ထိတ်လန့်သွားသော အစ်ကိုမာ
Vol. 5 Ch. 70
ကျိုတို၌...
အစ်ကိုမာ၏ကားက တော်ဝင်မြို့တော်တစ်ဝိုက်တွင် အခေါက်ခေါက်အခါခါ ပတ်မောင်းနေသော်ငြား ယဲ့ချန်းပြောသည့် ခြံအမှတ်၁၆၈ကိုတော့ ရှာမတွေ့ပေ။
"ဘော့စ်..ယဲ့ချန်းပြောတဲ့လိပ်စာက မှားနေတာဖြစ်မယ်"
ဒုဥက္ကဋ္ဌလော့ပင်းက သင်္ကာမကင်းဟန်ဖြင့် ပြောလိုက်သည်။
"ဒါဆို ငါ သူ့ကို ဖုန်းဆက်လိုက်ဦးမယ်"
အစ်ကိုမာက ပြောပြောဆိုဆိုဖြင့် ဖုန်းထုတ်၍ ဆက်လိုက်သည်။
"ဥက္ကဋ္ဌယဲ့.. အစ်ကိုမာပါ။ ခင်ဗျားအိမ်က ဘယ်မှာလဲဗျ။ ကျုပ်တို့ ပတ်မောင်းနေတာ တော်တော်ကြာပြီ။ ခင်ဗျားပြောတဲ့ခြံဝင်းကို အခုထိရှာမတွေ့သေးဘူး"
"ဟုတ်တယ်လေ။ အမှတ်၁၆၈ သုန်းရှီလမ်း"
အစ်ကိုမာက လမ်းဘေးကို တစ်ချက်ကြည့်လိုက်၏။
"ကျုပ်တို့ အခု အမှတ်၁၆၈ သုန်းရှီလမ်းကိုရောက်နေပြီ။ ဒါပေမဲ့ ဒါက တော်ဝင်မင်းသားအိမ်တော်ကြီး"
ယဲ့ချန်း တဟားဟားရယ်လိုက်လေသည်။
"ကျွန်တော့်အိမ်က တော်ဝင်မင်းသားအိမ်တော်ထဲမှာ။ ဟုတ်သား.. ကျွန်တော် ခင်ဗျားတို့ကို လာကြိုမယ်လေ"
"ဘယ်လို? တော်ဝင်မင်းသားအိမ်တော်လား"
အစ်ကိုမာက အစွမ်းအစရှိသောလူတစ်ယောက်ပင်။ တော်ဝင်မြို့တော်ထဲတွင် ခြံဝင်းတစ်ခုဝယ်ရန် စဉ်းစားထားသည်။ သူသည် တကယ်လည်းဝယ်နိုင်စွမ်းရှိသူပင်။
သို့သော် တော်ဝင်မင်းသားအိမ်တော်ကိုတော့ ဝယ်နိုင်စွမ်းမရှိပေ။
ဖုန်းချပြီးနောက် အစ်ကိုမာခမျာ တော်ဝင်မင်းသားအိမ်တော်ကို စိုက်ကြည့်နေမိသည်။ သူ့မျက်လုံးထဲမှာတော့ ထိတ်လန့်မှုအရိပ်အယောင်များ ကျန်ရစ်နေဆဲပင်။
"မဖြစ်နိုင်တာ။ တော်ဝင်မင်းသားအိမ်တော်က ဘယ်လိုလုပ်ပြီး ယဲ့ချန်းရဲ့အိမ် ဖြစ်နိုင်မှာလဲ"
အစ်ကိုမာအနေနှင့် ဩဇာအာဏာရှိသော ပုဂ္ဂိုလ်များစွာကို တွေ့ဖူးသော်လည်း တော်ဝင်မင်းသားအိမ်တော်ထဲတွင် နေထိုင်သော တစ်စုံတစ်ယောက်ကိုမူ ယခုမှ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။
ထိုအချိန်မှာပင် တော်ဝင်မင်းသားအိမ်တော်၏ တံခါးဝမှာ ပွင့်ဟလာသည်။ ထို့နောက် ယဲ့ချန်းက တော်ဝင်မင်းသားအိမ်တော်ထဲမှ ထွက်လာလေသည်။
ယဲ့ချန်းထွက်လာတာကို မြင်သောအခါ အစ်ကိုမာနှင့် လော့ပင်းတို့လည်း ကြက်သေသေသွားကြသည်။
"အမလေး..တော်ဝင်မင်းသားအိမ်တော်က တကယ်ကြီး ယဲ့ချန်းရဲ့အိမ်ပဲ"
တော်ဝင်မင်းသားအိမ်တော်ကဲ့သို့သော နေရာမျိုးမှာ လူတိုင်းနေနိုင်သော နေရာမဟုတ်ပေ။
ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ယဲ့ချန်း၏နောက်ခံက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။
ယခင်ကလိုသာဆိုလျှင် အစ်ကိုမာ၏မျက်လုံးထဲတွင် ယဲ့ချန်းက နောက်ခံတောင့်သော လူငယ်တစ်ယောက်မျှသာ ဖြစ်သည်ဟု ထင်မိမည်ဖြစ်၏။ သိုသော် ယခုမူ သူ့နှလုံးသားထဲ၌ ဤလူ့ကို လေးစားသွားရသည်။
ယဲ့ချန်းက တောင်းပန်လိုဟန်အမူအရာတစ်ခုနှင့်အတူ ထွက်လာပြီး ဆိုလာလေသည်။
"အစ်ကိုမာ..ဆောရီးဗျာ.. ကျွန်တော့်အိမ်က တော်ဝင်မင်းသားအိမ်တော်ဆိုတာ ပြောပြဖို့ မေ့သွားတယ်"
အစ်ကိုမာကလည်း ကိုးရိုးကားရားခေါင်းညိတ်ပြလိုက်သည်။
"ဥက္ကဋ္ဌယဲ့.. ခင်ဗျားကြောင့် ကျုပ် တော်တော်လန့်သွားတာ"
ယဲ့ချန်း ရယ်လိုက်လေသည်။
"ရယ်မိတဲ့အတွက် စိတ်မရှိပါနဲ့။ အိမ်က နည်းနည်းဟောင်းနေတော့ ကျေးဇူးပြုပြီး သည်းခံပေးပါဦး"
"သေစမ်း.. ဒါက တော်ဝင်မင်းသားအိမ်တော်လေ။ အဲဒါကို မင်းက လာသည်းခံခိုင်းနေတာလား"
အစ်ကိုမာခမျာ စိတ်ထဲမှာ ခပ်တိတ်တိတ်ဆဲရေးမိသည်။
တော်ဝင်မင်းသားအိမ်တော်တွင် တံတားအသေးစားများနှင့် ရေပန်းများရှိသည့်အပြင် ကော်ရစ်ဒါအရှည်ကြီးများနှင့် ရှေးဟောင်းအဆောက်အအုံများလည်း ရှိသည်။ အစ်ကိုမာလို ကမ္ဘာပတ်ဖူးသော လူတစ်ယောက်ပင် တော်ဝင်မင်းသားအိမ်တော်၏ ကြီးကျယ်ခမ်းနားမှုကြောင့် အံ့ဩမှင်တက်နေရသည်။
ဤတော်ဝင်မင်းသားအိမ်တော်ထဲတွင် လမ်းလျှောက်နေရင်း ကြီးကျယ်ခမ်းနားမှုနှင့် နေသားကျနေသော အစ်ကိုမာပင် အနည်းငယ်စိတ်လှုပ်ရှားလာသည်။
ဤနေရာမှာ တော်ဝင်မြို့တော်ထဲတွင် တည်ရှိပြီး မြေတစ်လက်မချင်းစီတိုင်းက စည်းစိမ်ပုံပေးရလောက်သော ပမာဏမျိုးဖြစ်၏။ ယဲ့ချန်းက ဤတော်ဝင်မင်းသားအိမ်တော်ကို ပိုင်သတဲ့လေ။
အစ်ကိုမာလည်း ဤအဖြစ်ကို မအံ့ဩဘဲ ဘယ်နေနိုင်မလဲ။
ယဲ့ချန်းနှင့် အစ်ကိုမာတို့ ဧည့်ခန်းမထဲသို့ ရောက်သောအခါ အိမ်ရှင်နှင့် ဧည့်သည်များမှာ ကိုယ့်နေရာကိုယ် ဝင်ထိုင်လိုက်ကြသည်။
အစ်ကိုမာ အနည်းငယ်အံ့ဩသွားရသည်။
"ဥက္ကဋ္ဌယဲ့.. ခင်ဗျားက အသက်ငယ်ငယ်လေးနဲ့ ဒီလောက်တောင်ချမ်းသာနေတာ။ ဘယ်လုပ်ငန်းနယ်ပယ်ကလဲဆိုတာ သိလို့ရမလား"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ကျွန်တော့်ရဲ့အဓိကလုပ်ငန်းက တက္ကစီမောင်းတာပါ"
"တက္ကစီမောင်းတာလား"
အစ်ကိုမာ နည်းနည်းတော့ ကြောင်အသွားသည်။
"ဥက္ကဋ္ဌယဲ့.. ခင်ဗျားနောက်နေတာပဲဖြစ်ရမယ်။ ကျုပ်တို့အလီလုပ်ငန်းစုကို ဝယ်တာကတင် ၃၅ဘီလျံလောက်ကုန်ကျတယ်လေ။ အဲဒါနဲ့ဆိုရင် ခင်ဗျား တက္ကစီကုမ္ပဏီဆယ်ခုလောက်ဝယ်လို့ရတယ်"
ယဲ့ချန်း တဟားဟားရယ်လိုက်၏။
"တက္ကစီမောင်းတာက ကျွန်တော့်ရဲ့အဓိကလုပ်ငန်းပါ။ ဟွားနိုင်ငံလေကြောင်းလိုင်း ဟွားနိုင်ငံဘဏ် ရီတာ့လုပ်ငန်းစုနဲ့ တခြားကုမ္ပဏီတွေမှာရှိတဲ့ ရှယ်ယာတွေက ဘေးပေါက်လုပ်ငန်းတွေပါ"
အစ်ကိုမာ : "..."
ဒီလောက်အံ့သြဖို့ကောင်းတဲ့ ကုမ္ပဏီတွေက ဘေးပေါက်လုပ်ငန်းတွေဖြစ်ပြီး တက္ကစီမောင်းတာကတော့ အဓိကလုပ်ငန်းပေါ့လေ!
အစ်ကိုမာကိုယ်တိုင်လည်း ဒိတ်ဒိတ်ကြဲတစ်ယောက်ဖြစ်သော်ငြား ကြွားဝါသည့်နေရာမှာတော့ ယဲ့ချန်းကို မမီပေ။
"စကားမစပ်..ကျွန်တော်ပေးထားတဲ့ Firewallက ဘယ်လိုအခြေအနေရှိလဲ"
"အရမ်းမိုက်တယ်။ ကျုပ် ဟွားနိုင်ငံရဲ့ထိပ်တန်းဟက်ကာဆယ်ယောက်ကိုဖိတ်ပြီး စမ်းသပ်ကြည့်ပြီးပြီ။ ဘာချို့ယွင်းချက်မှမရှိဘူး"
အစ်ကိုမာက စိတ်လှုပ်ရှားစွာပြောလိုက်လေသည်။
သူတို့နှစ်ယောက်သားဟာ တော်ဝင်မင်းသားအိမ်တော်ထဲ၌ ညနက်သည်အထိ စကားပြောခဲ့ကြသည်။
အစ်ကိုမာလည်း ယဲ့ချန်းကို လေးစားသွားရသည်။
ဤလူငယ်လေး၏အမြင်က သူ့ထက် ခေတ်ရှေ့ပြေးနေပြီး သူ့ထံမှ အကြံဉာဏ်ပေါင်းများစွာလည်း ရခဲ့သည်။
ဟိုတယ်သို့ အပြန်လမ်းတွင် အစ်ကိုမာခမျာ အသက်ပြင်းပြင်းရှူသွင်း၍ လော့ပင်းကို ပြောလိုက်၏။
"ဒီလူက ဖြုံချင်စရာပဲ။ ငါတို့ သူ့ကို တလေးတစားဆက်ဆံရမယ်။ ရန်သူတွေဖြစ်လို့မရဘူး"
ယဲ့ချန်း၏ တော်ဝင်မင်းသားအိမ်တော်ကြောင့် အံ့ဩမှင်တက်နေသော လော့ပင်းကလည်း ထပ်ခါတလဲလဲခေါင်းညိတ်ပြလေသည်။
…..
ယဲ့ချန်း ရေချိုးပြီးခါ အိပ်ရာဝင်ရန်ပြင်နေချိန်မှာပင် ဆရာယဲ့ထံမှ ဖုန်းဝင်လာသည်။
"ရှောင်ချန်း.. ငါတို့ရုပ်ရှင်က ပြဿနာတက်နေတယ်။ ပရိုမိုးရှင်းလုပ်ဖို့ နှောင့်နှေးနိုင်တယ်"
"ဘာဖြစ်လို့လဲ။ ယွီယွီ တစ်ခုခုဖြစ်လို့လား"
ယဲ့ချန်း နားမလည်နိုင်သဖြင့် မေးလိုက်လေသည်။
ဆရာယဲ့က ဆိုလာသည်။
"ပြီးခဲ့တဲ့နှစ်ရက်လောက်တုန်းက ယွီယွီ ကော့တေးပါတီတစ်ခုကို တက်ပြီး မူးသွားလို့ တစ်စုံတစ်ယောက်က သူ့ရဲ့မဖွယ်မရာဗီဒီယိုတစ်ခုကို ရိုက်ယူသွားတယ်။ အခု အဲဒီဗီဒီယိုက နိုင်ငံခြားဝက်ဆိုက်တွေပေါ်မှာ ရောက်နေပြီ။ ငါတို့နိုင်ငံကိုလည်း မကြာခင် သတင်းပြန့်လာမှာပဲ"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။ အနုပညာအသိုင်းအဝိုင်းကား ရှုပ်ထွေးပွေလီလှသည်။ ယွီယွီ၏၏စရိုက်က အလွန်သီးသန့်ဆန်လှလေရာ သေချာပေါက်အကွက်ဆင်ခံရခြင်းပင် ဖြစ်လိမ့်မည်။
ယဲ့ချန်း ပြန်ပြောလိုက်၏။
"ကျွန်တော့်တာဝန်သာထားလိုက်ပါ။ အဲဒီဗီဒီယိုတွေကို ပေါက်ကြားခွင့်မပြုပါဘူး"
ထို့နောက် သူ ကျန်းယွီယွီကို ဖုန်းဆက်လိုက်သည်။
"ယွီယွီ ဘာဖြစ်ခဲ့တာလဲ"
ကျန်းယွီယွီ၏အသံက အတန်ငယ်ဖျော့တော့နေသည်။
"အဲဒီနေ့တုန်းက ကျွန်မ မိတ်ဆွေတစ်ယောက်နဲ့ သောက်နေတာ။ လော့ဟောင်လို့ခေါ်တဲ့ အနုပညာရှင်တစ်ယောက်က ကျွန်မကို အရက်တစ်ခွက်လာပေးတယ်လေ။ သောက်ပြီးသွားတော့ ကျွန်မ မူးနောက်နောက်ဖြစ်လာပြီး အဲဒီနောက်ပိုင်း ဘာမှမသိတော့ဘူး။ နောက်တော့ သူ့ဆီကနေ ဗီဒီယိုတစ်ပုဒ် ရလိုက်တာပဲ။ ကျွန်မသာ သူနဲ့ အဲဒါလုပ်ဖို့ သဘောမတူဘူးဆိုရင် သူလည်း ဒီဗီဒီယိုကို ကျွန်မတို့နိုင်ငံထဲက ဝက်ဆိုက်တွေမှာ တင်လိုက်မယ်တဲ့"
"ကျွန်မလည်း သေချာပေါက်ငြင်းလိုက်တာပေါ့"
"အခု သူက ကျွန်မဗီဒီယိုဖိုင်ကို နိုင်ငံခြားဝက်ဆိုက်မှာ တင်လိုက်ပြီ။ မကြာခင် ပြည်တွင်းကိုလည်း ပြန့်လာတော့မှာ"
"နားလည်ပြီ"
ကျန်းယွီယွီခမျာ ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်။
"ဒီဗီဒီယိုတွေသာ ပြည်တွင်းမှာ ပြန့်သွားရင် ကျွန်မတော့သွားပြီပဲ"
"အဲဒီလူအကြောင်း ငါ့ကိုပြောပြပါဦး။ ဝီချက်အိုင်ဒီတို့ ဖုန်းနံပါတ်တို့ အီးမေးလ်တို့.. ဒီကိစ္စကို ငါကူဖြေရှင်းပေးမယ်"
"ယဲ့ချန်း.. ရှင် ကျွန်မကို တကယ်ကူညီမှာလား"
"စိတ်မပူပါနဲ့။ ငါရှိနေသရွေ့ အဲဒီဗီဒီယိုတွေ ပြည်တွင်းမှာ မပြန့်စေရဘူး"
ကျန်းယွီယွီပေးသော သတင်းအချက်အလက်များကိုသုံး၍ ယဲ့ချန်းလည်း ထိုဗီဒီယိုများကိုတင်ထားသည့် နိုင်ငံခြားဝက်ဆိုက်ကို ခပ်မြန်မြန်ရှာတွေ့လိုက်သည်။
ဗီဒီယိုက လွန်လွန်ကဲကဲဖြစ်နေတာမျိုး မရှိပေ။ ကျန်းယွီယွီက မူးနေရုံသာရှိပြီး သူ(မ)ကိုယ်သူ(မ) မိမိုက်သည်ဟုဆိုကာ ပခုံးသားကို ဖော်နေရုံမျှသာ။
ပိုယုတ်မာသောအပိုင်းမှာ လော့ဟောင်ထပ်ဖြည့်ထားသော မှုန်ဝါးဝါးဗီဒီယိုပင်။ ထိုဗီဒီယိုထဲရှိ အမျိုးသမီးမှာ ယွီယွီမဟုတ်ပေ။ သို့သော် အတူတွဲ၍ တည်းဖြတ်လိုက်သောအခါ အဝတ်အစားပုံစံကြောင့် အထင်လွဲချင်စရာဖြစ်သွားသည်။
ကံကောင်းချင်တော့ ဤဗီဒီယိုကို ပရီမီယမ်နိုင်ငံခြားဝက်ဆိုက်တစ်ခုတွင် တင်ထားခြင်းဖြစ်၏။ ဝင်ခွင့်ကလည်း တင်းကျပ်လှသည်ဖြစ်ရာ ယခုအထိတော့ ပြန့်မသွားသေးပေ။
သို့သော် ဒေါင်းလုတ်လုပ်ထားသော အရေအတွက်မှာ ၁၂၃၂ဖြစ်နေချေပြီ။ ဗီဒီယိုကြည့်ရှုသူ အရေအတွက်ကလည်း ၁၂၂၂၁သို့ ရောက်နေသည်။
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီလူက တော်တော်ယုတ်မာတာပဲ…
ထိုလူက ကျန်းယွီယွီကို ခြိမ်းခြောက်နေသည့်ကြားက ဤဗီဒီယိုကိုလည်း ဝက်ဆိုက်ပေါ်တွင် တင်ထားသေးသည်။
ဤကဲ့သို့သော ဗီဒီယိုမျိုးက မြန်မြန်ပျံ့နှံ့နိုင်ကြောင်း ယဲ့ချန်း နားလည်သည်။ သိပ်မကြာခင်မှာပင် ပြည်တွင်းဝက်ဆိုက်များပေါ်သို့ ရောက်လာပေလိမ့်မည်။
ထို့ကြောင့် ဤဗီဒီယိုများကို အမြန်ဆုံးဖျက်ပစ်ရန် လိုပေသည်။
ယဲ့ချန်းလည်း ကွန်ပျူတာကိုဖွင့်၍ ကုတ်အတန်းလိုက်ကြီးကို အရူးအမူးရိုက်လေတော့သည်။
နာရီဝက်အကြာတွင်မူ ယဲ့ချန်း သက်မချလိုက်မိသည်။
ဖုန်းများထဲမှ ဗီဒီယိုများသာမက ဝက်ဆိုက်များပေါ်ရှိ ဗီဒီယိုများအားလုံးကို လုံးဝ ဖျက်ပစ်လိုက်ပြီဖြစ်၏။
ယခုကစပြီး ထိုဗီဒီယိုဖိုင်မှာ ဤကမ္ဘာပေါ်တွင် မရှိတော့ပေ။
ယဲ့ချန်း ကျန်းယွီယွီကို ဖုန်းဆက်လိုက်သည်။
"ယွီယွီ ငါ အဲဒီဗီဒီယိုတွေအကုန်လုံးကို ဖျက်ပစ်လိုက်ပြီ။ မင်း လက်စားချေချင်လား"
"ဒါပေါ့။ အဲဒီလူယုတ်မာက ကျွန်မကို အကွက်ဆင်ခဲ့တာလေ"
ယဲ့ချန်း တခစ်ခစ်ရယ်လိုက်လေသည်။
"ကောင်းပြီ။ ငါ မင်းအတွက် ကြည့်လုပ်လိုက်မယ်"
ယဲ့ချန်း ခုနကပင် လော့ဟောင်၏ဖုန်းကို ဟက်ထားသည်။ ဖုန်းထဲတွင် ပေါက်ကွဲအားပြင်းသော အကြောင်းအရာတချို့ရှိနေပေသည်။
ဤလူက နာမည်ကြီးစတားတစ်ယောက်ဖြစ်သော်ငြား သူ့ကိုယ်ရေးကိုယ်တာကိစ္စများမှာ အလွန်ရှုပ်ထွေးလှသည်။
ယဲ့ချန်းရထားသော ဗီဒီယိုများဖြင့်သာဆိုပါက အွန်လိုင်းပေါ်ကို နည်းနည်းလောက်တင်လိုက်လျှင်ပင် သူ့သရုပ်ဆောင်လမ်းကြောင်းတစ်ခုလုံး ပျက်စီးသွားနိုင်သည်။
ဆန်ကုန်မြေလေးများကို ယဲ့ချန်းက လွယ်လွယ်နှင့် ချမ်းသာမပေးတတ်ပေ။
မကြာခင်၌ ပေါက်ကွဲအားပြင်းသော သတင်းတစ်ပုဒ်က ဖျော်ဖြေရေးချန်နယ်များ၏ ဝက်ဆိုက်အသီးသီးတွင် ပေါ်လာခဲ့သည်။
•••••••••••••