ပေါက်ကြားလာသော သတင်း
Vol. 5 Ch. 71
ဟွားနိုင်ငံရှိ အနုပညာအသိုင်းအဝိုင်းထဲတွင် အံ့ဖွယ်ကောင်းသော သတင်းတစ်ပုဒ်က ပင်မဖျော်ဖြေရေးချန်နယ်များ၏ ရှေ့မျက်နှာစာ၌ ပေါ်ပေါက်လာခဲ့သည်။
၎င်းမှာ ဗီဒီယိုတစ်ခုဖြစ်ပြီး ဗီဒီယိုထဲရှိ အဓိကဇာတ်လိုက်ကတော့ လော့ဟောင်ပင်။
အင်တာနက်အသုံးပြုသူများမှာ ကြက်သေသေသွားလေသည်။
"သေလိုက်ပါတော့.. အဲဒါ အစ်ကိုဟောင်လား"
"ရူးချင်စရာပဲ အစ်ကိုဟောင်က တစ်ခုခုတော့တစ်ခုခုပဲ"
"အစ်ကိုဟောင်က အံ့ဩဖို့ကောင်းလိုက်တာ"
ထိုသတင်းက ဟိုးတလေးတကြော်ကြော်ဖြစ်သွားပြီးနောက် အနုပညာအသိုင်းအဝိုင်းတစ်ခုလုံး ပွက်လောရိုက်သွားခဲ့သည်။
ကျိုတိုရှိ အဆင့်မြင့်တိုက်ခန်းတစ်ခု၌…
လော့ဟောင်၏မန်နေဂျာမှာ အလွန်မကျေမနပ်ဖြစ်နေပေသည်။
"ဒီဗီဒီယိုဖိုင်က ဘယ်လိုဖြစ်တာလဲ"
လော့ဟောင်လည်း နားမလည်နိုင်ပေ။
"ကျွန်တော်လည်းမသိဘူး။ ဒီဗီဒီယိုက ကျွန်တော့်ဖုန်းထဲမှာပဲရှိတာပါ။ ဘယ်လိုပျံ့သွားလဲမသိဘူး"
"ဘာ? မင်းက ဒီလိုဗီဒီယိုမျိုးကို ဖုန်းထဲမှာသိမ်းထားတယ်ပေါ့။ မင်းရဲ့ဖုန်းကို အခုလတ်တလော တစ်ယောက်ယောက်များသုံးသေးလား"
မန်နေဂျာက မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် မေးလိုက်သည်။
"မသုံးပါဘူး။ အစ်ကိုပိုင်.. ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"
"ဘာလုပ်ရမှာလဲ။ လူထုအမြင်ကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခုရှာပြီး သတင်းကို အရင်ဖြုတ်ချရမှာပေါ့"
ပိုင်ယွီကလည်း အလွန်ဩဇာညောင်းသော မန်နေဂျာတစ်ယောက်ဖြစ်၏။
သူသည် ဟွားနိုင်ငံ ဖျော်ဖြေရေးဝက်ဆိုက်၏ အယ်ဒီတာချုပ်ကို ဖုန်းဆက်လိုက်သည်။
"အယ်ဒီတာချုပ်ချန်း.. ငါ ပိုင်ယွီပါ။ ငါတို့ရှောင်ဟောင်ရဲ့ဗီဒီယိုကို ဖြုတ်ချပေးလို့ရမလား"
"မရဘူးလား။ လောင်ချန်း ငါတို့အချင်းချင်းခင်လာတာ နှစ်တွေတော်တော်ကြာနေပြီလေ။ ဈေးနှုန်းကိုသာ ပြောလိုက်စမ်းပါ"
"မင်း ဖြုတ်ချပေးလို့မရဘူးဆိုတာက ဘာသဘောလဲ။ မင်းက ဘာလို့ ဖြုတ်မချပေးနိုင်ရတာလဲ"
ချန်းချုံးကလည်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။
"အစ်ကိုပိုင်.. အမှန်အတိုင်းပြောရရင် ဒီသတင်းက ကျွန်တော်တို့အယ်ဒီတာတွေ တင်တာမဟုတ်ဘူးဗျ။ ပင်မစာမျက်နှာမှာ ရုတ်တရက်ကြီးပေါ်လာတာ။ ကျွန်တော်တို့ အဲဒါကို ဖျက်လို့လည်းမရသလို တည်းဖြတ်လို့လည်းမရဘူး"
"ချန်းချုံး မင်း လာနောက်နေတာလား။ ဒီဆိုက်ကို မင်းကိုယ်တိုင် စီမံခန့်ခွဲနေတာလေ။ အဲဒါတောင် မင်း ဖြုတ်ချပေးလို့မရဘူးလို့ လာပြောနေတာလား"
ပိုင်ယွီခမျာ ဖုန်းပေါင်းများစွာဆက်လိုက်ပါသည့်တိုင် တစ်ဖက်လူ၏အဖြေမှာ ချန်းချုံးနှင့် တစ်ပုံစံတည်းပင်။
"ဘာတွေဖြစ်နေတာလဲ"
ပိုင်ယွီလည်း ခေါင်းရှုပ်သွားရသည်။ ထို့နောက် လော့ဟောင်ကိုမေးကြည့်လိုက်သည်။
"မင်း တစ်ယောက်ယောက်ကို စော်ကားမိထားသေးလား"
"ဟင့်အင်း..နေဦး.. ကျန်းယွီယွီများလား"
"အဲဒီမိန်းမကများ ငါ့ကို ပြဿနာလာရှာရဲတယ်ပေါ့လေ။ ငါ သူ့ကို အလွတ်မပေးဘူး။ သူ ဒီလောက်လွယ်လွယ်မလွတ်ဘူး"
လော့ဟောင်လည်း ဗီအိုင်ပီဝက်ဆိုက်တစ်ခုကို ခပ်မြန်မြန်ဝင်လိုက်သည်။
အစကတော့ သူ ကျန်းယွီယွီ၏ဗီဒီယိုကို ကြည့်ချင်ခဲ့ခြင်းဖြစ်သော်ငြား ထိုဗီဒီယိုမှာ ပျက်သွားပြီဖြစ်ကြောင်း သိလိုက်ရ၏။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ငါ့ဖုန်းထဲမှာလည်း သိမ်းထားတာပဲ။ ငါ ဒါကို ဖွင့်ချပစ်မယ်"
လော့ဟောင် သူ့ဖုန်းကိုဖွင့်လိုက်သော်ငြား ထိုအထဲတွင်လည်းဘာမှမရှိပေ။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ငါ့ဖုန်းထဲမှာ ဗီဒီယိုရှိတာ သေချာတယ်လေ..
လော့ဟောင်ခမျာ မိတ်ဆွေတချို့ကို ဖုန်းဆက်ကြည့်လိုက်သော်ငြား အံ့ဩဖို့ကောင်းလောက်အောင်ပင် ထိုဗီဒီယိုမှာ လုံးဝပျောက်ကွယ်သွားလေသည်။
ဤသည်မှာ ရူးလောက်စရာပင်။
ပိုင်ယွီလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"ကံကောင်းတာတစ်ခုက အဲဒီဗီဒီယိုက ပြတ်ပြတ်သားသားမရှိဘူး။ ငါတို့ ဒီတစ်နည်းပဲ သုံးစရာရှိတယ်"
ညရှစ်နာရီ ကျိုတိုဂရန်းဟိုတယ်၌…
ဤစုဝေးပွဲကို ဆရာယဲ့က စီစဉ်လိုက်ခြင်းပင်။ စုဝေးပွဲကို တက်ရောက်ကြသော သရုပ်ဆောင်များမှာ ဆရာယဲ့နှင့် အတူအလုပ်လုပ်ခဲ့ဖူးကြသူများပင်။
လော့ဟောင်နှင့် ကျန်းယွီယွီတို့နှစ်ယောက်စလုံးက ဆရာယဲ့နှင့် အလုပ်အတူတွဲလုပ်ခဲ့ကြလေရာ သူတို့နှစ်ယောက်စလုံး ရောက်လာကြသည်။
ယဲ့ချန်းက လူသစ်တစ်ယောက်ဆိုသော်ငြား ယခုဆိုလျှင် ဆရာယဲ့က သူ့အား မျက်နှာသာပေးထားသဖြင့် သူလည်း ဖိတ်ကြားခံခဲ့ရသည်။
ဆရာယဲ့က ဤတွေ့ဆုံပွဲကို ကျန်းယွီယွီနှင့် လော့ဟောင်ကြားရှိ ရန်ငြိုးရန်စကြောင့် စီစဉ်ခဲ့ခြင်းဖြစ်၏။
"ရှောင်ဟောင်..ယွီယွီ.. မင်းတို့နှစ်ယောက်စလုံးကို ငါ ပျိုးထောင်ပေးခဲ့တာနော်။ လူတိုင်း သင့်သင့်မြတ်မြတ်နဲ့ အလုပ်လုပ်ကြဖို့ ငါမျှော်လင့်ပါတယ်"
ကျန်းယွီယွီက အေးတိအေးစက်သရော်လိုက်လေသည်။
"ဆရာယဲ့..တစ်စုံတစ်ယောက်က ကျွန်မကိုဖိအားပေးဖို့အတွက် ယုတ်ညံ့တဲ့နည်းလမ်းတွေသုံးပြီး တိတ်တိတ်လေးကြံစည်ခဲ့တာ"
"ဟမ့်! ကျန်းယွီယွီ..မင်းကရော ဘာများသာနေလို့လဲ။ ငါ့ဗီဒီယိုတွေ ဝက်ဆိုက်ပေါ်ရောက်သွားတာ မင်းလက်ချက်မလား"
"ပေါက်ကရတွေ"
ကျန်းယွီယွီလည်း ဒေါသတကြီးခွန်းတုံ့ပြန်လိုက်သည်။
"လော့ဟောင်.. မင်းလုပ်ခဲ့တာ မှားတယ်နော်။ မင်း အစ်မယွီယွီကို တောင်းပန်ရမှာ"
ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ဝင်ပြောလိုက်သည်။
"မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲကွ။ မင်းနဲ့ ဘာဆိုင်လဲ"
လော့ဟောင်က ယဲ့ချန်းကို လက်ညှိုးထိုး၍ ဆဲဆိုလိုက်သည်။
"တော်တော့"
ဆရာယဲ့က စားပွဲကို ဒေါသတကြီးရိုက်ချလိုက်သည်။
လော့ဟောင်ကတော့ အေးတိအေးစက်သရော်လိုက်ချေသည်။
"ဆရာယဲ့.. ကျွန်တော် ခင်ဗျားကိုလေးစားလို့သာ ဆရာယဲ့လို့ခေါ်တာ။ ဒါပေမဲ့ ခင်ဗျားက အိုနေပြီ။ ကျွန်တော့်ကို လာဆုံးမဖို့ အရည်အချင်းမရှိဘူး"
"မင်းဘာပြောလိုက်တယ် လော့ဟောင်"
"ဟုတ်တယ် မင်း လွန်သွားပြီ"
အလုပ်တွဲလုပ်ခဲ့ဖူးကြသော အခြားသရုပ်ဆောင်များလည်း ဒေါသထွက်သွားကြသည်။
ယဲ့ချန်းက မျက်လုံးကိုမှေးကျဉ်းလိုက်မိသည်။ အစကတော့ ဤချာတိတ်ကို သူ သင်ခန်းစာပေးရုံမျှသာ ရည်ရွယ်ထားသော်ငြား တစ်ဖက်လူက ဤမျှအထိ မောက်မာနေလိမ့်မည်ဟု မထင်ထားပေ။
လော့ဟောင်က အေးတိအေးစက် မတ်တတ်ထရပ်လိုက်သည်။
"တောင်းပန်ဖို့ကတော့ မဖြစ်နိုင်ဘူး။ ကျန်းယွီယွီ.. ငါတို့ကိစ္စက မပြီးသေးဘူးနော်"
ထိုသို့ပြောပြီးနောက် သူ အပြင်ထွက်သွားဖို့ ဟန်ပြင်လိုက်သည်။ သို့သော် ယဲ့ချန်းက သူ့အား တားလိုက်၏။
"မင်း အခုထိမတောင်းပန်ရသေးဘူး"
ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"လစ်စမ်းပါ"
လော့ဟောင်က မောက်မောက်မာမာပြောလိုက်၏။
"ဖြောင်း"
ပါးရိုက်သံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာလေသည်။ တစ်ခန်းလုံးလည်း တိတ်ဆိတ်သွားသည်။
ယဲ့ချန်းက လော့ဟောင်အပေါ် လက်ပါလိမ့်မည်ဟု မည်သူမှ ထင်မထားချေ။
လော့ဟောင်ခမျာ သူ့မျက်နှာကို အုပ်ကိုင်ထားပြီး မယုံကြည်နိုင်ဖြစ်နေလေသည်။
"မင်း.. မင်း ငါ့ကိုရိုက်ရဲတယ်ပေါ့"
ယဲ့ချန်းကလည်း အေးစက်စက်လေသံဖြင့် ထပ်ပြောလိုက်သည်။
"မင်းနဲ့တန်တယ်။ သတ္တိရှိရင် ငါ့ကို ပြန်ရိုက်လေ"
"ငါ…"
ယဲ့ချန်းတွင် ကျွမ်းကျင်မှုတချို့ရှိကြောင်း လော့ဟောင်သိသည်။ တိုက်ခိုက်ကြမည်ဆိုလျှင် သူ့ဘက်က တစ်ပန်းမသာနိုင်ချေ။
"ကောင်းပြီ။ ချာတိတ်… ငါ မင်းကိုစောင်ကြည့်နေမယ်။ မင်း စောင့်နေလိုက်.. မင်းကို ငါ လက်စားမချေနိုင်ရင် ငါ့မျိုးရိုးနာမည်လော့ကို နောက်ပြန်ရေးလိုက်မယ်"
လော့ဟောင်က အံတင်းတင်းကြိတ်၍ အခန်းထဲမှ ဝုန်းဒိုင်းကြဲလျက် ထွက်သွားလေသည်။
ဆရာယဲ့၏မျက်နှာထက်တွင်မူ ဒေါသအရိပ်အယောင်များ ပြည့်နှက်နေချေသည်။
သူ စိတ်ပါလက်ပါဖြင့် ပြုစုပျိုးထောင်ပေးခဲ့သူတစ်ယောက်က သူ့အား ကျေးဇူးကန်းလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပေ။
"ဆရာယဲ့ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မကြောင့် ပြဿနာတက်ရပြီ"
ကျန်းယွီယွီက မျက်ရည်စက်လက်ဖြင့် ပြောလာလေသည်။
ဆရာယဲ့ကမူ သဘောမတူဟန်ဖြင့် လက်ခါယမ်းပြပြီး စိတ်ပျက်လက်ပျက်ပြောလိုက်သည်။
"သူပြောတာလည်း ဟုတ်မှာပါ။ ငါက အိုနေပြီလေ။ ဟူး.."
ယဲ့ချန်း၏မျက်လုံးထဲ၌ အေးစက်စက်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
အစကတော့ တစ်ဖက်လူကို သင်ခန်းစာပေးရုံသက်သက်သာ ထိုဗီဒီယိုကို သူတင်ခဲ့ခြင်းဖြစ်၏။ သို့သော် ထိုဆန်ကုန်မြေလေးက ပို၍ဆိုးဝါးလာသည်။
ထိုကဲ့သို့သောလူတစ်ယောက်က လူငယ်များ၏ စံပြပုဂ္ဂိုလ်မဖြစ်ထိုက်ပေ။
သိပ်မကြာခင်မှာပင် လော့ဟောင်၏အေဂျင်စီမှ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
"သိပ်မကြာခင်တုန်းက ကျွန်တော်တို့ရဲ့အနုပညာရှင်လော့ဟောင်ပါဝင်နေတယ်ဆိုတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ တက်လာပါတယ်။ တကယ်တော့ အဲဒီဗီဒီယိုထဲက မစ္စတာလော့ဟောင်မဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့ အဲဒီဝက်ဆိုက်ရဲ့လုပ်ရပ်တွေအတွက် တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာပါ"
ထိုဗီဒီယိုနှင့်ပတ်သက်သည့် သတင်းက အွန်လိုင်းပေါ်တွင် ဟိုးလေးတကြော်ကြော်ဖြစ်နေလေရာ ဤကြေညာချက်ထွက်လာသည်နှင့် လော့ဟောင်၏ပရိသတ်များက ရှေ့ထွက်လာကြသည်။
"ငါတို့အစ်ကိုဟောင်က ဒီလိုကိစ္စမျိုးကို သေချာပေါက်လုပ်မှာမဟုတ်ဘူး"
"ဟုတ်တယ်။ ဗီဒီယိုက မှုန်ဝါးနေတာလေ။ သေချာပေါက်အကွက်ဆင်ခံရတာပဲဖြစ်မယ်"
"အစ်ကိုဟောင်က လူကောင်းတစ်ယောက်ပါ။ အဲဒါ သေချာပေါက် သူမဖြစ်နိုင်ဘူး"
ယဲ့ချန်းကလည်း ထိုကြေညာချက်ကိုမြင်သောအခါ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသည်အထိ ပြုံးလိုက်မိသည်။
ဒရမ်မာတော့ စလာလေပြီ။
ပြည်သူများက ဤသတင်း၏မှန်ကန်မှုကို အတည်ပြုနေကြချိန်မှာပင် လော့ဟောင်၏ဆိုရှယ်မီဒီယာက တစ်ဖန်အသက်ဝင်လာပြန်သည်။
ထင်မှတ်မထားပါဘဲ လော့ဟောင်က သူ့ဆိုရှယ်မီဒီယာတွင် ဗီဒီယိုအများကြီး တင်လိုက်ခြင်းပင်။ ဤဗီဒီယိုများမှာမူ ကြည်လင်ပြတ်သားနေချေသည်။
"ဘာလဲဟ! အစ်ကိုဟောင် ဘာလုပ်နေတာလဲ"
"အစ်ကိုဟောင် လက်ချော်သွားတာလား"
"ဒါကြီးကတော့ တော်တော်အတင့်ရဲတာပဲဟေ့။ အစ်ကိုဟောင်က သူ့ကိုယ်သူ ဖော်ကောင်လုပ်လိုက်တာလား"
ဤသည်မှာ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရခြင်းပင်။
အေဂျင်စီဘက်က ကြေညာချက်ထုတ်ထားတာမှ မကြာသေး။ လော့ဟောင်ကိုယ်တိုင် ရှေ့တက်လာပြီး သူ့ဆိုရှယ်မီဒီယာမှာ ကိုယ့်ကိုယ်ကိုယ်ထုတ်ဖော်လိုက်လေသည်။
ယုတ္တိမရှိသော ဤအကွက်ကြောင့် လူတိုင်း ထိတ်လန့်သွားရသည်။
ဒါကတော့ သေချာပေါက် သူပဲ!
အရေးအကြီးဆုံးအချက်မှာ ဤဗီဒီယိုများက လော့ဟောင်၏ဆိုရှယ်မီဒီယာမှ တင်လိုက်ခြင်းပင်။
ကိုယ့်ကိုယ်ကိုယ်ထုတ်ဖော်တာတဲ့လား.. ဒါကို ဘယ်လိုရှင်းပြမလဲ?
ပိုင်ယွီခမျာ လော့ဟောင်၏ပို့စ်များကို မြင်ပြီး ဒေါသူပုန်ထလုနီးနီးပင်။
"လော့ဟောင်.. မင်းရူးနေတာလား။ တုံးတာလားကွ။ ဒါက ဘာသဘောတုန်း"
သူ့ဆိုရှယ်မီဒီယာပေါ်ရှိ ဗီဒီယိုများကိုကြည့်ပြီး လော့ဟောင်ကိုယ်တိုင်လည်း ကြောင်အသွားသည်။
ဘာတွေဖြစ်ကုန်တာလဲ?
ဤဗီဒီယိုများကို သူ ဖျက်ပစ်လိုက်သည်မှာ ကျိန်းသေပင်။
ဒါတွေက သူ့ဆိုရှယ်မီဒီယာမှာ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီးပေါ်လာတာလဲ?
ဤအဖြစ်မှာ အလွန်ဆန်းကြယ်လှသည်။
••••••••••••••