← Chapters

ကောင်းကင်ဖွင့်လှစ်ခေါင်းလောင်း

Vol. 140 Ch. 1796

ကောင်းကင်ဖွင့်လှစ်ခေါင်းလောင်း

Vol. 140 Ch. 1796

ရှန့်ကျွင်း ဤတစ်ကြိမ် ဘိုးဘေးနန်းတော်မှ ထွက်ခွာ၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်လာခြင်းသည် ချင်မူ၏ အမိန့်အရ ကမ္ဘာဦးဘုံတွင် သူ၏ အသိအမြင်တို့အား ဖြန့်ဝေသင်ကြားပေးရန် ဖြစ်၏။ တစ်ချိန်တည်းမှာပင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ အသီးအပွင့်များကို ခူးဆွတ်ရလည်း ရည်ရွယ်ထားသည်။ ကျူစန်းထုံတို့ ငါးဦးကို တမင်လာရောက် တွေ့ဆုံခြင်း မဟုတ်ပေ။

သူ ထွက်လာခါနီးမှ တုံးယန်တို့ လူဝင်စားသွားပြီဖြစ်ကြောင်း ချင်မူပြော၍ သိခဲ့ရခြင်း ဖြစ်သည်။

ကျူစန်းထုံ၊ တုံးယန်တို့ လူဝင်စားလိုက်သဖြင့် အတိတ်ဘဝ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခြင်းကိုမူ သူ မသိခဲ့ပေ။ သိသွားပြီးနောက်တွင်လည်း ဂရုမစိုက်ခဲ့ချေ။

ကျူစန်းထုံက အတိတ်ကို ပြန်မှတ်မိလာသည့်အခါ အတိတ်ဘဝသည် ဝိုးတဝါး မီးခိုးငွေ့များသဖွယ် လွင့်မျောနေသလို ခံစား‌နေရသည်။ သူကိုယ်တိုင် ဟုတ်သလို၊ မဟုတ်သလို ထူးဆန်းနေသည်။ သို့သော် ချင်မူ သူတို့ငါးဦးအား လှည့်စားခဲ့သည့် ကိစ္စကို ပြန်သတိရသောအခါ ဒေါသမထိန်းနိုင် ဖြစ်သွားသည်။

"အတိတ်ဘဝက မှတ်ဉာဏ်တွေသာ ရှိခဲ့ရင် ငါတို့ ဒီလောက် လမ်းလွဲနေခဲ့မှာ မဟုတ်ဘူး" သူက ရှန့်ကျွင်းဆီ ညည်းညူ၏။

ရှန့်ကျွင်းသည် ပုံမှန်အားဖြင့် စကားနည်းသူ ဖြစ်သော်လည်း ဤမိတ်ဆွေဟောင်း ငါးဦးကို တွေ့သောအခါ စကားမပြောဘဲ မနေနိုင်ချေ။ "တာအိုနောင်တော် ... ပြန်စဉ်းစားကြည့်ပါ... ခင်ဗျားရဲ့ အတိတ်ဘဝက ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေဟာ ဒီဘဝမှာ အသုံးဝင်သေးရဲ့လား"

ကျူစန်းထုံလည်း အတိတ်ဘဝမှ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို သေသေချာချာ ပြန်စဉ်းစားပြီး ယခု သင်ယူထားသည်များကို ပြန်တွေးကြည့်လိုက်သည်။

သူ၏ အတိတ်ဘဝ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများသည် ယခု ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဥ်စနစ်နှင့် လုံးဝ ကွဲပြားခြားနား၏။ ကောင်းကင်နတ်သိုင်းများကို ပြင်ဆင်လိုက်ပါက အသုံးပြုနိုင်သေးသော်လည်း သိမ်မွေ့နက်နဲမည်မဟုတ်။ သို့သော် ကျင့်စဉ်မှာမူ လုံးဝ အသုံးမဝင်တော့ပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ယခု ကျင့်စဉ်များသည် ‌မဟာကောင်းကင်ရတနာကျင့်စဉ်စနစ်အတိုင်း လျှောက်လှမ်းနေသည်။ ဝိညာဉ်သန္ဓေသားမှ ဘိုးဘေးနန်းတော်အထိ အဆင့်တစ်ဆင့်ခုချင်းစီတွင် ပါဝင်သော လမ်းစဉ်၊ ကျင့်စဉ်များသည် သူ အတိတ်ဘဝက ကျင့်ကြံခဲ့သည်ထက် များစွာ ကြီးကျယ်ခမ်းနားလှသည်။

ကျင့်စဉ်စနစ်ကား တောင်းတစ်လုံးနှင့် တူသည်။ ကျင့်စဉ်အဆင့်ကို ဖန်တီးသူများ ပြုလုပ်ပေးခဲ့သော တောင်း၏ အကြီးအသေး အရွယ်အစားအပေါ် မူတည်၍ နောက်မျိုးဆက် ကျင့်ကြံသူများအနေဖြင့် ထိုတောင်းထဲသို့ ပစ္စည်းများ ထည့်နိုင်ပေမည်။

အချို့ကျင့်ကြံသူများက တောင်းကို အပြည့် မဖြည့်နိုင်ကြပေ။ အချို့ကမူ ဖြည့်နိုင်ကြသည်။ နောက်လူက ရှေ့လူထက် ပိုမို ဝေးဝေးလံလံ လျှောက်လှမ်းနိုင်လိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်၏ တောင်းသည် ကျူစန်းထုံတို့ အတိတ်ဘဝက တောင်းထက် ပိုကြီးမားသည်သာမက ပစ္စည်းများ ပိုဆံ့သည်။

အကယ်၍ အစကတည်းက အတိတ်ဘဝမှတ်ဉာဏ်များ ပါလာခဲ့ပါက အသိအမြင် အတားအဆီး ဖြစ်ပေါ်လာမည်။ အတိတ်ဘဝတုန်းက အတွေ့အကြုံအတိုင်း ကျင့်ကြံမိကာ မူလတောင်းကို မစွန့်လွှတ်နိုင် ဖြစ်လိမ့်မည်။ ၎င်းမှာ သူ၏ အတွက် ကောင်းမွန်သော ကိစ္စ မဟုတ်။

"တကယ်တော့... သခင်လေးခုနစ်က ခင်ဗျားတို့ကို လူပြန်ဝင်စားခိုင်းတာ စေတနာကောင်းနဲ့ပါ... ခင်ဗျားတို့ လက်မခံနိုင်မှာ စိုးလို့ လူဝင်စားလိုက်ရင် အတိတ်ဘဝ မှတ်ဉာဏ်တွေ ပျက်သွားမယ်ဆိုတာ မပြောခဲ့တာ”

ရှန့်ကျွင်းက ပြောသည်။ "ကျုပ် ခင်ဗျားတို့ကို အားကျတယ်... အရာအားလုံးကို စွန့်လွှတ်ပြီး အစကနေ ပြန်စနိုင်ကြတယ်… ခင်ဗျားတို့ လူပြန်ဝင်စားနိုင်တာက ကျုပ်တို့ ဘိုးဘေးနန်းတော်မှာ အသေအ‌ကြေ တိုက်ခိုက်ပေးရင်း ခင်ဗျားတို့ ကြီးပြင်းလာနိုင်အောင် အချိန်ဆွဲပေးထားလို့ပဲ ... ကျုပ်ဆိုရင် လူမဝင်စားဘဲ တာအိုသိုင်းပညာရှင် ဖြစ်နေပေမယ့် ဒီနှစ်တွေအတွင်း ဘိုးဘေးနန်းတော်မှာ ရုန်းကန်ရင်း ကျုပ်ရဲ့ စွမ်းအားတွေ အကန့်အသတ် ရှိနေတာကို ပိုပိုပြီး ခံစားလာရတယ်... ကျုပ်ရဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို ဖြန့်ဝေပြီးသွားလို့ အခွင့်အရေးသာ ရှိခဲ့ရင် ကျုပ်လည်း တစ်ခါ လူပြန်ဝင်စားပြီး ပြန်စချင်တယ်"

သူ ခဏ တိတ်ဆိတ်သွားပြီးနောက် ရေရွတ်လိုက်မိသည်။ "လူပြန်ဝင်စားပြီး ပြန်စတဲ့အခါ အတိတ်ကို မေ့သွားချင်မိတယ်”

ကျူစန်းထုံလည်း သူ၏ ရွေးချယ်မှုကို နားလည်၏။ ရှန့်ကျွင်း၏ ဘဝသည် အလွန်ခါးသီးလှပြီး ၁၆ စင်းမြောက် စကြဝဠာ၏ မှတ်ဉာဏ်များမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ ပျော်ရွှင်ရသော အချိန်မှာ အလွန်တရာ ရှားပါးခဲ့လေသည်။

နောင်ဘဝ ရှိခဲ့လျှင် ပို၍ အေးဆေးငြိမ်းချမ်းစွာ နေထိုင်ရန် ရွေးချယ်ပေလိမ့်မည်။

"မင်း ဘိုးဘေးနန်းတော်က ပြန်လာတာဆိုတော့... ဘိုးဘေးနန်းတော်က တိုက်ပွဲတွေ ပြီးသွားလို့လား" ကျူစန်းထုံက မေးသည်။

ရှန့်ကျွင်း ခေါင်းခါ၏။ "ပိုပိုပြီး ပြင်းထန်လာတယ်... ကျုပ် ပြန်လာနိုင်တာက ဒုတိယဘိုးဘေး တာအိုရသွားပြီး ကျုပ်ပေါ်က ဖိအားတွေ အများကြီး လျော့သွားလို့ပဲ"

"ဒုတိယဘိုးဘေး တာအိုသွားတယ်တဲ့လား" ကျူစန်းထုံ နားမလည်ပေ။ "ဘယ်သူက ဒုတိယဘိုးဘေးလဲ"

"ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးနှစ်ပါး ဝာာအို ရသွားတာလေ"

ရှန့်ကျွင်းက ရှင်းပြသည်။ "လန်ယွီတျန်းနဲ့ ရှူရှန်းဟွာတို့ တာအို ရသွားပြီ... သူတို့ရဲ့ အတိုက်အခိုက်စွမ်းရည်က ကျုပ်ထက်တောင် မြင့်တယ်... ဒါကြောင့် ကျုပ် ခဏနားပြီး ကျုပ်ရဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို သင်ကြားပေးပြီး ဆက်ခံသူ ရှာဖို့ ပြန်လာနိုင်ခဲ့တာ... ကောင်းကင်နတ်အရှင်ရုံလည်း တာအို ရသွားပြီ... သူ ကျုပ်နဲ့ အတူ ပြန်လာပြီး ယိုတုဆီ သွားတယ်"

ကျူစန်းထုံ ကြက်သေသေသွားမိသည်။ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်၏ နက်နဲမှုသည် သူ့ကိုပင် အံ့ဩစေခဲ့၏။ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို တည်ထောင်ခဲ့သော ဘိုးဘေးကြီးနှစ်ပါး၏ အောင်မြင်မှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။

ကောင်းကင်နတ်အရှင်ရုံကိုမူ ဒဏ္ဍာရီများထဲတွင်သာ ကြားဖူးပြီး မမြင်ဖူးခဲ့ပေ။

"ဒါဆို သခင်လေးခုနစ်ရော... သူ တာအိုရသွားပြီလား" ကျူစန်းထုံက ထပ်မေးမိသည်။

ရှန့်ကျွင်း၏ မျက်နှာအမူအရာက ထူးဆန်းသွားပြီး ခေါင်းခါသည်။ "သူ့အခြေအနေက နည်းနည်း ထူးခြားတယ်... သူသာ ကမ္ဘာဦးဖရိုဖရဲတာအိုကို ရရှိသွားရင် ဒဏ္ဍာရီထဲက သခင်လေးခုနစ် ဖြစ်သွားမှာ... ဒါပေမဲ့ အခုအချိန်အထိ သူ ကမ္ဘာဦးဖရိုဖရဲတာအိုကို မရသေးဘူး"

"လူယုတ်မာကောင်တောင် ဒီလိုနေ့မျိုး ရှိသေးတာပဲ"

ကျူစန်းထုံက ဟားတိုက် ရယ်မောလိုက်ပြီး အလွန် ပျော်ရွှင်နေသည်။ တုံးယန်တို့မှာတော့ သူတို့ ဘာပြောနေမှန်း မသိသော်လည်း ကျူစန်းထုံ ဤမျှ ပျော်ရွှင်စွာ ရယ်မောနေသည်ကို တွေ့သောအခါ လိုက်၍ ရယ်မောမိကြသည်။

ရှန့်ကျွင်း၏ မျက်နှာအမူအရာက ထူးဆန်းနေဆဲပင်။ "သခင်လေးခုနစ်က ကမ္ဘာဦးဖရိုဖရဲတာအိုကို မရသေးပေမယ့် အဆုံးသတ်မြို့ပျက်တာအိုနဲ့ လောကသစ်ပင်တာအိုမှာတော့ ပိုနက်နက်ရှိုင်းရှိုင်း အောင်မြင်လာတယ်"

ကျူစန်းထုံ ကြောင်သွားပြန်သည်။

ရှန့်ကျွင်းက ဆက်ပြော၏။ "သူ့ရဲ့ အဆုံးသတ်မြို့ပျက် ကြာပလ္လင်က တာအိုအဆင့် ခြောက်ဆင့်အထိ ရောက်နေပြီ... လောကသစ်ပင်ပေါ်မှာလည်း တာအိုပန်းပွင့်တွေ ပွင့်ပြီး တာအိုသစ်သီးတွေ သီးနေပြီ... တာအိုပန်းပွင့် တစ်ပွင့်တည်း၊ တာအိုသစ်သီး တစ်လုံးတည်းလည်း မဟုတ်ဘူး"

ကျူစန်းထုံ ထပ်မံကြောင်သွားပြီး သူ၏ နောက်စေ့ရှိ ဝက်အမွေးကြမ်းများကို ကုတ်လိုက်ကာ ဇဝေဇဝါ ပြောသည်။ "မဟုတ်သေးဘူးလေ... ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်က ဒီလို ကျင့်ကြံရတာ မဟုတ်ဘူး..."

"သူက တောင်းထဲမှာ မဟုတ်ဘူး" ရှန့်ကျွင်းက ပြောလိုက်၏။

ကျူစန်းထုံ၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ မြည်ဟည်းသွားပြီး ရှန့်ကျွင်း၏ စကားကို ချက်ချင်း နားလည်သွားသည်။

ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ် ဆိုသည့် တောင်းကို အပြည့်ဖြည့်နိုင်သူသည် ဉာဏ်ကြီးရှင် ဖြစ်သည်။ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို တည်ထောင်သူသည် ဘိုးဘေး ဖြစ်သည်။ သို့သော် ဤတောင်းထဲမှ စောစီးစွာ ခုန်ထွက်သွားသူကိုမူ တောင်းဖြင့် တိုင်းတာ၍ မရနိုင်တော့ပေ။

ချင်မူကား ထိုတောင်းထဲမှ အစောဆုံး ခုန်ထွက်သွားသူ ဖြစ်သည်။ လန်ယွီတျန်း၊ ရှူရှန်းဟွာနှင့် မျိုးဆက်သစ် ကောင်းကင်နတ်အရှင်များ ထိုတောင်းကို မဖန်တီးနိုင်မီကတည်းက သူ ခုန်ထွက်သွားခဲ့ပြီ ဖြစ်၏။

လောကတွင် တောင်းများစွာ ရှိသည်။ မီလော့နန်းတော်၏ တာအိုကျင့်စဉ်လည်း တောင်းတစ်လုံး ဖြစ်သည်။ ကောင်းကင်ဖွင့်လှစ်သူများ၏ တာအိုကျင့်စဉ်သည်လည်း တောင်းတစ်လုံး ဖြစ်သည်။ အနန္တအဘိုးအိုနှင့် အခြား အတိတ်စကြ၀ဠာ ပုဂ္ဂိုလ်များတွင်လည်း တောင်းအရွယ်အစားမျိုးစုံ ရှိကြ၏။ လန်ယွီတျန်းနှင့် ရှူရှန်းဟွာတို့၏ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်သည်လည်း တောင်းတစ်လုံးပင်။

သို့သော် ဤတောင်းများထဲတွင် ချင်မူ မရှိပေ။

မည်သည့်တောင်းကမှ ချင်မူ့ကို ထည့်သွင်းနိုင်ခြင်း မရှိ။

သူသည် အဆုံးသတ်မြို့ပျက်ဖြင့် တာအို ရနိုင်သလို၊ မီလော့နန်းတော်၏ တာအိုကျင့်စဉ်စနစ်ကိုလည်း လျှောက်လှမ်းနိုင်၏။ လောကသစ်ပင်ဖြင့်လည်း တာအိုရရှိနိုင်သည်။ ကောင်းကင်ဖွင့်လှစ်သူများ၏ ကောင်းကင်ဖွင့်လှစ်ခြင်းနည်းလမ်းကိုပင် သူ ကျွမ်းကျင်၏။

သို့သော် ဤလမ်းစဥ်အားလုံးသည် သူ လျှောက်လှမ်းလိုသော လမ်းစဉ်များ မဟုတ်ပေ။

သူ့တွင် လမ်းတစ်လမ်းတည်းသာ ရှိသည်။ ကမ္ဘာဦးဖရိုဖရဲ တာအိုပင်။

ရှန့်ကျွင်းက ထွက်ခွာသွားပြီး လှမ်းပြောသည်။ "ခင်ဗျားတို့ကို တွေ့ပြီးတော့ ကျုပ် စိတ်အေးသွားပြီ... ကျုပ်ရဲ့ လမ်းစဉ်ကို သွားသင်ပေးလိုက်ဦးမယ်"

ကျူစန်းထုံမှာ သူ့နောက်သို့ အလျင်အမြန် လိုက်သွားသည်။ "ရှန့်ကျွင်း... ငါ ဘိုးဘေးနန်းတော်ဆီ သွားလို့ရမလား"

ရှန့်ကျွင်းက ခြေစုံရပ်၍ သူ့ကို အကဲခတ်ကြည့်ပြီး ဖြေသည်။ "ခင်ဗျား တာအိုရဖို့ ခြေတစ်လှမ်းအလို အဆင့် ရောက်မှ ဘိုးဘေးနန်းတော်ဆီ သွားလို့ရမယ်... အခု ဘိုးဘေးနန်းတော်က သိပ်အန္တရာယ်များတယ်... ခင်ဗျားရဲ့ အခု စွမ်းဆောင်ရည်နဲ့ ဘိုးဘေးနန်းတော်ကို သွားတာဟာ သေမင်းပါးစပ်ထဲ ခုန်ချနေတာပဲ"

ကျူစန်းထုံ၏ နှလုံးသား တုန်လှုပ်သွားသည်။ ယခု သူသည် မျိုးဆက်သစ်များထဲတွင် ရှားပါးသော အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေချေပြီ။ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်မုခ်၀လေးခု၊ နဂါးသွဲ့ရေကန်၊ နဂါးသွဲ့စင်မြင့်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ ကောင်းကင်ပင်လယ်၊ အကျဉ်းထောင်ကိုးထပ်စင်မြင့်စသော အဆင့်များကို ကျင့်ကြံပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ ထိုက်ငါးပါး သတ္တုကြောကြီး ငါးခုတွင် ထိုက်ချူနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ပြီး တာအိုကျင့်စဉ်မှာလည်း ပိုမို နက်ရှိုင်းလာခဲ့၏။ ထိုသို့ မဟုတ်ပါက သူ ရှန့်ကျွင်းနှင့် တွေ့ဆုံချိန်တွင် ဘ၀ပြန်ဝင်စားခြင်းတာအို၏ တာအိုကျင့်စဉ်ကို အသက်၀င်လာစေ၍ အတိတ်ဘဝ မှတ်ဉာဏ်အချို့ကို ပြန်လည် နိုးထလာနိုင်မည် မဟုတ်ပေ။

သူ၏ လက်ရှိခွန်အားသည် အတိတ်က ကောင်းကင်နတ်အရှင်များနှင့် ယှဉ်ပြိုင်နိုင်၏။ ဤသို့သော ခွန်အားဖြင့်ပင် ဘိုးဘေးနန်းတော်သို့ ဝင်ရောက်ပါက သေလမ်းသာ ရှိသည်တဲ့လော။ ဘိုးဘေးနန်းတော်၏ တိုက်ပွဲများသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။

ရှန့်ကျွင်း ထွက်ခွာသွားပြီဖြစ်၍ သူ၏ အသံက အဝေးမှ လွင့်ပျံလာသည်။ "ကျုပ် ဒီတစ်ခေါက် ပြန်လာရင် မြေအောက်ဘုံအရှင်သခင်က တာအို ရခါနီး ပုဂ္ဂိုလ်တချို့ကို ဘိုးဘေးနန်းတော်ဆီ ခေါ်သွားပြီး လစ်ဟာနေတဲ့ နေရာတွေကို ဖြည့်လိမ့်မယ်... ခင်ဗျားတို့ စိတ်အေးလက်အေး ကျင့်ကြံကြပါ... ဖြစ်နိုင်ရင် ကျုပ် သင်ပြတာကို လာနားထောင်လို့ ရတယ်"

"မြေအောက်ဘုံအရှင်သခင်က ကောင်းကင်နတ်အရှင်တချို့ကို ဘိုးဘေးနန်းတော်ဆီ ခေါ်သွားမယ်တဲ့လား”

ကျူစန်းထုံ၏ မျက်လုံးများက ကျီးကန်းတောင်းမှောက် ဂနာမငြိမ် ဖြစ်နေသည်။ တုံးယန်က ဗလုံးဗထွေး သတိပေးသည်။ "စန်းထုံ... မင်း လျှောက် ပြဿနာမရှာနဲ့"

ကျူစန်းထုံက ‌ခေါင်းညိတ်နေသော်လည်း ဂရုမစိုက်ဘဲ စိတ်ထဲမှ တွေးနေ၏။ "ငါတို့ ငါးယောက်ထဲမှာ... ငါက အရင်ဆုံး နိုးထလာပြီး စွမ်းအား အကြီးဆုံးပဲ... သူတို့ဆို အတိတ်ဘဝ မှတ်ဉာဏ်တွေတောင် ပြန်မရကြသေးဘူး... ငါ့မှာ အတိတ်ဘဝက နည်းလမ်းတွေ ရှိနေမှတော့ မြေအောက်ဘုံအရှင်သခင်နဲ့ လိုက်ကြည့်လို့ရတာပဲမလား"

သူကား စိတ်အားထက်သန်နေတော့သည်။ တုံးယန်နှင့် အခြားသူများကို ထားခဲ့ကာ ကောင်းကင်နတ်သိုင်းကို အသက်သွင်း၍ ကောင်းကင်မုခ်၀ ဖွင့်ကာ ယိုတုထဲသို့ ဝင်ရောက်သွားချေပြီ။

ယိုတု

ဧရာမလမ်းခြောက်သွယ် ဘ၀ပြန်ဝင်စားခြင်း သံသရာစက်ဝန်းကြီးသည် အလိုအလျောက် လည်ပတ်နေ၏။ ကောင်းကင်ယင်ကမ္ဘာနှင့် ယိုတုက ချိတ်ဆက်နေပြီး ဝိညာဉ်များစွာသည် လမ်းခြောက်သွယ် ဘ၀ပြန်ဝင်စားခြင်းသံသရာနှင့် ကောင်းကင်ယင်ကမ္ဘာအကြားတွင် သွားလာနေကြ၏။ လမ်းခြောက်သွယ် ဘ၀ပြန်ဝင်စားခြင်းသံသရာ၏ အောက်တွင် ကံကြွေးမီးတောက်များ တောက်လောင်နေပြီး မရေမတွက်နိုင်သော ဝိညာဉ်များမှာ အတွင်းထဲတွင် ရုန်းကန်နေကြရသည်။

လမ်းခြောက်သွယ် ဘ၀ပြန်ဝင်စားခြင်းသံသရာထဲရှိ မြေအောက်ဘုံအရှင်သခင်၏ စံအိမ်ထဲသို့ ကျူစန်းထုံ တိတ်တဆိတ် ခိုးဝင်သွားပြီး ဟိုဟိုဒီဒီ ချောင်းကြည့်‌နေ၏။ ကောင်းကင်နတ်အရှင်ရုံ၊ ချင်ဖုန်းကျင့်၊ ကောင်းကင်ယင်နတ်ဘုရားမ၊ တိရီယွဲ့၊ ရွာသူကြီး၊ မျက်ကန်း၊ အဘွားစစ်နှင့် အခြားသူများ နေရာအသီးသီးတွင် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်နယ်စားမင်းကလည်း မျက်ခုံးဖြူအဘိုးအိုအသွင် ပြောင်းလဲကာ ထိုင်နေပြီး တစ်စုံတစ်ခု ဆွေးနွေးနေကြ၏။

"ကျုပ်ရဲ့ ယိုတုက ကောင်းကင်နတ်အရှင်ရုံ ဦးဆောင်ရင် ဘေးကင်းလိမ့်မယ်... ဒါပေမဲ့ ကောင်းကင်နယ်စားမင်းသာ ရွှမ်တုက ထွက်သွားခဲ့ရင် ဘယ်သူက ကောင်းကင်တာအိုကို တာဝန်ယူနိုင်မှာလဲ"

ချင်ဖုန်းကျင့်က မေးမြန်းသည်။ "ကောင်းကင်ယင်ကမ္ဘာလည်း ရှိသေးတယ်... ကောင်းကင်ယင်နတ်ဘုရားမသာ ဘိုးဘေးနန်းတော်ဆီ သွားခဲ့ရင် ဘယ်သူက သေသူတွေကို သန့်စင်ပေးမှာလဲ... ဘယ်သူက အနက်ရောင်ဝိညာဉ်သဲမှုန်တွေ သုံးပြီး ဝိညာဉ်အသစ်တွေ ဖန်တီးလို့ ကောင်းကင်ယင်ကမ္ဘာရဲ့ မဟာတာအို လည်ပတ်မှုကို ထိန်းချုပ်မှာလဲ"

ကောင်းကင်နယ်စားမင်းက ကောင်းကင်တာအို ရတနာ ၅၀ ကို ဖြန့်ခင်းလိုက်ရင်း ပြော၏။ "ကောင်းကင်တာအို လည်ပတ်မှုတစ်ဝက်က ကောင်းကင်တာအို ရတနာတွေပေါ်မှာ မူတည်တယ်... တိရီယွဲ့က ငါ့ရဲ့ မျိုးဆက်ပဲ... ငါ့ကိုယ်စား ကောင်းကင်တာအို လည်ပတ်မှုကို ထိန်းချုပ်နိုင်တယ်"

တိရီယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။ "ကျွန်မလည်း ဘိုးဘေးနန်းတော်ကို သွားပြီး လေ့ကျင့်ချင်တယ်... ပထမဆုံးအနေနဲ့ ကျွန်မရဲ့ ကျင့်ကြံခြင်းအခြေခံက အဆုံးစွန်အဆင့်ကို ရောက်နေပြီ... ထပ်တိုးတက်ချင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုက အသီးအပွင့်တွေကို လက်ခံရုံနဲ့ မလုံလောက်တော့ဘူး... ဒုတိယအချက်အနေနဲ့ ကျွန်မ ခိုင်ဧကရာဇ် ချင်ယဲ့နဲ့ တွေ့ချင်တယ်... ဘာပဲဖြစ်ဖြစ် တစ်ချိန်က တာအိုမိတ်ဆွေတွေပဲ... ပြီးတော့..."

သူမက ကောင်းကင်နယ်စားမင်းကို တစ်ချက် ကြည့်လိုက်ပြီး ဆက်မပြောတော့ပေ။

တစ်ချိန်က ကောင်းကင်နယ်စားမင်းသည် သူမအား ခိုင်ဧကရာဇ် ချင်ယဲ့ထံသို့ မင်္ဂလာသတို့သမီးအဖြစ် ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ သူမနှင့် ခိုင်ဧကရာဇ် ချင်ယဲ့တို့၏ ဆက်ဆံရေးမှာ အလွန်ထူးခြား၏။ ဆရာမကျ၊ တပည့်မကျသလို၊ သူငယ်ချင်းပမာလည်း ဖက်လှဲတကင်း ရှိခဲ့သည်။

ငယ်စဉ်က သူမမှာ ခိုင်ဧကရာဇ် ချင်ယဲ့ကို တစ်ဖက်သတ် ချစ်ကြိုက်ခဲ့သော်လည်း ခိုင်ဧကရာဇ် ချင်ယဲ့တွင် ချစ်ရသူ ရှိနေခဲ့သဖြင့် သူမကို ငြင်းပယ်ခဲ့သည်။ နောက်ပိုင်းတွင်မှ သူမ၏ နှလုံးသားတံခါးကို ကောင်းကင်ယင်သားတော်က အခွင့်ကောင်းယူကာ ဝင်ရောက်နိုင်ခဲ့၏။

သို့သော် အချစ်ဦး ဆိုသည်မှာ မေ့ဖျောက်၍ ရပါ၏လော...။

ကောင်းကင်နယ်စားမင်းလည်း သူမအပေါ် အကြွေးတင်နေသည်ကို သိသဖြင့် မတတ်သာဘဲ ပထမလူသားဧကရာဇ်ဆီသို့ ကြည့်ကာ မေးလိုက်၏။ "တာအိုမိတ်ဆွေ ချင်ဝူရဲ့ ကောင်းကင်တာအို အောင်မြင်မှုက ဘယ်လိုရှိလဲ... ကောင်းကင်တာအို လည်ပတ်မှုကို ခဏလောက် ထိန်းချုပ်ထားနိုင်မလား"

ပထမလူသားဧကရာဇ်က ပြောသည်။ "ကျုပ်က တာအိုရဖို့ အဝေးကြီး လိုပါသေးတယ်... ခဏလောက်တော့ ထိန်းချုပ်ထားနိုင်ပါတယ်"

ကောင်းကင်နယ်စားမင်လည်း စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်မိ၏။

ကောင်းကင်ယင်နတ်ဘုရားမက ပြောသည်။ "ယမမင်းက ကောင်းကင်ယင်ကမ္ဘာရဲ့ လည်ပတ်မှုကို ခဏလောက် ထိန်းချုပ်ထားနိုင်ပါတယ်"

ယမမင်းက ဦးညွှတ်သဘောတူပြီးနောက် မေးလိုက်သည်။ "တံခါးအပြင်က တစ်ယောက် ဘယ်သူလဲ"

အပြင်တွင် ပုန်းအောင်းနေသော ကျူစန်းထုံကို အစောတည်းက အားလုံး သတိထားမိကြသော်လည်း မည်သည်မှ မပြောခဲ့ကြပေ။ ယမမင်းသည် တည့်တိုးသမား ဖြစ်သဖြင့် မေးချလိုက်ခြင်း ဖြစ်သည်။

ချင်ဖုန်းကျင့်က ဖြေ၏။ "မသေမှာ မကြောက်တဲ့ သူပေါ့ ... ကျုပ်ညီလေးနဲ့ကျုပ် အရင်က သူ့ကို လှည့်စားခဲ့ဖူးတယ်... ဒါကြောင့် သူ့ကို မမောင်းထုတ်ခဲ့တာ... ကျူစန်းထုံ... ဝင်ခဲ့ပါ"

ကျူစန်းထုံလည်း သူ၏ ဆင့်ခေါ်သံအား ကို ကြားသောအခါ ခန်းမထဲသို့ အလျင်အမြန် လျှောက်ဝင်လာသည်။ သူက အော်လိုက်၏။ "မြေအောက်ဘုံအရှင်သခင်... မင်း ငါ့အပေါ် အကြွေးတင်နေတယ်... ငါလည်း ဘိုးဘေးနန်းတော်ဆီ လိုက်မယ် "

ခန်းမထဲရှိသူအားလုံး မျက်မှောင်ကြုတ်သွားကြပြီး ချင်ဖုန်းကျင့်ကို လှမ်းကြည့်ကြသည်။ အဘွားစစ်က ပြော၏။ "စန်းထုံရဲ့ အရည်အချင်းက မဆိုးပေမယ့် ကောင်းကင်ယင်သားတော် အဆင့်လောက်ပဲ ရှိသေးတယ်... သွားရင် သေလိမ့်မယ်"

ချင်ဖုန်းကျင့်က ပြောသည်။ ” ဘွားဘွား... ဒါက ကျုပ်ညီလေးရဲ့ အမှားပါ... သူ့အပေါ် အကြွေးတင်ခဲ့တယ်... သူ သွားချင်မှတော့ သွားခွင့်ပေးလိုက်ပါ... သေရင်လည်း မြှုပ်စရာမြေရှိတာပဲဟာ"

ကောင်းကင်နတ်အရှင်ရုံက ၀င်ပြော၏။ "တာအိုမိတ်ဆွေစစ် စိတ်မပူပါနဲ့... ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်ယင်နတ်ဘုရားမတို့ ရှိပါတယ်... ပြာဖြစ်သွားရင်တောင် ပြန်ကယ်လို့ ရပါတယ်... ကမ္ဘာဦးဖရိုဖရဲအဖြစ် ပြောင်းမသွားသရွေ့ပေါ့"

ကျူစန်းထုံမှာ ကြက်သီးထသွားပြီး လိုက်ရန် ဆုံးဖြတ်ခဲ့သည်ကို နောင်တရသွားသော်လည်း သတ္တိမွေးကာ ကြောက်ရွံ့သော အမူအရာ မပြသခဲ့ပေ။

ရက်အနည်းငယ် ကြာပြီးနောက် အားလုံး ပြင်ဆင်ပြီးစီး၍ ဘိုးဘေးနန်းတော်သို့ ချက်ချင်း ထွက်ခွာခဲ့ကြသည်။

နှစ်၀က်ကြာပြီးနောက် သူတို့ ဘိုးဘေးနန်းတော် အပြင်ဘက်သို့ ရောက်လာကြ၏။ ဘိုးဘေးနန်းတော်သည် ချင်မူ့ကြောင့် ဧရာမဒယ်အိုးကြီးတစ်လုံးပမာ ရုပ်လုံးပေါ်နေချေပြီ။ ၎င်းသည် အလွန်တရာ ကြီးမားပြီး ဆန်းကြယ်ရတနာကြီးအလားပင်။ ပတ်ပတ်လည်တွင် ရောင်စုံအလင်းတန်းများက မျက်စိကျိန်းမတတ် တောက်ပစွာ ဖြာထွက်နေ၏။

ကျူစန်းထုံ၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ ‘ဒီဘိုးဘေးနန်းတော်က ရတနာအဖြစ် သန့်စင်ခံရတော့မယ်... ဒါပေမဲ့ ဒီအိုးကြီးကို ဘယ်သူက အသက်သွင်းနိုင်မှာလဲ’

ကောင်းကင်နယ်စားမင်းနှင့် ချင်ဖုန်းကျင့်တို့က သူတို့အား ဦးဆောင်လာခဲ့၏။

ကောင်းကင်နယ်စားမင်းနှင့် ချင်ဖုန်းကျင့်သည် ရှေ့ထွက်လာပြီး ကိုယ်ပိုင်ချိပ်တံဆိပ်နှင့် ကောင်းကင်နတ်သိုင်းများကို အသက်သွင်းလိုက်သည်။ လှပခမ်းနားသော ကမ္ဘာဦးဖရိုဖရဲသင်္ကေတများဖြင့် ပြည့်နှက်နေသည့် လျှို‌မြောင်တစ်ခု သူတို့ ရှေ့မှောက်တွင် ပေါ်ထွက်လာ၏။ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။

ဥမင်ထဲတွင် မည်မျှ ကြာအောင် လျှောက်ခဲ့ရမှန်း မသိပေ။ ကျူစန်းထုံက ဥမင်၏ နံရံများကို ကြည့်လိုက်၏။ ဤနေရာတွင် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများသာမက အခြား ထူးဆန်းသော သင်္ကေတများလည်း ရှိနေသည်။ ကမ္ဘာဦးဖရိုဖရဲထဲမှ ကြောက်မက်ဖွယ် သတ္တဝါများကဲ့သို့ နံရံများထဲတွင် ပုံသဏ္ဌာန် ပြောင်းလဲနေကြ၏။

"သခင်လေးခုနစ်ရဲ့ ချိပ်တံဆိပ်"

ရှေ့ဘက်တွင် ရုတ်တရက် လွင်ပြင်ကျယ်ကြီးတစ်ခု ပေါ်ထွက်လာ၏။ သူတို့ ဥမင်ထဲမှ ထွက်လာနိုင်ခဲ့သည့်အခါ ဒယ်အိုးကြီး၏ နံရံတစ်ခုပေါ်သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ အောက်သို့ ငုံ့ကြည့်လိုက်လျှင် ကြီးကျယ်ခမ်းနားသည့် ဘိုးဘေးနန်းတော်ကို တွေ့မြင်ရနိုင်၏။

အထင်ရှားဆုံးမှာ လောကသစ်ပင် ဖြစ်ပြီး အလွန်တရာ ခမ်းနားထည်ဝါလှသည်။

ထိုအခိုက်အတန့်တွင် လောကသစ်ပင်၏ အောက်၌ ခေါင်းလောင်းပုံသဏ္ဍာန် ဧရာမရတနာကြီးတစ်ခုသည် ကန့်လန့်ဖြတ် တည်ရှိနေ၏။ ၎င်းက လောကသစ်ပင် အပြင်ဘက်ရှိ ဖရိုဖရဲမြစ် ဆယ့်ခြောက်သွယ်ကို လှမ်းမိုးထားသည်။ ခေါင်းလောင်းကြီးသည် စကြဝဠာမွေးဖွားလာသည့် ဖြစ်စဉ်ပမာ ခေါင်းလောင်းဝဖြင့် လောကသစ်ပင်ဘက်သို့ မျက်နှာမူထားပြီး ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းကွဲသွားစေနိုင်သည့် ခေါင်းလောင်းသံကို ထုတ်လွှတ်နေသည်။

ခေါင်းလောင်းကြီးထဲတွင် ခိုင်ဧကရာဇ် ချင်ယဲ့၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကျန်းပိုင်ကွေ့၊ တာအိုဘိုးဘေးနှင့် ဘိုးဘေးနန်းတော်ကို စောင့်ကြပ်နေသူများက အစွမ်းကုန် တိုက်ခိုက်နေကြ၏။

လောကသစ်ပင်၏ အမြစ်များသည် ဖရိုဖရဲ မြစ်ဆယ့်ခြောက်သွယ်ထဲသို့ အမြစ်တွယ်ထားပြီး စကြဝဠာခေတ် ဆယ့်ခြောက်စင်းကို ချိတ်ဆက်ထားသည်။ အတိတ်စကြ၀ဠာ သိုင်းပညာရှင်များက လောကသစ်ပင် အမြစ်များအတိုင်း အဆက်မပြတ် တက်လာကြပြီး သူတို့အား အပြင်းအထန် တိုက်ခိုက်နေကြ၏။ ကောင်းကင်နတ်သိုင်း အမျိုးမျိုးသည် ထိုဧရာမ ခေါင်းလောင်းကြီးထဲတွင် အဆက်မပြတ် ‌လင်းလက်‌တောက်ပနေလေသည်။

ကျူစန်းထုံမှာ ဤမြင်ကွင်းကို ကြောင်၍ ကြည့်နေပြီး ဤနေရာသို့ လာခဲ့မိသည်ကို နောင်တရသလို ဖြစ်နေတော့၏။

All Chapters