← Chapters

ကျောက်စိမ်းမြို့တော်ထဲ ထပ်မံဝင်ရောက်ခြင်း

Vol. 140 Ch. 1800

ကျောက်စိမ်းမြို့တော်ထဲ ထပ်မံဝင်ရောက်ခြင်း

Vol. 140 Ch. 1800

ချင်မူသာ အနီရောင်ကြိုးထုံး သင်္ကေတများကို အကြိမ်ကြိမ် ပြန်ပြင်နေမည်ဆိုပါက သခင်လေးနှစ် လွတ်မြောက်နိုင်မည့်ရက်သည် အမှန်တကယ်ပင် ဝေးကွာနေပေဦးမည်။

သခင်လေးနှစ် အနည်းငယ် နောင်တရသွားချေပြီ။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာက သူမသည် လွတ်မြောက်တော့မည်ဖြစ်ကြောင်း တွက်ဆမိသဖြင့် စွမ်းအားကို ဆက်လက် ဖိနှိပ်မထားတော့ဘဲ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ ဒီရေများကို ယခင်ကထက် ပိုမို ကြောက်မက်ဖွယ်ကောင်းအောင် လှုပ်ခတ်စေခဲ့သည်။ ယင်းက ချင်မူနှင့် အခြားသူများကို ထိတ်လန့်သွားစေခဲ့လိမ့်မည်။

ချင်မူမှာ ဧရာမခေါင်းလောင်းကြီးကို သွန်းလုပ်စရာ ရှိသဖြင့် လာရောက်မစစ်ဆေးနိုင်ခဲ့ချေ။ ထို့ကြောင့် သူ၏ အဆုံးသတ်မြို့ပျက် ကြာပန်းကို ဖရိုဖရဲပင်လယ်ထဲတွင် စိုက်ပျိုး၍ ဒီရေလှိုင်းများအပေါ် ဖိနှိပ်ထားခဲ့သည်။

ထို့နောက် တိုက်ပွဲကြီးများစွာ ထပ်မံဖြစ်ပွားခဲ့ရာ ချင်မူလည်း လာရောက်စစ်ဆေးရန် အချိန်မရှိတော့ပေ။ သခင်လေးနှစ်သည် ထိုအခြေအနေကြောင့် မာန်တက်လာကာ အဆုံးသတ်မြို့ပျက်၏ ပြောင်းလဲမှုများကို ပိုမို ပြင်းထန်လာစေခဲ့၏။ ချင်မူ၊ မီလော့နန်းတော်နှင့် အနန္တအဘိုးအိုတို့ကို ခြိမ်းခြောက်ရင်း ဩဇာပြသလို ဖြစ်နေခဲ့သည်။

အနန္တအဘိုးအိုမှာ မီလော့နန်းတော်နှင့် ချင်မူတို့၏ တိုက်ခိုက်ခြင်း ခံထားရသဖြင့် အင်အား၊ ဩဇာအာဏာများ ကြီးမားစွာ ဆုံးရှုံးခဲ့ရကာ ပုန်းအောင်းနေခဲ့သည်။ မီလော့နန်းတော်မှာမူ သခင်လေးသုံး၏ တာအိုလက်နက် သက်ဆင်းရန် နီးကပ်နေပြီ ဖြစ်သဖြင့် လာရောက်စစ်ဆေးရန် အချိန်မရှိခဲ့ပေ။

ချင်မူကမူ အချိန် ရသွားခဲ့သည်။ ရောက်လာပြီးနောက် တစ်ချက်တည်းဖြင့် သူမကို ထပ်မံ ချုပ်ထားခဲ့လေသည်။

သခင်လေးနှစ်မှာ ဒေါသထွက်လွန်း၍ အံကြိတ်တောက်ခေါက်နေမိသည်။ "ငါသာ လွတ်မြောက်ခဲ့ရင်... ငါ..."

ထိုအချိန်တွင် အသူရာချောက်နက်တစ်ခု၏ အပေါ်မှ အသံတစ်သံ ထွက်ပေါ်လာပြီး ရယ်မောနေသည်။ "စကြဝဠာရဲ့ မွေးဖွားခြင်းနဲ့ ပျက်စီးခြင်းစွမ်းအားကို ထိန်းချုပ်ထားတဲ့ သခင်လေးနှစ်က ဒီလို အခြေအနေထိ ရောက်သွားတာပါလား… တကယ်ကို စိတ်မကောင်းစရာကောင်းတယ်... ဒေါသလည်း ထွက်စရာပဲ"

သခင်လေးနှစ်၏ နှလုံးသားမှာ လှုပ်ရှားသွားသည်။သူမက ခေါင်းမာ့၍ အေးစက်စွာ ရယ်မောလိုက်သည်။ "ဘယ်သူကများ ငါ့ကို လှောင်ရဲတာလဲ… ဆင်းလာရဲလား"

ထိုအသံက အေးဆေးစွာ ပြော၏။ "မင်းနဲ့ ငါက စကြဝဠာအားလုံးရဲ့ မူလရင်းမြစ်တွေပဲ... မင်းက စကြဝဠာရဲ့ မွေးဖွားခြင်း၊ ပျက်စီးခြင်းကို ထိန်းချုပ်တဲ့ အဆုံးသတ်မြို့ပျက် နတ်ဘုရားမ... ငါက စကြဝဠာကို ထောက်ပံ့ပေးထားတဲ့ အထွတ်အမြတ်သစ်ပင်... မင်းက မီလော့နန်းတော်အရှင်သခင်ရဲ့ ဖိနှိပ်တာ ခံရပြီး ခုနစ်ရဲ့ အနိုင်ကျင့်တာ ခံရတယ်... ငါလည်း မီလော့နန်းတော် သခင်လေးတွေရဲ့ အနိုင်ကျင့်တာ ခံရပြီး ခုနစ်ရဲ့ တိုက်ခိုက်တာ ခံရတယ်... ကျွတ်…. ကျွတ်… သနားစရာပဲ... ... ဒီစကြဝဠာမှာ သဘာဝအတိုင်း မပြောင်းလဲ မပျက်စီးနိုင်တဲ့ ပုဂ္ဂိုလ်နှစ်ယောက် ဒီလို တူညီတဲ့ အခြေအနေမျိုးကို ကျရောက်နေရတယ်လို့"

"အနန္တဘိုးတော်ကြီးလား" သခင်လေးနှစ်က အံ့ဩစွာ မေးလိုက်လေသည်။

အနန္တအဘိုးအို၏ အသံသည် အသူရာချောက်နက်တစ်ခုတည်းမှ ထွက်ပေါ်လာခြင်း မဟုတ်ချေ။ အသူရာချောက်နက် ဝင်ပေါက်အမျိုးမျိုးမှ တစ်ပြိုင်နက်တည်း ပျံ့လွင့်လာခဲ့၏။ ဤအဘိုးကြီး၏ အမြစ်များသည် စကြဝဠာမြစ်များတစ်လျှောက် ဖြတ်သန်းထိုးဖောက်ထားရင်း စကြဝဠာခေတ် အသီးသီးမှ အင်အားကြီးသိုင်းပညာရှင်များကို လိုက်လံ စုဆောင်းကာ ၁၇ စင်းမြောက် စကြဝဠာထဲသို့ ပို့ဆောင်ရန် ပြင်ဆင်နေသည်မှာ ထင်ရှားပေသည်။

ချင်မူနှင့် မီလော့နန်းတော်တို့က လှုပ်မရအောင် ဖိနှိပ်ထားသဖြင့်် အနန္တအဘိုးအိုမှာ စိတ်မရှည် ဖြစ်လာသည်။ ဤနှစ်သုံးထောင်အတွင်း နှစ်ဖက်စလုံး၏ အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခြင်း ခံခဲ့ရ၏။ ထို့အပြင် ချင်မူက ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ထားသဖြင့် သူ၏ လက်အောက်မှ သိုင်းပညာရှင်များမှာတာအိုမရနိုင်ကြတော့ပေ။ သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် စွမ်းဆောင်ရည်တို့သည်လည်း အထွတ်အထိပ် အခြေအနေသို့ ဘယ်တော့မှ ပြန်မရောက်နိုင်တော့ပေ။ ထို့ကြောင့် အပြောင်းအလဲဖြစ်ရန် သခင်လေးနှစ်အား လာရောက် ရှာဖွေခြင်း ဖြစ်မည်။

"ဘိုးတော် ... နင် တစ်ချိန်က ဆရာ့ရှေ့မှာ ငါ့ကို စွပ်စွဲခဲ့တယ်... ငါက တာအိုဖီဆန်သူလို့ ပြောခဲ့တယ်... အခုတော့ နင်က ငါနဲ့ လာပေါင်းချင်လို့ ငါ့ကို လာရှာတယ်ပေါ့လေ... ဒီဘိုးတော်ကြီး တကယ် အရှက်မရှိတာပဲ" သခင်လေးနှစ်က ခေါင်းမော့ကာ လှမ်းသရော်လိုက်၏။

အနန္တအဘိုးအိုက နှာမှုတ်လိုက်သည်။ သခင်လေးနှစ်သည် သူ့အပေါ် အမြဲ အမြင်မကြည်ခဲ့ပေ။ ပထမဆုံး တွေ့ဆုံချိန်မှစ၍ လေးစားခြင်းမရှိဘဲ သူ့ကို ဘိုးတော်ကြီးဟုသာ အမြဲ ခေါ်ဝေါ်ခဲ့သည်။

အမှန်တကယ်တွင်လည်း သူတို့နှစ်ဦးမှာ မတည့်ကြချေ။ လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက်တို့သည် အချင်းချင်း ဆန့်ကျင်နေသည်ဟု ဆိုနိုင်သည်။ အနန္တအဘိုးအိုကား အချိန်ကြာမြင့်စွာ ကျင့်ကြံ၍ လောကသစ်ပင်ဘဝမှ သူတော်စင်ဖြစ်လာခဲ့ကာ သခင်လေးနှစ်မှာမူ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲမှ မွေးဖွားလာသော အဆုံးသတ်မြို့ပျက် နတ်ဘုရားမ ဖြစ်သည်။ သူတို့နှစ်ဦးသည် မွေးကတည်းက ကမ္ဘ့ာရန်သူတော်များ ဖြစ်ရန် ကံပါလာသဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်မရခဲ့ပေ။

အနန္တအဘိုးအိုသည် မီလော့နန်းတော်အရှင်သခင်မှာ သူ့ကို ကြောက်ရွံ့သဖြင့် သူ့အား ထိန်းနိုင်ရန် သခင်လေးနှစ်ကို တမင်တကာ ပျိုးထောင်ခဲ့သည်ဟု ထင်မြင်ခဲ့သေး၏။ ထို့ကြောင့် သခင်လေးနှစ်ကို မကြာခဏ ဒုက္ခပေးတတ်သည်။

"နှစ်.... မင်းက မင့် မောင်ခုနစ်ရဲ့ ဖိနှိပ် အနိုင်ကျင့်တာ ခံနေရတယ်... ငါလည်း မီလော့နန်းတော်ရဲ့ ဖိနှိပ်တာ ခံနေရတယ်... တကယ်တော့ မင်းနဲ့ ငါက စကြဝဠာရဲ့ မပြောင်းလဲနိုင်တဲ့ အရာနှစ်ခုပဲ ... သူတို့နဲ့ မတူဘူး... သူတို့က ပိုးမွှားလေးတွေလို သတ္တဝါတွေ... စကြဝဠာ မွေးဖွား ပျက်စီးတာနဲ့ လိုက်ပါပျက်စီးနေရတာ... ငါတို့ကတော့ စကြဝဠာရဲ့ မွေးဖွားခြင်း ပျက်စီးခြင်းကို တစ်နှစ်လို့တောင် သတ်မှတ်ထားတာလေ... သူတို့ တစ်နှစ် ရှင်သန်ဖို့တောင် ခက်ခဲနေချိန်မှာ... ငါတို့ကတော့ အဆုံးမရှိ အသက်ရှည်နေတာ မဟုတ်လား"

အနန္တအဘိုးအိုက စိတ်ရှည်စွာ ဖျောင်းဖျနေသည်။ "မင်းက စကြဝဠာကို ဖျက်ဆီးနိုင်ပေမယ့် ငါ့ကို ဖျက်ဆီးလို့ မရဘူး... ငါက ဟင်းလင်းပြင်ကို ထောက်ပံ့ထားနိုင်ပေမယ့် မင်းကို တစ်သားတည်း ဖြစ်သွားအောင် မလုပ်နိုင်ဘူး.... မင်းနဲ့ ငါက တကယ်တော့ ဆက်တိုက်ခိုက်နေရင် အကျိုးမရှိဘူး... ငါတို့လို ရှေးကျပြီး မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီပိုးမွှားတွေရဲ့ ဖိနှိပ်တာကို ခံနေရတာက သည်းခံလို့ မရနိုင်တဲ့ ကိစ္စပဲ"

သခင်လေးနှစ်၏ နှလုံးသား လှုပ်ရှားသွားသည်။ အနန္တအဘိုးအို၏ စကားများမှာ အဓိပ္ပာယ် မရှိသည်တော့ မဟုတ်ချေ။ သူတို့သာ ပူးပေါင်းလိုက်ပါက သူတို့နှစ်ဦး ဖိနှိပ်ခံနေရသော ဤအကြပ်အတည်းအား အမှန်တကယ် ဖြေရှင်းနိုင်ပေလိမ့်မည်။

"ငါတို့ ပူးပေါင်းရင် အကျိုးကျေးဇူးတွေ အများကြီး ရှိတယ်"

အနန္တအဘိုးအို၏ အသံက ဖြည်းဖြည်းမှန်မှန် ပျံ့လွင့်လာသည်။ "တာအိုသစ်ပင်ကြောင့် ငါက မီလော့နန်းတော်ရဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်း အားလုံးနီးပါး ကျွမ်းကျင်တယ်... အနီရောင်ကြိုးထုံး ချိပ်တံဆိပ်က မီလော့နန်းတော်အရှင်သခင် နောက်ပိုင်းမှ ဖန်တီးခဲ့တဲ့ ကောင်းကင်နတ်သိုင်း ဆိုပေမယ့် ငါ့ရဲ့ အခြေခံနဲ့ဆို အနီရောင်ကြိုးထုံးကို ဖြေရှင်းဖို့က သိပ်မခက်ခဲပါဘူး... ငါ မင်း လွတ်အောင် ကူညီနိုင်တယ်"

သခင်လေးနှစ်က ပြုံးလိုက်၏။ "ခုနစ် ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်တာက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်နဲ့ ဟင်းလင်းပြင်ကို ပိတ်ထားတာလေ ... ဒါကြောင့် နင့်လက်အောက်က အင်အားကြီးသိုင်းပညာရှင်တွေ အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ပြီး တာအိုမရနိုင်ကြဘူး... သူတို့ တာအိုမရနိုင်တော့ နင်လည်း အထွတ်အထိပ် အတိုက်အခိုက်စွမ်းရည်ကို ပြန်မရနိုင်ဘူး... ဒါပေမဲ့ ငါက အဆုံးသတ်မြို့ပျက် နတ်ဘုရားမပဲ... ခုနစ်ရဲ့ ချိပ်တံဆိပ်ကို ဖောက်ထွက်နိုင်တာကြောင့် နင့်လက်အောက်က အင်အားကြီး သိုင်းပညာတွေ အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်စေပြီး တာအိုသစ်ပင်ကို ပြန်လည် ကျင့်ကြံစေနိုင်တယ်"

အနန္တအဘိုးအိုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "ဒီလိုဆိုရင် မင်း လွတ်မြောက်သွားပြီး ငါလည်း အထွတ်အထိပ် အတိုက်အခိုက်စွမ်းရည်ကို ပြန်ရနိုင်တယ်... နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့... နှစ်၊ မင်း ကောင်းကင်ဖွင့်လှစ်သူတွေနဲ့ ပူးပေါင်းတာ၊ ခုနစ်နဲ့ ဟန်ဆောင် ဆက်ဆံနေတာတွေက ကလေးကစားတာတွေပဲ... ငါနဲ့ ပူးပေါင်းမှ မင်းရဲ့ ရည်မှန်းချက်တွေ ပြည့်ဝနိုင်မှာ"

သူ၏ အသံသည် တဂျိန်းဂျိန်း မြည်ဟည်းလာ၏။ “မင်း စကြဝဠာကို ဖျက်ဆီးပြီး ခေတ်အသစ် ဖန်တီးနိုင်လိမ့်မယ်... ဘယ်သူပဲ ဖြစ်ဖြစ် မင်းကို တားဆီးလိမ့်မယ်... ငါက လွဲလို့ပေါ့... ငါလည်း စကြဝဠာရဲ့ မွေးဖွားခြင်းနဲ့ ပျက်စီးခြင်းကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် ကြီးထွားစေချင်တာ... ငါက မင်း အောင်မြင်တာကို ပျော်ပျော်ကြီး ကြည့်နေမှာပဲ... မင်းနဲ့ ငါ ရန်ဘက် ဖြစ်ရမယ့် ဘာအကြောင်းပြချက်မှ ရှာမတွေ့ဘူး"

သူ၏စကားများက အလွန် စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း တကယ်တမ်းတွင် နှစ်ဦးလုံး သိနေကြသည်။ သူတို့ ပူးပေါင်းနိုင်ခြေ ရှိသော်လည်း ရန်သူဆက်ဆံရေးသာ ဖြစ်လိမ့်မည်။ တစ်သက်လုံး ပူးပေါင်းသွားနိုင်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့၏ စွမ်းအားများသည် မွေးရာပါ ရန်သူတော်များ ဖြစ်ကြသည်။ အချင်းချင်း ဖိနှိပ်ဖျက်ဆီးကြသောကြောင့်ပင်။

သခင်လေးနှစ်က မျက်လုံးဝေ့လိုက်ရင်း ရယ်မောနေသည်။ "ပူးပေါင်းမယ်ဆိုရင် ဘိုးတော်... နင့်စိတ်ရင်းကို နည်းနည်း ပြရမှာပေါ့... အနီရောင်ကြိုးထုံး ချိပ်တံဆိပ်ကို ဖြေရှင်းနိုင်မလား ပြကြည့်"

"ကောင်းပြီလေ"

အနန္တအဘိုးအိုသည် ပွင့်ပွင့်လင်းလင်း တုံ့ပြန်၏။ "ဒါပေမဲ့... နင်လည်း သစ္စာရှိကြောင်း စိတ်ရင်းပြန်ပြရမယ် ... အန္တိမဟင်းလင်းပြင်မှာ တာအိုရနိုင်တဲ့ သိုင်းပညာရှင်တွေ ငါ့လက်အောက်မှာ ရှိနေတာ တွေ့ရမှ ဖြစ်မယ်"

"ဒါပေါ့"

နှစ်ဦးသား ချက်ချင်း လက်ခုပ်တီးကာ အသီးသီး ပြင်ဆင်ကြသည်။

အခြားတစ်ဖက်တွင် ချင်မူသည် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်မှ ထွက်ခွာလာပြီး ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ရောက်လာကာ သခင်လေးလင်းရှောင်၏ တာအိုလက်နက် သက်ဆင်းလာသည်ကို သွားကြည့်နေ၏။

မီလော့နန်းတော်သားအားလုံးသည် သူ လာမည်ကို သိထားသည့်အလား စောစီးစွာပင် ဝင်္ကပါများ ခင်းကျင်း၍ စောင့်နေကြသည်။

ချင်မူ မြို့ထဲသို့ လျှောက်ဝင်သွားပြီး ခြေလှမ်းများ ရပ်တန့်လိုက်သည်။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ အချိန်နှင့် နေရာဟင်းလင်းပြင်ထဲတွင် မျက်စိဖြင့် မမြင်နိုင်သော ဗျပ်စောင်းကြိုးများက ပင့်ကူအိမ်ကဲ့သို့ ဖြန့်ကျက်ထားပြီး သခင်လေးလင်းရှောင်၏ တာအိုလှံကို စောင့်ရှောက်ကာကွယ်နေသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် ရှေ့တစ်လှမ်း တိုးလာပြီး ဟိန်းဟောက်လိုက်၏။ သူက ခံ့ညားထည်ဝါသော အသံဖြင့် မာန်မဲသည်။ "ကောင်းကင်နတ်အရှင်မူ... မင်း သေမယ့်ရက် နီးနေပြီ... ဒီကို လာပြီး ရိုင်းစိုင်းရဲသေးတယ်ပေါ့"

ချင်မူ လှောင်ရယ်လိုက်မိသည်။ ယခင်က ကောင်းကင်နတ်အရှင်ဟောင်သည် အတော်လေး အသုံးမကျသော်လည်း အနည်းဆုံးတော့ ထင်ရှားကျော်ကြားသော ယောက်ျားတစ်ယောက် ဖြစ်နေခဲ့၏။ ယခုမူ ရည်မှန်းချက် အားလုံး ဆုံးရှုံးသွားခဲ့ချေပြီ။ မီလော့နန်းတော် သခင်လေးနှစ်ပါး၏ ကြိုးကိုင်မှုအောက်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ ရည်မှန်းချက်နှင့် အကြံအစည်ကြီးအားလုံး အိပ်မက်များအဖြစ်သာ ရှိတော့သည်။ သခင်လေးနှစ်ပါးအပေါ် အံ့ဩစရာ ကောင်းလောက်အောင် နာခံနေသည်မှာ အခြားသူများကိုပင် အားကျစေ၏။

ကောင်းကင်နတ်အရှင်ဟောင်က သူ၏ လှောင်ရယ်သံကို ကြားသောအခါ မျက်နှာနီရဲကာ ရှက်ရွံ့ ဒေါသထွက်သွားသည်။

ချင်မူက သူ့ကို လျစ်လျူရှုလိုက်ပြီး သူ၏အကြည့်က တာအိုလှံပေါ်သို့ ကျရောက်သွားသည်။ တာအိုလှံထဲတွင် အဆုံးမရှိသော တာအိုအရှိန်အဝါများ ကိန်းဝပ်နေကာ အဆက်မပြတ် တုန်ခါနေသည်။ ပတ်၀န်းကျင်တွင် လှံအရိပ်များဖြင့် ပြည့်နှက်နေလေသည်။

ဤသို့သော တာအိုလက်နက်၏ စွမ်းအားသည် ချင်မူ သွန်းလုပ်ထားသော ခေါင်းလောင်းကြီးထက်ပင် များစွာ ပို၍ အားကောင်းလိမ့်မည်။

"လှံကိုင်တဲ့သူ မရှိတာ နှမြောစရာပဲ”

ချင်မူက ပတ်၀န်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သူ၏အကြည့်သည် မီလော့နန်းတော် ခန်းမသခင် ဆယ့်နှစ်ဦးနှင့် တာအိုသိုင်းပညာရှင်များ၏ မျက်နှာများပေါ်မှ ဖြတ်သန်းသွား၏။ သူက ခေါင်းခါလိုက်သည်။ "လှံကိုင်တဲ့သူ မရှိရင် ဘယ်သူမှ ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

သူ ရှေ့သို့ ခြေလှမ်းလိုက်ရာ ဗျပ်စောင်းကြိုးများ ဒေါင်ခနဲ တုန်ခါသွားသည်။ အချိန်နှင့် နေရာထဲတွင် ဝှက်ထားသော ဗျပ်စောင်းကြိုးများထဲမှ တာအိုတေးသွားတစ်ခု ပျံ့လွင့်လာ၏။

ချင်မူ၏ ခန္ဓာကိုယ်က တာအိုတေးသံစဉ်ထဲတွင် နိမ့်လိုက် မြင့်လိုက် ဖြစ်နေသည်။ တစ်ခါတစ်ရံ သခင်လေးကျစ်ရှောင်၏ သိုင်းပညာထဲတွင် လျှောက်လှမ်းနေပြီး၊ တစ်ခါတစ်ရံ တုန်ခါနေသော ဗျပ်စောင်းကြိုးများပေါ်တွင် ရပ်နေ၏။ တစ်ခါတစ်ရံ လက်ဖဝါးကို ဗျပ်စောင်းကြိုးပေါ် တင်လိုက်ပြီး ဖြည်းညှင်းစွာ တီးခတ်ကာ ဗျပ်စောင်းကြိုးများဖြင့် ဖွဲ့စည်းထားသော ပိုက်ကွန်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားတတ်သည်။

ခန်းမသခင် ဆယ့်နှစ်ဦးနှင့် တာအိုသိုင်းပညာရှင်များ၏ မျက်နှာများမှာ ပိုမို လေးနက်လာသည်။ သခင်လေးကျစ်ရှောင်က ဟင်းလင်းပြင်မှတစ်ဆင့် ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်လိုက်သော်လည်း ချင်မူကို အနည်းငယ်မျှပင် မထိခိုက်နိုင်တော့ပေ။ ဤအချက်က သူတို့၏ နဖူးတွင် ချွေးစေးများ ထွက်လာစေသည်။

ချင်မူ၏ တိုးတက်နှုန်းသည် သူတို့ စိတ်ကူးထားသည်ထက် ကျော်လွန်နေ၏။ နှစ်သုံးထောင်အတွင်းမှာပင် သခင်လေးကျစ်ရှောင်နှင့် နေရာဟင်းလင်းပြင်မှတစ်ဆင့် တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်သာမက တည်ငြိမ်အေးဆေးနေသည်။ ယင်းက သူတို့ကို ဖိအားများ ခံစားလာစေရသည်။

"သူ မီလော့နန်းတော်ရဲ့ မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက် မဖြေရှင်းနိုင်ဘူး"

ကောင်းကင်နတ်အရှင်ဟောင်က ခန်းမများကို လျင်မြန်စွာ ဖွင့်၍ နေရာချထားလိုက်သည်။ ခန်းမ ၇၂ ခုစလုံးကို အစီအရီ ခင်းကျင်းပြီးနောက် ကောင်းကင်နတ်အရှင်ဟောင်က ခန်းမတစ်ခုရှေ့တွင် ရပ်လိုက်၏။ အခြား ခန်းမသခင် ဆယ့်နှစ်ဦးတွင်လည်း ကိုယ်ပိုင်ခန်းမများ အသီးသီး ရှိကြသည်။ သို့သော် မီလော့နန်းတော်၏ ခန်းမသခင် ၇၂ ဦးထဲမှ တချို့ သေဆုံးသွားခဲ့ပြီး တချို့ ခန်းမသခင်များလည်း ဆင်းသက်လာခြင်း မရှိသေးသဖြင့် အခြား တာအိုသိုင်းပညာရှင်များကိုသာ အစားထိုးနေရာယူစေခဲ့သည်။

သူတို့သည် တာအိုသင်္ဂြိုဟ်သိုင်းကွက်ဝင်္ကပါအား ခင်းကျင်းပြီး လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြ၏။ လက်ဖမိုးများပေါ်တွင် သွေးကြောစိမ်းများပင် ထောင်ထလာပြီး တဖြည်းဖြည်း ချဉ်းကပ်လာသော ချင်မူ့ကို သေချာ စိုက်ကြည့်နေကြသည်။

မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်ဆိုသည်မှာ မီလော့နန်းတော် သခင်လေးသုံးနှင့် သခင်လေးလေးတို့ ပူးပေါင်း၍ ချင်မူ၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို ပစ်မှတ်ထားကာ ဖန်တီးထားသော ပူးပေါင်းတိုက်ကွက် ဖြစ်သည်။ ချင်မူ့ကို သေစေနိုင်သော တိုက်ကွက်ဟု ဆိုရမည်။

အတိတ်တုန်းက ချင်မူ ကျောက်စိမ်းမြို့တော်ထောင်ချောက်ကို ရင်ဆိုင်ခဲ့စဉ်က ခန်းမသခင် ၇၂ ဦး၏ ပုံရိပ်ယောင်များသည် ချင်မူ၏ ကောင်းကင်ရတနာထဲသို့ ဆင်းသက်လာပြီး သူ၏ ကျောက်စိမ်းမြို့တော် ခန်း ၇၂ ခုထဲသို့ ဝင်ရောက်ခဲ့သည်။ သူတို့က မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်အား အသက်သွင်း၍ ချင်မူ့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးလေသည်။

ထိုအချိန်က ခန်းမသခင်ပုံရိပ်ယောင်တချို့သည် ချင်မူ၏ တိုက်ခိုက်ခြင်းကြောင့် ကြေမွသွားခဲ့သဖြင့် ခန်းမသခင် ၆၇ ဦးသာ မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်ကို ထုတ်ဖော်နိုင်ခဲ့ပြီး ဤပူးပေါင်းတိုက်ကွက်ကို အထွတ်အထိပ်သို့ မရောက်ရှိစေနိုင်ခဲ့ပေ။

ထို့အပြင် ထိုစဉ််က ပုံရိပ်ယောင်များ သက်ဆင်းလာခြင်းသာ ဖြစ်ခဲ့၏။ ခန်းမသခင် ၇၂ ဦး၏ ပုံရိပ်ယောင်များ အသုံးပြုနိုင်သော စွမ်းအားမှာ အမှန်တကယ်တွင် ချင်မူ၏ ကိုယ်ပိုင် ကောင်းကင်ရတနာများထဲမှ ကျောက်စိမ်းမြို့တော်၏ စွမ်းအားသာ ဖြစ်သည်။

ယခုအခါတွင်မူ သူတို့ အချိန်အတော်ကြာ ပြင်ဆင်ခဲ့ကြလေသည်။ ခန်းမသခင် ဆယ့်နှစ်ဦး၊ တာအိုသိုင်းပညာရှင် တစ်ရာကျော် ပေါင်းစပ်လိုက်ပါက ဤအသက်နှုတ်တိုက်ကွက်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ရန် လုံလောက်ပေသည်။

ပို၍ အရေးကြီးသည်မှာ ဤနှစ်များအတွင်း ချင်မူက နေရာအနှံ့ တိုက်ခိုက်ပြီး ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၊ အနန္တအဘိုးအိုနှင့် သူ၏ အင်အားစုများအပေါ် ဖိနှိပ်ခဲ့သည်။ သူ၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ‌ကောင်းကင်နတ်သိုင်းများကို၏ မီလော့နန်းတော်မှ လူတိုင်း၏ ရှေ့မှောက်တွင် ကွယ်ဝှက်မနေဘဲ ထုတ်ဖော် ပြသခဲ့၏။

သူတို့သည် နှစ်သုံးထောင် အချိန်ယူ၍ ချင်မူနှင့် ပက်သက်သမျှ အရာအားလုံးကို မှတ်တမ်းတင်ခဲ့ပြီး ကောင်းကင်နတ်အရှင်ဟောင်မှတစ်ဆင့် သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့ထံသို့ ပို့ဆောင်ခဲ့သည်။ သခင်လေးနှစ်ပါးက နှစ်သုံးထောင်ကြာအောင် လေ့လာခဲ့ပြီးနောက် မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်အား အဆက်မပြတ် ပြုပြင်မြှင့်တင်ခဲ့၏။

လက်ရှိ မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်ကား ယခင်က မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်နှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

"အားလုံးပဲ စိတ်မလှုပ်ရှားကြပါနဲ့"

ချင်မူကား နောက်ဆုံးတွင် ဗျပ်စောင်းကြိုးများ ခင်းကျင်းထားသော ပိုက်ကွန်ထဲမှ ထွက်လာနိုင်ခဲ့ချေပြီ။ သူ၏မျက်နှာက နွေးထွေးနေပြီး ပြုံးလျက် ပြော၏။ "ကျုပ်လည်း မီလော့နန်းတော်ရဲ့ သခင်လေး တစ်ပါးပါပဲ... ဂိုဏ်းတူညီအစ်ကိုတွေကို ဘယ်တော့မှ အန္တရာယ် မပေးပါဘူး"

ခန်းမသခင်တစ်ဦး၏ မျက်ထောင့်စွန်းများ တွန့်သွားပြီး အက်ကွဲသောအသံဖြင့် မေးသည်။ "မီလော့နန်းတော်က တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ခန်းမသခင်တချို့က သခင်လေးရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာ... သခင်လေး ဒီစကား ပြောတဲ့အချိန် တာအိုနှလုံးသားမှာ အပြစ်မကင်းသလို မခံစားရဘူးလား..."

ချင်မူ၏ အကြည့်က သူ၏ မျက်နှာပေါ်သို့ ကျရောက်သွားကာ သူ့မျက်နှာထားမှာ နူးညံ့နေ၏။ "ဟွာတုခန်းမသခင်ကိုး... ခင်ဗျားတို့ကို ပြောဖို့ မေ့နေတာ... ကျုပ်က မီလော့နန်းတော်ရဲ့ သခင်လေး မဟုတ်သေးဘူး... ဘာပဲဖြစ်ဖြစ် ကျုပ် ဆရာ မတင်ရသေးဘူးလေ... ခင်ဗျားတို့ရဲ့ ဂိုဏ်းတူ ညီအစ်ကိုလို့ မသတ်မှတ်နိုင်ဘူး... ဒါကြောင့် ခန်းမသခင်တချို့ကို သတ်လိုက်တာက ခွင့်လွှတ်ပေးလို့ ရပါတယ်... ကျုပ် ခင်ဗျားတို့ အားလုံးကို သတ်လိုက်ရင်တောင် အတိတ်ကို ပြန်ရောက်သွားတဲ့အခါ ခင်ဗျားတို့နဲ့ ရယ်မော စကားပြောပြီး အရက်အတူ သောက်နေဦးမှာပဲ"

မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်တစ်ဦးမှာ ဒူးတုန်သွားသည်။ သူသည် ခန်းမသခင်၏ ခန်းမကို ကျောမှီထားပြီး မဟာတာအို၏ ထောက်ပံ့မှု ရရှိထားသော်လည်း အနည်းငယ် ကြောက်ရွံ့နေမိ၏။

ဤသည်မှာ မိစ္ဆာမကောင်းဆိုးဝါး ဥပဒေမဲ့ လူရမ်းကားကြီးမဟုတ်လော။ ဝမ်းနည်းစရာကောင်းသည်မှာ သူ အတိတ်သို့ ပြန်သွား၍ သခင်လေးခုနစ် မည်မျှ ဆိုးသွမ်းယုတ်မာကြောင်း မပြောပြနိုင်ခြင်းပင်။

ချင်မူ၏ အကြည့်က ခန်းမတစ်ခုချင်းစီအား ဖြတ်သန်းသွားသည်။ သူ၏ အကြည့်မှာ အနည်းငယ် ထူးဆန်းနေ၏။ ထိုခန်းမဆောင်များ၏ နံရံများပေါ်တွင် "ဖြို" ဟူသော စာလုံးတစ်လုံး ရေးသားထားသည့်အလား ထင်ရသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် သူ၏ အကြည့် ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် ရင်ကော့လိုက်ပြီး ခန္ဓာကိုယ်ကို မတ်ထားလိုက်၏။

သို့သော် ချင်မူ၏ အကြည့်က သူ့ကိုကျော်သွားသဖြင့် အနည်းငယ် စိတ်ပျက်သွားမိသည်။

ချင်မူမှာ တာအိုနှလုံးသားထဲမှ ခန်းမဆောင် ၇၂ ခုအား အတင်းဖြိုဖျက်လိုသည့် ဆန္ဒကို ထိန်းချုပ်လိုက်ပြီး သခင်လေးလင်းရှောင်၏ တာအိုလှံပေါ်သို့ အကြည့် ရောက်သွား၍ အေးဆေးစွာ ပြော၏။ "ကျုပ် ဒီတစ်ခေါက် လာတာ အစ်ကိုသုံးရဲ့ တာအိုလှံစွမ်းအားကို ကြည့်ဖို့ပဲ...သတ်ဖို့ လာတာ မဟုတ်ဘူး... အားလုံးက ကျုပ်ကို အနန္တအဘိုးအိုကို ရင်ဆိုင်ဖို့ ကူညီခဲ့တာလေ... ကျေးဇူးတင်လို့တောင် မဆုံးသေးဘူး... ဘယ်လိုလုပ် သတ်ရမှာလဲ... အစ်ကိုသုံး"

သူက ရယ်မောလိုက်သည်။ "ကျွန်တော့်ကို ကြည့်ခွင့် ပေးပါဦး"

"ခုနစ်... မင်းကြည့်ဖို့ မဖြစ်နိုင်ဘူး"

ကောင်းကင်နတ်အရှင်ဟောင်မှာ သူ၏ အသိစိတ်အလျဉ် ဘေးသို့ တွန်းထုတ်ခံလိုက်ရသည်အား ခံစားလိုက်ရ၏။ သခင်လေးသုံး လင်းရှောင်၏ အသိစိတ်အလျဥ်က သူ၏ ခန္ဓာကိုယ်ထဲသို့ သက်ဆင်းလာကာ ပြောသည်။ "ဒီ တာအိုသင်္ဂြိုဟ်သိုင်းကွက်က မင်းအတွက် ပြင်ဆင်ထားတာ... မင်း ဒီအဆင့်ကို အရင် ကျော်ဖြတ်နိုင်ရင် ကြည့်ခွင့် ပေးမယ်”

All Chapters