိုက်ဘာစောင့်ကြည့်ရေးစင်တာကို မောင်းပေး"

ကျိုးစုစုက ပြောလိုက်၏။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ စွမ်းရည်အသစ်တစ်ခုကို အသက်သွင်းလိုက်နိုင်ပါပြီ။ အန္တိမဆုလာဘ်တွေကို ရရှိဖို့အတွက် ရွေးချယ်မှုတွေလုပ်ဆောင်ပြီး မစ်ရှင်ကို ပြီးမြောက်အောင် ထမ်းဆောင်ရင် Hostအနေနဲ့ ကမ္ဘာကျော်သူဌေးတစ်ယောက် ဖြစ်လာမှာပါ]

[ခရီးသည်၏အလုပ်အကိုင်:ဟက်ကာကျွမ်းကျင်သူ!]

[ရွေးချယ်စရာနံပါတ်တစ် : လျိုဝေ့ဝေ့ ဟက်ကာဗိုင်းရပ်စ်ကုတ်ကို နှိမ်နင်းရာမှာ ကူညီပေးပါ။ ဟက်ကာကို အရေးယူပေးပြီး စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ ဟက်ကာကျွမ်းကျင်သူစွမ်းရည်နဲ့ အလီအုပ်စုရဲ့ရှယ်ယာ၈.၈ရာခိုင်နှုန်းကို ရယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်နှစ် : လျိုဝေ့ဝေ့ကိုလိုက်ပိုးရင်း သူ(မ)ကို သင့်ကောင်မလေးဖြစ်လာအောင်လုပ်ပြီး အမျိုးသားစွမ်းရည်+၁၀နဲ့ ဂျစ်ဘွန်အုပ်စုရဲ့ရှယ်ယာ၂၀ရာခိုင်နှုန်းကို ရယူပါ]

[ရွေးချယ်စရာနံပါတ်သုံး : လျိုဝေ့ဝေ့ကို သူ(မ)သွားလိုတဲ့နေရာဆီ ဘေးကင်းကင်းလိုက်ပို့ပေးပြီး လျိုဝေ့ဝေ့ရဲ့ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်နဲ့ တစ်နှစ်တာရဲ့ အကောင်းဆုံးတက္ကစီဒရိုင်ဘာဆုကို ရယူပါ]

ယဲ့ချန်းလည်း ထိုရွေးချယ်စရာသုံးခုကို သုံးသပ်လိုက်သည်။

ဒုတိယမြောက်ရွေးချယ်မှုက အလွန်ဆွဲဆောင်မှုရှိသော်လည်း ဟက်ကာကျွမ်းကျင်သူစွမ်းရည်နှင့် အလီအုပ်စု၏ရှယ်ယာ၈.၈ရာခိုင်နှုန်းက ပိုဆွဲဆောင်မှုရှိ၏။

ဟက်ကာကျွမ်းကျင်သူစွမ်းရည်က ယခုအချိန်မှာ သူ အလိုအပ်ဆုံးအရာဖြစ်ပြီး အလီအုပ်စုကတော့ ဟွားနိုင်ငံ၏အနာဂတ်တွင် အင်အားအကြီးဆုံး အင်တာနက်ကုမ္ပဏီတစ်ခုပင်။

အလီအုပ်စုမှာ Forbesကမ္ဘာ့ဒစ်ဂျစ်တယ်စီးပွားရေး၁၀၀တွင် ဆယ်ခုမြောက်နေရာ၌ရှိပြီး Fortune's Future၏ လုပ်ငန်းစုငါးဆယ်စာရင်းတွင်လည်း ၁၁ခုမြောက်နေရာတွင်ရှိ၏။

စျေးကွက်တန်ဖိုး ၄၀၀ဘီလီယံကျော်ရှိပြီး တည်ထောင်သူအစ်ကိုမာက ရှယ်ယာ၇ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကာ ယဲ့ချန်းကမူ ၈.၈ရာခိုင်နှုန်းကို ပိုင်ဆိုင်လိုက်လျှင် အများဆုံးရှယ်ယာရှင်ဖြစ်လာလိမ့်မည်။

ယဲ့ချန်းလည်း ခဏမျှသာ တွေဝေလိုက်ပြီး နံပါတ်တစ်ကိုရွေးချယ်လိုက်သည်။

[တင်! ဟက်ကာကျွမ်းကျင်သူစွမ်းရည်ကို ရယူနိုင်ခဲ့တဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်]

[တင်! အလီအုပ်စုရဲ့ရှယ်ယာ၈.၈ရာခိုင်နှုန်းကို ရရှိလိုက်တဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်]

လျိုဝေ့ဝေ့မှာမူ ကားထဲမှာထိုင်နေသော်ငြား ကွန်ပျူတာကိုသာ တစ်ချိန်လုံးကိုင်နေချေသည်။

လျိုဝေ့ဝေ့၏ကွန်ပျူတာမျက်နှာပြင်က ရုတ်ခြည်းဆိုသလို အပြာရောင်ပြောင်းသွားခဲ့သည်။

"သေလိုက်ပါတော့"

လျိုဝေ့ဝေ့ ဒေါသတကြီးကျိန်ဆဲလိုက်သည်။

ကျိုးစုစုကလည်း အပြာရောင်ဖန်သားပြင်ကြီးဖြစ်နေသော လက်ပ်တော့ကိုကြည့်ပြီး မေးလိုက်၏။

"အစ်မဝေ့ ဘာဖြစ်လို့လဲ”

"ငါ့ကွန်ပျူတာကို အဲဒီလူ ဟက်ခ်သွားပြီ။ သွားပြီ"

လျိုဝေ့ဝေ့ စိတ်ပျက်အားလျော့စွာ ပြောလိုက်လေသည်။

လျိုဝေ့ဝေ့က ဟွာချင်းတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး သူ(မ)၏ဟက်ကာစွမ်းရည်ကြောင့် ဟွားနိုင်ငံလုံခြုံရေးဌာနတွင် ကွန်ယက်ကျွမ်းကျင်သူအဖြစ် အလုပ်ဝင်နိုင်ခဲ့၏။

နှစ်ပေါင်းများစွာအတွင်း သူ(မ)သည် ဟက်ကာများစွာကို ဖမ်းမိခဲ့ပြီး ဟက်ကာသုတ်သင်သူဟူသော ဘွဲ့တံဆိပ်ကို ရရှိခဲ့သည်။

သို့သော် ဤတစ်ခေါက်မှာတော့ သူ(မ)နှင့်လက်ရည်တူသည့် ပြိုင်ဘက်တစ်ယောက်နှင့် ဆုံလိုက်ရသည်။

ဤဟက်ကာ၏ ကျွမ်းကျင်မှုများမှာ အလွန်ကြောက်ဖို့ကောင်းလှ၏။ လျိုဝေ့ဝေ့အနေနှင့် IPလိပ်စာကို ခြေရာခံဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း တစ်ဖက်လူ၏ထောင်ချောက်ထဲ ကျရောက်ခဲ့ရပြီး သူ့ကွန်ပျူတာပါ အဟက်ခ်ခံလိုက်ရ၏။

ကားက ဆိုက်ဘာဌာနရှေ့မှာ ထိုးရပ်လိုက်သည်။ လျိုဝေ့ဝေ့ ကားထဲကထွက်ခါနီးမှာ ယဲ့ချန်းက ရုတ်တရက်မေးလိုက်သည်။

"မင်းရဲ့ကွန်ပျူတာက ပျက်သွားပြီလား”

လျိုဝေ့ဝေ့ကလည်း လေးလေးနက်နက်ပြန်​ဖြေလိုက်သည်။

"မပျက်သေးဘူး။ ဟက်ခ်ခံထားရလို့ ပျက်စီးနေရုံပဲ”

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ဟုတ်ချင်မှလည်းဟုတ်မှာ။ ငါ မင်းအတွက်ပြင်ပေးလို့ရမလား"

ယဲ့ချန်း၏စကားများကိုကြားသော် လျိုဝေ့ဝေ့လည်း ရုတ်တရက်ပြုံးလိုက်မိ၏။

"ရှင် ပြင်တတ်လား။ ရှင့်မှာ အစွမ်းအစရှိတယ်ဆိုရင် ရှင့်ကို ကျွန်မရဲ့ဆရာအဖြစ် သတ်မှတ်လိုက်မယ်။ လက်ပ်တော့ကို ယူသွားလိုက်တော့။ ပြင်ပြီးရင် ကျွန်မကိုဖုန်းဆက်လိုက်"

လက်ပ်တော့ထဲမှာ လျှို့ဝှက်ချက်အများကြီးရှိသော်လည်း လျိုဝေ့ဝေ့ကတော့ စိတ်မပူချေ။ အကြောင်းမှာ ဟက်ခ်ခံလိုက်ရသော လက်ပ်တော့၏ စနစ်တစ်ခုလုံးက လုံးဝပျက်စီးသွားသောကြောင့်ပင်။ ပျက်စီးသွားသော သတ္တုတုံးကြီးတစ်ခုသာသာ ဖြစ်သောကြောင့် မဟုတ်လည်း လွှင့်ပစ်လိုက်ရမည်သာ။

လျိုဝေ့ဝေ့နှင့် ကျိုးစုစုတို့ ကားထဲကထွက်ပြီး ဆိုက်ဘာဌာနထဲကို ဝင်သွားချိန်မှာ ယဲ့ချန်းက ထိုလက်ပ်တော့ကို ဖွင့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ့စိတ်အာရုံထဲသို့ မရေမတွက်နိုင်သော ကွန်ပျူတာကုတ်များ ဝင်ရောက်လာသည်။

•••••••••••

All Chapters