နှစ်သုံးထောင်ကြာသော်
Vol. 140 Ch. 1797
နှစ်သုံးထောင်...
နှစ်သုံးထောင်အတွင်း ဘိုးဘေးနန်းတော်ကား အတော်လေး ပြောင်းလဲသွားခဲ့ချေပြီ။ အဘွားစစ်၊ ရွာသူကြီးနှင့် အခြားသူများသည် ချိပ်ပိတ်ခဲ့စဉ်က ဘိုးဘေးနန်းတော်ကို မြင်ဖူးသော်လည်း ယခုအခါ မမှတ်မိနိုင်လောက်အောင် စိမ်းသက်နေသည်။
သူတို့ ထွက်ခွာသွားပြီးနောက် ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့သည်မှာ ထင်ရှား၏။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သည်လည်း အလွန်တောက်ပထည်ဝါနေသည်။ အဝေးမှ လှမ်းကြည့်လျှင် ပြိုင်ဘက်ကင်းအောင် လှပသော မြို့တော်ကြီးကား ဖရိုဖရဲတိမ်တိုက်များအကြား ကိန်းဝပ်နေဟန် ရှိ၏။ စိမ့်ထွက်နေသော ဖရိုဖရဲ ချီစွမ်းအင်များသည် မြူခိုးများပမာ မြို့တော်အား ရစ်သိုင်းဝန်းရံလျက် ရှိပေသည်။ မြို့အတွင်း၌မူ မြင့်မားထည်ဝါနေသော တာအိုသစ်ပင်များအား တွေ့ရနိုင်၏။
ဘိုးဘေးနန်းတော် လောကသစ်ပင်ရှိ ဧရာမခေါင်းလောင်းကြီးမှာမူ မယုံနိုင်လောက်အောင် ကြီးမားလှသည်။ မည်သူက ဖန်တီးခဲ့ပြီး အသက်သွင်းနေသည်ကို မသိရပေ။
ယခင်က လောကသစ်ပင်၏ ပတ်ပတ်လည်တွင် ဖရိုဖရဲမြစ်များသည် ညအချိန်မှ ပေါ်ထွက်လာတတ်၏။ ယခုအခါတွင်မူ နေ့ဘက်တွင်လည်း မြင်နေရချေပြီ။ ၎င်းတို့သည် လောကသစ်ပင်၏ ကျုံးဆယ့်ခြောက်စင်းပမာ အနန္တအဘိုးအိုကို ကာကွယ်စောင့်ရှောက်ပေးနေသည်။
ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းတွင် အလွန်တရာ ကြီးမားသော လောကသစ်ပင်မြစ်များက ရောထွေးယှက်ဖြာလျက် မြစ်များတစ်လျှောက် ထိုးဖောက်သွားရင်း စကြဝဠာခေတ် တစ်ခေတ်ချင်းစီကို ဖြတ်သန်းထားသည်။ ၎င်းက အလွန်အမင်း အံ့ဩစရာ ကောင်းလှပေသည်။
လောကသစ်ပင်၏ အနီးအနားတွင် တာအိုသစ်ပင်အရွယ်အစားမျိုးစုံ စီတန်းတည်ရှိနေသည်။ အတိတ်စကြဝဠာမှ တာအိုသိုင်းပညာရှင် အများအပြားသည် သူတို့၏ တာအိုသစ်ပင်ပေါ်မှ တာအိုသစ်သီးများကို ခူးယူပြီး လောကသစ်ပင်အပေါ်တွင် စိုက်ပျိုးထားကြရာ လောကသစ်ပင်ကြီးကို ထူးထူးခြားခြား လှပတောက်ပနေစေသည်။
သို့သော် အကြီးမားဆုံး ပြောင်းလဲမှုမှာ ဤအရာများ မဟုတ်သေးဘဲ ဘိုးဘေးနန်းတော်၏ လေးဖက်လေးလံ နံရတို့အပေါ်က တောင်တန်းမြစ်ချောင်းများ၏ အနေအထား ဖြစ်သည်။
ဘိုးဘေးနန်းတော် တောင်တန်းမြစ်ချောင်းများ၏ ပြောင်းလဲမှုသည် မျက်စိထဲတွင် ထင်ရှားခြင်း မရှိသော်လည်း အကြီးမားဆုံး ပြောင်းလဲမှု ဖြစ်၏။ အတိတ်တုန်းက ချင်မူ ဘိုးဘေးနန်းတော် ချိပ်တံဆိပ်ကို တည်ဆောက်ခဲ့စဉ်က ဘိုးဘေးနန်းတော်၏ တောင်တန်းမြစ်ချောင်းများကို ပြောင်းလဲခဲ့သည်။ တောင်တန်းမြစ်ချောင်းများအပေါ် အခြေခံကာ မတူညီသော တာအိုအမှတ်အသားများ၊ တာအိုသံကြိုးများ ဖော်ဆောင်ကာ ချိပ်တံဆိပ်ကို ဖွဲ့တည်ခဲ့သည်။
ယခုအခါ ဘိုးဘေးနန်းတော်၏ တောင်တန်းမြစ်ချောင်းများကား အမှတ်အသားအမျိုးမျိုးအဖြစ် စနစ်တကျ လုပ်ဆောင်နေကြချေပပြီ။ ဧရာမဒယ်အိုးကြီး၏ နံရံပေါ်တွင် ထွင်းထုထားသော အမှတ်အသားများအလား ဖြစ်နေသည်။
သို့သော် ရှုပ်ထွေးမှုတွင်တော့ ဘိုးဘေးနန်းတော် ဧရာမဒယ်အိုးကြီး၏ နံရံလေးဘက်သည် သာမန် ဒယ်အိုးများထက် မရေမတွက်နိုင်အောင် ပိုမိုနက်ရှိုင်းလှ၏။
ဤသို့ ပြောင်းလဲမှုက ဘိုးဘေးနန်းတော်သည် ပြိုင်ဘက်ကင်းသော ဧရာမရတနာတစ်ပါး ဖြစ်လာတော့မည့် အဓိပ္ပာယ်ပင်။
ကျူစန်းထုံကား အတွေ့အကြုံ ဗဟုသုတကျယ်ပြန့်သော်လည်း ဤမြင်ကွင်းကြောင့် ကြောင်အနေမိသည်။ "သခင်လေးခုနစ် တကယ် လက်စွမ်းပြထားတာပဲ…. သူ ဘာတွေ ကြံစည်နေတာလဲ"
သခင်လေးဖရိုဖရဲနှင့် နှိုင်းယှဉ်လျှင် ကျူစန်းထုံမှာ မိမိကိုယ်ကို မျိုးဆက်သစ်ဟုသာ သုံးနှုန်းရပေမည်။
မီလော့နန်းတော်၏ သခင်လေးဖရိုဖရဲသည် အလွန် စောစီးစွာ နာမည်ကြီးခဲ့သူ မဟုတ်ပါလော။ ကျူစန်းထုံ တာအိုရသည့်အချိန်တွင် သခင်လေးဖရိုဖရဲကား တစ်လောကလုံးတွင် နာမည်ကျော်ကြားနေခဲ့ချေပြီ။ သို့သော် မီလော့နန်းတော်တွင် အဆင့် ခုနစ် ရှိသောကြောင့် သခင်လေးခုနစ်ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။
ကျူစန်းထုံအနေဖြင့် သူ့ကို အဘိုးကြီးဟု ခေါ်လျှင်ပင် လွန်ရာမကျပေ။
ပို၍ ထူးဆန်းသည်မှာ ကောင်းကင်သည် ပင်လယ်တစ်စင်းပမာ ဖြစ်နေ၏။
ဘိုးဘေးနန်းတော်၏ ကောင်းကင်ထက်တွင် ဖရိုဖရဲ ပင်လယ်က မှောက်ခုံတည်ရှိနေသည်။ ဖရိုဖရဲပင်လယ်ပေါ်တွင် ဧရာမကြာပန်းတစ်ပွင့်က ဇောက်ထိုးကျနေသည်။ ကြာရွက် သုံးလေးရွက်တို့က ပင်လယ်ပြင်၌ ပေါလောပေါ်နေသည်။
တစ်ချက်တစ်ချက်တွင် ဖရိုဖရဲပင်လယ်ထဲမှ အလွန်တရာ တောက်ပသော အလင်းတန်းများ မကြာခဏ ထွက်ပေါ်လာကာ မျက်စိကျိန်းသွားစေတ်သည်။ သို့သော် အလင်းတန်းများသည် ကြာပန်းအထက်သို့ ရောက်လာသောအခါ လေထဲတွင် ကွေးညွတ်ကာ ကြာပန်းထဲသို့ ကျဆင်းသွား၏။
ကြာပန်းထဲ၌ အလယ်ဗဟိုတွင် အပေါက်တစ်ပေါက်နှင့် ကြာပလ္လင်ရှိသည်။ အပေါက်ထဲမှ ဖရိုဖရဲချီစွမ်းအင်များ ပန်းထွက်လာပြီး အလင်းတန်းများကို ရောင်ပြန်ဟပ်နေသည်။
ဤမြင်ကွင်းက လူတိုင်းကို အံ့ဩငေးမောမိစေသည်။
"ရှန့်ကျွင်းနဲ့ ကောင်းကင်နတ်အရှင်ရုံတို့က ဘိုးဘေးနန်းတော်ရဲ့ ပြောင်းလဲမှုတွေကို တစ်ခါမှ မပြောခဲ့ဘူး" တိရီယွဲ့က ဤမြင်ကွင်းကို ကြောင်ကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။
"အဲ့ဒီနှစ်ယောက်က တုတ်နဲ့ ထိုးတောင် တစ်လုံးမှ ဟမယ့်ကောင်တွေ မဟုတ်ဘူး... သူတို့ကို အားကိုးမရဘူး" အဘွားစစ်က ဂရုမစိုက်ဟန်ဖြင့် ပြောသည်။
ကျူစန်းထုံလည်း မော့ကြည့်နေရင်း ကြာပလ္လင်အနီးတွင် ကြာပွင့်ချပ်အလွှာ ခြောက်လွှာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ အဆုံးသတ်မြို့ပျက်တာအို၏ တာအိုအဆင့် ခြောက်ဆင့် ဖြစ်သည်။
အားလုံးထဲတွင် သူ၏ အမြင်နှင့် အတွေ့အကြုံမှာ အမြင့်ဆုံး ဖြစ်သဖြင့် အချို့သော သဲလွန်စများကို ရှာဖွေတွေ့ရှိနိုင်၏။
အဆုံးသတ်မြို့ပျက်တာအိုသည် စကြဝဠာ၏ တာအို ဖြစ်၏။ အဆုံးသတ်မြို့ပျက်တာအိုတွင် အမြင့်ဆုံး အောင်မြင်မှု ရထားသူမှာ မီလော့နန်းတော်၏ သခင်လေးနှစ် ဖြစ်၏။ သူမ၏ ကြာပလ္လင်သည် တာအိုအဆင့် ၁၆ ဆင့် ရှိသည်။
သူမသည် ပထမဆုံးစကြဝဠာတွင် မွေးဖွားခဲ့သူ မဟုတ်သော်လည်း ပထမဆုံးစကြဝဠာ၏ ပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးတို့ကို ရှာဖွေလေ့လာကာ ကျင့်ကြံနိုင်ခဲ့၏။
ချင်မူ တာအိုအဆင့် ခြောက်ဆင့်ကို ရနိုင်ခြင်းမှာ ပျက်စီးခြင်းကပ်ဘေးကြီး၏ စွမ်းအားကို စုပ်ယူခဲ့သောကြောင့် ဖြစ်နိုင်သည်။
‘ဒါပေမဲ့ ကောင်းကင်ဖွင့်လှစ်သူတွေလို နည်းလမ်းတွေ ရှိမှ မွေးဖွားခြင်းကပ်ဘေးရဲ့ နက်နဲမှုတွေကို နားလည်နိုင်မှာလေ’
ကျူစန်းထုံ စိတ်ထဲမှ တွေးလိုက်သည်။ "သူက ကောင်းကင်ဖွင့်လှစ်သူ မဟုတ်ပေမယ့် ခပ်ဆင်ဆင် နည်းလမ်းတွေကို ပိုင်ဆိုင်ထားနိုင်လောက်တယ်... ဒါပေမဲ့ ကောင်းကင်ဖွင့်လှစ်သူတွေက မိစ္ဆာတွေ ဖြစ်သွားကြပြီ... သခင်လေးခုနစ်လည်း တာအိုနှလုံးသားကို ထိန်းသိမ်းထားနိုင်ပါ့မလား..."
ရုတ်တရက် သူက ခေါင်းခါလိုက်ပြီး တွေးလိုက်မိသည်။ "သခင်လေးခုနစ်က အစကတည်းက မိစ္ဆာကြီးပဲဟာ"
ချင်ဖုန်းကျင့်က ဦးဆောင်ကာ ဧရာမခေါင်းလောင်းကြီးဆီသို့ ဦးတည်သွားသည်။ "ခင်ဗျားတို့ သတိထားကြ... အတိတ်စကြ၀ဠာကနေ တက်လာတဲ့ သိုင်းပညာရှင်တစ်ယောက်မှ အားမနည်းကြဘူး... ပြီးတော့ ကောင်းကင်နတ်သိုင်းတွေက အစွမ်းထက်တယ်... လမ်းစဉ်၊ ကျင့်စဉ်တွေကလည်း ခင်ဗျားတို့ တစ်ခါမှ မမြင်ဖူးတာတွေ များတယ်... ခင်ဗျားတို့ တိုက်ပွဲ မဝင်ရသေးခင် သေသွားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေလိမ့်မယ်"
ကောင်းကင်နယ်စားမင်း၏ ကျင့်ကြံခြင်းအခြေခံသည် အားလုံးထဲတွင် အမြင့်ဆုံးဖြစ်သည်။ သူတစ်ဦးတည်းသာ တာအိုသိုင်းပညာရှင် ဖြစ်ရာ ချင်ဖုန်းကျင့်နှင့်အတူ ရှေ့မှ ဦးဆောင်ထား၏။
သူတို့အဖွဲ့ ဒယ်အိုးနံရံပေါ်မှ ဆင်းသက်လာကြသည်။ လမ်းတစ်လျှောက် ဘိုးဘေးနန်းတော် နေရာအနှံ့တွင် တာအိုနတ်သိုင်းတိုက်ပွဲများမှ ကျန်ရစ်ခဲ့သော အစအနများကို တွေ့မြင်ရရာ ထိတ်လန့်ကြရလေသည်။
ဤအစအနများသည် အထွတ်အထိပ် ကောင်းကင်နတ်အရှင်များနှင့် တာအိုသိုင်းပညာရှင်များ ချန်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ တာအိုသံကြိုးများက တောင်တန်းမြစ်ချောင်းများ၊ သစ်ပင်များ၊ နတ်သားရဲများစသဖြင့် ပုံစံအမျိုးမျိုး ပြောင်းလဲနေကြသည်။
ထို့အပြင် ကျိုးပဲ့ ပျက်စီးနေသော တာအိုလက်နက်များလည်း ရှိကြသည်။ တာအိုသိုင်းပညာရှင်များ၏ လက်နက်များသည် တောင်ကြီးပမာ မြေထဲသို့ စိုက်ဝင်နေ၏။
ဤ တာအိုလက်နက် အပိုင်းအစများကား အတိတ်စကြဝဠာ တာအိုသိုင်းပညာရှင်များ၏ တာအိုလက်နက်တိုက်ပွဲထဲတွင် ပျက်စီးသွားခဲ့ခြင်း ဖြစ်ပေမည်။
ရွှေအက ရှေ့တိုး၍ ကောက်ယူရန် ကြံလိုက်ရာ ရွာသူကြီးမှာ သူ့ကို အလျင်အမြန် ဆွဲထားပြီး ခပ်တိုးတိုး သတိပေးသည်။ “မူအာကို အရှက်မခွဲနဲ့... ဒါတွေက သူများ လွှင့်ပစ်ထားတဲ့ အမှိုက်တွေ... ငါတို့က မူအာရဲ့ မိဘတွေ... အမှိုက်ကောက်သမားတွေ မဟုတ်ဘူး"
ရွှေအသည် မကြားဟန်ဆောင်ပြီး တာအိုလက်နက် အပိုင်းအစ အနည်းငယ်ကို ကောက်ယူလာ၏။ သူကား အလွန် ပျော်ရွှင်နေလေသည်။
ရှေ့သို့ ရောက်သောအခါ ကျိုးပဲ့နေသော တာအိုသစ်ပင်များ မြေပေါ်တွင် ဟိုတစ်စ ဒီတစ်စ စိုက်ဝင်နေသည်ကို တွေ့ရပြန်သည်။ ရွှေအမှာ အလျင်အမြန် ပြေးသွား၍ ကောက်ယူပြန်၏။ မျက်ကန်းလည်း မနေနိုင်ဘဲ ရှေ့တိုးသွားသည်။ သားသတ်သမားက အလျင်အမြန် ပြေးသွားကာ ပြောနေသည်။ "ပစ္စည်းကောင်းတွေ ရှိရင် ငါ့အတွက် ဓားမကောင်းတစ်လက် သွန်းလုပ်ပေးစမ်းပါ"
နောက်ဆုံးတွင် ရွာသူကြီးပင် မနေနိုင်တော့ဘဲ ပြေးသွား၍ ကောက်ယူသည်။ "ရွှေအ... ဟိုက ဓား..."
သူတို့ စစ်မြေပြင်ကို သန့်ရှင်းရေး လုပ်ပြီးသောအခါ လက်နက်တစ်ခုစီ ရလိုက်ကြချေပြီ။ ကျူစန်းထုံပင်လျှင် ရတနာတချို့ လုယူနိုင်ခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားနေသည်။ " အတိတ်တုန်းက တာအိုသိုင်းပညာရှင်တွေဆီက လိုက်လုတာထက် အများကြီး မြန်တာပဲဟ”
ကျူစန်းထုံသည် ယခင်ဘဝတုန်းက ဓားပြဘဝဖြင့် ကျင်လည်ကျက်စားခဲ့သောကြောင့် လှည့်ဖြားအန္တရာယ်ပေးရာတွင် ကျွမ်းကျင်သည်။ တာအိုသိုင်းပညာရှင်များစွာကိုလည်း လုယက်ခဲ့ဖူး၏။ နောက်ဆုံးတွင် ပျက်စီးခြင်းကပ်ဘေး၌ အခြားတာအိုသိုင်းပညာရှင်များ၏ အသက်ကယ်ရတနာကို လုရန် ကြိုးစားစဉ် သခင်လေးမဟာဥသျှောင်၏ နှိမ်နင်းခြင်း ခံခဲ့ရခြင်းပင်။
သခင်လေး မဟာဥသျှောင်သည် မီလော့နန်းတော် အရှင်သခင်ကဲ့သို့ပင် လူသတ်လေ့ မရှိသဖြင့် ယခုအချိန်အထိ အသက်ချမ်းသာရာရနေခြင်းဟု ဆိုရမည်။
အားလုံး ရှေ့ဆက်သွားကြပြီး စစ်မြေပြင်အပျက်အစီး တစ်ခုကို ထပ်မံ ဖြတ်သန်းရပြန်၏။ နေရာတိုင်းတွင် ရတနာများ ပြည့်နှက်နေသဖြင့် မနေနိုင်ဘဲ ကောက်ယူကြပြန်သည်။
လမ်းတစ်လျှောက် သွားလိုက် ရပ်လိုက်ဖြင့် စစ်မြေပြင် ဆယ်ခုကျော်ကို တွေ့ရှိခဲ့ကြသည်။ အားလုံးမှာ ကိုယ်ပေါ်တွင် ပြည့်နှက်နေပြီ ဖြစ်သဖြင့် ဆက်လက် မကောက်ယူနိုင်တော့ဘဲ လက်လျှော့လိုက်ကြရသည်။
ရုတ်တရက် ရှေ့မှ ရွှေသင်္ဘောတစ်စင်း ပျံသန်းလာပြီး သူတို့အရှေ့တွင် ရပ်တန့်လိုက်သည်။
ချင်မူ သူတို့ကို လာကြိုရန် ရွှေသင်္ဘောလွှတ်လိုက်ကြောင်း သိသဖြင့် အသီးသီး သင်္ဘောပေါ်သို့ တက်လိုက်ကြသည်။ သို့သော် ထိုရွှေသင်္ဘောပေါ်တွင် ရတနာအမျိုးမျိုး တောင်ပုံရာပုံ စုပုံနေပြီး ကုန်းပတ်တစ်ခုလုံး ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
နှိုင်းယှဉ်ကြည့်ပါက သူတို့ ကောက်ယူလာသော ရတနာများကား အမှန်တကယ် လွှင့်ပစ်ထားသော အစုတ်အပြတ်များသာ ဖြစ်နေသည်။
အားလုံး မျက်နှာများ နီရဲသွားကြသည်။ အဘွားစစ်က သူမ ကောက်ယူလာသော ရတနာများကို ကုန်းပတ်ပေါ်တွင် ချလိုက်ရာ ရွှေသင်္ဘောမှ ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး သူမ အပင်ပန်းခံ ကောက်ယူလာသော ရတနာများကို မြှောက်ယူ၍ သင်္ဘောအပြင်သို့ လွှင့်ပစ်လိုက်သည်။
အဘွားစစ်၏ မျက်နှာလေးကား နီမြန်းသွားပြီး တတွတ်တွတ် ဆူတော့၏။ "မူအာ ဒီကောင်လေး မချွေတာတတ်တော့ဘူး... တကယ် ဖြုန်းတီးပစ်လိုက်တာပဲ..."
အားလုံး၏ မျက်နှာများ ပိုမို နီမြန်းသွားကြသည်။ သူတို့ ကောက်ယူလာသော ရတနာများကို လွှင့်ပစ်ချင်သော်လည်း နှမြောနေကြသည်။ ဤအရာများသည် အမှန်တကယ် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သော ရတနာများ ဖြစ်သော်လည်း ရွှေသင်္ဘောပေါ်မှ ရတနာများနှင့် နှိုင်းယှဉ်လျှင်တော့ မပြောပလောက်ချေ။
လောကပေါင်းကူးရွှေသင်္ဘောသည် သူတို့ကို တင်ဆောင်ကာ ဧရာမခေါင်းလောင်းကြီးဆီသို့ ရွက်လွှင့်သွားသည်။ နီးကပ်လာလေ ခေါင်းလောင်းကြီးမှာ ပိုမို ကြီးမားလာသဖြင့် အားလုံးကို ပိုမိုအံ့အားသင့်မိစေသည်။
ခေါင်းလောင်းသည် ရတနာနှင့် မတူဘဲ ကောင်းကင်နတ်သိုင်းတစ်ခုနှင့် ပိုတူသည်။ ခေါင်းလောင်း၏ မျက်နှာပြင်နှင့် အတွင်းနံရံတွင် လမ်းစဉ်၊ ကျင့်စဉ်အမျိုးမျိုး၊ ဧရာမတာအိုသံကြိုးများ၊ သေးငယ်သော တာအိုအမှတ်အသားများ၊ အသေးစိတ်သော သင်္ကေတများကို ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။
ထို့အပြင် ခေါင်းလောင်းနံရံပေါ်တွင် စကြဝဠာ၏ တာအိုတစ်သောင်းကိုပင် တွေ့မြင်နေရ၏။ အံ့ဖွယ် မဟာတာအိုအမျိုးမျိုးတို့က နံရံတွင် စီးဆင်းနေကြသည်။ နေ၊ လ၊ ကြယ်တာရာများ၊ နဂါးငွေ့တန်းများ၊ ကောင်းကင်ဘုံများ စသဖြင့် ထင်ထင်ရှားရှား မြင်နေရသည်။
ခေါင်းလောင်းအနီးသို့ ရောက်သောအခါ ထိုက်ငါးပါး ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို သတိထားမိလာကြသည်။ ထိုက်ကျိ၊ ထိုက်စု၊ ထိုက်ရှီ၊ ထိုက်ချူ၊ ထိုက်ယီစွမ်းအင်တို့ကား ဆင့်ကဲပြောင်းလဲနေကြလေသည်။
ခေါင်းလောင်းကြီးအနား နီးကပ်လာလေ မွေးဖွားခြင်းကပ်ဘေးနှင့်လည်း ပိုမိုနီးကပ်လာကြသည်။
အားလုံး ကြက်သီးမွှေးညှင်း ထသွားကြပြီး မွေးဖွားခြင်းကပ်ဘေး ပေါက်ကွဲထွက်ရာ နေရာကို ကြောင်ကြည့်နေမိကြသည်။
ဤကပ်ဘေးကြီးသည် စိတ်ကူးပင် မယဉ်နိုင်သော ကပ်ဘေးကြီး ဖြစ်သည်။ စကြဝဠာသစ်တစ်ခု ဖန်တီးနိုင်စေမည့် အဆုံးမရှိသော အသက်ဓာတ်စွမ်းအင်များကို ယူဆောင်လာသော်လည်း အတိတ်က အရာအားလုံးကိုလည်း ဖျက်စီးပစ်နိုင်သည် မဟုတ်ပါလော။
အထူးသဖြင့် ကျူစန်းထုံမှာ ဒူးတုန်လာပြီး လမ်းပင် မလျှောက်နိုင်တော့ချေ။
ကောင်းကင်နယ်စားမင်း၊ ချင်ဖုန်းကျင့်တို့သည် မွေးဖွားခြင်းကပ်ဘေးကို ကြားဖူးသော်လည်း မမြင်ဖူးခဲ့ကြပေ။ မွေးဖွားခြင်းကပ်ဘေး၏ စွမ်းအားကို ခံစားမိရုံမျှဖြင့် ကြက်သီးမွှေးညှင်း ထနေကြသည်။
သို့သော် သူကမူ မြင်ဖူးခဲ့သည်။
သခင်လေး မဟာဥသျှောင်က သူ့အား အန္တိမဟင်းလင်းပြင် စွန့်ပစ်မြေရှိ ကျောက်ပြားတောအုပ်ထဲတွင် ချုပ်နှောင်ခဲ့သည်။ ထိုနှစ်များအတွင်း မွေးဖွားခြင်းကပ်ဘေး အကြိမ်ကြိမ်ကို ဖြတ်သန်းခဲ့ရဖူး၏။ အကြိမ်တိုင်း သူ့မှာ သေရတော့မည်ဟု ထင်မှတ်ခဲ့ပြီး အကြိမ်တိုင်း ကြောက်လန့်ခဲ့ရသည်။
ဤဧရာမခေါင်းလောင်းကြီး၏ မွေးဖွားခြင်းကပ်ဘေးက သူ၏ အတိတ်ကို ပြန်လည် သတိရစေသည်။
ဧရာမခေါင်းလောင်းကြီး၏ ခေါင်းလောင်းနှာဖျားတွင် ခမ်းနားထည်ဝါသော ဖရိုဖရဲ နန်းတော်တစ်ခု ရှိနေ၏။ ၎င်းက ၁၇ စင်းမြောက် စကြဝဠာ၏ ဘိုးဘေးနန်းတော်ထဲတွင် ဖိနှိပ်ခံထားရလေသည်။ ဖရိုဖရဲ ချီစွမ်းအင်များက နန်းတော်ထဲမှ တလိမ့်လိမ့် ထွက်ပေါ်လာပြီး ဧရာမလက်ဖဝါးကြီးအဖြစ် ဖွဲ့တည်လာသည်။
လက်ဖဝါးထဲမှ မွေးဖွားခြင်းကပ်ဘေးကြီး ပေါက်ကွဲထွက်လာပြီး စကြဝဠာပွင့်လာသည့် မြင်ကွင်းအား ပြသနေတော့သည်။ ကပ်ဘေးကြီးသည် လောကသစ်ပင်ကို ဝန်းရံထားသော ဖရိုဖရဲ မြစ်ဆယ့်ခြောက်စင်းကို ထိုးဖောက်သွားပြီး ခိုင်ဧကရာဇ်နှင့် အခြားသူများအတွက် လောကသစ်ပင်ကို တိုက်ခိုက်ရန် လမ်းကြောင်းတစ်ကြောင်း ဖွင့်ပေးလိုက်၏။
ဖရိုဖရဲ မြစ်ဆယ့်ခြောက်စင်းထဲတွင် လောကသစ်ပင်၏ မရေမတွက်နိုင်သော ဧရာမအမြစ်များသည် ဖြတ်သန်းယှက်ဖြာလာရင်း ခေါင်းလောင်းကြီးထဲသို့ တိုးဝင်နေ၏။
အနန္တအဘိုးအိုက သူ၏ အစစ်အမှန်ခန္ဓာဖြင့် ချင်မူ့ကို ခုခံနေခြင်းပင်။
စကြဝဠာခေတ် ဆယ့်ခြောက်ခေတ်မှ မရေမတွက်နိုင်သော သိုင်းပညာရှင်များက သစ်ပင်အမြစ်များပေါ်သို့ တက်လာကြပြီး ခေါင်းလောင်းကြီး အတွင်းသို့ ဝင်ရောက်တိုက်ခိုက်နေကြသည်။ သူတို့က ကောင်းကင်နှင့် မြေကြီး မည်းမှောင်လာသည်အထိ ခိုင်ဧကရာဇ် ချင်ယဲ့နှင့် သွေးသံတရဲရဲ တိုက်ခိုက်နေကြသည်။
ဒေါင်…
ခေါင်းလောင်းသံထွက်ပေါ်လာသည်နှင့် လှိုင်းဂယက်များက အနက်ရောင်တောင်တန်းဆီသို့ ပြေး၀င်သွားသည်။ အနက်ရောင်တောင်ခြေတွင် ယခင်မျိုးဆက်လောကသစ်ပင်၏ အမြစ်များမှ ဖြစ်တည်ထားသော အနက်ရောင်တောင်တန်းသည် အမှုန့်ကြေသွား၏။
ရွှေသင်္ဘောပေါ်တွင် လူတိုင်း ထိတ်လန့် တုန်လှုပ်နေကြသည်။ သို့သော် ရွှေသင်္ဘောသည် ထိုခေါင်းလောင်းကြီးထဲသို့ တန်းဝင်မသွားချေ။ ထိုအစား ခေါင်းလောင်းဖျားရှိ ဖရိုဖရဲခန်းမထံသို့ ပျံသန်းသွားလေသည်။
သူတို့ လှမ်းကြည့်လိုက်ရာ ဖရိုဖရဲခန်းမမှာ တံခါးပွင့်နေသည်။ ခန်းမ အလယ်တွင် လောကသစ်ပင်တစ်ပင် ရှိနေသည်ကို ဝိုးတဝါး မြင်နိုင်သည်။
ဖရိုဖရဲမြူခိုးများအကြားတွင် ချင်မူ၏ ပုံရိပ်ကို ဝိုးတဝါး မြင်နေရပြီး ထိုင်လျက် ရှိနေသည်။
ဖရိုဖရဲချီစွမ်းအင်များထဲမှ ထွက်ပေါ်လာသော လက်ကြီးသည် သူ၏ လက်ဖဝါးပင် ဖြစ်၏။
ခေါင်းလောင်းသံ ရပ်တန့်သွားပြီးနောက် ထိုခေါင်းလောင်းကြီး၏ ရှေ့မှ တာအိုတစ်သောင်းကား ရုတ်တရက် လျင်မြန်စွာ လည်ပတ်ကာ ကျုံ့ဝင်သွားသည်။ ခိုင်ဧကရာဇ်နှင့် အခြားသူများလည်း ချက်ချင်း ဆုတ်ခွာသွားကြသည်။
ဖရိုဖရဲ မြစ်ဆယ့်ခြောက်စင်းအပေါ် ဖိနှိပ်ထားသော ခေါင်းလောင်းကြီးသည် တစ်လွှာပြီးတစ်လွှာ ကျုံ့ဝင်နေ၏။ အနန္တအဘိုးအို ထိန်းချုပ်သည့် လောကသစ်ပင် အမြစ်များလည်း ကျုံ့၀င်သွားသည်။
သစ်ပင်အမြစ်များပေါ်မှ အတိတ်စကြဝဠာ သိုင်းပညာရှင်များလည်း သစ်မြစ်များအတိုင်း ထွက်ပြေးကုန်ကြသည်။ ခဏမျှပင် ရပ်တန့်မနေရဲကြပေ။
မကြာမီပင် ခိုင်ဧကရာဇ်နှင့် အခြားသူများ ပထမဆုံး ဖရိုဖရဲမြစ်ဆီသို့ ရောက်ရှိလာသည်။ သူတို့ ခုန်တက်လိုက်သည့်အခါ ဖရိုဖရဲခန်းမရှေ့သို့ ရောက်လာကြ၏။ ခေါင်းလောင်းကြီးသည်လည်း ထိုက်ငါးပါး အခြေအနေသို့ ကျုံ့ဝင်သွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် ကြည်လင်သော ခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာပြီး ထိုက်ငါးပါး အခြေအနေ ပျောက်ကွယ်သွား၏။ ခေါင်းလောင်းကြီးသည် လူတစ်ယောက်အရပ်သာသာ ရှိသော ဖရိုဖရဲ ခေါင်းလောင်းအဖြစ် ပြောင်းလဲသွားပြီး ချင်မူက လက်ထဲတွင် ကိုင်ထားသည်။
ချင်မူက မတ်တပ်ရပ်ကာဤခေါင်းလောင်းကို ဖရိုဖရဲခန်းမ၏ အမိုးစွန်း၌ ချိတ်ဆွဲလိုက်သည်။ သူက လက်ဝှေ့ယမ်းကာ ဖရိုဖရဲအရှိန်အဝါများကို ဖယ်ရှားလိုက်ပြီး ပြုံးပြလေသည်။ "ဘွားဘွားတို့ နောက်ဆုံးတော့ ရောက်လာကြပြီပေါ့”