← Chapters

ချိုသာပြီး ရက်စက်သော

Vol. 140 Ch. 1799

ချိုသာပြီး ရက်စက်သော

Vol. 140 Ch. 1799

သူ ဖရိုဖရဲပင်လယ်ထဲ ဝင်လိုက်သည်နှင့် မျက်စိရှေ့မှ မြင်ကွင်းမှာ ချက်ချင်း ပြောင်းလဲသွားသည်။ အသူရာချောက်နက်များက ရေတွင်းနက်ကြီးများအလား သူ၏ ဦးခေါင်းထက်တွင် ပေါ်ထွက်လာသည်။

ဖရိုဖရဲပင်လယ်ထဲတွင် နှိုင်းယှဉ်မရနိုင်အောင် ကြီးမားသော ကြာအရိုးတံကြီးများက မြင့်မားစွာ ထောင်မတ်နေပြီး ကြာပန်းပွင့်များက အသူရာချောက်နက်များထဲသို့ ထိုးစိုက်ဝင်နေသည်။

ပင်လယ်ပြင်ထက်တွင် ချင်မူ၏ အဆုံးသတ်မြို့ပျက် ကြာရွက်များသာ ရှိနေခြင်း မဟုတ်။ အခြား စကြဝဠာခေတ် ဆယ့်ခြောက်ခေတ်မှ အဆုံးသတ်မြို့ပျက် ကြာရွက်များလည်း ရှိနေသည်။

ချင်မူ ရောက်လာသောအခါ သခင်လေးနှစ်က ကြာရွက်တစ်ရွက်ပေါ်တွင် ထိုင်နေသည်။ သူမက ကိုယ်လေးကို စောင်းကာ ဖရိုဖရဲရေများကို ခပ်ယူလျက် ခေါင်းလျှော်နေသည်။

သူမ၏ ဆံပင်များက နှင်းကဲ့သို့ ဖြူဖွေးနေသော်လည်း သူမ၏ ပုံစံမှာမူ အလွန် နုပျိုနေသည်။

ချင်မူလည်း သူ၏ ကြာရွက်ပေါ်တွင် ရပ်လျက် တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။ သခင်လေးနှစ်သည်လည်း ပြစ်မျိုးမှဲ့မထင် အလှပဂေးတစ်ဦးဟု ဆိုရမည်။ သူမသာ မဆိုးသွမ်းမယုတ်မာပါက သူမသည် ပုရိသများ၏ နှလုံးသားကို ကိုင်လှုပ်နိုင်သော အမျိုးသမီးတစ်ဦး ဖြစ်ပေလိမ့်မည်။

အချိန်အတော်ကြာပြီးနောက် သခင်လေးဝူကျိက တခစ်ခစ် ရယ်မောလိုက်သည်။ "ခုနစ်... နင် ဘယ်လောက်ကြာအောင် ကြည့်နေဦးမှာလဲ"

ချင်မူက ပြုံးလိုက်သည်။ "မမကြီးနှစ် ဖရိုဖရဲပင်လယ်မှာ ခေါင်းလျှော်နေတာ သိပ်လှလို့ပါဗျာ... မမကြိး ဘယ်လောက်ကြာကြာ လျှော်လျှော် မောင်လေးဖြင့် အကြည့်တောင် မလွှဲနိုင်ဘူး"

"စကားတတ်နေတယ်ပေါ့လေ"

သခင်လေးနှစ်သည် ခေါင်းကလေး မော့လာကာ ညှို့ငင်ဖမ်းစားတတ်သော မျက်ဝန်းလေးများဖြင့် သူ့ကို မျက်စောင်းထိုးလိုက်၏။ "သခင်လေးဖရိုဖရဲ သွားတဲ့ နေရာတိုင်း မြက်ပင်တောင် မပေါက်ဘူး... ဒါပေမဲ့ အချစ်စကားဆိုရင်တော့ ရင်ခုန်စေနိုင်သားပဲ"

ချင်မူ ဟားတိုက် ရယ်မောလိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်ကာ မေးသည်။ "မမကြီးနှစ် ဘယ်တော့ လွတ်လာမှာလဲ"

သခင်လေးနှစ်က အံ့ဩစွာ ပြန်မေးသည်။ "ခုနစ် နင် ဘာလို့ ဒီလို ပြောရတာလဲ"

" ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေကို အဆုံးသတ်မြို့ပျက်သင်္ကေတတွေနဲ့ အစားထိုးပြီး ဆရာ့ရဲ့ အနီရောင်ကြိုးထုံး ချိပ်တံဆိပ်ကို တစ်စတစ်စချင်း ဖျက်ဆီးနေတာ မဟုတ်လား … ကျွန်တော် အရင်က သတိမထားမိခဲ့ဘူး…. ဒီတစ်ခေါက် လာတော့ ခင်ဗျား မိစ္ဆာအဖြစ် ပြောင်းမှာ သိနေလို့ အသေအချာ လေ့လာကြည့်တာနဲ့ သဲလွန်စတချို့ ရှာတွေ့ခဲ့တယ်"

ချင်မူက ၁၆ စင်းမြောက် စကြဝဠာ အသူရာချောက်နက်ဆီမှ တွဲကျနေသော သံကြိုးငါးချောင်းဆီသို့ မော့ကြည့်လိုက်သည်။ ယင်းတို့သည် အနီရောင်ကြိုးထုံး ချိပ်တံဆိပ် ကောင်းကင်နတ်သိုင်းမှပြောင်းလဲလာသော သံကြိုးများ ဖြစ်၏။ သူက ပြောသည်။ "အနီရောင်ကြိုးထုံး ချိပ်တံဆိပ်မှာ ဆရာက နံပါတ်တစ်ပဲ.... နောက်တစ်ယောက်က နံပါတ်နှစ်... ကျွန်တော်က နံပါတ်သုံးပဲ... ခင်ဗျားရဲ့ လှည့်ကွက်တွေက ကျွန်တော့် မျက်စိအောက်ကနေ မလွတ်နိုင်ဘူး... ခင်ဗျား အနီရောင်ကြိုးထုံး ချိပ်တံဆိပ်ကို ဖြည်နေတာ နှစ်သုံးထောင်လောက် ရှိပြီ မဟုတ်လား... အရင်က ကောင်းကင်ဖွင့်လှစ်သူတွေ ခင်ဗျားရဲ့ လမ်းကြောင်း လာငှားတုန်းက သူတို့နဲ့ ခင်ဗျား ဘာ သဘောတူညီချက်တွေ ရခဲ့သေးလဲ"

“ကောင်းကင်ဖွင့်လှစ်သူတွေက ငါ့အတွက် အနီရောင်ကြိုးထုံး ချိပ်တံဆိပ်ထဲက သင်္ကေတတစ်ခုကို ဖြေပေးခဲ့တယ်လို့ နင် ထင်နေတာလား"

သခင်လေးနှစ်သည် မျက်လုံး ဝေ့လိုက်ပြီး ရယ်မောလိုက်၏။ "ဟုတ်သားပဲ… အနီရောင်ကြိုးထုံး ချိပ်တံဆိပ်ကို ကျွမ်းကျင်ပြီး နင့်အထက်မှာ ရှိတဲ့သူက ၃၆ ယောက်မြောက် ကောင်းကင်ဖွင့်လှစ်သူလို့ နင် ထင်နေတာ... ဒါကြောင့် အဲ့ဒီလူက ငါ့ချိပ်တံဆိပ် သင်္ကေတတစ်ခုကို ဖြည်ပေးခဲ့တယ်လို့ ထင်နေတာမလား"

ချင်မူ မငြင်းချေ။

အနီရောင်ကြိုးထုံး ချိပ်တံဆိပ် ကောင်းကင်နတ်သိုင်းကို လေ့လာဖူးပြီး သူ့ထက် အောင်မြင်ထားသူထဲတွင် ပထမတစ်ဦးက မီလော့နန်းတော်အရှင်သခင် ဖြစ်ပြီး ဒုတိယတစ်ဦးမှာ ကောင်းကင်နတ်အရှင်လင် ဖြစ်သည်။

ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ငါးဦးတို့သည် တျန်းတုမှ အင်အားကြီးမားသော သိုင်းပညာရှင်များ ဖြစ်ကြသည်မဟုတ်လော။ ကောင်းကင်နတ်အရှင်လင်သည် သခင်လေးနှစ်ကို သင်္ကေတတစ်ခု ဖြေပေးခဲ့ပြီး လွတ်မြောက်ခွင့် ပေးခဲ့သည်ဟု သူ သံသယ၀င်နေမိ၏။

"တာအိုဖီဆန်သူ မဟုတ်ဘူး… သုံးပဲ"

သခင်လေးနှစ်က အေးဆေးစွာ ပြောသည်။ "သုံးက နင့်ကလေး မမွေးလာအောင် တားဆီးဖို့ ငါ့ကို အကူအညီ တောင်းခဲ့တာ... နင် ဖရိုဖရဲမြစ်ထဲကနေ စွမ်းအား မငှားယူနိုင်အောင်ပေါ့... ဒါပေမဲ့ ငါကလည်း သူ့ကို အလကား ကူညီမှာ မဟုတ်ဘူးလေ… အဖိုးအခတော့ ပေးရမှာပေါ့"

ချင်မူ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ သခင်လေးသုံး လင်းရှောင်သည် တစ်ချိန်က သူ၏ အနီရောင်ကြိုးထုံး ချိပ်တံဆိပ်ဖြင့် ဖိနှိပ်ခြင်း ခံခဲ့ရဖူးသဖြင့် ၎င်းတို့ကို လေ့လာထားဖူး၏။

ကောင်းကင်နတ်အရှင်လင် မဟုတ်သရွေ့ ချင်မူ စိတ်အေးနိုင်ပေသည်။

"ဒါပေါ့... ကောင်းကင်ဖွင့်လှစ်သူတွေလည်း ငါ့ကို ကူညီခဲ့တယ်"

သခင်လေးနှစ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ကာ မာယာများသော မျက်နှာလေးဖြင့် ပြောသည်။ "သူတို့ရဲ့ စွမ်း‌ဆောင်ရည်တွေက သိပ်မြင့်မားတယ်... သူတို့ရဲ့ စွမ်းအားကို မငှားရင် နှမြောစရာ ကောင်းသွားမယ်မဟုတ်လား... အဲ့ဒီ ကောင်းကင်ဖွင့်လှစ်သူတွေက ဦးနှောက် သိပ်မကောင်းပေမယ့် စွမ်း‌ဆောင်ရည်ကတော့ မဆိုးဘူး... သူတို့ ငါ့ကို တိုက်ခိုက်တုန်းက ငါလည်း အဲ့သိုင်းကွက်တွေကို အသုံးချပြီး ဆရာ့ရဲ့ အနီရောင်ကြိုးထုံး ချိပ်တံဆိပ်ကို ပျက်စီးစေခဲ့တယ်... အဲဒါနဲ့ ပြုံးနေတဲ့လူက သဲလွန်စ တွေ့သွားပြီး ငါ့ကို ဘာမှ လုပ်လို့မရမှန်း သိတော့ ငါနဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့တယ်"

ချင်မူလည်း ‘ဪ’ ဟု အာမေဋိတ်ပြုကာ စိတ်ဝင်တစား မေးလိုက်သည်။ "ဘာ သဘောတူညီချက်လဲ"

သခင်လေးနှစ်က ပြုံးစစဖြင့် ပြော၏။ "သူတို့က သင်္ကေတတချို့ ပျက်စီးအောင် ကူညီပေးနိုင်တယ်... ဒါပေမဲ့ ငါက သူတို့ကို ကိစ္စလေးတစ်ခု ပြန်ကူညီပေးရမယ်"

ချင်မူ မေးသော်လည်း သခင်လေးနှစ်သည် မဖြေချေ။

နှစ်ဦးသား တိတ်ဆိတ်သွားပြီး စကားဆက် မပြောကြတော့ပေ။

အချိန်အတော်ကြာပြီးနောက် ချင်မူက ရယ်မောရင်း မေးသည်။ "ဒါဆို မမကြီးနှစ် လွတ်မြောက်ဖို့ ဘယ်လောက် လိုသေးလဲ"

"ခန့်မှန်းကြည့်လေ"

သခင်လေးနှစ်ကား အပြုံးပန်းများ ဝေဆာနေ၏။ လျှော်ပြီးသော အဖြူရောင်ဆံပင်များကို နောက်တွင် လက်နှစ်ဖက်ဖြင့် စုစည်းလိုက်သည်။

အဖြူရောင်ဆံနွယ်တို့က သူမ၏ နောက်ကျောတွင် ခါးအထိ ရှည်လျားစွာ လျှောကျသွား၏။

ချင်မူက ပြုံးလျက် သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။

သခင်လေးနှစ်သည် သံကြိုးငါးချောင်းကို ဆွဲလျက် ကြာရွက်ပေါ်တွင် ဟိုဟိုသည်သည် လျှောက်သွားရင်း ပြုံးရယ်နေ၏။ "မနက်ဖြန် ဖြစ်နိုင်သလို နှစ်တစ်သောင်း ကြာမှလည်း ဖြစ်နိုင်တယ်... ဒါမှမဟုတ် အခုချက်ချင်းလည်း ဖြစ်နိုင်တာပဲ... ခန့်မှန်းကြည့်လေ... မှန်ရင် ဆုချမယ်"

"ကျွန်တော်က ခန့်မှန်းနေရတာ သိပ်မကြိုက်ဘူးဗျာ"

ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံး ပွင့်လာပြီး သူက မှင်သေသေ ပြောသည်။ "ကျွန်တော့်မှာ လုပ်နိုင်စွမ်း ရှိလာတည်းက အဖြေကို လက်တွေ့ ရှာဖွေရတာပဲ ကြိုက်တယ်"

သခင်လေးနှစ်က ခြေစုံရပ်လိုက်၏။ “ဒါဆိုလည်း ဘာကို စောင့်နေတာလဲ"

သူတို့နှစ်ယောက် ထပ်မံ တိတ်ဆိတ်သွားကြပြန်သည်။

ပတ်ဝန်းကျင်လေထုသည် တဖြည်းဖြည်း တင်းကြပ်လာ၏။

ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံးထဲတွင် အဆုံးမရှိသော ကြယ်တာရာများ လှုပ်ရှားနေသကဲ့သို့ပင်။ ရုတ်တရက် နေနှင့် လအဖြစ် အသွင်ပြောင်းသွားပြီး ထိုက်ကျိစက်ဝန်း ဖြစ်ပေါ်လာသည်။ ထို့နောက် ထိုက်စုချီစွမ်းအင်အဖြစ် ပြောင်းလဲသွားကာ အစိမ်းရောင်နှင့် အနက်ရောင် ချီစွမ်းအင်အဖြစ် ပြောင်းလဲသွားပြန်၏။ ထို့နောက် ထိုက်ချူ၊ ထိုက်ယီအဖြစ် ပြောင်းလဲပြီး နောက်ဆုံးတွင် ဖရိုဖရဲအဖြစ် ပြန်လည်ရောက်ရှိသွားသည်။

သူ၏ အရှိန်အဝါသည်လည်း ပိုမို မြင့်မားလာပြီး အားကောင်းသထက် အားကောင်းလာသည်။ ဖရိုဖရဲထဲတွင် ရပ်နေသည့် နတ်ဘုရားတစ်ပါးပမာ ဖရိုဖရဲပင်လယ်ကို ငြိမ်သက်သွားစေသဖြင့် ကြာရွက်များပင် မယိမ်းနွဲ့နိုင်တော့ချေ။

ဖရိုဖရဲခန်းမတစ်ခုသည် ဖရိုဖရဲပင်လယ်ရေပြင်ကို ဖောက်ထွက်လာ၏။ ဧရာမခေါင်းလောင်းကြီး ဖရိုဖရဲပင်လယ်ထဲမှ ထွက်ပေါ်လာသည့်အချိန်တွင် ခေါင်းလောင်းနံရံထက်ရှိ ထိုက်ငါးပါးတို့က မရပ်မနား လည်ပတ်နေပြီး တာအိုအလင်းရောင်အမျိုးမျိုးဖြင့် တောက်ပလျက် ဖရိုဖရဲထဲမှ စွမ်းအင်များကို စုပ်ယူနေဟန်တူသည်။

ဖရိုဖရဲခန်းမ ဖရိုဖရဲပင်လယ်ထဲမှ အပြည့်အ၀ ထွက်ပေါ်လာသောအခါ ဧရာမခေါင်းလောင်းကြီး၏ အလင်းရောင်သည် တစတစ မှေးမှိန် ငြိမ်ကျသွားသော်လည်း ပိုမို ရှေးကျပြီး ခမ်းနားထည်ဝါသွား၏။

သခင်လေးနှစ်က ဖရိုဖရဲခန်းမကို လှမ်းကြည့်လိုက်ရာ ဖရိုဖရဲခန်းမ၏ တံခါးများက တင်းကျပ်စွာ ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ ခန်းမထဲတွင် မည်သည့်အရာ ရှိနေမှန်း မသိနိုင်ပေ။

ဗွမ်း

ဖရိုဖရဲပင်လယ်က ရုတ်တရက် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ချင်မူ၏ ဖိနှိပ်မှုကို ချိုးဖောက်လိုက်သည်။ နောက်ထပ် ခန်းမတစ်ခုသည် ဖရိုဖရဲပင်လယ်ထဲမှ ဖြည်းဖြည်းချင်း မြောက်တက်လာသည်။ ဤခန်းမ၏ တာအိုအလင်းရောင်တို့က အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည့်အပြင် အဆုံးသတ်မြို့ပျက်တာအို၏ ထူးခြားသော အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေကာ စကြဝဠာတစ်ခု မွေးဖွားလာခြင်း၏ အသက်စွမ်းအင်ကို ထောက်ပံ့ပေးနိုင်သည့်အလားပင်။

သို့သော် ဤခန်းမ၏ တံခါးများမှာလည်း တင်းကျပ်စွာ ပိတ်ထားပြီး ခန်းမထဲတွင် မည်သည်တို့ ရှိနေမှန်း ချင်မူလည်း မသိပေ။

ဤခန်းမသည် သခင်လေးနှစ်၏ မဟာတာအို အထွတ်အထိပ် အောင်မြင်မှု၊ အနန္တခန်းမပင် ဖြစ်သည်။

သခင်လေးဝူကျိကား လွတ်မြောက်ရန် အမှန်တကယ် နီးကပ်နေလေပြီ။ သူမ၏ အနန္တခန်းမကို မီလော့နန်းတော်မှပင် ဆင့်ခေါ်နိုင်ခဲ့ပြီဖြစ်၏။

တစ်ချိန်တည်းမှာပင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်များထဲမှ ပြင်းထန်သော မြည်ဟည်းသံများ ထွက်ပေါ်လာသည်။ အဆုံးသတ်မြို့ပျက် ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပျောက်ကွယ်သွားသည်။ သခင်လေးဝူကျိ၏ ခြေဖဝါးအောက်တွင် ကြာပန်းတစ်ပွင့် ပေါ်ထွက်လာ၏။ ပထမအလွှာ ကြာပလ္လင် ဖြစ်တည်လာပြီးနောက် ဒုတိယအလွှာ၊ တတိယအလွှာတို့လည်း ထွက်ပေါ်လာကြသည်။

ချင်မူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ကြာပလ္လင်ကို စိုက်ကြည့်နေ၏။ သခင်လေးနှစ်၏ ခြေဖဝါးအောက်မှ ကြာပလ္လင်သည် တာအိုအဆင့် ဆယ်ဆင့်အထိ ပေါ်ထွက်လာပြီးနောက် ရပ်တန့်သွားသည်။

ဖရိုဖရဲပင်လယ် မျက်နှာပြင်တွင် လှိုင်းတံပိုးများ ထန်သွားသည်။ အခြား အဆုံးသတ်မြို့ပျက် ကြာပန်းခြောက်ပွင့်မှာ ယိမ်းခါလျက် ထပ်မံ ပေါ်ထွက်လာ၏။ သခင်လေးနှစ်ကား လုံးဝ လွတ်မြောက်သွားခြင်း မဟုတ်သေးသဖြင့် အခြား အဆုံးသတ်မြို့ပျက် ကြာပန်းများကို သိမ်းယူကာ အဆင့် ဆယ့်ခြောက်ဆင့်ရှိ ကြာပလ္လင်အဖြစ် မပြောင်းလဲနိုင်သေးကြောင်း ထင်ရှားသည်။

သူမ၏ အဆုံးသတ်မြို့ပျက်တာအို ကျင့်ကြံခြင်းလမ်းစဉ်သည် ချင်မူ၏ အဆုံးသတ်မြို့ပျက် ကျင့်ကြံခြင်းလမ်းစဉ်နှင့် ကွဲပြားနေသေး၏။ ချင်မူက သူ၏ သိမြင်နားလည် သဘောပေါက်မှု၊ ပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေး တစ်ခုပြီးတစ်ခုမှ စွမ်းအင်နှင့် အာဟာရများကို စုပ်ယူခြင်းအပေါ် မှီခိုပြီး သူ၏ ကြာပလ္လင် တာအိုအဆင့်ကို မြှင့်တင်ခဲ့သည်။

သခင်လေးနှစ်၏ လမ်းစဉ်မှာမူ အခြား စကြဝဠာခေတ်များမှ အဆုံးသတ်မြို့ပျက် ကြာပန်းများကို စုပ်ယူပြီး အဆင့် ဆယ့်ခြောက်ဆင့်ရှိ ကြာပလ္လင်အဖြစ် ပြောင်းလဲခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် မီလော့နန်းတော်အရှင်သခင်၏ ချိပ်တံဆိပ်က သူမကို ကြာပလ္လင်များ ပိုမိုမဆင့်ခေါ်နိုင်အောင် တားဆီးထားသည်။ ထိုသို့မဟုတ်ဘဲ သူမသာ အဆင့် ဆယ့်ခြောက်ဆင့် ကြာပလ္လင်ကို ဆင့်ခေါ်နိုင်ပါက လွတ်မြောက်သွားနိုင်ပေလိမ့်မည်။

ချင်မူက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ "မမကြီးနှစ်... လုပ်နိုင်ရဲ့လား... မောင်လေးက တော်တော် အစွမ်းထက်တာနော်"

သခင်လေးနှစ်ကလည်း ခပ်ရွံရွဲ့ ပြုံးလိုက်၏။ "ခုနစ်... နင် ဖရိုဖရဲတာအို မရသေးသရွေ့ ဘာမှမလုပ်နိုင်ပါဘူး"

သူမ၏ စကားသံ မဆုံးမီမှာပင် ချင်မူ ခြေတစ်လှမ်း လှမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ဖရိုဖရဲပင်လယ်သည် ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ ဧရာမခေါင်းလောင်းကြီးသည် ဖရိုဖရဲပင်လယ်ထဲမှ ဖရိုဖရဲချီစွမ်းအင်များကို စုပ်ကာ သူ့တိုက်ကွက်၏ စွမ်းအားကို မြှင့်တင်လိုက်ချေပြီ။

ဖရိုဖရဲပင်လယ်ပေါ်တွင် သူသည် မီလော့နန်းတော်၏ သခင်လေးခုနစ် ဖြစ်ပြီး အဆုံးမရှိသော စွမ်းအားများကို ထုတ်ဖော်နိုင်၏။

ပင်လယ်ပြင်ထက်ရှိ ခေါင်းလောင်းသံထဲ၌ စကြာဝဠာတစ်စင်း မွေးဖွားလာသယောင်ပင်။ စွမ်းအင်သည် ကောင်းကင်နှင့်မြေကြီးအား ခွဲခြမ်းပစ်နိုင်သည့်အလား ပြင်းထန်စွာဖြင့် ပင်လယ်ပြင်ကို လွှမ်းခြုံသွားပြီး သခင်လေးနှစ်ထံသို့ ဦးတည်ပြေး၀င်သွား၏။

ဤတိုက်ကွက်သည် ချင်မူ၏ တာအိုအဆင့် ၃၅ ဆင့်၊ ကမ္ဘာဦးဖရိုဖရဲ မွေးဖွားခြင်း၊ တာအိုဖြင့် ကောင်းကင်နှင့် မြေကြီးအား ဖွင့်လှစ်ခြင်းပင်။

ဤတိုက်ကွက်သည် သူ၏ အင်အားအကြီးမားဆုံး ကောင်းကင်နတ်သိုင်းဟု ဆိုနိုင်၏။ စွမ်းအားအရာတွင် သူ အတိတ်က သိမြင်နားလည်ခဲ့သမျှ ကောင်းကင်နတ်သိုင်းအားလုံးထက် သာလွန်သည်။ ကမ္ဘာဦးဖရိုဖရဲလက်ချောင်းနှင့် တျန်းတု လောကဖန်ဆင်းဓားကိုပင် ကျော်လွန်လေသည်။

"ခုနစ်… နင် တကယ် ဘာမှမလုပ်နိုင်ပါဘူး"

သခင်လေးနှစ်က ကြာပလ္လင်ပေါ်တွင် ရပ်လျက် တခစ်ခစ် ရယ်မောလိုက်သည်။ ရုတ်တရက် သူမ၏ အနောက်မှ အနန္တခန်းမ ပွင့်လာသည်။ တံခါး ပွင့်သွားသည့်နှင့် အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားက ခန်းမထဲမှ လိမ့်ထွက်လာကာ ချင်မူ၏ ဧရာမခေါင်းလောင်းကြီးနှင့် ၀င်တိုက်သွားသည်။ ဧရာမခေါင်းလောင်းကြီးမှ ဖွင့်လှစ်လိုက်သော စကြဝဠာ၏ ကောင်းကင်နှင့် မြေကြီးမှာ ချက်ချင်း ပြိုကွဲပျက်စီးသွား၏။

သို့သော် ထိုက်ငါးပါး ပြောင်းလဲသွားသည့် အခိုက်အတန့်တွင် ချင်မူက ခေါင်းလောင်းကို ဆုပ်ကိုင်၍ အသာအယာ တွန်းလိုက်သည်။ ခေါင်းလောင်းကြီးက ဝှီးခနဲ လည်ပတ်သွားပြီး ပျံတက်ကာ အောက်သို့ ကျဆင်းသွားသည်။

ဒေါင်

ခေါင်းလောင်းသံ ထပ်မံ ထွက်ပေါ်လာပြီး ချင်မူ၏ ပတ်ပတ်လည်မှ ဖရိုဖရဲပင်လယ်နှင့် ပျက်စီးခြင်းကပ်ဘေးတို့ ချက်ချင်း လွင့်စင်သွားသည်။ တစ်ချိန်တည်းမှာပင် ချင်မူက ခြေထောက်ကို ခပ်ပြင်းပြင်း ဆောင့်ချလိုက်၏။ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများက ကောင်းကင်ဖွင့်လှစ်ခြင်းယဇ်ပလ္လင်အဖြစ် ပြောင်းလဲသွားသည်။ ချင်မူက လက်ကို ဓားသဖွယ် အသုံးပြုလိုက်ရာ ပတ်ဝန်းကျင်ရှိ ဖရိုဖရဲပင်လယ်သည် ချက်ချင်း အသွင်ပြောင်းသွား၏။ ကောင်းကင်နှင့်မြေကြီး နှစ်ခြမ်း ကွဲကာ သူ၏ပတ်ပတ်လည်တွင် စကြဝဠာ တစ်ခုပြီးတစ်ခု ဖြစ်တည်လာသည်။

ဝှစ်

ချင်မူ့အနောက်တွင် လှပတောက်ပသော လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးသည် တဝေါဝေါ လည်လာပြီး စကြဝဠာများသည် လမ်းခြောက်သွယ် ဘ၀ပြန်ဝင်စားခြင်းသံသရာဖြင့် လွှမ်းမိုးခံလိုက်ရ၏။ ဘ၀သံသရာတို့က ဖြစ်လိုက်၊ ပျက်လိုက်ဖြင့် အဆုံးမရှိ သံသရာလည်နေသည်။

သခင်လေးနှစ်က ပြေးဝင်တိုက်ခိုက်သော်လည်း စကြဝဠာအရွယ်အစားမျိုးစုံကြောင့် တွန်းထုတ်ခံလိုက်ရသည်။ သူမ စကြဝဠာများကို မည်မျှပင် ဖျက်ဆီးပါစေ သံသရာတစ်ပတ် လည်သွားသည်နှင့် စကြဝဠာသစ်များ ထပ်မံ မွေးဖွားလာသည်။

သခင်လေးနှစ်မှာ ဒေါသူပုန်ထနေတော့သည်။ သူမလည်း အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းကို အသက်သွင်းကာ ချင်မူကဲ့သို့ပင် သေခြင်းရှင်ခြင်းတာအို အသုံးပြု၍ တန်ပြန် တိုက်ခိုက်သည်။ သို့သော် သူမသည် သေခြင်းရှင်ခြင်းအား ထိန်းသိမ်းရန် သူမ၏ ကျင့်စဉ်စွမ်းအင်ကို သုံးစွဲနေရသော်လည်း ချင်မူကမူ ဘ၀ပြန်ဝင်စားခြင်းတာအိုကို အသုံးပြု၍ သေခြင်းရှင်ခြင်းကို ထိန်းသိမ်းထားရာ ‌အောင်နိုင်သူကို ဆုံးဖြတ်ပြီးသွားချေပြီ။

"မမကြီးနှစ်... ခင်ဗျား ခေတ်နောက်ကျသွားပြီ... တကယ် အသုံးမ၀င်တော့ဘူး"

ချင်မူက ရှေ့တက်သွားပြီး သခင်လေးနှစ်၏ အနောက်မှ သံကြိုးငါးချောင်းကို လှမ်းဆွဲလိုက်သည်။ သူက သံကြိုးများထဲမှ ထူးဆန်းသော သင်္ကေတများကို သန့်စင်ပြီး အနီရောင်ကြိုးထုံး သင်္ကေတများဖြင့် အစားထိုးလိုက်လေသည်။

သခင်လေးနှစ်မှာ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ နီမြန်းလာပြီး သွေးရူးသွေးတန်း တိုက်ခိုက်နေသည်။ သို့သော် လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီး၏ လည်ပတ်မှုအောက်တွင် သူ့အနားသို့ လုံး၀ မကပ်နိုင်ခဲ့ပေ။

ချင်မူက အနီရောင်ကြိုးထုံးကို လျင်မြန်စွာ ပြုပြင်လိုက်ပြီး သခင်လေးနှစ် ဖျက်ဆီးခဲ့သော သင်္ကေတများကို တစ်ခုချင်းစီ ပြန်လည် ပြင်ဆင်လိုက်သည်။

ရုတ်တရက် သခင်လေးဝူကျိက သူ့ကို ဆက်မတိုက်ခိုက်တော့ဘဲ အေးစက်စွာ ပြော၏။ "ခုနစ်… နင် ဒီလို လုပ်နေတာ အသုံးဝင်လို့လား... နင်က ဆရာမှ မဟုတ်တာ... ငါ လွတ်မြောက်မယ့် အချိန်ကို ဆွဲဆန့်လိုက်တာပဲ ရှိတယ်... ဒါပေမဲ့ နောက်ဆုံးမှာ အလကား သဲထဲရေသွန်ပဲ ဖြစ်ရမှာ"

ချင်မူက ပျက်စီးနေသော ကမ္ဘာဦးဖရိုဖရဲသင်္ကေတများကို ပြင်ဆင်ပြီးစီးသွားသောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူက အကြောဆန့်၍ အဆုံးသတ်မြို့ပျက် အပြင်သို့ လျှောက်သွားရင်း မှင်သေသေ တုံ့ပြန်၏။ " သင်္ကေတတွေကို တစ်ခေါက် ဖြေရှင်းပြီးသွားရင်လည်း နောက်တစ်ခေါက် ပြန်ပြင်ပေးရတာပေါ့"

"နင်"

သခင်လေးနှစ်မှာ ဆွေ့ဆွေ့ခုန်သွားသော်လည်း နှလုံးသားထဲတွင်မူ ကူကယ်ရာမဲ့နေတော့သည်။

All Chapters