ချောက်နက်ထဲက အပြောင်းအလဲများ
Vol. 140 Ch. 1798
ဖရိုဖရဲခန်းမက အားလုံးကို သယ်ဆောင်၍ လောကသစ်ပင်ဆီမှ ထွက်ခွာသွားသည်။ အနန္တအဘိုးအိုသည်လည်း နောက်မှ လိုက်လံတိုက်ခိုက်ခြင်း မပြုတော့သဖြင့် နှစ်ဖက်စလုံး အတိုက်အခိုက် ရပ်စဲသွားကြ၏။
"အနန္တအဘိုးအို မလိုက်ရဲတော့ဘူး”
ချင်မူလည်း ရွှေသင်္ဘောပေါ်သို့ ရောက်လာကာ တောင်ပုံရာပုံ စုနေသော ရတနာများကို အမျိုးအစားခွဲနေသည်။ ထို့နောက် အားလုံးကို ရွှေသင်္ဘော၏ ရွှေရောင်ခန်းမထဲ ခေါ်ဆောင်သွားပြီး ထိုင်စေသည်။
"အရင်တစ်ခေါက် မီလော့နန်းတော် လာတိုက်တုန်းက ကျွန်တော်တို့ ဝင်ပါပြီး သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်... သူ မီလော့နန်းတော်ကို ဆုတ်ခွာသွားရအောင် ဖိအားပေးနေတဲ့အချိန်မှာပဲ ကျွန်တော် အခွင့်ကောင်းယူ ဝင်တိုက်လိုက်တာ... ဒီအချိန်က အနန္တအဘိုးအို အစွယ်ကျိုးနေတဲ့အချိန်ပဲ ... ဘယ်လိုတိုက်တိုက် ပြန်တိုက်မှာမဟုတ်ဘူး... မင်းက... ကျူစန်းထုံပါလား”
သူက ကျူစန်းထုံကို ကြည့်လိုက်သည်နှင့် ဝိညာဉ်မှတစ်ဆင့် အတိတ်ဘဝကို ချက်ချင်း ခြေရာခံလိုက်သည်။ ဤမိတ်ဆွေဟောင်းကို မှတ်မိသွားသည့်အခါ ရယ်မောကာ မေးလေသည်။ "တာအိုမိတ်ဆွေကျူက ကျင့်ကြံခြင်းအခြေခံ အားနည်းသေးတာပဲ... အရင်က ကောင်းကင်ယင်သားတော်အဆင့်လောက်ပဲ ရှိသေးတယ်... ဘာလို့ ဒီကို ရောက်လာတာလဲ"
ချင်မူ၏ ဘ၀ပြန်ဝင်စားခြင်းတာအိုသည် ပိုမို နက်နဲကျယ်ပြန့်လာခဲ့၏။ တစ်ချက်ကြည့်ရုံဖြင့် ကျူစန်းထုံ၏ ဘဝနောက်ကြောင်းအား ခွဲခြား သိရှိနိုင်ခဲ့သည်။
ချင်ဖုန်းကျင့်က ဖြေသည်။ "အတင်း လိုက်မယ် လုပ်နေတာလေ ... ငါလည်း တားမရဘူး... သူ့သဘောအတိုင်း လိုက်လာခိုင်းလိုက်တာ"
ကျူစန်းထုံ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသည်။ ‘ဘယ်တုန်းက တားလို့လဲ... ခင်ဗျား နည်းနည်းလောက် တားရင်တောင်... ကျုပ်... ကျုပ် လိုက်လာမိမှာပဲ’
အဘွားစစ်က သူမ၏ ကောင်းကင်ရတနာထဲမှ များပြားလှသော ကျမ်းစာအုပ်များကို ထုတ်ယူပြီး ချင်မူအား ပေးလိုက်၏။ "ဒီနှစ်တွေအတွင်း ပြုပြင်ပြောင်းလဲမှု ရလဒ်တွေ အများကြီး ထွက်ပေါ်လာခဲ့လို့ ... အသုံးဝင်တာတွေ ယူလာခဲ့တယ်... နင့်ဘာသာ ကြည့်တော့"
ချင်မူ ထိုကျမ်းစာများကို လက်ခံယူလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "ရောက်လာတော့လည်း ကိစ္စ မရှိပါဘူး... ဖရိုဖရဲအဖြစ် ပြောင်းမသွားသရွေ့ ကယ်လို့ ရပါတယ်... ဒါပေမဲ့ ဘိုးဘေးနန်းတော်မှာ ရောက်နေတဲ့သူတိုင်းက သူ့ကို ဖရိုဖရဲအဖြစ် ပြောင်းပစ်နိုင်တဲ့ စွမ်းအား ရှိနေတယ်..."
သူ ခေါင်းငဲ့၍ စဉ်းစားလိုက်ပြီးနောက် ရယ်လိုက်ပြန်သည်။ "သေလည်း မြှုပ်စရာ မြေ ရှိပါသေးတယ် ... ဘယ်နေရာ သေသေ အတူတူပါပဲ"
ကျူစန်းထု၏ မျက်နှာကြီး မည်းမှောင်သွားသည်။ "ဒီညီအစ်ကို နှစ်ယောက်က ပြောတဲ့ စကားတောင် တူနေတယ်... ဒါကြောင့် ညီအစ်ကိုတွေ ဖြစ်နေတာ..."
ချင်မူ၏ ခန္ဓာကိုယ်က တစ်ချက်ယိုင်သွားပြီး ချင်မူပိစိလေးများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။ သူတို့က ရွှေရောင်ခန်းမ၏ နေရာအနှံ့တွင် နေရာယူကာ အဘွားစစ် ယူဆောင်လာသော ကျမ်းစာများကို အလျင်အမြန် ဖတ်ရှုနေသည်။
"ဒီ နှစ်သုံးထောင်လုံး ကျွန်တော်တို့ ဘိုးဘေးနန်းတော်ထဲမှာ အားမနေခဲ့ဘူး... ညီလေးယွီနဲ့ နောင်တော်ရှုတို့က လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို လိုက်စုဆောင်းနေကြတယ် ... တစ်ခုက အတိတ်က သိုင်းပညာရှင်တွေ ကျင့်ကြံခဲ့တဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ ကျင့်စဉ်အမျိုးမျိုးကို စုစည်းတာ... ကျန်တဲ့တစ်ခုက ဒီအချိန်အတွင်း ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို မှတ်တမ်းတင်တာပဲ... ကျန်းပိုင်ကွေ့နဲ့ တာအိုဘိုးဘေးကြီးတို့ တာအိုရသွားရင် ပြန်လာပြီး ဒီက လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဖြန့်ဝေလိမ့်မယ်"
ကျန်းပိုင်ကွေ့သည်တာအိုရရှိရန် နီးကပ်နေသော်လည်း သူ၏ လမ်းကြောင်းသည် တန်ခိုးရှင်သစ်ခုတ်သမား ဖန်တီးခဲ့သော လမ်းကြောင်းဖြစ်သဖြင့် လျှောက်လှမ်းရန် မလွယ်ကူပေ။
"ခင်ဗျားတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ခုမှ ရောက်လာတာ ဆိုတော့... ဒီရက်ပိုင်းအတွင်း တိုက်ပွဲဝင်ဖို့ မလောပါနဲ့ဦး... ဒီက လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို အရင် လေ့လာကြပါ"
ချင်မူ့အတွေးတစ်ချက်ဖြင့် သင်္ဘောပေါ်တွင် ရွှေရောင်ခန်းမ အနည်းငယ် ထပ်မံ ပေါ်ထွက်လာသည်။ သူက နှစ်သိမ့်သည်။ "တိုက်ပွဲ မရှိမှာ မပူနဲ့... နောက်ဆို တိုက်ပွဲတွေ အများကြီး ဖြစ်လာလိမ့်မယ်”
အဘွားစစ်၊ ချင်ဖုန်းကျင့်နှင့် အခြားသူများက ရှုရှန်းဟွာနောက်သို့ လိုက်ပါ၍ အခြား ရွှေရောင်ခန်းမတစ်ခုဆီသို့ ၀င်သွားကြသည်။ ခိုင်ဧကရာဇ် ချင်ယဲ့၊ ကျန်းပိုင်ကွေ့နှင့် ထိုက်ရှီတို့က စစ်မြေပြင်မှ ရရှိလာသော ပစ္စည်းများကို ရွှေသင်္ဘောပေါ်သို့ တင်နေသည်ကို သူတို့ တွေ့လိုက်ရ၏။
ဤရတနာတို့မှာ လောလောလတ်လတ် တိုက်ပွဲမှ ရန်သူများကို သတ်ဖြတ်၍ ရလာသော ရတနာများ ဖြစ်ပြီး တစ်ခုချင်းစီတိုင်းသည် ထူးခြားကောင်းမွန်သော ပစ္စည်းများ ဖြစ်ကြလေသည်။
ကုန်းပတ်ပေါ်တွင် ပြည့်နေပြီဖြစ်သဖြင့် ထိုက်ရှီက အသုံးမဝင်သော ပစ္စည်းအချို့ကို ရွေးထုတ်ကာ သင်္ဘောပေါ်မှ ပစ်ချလိုက်သည်။ ရွှေအ၊ ရွာသူကြီးနှင့် အခြားသူများ မျက်နှာပူသွားကြသည်။ တာအိုအိတ်ထဲမှ ထွက်နေသော ရတနာအပိုင်းအစများကို ပြန်ထိုးထည့်လိုက်ရင်း စိတ်ထဲမှ တွေးနေကြမိသည်။ ‘ထင်တဲ့အတိုင်း မူအာကို အရှက်ခွဲမိပြီ’
" လောကသစ်ပင်ကို တိုက်တုန်းက ကျောက်စိမ်းမြို့တော်က ဘာလို့ ဝင်မပါတာလဲ" အဘွားစစ်က ရှုရှန်းဟွာကို မေးသည်။
"ကျောက်စိမ်းမြို့တော်က တာအိုသိုင်းပညာရှင်နဲ့ ခန်းမသခင်တွေက ကျွန်တော်တို့နဲ့ အနန္တအဘိုးအို တိုက်ခိုက်ကြရင်း နှစ်ဖက်လုံး ပျက်စီးသွားတာကို လိုလားနေတာ"
ရှုရှန်းဟွာက ရှင်းပြ၏။ "မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေ ဆင်းသက်ချင်ရင် စွမ်းအင်တွေ အများကြီး လိုအပ်တယ်... မဟုတ်ရင် တာအိုသိုင်းပညာရှင်တွေနဲ့ ခန်းမသခင်တွေ ဆင်းသက်လာဖို့ မလုံလောက်ဘူး... ဒါပေမဲ့ အနန္တအဘိုးအိုက သွေးယဇ်ပူဇော်ခြင်း စွမ်းအင်တွေကို ခိုးယူတဲ့နေရာမှာ ကျွမ်းကျင်တယ်... အရင်က... နှစ်ခြောက်ကုဋေအတွင်း စွမ်းအင်အများစုက အနန္တအဘိုးအို ခိုးယူတာ ခံခဲ့ရတာ... ကျွန်တော်တို့နဲ့ အနန္တအဘိုးအို တိုက်ကြတော့ သေဆုံးဒဏ်ရာရတာတွေက ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်တွေပဲ... တာအိုသိုင်းပညာရှင်တွေလည်း မနည်းဘူး... မီလော့နန်းတော်က အခွင့်ကောင်းယူပြီး စွမ်းအင်တွေ စုဆောင်းနေတာပေါ့လေ ... ဒါမှ တာအိုသိုင်းပညာရှင်တွေနဲ့ ခန်းမသခင်တွေ ပိုပြီး ဆင်းသက်လာနိုင်မှာ မဟုတ်လား"
သူက စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ဆက်ပြောသည်။ "ဒီနှစ်တွေမှာ... မီလော့နန်းတော်က စွမ်းအင်အများကြီး စုမိသွားပြီ... ခန်းမသခင် ဆယ့်နှစ်ယောက် သက်ဆင်းလာပြီး တာအိုသိုင်းပညာရှင် အရေအတွက်လည်း ရာကျော်သွားပြီ... အကယ်၍ ဂိုဏ်းသခင်ချင်သာ ဒီမှာ မရှိခဲ့ရင်... သူတို့ ကျုပ်တို့ကို အမြစ်ပြတ် ရှင်းလင်းပြီးတာ ကြာပြီ”
ချင်မူကား သူတို့ထဲတွင် အဓိက ကျောရိုး ဖြစ်သည်။ ဤနှစ်သုံးထောင်အတွင်း မည်မျှ ကြောက်မက်ဖွယ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ကို မသိရပေ။ အကယ်၍ ချင်မူသာ အခြေအနေကို မထိန်းနိုင်ခဲ့ပါက သူတို့အားလုံး ဘိုးဘေးနန်းတော်တွင် မြေမြှုပ်ခံခဲ့ရသည်မှာ ကြာလေပြီ။
ဤနှစ်များအတွင်း အားလုံး၏ တိုးတက်မှုမှာ ထင်ရှားမြင်သာသော်လည်း ချင်မူ၏ တိုးတက်မှုမှာမူ ပို၍လျင်မြန်လှသည်။
ထိုက်ယီသည် ကောင်းကင်ဖွင့်လှစ်သူများကို ဖိနှိပ်ထားရသဖြင့် နှစ်သုံးထောင်ကြာအောင် ပျောက်ကွယ်နေခဲ့၏။ ဘိုးဘေးနန်းတော်တွင် ချင်မူ တစ်ယောက်တည်းသာ ကျန်ခဲ့သည်။ မီလော့နန်းတော် သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ ကောင်းကင်နတ်သိုင်း တိုက်ခိုက်မှုများသာမက အနန္တအဘိုးအိုကိုပါ တားဆီးထားရ၏။ သူ့အပေါ် သက်ရောက်နေသော ဖိအားမှာ အလွန်ကြီးမားလှသည်။
နှစ်သုံးထောင်အတွင်း ချင်မူက သူ၏ ကြာပလ္လင်ကို တာအိုအဆင့် ခြောက်ဆင့်အထိ အတင်းအကြပ် မြှင့်တင်နိုင်ခဲ့သည်။ လောကသစ်ပင်ပေါ်တွင်လည်း တာအိုသစ်သီး နှစ်လုံး၊ တာအိုပန်း သုံးပွင့် ရှိနေပြီ ဖြစ်ပြီး အားလုံးမှာ ထိုက်ငါးပါး မဟာတာအိုမှ သီးပွင့်လာခြင်း ဖြစ်သည်။
"မကြာသေးခင်က ကျွန်တော်တို့ရဲ့ ဖိအားတွေ နည်းသွားပေမယ့် မမြင်နိုင်တဲ့ စိုးရိမ်စရာတွေတော့ ရှိနေတယ်"
ရှုရှန်းဟွာ ဆက်ပြောသည်။ "ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ တာအိုသိုင်းပညာရှင်အသစ် ဆင်းသက်မလာတာ နှစ်ရှစ်ရာနီးပါး ရှိပြီ…. ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဟာ ကြီးကြီးမားမား လှုပ်ရှားတော့မယ်လို့ ထင်မိတယ်”
သူက ရွှေရောင်ခန်းမရှေ့တွင် ရပ်ကာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီသို့ လှမ်းကြည့်၍ ပြောသည်။ "ဒီနှစ်ရှစ်ရာအတွင်း... သုံးပွင့်ဆိုင် တိုက်ပွဲကြီးတွေ အကြိမ်တစ်ရာမက ဖြစ်ခဲ့တယ်... တိုက်ပွဲငယ်လေးတွေကတော့ ရေတွက်လို့တောင် မရဘူး... အနန္တအဘိုးအိုက သွေးယဇ်ပူဇော်ခြင်း စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ရသွားတယ်... လေးဆယ်ရာခိုင်နှုန်းလောက်ပေါ့... ထိုက်ရှီက တစ်စိတ်တစ်ပိုင်းကို ဖြေဖျက်လိုက်တယ်... ဆယ့်ငါးရာခိုင်နှုန်းလောက် ရှိမယ်... ကျန်တဲ့ လေးဆယ့်ငါးရာခိုင်နှုန်းကို. ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က ရသွားတယ်... ကျောက်စိမ်းမြို့တော်က စွမ်းအင်တွေ စုဆောင်းနေတာ နှစ်ရှစ်ရာ ရှိပြီ... သိပ်ကြီးမားနေလောက်ပြီ"
အားလုံး တုန်လှုပ်သွားကြသည်။
ကျူစန်းထုံမှာ တုန်ယင်စွာ မေးလိုက်မိသည်။ "မီလော့နန်းတော် သခင်လေးတွေ ဆင်းသက်လာတော့မှာလား"
ရှုရှန်းဟွာက ခေါင်းခါပြီး ရွှေရောင်ခန်းမ၏ တံခါးကို တွန်းဖွင့်ကာ ဖြေသည်။ "ကျွန်တော်၊ ထိုက်ရှီနဲ့ ဧကရာဇ်အတိုင်ပင်ခံကျန်းတို့ တွက်ချက်ကြည့်ပြီးပြီ... ဂိုဏ်းသခင်ချင်ကို သွေးယဇ်ပူဇော်ခြင်း စွမ်းအင်အဖြစ် တွက်ကြည့်ရင် ဒီနှစ်ရှစ်ရာအတွင်း ကျောက်စိမ်းမြို့တော်က ရသွားတဲ့ သွေးယဇ်ပူဇော်ခြင်း စွမ်းအင်က ဂိုဏ်းသခင်ချင် တစ်ယောက်ခွဲစာလောက် လဲလှယ်လို့ ရတယ်... သခင်လေးကျစ်ရှောင်နဲ့ သခင်လေးလင်ရှောင်တို့ တစ်ယောက်ချင်းစီက ဂိုဏ်းသခင်ချင် ဆယ်ယောက်စာထက် မနည်းဘူး... ဒါကြောင့် သခင်လေးတွေ ဆင်းသက်လာနိုင်မှာ မဟုတ်ဘူး"
ချင်မူအနေဖြင့် အနန္တအဘိုးအိုကို ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ ဧရာမခေါင်းလောင်းကြီးသည် ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းကို ဖြတ်ကျော်ထားသော်လည်း ၎င်းက မီလော့နန်းတော် သခင်လေးတို့၏ စွမ်းအား ဆယ်ပုံတစ်ပုံမျှသာ ရှိချေသည်။
မီလော့နန်းတော် သခင်လေးနှစ်ပါးသာ ဆင်းသက်လာပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။
သို့သော် သူတို့က မီလော့နန်းတော် သခင်လေးများ၏ အတိုက်အခိုက်စွမ်းရည်ကို အထင်ကြီးလွန်းနေပြီး အနန္တအဘိုးအို၏ စွမ်းဆောင်ရည်များကိုလည်း လျှော့တွက်နေကြသည်။
ချင်မူမှာ အဆုံးသတ်မြို့ပျက် ကြာပန်းနှင့် လောကသစ်ပင်ကို ဖရိုဖရဲမြစ်ထဲတွင် အမြစ်တွယ်စေပြီး စကြဝဠာခေတ် ဆယ့်ခြောက်ခေတ်၏ ပျက်စီးခြင်းကပ်ဘေး စွမ်းအားများကို ငှားယူထားသောကြောင့်သာ အနန္တအဘိုးအိုကို ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်၏။
ထိုသို့အခြေအနေတွင် သူကား သခင်လေးကျစ်ရှောင်၊ သခင်လေးလင်ရှောင်းတို့အောက် မနိမ့်ကျပေ။
ချင်မူက ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ထားသည့်အပြင် ဟင်းလင်းပြင် သုံးဆယ့်ခြောက်လွှာကိုပင် ပိတ်ထားသည့်အတွက် အနန္တအဘိုးအိုအနေဖြင့် ငှားယူနိုင်သည့်စွမ်းအား လျော့နည်းနေသည်။
အနန္တအဘိုးအို လက်အောက်မှ အင်အားသိုင်းပညာရှင်များတွင် ရှေးရိုးတာအိုကျင့်စဉ်၊ တာအိုသစ်ပင်စနစ်ကို အသုံးပြု၍ တာအိုရနိုင်သူ တစ်ယောက်မှ မရှိတော့ပေ။ အနန္တအဘိုးအို၏ စွမ်းအားသည်လည်း အထွတ်အထိပ် အခြေအနေသို့ ဘယ်တော့မှ ပြန်မရောက်နိုင်တော့ချေ။
အထွတ်အထိပ်အခြေအနေရှိ အနန္တအဘိုးအိုသာဆိုပါက သေချာပေါက် အင်အားအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး မီလော့နန်းတော်အရှင်သခင်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
မှန်ပါသည်။ ယခုအနန္တအဘိုးအိုအနေဖြင့် မီလော့နန်းတော်အရှင်သခင်၏ တိုက်ကွက်အနည်းငယ်မျှဖြင့် သေဆုံးသွားရလိမ့်မည်။ သို့သော် ၎င်းကပင် အောင်မြင်မှုတစ်ခု ဖြစ်နေသေးသည်။
ရှုရှန်းဟွာက သူတို့ကို ရွှေရောင်ခန်းမထဲသို့ ဖိတ်ခေါ်ကာ ဆက်ပြောသည်။ “ပြီးတော့ မကြာသေးခင်က အဆုံးသတ်မြို့ပျက်ဘက်မှာလည်း ထူးခြားမှုတွေ ရှိလာတယ်... အဆုံးသတ်မြို့ပျက်က ပိုပိုပြီး မတည်ငြိမ် ဖြစ်လာပြီ... မကြာခဏ ပေါက်ကွဲထွက်တတ်တာက သိပ်ထူးဆန်းတယ်... ဒါကြောင့် ဂိုဏ်းသခင်ချင်က သူ့ရဲ့ အဆုံးသတ်မြို့ပျက်ကြာပန်းကို ဖရိုဖရဲပင်လယ်မှာ စိုက်ပြီး ခဏ ဖိနှိပ်ထားရတာ"
အားလုံး ဘိုးဘေးနန်းတော်သို့ ဝင်ရောက်လာစဉ်က မြင်တွေ့ခဲ့ရသော အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် ကြာရွက်များကို ပြန်လည် သတိရသွားပြီး စိတ်ထဲတွင် လှုပ်ရှားသွားသည်။
အဆုံးသတ်မြို့ပျက်သည် ပျောက်ကွယ်သွားသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင် ဘိုးဘေးနန်းတော်၏ ကောင်းကင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ချင်မူက သူ၏ ကိုယ်ပိုင် မှော်စွမ်းအင်နှင့် ကောင်းကင်နတ်သိုင်းများကို အသုံးပြု၍ အဆုံးသတ်မြို့ပျက်အတွင်းမှ ဖရိုဖရဲပင်လယ်ကို အပြင်သို့ ထုတ်ကာ သူ၏ အဆုံးသတ်မြို့ပျက် ကြာပန်းကို ပင်လယ်ပေါ်တွင် စိုက်ပျိုးထား၏။ ၎င်းက အမှန်တကယ် တစ်စုံတစ်ခုကို နှိမ်နင်းထားခြင်းပင်။
"မူအာ ပင်ပန်းသွားပြီ" အဘွားစစ် သက်ပြင်းချလိုက်မိသည်။
ရွှေရောင်ခန်းမထဲတွင် ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ ပြုစုထားသော ကျမ်းစာများက နေရာအနှံ့ ပြည့်နေသည်။ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့သည် ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို တည်ထောင်သူများ ဖြစ်ကြသည့်အလျောက် သူတို့၏ ပါရမီနှင့် သိမြင်နားလည်နိုင်စွမ်းမှာလည်း အထွတ်အထိပ် ဖြစ်သည်။
သူတို့က အတိတ်စကြဝဠာမှ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို စုစည်းပြီး ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအဖြစ် ပြောင်းလဲခဲ့ကြသည်။
ဤသို့ဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ သိုင်းပညာရှင်များနှင့် နတ်ဘုရားများ အလွယ်တကူ နားလည်သွားစေသည်။
ချင်မူသာဆိုပါက သူတို့ကဲ့သို့ ပါရမီ၊ သိမြင်နားလည်နိုင်စွမ်းနှင့် စိတ်ရှည်မှု ရှိမည် မဟုတ်ပေ။
ရွှေရောင်ခန်းမထဲရှိ ကျမ်းစာများမှာ အလွန် များပြားသဖြင့် အဘွားစစ်နှင့် အခြားသူများ အချိန်အတော်ကြာ သိမြင်နားလည်ရန် လုံလောက်သည်။ ရှုရှန်းဟွာက သူတို့ကို ဖြည်းဖြည်းချင်း လေ့လာစေပြီး သူကိုယ်တိုင်ကတော့ ရွှေရောင်ခန်းမထဲမှ ထွက်ကာ ချင်မူကို သွားကြည့်သည်။
ချင်မူသည် ဤနှစ်သုံးထောင်အတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှု ရလဒ်များကို လေ့လာနေဆဲ ရှိသေး၏။ အလွန်လျင်မြန်စွာ ဖတ်ရှုပြီး ပြုပြင်ပြောင်းလဲမှု၏ အာဟာရများကို စုပ်ယူကာ ခေတ်နောက်ကျ မကျန်ရစ်စေရန် ကြိုးစားနေလေသည်။ အင်မတန် လုံ့လဝီရိယရှိသည် ဆိုရမည်။
ရှုရှန်းဟွာက ဖရိုဖရဲခန်းမရှေ့တွင် ချိတ်ဆွဲထားသော ဧရာမခေါင်းလောင်းကြီးကို ကြည့်လိုက်သည်။ ထိုခေါင်းလောင်းကြီးသည် မကြာသေးခင် နှစ်တချို့ကမှ သွန်းလုပ်ထားခြင်း ဖြစ်သည်။ သူတို့အားလုံး အတိတ်စကြဝဠာ သိုင်းပညာရှင်များ၏ တာအိုလက်နက်များကို စုဆောင်းသန့်စင်ပြီးနောက် ချင်မူ၏ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို နမူနာယူကာ ဤခေါင်းလောင်းကြီးကို တည်ဆောက်ခဲ့ကြ၏။
ခေါင်းလောင်းမှာ ချင်မူ၏ တာအိုအဆင့် ၃၅ ဆင့် ရှိသော ကောင်းကင်နတ်သိုင်းဖြစ်ပြီး အလွန်တရာ ရှုပ်ထွေးသော လမ်းစဉ်၊ ကျင့်စဉ် ပြောင်းလဲမှုများ ကိန်းဝပ်နေသည်။ လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက် စနစ်နှစ်ခုကို ပေါင်းစပ်ထားသည့် စွမ်းအားအကြီးမားဆုံး ကောင်းကင်နတ်သိုင်းဟု ဆိုရလိမ့်မည်။
ခေါင်းလောင်းကြီးကို အသက်သွင်းလိုက်ပါက စကြဝဠာ မွေးဖွားလာစဉ်က မွေးဖွားခြင်းကပ်ဘေး ပေါက်ကွဲထွက်သကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်း ဖြစ်ပေါ်လာမည်။ ထိုက်ငါးပါးသည် ကောင်းကင်နှင့်မြေကြီး တာအိုတစ်သောင်းအဖြစ် ပြောင်းလဲသွားမည် ဖြစ်၏။ ကောင်းကင်နှင့် မြေကြီး တာအိုတစ်သောင်းအဖြစ် ပြောင်းလဲနေသည့်အချိန်တွင် ချင်မူက ကျန်းပိုင်ကွေ့၏ ကမ္ဘာခေတ်နှောင်းတာအိုပါ စုပ်ယူပြီး ထည့်သွင်းခဲ့သောကြောင့် စွမ်းအားမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းသွားသည်။
အတိတ်စကြဝဠာခေတ်များတွင် ကမ္ဘာခေတ်နှောင်း မဟာတာအိုအမျိုးမျိုးကို လေ့လာခြင်းသည် မြင့်မားခဲ့သော်လည်း ကမ္ဘာခေတ်နှောင်းတာအို၏ ဆင့်ကဲပြောင်းလဲမှုတွင်မူ ထာဝရငြိမ်းချမ်းရေးအင်ပါယာကား စကြဝဠာခေတ် ဆယ့်ခုနစ်ခေတ်တွင် အထူးချွန်ဆုံးခေတ် ဖြစ်၏။
ကမ္ဘာခေတ်နှောင်း မဟာတာအိုနှင့် ရင်ဆိုင်ရသောအခါ အတိတ်စကြဝဠာ သိုင်းပညာရှင်များမှာ ကူကယ်ရာမဲ့ သွားတတ်ကြသည်။
အဘွားစစ်တို့ ယူဆောင်လာသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု ရလဒ်များကို ချင်မူ များစွာအလေးထားရခြင်းမှာ ဤအကြောင်းရင်းကြောင့်ပင် ဖြစ်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုက သူ့ကို လုံလောက်သော အာဟာရများ ယူဆောင်လာပေးပြီး မီလော့နန်းတော်နှင့် အနန္တအဘိုးအိုတို့ကို ရင်ဆိုင်နိုင်သော စွမ်းအားကို ပေးအပ်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ချင်မူ အဘွားစစ်တို့ ယူဆောင်လာသော ကျမ်းစာများကို ဖတ်ရှုပြီးစီးသွားချေပြီ။ သူက ရွှေရောင်ခန်းမထဲမှ ထထွက်လာပြီး ရှုရှန်းဟွာ ဘေးသို့ ရောက်လာကာ ကောင်းကင်ရှိ ဖရိုဖရဲပင်လယ်ဆီသို့ မော့ကြည့်လိုက်၏။
ဖရိုဖရဲပင်လယ်သည် ထပ်မံ၍ ပြင်းထန်စွာ လှုပ်ခတ်လာပြီး လှိုင်းတံပိုးများ ထလာရာ သူ၏ အဆုံးသတ်မြို့ပျက် ကြာပန်းမှာ ယမ်းခါနေသည်။
"အဆုံးသတ်မြို့ပျက်ထဲမှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်နေပြီ"
ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားမှ တတိယမျက်လုံး ပွင့်လာပြီး ဖရိုဖရဲပင်လယ်ဆီ လှမ်းကြည့်ရင်း တည်ကြည်လေးနက်စွာ ပြောသည်။ "ကောင်းကင်ဖွင့်လှစ်သူတွေ အဆုံးသတ်မြို့ပျက်ကနေ ဖြတ်သွားပြီးတည်းက အဆုံးသတ်မြို့ပျက်ဟာ တဖြည်းဖြည်း လှုပ်ရှားမှု များလာတယ်... ပြီးတော့ တစ်ခါထက် တစ်ခါ ပိုပြင်းထန်လာတယ်... ဒါက ငါ့ကို နည်းနည်း ကြောက်မိစေတယ်"
ရှုရှန်းဟွာက မေးသည်။ "မင်း အဆုံးသတ်မြို့ပျက်ကို သွားချင်နေတာလား"
ချင်မူ ခေါင်းညိတ်၏။ "ငါ သိချင်တယ်... ကောင်းကင်ဖွင့်လှစ်သူတွေ သခင်လေးနှစ်နဲ့ တိုက်ကြတုန်းက သေတဲ့အထိ တိုက်ခဲ့ကြတာလား... ဒါမှမဟုတ် နောက်ဆုံးမှာ သဘောတူညီချက်တစ်ခု ရသွားတာလား... သခင်လေးနှစ်နဲ့ ကောင်းကင်ဖွင့်လှစ်သူတွေ နှစ်ဖက်လုံးက လွယ်တဲ့လူတွေ မဟုတ်ဘူး… တစ်ခုခု သဘောတူညီထားတာဆို အန္တရာယ်များနိုင်တယ်"
ယုတ္တိကျကျဆိုလျှင် သခင်လေးနှစ်တွင် ကောင်းကင်ဖွင့်လှစ်သူ အနည်းငယ်ကို သတ်ဖြတ်နိုင်သော စွမ်းအား သေချာပေါက် ရှိသည်။ သို့သော် ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးလုံး ဒဏ်ရာရခဲ့သော်လည်း အားလုံး အသက်ရှင် လွတ်မြောက်ကာ အဆုံးသတ်မြို့ပျက်မှ ထွက်ခွာနိုင်ခဲ့၏။
သူတို့နှင့် သခင်လေးနှစ်အကြားတွင် သဘောတူညီချက်တစ်ခု အမှန်တကယ် ရှိခဲ့ပါက ဘိုးဘေးနန်းတော်သာမက ကောင်းကင်ဖွင့်လှစ်သူများကို ဖိနှိပ်ထားသော ထိုက်ယီပင်လျှင် အန္တရာယ် ရှိနိုင်သည်။
“မင်း ဘယ်တော့ သွားမလဲ" ရှုရှန်းဟွာက မေး၏။
"အခုပဲ"
ချင်မူက အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိဘဲ ဖရိုဖရဲပင်လယ်ဆီသို့ ဦးတည်ပျံသွားချေသည်။
ချင်မူ ဖရိုဖရဲပင်လယ်နှင့် ပိုမို နီးကပ်လာ၏။ ထိုအခိုက်အတန့်တွင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲမှ သွေးယဇ်ပူဇော်ခြင်း အလင်းတန်းတစ်တန်း ကောင်းကင်သို့ ထိုးတက်လာသည်။ ချင်မူ၏ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး အဝေးသို့ လှမ်းကြည့်လိုက်မိသည်။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ဖရိုဖရဲမြစ်ထဲတွင် ဧရာမတာအိုလှံတစ်လက်သည် သွေးယဇ်ပူဇော်ခြင်း လှိုင်းလုံးကြီးထဲမှ ဖြည်းဖြည်းချင်း မြောက်တက်လာကာ ပုံရိပ်ယောင်မှ အစစ်အမှန်အဖြစ်သို့ တစတစ်စ ပြောင်းလဲလာချေပြီ။
ထို တာအိုလှံသည် သခင်လေးလင်းရှောင်၏ လက်နက်ဖြစ်ပြီး ယခုအခါ သွေးယဇ်ပူဇော်ခြင်းမှတစ်ဆင့် သက်ဆင်းလာနေခြင်းပင်။
တာအိုလှံသည် သွေးယဇ်ပူဇော်ခြင်းစွမ်းအင်များအကြား အဆက်မပြတ် တုန်ခါနေသောကြောင့်် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော် နေရာအနှံ့တွင် ကောင်းကင်ကို ထောက်ထားသော တိုင်ရိပ်ကြီးများ ဖြစ်ပေါ်နေစေသည်။ တိုင်လုံးကြီးများက စကြဝဠာကို ထောက်ကန်ထားနိုင်ပြီး ပျက်စီးခြင်းကပ်ဘေးထဲတွင်ပင် မပျက်စီးနိုင်သည့်အလားပင်။
ဒေါင်
ချင်မူ၏ ဖရိုဖရဲခန်းမရှိ ဧရာမခေါင်းလောင်းကြီးက အင်အားကြီးမားသော ရန်သူတစ်ဦး သက်ဆင်းလာသည်ကို အာရုံခံမိသည့်အလား ကြည်လင်သော ခေါင်းလောင်းသံတစ်ချက် အလိုအလျောက် ထုတ်လွှတ်လိုက်၏။
ချင်မူက မျက်ခုံးပင့်လိုက်သော်လည်း အပေါ်သို့ ဆက်လက် ပျံတက်သွားသည်။ သူက ဖရိုဖရဲပင်လယ်အတွင်း လျှောက်လှမ်း၍ အဆုံးသတ်မြို့ပျက်ထဲ ဝင်ရောက်သွားလေသည်။