← Chapters

အတိမ်အနက်

Vol. 140 Ch. 1801

အတိမ်အနက်

Vol. 140 Ch. 1801

ချင်မူက တည်ငြိမ်စွာဖြင့် သူ့ကို ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။ "ကောင်းပြီလေ"

နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်ကား ခန်းမ ၇၂ ခု အလယ်တွင် ပေါ်ထွက်လာ၏။

ဘုန်း

ဖရိုဖရဲချီစွမ်းအင်များ ထွက်ပေါ်လာပြီး ချက်ချင်းပင် ခန်းမ ၇၂ ခုအပေါ် လွှမ်းခြုံသွားကာ ဖရိုဖရဲပင်လယ်အဖြစ် ပြောင်းလဲသွားသည်။

ခန်းမများ၏ အရှေ့တွင် ခန်းမသခင်ဆယ့်နှစ်ဦးနှင့် မီလော့နန်းတော် တာအိုသိုင်းပညာရှင် တစ်ရာ့ရှစ်ဦးတို့က မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်ကို အလျင်အမြန် အသက်သွင်းလိုက်ကြသည်။ သို့သော် ထိုအချိန်တွင် ဖရိုဖရဲပင်လယ်ထဲမှ ဧရာမကြာရွက်ကြီးများ တစ်ရွက်ပြီးတစ်ရွက် မြောက်တက်လာပြီး အဆုံးသတ်မြို့ပျက် ကြာပန်းများ လှည့်ပတ်ပွင့်လန်းလာ၏။

လှိုင်းသံများ ပြင်းထန်စွာ မြည်ဟည်းလာကာ ကြယ်တာရာများ ဖရိုဖရဲပင်လယ်ထဲမှ ထွက်ပေါ်လာသည်။ ၎င်းတို့က ပိုမို မြင့်တက်လာပြီး ကောင်းကင်တွင် ကြယ်တာရာများ ပြည့်နှက်သွား၏။ ကြယ်တာရာများက ကြယ်စုများ၊ နက္ခတ်များ၊ နဂါးငွေ့တန်းများအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာလောကအားလုံး တစ်ခုပြီးတစ်ခု ဖြစ်တည်လာတော့သည်။

ဖရိုဖရဲပင်လယ်၏ အပေါ်ဘက်တွင် ကမ္ဘာဦးဘုံ၊ ဘိုးဘေးနန်းတော်၊ ရွှမ်တု၊ ယိုတုတို့အားလုံး တစ်ပြိုင်နက် ထွက်ပေါ်လာရာ အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

တစ်ချိန်တည်းမှာပင် ချင်မူ၏ အနောက်တွင် ဖရိုဖရဲခန်းမ ဖွဲ့တည်လာသည်။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ခန်းမ ၇၂ ခုတို့က ပြီးပြည်စုံနေပြီး သူ၏ ဖရိုဖရဲခန်းမသည် ခန်းမ ၇၂ ခုဖြင့် ဖွဲ့စည်းထားသော ကျောက်စိမ်းမြို့တော်ထဲတွင် တည်ရှိနေ၏။ ယင်းက ၇၃ ခုမြောက် အထွတ်အမြတ်ခန်းမ ဖြစ်လာသည်။

"ခွန်အားဖြင့် တာအိုရရှိခြင်း”

ကောင်းကင်နတ်အရှင်ဟောင်၏ စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွား၏။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ခန်းမ ၇၂ ခုသည် ခွန်အားဖြင့် တာအိုရရှိခြင်း အဆင့် ဖြစ်သည်မှာ သေချာသည်။ ချင်မူကား ဖရိုဖရဲခန်းမကို ကျော်ဖြတ်၍ ဖရိုဖရဲခန်းမ၏ ဧကရာဇ်ပလ္လင်အပေါ်သို့ မတက်လှမ်းနိုင်သေးသော်လည်း ခွန်အားဖြင့် တာအိုရယူရန် လုံလောက်နေချေပြီ။

ဤနှစ်သုံးထောင်အတွင်း ချင်မူက တခြားသော ဧကရာဇ်ပလ္လင် ကျင့်စဉ်သုံးမျိုးကို စုပ်ယူခဲ့ပြီး သူ၏ ကောင်းကင်နန်းဆောင် အရေအတွက်ကို ဖြည့်တင်းလိုက်သည်မှာ ထင်ရှားသည်။

ယင်းကျင့်စဉ်သုံးခုသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ လာခြင်း မဟုတ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤနှစ်သုံးထောင်လုံး ချင်မူမှာ ဘိုးဘေးနန်းတော်တွင် ကျောက်စိမ်းမြို့တော်နှင့် လောကသစ်ပင်ကို ဖိနှိပ်ရန် နေခဲ့ရသည်မဟုတ်လော။

ထိုသို့ဆိုလျှင် ကျင့်စဉ်သုံးခုကား ဘိုးဘေးနန်းတော်ထဲမှသာ လာနိုင်လိမ့်မည်။ ချင်မူ အလွယ်ကူဆုံး ရရှိနိုင်သော ကျင့်စဉ်များမှာ ရှုရှန်းဟွာ၊ လန်ယွီတျန်း၊ တာအိုဘိုးဘေးကြီးနှင့် ကျန်းပိုင်ကွေ့တို့ထံမှ ဖြစ်သည်။

အခြားသူများထံမှ ဧကရာဇ်ပလ္လင် ကျင့်စဉ်များကို ရထားခဲ့ခြင်းဆိုလျှင် ကိစ္စမရှိပေ။ မည်သို့ပင်ဆိုစေ လောကရှိ ကောင်းကင်နတ်သိုင်းအားလုံးသည် မီလော့နန်းတော်မှ ဆင်းသက်လာခြင်း ဖြစ်၏။ မည်သည့် ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်း ဖြစ်စေ မီလော့နန်းတော်၏ အရိပ်အောက်မှ မလွတ်နိုင်။

သို့သော် ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် ကျန်းပိုင်ကွေ့တို့မှာမူ မတူညီပေ။

သူတို့ သုံးဦးထဲတွင် ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့သည် အတွင်း၌ တာအိုရရှိပြီး အပြင်ကို အားမကိုးသော တာအိုလမ်းစဉ်အား ဖန်တီးခဲ့ကြသူများ ဖြစ်သည်။ ကျန်းပိုင်ကွေ့မှာမူ ကမ္ဘာခေတ်နှောင်းတာအိုတွင် အောင်မြင်မှုရထားသူ ဖြစ်၏။

ချင်မူသာ သူတို့သုံးဦး၏ ဧကရာဇ်ပလ္လင် ကျင့်စဉ်များကို ကျင့်ကြံလိုက်မည် ဆိုပါက ခွန်အားဖြင့် တာအိုအောင်မြင်မှုတွင် မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ပေ။

ခွန်အားဖြင့် တာအိုရယူခြင်းက မှော်စွမ်းအင်နှင့် ကိုယ်ခန္ဓာခွန်အားကို စိတ်ကူးပင်မယဉ်နိုင်သော အဆင့်တစ်ဆင့်သို့ မြှင့်တင်ပေးလိမ့်မည်။ ခန်းမ ၇၂ ခုမှ ခန်းမသခင်တိုင်းထက် ကျော်လွန်သွားမည်မှာ သေချာသည်။

ခွန်အားဖြင့် တာအိုရရှိခြင်းသည် အပြင်လမ်းစဉ် ဖြစ်သော်လည်း ချင်မူကား ကျောက်စိမ်းမြို့တော် ထောင်ချောက်မှ စောစီးစွာ လွတ်မြောက်ခဲ့ပြီး မဟုတ်လော။ သူ၏ ခွန်အားဖြင့် တာအိုရရှိခြင်းမှ လိုက်ပါလာမည့် စွမ်းအားသည် သူကိုယ်တိုင်နှင့်သာ သက်ဆိုင်လိမ့်မည်။ ထိုက်ငါးပါးဖြင့် တာအိုရရှိခြင်းနှင့် အဆုံးသတ်မြို့ပျက်ဖြင့် တာအိုရရှိခြင်းတို့ကိုလည်း ပေါင်းစပ်လိုက်ပါက သူ၏ အတိုက်အခိုက်စွမ်းရည်မှာ မှန်းဆမရနိုင်သော အမြင့်အထိ ရောက်ရှိသွားပေမည်။

"သခင်လေးသုံးက ကောင်းကင်နတ်အရှင်မူရဲ့ စွမ်းအားကို မှားယွင်းတွက်ချက်မိသွားပြီ"

ကောင်းကင်နတ်အရှင်ဟောင်မှာ သခင်လေးသုံးနှင့် အခြားသူများကို ရုတ်ခြည်း ပြောပြလိုသော်လည်း ဤအခိုက်အတန့်တွင် သခင်လေးသုံး၏ အသိစိတ်အလျဥ်က သူ၏ အတွေးအခေါ်နှင့် အသိစိတ်အလျဥ်ကို ဦးနှောက်၏ ထောင့်တစ်နေရာတွင် ဖိနှိပ်ထားသည်။ သူ၏ ခန္ဓာကိုယ်အပေါ် လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

"ကောင်းကင်နတ်အရှင်မူရဲ့ လောကသစ်ပင်ပေါ်မှာက တာအိုသစ်သီး နှစ်လုံးနဲ့ တာအိုပန်းပွင့် သုံးပွင့်တင် မဟုတ်ဘူး"

သူ အသံထွက်လိုသော်လည်း မည်သည့် အသံမျှ ထွက်လာခြင်း မရှိပေ။ "ကောင်းကင်နတ်အရှင်မူရဲ့ လောကသစ်ပင်ပေါ်မှာ တာအိုသစ်သီး သုံးလုံး ရှိတယ်... တတိယ တာအိုသစ်သီးက ခွန်အားနဲ့ တာအိုရရှိခြင်းရဲ့ တာအိုသစ်သီးပဲ... မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်က သူ့ရဲ့ ထိုက်ငါးပါး တာအိုရဲ့ တာအိုသစ်သီး နှစ်လုံးနဲ့ တာအိုပန်းပွင့်သုံးပွင့်ကိုပဲ ပစ်မှတ်ထားတာ"

တစ်ချိန်တည်းမှာပင် မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်၏ စွမ်းအား ပေါက်ကွဲထွက်လာသည်။ ခန်းမသခင် ဆယ့်နှစ်ဦးသာ သက်ဆင်းလာပြီး ကျန်ခန်းမသခင်များမှာ ၁၆ စင်းမြောက် စကြဝဠာတွင် ရှိနေသေးသော်လည်း မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်၏ စွမ်းအား ပေါက်ကွဲထွက်ချိန်တွင် ၎င်းက ချင်မူ၏ ကောင်းကင်ရတနာနှင့် ကောင်းကင်နတ်သိုင်းများကို တိကျစွာ ပစ်မှတ်ထားလာ၏။

မီလော့နန်းတော်၏ တာအိုသိုင်းပညာရှင်များမှာ နှစ်သုံးထောင် အချိန်အတွင်း ချင်မူကို လေ့လာခဲ့ကြရသည့် အလျောက် သူ၏ ကောင်းကင်နတ်သိုင်းနှင့် လမ်းစဉ်၊ ကျင့်စဉ်များကို ထိုးလိုမွှေရေလိုနှောက် သိထားကြသည်။ သူ၏ ကောင်းကင်နတ်သိုင်း ဖွဲ့စည်းပုံကိုလည်း အသေးစိတ်လေ့လာထားကြပြီး သူ ပိုင်နိုင်သည့် မဟာတာအိုများကိုလည်း အနုစိတ် လေ့လာခဲ့ကြသည်။

မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်သည် မီလော့နန်းတော်၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို အခြေခံ၍ ချင်မူ၏ ကျင့်စဉ်၊ ကျင့်ကြံခြင်းနှင့် မဟာတာအိုတို့အပေါ် ပစ်မှတ်ထား ဖန်တီးထားသော အထွတ်အမြတ် ကောင်းကင်နတ်သိုင်း ဖြစ်သည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ ပို၍ မျှော်လင့်ချက် ကင်းမဲ့သွားသည်။ "တာအိုသစ်သီး တစ်လုံး လျှော့တွက်မိသွားတယ်"

ဤအခိုက်အတန့်တွင် ခန်းမ ၇၂ ခုမှ တာအိုသံကြိုးများ ထွက်လာကာ ဖရိုဖရဲပင်လယ်ထဲသို့ ထိုးဖောက်သွားသည်။ ကောင်းကင်ဘုံများ တစ်ထပ်ပြီးတစ်ထပ် ဖြန့်ကျက်လာပြီး ချင်မူ၏ ကမ္ဘာလောကများအား ဖြတ်တောက်ပစ်၏။

ဤအခိုက်အတန့်တွင် ခန်းမ ၇၂ ခုမှ ထွက်ပေါ်လာသော တာအိုအရှိန်အဝါသည် ခန်းမသခင် ၇၂ ဦး၏ ကိုယ်ပိုင်နယ်ပယ်အသီးသီးမှ အထွတ်အမြတ် အောင်မြင်မှုများကို ပြသနေလေသည််။ ခန်းမတိုင်းသည် တာအိုအဆင့် ကောင်းကင်ဘုံ ၄၀ နှင့် ကိုက်ညီပြီး ကောင်းကင်ဘုံ ၄၀ တို့က ချင်မူ၏ ကမ္ဘာလောကများကို အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်လိုက်သည်။

သခင်လေးလင်းရှောင်က ကောင်းကင်နတ်အရှင်ဟောင်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ထားသည်။ မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်၏ အထောက်အပံ့အောက်တွင် မီလော့နန်းတော်အရှင်သခင် ကိုယ်တိုင် သက်ဆင်းလာပြီး မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်၏ စွမ်းအားကို ထိန်းချုပ်နေသကဲ့သို့ ထင်ရသည်။

ခန်းမသခင် ဆယ့်နှစ်ဦးနှင့် ကျန်တာအိုသိုင်းပညာရှင် တစ်ရာ့ရှစ်ဦးတို့၏ တာအိုသစ်ပင်များမှ အလင်းရောင်များ ဖြာထွက်လာပြီး တာအိုသစ်သီးတစ်လုံးပြီးတစ်လုံး ကောင်းကင်သို့ ပျံတက်သွား၍ ဖရိုဖရဲပင်လယ်အပေါ် ဖိနှိပ်လိုက်ရာ ဖရိုဖရဲပင်လယ်မှာ လှိုင်းတံပိုးများ မထကြွနိုင်တော့ပေ။

ချင်မူ၏ အဆုံးသတ်မြို့ပျက် ကြာပန်းနှင့် ကြာရွက်များသည်လည်း စွမ်းအား အနည်းငယ်မျှ ဆုံးရှုံးလိုက်ရသည်။

"အောင်မြင်ပြီ"

ခန်းမသခင် ဆယ့်နှစ်ဦးနှင့် တာအိုသိုင်းပညာရှင် တစ်ရာ့ရှစ်ဦးတို့ စိတ်ဓာတ် တက်ကြွသွားကြသည်။ အားလုံး၏ မှော်စွမ်းအင်များ စုစည်းသွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်၍ မဟာတာအိုမှန်သမျှ ဖျက်ဆီးနိုင်သော တိုက်ကွက်အဖြစ် ပြောင်းလဲသွားသည်။

ယခု သူတို့သည် အခွင့်အရေးအား စောင့်နေကြချေပြီ။ ချင်မူ သူ၏ စွမ်းအားအားလုံး ထုတ်ဖော်လိုက်သည့်အချိန် မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်၏ အနိုင်ယူ ဖြိုခွင်းခြင်း ခံရမည့် အခွင့်အရေး ဖြစ်သည်။

ထိုအချိန်တွင် ချင်မူ၏ ဖရိုဖရဲခန်းမက ဝုန်းခနဲ ပွင့်သွားပြီး ဖရိုဖရဲခန်းမထဲမှ လောကသစ်ပင် ပျံသန်းထွက်လာသည်။ လောကသစ်ပင်ပေါ်ရှိ တာအိုသစ်သီး နှစ်လုံးနှင့် တာအိုပန်းပွင့် သုံးပွင့်မှ တာအိုအလင်းရောင်များ ဖြာထွက်လာပြီး ထိုက်ငါးပါးသတ္တုကြောများအဖြစ် ပြောင်းလဲကာ ဖရိုဖရဲပင်လယ်အပေါ်တွင် ‌မြောလွင့်နေ၏။

ဘ၀ပြန်ဝင်စားခြင်း မဟာတာအိုသည် လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးအား ဖော်ဆောင်လျက် ဖရိုဖရဲပင်လယ်၏ မျက်နှာပြင်ပေါ်တွင် တဝှီးဝှီး လည်ပတ်နေသည်။

"ငါ စောင့်နေတာ ဒီအခွင့်အရေးပဲ"

သခင်လေးလင်းရှောင်၏ မျက်လုံးများ တောက်ပသွားပြီး ကောင်းကင်နတ်အရှင်ဟောင်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ကာ မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်၏ စွမ်းအားကို စုစည်းလိုက်သည်။ သိုင်းကွက်စွမ်းအား ပေါက်ကွဲထွက်လာပြီး လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးအား ဖြတ်သန်းသွား၏။

ဤကောင်းကင်နတ်သိုင်းသည် ကြီးမားကျယ်ပြန့်လှသောကြောင့် ကောင်းကင်နှင့် မြေကြီးသည်ပင် တိမ်းစောင်းသွားသည်။ နေနှင့် လတို့ ပျက်စီး၍ ကောင်းကင်ဘုံများ ပြိုကွဲသွား၏။ ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုအားလုံး ကြေမွသွားသည်။ လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးပင်လျှင် မှုန့်မှုန့်ညက်ညက် ကြေသွားချေပြီ။

ချင်မူ၏ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးများမှ ပြောင်းလဲလာသော ထိုက်ငါးပါး သတ္တုကြောများလည်း ချက်ချင်း ဖိနှိပ်ခံလိုက်ရပြီး သတ္တုကြောကြီး ငါးခုစလုံး ပျက်စီးသွားသည်။

အသေးစိတ် ခွဲခြမ်းကြည့်ပါက မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်အား မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းငယ်များအဖြစ် ခွဲခြမ်းနိုင်၏။ တစ်ခုချင်းစီတိုင်းသည် ချင်မူ၏ မဟာတာအို ပစ်မှတ်ထားကာ တစ်ခဏအတွင်း သူ၏ မဟာတာအို အားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

မဟာတာအို မရှိတော့ပါက ချင်မူ၏ ကျင့်ကြံခြင်းအခြေခံကား ပျက်စီးသွားမည်ဖြစ်ပြီး ကောင်းကင်နတ်သိုင်းများတွင်လည်း စွမ်းအား ရှိတော့မည် မဟုတ်ပေ။ ချင်မူသည်လည်း အခြားသူများ သတ်ဖြတ်သမျှကိုသာ ခံရပေလိမ့်မည်။

မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်က ချင်မူ၏ အရာအားလုံးကို ဖျက်ဆီးပစ်ပေတော့မည်။ သူ၏ ကောင်းကင်ရတနာများ၊ ထိုက်ငါးပါး မဟာတာအို၊ တာအိုသစ်သီး၊ တာအိုပန်းပွင့်နှင့် လောကသစ်ပင်တို့ကို ဖျက်ဆီးပစ်တော့မည်။ သူ၏ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို ဖြိုခွင်းပြီး သူ၏ ကောင်းကင်နတ်ဘုံနှင့် ကောင်းကင်နန်းဆောင်းကို ဖြိုချပစ်လိမ့်မည်။

အမှန်တွင် ဤတိုက်ကွက်သည် သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိ၏။

သို့သော် သခင်လေးလင်းရှောင်၏ မျက်နှာပေါ်၌ အပြုံးပေါ်ထွက်လာသည့် အချိန်မှာပင် ချင်မူ၏ လောကသစ်ပင်ရှိ အကိုင်းအခက်နှင့် သစ်ရွက်များ လှုပ်ရှားသွားပြီး တတိယမြောက် တာအိုသစ်သီး သီးပွင့်လာတော့သည်။

ဘုန်း

ပြင်းထန်သော တုန်ခါမှုများက ချက်ချင်းပင် ဖရိုဖရဲပင်လယ်ထဲတစ်လျှောက် ရိုက်ခတ်သွားပြီး မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်၏ စွမ်းအားကို ကြွတက်သွားစေသည်။ မူလက မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်သည် ချင်မူအပေါ် ကို လုံးဝ ဖိနှိပ်ထားနိုင်‌သော်လည်း ယခုမူ ချင်မူ၏ စွမ်းအားက တရှိန်ထိုး မြင့်မားလာချေပြီ။ ခန်းမသခင် ဆယ့်နှစ်ဦးနှင့် တာအိုသိုင်းပညာရှင် တစ်ရာ့ရှစ်ဦးတို့ မခံနိုင်တော့ပေ။

ဘုန်း

နောက်ထပ် တုန်ခါလှိုင်းများ ဖြာထွက်လာသည့်အခါ ချင်မူ၏ အနောက်ရှိ ဖရိုဖရဲခန်းမ ပျောက်ကွယ်သွားသည်။ ၎င်းအစား ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်း ဖြစ်တည်လာသည်။ မြစ်များက အဆုံးမရှိသည့်အလား တဝေါဝေါ စီးဆင်းနေပြီး ခန်းမ ၇၂ ခုမှာ မတူညီသော မြစ်များပေါ်တွင် အသီးသီး တည်ရှိနေကြလေသည်။

အားလုံး အံ့အားသင့်သွားကြသည်။ သခင်လေးလင်းရှောင်က အလျင်အမြန် အော်ဟစ်လိုက်၏။ "ကောင်းကင်နတ်သိုင်းကို ထိန်းထား... မြစ်ထဲ မကျသွားစေနဲ့"

မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်၏ စွမ်းအား အလုံးစုံ ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပင် ချင်မူ့လက်ထဲ၌ ဧရာမခေါင်းလောင်းကြီးတစ်လုံး ဖွဲ့တည်လာလေသည်။ ခေါင်းလောင်း မြည်ဟည်းသည့်အခါ လှိုင်းတံပိုးများ အရပ်လေးမျက်နှာသို့ ဖြာဆင်းသွားသည်။ စောစောကလေးတင် မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက် ဖျက်ဆီးခဲ့သော ကမ္ဘာလောကများက လူတိုင်း၏ ရှေ့မှောက်တွင် ထပ်မံပေါ်လာချေပြီ။

"ထိန်းထား... မြစ်ထဲ မကျသွားစေနဲ့"

သခင်လေးလင်းရှောင် ဤသို့ ပြောလိုက်စဉ် ရုတ်တရက် တာအိုသိုင်းပညာရှင်တစ်ဦးမှာ ဟန်ချက်ပျက်သွားပြီး ခန်းမရှေ့မှ ပြုတ်ကျသွားသည်။ ဖရိုဖရဲမြစ်ထဲသို့ ကျသွားလျှင်ချင်း လှိုင်းလုံးများနှင့်အတူ စုန်းစုန်မြုပ်၍ ပျောက်ကွယ်သွားတော့သည်။

ဒေါင်….ဒေါင်… ဒေါင်

ခေါင်းလောင်းသံ အဆက်မပြတ် မြည်နေသည်နှင့်အမျှ တာအိုသိုင်းပညာရှင်များမှာ မတ်မတ်မရပ်နိုင်ကြတော့ချေ။ ခန်းမရှေ့မှ လွင့်စင်ကာ မြစ်ထဲသို့ ပြုတ်ကျကုန်ကြသည်။

မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်၏ ဝင်္ကပါ ပျက်စီးသွားပြီဖြစ်သောကြောင့် အားလုံး၏ နှလုံးသားများ အေးခဲသွားသည်။ သူတို့မှာ ချင်မူ၏စွမ်းအားကို မှားယွင်းစွာ တွက်ချက်ခဲ့လေသည်။ တာအိုသစ်သီး တစ်လုံးသာ လျှော့တွက်မိခဲ့‌သော်လည်း ထိုမှားယွင်းမှုက အားလုံး ရှုံးနိမ့်သွားစေသည်။

ယခု မီလော့တာအိုသင်္ဂြိုဟ်သိုင်းကွက်၏ စွမ်းအားမှာ မပြင်းထန်နိုင်တော့၍ ချင်မူ၏ ဧရာမခေါင်းလောင်းကြီးကို မခုခံနိုင်တော့ပေ။ ဆက်လက် တိုက်ခိုက်နေပါက အားလုံး ဖရိုဖရဲမြစ်ထဲသို့ ပစ်ချခံရပေလိမ့်မည်။

ဖရိုဖရဲမြစ်ထဲသို့ ကျသွားပါက ပျက်စီးခြင်းကပ်ဘေးအား ရှင်သန်လျှင်တောင်မှ အတိတ်တွင် ပျက်စီးသွားခဲ့သော စကြဝဠာထဲသို့ ပို့ဆောင်ခံရပေလိမ့်မည်။ မီလော့နန်းတော်၏ အကာအကွယ် မရှိသည့် အခြေအနေတွင် ပျက်စီးခြင်းကပ်ဘေးကို ခုခံနိုင်လျှင်တောင်မှ မွေးဖွားခြင်းကပ်ဘေးကို ခုခံနိုင်မည် မဟုတ်ပေ။

သခင်လေးလင်းရှောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လက်ဆန့်တန်းလိုက်သည်။ တာအိုလှံက ပျံသန်းလာပြီး ချင်မူ၏ ဧရာမခေါင်းလောင်းကြီးဆီသို့ ထိုးစိုက်လိုက်၏။

ဒေါင်

ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းကွဲသွားစေနိုင်သည့် အသံကြီး ပဲ့တင်ရိုက်ခတ်သွားသည်။ ချင်မူ၏ ခေါင်းပေါ်မှ ဧရာမခေါင်းလောင်းကြီးမှာ လှံတစ်ချက်တည်းဖြင့် ထိုးစိုက်ခံလိုက်ရကာ နောက်သို့ လွင့်ထွက်သွားလေသည်။

ချင်မူ တုန်လှုပ်သွားပြီး ချက်ချင်း နောက်သို့ ပျံသန်း ဆုတ်ခွာလိုက်သည်။ "အစ်ကိုသုံး... ခင်ဗျားသာ တာအိုလှံကို စောစော ထုတ်သုံးပြီး ကျွန်တော့်ကို စွမ်းအား ကြည့်ခွင့်ပေးခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး... ကျွန်တော် ဒီတစ်ခေါက် လာတာ ခင်ဗျားရဲ့ တာအိုလှံ စွမ်းအားကို လာကြည့်တာပဲလေ... အခု တာအိုလှံရဲ့ စွမ်းအားကို မြင်တွေ့ပြီးပြီ... သွားလိုက်ပါဦးမယ်"

သူက ပျံသန်းသွားပြီး ကျောက်စိမ်းမြို့တော်မှ ချက်ချင်း ထွက်ခွာရန် ပြင်လိုက်သည်။

သခင်လေးလင်းရှောင်မှာ သတ်ဖြတ်လိုစိတ်ကြောင့် မျက်လုံးများ နီရဲနေချေပြီ။

သူက ကောင်းကင်နတ်အရှင်ဟောင်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ကာ လှံနှင့်အတူ တိုက်ခိုက်လာသည်။ တာအိုလှံသည် အပြည့်အဝ ဆင်းသက်လာခြင်း မရှိသေးသဖြင့် စွမ်းအားမှာ အထွတ်အထိပ် အခြေအနေ မဟုတ်သေးချေ။ သို့သော် တာအိုလှံ ထွက်ပေါ်လာသည်နှင့် ချင်မူ၏ ဧရာမခေါင်းလောင်းကြီးမှာ လုံးဝ မခုခံနိုင်တော့ပေ။

ဒေါင်

နောက်ထပ် ကြောက်မက်ဖွယ် ခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာပြီး ကျောက်စိမ်းမြို့တော်ထဲရှိ ခြောက်သွေ့နေသော တာအိုသစ်ပင်တောအုပ်မှာ ချက်ချင်း အမှုန့်ကြေသွားသည်။

‌‌ဒေါင်

ခေါင်းလောင်းသံ ထပ်မံ ထွက်ပေါ်လာပြီး မြို့ထဲရှိ ခန်းမတစ်ခု ရုတ်တရက် ပြိုလဲပြာကျသွား၏။

သခင်လေးလင်းရှောင်က လှံကိုင်လျက် ချင်မူ့အား လိုက်သတ်နေသည်။ တာအိုလှံက ဧရာမခေါင်းလောင်းကြီးကို တစ်ချက်ပြီးတစ်ချက် ထိုးစိုက်နေသဖြင့် ခေါင်းလောင်းကြီးမှာ အပေါက်များ ဗလပွ ဖြစ်နေ၏။ ချင်မူ မြို့ပြင်သို့ လွင့်ထွက်သွားသည့်အချိန်၌ တောက်ပသစ်လွင်နေခဲ့သော ကျောက်စိမ်းမြို့တော်မှာ အပြိုပြိုအလဲလဲ ကျန်ရစ်ခဲ့သည်။

မြို့ထဲတွင် ပရမ်းပတာ ဖြစ်နေကြ၏။ ခန်းမသခင် ဆယ့်နှစ်ဦးတို့က ဖရိုဖရဲမြစ်ထဲသို့ ကျသွားသော တာအိုသိုင်းပညာရှင်များကို အသီးသီး ကယ်ဆယ်နေကြသော်လည်း အားလုံး ကယ်တင်ရန် အချိန်မမီချေ။ တာအိုသိုင်းပညာရှင် ဆယ်ဦးကျော် မြစ်ထဲသို့ ကျသွားပြီး ပျောက်ကွယ်သွားကြသည်။

ချင်မူ ကျောက်စိမ်းမြို့တော် အပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရသည်နှင့် ဖရိုဖရဲမြစ် ပျောက်ကွယ်သွားသည်။ ၎င်းတို့က ချင်မူ၏ ဖရိုဖရဲခန်းမထဲမှ ဖရိုဖရဲမြစ်မြစ်ဆယ့်ခြောက်စင်း ဖြစ်ကာ စကြဝဠာခေတ် ဆယ့်ခြောက်ခေတ်၏ ပျက်စီးခြင်းကပ်ဘေးများနှင့် ချိတ်ဆက်နေ၏။ ထိုထဲသို့ ကျသွားပါက အသက်ရှင်ရန် ခဲယဉ်းပေလိမ့်မည်။

ဘုန်း

မြို့အပြင်မှ ပြင်းထန်သော တုန်ခါမှုများ ဖြာထွက်လာသည်။ မိုင်ပေါင်းသောင်းချီ ရှည်လျားသော တောင်စဉ်တန်းတစ်ခုအား သခင်လေးလင်းရှောင်က လှံတစ်ချက်တည်းဖြင့် ကော်,မ လိုက်သည်။ ချက်ချင်းပင် တောင်တန်းသည် ရှည်လျားသော နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ချင်မူ့ကိုယ်ပေါ်သို့ ရိုက်ချလိုက်သည်။ တာအိုလှံက ဧရာမခေါင်းလောင်းကြီးကို ထပ်မံ ထိုးစိုက်လိုက်ရာ ခေါင်းလောင်းကြီး၏ နေရာအနှံ့မှ လေများ ထိုးထွက်လာတော့သည်။

သူတို့နှစ်ဦး၏ တိုက်ပွဲကြောင့် မြို့အပြင်ဘက်တွင် ကောင်းကင်နှင့် မြေကြီးပင် ပျက်စီးပေတော့မည်။

အဝေးတွင် လန်ယွီတျန်း၊ ရှုရှန်းဟွာ၊ ခိုင်ဧကရာဇ်နှင့် ကျန်းပိုင်ကွေ့တို့ သတင်းကြား၍ ရောက်လာကြ၏။ ဤမြင်ကွင်းကို အဝေးမှ မြင်သောအခါ ဝင်ရောက်တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

ရှုရှန်းဟွာက အားလုံးကို တားဆီးလိုက်ပြီး ခေါင်းခါပြသည်။ “သွားစရာ မလိုဘူး... သွားရင်လည်း သေမှာပဲ... သခင်လေးလင်းရှောင်ရဲ့ ကောင်းကင်နတ်သိုင်းကို မြန်မြန် မှတ်တမ်းတင်ထား”

အဘွားစစ်၊ ကျူစန်းထုံနှင့် အခြားသူများမှာ အသစ် ရောက်လာသူများ ဖြစ်သဖြင့် သူ၏ ဆိုလိုရင်းကို နားမလည်ကြပေ။ သို့သော် လန်ယွီတျန်း၊ ကျန်းပိုင်ကွေ့နှင့် တာအိုဘိုးဘေးတို့က သခင်လေးလင်းရှောင်၏ ကောင်းကင်နတ်သိုင်းကို လျင်မြန်စွာ မှတ်တမ်းတင်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့မှာ အလွန် ကျွမ်းကျင်နေပြီး ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်း မဟုတ်သည်မှာ ထင်ရှား၏။

အဝေးတွင် သခင်လေးလင်းရှောင်သည် အချိန်အတော်ကြာ တိုက်ခိုက်‌နေရာမှ လောကပေါင်းကူးရွှေသင်္ဘောပေါ်၌ ရှုရှန်းဟွာနှင့် အခြားသူများ သူ၏ ကောင်းကင်နတ်သိုင်းကို မှတ်တမ်းတင်နေသည်ကို လှမ်းမြင်လိုက်ရာ တုန်လှုပ်သွားသည်။ လှံကို ဆွဲထုတ်လျက် ထွက်ခွာပျောက်ကွယ်သွားတော့သည်။

ချင်မူမှာ တစ်ကိုယ်လုံး သွေးများ ပေကျံလျက် လျှောက်လာသည်။ သူက စုတ်ပြတ်နေသော ဧရာမခေါင်းလောင်းကြီးကို မလျက် သင်္ဘောပေါ်သို့ ရောက်လာကာ ဘိုင်းခနဲ ထိုင်ချလိုက်သည်။ ထို့နောက် မောဟိုက်စွာ အသက်ရှူရင်း ခေါင်းမော့လာ၏။ "ဘယ်လောက် မှတ်တမ်းတင်လိုက်ရလဲ"

"သိပ်မများသေးဘူး"

ရှုရှန်းဟွာက မော့မကြည့်ဘဲ ဖြေသည်။ "သခင်လေးလင်းရှောင်ရဲ့ အခြေခံက မင်းထက် အများကြီး ပိုနက်ရှိုင်းတယ်... မင်းကို အခြားသူတွေက နှံ့နေအောင် လေ့လာထားကြတာ... ဒါပေမဲ့ သခင်လေးလင်းရှောင်က သူ့စွမ်းဆောင်ရည်တွေရဲ့ တစ်ဝက်တောင် ထုတ်ပြရသေးတာ မဟုတ်ဘူး"

ချင်မူမှာ သက်ပြင်းချလိုက်ပြီး ရယ်မောလိုက်သည်။ "သူ ငါ့ကို သတ်လို့မရသရွေ့ သူ့ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ နည်းလမ်းတွေ အားလုံးကို အနှေးနဲ့အမြန် ဖော်ထုတ်နိုင်မှာပါ"

အဘွားစစ်မှာ လွန်စွာစိတ်မကောင်း ဖြစ်သွားပြီး ဆေးဆရာကို အော်ဟစ်လှမ်းခေါ်ကာ ချင်မူ၏ ဒဏ်ရာများအား ကုသစေသည်။ ကျူစန်းထုံက ထိုက်ရှီကို ခပ်တိုးတိုး မေးနေသည်။ "သခင်လေးခုနစ်က ဒီလို ခဏခဏ လုပ်တာလား"

ထိုက်ရှီက ခေါင်းညိတ်သည်။ "သူက ရန်သူဆီ သွားပြီး အရိုက်ခံတတ်တယ်... သခင်လေးသုံးနဲ့ သခင်လေးလေးတို့ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေကို ငါတို့ အများကြီး ‌လေ့လာပြီးပြီ... ဒါပေမဲ့ သခင်လေးနှစ်ပါးက နားလည်ရခက်လွန်းလို့ အတိမ်အနက်ကို မခန့်မှန်းနိုင်သေးဘူး... အနန္တအဘိုးအိုကိုတော့ ငါတို့ အကြမ်းဖျင်းလောက် သိနေပြီ”

All Chapters