← Chapters

ကြိုးစားသော လူငယ်လေး

Vol. 5 Ch. 72

ကြိုးစားသော လူငယ်လေး

Vol. 5 Ch. 72

"လော့ဟောင် လက်ချော်သွားခြင်း"

ဤသတင်းမှာ အဓိကဝက်ဆိုက်တော်တော်များများ၌ ရှာဖွေမှုအများဆုံးသတင်း ဖြစ်သွားခဲ့သည်။

ဟွားနိုင်ငံ၏ အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်များနှင့်ပတ်သက်သည့် အဆိုးမြင်သတင်းများကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်တတ်သည်။

ဤသတင်းမှာ တိကျခိုင်လုံသော သက်သေဖြစ်သွားသဖြင့် လောဟောင်၏ အနုပညာလမ်းကြောင်းမှာ လုံးဝလမ်းဆုံးသွားရလေပြီ။

ညနေဘက်၌ ယဲ့ချန်းဆီသို့ ကျန်းယွီယွီ ဖုန်းဆက်လာသည်။

"ယဲ့ချန်း ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မတော့ ဒုက္ခရောက်ပြီ"

"မပူပါနဲ့။ ငါတို့က မိတ်ဆွေတွေပဲလေ။ ပြီးတော့ လော့ဟောင်လိုလူစားမျိုးက အိုင်ဒေါလ်တစ်ယောက် မဖြစ်ထိုက်ဘူး။ ငါက ပြည်သူလူထုအတွက် ကောင်းတဲ့အလုပ်ကို လုပ်လိုက်ရုံပါ"

ရုပ်ရှင်ပရိုမိုးရှင်းလည်း ချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ယဲ့ချန်းလည်း မိုတုသို့ ပြန်လာခဲ့လိုက်သည်။

လင်ရှန်းရှန်းက ယဲ့ချန်းကိုဖုန်းဆက်ပြီး ထျန်းချန်ယိပင်ရှိ သူ့တိုက်ခန်းများအားလုံးကို အငှားချထားပြီးပြီဖြစ်ကြောင်း အသိပေးလာသည်။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"အဲဒီတိုက်ခန်းတွေကို ငါ့အစား စီမံပေးပါဦး။ ငါ့ကို အိမ်ငှားခသာပို့ပေး"

"အိုကေ ကျေးဇူးပါပဲ အစ်ကိုယဲ့.. စကားမစပ် ရှင် ဒီည ဘာအစီအစဉ်ရှိလဲ အစ်ကိုယဲ့"

လင်ရှန်းရှန်း တွေဝေတုံ့ဆိုင်းစွာ ပြောလိုက်သည်။

ယဲ့ချန်းက တဒင်္ဂမျှကြောင်အသွားပြီးနောက် မေးခွန်းထုတ်လိုက်သည်။

"အချိန်ရှိပါတယ်။ ဘာဖြစ်လို့လဲ"

လင်ရှန်းရှန်းလည်း‌‌ ခေါင်းညိတ်လျက် ပြောလိုက်သည်။

"အစ်ကိုယဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲတစ်ခုရှိလို့လေ။ ရှင် ကျွန်မကောင်လေးအဖြစ် ဟန်ဆောင်ပေးလို့ရမလား"

"ပြဿနာမရှိပါဘူး"

ယဲ့ချန်း ပြုံးလျက် သဘောတူလိုက်သည်။

"ကောင်းတယ်။ ဒါဆို ဒီညနေခုနစ်နာရီ.. ဟန်ယွိဟိုတယ်နော်"

"ကောင်းပါပြီ"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

ထိုည ခြောက်နာရီခွဲတွင် လင်ရှန်းရှန်းက တံခါးဝတွင် ယဲ့ချန်းကို ရပ်စောင့်နေသည်။

"ရှန်းရှန်း. မင်း ကိုယ့်ကိုစောင့်နေတာတော့မဟုတ်ဘူးမလား"

အမျိုးသားတစ်ယောက်က စိတ်လှုပ်ရှားနေဟန်ဖြင့် အနားသို့လျှောက်လာသည်။ ထိုလူ၏နာမည်မှာ ကောင်းယွမ်ဖြစ်ပြီး လင်ရှန်းရှန်း၏ ကောလိပ်တုန်းက အတန်းဖော်တစ်ယောက်ပင်။

တက္ကသိုလ်တက်နေစဉ်တုန်းက ကောင်းယွမ်က လင်ရှန်းရှန်းကို လိုက်ပိုးခဲ့သော်ငြား ကံဆိုးချင်တော့ သူ(မ)က သူ့ကို ငြင်းခဲ့သည်။ ထိုစဉ်တုန်းက ကောင်းယွမ်က ပိန်လှီပြီး မိသားစုကလည်း သာမန်အဆင့်မျှသာ။ သူကိုယ်တိုင်လည်း လင်ရှန်းရှန်းနှင့် မထိုက်တန်ဟု ခံစားမိသောကြောင့် လက်လျှော့ခဲ့သည်။

သို့သော် ယခုမူ မတူတော့ပေ။ အချိန်အကြာကြီးပျောက်ဆုံးနေခဲ့သော သူ့အဖေက သူ့ကိုလာရှာသည့်အချိန်မှာတော့ ကံဇာတာတက်လာခဲ့သည်။

ပေစုတ်စုတ်နိုင်ခဲ့သော အမျိုးသားတစ်ယောက်က စာရင်းဝင်ဆေးပစ္စည်းကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ယခုမူ သူသည် ဒီဇိုင်နာအဝတ်အစားများကို ဝတ်ဆင်ထားပြီး ပရီမီယမ်အားကစားရုံကိုသွားနေလေရာ သူ့ခန္ဓာကိုယ်နှင့် စိတ်နေစိတ်ထားတို့က ယခင်ကနှင့် မတူတော့ပေ။

ကောင်းယွမ်အနားမှာ နှစ်ပေါင်းများစွာကြာအောင် မိန်းမတော်တော်များများ ဝိုင်းနေခဲ့သော်ငြား သူကတော့ လင်ရှန်းရှန်းကို မမေ့နိုင်ခဲ့ပေ။

လင်ရှန်းရှန်းက အရောင်းဌာနတစ်ခုတွင် အလုပ်လုပ်နေကြောင်း သိလိုက်ရသောအခါ ဤတွေ့ဆုံပွဲကို သူ စီစဉ်လိုက်သည်။

အဓိကရည်ရွယ်ချက်မှာ တွေ့ဆုံပွဲကို အကြောင်းပြ၍ လင်ရှန်းရှန်းအနားသို့ ချဉ်းကပ်၍ သူ့အိပ်မက်ထဲက နတ်ဘုရားမကို အပိုင်သိမ်းကာ သူ့နောက်ဆုံးရည်မှန်းချက်ကို ဖြည့်ဆည်းရန်အတွက်ပင်။

လင်ရှန်းရှန်းကတော့ သူ(မ)အရှေ့ရှိ အမျိုးသားကိုကြည့်၍ အံ့ဩမှင်တက်သွားရသည်။

"တစ်ဆိတ်လောက်..ရှင်က ဘယ်သူလဲ"

ကောင်းယွမ်ခမျာ အလွန်ရှက်သွားရသည်။ သူ့အိပ်မက်နတ်ဘုရားမက သူကို မှတ်တောင်မမှတ်မိပေ။

သူ့နတ်ဘုရားမထံမှ အမေ့ခံလိုက်ရသော်ငြား စိတ်ဓာတ်ကျမသွားဘဲ စိတ်လှုပ်ရှားနေဆဲသာ။

ဒါက ဘာအဓိပ္ပာယ်လဲ?

ဤနှစ်တွေအတွင်း သူ အများကြီးပြောင်းလဲသွားသည်ဟူသော အဓိပ္ပာယ်ပင်။

ဟုတ်ပေသည်။ ယခု သူသည် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နှယ် ပြီးပြည့်စုံစွာ ဝတ်ဆင်ထားသည်။

လက်ရှိ သူဟာ တက္ကသိုလ်တုန်းက ပေစုတ်စုတ်ကောင်လေး မဟုတ်တော့ပေ။

"ရှန်းရှန်း… ကိုယ်က ကောင်းယွမ်လေ။ ကိုယ် မင်းကို ပန်းတွေတောင်ပို့ပေးနေကျလေ"

"ကောင်းယွမ်?"

လင်ရှန်းရှန်း တဒင်္ဂမျှအံ့ဩသွားရပြီးနောက် သူ့ကို အကြာကြီးစိုက်ကြည့်ပြီးမှ မှတ်မိလိုက်သည်။

"မင်္ဂလာပါ.. ဆောရီး.. ကျွန်မက မျက်နှာတွေ သိပ်မမှတ်မိတတ်လို့ ရှင့်ကို မမှတ်မိလိုက်တာ"

"မမှတ်မိတာ သဘာဝကျပါတယ်။ ကိုယ် အများကြီးပြောင်းလဲသွားတယ်လေ။ ဒီတွေ့ဆုံပွဲက မင်းအတွက်သက်သက် စီစဉ်လိုက်တာ။ ဒီဟိုတယ်ကို မင်း ဘယ်လိုမြင်လဲ"

ကောင်းယွမ်က ဘဝင်မြင့်နေဟန်ဖြင့် ဆိုလာလေသည်။

လင်ရှန်းရှန်း ပြုံးလိုက်သည်။

"ကောင်းပါတယ်"

လင်ရှန်းရှန်း၏အဖြေကို စိတ်တိုင်းမကျသည့် ကောင်းယွမ်ကတော့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိတ်ဆက်ပေးလာသည်။

"ရှန်းရှန်း.. ဒီဟိုတယ်က ထူးခြားတယ်။ ဒါက ဟွားနိုင်ငံရဲ့ အဓိကဟိုတယ်လေးခုထဲက တစ်ခုလေ။ နိုင်ငံတစ်ဝှမ်းက ဟင်းလျာအမျိုးမျိုးကို ချက်ပြုတ်နိုင်တဲ့ ထိပ်တန်းအဆင့်စားဖိုမှူးတွေလည်း ရှိတယ်။ ဒီဟိုတယ်ရဲ့ပတ်ဝန်းကျင်ကလည်း ပထမတန်းစားပဲ။ ဒီနေရာရဲ့ကုန်ကျစရိတ်က အနည်းဆုံးယွမ်တစ်သောင်းကစတယ်။ သာမန်လူတွေဆိုရင် ဒီမှာလာမစားနိုင်ကြဘူး"

လင်ရှန်းရှန်းက ယဲ့ချန်းရောက်မလာသေးသဖြင့် စိုးရိမ်နေသောကြောင့် ကောင်းယွမ်၏စကားများကို နားထောင်မနေပေ။

"အိုး"

လင်ရှန်းရှန်း ဝတ်ကျေတမ်းကျေသာ ပြန်ဖြေလိုက်သည်။

ထိုအချိန်မှာပင် အခြားအတန်းဖော်များက အနားသို့ရောက်လာပြီး ကောင်းယွမ်ကို ဖော်ဖော်ရွေရွေနှုတ်ဆက်ကြသည်။

"ဥက္ကဋ္ဌကောင်း..မင်းကျေးဇူးကြောင့် ငါတို့လည်း ဒီလိုအဆင့်မြင့်စားသောက်ဆိုင်မျိုးမှာ စားခွင့်ရတာပဲ"

"ဟုတ်တယ်။ ဒီနေရာက အရမ်းဈေးကြီးတာလို့ ကြားတယ်နော်။ ဥက္ကဋ္ဌကောင်းကြောင့်သာမဟုတ်ရင် ငါ့တစ်သက် အခုလိုအခွင့်အရေးမျိုးရမှာမဟုတ်ဘူး"

သူ့အတန်းဖော်ဟောင်းများ၏ ချီးကျူးစကားများကို နားထောင်ရင်း ကောင်းယွမ် စိတ်ကျေနပ်သွားသည်။

အစကတော့ လင်ရှန်းရှန်း၏မျက်နှာထက်တွင် အံ့ဩလေးစားသွားဟန် အမူအရာတစ်ခု ပေါ်လာလိမ့်မည်ဟု သူထင်ခဲ့မိသည်။

သို့သော် မှန်းချက်နှင့် နှမ်းထွက်က မကိုက်ပေ။ လင်ရှန်းရှန်းက စိတ်လွင့်နေပုံရပြီး တစ်စုံတစ်ယောက်ကို စောင့်နေသည့်အလား ဟိုကြည့်သည်ကြည့်လုပ်နေလေသည်။

"ရှန်းရှန်း… မင်း တစ်ယောက်ယောက်ကို စောင့်နေတာလား"

ကောင်းယွမ် မေးလိုက်လေသည်။

"ဟုတ်တယ်။ ကျွန်မကောင်လေးကို စောင့်နေတာ"

လင်ရှန်းရှန်းကတော့ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။

"ကောင်လေးလား"

ကောင်းယွမ်၏မျက်နှာကား ချက်ချင်းပျက်ယွင်းသွားရသည်။

"မင်းမှာ ကောင်လေးရှိတာလား"

ကောင်းယွမ် မျက်မှောင်ကြုတ်၍ သူ့ဘေးရှိ လီဟုန်းကို စိုက်ကြည့်လိုက်သည်။

လီဟုန်းက လင်ရှန်းရှန်း၏ သူငယ်ချင်းအရင်းကြီးဖြစ်၏။ လင်ရှန်းရှန်းတွင် ချစ်သူမရှိကြောင်း သူ(မ) တိုင်တည်ပြီးတော့တောင် ပြောခဲ့သည်။

သို့မဟုတ်ပါက သူကလည်း ဤတွေ့ဆုံပွဲကို စီစဉ်ဖို့ ပိုက်ဆံအများကြီး ဘာလို့ထုတ်သုံးမှာတဲ့လဲ။

လီဟုန်းခမျာ နေရခက်ဟန်ဖြင့် ခပ်မြန်မြန်ဝင်ပြောလိုက်သည်။

"ရှန်းရှန်း နင်နောက်နေတာမလား။ နင့်မှာ ချစ်သူရှိတယ်လို့ လုံးဝမပြောဖူးဘူးလေ"

"ရှိတယ်။ သိပ်မကြာသေးခင်ကမှ တွေ့တာ"

လင်ရှန်းရှန်း ဤသို့ပြန်ဖြေလိုက်သည်။

ထိုအချိန်မှာပင် ချောမောခန့်ညားသော အမျိုးသားတစ်ယောက် အနားသို့ လျှောက်လာသည်။

"ရှန်းရှန်း ဆောရီး ကိုယ်နောက်ကျသွားတယ်"

ဆွဲဆောင်မှုရှိသော ယဲ့ချန်းကို မြင်သောအခါ တံခါးဝရှိ အတန်းဖော်များလည်း တအံ့တဩရေရွတ်လိုက်မိကြသည်။

"ရှန်းရှန်း နင့်ကောင်လေးက အရမ်းချောတာပဲ"

"ကောင်မ.. ခိုးကြောင်ခိုးဝှက်နဲ့ ငါတို့မသိအောင် လျှိုထားတယ်ပေါ့လေ"

မိန်းကလေးတစ်သိုက်က တီးတိုးဆိုနေကြလေသည်။

သားနားတောက်ပြောင်နေသော ယဲ့ချန်းကို မြင်လိုက်ရချိန်မှာ ကောင်းယွမ်၏မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားရသည်။

ရုပ်ရည်ချောမောမှုအပိုင်းမှာ သူ အရေးနိမ့်ရလေပြီ။

သို့သော် ကောင်းယွမ်ကတော့ စိတ်ဓာတ်မကျပေ။

ယဲ့ချန်းက သူ့ထက် ပိုချောသော်ငြား သူ့တွင် စည်းစိမ်ဥစ္စာရှိသည်။ သူသည် ကုမ္ပဏီဥက္ကဋ္ဌတစ်ယောက်ဖြစ်၏။ ဤအဆင့်အတန်းက ရုပ်ရည်ကို ဖာထေးပေးနိုင်သည်။

ထို့ပြင် ယနေ့ခေတ်တွင် ရုပ်ရည်ထက် ငွေကြေးကသာ ပိုအရေးပါသည်။

ကောင်းယွမ်က ကိုးရိုးကားရားပြုံး၍ ပြောလိုက်သည်။

"ရှန်းရှန်း.. မင်းရဲ့ချစ်သူကို မိတ်ဆက်ပေးဦးလေ"

လင်ရှန်းရှန်းလည်း အံ့ဩမှင်တက်သွားရသည်။ ယဲ့ချန်းကို ဘယ်လိုမိတ်ဆက်ပေးရမှန်း သူ(မ) တကယ်မသိပေ။

ယဲ့ချန်းက ချမ်းသာပြီး ပိုင်ဆိုင်မှုများစွာရှိကြောင်းကိုသာ သူ(မ) သိထားသည်။ ယဲ့ချန်း ဘာအလုပ်လုပ်လဲဆိုတာကိုတော့ သူ(မ)မသိပေ။

ယဲ့ချန်းက ပြုံးလျက် လင်ရှန်းရှန်းစကားမဟနိုင်ခင်မှာပင် ဝင်ပြောလိုက်သည်။

"ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

"တက္ကစီဒရိုင်ဘာလား"

အားလုံး အံ့အားသင့်ကုန်ကြသည်။

ယဲ့ချန်းကို လေးစားအားကျနေသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့ကြသော အလှပဂေးလေးများမှာ ယခုတော့ စိတ်ပျက်ကုန်ကြသည်။

ဝတ်ကောင်းစားလှဝတ်ဆင်ထားသဖြင့် လူကုံထံတစ်ယောက်ဟု ထင်လိုက်မိခြင်းပင်။ စိတ်ခံစားချက်များ နှမြောဖို့ကောင်းလှသည်။

ကောင်းယွမ်လည်း သရော်လိုဟန်အမူအရာတစ်ခုကို ဆင်မြန်းလျက် သက်မချလိုက်လေသည်။

"တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်နာမည်က ကောင်းယွမ်ပါ.. ဂန်တာ့ဆေးပစ္စည်းကုမ္ပဏီရဲ့ဥက္ကဋ္ဌပါ"

"ဘုရားရေ.. ဂန်တာ့ဆေးပစ္စည်းကုမ္ပဏီဆိုတာ စာရင်းဝင်ကုမ္ပဏီတစ်ခုမလား"

"ဟုတ်တယ်။ ဆေးပစ္စည်းလောကရဲ့ခေါင်းဆောင်ပဲ"

"ကောင်းယွမ်က ဒီလောက်အထင်ကြီးဖို့ကောင်းတဲ့ ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

….

ကောင်းယွမ်ကိုကြည့်သော လူတိုင်း၏အကြည့်က လုံးဝပြောင်းလဲသွားသည်။ သူတို့၏မျက်လုံးထဲတွင် ကောင်းယွမ်က အတန်းထဲ၌ အလွန်သာမန်ဆန်ခဲ့သူပင်။ ယခုမူ သူ့သရုပ်မှန်ကို ထုတ်ဖော်ပြသလာသည်။

ကောင်းယွမ်၏ပတ်ပတ်လည်ရှိ လူများက သူ့အား အားကျလေးစားနေသော အကြည့်များဖြင့် ကြည့်နေကြသည်။

"တကယ်တော့ ကုမ္ပဏီသေးသေးလေးပါ.. ဈေးကွက်တန်ဖိုးကလည်း ဘီလျံနည်းနည်းလောက်ပဲရှိတာ။ ငါ့နှစ်စဉ်ဝင်ငွေကလည်း သန်းဂဏန်းလောက်ပဲရှိတယ်။ ဒိတ်ဒိတ်ကြဲသူဌေးတွေနဲ့ ယှဉ်လိုက်ရင် ငါတို့က ချို့တဲ့နေပါသေးတယ်"

ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လျက် ကောင်းယွမ်၏ပခုံးကို ပုတ်ပေးလိုက်သည်။

"အမှန်ပဲ… မင်း နည်းနည်းချို့တဲ့နေသေးတယ်။ ကြိုးစားထား လူငယ်လေးရေ"

ကောင်းယွမ် : "…"

အတန်းဖော်များ : "…."

••••••••••••••

All Chapters