အမည်ပျက်စာရင်းသွင်းခြင်း
Vol. 5 Ch. 73
အတန်းဖော်များအားလုံး ကြက်သေသေကုန်ကြသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်က မီလျံပေါင်းများစွာတန်ကြေးရှိသော ကုမ္ပဏီ၏စီအီးအိုကို အလုပ်ကြိုးစားဖို့ ပြောလိုက်တာတဲ့လား!
ဘာလို့များ ဒီလောက်မျက်နှာပြောင်တိုက်ရတာလဲ?
မင်းမှာ အရှက်မရှိဘူးလား?
ကောင်းယွမ်လည်း အကြောင်သားဖြစ်သွားလေသည်။
"ငါ ကြွားလုံးထုတ်နေတာကို မင်း သေချာမကြားလိုက်ရဘူးလား"
ယဲ့ချန်း ခပ်ဖွဖွသာ ပြုံးလိုက်မိသည်။
"အားလုံးပဲ.. ငတုံးတွေလို မတ်တတ်ရပ်မနေကြနဲ့တော့။ အထဲဝင်ရအောင်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက လင်ရှန်းရှန်းကို လက်ဆွဲ၍ ဟိုတယ်ထဲသို့ ဝင်သွားလိုက်သည်။ ထိုပုံစံမှာ သူက သူတို့အားလုံးကို ညစာလိုက်ကျွေးမည့်ပုံပေါက်နေလေသည်။
ကောင်းယွမ်ခမျာ နားလည်ရခက်သွားသည်။
ဒီလူက အခြေအနေကို သဘောမပေါက်ဘူးလား?
ဤပွဲမှာ သူ့ပိုက်ဆံကိုသုံးထားခြင်းဖြစ်သော်ငြား ယဲ့ချန်းကသာ အမြတ်ထုတ်သွားခဲ့သည်။
ယဲ့ချန်းကို မြင်သော် ဟိုတယ်ဝန်ထမ်းများ၏ အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားလေသည်။ ထို့နောက် ချက်ချင်းပင် ဦးညွှတ်၍ နှုတ်ဆက်လိုက်၏။
ဤအခြင်းအရာကိုမြင်သောအခါ အတန်းဖော်များက ချီးကျူးလေတော့သည်။
"ကြယ်ငါးပွင့်ဟိုတယ် ပီသပါပေတယ်။ ဝန်ထမ်းတွေက အရမ်းယဉ်ကျေးတာပဲ"
ဘေးနှစ်ဖက်စလုံးတွင် ဦးညွှတ်နေကြသော ဧည့်ကြိုများကိုကြည့်၍ ကောင်းယွမ် အံ့အားသင့်သွားရသည်။
ယခင်ကတော့ သူ ဤသို့ဆက်ဆံခံရဖူးခြင်းမရှိချေ။
သူတို့အုပ်စုလည်း ဟိုတယ်ထဲသို့ ဝင်လာပြီးနောက် ကောင်းယွမ် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
ယဲ့ချန်းက အာရုံစိုက်မှုကို သိမ်းပိုက်သွားသဖြင့် သူ့နေရာကို သူပြန်ယူရပေလိမ့်မည်။
လင်ရှန်းရှန်းနှင့် ရယ်မောလျက် စကားပြောနေသော ယဲ့ချန်းကိုကြည်၍ သူ အံတင်းတင်းကြိတ်လိုက်သည်။
ဘာမဟုတ်တဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်က မိန်းမတစ်ယောက်ကို သူနဲ့ပြိုင်လုရဲတာ သိပ်သတ္တိကောင်းနေတာပဲ!
ယဲ့ချန်းနှင့် လင်ရှန်းရှန်းကလွဲလျှင် အခြားအတန်းဖော်များက သူ့သရုပ်မှန်ကို ထုတ်ပြောလိုက်ချိန်မှာ သူ့အား အလွန်လေးစားကြည်ညိုကြသည်။ ထို့ပြင် သူ့အား ခွက်မြှောက်၍ ဂုဏ်ပြုပေးကြသေးသည်။
သို့သော် ဤအရာကို သူလိုချင်တာမဟုတ်။ လင်ရှန်းရှန်း သူ့ကိုအထင်ကြီးလာတာကိုသာ လိုချင်သည်။
သို့သော် လင်ရှန်းရှန်းနှင့် ယဲ့ချန်းတို့က စုံတွဲတစ်တွဲအလား ရယ်ကာမောကာဖြင့် စကားပြောနေပြီး အစမှ အဆုံးထိတိုင် သူ့ကို လျစ်လျူရှုထားကြသည်။
ထိုအချိန်မှာပင် စားပွဲထိုးလေးက ဟင်းလျာများကို သယ်လာသည်။
ကောင်းယွမ်က သူ့အရည်အချင်းကို ထုတ်ကြွားချိန်တန်ပြီဟုတွေးကာ ချောင်းဟန့်လိုက်သည်။
"ဒီဟင်းတွေကို ငါ သေချာရွေးထားတာ။ တစ်ပွဲချင်းစီက ချက်ပြုတ်နည်းတစ်မျိုးစီနဲ့ချက်ထားတဲ့ ထိပ်တန်းဟင်းလျာတွေ။ ဒီစားပွဲက ဘယ်လောက်မှတော့ မကျပါဘူး။ သုံးသောင်းငါးသောင်းလောက်ပါပဲ"
ထိုဈေးနှုန်းကို ကြားလိုက်ရသောအခါ အတန်းဖော်များအားလုံးက ပင့်သက်ရှိုက်ပြီး သူ့အား မြှောက်ပင့်ကြလေတော့သည်။
"သုံးသောင်းငါးသောင်းတဲ့.. ဥက္ကဋ္ဌကောင်း.. မင်းက အံ့ဩဖို့ကောင်းလိုက်တာ။ အဲဒီပမာဏက ငါ့နှစ်လစာလောက်ရှိတယ်"
"ဟုတ်တယ်။ ဥက္ကဋ္ဌကောင်းက တော်တော်ရက်ရောတယ်နော်"
"ငါတော့ ဒီတစ်သက် ဒီလိုခမ်းနားတဲ့ညစာမျိုးကို ဒီတစ်ခါပဲသုံးဆောင်နိုင်မယ်ထင်တယ်"
"ဘာမှမပြောပလောက်ပါဘူး။ ငါတို့က အတန်းဖော်ဟောင်းတွေပဲ။ ညစာအတူစားမယ်ဆိုမှတော့ အကောင်းဆုံးတွေပဲ စားရမှာပေါ့။ ဟုတ်တယ်မလား"
ချီးကျူးစကားများကို နားထောင်ပြီးနောက် ကောင်းယွမ် စိတ်ကျေနပ်သွားသည်။
အတန်းထဲရှိ မိန်းကလေးတော်တော်များများက သူ့ကို မရေမရာအကြည့်များဖြင့် ကြည့်နေကြသည်။
သို့သော် ယဲ့ချန်းနှင့် လင်ရှန်းရှန်းတို့ကို သူ လှမ်းကြည့်လိုက်ချိန်မှာမူ ဒေါသများ ပေါက်ကွဲလုနီးပါးဖြစ်သွားရသည်။
ထိုနှစ်ယောက်က အချင်းချင်းတီးတိုးပြောနေကြပြီး သူ့ကြွားလုံးများကို လုံးဝနားမထောင်ချေ။
ထို့ကြောင့် အသက်ပြင်းပြင်းရှူသွင်း၍ ယဲ့ချန်းကို ပြောလိုက်သည်။
"ညီလေးယဲ့.. ဒီလိုအဆင့်မြင့်ညစာစားပွဲမျိုးကို မင်း ပထမဆုံးအကြိမ်စားဖူးတာမလား။ များများစားနော်။ မင်းလို တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီလိုအခွင့်အရေးမျိုးကို ခဏခဏရမှာမဟုတ်ဘူး"
ယဲ့ချန်းက စားပွဲပေါ်ရှိ ဟင်းလျာများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
"မင်း မှာထားတဲ့ ဒီဟင်းတွေက ဒီစားသောက်ဆိုင်ရဲ့ အဆင့်အနိမ့်ဆုံးဟင်းတွေမလား။ မင်းက စာရင်းဝင်လုပ်ငန်းစုတစ်ခုရဲ့စီအီးအိုလေ.. ဘာလို့တအားတွန့်တိုနေတာလဲ"
ယဲ့ချန်းက ထိတ်လန့်ဖွယ်ကောင်းသော မှတ်ချက်ကို ပေးလာပြန်သည်။
သုံးသောင်းငါးသောင်းလောက်တန်သော အစားအသောက်များက တွန့်တိုသတဲ့လား?
တက္ကစီဒရိုင်ဘာတစ်ယောက်က တစ်နှစ်ကို ဘယ်လောက်များရှာနိုင်လေသလဲ။
အတန်းဖော်များအားလုံးကို ယဲ့ချန်းကြောင့် ပြောစရာစကားကင်းမဲ့သွားလေသည်။
ကောင်းယွမ်၏အကြည့်ကလည်း အေးစက်စက်နိုင်သွားပြီး စားပွဲကို ရိုက်ချလိုက်သည်။
"ချာတိတ်.. ငါ မင်းကို သည်းခံနေတာကြာပြီ။ မင်း ငါ့ချမ်းသာမှုကို မနာလိုဖြစ်နေတယ်ဆိုတာ ငါသိတယ်။ အဲဒါကြောင့် ရှန်းရှန်းရှေ့မှာ မင်း မော်ကြွားပြနေတာလေ။ ဒါပေမဲ့ ဟိတ်ဟန်ထုတ်ဖို့ဆိုတာကလည်း အရည်အချင်းရှိဖို့ လိုသေးတယ်။ မင်းလို တက္ကစီဒရိုင်ဘာတစ်ယောက်က ငါ့လောက် ချမ်းသာနိုင်မှာတဲ့လား"
"ဟုတ်တယ်။ ဥက္ကဋ္ဌကောင်းက ငါတို့ကို ရက်ရက်ရောရောနဲ့ ညစာလိုက်ကျွေးတာကို မင်းကတော့ ချေးများနေသေးတယ်။ သုံးသောင်းငါးသောင်းလောက်တန်တဲ့ အစားအသောက်မျိုးကို မင်း စားဖူးလို့လား"
"ဥက္ကဋ္ဌကောင်း.. ဒီလိုလူစားမျိုးကြောင့် ဒေါသထွက်မနေပါနဲ့"
"ရှန်းရှန်း.. နင် ဒီလိုချစ်သူမျိုးကို ဘယ်လိုတောင်ရှာထားတာလဲ။ လွန်လွန်းအားကြီးတယ်"
အတန်းဖော်များအားလုံးက တစ်ညီတစ်ညာတည်း ယဲ့ချန်းကို ဝေဖန်နေကြသည်။
ကောင်းယွမ်ကလည်း အေးတိအေးစက်သရော်လိုက်သည်။
"ငါ့ရှေ့မှာ မော်ကြွားပြနေတယ်ပေါ့လေ။ ဒီစားသောက်ဆိုင်မှာ တစ်နှစ်ကို ငါ ဘယ်လောက်သုံးဖြုန်းလဲဆိုတာ မင်းသိလား"
သူက အိတ်ကပ်ထဲမှ ရွှေရောင်ကတ်တစ်ခုကို ထုတ်ပြီး စားပွဲပေါ်ကို ပစ်ချကာ စားပွဲထိုးကို ပြောလိုက်၏။
"မင်းတို့မန်နေဂျာကို ခေါ်ခဲ့စမ်း"င
မန်နေဂျာလီလည်း အပြေးရောက်ချလာသည်။
ကောင်းယွမ်က မန်နေဂျာကို မောက်မောက်မာမာပြောလိုက်၏။
"မန်နေဂျာလီ.. ဒီရွှေရောင်ကတ်က ပိုက်ဆံဘယ်လောက်သုံးမှရတာလဲဆိုတာ သူ့ကိုပြောပြလိုက်စမ်းပါ။ ဒီလူက ကျုပ်ကို စိတ်ရှုပ်အောင်လာလုပ်နေလို့ သူ့ကို မောင်းထုတ်ပစ်လိုက်"
အတန်းဖော်များက အခြေအနေမဟန်တော့ကြောင့် ရိပ်စားမိလိုက်သဖြင့် ဝင်ဖျန်ဖြေလာသည်။
"ထားလိုက်ပါ ဥက္ကဋ္ဌကောင်းရာ"
"ဟုတ်တယ်။ သူက ရှန်းရှန်းရဲ့ချစ်သူဆိုတာကို ထောက်ထားပြီး လွှတ်ထားပေးလိုက်ပါ"
"ဟုတ်ပါတယ်ကွာ။ ယဲ့ချန်းက လူတိုင်းကို အစားအသောက်ကောင်းကောင်းလေး စားစေချင်တဲ့စိတ်နဲ့ ပြောလိုက်တာပါ"
ကောင်းယွမ်၏စကားကို ကြားလိုက်ရချိန်ဝယ် မန်နေဂျာလီခမျာ ဇောချွေးပြန်ရလေတော့သည်။
ဥက္ကဋ္ဌယဲ့ရောက်နေကြောင်း ယခုလေးတင် ဝန်ထမ်းများထံမှ သူကြားခဲ့ရသည်။ ထို့ကြောင့် လာနှုတ်ဆက်ဖို့ ပြင်နေချိန်မှာပင် ယခုလိုကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု ထင်မထားပေ။
ထိုင်ခုံတွင် ထိုင်နေပါသော ယဲ့ချန်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် သေးထွက်ကျလုနီးပါး ဖြစ်သွားရသည်။
လုပ်ငန်းစုထဲတွင် ယဲ့ချန်းက အချုပ်အခြာအာဏာကို ကိုင်စွဲထားသူပင်။ သူ့စကားတစ်ခွန်းတည်းဖြင့် သူ့ကို အလုပ်ပြုတ်သွားအောင်လည်း လုပ်နိုင်သည်။
ဒီငတုံးကများ ဥက္ကဋ္ဌယဲ့ကို လာအော်ရဲရတယ်လို့… ဥက္ကဋ္ဌယဲ့ကို နှင်ထုတ်ဖို့ကတော့ ဝေလာဝေး…
မန်နေဂျာလီ၏မျက်နှာကား သုန်မှုန်သွားပြီးနောက် စားပွဲပေါ်ရှိ ရွှေရောင်ကတ်ကို အေးစက်စက်ဟန်ပန်ဖြင့် ကောက်ကိုင်လိုက်သည်။
"မစ္စတာကောင်း.. ခင်ဗျားက ကျုပ်တို့ဟိုတယ်ရဲ့ ရွှေရောင်ကတ်ပိုင်ရှင်မဟုတ်တော့ပါဘူး။ ခင်ဗျားကို ကျုပ်တို့ဟိုတယ်က အမည်ပျက်စာရင်းသွင်းလိုက်ပြီ။ နောက်နောင် ခင်ဗျားကို ကျုပ်တို့ဟိုတယ်ထဲ ဝင်ခွင့်မပေးတော့ပါဘူး။ အခုချက်ချင်းထွက်သွားပေးပါ"
အားလုံးလည်း ကြက်သေသေကုန်ကြသည်။ ယခုလိုအလှည့်အပြောင်းကြီး ဖြစ်လာလိမ့်မည်ဟု မည်သူမှထင်မထားပေ။
ဘာတွေဖြစ်နေတာလဲ?
ဟိုတယ်မန်နေဂျာက ကောင်းယွမ်၏ရွှေရောင်ကတ်ကို ပြန်သိမ်းပြီး သူ့အား အမည်ပျက်စာရင်းပင် သွင်းလိုက်သေးသည်။
ယဲ့ချန်းကြောင့်များလား?
ကောင်းယွမ်ခမျာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား မန်နေဂျာလီကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေမိသည်။
ဟိုတယ်မန်နေဂျာက သူ့ရွှေရောင်ကတ်ကို ပြန်သိမ်းလိမ့်မည်ဟု စိတ်ပင်မကူးဖူးပေ။ ဤစားသောက်ဆိုင်တွင် သူ နှစ်တိုင်း သိန်းဂဏန်းနှင့်ချီ၍ သုံးစွဲခဲ့သည်။
ယဲ့ချန်းကြောင့်များလား?
ဒါပေမဲ့ ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက် မဟုတ်လား? ဘယ်လိုလုပ်ပြီး ဒီလိုအာဏာမျိုး ရှိမှာလဲ?
ကောင်းယွမ်ကို ဟွမ်းယွီလုပ်ငန်းစုက အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သတင်းပျံ့သွားပါက အထက်တန်းလွှာအသိုင်းအဝိုင်းထဲတွင် သူ ဘယ်လိုဝင်တိုးနိုင်တော့မည်နည်း။
သူ့မျက်နှာကို ဘယ်နားသွားထားရမည်နည်း။
ထို့ပြင် အတန်းဖော်များနှင့် သူ့နတ်ဘုရားမရှေ့တွင် အရှက်ကွဲရခြင်းကို သူ ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာတဲ့လဲ။
"ဘာအကြောင်းပြချက်နဲ့ ငါ့ရွှေရောင်ကတ်ကို ပြန်သိမ်းတာလဲ"
ကောင်းယွမ်လည်း ဒေါသတကြီး အော်ဟစ်လိုက်လေတော့သည်။
"ဘာမဟုတ်တဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ကြောင့်လား"
ကောင်းယွမ်က ယဲ့ချန်းကို လက်ညှိုးငေါက်ငေါက်ထိုး၍ ဆူပူမာန်မဲလိုက်သည်။
သူ့ရှေ့မှာပင် ဥက္ကဋ္ဌယဲ့ကို ဒုတိယအကြိမ်စော်ကားနေသည့် ကောင်းယွမ်၏စကားများကြောင့် မန်နေဂျာလီခမျာ ပေါက်ကွဲလုနီးပါးပင်။
ဒီငတုံးကတော့!
ထို့နောက် မန်နေဂျာလီလည်း သူ့အနောက်ရှိ လုံခြုံရေးများကို ပြောလိုက်၏။
"သူ့ကို မောင်းထုတ်လိုက်ကြစမ်း"
"ဘာ?"
ထိုနေရာရှိ လူတိုင်းမှာ ကြောင်အကုန်ကြလေသည်။
"ယဲ့ချန်းက ဘယ်သူများလဲ။ ဒီလိုအာဏာမျိုးရှိရဲ့သားနဲ့ ယဲ့ချန်းကိုစော်ကားမိလို့ ကောင်းယွမ် ဟိုတယ်ထဲက နှင်ထုတ်ခံလိုက်ရတာလား"
လုံခြုံရေးများက ကောင်းယွမ်ကို ဆွဲခေါ်သွားကြလေတော့သည်။
အတန်းဖော်များအားလုံး အံ့အားသင့်သွားကြသည်။
မန်နေဂျာလီက ယဲ့ချန်းနားသို့ တရိုတသေရောက်လာပြီး ဆိုလိုက်သည်။
"ဥက္ကဋ္ဌယဲ့.. ကျွန်တော်တို့ စားပွဲပေါ်က ဟင်းလျာတွေကို အခုပဲကြည့်ပြီးပါပြီ။ အရည်အသွေးက အရမ်းနိမ့်လွန်းတဲ့အတွက် ခင်ဗျားရဲ့အဆင့်အတန်းနဲ့ မကိုက်ညီပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အထူးဟင်းလျာတွေကို ထပ်ဖြည့်ပေးပါ့မယ်။ သုံးဆောင်ပါဦး"
ချီပေါင်ဝတ်ဆင်ထားသော စားပွဲထိုးမိန်းမချောလေးများက အထဲသို့ဝင်လာပြီးနောက် ဟင်းလျာများကို တည်ခင်းလေတော့သည်။
ချီပေါင်ဝတ်ဆင်ထားသော စားပွဲထိုးများ သယ်လာသည့် ဟင်းလျာများကိုမြင်လိုက်ရချိန်ဝယ် အားလုံး အံ့ဩမှင်တက်ကုန်သည်။
ငါးမန်းဆူးတောင်စွပ်ပြုတ်၊ ဝက်ဝံလက်သည်းဟင်း၊ ဂိုချီဘယ်ရီငါးမန်းတောင်စွပ်ပြုတ်…!
ဟင်းလျာတစ်ခုချင်းစီတိုင်းက အလွန်ဈေးကြီးလှသည်။ ဤဟင်းလျာများနှင့် ဝိုင်များပါပေါင်းလျှင် သုံးသိန်းကျော်သွားလေပြီ။
"ကျေးဇူးပဲ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဥက္ကဋ္ဌယဲ့.. သုံးဆောင်ပါ။ လိုအပ်တာတစ်ခုခုရှိရင်လည်း ကျွန်တော့်ကို အချိန်မရွေးပြောပါဗျ"
မန်နေဂျာလီက အသာအယာဦးညွှတ်၍ သီးသန့်ခန်းထဲမှ ထွက်သွားလေသည်။
သီးသန့်ခန်းထဲမှာတော့ လုံးဝတိတ်ဆိတ်သွားသည်။
ဥက္ကဋ္ဌယဲ့တဲ့လား?
လင်ရှန်းရှန်း၏ချစ်သူက ဟွမ်းယွီလုပ်ငန်းစု၏ဘော့စ်များလား?
တစ်ခန်းလုံ သုသာန်တစပြင်အလား တိတ်ဆိတ်နေချေသည်။
အစောတုန်းက စားပွဲပေါ်ရှိ ဟင်းလျာများမှာ သာမန်အဆင့်လောက်သာရှိသည်ဟု ယဲ့ချန်း ပြောခဲ့တုန်းက သက်သက်လေကြီးနေသည်ဟု သူတို့ ထင်ခဲ့မိသည်။
သို့သော် အသစ်တည်ခင်းလာသော ဟင်းလျာများကို မြင်လိုက်ရချိန်တွင်မူ ထိုနှစ်မျိုးကိုယှဉ်ကြည့်လိုက်သည့်အခါ စင်စစ်ကွာခြားလှပေသည်။
ယဲ့ချန်းက လင်ရှန်းရှန်းကိုကြည့်၍ ပြုံးလိုက်၏။
"ဒီနေ့ ရှန်းရှန်းရဲ့အတန်းဖော်တွေ ဆုံကြတာဆိုတော့ ကျွန်တော် ရှင်းပါ့မယ်။ အားလုံးပဲ.. သုံးဆောင်ကြပါ"
…..
ဟိုတယ်အပြင်ဘက်တွင်မူ ကောင်းယွမ်က မြေကြီးပေါ်မှ ကုန်းထ၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"မင်းတို့ကများ ငါ့ကို မောင်းထုတ်ရဲတယ်ပေါ့… ကောင်းပြီလေ။ စောင့်ကြည့်နေလိုက်"
•••••••••••••