Hackingလောကကို တုန်လှုပ်စေခြင်း
Vol. 5 Ch. 67
ဆိုက်ဘာစောင့်ကြည့်ရေးဌာန၏ အစည်းအဝေးခန်းမထဲရှိ လေထုကား အလွန်လေးလံနေပေသည်။
"အခုဆိုရင် နောက်ထပ်ကုမ္ပဏီခြောက်ခုရဲ့ လျှို့ဝှက်ဒေတာတွေ အခိုးခံလိုက်ရပြီ။ ဒီဟက်ကာက တော်တော်သောင်းကျန်းနေတာပဲ"
ဒါရိုက်တာက စားပွဲကို ခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။
လျိုဝေ့ဝေ့က လေးနက်လှသော အမူအရာဖြင့် ပြောလိုက်လေသည်။
"ဒီဟက်ကာရဲ့ကျွမ်းကျင်မှုက သိပ်ကြောက်ဖို့ကောင်းပါတယ်။ သူ့ဗိုင်းရပ်စ်က ပစ်မှတ်ဆာဗာကို တိုက်ရိုက်ထိုးဖောက်နိုင်ပြီး အပြည့်အဝထိန်းချုပ်နိုင်တယ်။ အဲဒါက ကိုင်တွယ်ဖြေရှင်းဖို့ တော်တော်ခက်ခဲနေတယ်”
"ငါတို့ သူ့ကို ဘာအရေးယူမှုမှမလုပ်ဘဲ သူလုပ်ချင်ရာလုပ်ခွင့်ပေးထားရမှာလား"
ဒါရိုက်တာက ဒေါသတကြီး ပြောလိုက်ချေသည်။
"ကျွန်မတို့လည်း ကွန်ပျူတာဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ကြိုးစားနေပါတယ်။ ဒါပေမဲ့ အဲဒါကလည်း အချိန်ယူရဦးမှာပါ”
ထိုအချိန်မှာပင် ကျိုးစုစု၏ဖုန်းမှ အသိပေးစာတက်လာသည်။
သူ(မ)လည်း မက်ဆေ့ချ်ကို တစ်ချက်ကြည့်လိုက်၏။
"မင်းမိတ်ဆွေရဲ့ကွန်ပျူတာကို ပြင်ပြီးပြီ။ သူ့ကို အောက်ဆင်းပြီး လာယူခိုင်းလိုက်ပါ”
ကျိုးစုစု အံ့သြမှင်တက်သွားရသည်။
"အစ်မဝေ့ဝေ့.. ကျွန်မရဲ့မိတ်ဆွေက ရှင့်ကွန်ပျူတာကို ပြင်ပြီးပြီတဲ့”
"ဘာ? မဖြစ်နိုင်တာ"
လျိုဝေ့ဝေ့၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
သူ(မ)၏ကွန်ပျူတာက ဟက်ကာ၏ IPလိပ်စာကို ခြေရာခံနေရင်း ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရသဖြင့် ဗိုင်းရပ်စ်ကို မဖယ်ရှားဘဲ ပြန်ဖွင့်ရန်မှာ မဖြစ်နိုင်ပေ။
ဤကွန်ပျူတာဗိုင်းရပ်စ်ကိုလည်း ကွန်ယက်လုံခြုံရေးကျွမ်းကျင်သူများအနေနှင့် မဖယ်ရှားနိုင်သောကြောင့် သုံးရက်ကြာအောင် သုတေသနပြုလုပ်ခဲ့ရသည်။ တက္ကစီဒရိုင်ဘာတစ်ယောက်က ထိုဗိုင်းရပ်စ်ကို မည်သို့နှယ် နှိမ်နင်းနိုင်မည်နည်း။
"သူ မင်းကိုလှည့်စားနေတာပဲဖြစ်ရမယ်။ ဒါ လုံးဝမဖြစ်နိုင်ဘူး"
လျိုဝေ့ဝေ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
သို့သော် ထိုအချိန်မှာပင် သူ(မ)၏ဖုန်းထဲမှာ ထိုကွန်ပျူတာက ဝီချက်ထဲကို ဝင်ရောက်နေကြောင်း ပြသနေပေသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
လျိုဝေ့ဝေ့၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
လက်ပ်တော့ထဲမှတစ်ဆင့် ဝီချက်ကိုဝင်ရောက်ထားကြောင်း သူ(မ) အမှတ်ရလိုက်မိသည်။
ဤသည်မှာ သူ(မ)၏ကွန်ပျူတာက ပြန်ကောင်းသွားပြီဟူသော အဓိပ္ပါယ်ပင်။
"ကျွန်မ ခဏလောက်အပြင်သွားလိုက်ဦးမယ်"
လျိုဝေ့ဝေ့လည်း အသက်ပြင်းပြင်းရှူသွင်း၍ အစည်းအဝေးခန်းမထဲမှ အမြန်ထွက်သွားလေတော့သည်။
ယဲ့ချန်းကတော့ ရှားလိကားထဲမှာထိုင်ပြီး ကွန်ပျူတာကိုကျွမ်းကျင်စွာကိုင်တွယ်နေသည်။
ဤဗိုင်းရပ်စ်မှာ အလွန်အထင်ကြီးချင်စရာကောင်း၏။ သို့သော် ယခုအချိန်၌ ယဲ့ချန်းတွင် ဟက်ကာမာစတာတစ်ယောက်၏ ကျွမ်းကျင်မှုမျိုးရှိနေပြီဖြစ်ရာ မည်မျှအထင်ကြီးဖို့ကောင်းသော ဟက်ကာပင်ဖြစ်စေ သူ့ရှေ့မှာတော့ ဘာမှမပြောပလောက်ချေ။
အခက်အခဲနည်းနည်းရှိသော်ငြား ထိုကွန်ပျူတာဗိုင်းရပ်စ်ကို ယဲ့ချန်း လွယ်လင့်တကူ ဖယ်ရှားနိုင်ခဲ့သည်။
ယဲ့ချန်းလည်း ဝမ်ရှောင်းယွီကို ဖုန်းခေါ်ပြီး ပြောလိုက်၏။
"ငါ အဲဒီကွန်ပျူတာဗိုင်းရပ်စ်အတွက် Antivirusပရိုဂရမ်တစ်ခု ရေးပြီးပြီ။ ဝက်ဘ်ဆိုက်မှာ အခုချက်ချင်းတင်လိုက်တော့”
"ဘယ်လို"
ဝမ်ရှောင်းယွီခမျာ ယဲ့ချန်း၏စကားကြောင့် ကြက်သေသေသွားရသည်။
တစ်နိုင်ငံလုံးရှိ ကွန်ယက်လုံခြုံရေးကျွမ်းကျင်သူများပင် ဤဗိုင်းရပ်စ်ကို ဖျက်ဆီးဖို့ကြိုးစားနေရဆဲပင်။ သို့သော် ယဲ့ချန်းကတော့ ထိုဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်ခဲ့ပြီဟု ဆိုနေလေသလား။
"ဥက္ကဋ္ဌယဲ့..ဒီAntivirusပရိုဂရမ်ကို ဘယ်ကရခဲ့တာလဲဗျ"
ဝမ်ရှောင်းယွီခမျာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"ငါ အခုပဲရေးလိုက်တာ"
ယဲ့ချန်းကတော့ အမှုမထားဟန်ဖြင့် ပြောလိုက်သည်။
"ခင်ဗျား ရေးထားတာလား"
ဝမ်ရှောင်းယွီ ကြောင်အသွားလေတော့သည်။
"ငါ ဒါကို မင်းရဲ့အီးမေးလ်ကို ပို့ထားပြီးပြီ။ စစ်ကြည့်လိုက်ဦး"
ထိုသို့ပြောရင်း ယဲ့ချန်း ဖုန်းချလိုက်၏။
အလီလုပ်ငန်းစုတွင်မူ အစ်ကိုမာ၏မျက်နှာထက်၌ ပူပင်သောကတို့ ပြည့်နှက်နေသည်။
သူတို့ကုမ္ပဏီ၏ ကွန်ယက်စနစ်လည်း အဟက်ခံခဲ့ရသည်။ အရေးကြီးဒေတာများ ခိုးယူခံခဲ့ရပြီး ဟက်ကာများက တစ်ဆယ်ဘီလျံပေးရမည်ဟု မတန်တဆဈေးခေါ်လာသည်။
ဤဒေတာမှာ အလီလုပ်ငန်းစုအတွက် အလွန်အရေးကြီးလှပေသည်။
"ဥက္ကဋ္ဌမာ..ကျွန်တော်တို့လုပ်ငန်းစုရဲ့ရှယ်ယာ၈.၈ရာခိုင်နှုန်းကို လူတစ်ယောက်က ဝယ်ယူလိုက်တယ်လို့ သတင်းရထားပါတယ်"
"ဘာ?"
အစ်ကိုမာလည်း ခဏမျှအံ့သြမှင်တက်သွားသည်။
ကုမ္ပဏီ၏စျေးကွက်တန်ဖိုးမှာ လေးရာဘီလျံကျော်ဖြစ်ပြီး ရှယ်ယာ၈.၈ရာခိုင်နှုန်းဆိုပါက ၃၅ဘီလျံကျော်သွားလေပြီ။ ဤပမာဏရှိသော ရှယ်ယာအမြောက်အများကို တိတ်တဆိတ်ဝယ်ယူနိုင်သူတစ်ယောက်၏ နောက်ခံမှာ ကြောက်မက်ဖွယ်ရာပင်။
"အဲဒီလူရဲ့နာမည်က ဘာတဲ့လဲ"
"ယဲ့ချန်းတဲ့"
"ယဲ့ချန်းတဲ့လား"
အစ်ကိုမာ တော်တော်ကြာအောင် စဉ်းစားကြည့်လိုက်သည်။ စီးပွားရေးလောကထဲမှာ ထိုနာမည်မျိုးမရှိပေ။
"ငါ့ကိုဖုန်းဆက်ပေးဦး။ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒီယဲ့ချန်းနဲ့ ငါတွေ့ချင်တယ်"
အစ်ကိုမာက သြရှရှအသံဖြင့် ပြောလိုက်လေသည်။
ယဲ့ချန်းက လျှပ်စီးလို အမြန်နှုန်းမျိုးနှင့် ကုတ်ရိုက်ထည့်နေပြီး သိပ်မကြာခင်မှာပင် အလွန်အင်အားကောင်းလှသော firewallတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
ဤFirewallကို မိနစ်နှစ်ဆယ်မပြည့်ခင်မှာပင် ရေးနိုင်ခဲ့ခြင်းဖြစ်၏။
ထိုအချိန်မှာ ယဲ့ချန်းထံသို့ ဖုန်းဝင်လာသည်။
"ဟယ်လို မစ္စတာယဲ့လားဗျ"
"ဟုတ်ပါတယ်။ ခင်ဗျားက ဘယ်သူလဲ"
ယဲ့ချန်း ပြန်ဖြေလိုက်၏။
"ကျုပ်ရဲ့မျိုးရိုးနာမည်က မာ.. အလီလုပ်ငန်းစုရဲ့ စီအီးအိုပါ”
"မင်္ဂလာပါ ဥက္ကဋ္ဌမာ"
တစ်ဖက်လူက ဟွားနိုင်ငံရှိ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်ကြောင်းသိသဖြင့် ယဲ့ချန်း တလေးတစားပြောလိုက်သည်။
"မစ္စတာယဲ့...ကျုပ်တို့အလီလုပ်ငန်းစုရဲ့ရှယ်ယာ ၈.၈%ရာခိုင်နှုန်းကို ခင်ဗျားဝယ်လိုက်ပြီလို့ သတင်းကြားထားတယ်ဗျ"
"ဟုတ်ပါတယ်။ နောက်နောင် ဥက္ကဋ္ဌမာရဲ့လမ်းညွှန်မှုကို ကျွန်တော် မှီခိုရမှာပဲဗျာ"
"ခင်ဗျားက အရမ်းသဘောကောင်းလွန်းပါတယ်။ မစ္စတာယဲ့...ခင်ဗျားအိမ်က ဘယ်မှာလဲဗျ။ ဖြစ်နိုင်ရင် တစ်ရက်လောက် ခင်ဗျားဆီကို အလည်လာချင်သေးတယ်”
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။ သူ မိုတုလိပ်စာကို မပြောလိုက်ပေ။ အကြောင်းမှာ အစ်ကိုမာလို ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်အတွက် ထျန်းချန်ယိပင် သို့မဟုတ် မြစ်ရှုခင်းဗီလာလို နေရာများမှာ သိပ်မထူးခြားသောကြောင့် အခမ်းနားဆုံးနေရာကိုသာ ပြောပြလိုက်သည်။
"ကျွန်တော့်အိမ်က အမှတ်၁၆၈၊ သုန်းရှီလမ်း၊ ကျိုတိုပါ"
ယဲ့ချန်း ပေါ့ပေါ့ပါးပါးသာပြောလိုက်လေသည်။
"အိုး..သုန်းရှီလမ်း..တော်ဝင်အိမ်ရာလား"
အစ်ကိုမာ အံ့သြမှင်တက်သွားလေသည်။
ဟွားနိုင်ငံတွင် တော်ဝင်မြို့တော်အနီးရှိ အိမ်ရာတစ်ခုကို ပိုင်ဆိုင်ခြင်းမှာ အဆင့်အတန်းမြင့်မားခြင်း၏ သင်္ကေတတစ်ခုပင်။
"သိပ်ကောင်းတယ်။ သိပ်ကောင်းတယ် မစ္စတာယဲ့...ကျူပ် မကြာမကြာလာလည်ပါ့မယ်"
ထိုအချိန်မှာ ယဲ့ချန်း၏သရုပ်မှန်က အလွန်ထူးခြားသည်ဟု သူ ခံစားလိုက်ရသည်။
"ကောင်းပြီ။ ကျွန်တော် ခင်ဗျားအတွက် အကောင်းဆုံးလက်ဖက်ရည်ကို ပြင်ဆင်ထားလိုက်မယ်။ စကားမစပ် အလီလုပ်ငန်းစုမှာ အခုလောလောဆယ် ပြဿနာတစ်ခုခုများ တက်နေတာလား"
အစ်ကိုမာ ခဏမျှကြက်သေသေသွားရသည်။
"ဟုတ်တယ်။ ကျုပ်တို့ရဲ့ဒေတာဘေ့စ် ထိုးဖောက်ခံခဲ့ရပြီးဒေတာတချို့ ဆုံးရှုံးလိုက်ရတယ်လေ"
"အိုး..ကျုပ်တို့ လုပ်ငန်းပါတနာတွေဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့ ကျုပ် ခင်ဗျားကို လက်ဆောင်အကြီးကြီးတစ်ခု ပို့ပေးလိုက်မယ်။ မကြာခင် ခင်ဗျားဆီကို အီးမေးလ်တစ်စောင်ရောက်လာလိမ့်မယ်”
"ကောင်းပါပြီ"
အစ်ကိုမာက သင်္ကာမကင်းဟန်ဖြင့် ဖုန်းချလိုက်သည်။
ချီလောင်၃၆၀လုပ်ငန်းစုတွင်မူ ဝမ်ရှောင်းယွီက ယဲ့ချန်းပို့ပေးထားသော အီးမေးလ်ကို ဖွင့်ကြည့်လိုက်သည်။
"ဒါကဘာလဲ”
နည်းပညာဝန်ထမ်းတစ်ယောက်ကို သူ ချက်ချင်းဖုန်းဆက်လိုက်သည်။
"ဒီantivirusစနစ်ကို အကဲဖြတ်လိုက်”
တစ်ချိန်တည်းမှာပင် အစ်ကိုမာကလည်း အီးမေးလ်ဖွင့်ကြည့်လိုက်၏။
"ဒါက ဆော့ဖ်ဝဲလား”
အစ်ကိုမာက ကွန်ယက်လုံခြုံရေးဌာန၏ ဒါရိုက်တာကို ဖုန်းဆက်လိုက်သည်။
"လောင်ကောင်း ဒီကိုလာခဲ့ဦး"
...
ယဲ့ချန်း ဖုန်းချလိုက်ချိန်မှာ အပြင်ဘက်မှ အလောတကြီးဖြစ်နေသော ခြေသံများကို ကြားလိုက်ရသည်။
လျိုဝေ့ဝေ့က သူ့ထံသို့ အမြန်လျှောက်လာသည်။
ယဲ့ချန်း၏လက်ထဲရှိ လက်ပ်တော့က ပုံမှန်အတိုင်း အလုပ်လုပ်နေတာကို တွေ့လိုက်ရချိန်မှာ သူ(မ) လုံးဝအံ့သြသွားလေတော့သည်။
သူ အဲဒီဗိုင်းရပ်စ်ကို တကယ်ပဲ နှိမ်နင်းနိုင်ခဲ့တာလား?
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"မိန်းကလေးလျို.. မင်း ငါ့ကို ဆရာခေါ်သင့်နေပြီထင်တယ်"
လျိုဝေ့ဝေ့ခမျာ ယဲ့ချန်း၏လက်ထဲရှိ ကွန်ပျူတာကို တအံ့တသြကြည့်လိုက်မိသည်။
"ကျွန်မကွန်ပျူတာကို ရှင် တကယ်ပြင်ထားတာလား”
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ကျေးဇူးပဲ။ ငါ မင်းရဲ့ကွန်ပျူတာထဲမှာ firewallတစ်ခု ဆောက်ပေးထားတယ်။ အခု သာမန်ဗိုင်းရပ်စ်တွေ ဒီထဲကို ဝင်နိုင်တော့မှာမဟုတ်ဘူး"
လျိုဝေ့ဝေ့လည်း ကွန်ပျူတာကိုယူပြီး ခဏဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူ(မ)၏အမူအရာမှာ ပိုမိုထိတ်လန့်သွားချေသည်။
"ရှင် ကွန်ပျူတာဗိုင်းရပ်စ်ကို ဖယ်ရှားလိုက်တာလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ဒီကွန်ပျူတာဗိုင်းရပ်စ်က တအားသေးလွန်းတော့ ဖျက်ဆီးရတာ လွယ်လွယ်လေးရယ်"
"မစ္စတာယဲ့... ကွန်ပျူတာဗိုင်းရပ်စ်ကို ဖန်တီးတဲ့လူရဲ့ IPလိပ်စာကို ခြေရာခံပေးနိုင်မလား”
ယဲ့ချန်း ခဏမျှစဉ်းစားပြီး ပြောလိုက်လေသည်။
"စမ်းကြည့်တာပေါ့”
"ရှင် ကျွန်မတို့ရဲ့ဆိုက်ဘာစောင့်ကြည့်ရေးဌာနကို လိုက်ခဲ့တာပိုကောင်းလိမ့်မယ်"
ဟွားနိုင်ငံရှိ ကျွမ်းကျင်သူအားလုံးကိုပင် အခက်တွေ့စေခဲ့သော ဤဗိုင်းရပ်စ်ကို ယဲ့ချန်းက ဤရှားလိကားစုတ်လေးထဲမှာ ဖျက်ဆီးနိုင်ခဲ့တာကို လျိုဝေ့ဝေ့ ယုံရခက်နေသည်။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်ပြီး လျိုဝေ့ဝေ့နှင့်အတူ ဆိုက်ဘာစောင့်ကြည့်ရေးဌာနထဲသို့ လိုက်သွားလေသည်။
အစည်းအဝေးခန်းမထဲရှိ ထိပ်တန်းအရာရှိများမှာမူ စိုးရိမ်ပူပန်နေကြသည်။
ရုတ်တရက်ဆိုသလိုပင် ဖုန်းက အရေးတကြီးထမြည်လာသည်။
"ချီလောင်၃၆၀ကုမ္ပဏီဟာ ဗိုင်းရပ်စ်အသစ်ကို ဖယ်ရှားနိုင်တဲ့ နောက်ဆုံးပေါ်antivirusဆော့ဖ်ဝဲကို ထုတ်လုပ်နိုင်ခဲ့ပါတယ်"
"ဘာ?"
ထိုအချိန်မှာပင် အလီလုပ်ငန်းစု၌...
ကောင်းယွင်၏အမူအရာမှာ စိတ်လှုပ်ရှားနေဟန်တူသည်။
"ဥက္ကဋ္ဌမာ..ဒီfirewallက ထိပ်တန်းအဆင့်ပဲ။ ခိုင်မာမှုက Mနိုင်ငံထောက်လှမ်းရေးဌာနရဲ့ firewallတွေထက် မနိမ့်ဘူးဗျ။ ဒီနည်းနဲ့သာဆိုရင် ဒေတာတွေအခိုးခံရမှာကိုစိုးရိမ်စရာမလိုတော့ဘူး"
ယဲ့ချန်းကတော့ သူဖန်တီးခဲ့သည့် Antivirusဆော့ဖ်ဝဲနှင့် firewallက ဟက်ကာလောကတစ်ခုလုံးကို ထိတ်လန့်သွားစေလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။
••••••••••••