ကမ္ဘာ့စိတ်နယ်လွန်ခန္ဓာ
Vol. 1 Ch. 28
"ဟမ်”
ကျန်းရီ၏ အမူအရာသည် အေးခဲသွားခဲ့သည်။ သူသည် ရီမိသားစုကို လက်ထပ်ရန် နောက်ထပ် ကမ်းလှမ်းမှု တစ်ခုကိုသာမက ရီလုံယွိ၏ ကျန်းဂိုဏ်းကို ဖော်ပြမှုကိုပါ ကြားလိုက်ရသည်။
ကျန်းရီသည် အလေးအနက် တွေးတော နေခဲ့လိုက်ပြီး အခြေအနေ အရပ်ရပ်ကို သဘော ပေါက် သွားခဲ့သည်။ ရီမိသားစု၏ လက်ရှိမျိုးဆက်တွင် အတော်ဆုံး သိုင်းပညာရှင် ဖြစ်သောကြောင့် ရီလုံယွိသည် အနည်းဆုံး ကျန်းဂိုဏ်း၏ သိုင်းကွက်တစ်ခု နှစ်ခုလောက်ကို သိရပေမည်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျန်းရီသည် အသေအချာကို ငြင်းလိုက်လေသည် ...
"သခင်လေးရီရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ် ... ကျွန်တော့်လို နိမ့်ကျတဲ့ လူတစ်ယောက်က သခင်မလေး လင်းရွှယ်အတွက် သင့်တော်တဲ့သူ မဟုတ်ပါဘူး ...”
ရီလုံယွိသည် ကျန်းရီ၏ စကားကို ကြားသော် တစ်ချက်ပြုံးလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ဘဲ အပြင်သို့ ထွက်ခွာ သွားခဲ့သည်။ ခြေလှမ်း အနည်းငယ် လှမ်းပြီးသော် သူသည် ပြန်လှည့်လာပြီး ပြုံးရင်း စကားဆိုလာခဲ့သည် ...။
"မင်းက တကယ့်ကို ထူးဆန်းတဲ့ လူတစ်ယောက်ပဲ ... ငါ့ရဲ့ တိမ်မျော လွင့်လက်က မင်းနဲ့ တိုက်ခိုက်ပြီးတဲ့နောက် ပိုပြီး တိုးတက်လာတယ် ထင်ရတယ် ... နောက်ထပ် အကြိမ်ရေ နည်းနည်း ထပ်တိုက်ခိုက် လိုက်မယ်ဆိုရင် သဘာဝ လွန်အဆင့်ကို ရောက်တော့မယ်လို့ ထင်ရတယ် ... စိတ်မပူပါနဲ့ ... ငါမင်းရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးပါ့မယ် ... အပြန်အလှန် အနေနဲ့ မင်းက ရီမိသားစုရဲ့ လူငယ်တွေနဲ့ တိုက်ခိုက် လေ့ကျင့်ပေးရမယ် ... မင်းက အစွမ်းကုန် တိုက်ခိုက်ပေးမယ်လို့ ငါမျှော်လင့်ပါတယ် ...”
သူ့ရဲ့ သိုင်းပညာလည်း တိုးတက် သွားတယ်လား။ ... အနက်ရောင် အတွင်းအားက အရမ်း ထူးဆန်းတယ် ... ဒါပေမဲ့ အနက်ရောင် အတွင်းအားက ငါ့ကိုယ်ထဲမှာ ရှိတာလေ ... ငါက သူတို့နဲ့ တိုက်ရုံပဲကို ... တကယ့်ကို ထူးဆန်းလွန်းတယ် ...။
သိုင်းပညာရှင် တစ်ယောက်၏ သိုင်းပညာကို နားလည်မှုသည် သူ၏ ပါရမီနှင့် ကြိုးစားမှု အပေါ်တွင် မူတည်သည်။ ပါရမီသာ ပါလာပါက သဘာဝလွန် အဆင့်ကို သေချာပေါက် ရောက်မည် ဖြစ်သည်။ အချိန်တစ်ခုသာ လိုလေသည်။ ပါရမီ လုံးဝ မပါလာသော် မည်မျှပင် ကြိုးစားစေကာမူ ကျွမ်းကျင် အဆင့်ကိုပင် ရောက်ရန် မလွယ်ကူချေ ... သိုင်းလေ့ကျင့်ခန်း အတွင်း တိုက်ခိုက်ရာတွင် အင်အားနှင့် သိုင်းပညာ ကျွမ်းကျင်မှုကိုသာ အားကိုးရလေသည်။ သိုင်းပညာ ကျွမ်းကျင်မှုသည် တစ်စုံ တစ်ယောက်၏ အင်အား အလုံးစုံကို မြှင့်တင် ပေးနိုင်သည်။ သို့သော် ကျန်းရီနှင့် အကြိမ် အနည်းငယ် လေ့ကျင့် ရုံမျှဖြင့် ဘယ်လိုလုပ်ပြီး သဘာဝလွန် အဆင့်ကို ရောက်ရှိ သွားရပါသနည်း။
ဘာက ပြဿနာရဲ့ ရင်းမြစ်လဲ။
ကျန်းရီသည် နားမလည်ခဲ့ပေ ... လျှို့ဝှက် အခန်းငယ်ထဲတွင် ထိုင်နေသော အကြီးအကဲဖေးနှင့် ကြီးကြပ်သူ ယန်လည်း နားမလည်ခဲ့ပေ ... သူတို့သည် ကျန်းရီ၏ တိုက်ခိုက် လေ့ကျင့်မှုများကို စောင့်ကြည့် နေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သူတို့သည် ရီလင်းရွှယ်၏ သိုင်းကွက် ဆယ်ခုကျော် သဘာဝလွန်အဆင့်ကို ဘာကြောင့် ရောက်ရှိ သွားရသည်ကို ပဟေဠိ ဖြစ်နေဆဲပင် ...
"အကြီးအကဲဖေး ... တစ်ခုခုများ မြင်လိုက်လား”
ကြီးကြပ်သူ ယန်သည် ကျန်းရီနှင့် ရီလင်းရွှယ် တိုက်ခိုက်သည်ကို နှစ်ကြိမ်တိုင် စောင့်ကြည့် ခဲ့သော်လည်း ပဟေဠိ ဖြစ်နေရဆဲပင် ... ထို့ကြောင့် သူသည် သိုင်းခန်းမတွင်းတွင် အင်အားရော၊ ဉာဏ်ပညာပါ ပြီးပြည့်စုံသည့် ဤလူကြီးထံမှ အကူအညီ ရလိုရငြား မေးကြည့်လိုက်ခြင်း ဖြစ်သည်။
အကြီးအကဲဖေး၏ မုတ်ဆိတ်များသည် ဖြူဖွေးနေခဲ့သည်။ ဆံပင်များသည်လည်း နှင်းတမျှ ဖြူဆွတ် နေခဲ့သည်။ သို့သော် သူ၏ အသားအရေသည် နီမြန်းနေခဲ့သည်။ ထို့ကြောင့် သူ့တွင် ခန့်ညားသော ဆံပင်ဖြူများနှင့် ကလေးတစ်ယောက်၏ အသားအရေကို ပိုင်ဆိုင်လေသည်။ သူသည် ခေါင်းယမ်းကာ သက်ပြင်းချရင်း ပြောလိုက်သည် ...
"ငါလည်း မပြောနိုင်ဘူး ... သိုင်းခန်းမ သခင်မှာတော့ သဲလွန်စ တချို့ ရှိမယ်လို့ ထင်ရတာပဲ ... ခန်းမသခင်က နောက်နှစ်ပတ်လောက် ကြာရင် ပြန်ရောက်လာလိမ့်မယ် ... ရီမိသားစုက လူတွေ ခဏခဏ ရောက်လာပြီး ဒီကလေးနဲ့ လေ့ကျင့်ဖို့ တောင်းဆို နေကြမှာကို ငါစိုးရိမ်နေတယ် ... မင်းက တိုက်ပွဲတိုင်းကို မှတ်တမ်း တင်ထားပြီး ခန်းမသခင် ပြန်လာတာကို စောင့်နေလိုက် ...”
"နားလည်ပါပြီ ...”
ကြီးကြပ်သူယန်သည် ခေါင်းညိတ်ပြလာပြီး အခြားကိစ္စ တစ်ခုကို ပြောလာခဲ့ပြန်သည် ...
"အကြီးအကဲဖေး ... ဒီကလေးရဲ့ ကျင့်ကြံနှုန်းက အရမ်းကို မြန်လွန်းတယ် ... သူ့ရဲ့ လက်ရှိ အမြန်နှုန်းက ဒီမြို့ရဲ့ ထူးချွန်တဲ့ သူတွေအောက် မနိမ့်ဘူး ... ထူးဆန်းတာက သူ့ရဲ့ ကျင့်ကြံနှုန်းက ဒီလို မြန်နေတယ်ဆိုရင် ... ဘာလို့ ကျင့်ကြံဆင့်က အရမ်း နိမ့်နေရတာလဲ။ ... ကျွန်တော် ပြန်တွေးကြည့်တော့ သူဒီကို ရောက်လာတုန်းက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်မှာပဲ ရှိသေးတာ ... နှစ်လ အတွင်းမှာ သူက စတုတ္ထအဆင့်ကိုတောင် ရောက်တော့မယ် ...”
"မြန်လွန်းတယ်လား”
အကြီးအကဲဖေး၏ မျက်ခုံးဖြူများ လှုပ်ရှား သွားကြသည် ...
"ဒီကလေးရဲ့ ကျင့်ကြံနှုန်းက ကျီမိသားစုက မိန်းကလေးနဲ့ အတူတူပဲဆိုရင် ဘယ်လိုလုပ်မလဲ ... သိုင်းခန်းမရဲ့ ဌာနနချုပ်က သူ့ကို အဆင့်မြင့် ပစ္စည်းတွေနဲ့ ထောက်ပံ့ပေးရင် ကောင်းတာပေါ့ ... အထက် လူကြီးတွေ သဘောမတူရင်ရော ... ဒီနယ်မြေထဲမှာ သူ့ထက် ငါးဆ ဆယ်ဆလောက် အရည်အချင်း ရှိတဲ့ သူတွေ ရှိတာပဲ ...”
ကြီးကြပ်သူယန်သည် ခေါင်းညိတ်လိုက်ပြီး ဆက်မပြောတော့ချေ ...
နောက်ရက်များတွင် ရီမိသားစုမှ လူများသည် ကျန်းရီနှင့် လေ့ကျင့်ရန် ထပ်ရောက်လာ ကြပြန်သည်။ ထို့ကြောင့် သူတို့၏ လာရောက်မှုကို တစ်နေ့သုံးကြိမ် သတ်မှတ် လိုက်ရသည်။ ကျန်းရီသည် နေ့တိုင်း ဒုက္ခ ခံနေရလေသည်။ တိုက်ပွဲတိုင်းတွင် အနက်ရောင် အတွင်းအား သုံးမျှင်ခန့်ကို အသုံးပြုနေရာ သူပြန်လည် ထုတ်လုပ်ရန် လိုအပ်သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံနှုန်းနှင့် ချိပ်ပိတ်ခံ သင်္ကေတပေါ်ရှိ အက္ခရာများကို ဖယ်ရှားခြင်းတွင် ပိုမို နှောင့်နှေးနေရသည်။
သူ၏ ကျင့်ကြံနှုန်း နှေးခြင်းက ကိစ္စမရှိပေ ... ရီမိသားစု၏ လာရောက် ပွဲတော်ကျင်းပ နေခြင်းက တခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေသည်က အဓိကဖြစ်သည်။ မာမိသားစုကို သတိပေးလိုက် သကဲ့သို့ ဖြစ်သွားလျှင် အနည်းငယ် စုံစမ်းလိုက်သည်နှင့် သူ့သရုပ်မှန် ပေါ်လာမည် ဖြစ်သည်။
ကြီးကြပ်သူယန်သည် မည်သည့်စကားမှ ဆိုမလာ ခဲ့သောကြောင့် ကျန်းရီသည် အံကြိတ်ကာ လေ့ကျင့် တိုက်ခိုက်နေရသည်။ ကံကောင်းစွာပင် မာဟေးချီနှင့် လျှိုဟဲသည် ပြဿနာ လာမရှာ သောကြောင့် ကျန်းရီသည် အနည်းငယ် စိတ်သက်သာရာ ရနေသည်။
ဆယ်ရက်မျှ ကြာပြီးနောက် ရီမိသားစု၏ အပြုအမူများသည် တခြားသူများ၏ အာရုံစိုက်မှုကို ရရှိ လာလေသည်။ အခြားသခင်လေး မမလေးများသည်လည်း ကျန်းရီနှင့် လေ့ကျင့် တိုက်ခိုက်ရန် တောင်းဆို လာကြသည်။
ကျန်းရီနှင့် လေ့ကျင့်ရန် တောင်းဆိုသူ အားလုံးသည် အနိမ့်ဆုံး သဏ္ဌာန်သုံးဆင့် အသွင်ပြောင်း ခြင်း စတုတ္ထ အဆင့် ပဉ္စမ အဆင့်ခန့်တွင် ရှိကြလေသည်။ ကျန်းရီသာ အနက်ရောင် အတွင်းအားကို မသုံးလျှင် သူသည် အရိုက်ခံရမည်မှာ အသေအချာပင် ... သို့သော် သူအနက်ရောင် အတွင်းအားကို အသုံးပြုပြီး နောက်တွင်မူကား သူတို့သည် ကမ္ဘာသစ် တစ်ခုကို တွေ့ရှိ သွားသလိုမျိုး ရီမိသားစုမှ လူများကဲ့သို့ ကျန်းရီနှင့် လေ့ကျင့်ရန် နေ့တိုင်း တောင်းဆို လာကြသည်။
ရီမိသားစုဝင်များသည် အခြေအနေများ ပြောင်းလဲမှုကို သိရှိသွားသောအခါ တိုက်ခိုက်ရန် လူပမာဏကို သုံးယောက်မှ ခြောက်ယောက် အထိသို့ တိုးလိုက်ပေသည်။ ယခုမူ အာရုံစိုက်မှု မရရန်မှာ ခက်ခဲသွားပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းရီနှင့် လေ့ကျင့်ရန် တောင်းဆိုသူများသည် တန်းစီနေသောကြောင့်ပင် ...
"ဒီအတိုင်းဆို မလွယ်ဘူး ...”
ကျန်းရီသည် သေလူကဲ့သို့ ခံစားနေရသည်။ သူသည် ညတိုင်းတွင် အနက်ရောင် အတွင်းအား ဆယ်မျှင်ကို ထုတ်လုပ်ရန် လိုလာပြီး ချိပ်ပိတ်ခံ သင်္ကေတပေါ်ရှိ အက္ခရာများကို ဖယ်ရှားရန် အခွင့်အရေးလည်း မရပေ ... ဆေးများ၏ အာနိသင်သည်လည်း သိုင်းလေ့ကျင့် နေရင်းသာ ကုန်ဆုံးနေခဲ့သည်။ တန်းစီနေသော လူများသာ ပိုမို များပြားလာပါလျှင် သူ၏ အနက်ရောင် အတွင်းအား ဆယ်မျှင်သည်ပင် လုံလောက်မှု မရှိမည်ကို စိုးရိမ်နေရသည်။ အရေးကြီးဆုံးသည်ကား သူနှင့် လေ့ကျင့် တိုက်ခိုက်ရန် တောင်းဆို သူများတွင် မာမိသားစုမှ သခင်မလေး ပါဝင်နေခြင်းပင် ...
ကျန်းရီသည် ကြီးကြပ်သူ ယန်ကို ရှာကြည့်သော်လည်း အသုံးမဝင်ခဲ့ပေ ... သူသည် အဆင့်နိမ့် ကြီးကြပ်သူလေးသာ ဖြစ်ရာ မည်သည့် သခင်လေး သခင်မလေးကိုမှ ငြင်းပယ်နိုင်စွမ်း မရှိချေ ... သူသည် ကျန်းရီကို သည်းခံပေးရန်သာ တောင်းဆို နိုင်ရှာသည်။ သို့သော် သူသည် ကျန်းရီ၏ လုပ်အားခ ကို သုံးဆ တိုးပေးခဲ့သည်။
နှစ်ပတ်ခန့် ကြာပြီးနောက် သိုင်းလေ့ကျင့်ခန်းမ ရှိရာသို့ အထူးဧည့်သည် တစ်ယောက် ရောက်ရှိ လာလေသည်။ ထိုလူသည် သက်လတ်ပိုင်း အရွယ်ဖြစ်ပြီး ကြံ့ခိုင်သည့် ကိုယ်ဟန် အနေအထား ရှိသည်။ သူသည် အနက်ရောင် အနားကွပ်ပါသည့် နက်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့တွင် လေ့ထောင့်ဆန်သော မျက်နှာကျနှင့် နားရွက်ကားများ ရှိနေပြီး မျက်နှာ အမူအရာသည် ဒေါသ မထွက် လျှင်တောင် လွှမ်းမိုးနိုင်စွမ်း ရှိသော ခန့်ညားသည့် အရှိန်အဝါကို ထုတ်လွှင့်နေသည်။ သူ၏ ဘယ်ဘက် နားရွက်တွင်ကား ထူးဆန်းသော ငွေရောင် နားကပ်တစ်ဖက် ရှိလေသည်။
"ခန်းမသခင်ကို နှုတ်ဆက်ပါတယ်"
ထိုသက်လတ်ပိုင်း အရွယ် လူပေါ်လာသည်နှင့် ကြီးကြပ်သူယန်နှင့် သိုင်းလေ့ကျင့်ခန်းမ အတွင်းရှိ အစောင့်များ အားလုံးသည် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီး တညီတညွတ်တည်း နှုတ်ဆက် လာကြသည်။ သခင်လေး နှစ်ယောက်သည်ပင် ယဉ်ကျေးစွာ အရိုအသေ ပေးလာကြသည်။
ကောင်းကင် တောင်ပံမြို့ သိုင်းခန်းမခွဲရဲ့ သခင်လား။
ကျန်းရီ၏ စိတ်သည် တုန်လှုပ် သွားရသည်။ သူသည် သူ့ရှေ့ရှိ သက်လတ်ပိုင်းအရွယ် လူ၏ တည်ရှိမှုကို ခံစားရသောအခါ သူ၏ အသက် ရှူနှုန်းသည်ပင် မူမမှန် ဖြစ်လာရသည်။ သူသည် ကောင်းကင်တောင်ပံ မြို့တွင် မြို့စား ကျီထျန်းပြီးလျှင် ဒုတိယလိုက်သော ခရမ်းရောင် နန်းတော်ရှင် အဆင့် စစ်သည်တော် ဖြစ်သည်။ အတိတ် နေ့ရက်များတွင် အကြီးအကဲချုပ်၏ အဆင့်သည် ထိုလူ၏ နောက်တွင် ရှိလေသည်။
"ဟမ်”
သိုင်းခန်းမ သခင်သည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး ကျန်းရီ ရှိရာသို့ အရောက်တွင် ရပ်တန့် လိုက်လေသည်။ သူ၏ ကျားရဲကဲ့သို့ စူးရှသော မျက်လုံးအစုံသည် လူငယ်ကို ကြည့်နေခဲ့သည်။ သူသည် မျက်ခုံးနှစ်ဖက်ကို ပင့်လိုက်ပြီး မေးလာခဲ့သည် ...
"မင်း ... ဘာလို့ ဒူးမထောက်တာလဲ”
သိုင်းခန်းမသခင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသော ကျန်းရီသည် မိုးကြိုးပစ်ချ ခံလိုက်ရ သကဲ့သို့ပင် ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ တုန်လှုပ်သွားခဲ့သည်။ သူသည် ကျဆင်းလာသော တောင် တစ်လုံးကဲ့သို့ အရှိန်အဝါကို ခံစားနေခဲ့ရသည်။ သူ၏ ခြေထောက်များသည် တုန်ရီလာကာ မနေနိုင် တော့ဘဲ ဒူးထောက် ကျတော့မတတ်ပင် ...။
ကျန်းရီသည် အံကြိတ်ကာ ဆက်ထိန်းထားလိုက်သည်။ သူသည် အားယူလိုက်ပြီး ကြိုးစား ပါးစပ်ဖွင့်ကာ ပြောလာခဲ့သည် ...။
"အဘိုးက ကျွန်တော့်ကို တစ်ခါက ပြောဖူးတယ် ... ယောက်ျား တစ်ယောက်ရဲ့ ဒူးက ရွှေထက် တန်ဖိုးရှိတယ် ... ဒူးထောက်တာက ကောင်းကင်ရယ်၊ မြေကြီးရယ်နဲ့ မိဘတွေ အတွက်သာ ဖြစ်တယ် ..."
"ဟမ့်"
သိုင်းခန်းမသခင်သည် မည်သည့် စကားမှ မဆိုတော့ဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူသည် သူ၏ အကြည့်နှင့် အရှိန်အဝါတို့ကို ရုပ်သိမ်းလိုက်ကာ အခန်းငယ် တစ်ခုအတွင်းသို့ လျှောက်သွားခဲ့သည်။ ကြီးကြပ်သူ ယန်သည် အလျင်အမြန် မတ်တတ် ရပ်လိုက်ကာ နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူသည် ကျန်းရီကို အပြစ်တင်လိုသော အမူအရာတစ်ခု ဖော်ပြလိုက်ရင်း အခန်းတွင်း သို့ အလျင်စလို လျှောက်သွား ခဲ့သည်။
ကျန်းရီသည် သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။ သူသည် သူ့နောက်ကျောတွင် ချွေးများ ရွှဲနေပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူသည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်သော ထိုလူကြီး၏ အင်အားကို နှလုံးသားထဲမှပင် ခံစားနေရသည်။ သိုင်းခန်းမ သခင်သာ ကျန်းရီကို သတ်လိုပါလျှင် သူ၏ တည်ရှိမှုနှင့် ဖိအားပေး လိုက်ရုံဖြင့်ပင် သတ်နိုင်လေသည်။ အတိတ်တွင် အကြီးအကဲချုပ်သည် ကျန်းရီကို အမြဲကြင်နာစွာ ဆက်ဆံခဲ့ပြီး သူ၏ တည်ရှိမှု အရှိန်အဝါကို မည်သည့်အခါကမှ မဖော်ပြခဲ့ပေ ... ကျန်းရီသည် ၎င်းအရှိန်အဝါကို ဘာမှ မဟုတ်ဟုသာ တွေးတော နေခဲ့သည် ... ယနေ့တွင်မူ သူသည် အင်အားကြီးသူ၏ အစစ်အမှန် စွမ်းအားကို တွေ့ကြုံ ခဲ့ရလေသည်။
လျှို့ဝှက်ခန်းထဲတွင် ကြီးကြပ်သူယန်သည် ကျန်းရီ၏ လေ့ကျင့် တိုက်ပွဲများကို ချက်ချင်း ပြန်လည်ပြသ နေခဲ့သည်။ ထို့နောက် သူသည် အားလုံးကို အသံတိုးတိုးဖြင့် ရှင်းပြနေခဲ့သည်။
သိုင်းခန်းမသခင်သည် အခန်းတွင်းသို့ ဝင်လာစဉ် အချိန်ပင် စကားတစ်ခွန်းမှ မဆိုခဲ့ချေ။ သူသည် နှစ်နာရီလုံးလုံး နံရံပေါ်မှ ပုံရိပ်များကိုသာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက်တွင် သူသည် လက်ကာ ပြလိုက်ရင်း ပြောလာခဲ့သည် ...။
"လုံလောက်ပြီ ... ထပ်ကြည့်စရာ မလိုတော့ဘူး"
ကြီးကြပ်သူယန်သည် နံရံပေါ်မှ ပုံရိပ်များကို အတွင်းအားသုံးကာ ဖယ်ရှားလိုက်သည်။ သူသည် လေးစားစွာ ပြုံးပြလာခဲ့သည် ...။
"ခန်းမသခင် ... အကြီးအကဲဖေးနဲ့ ကျွန်တော် လေ့လာ ကြည့်ရသလောက် ကျန်းရီ တစ်ယောက်ယောက်နဲ့ လေ့ကျင့်တဲ့ အခါတိုင်း သူတို့ရဲ့ သိုင်းပညာ ကျွမ်းကျင်မှုက အရမ်း အကျိုးရှိပြီး တိုးတက်သွားတယ် ... ကျွန်တော်တို့ အချိန်တော်တော်ကြာ စောင့်ကြည့် လေ့လာခဲ့ပေမဲ့ ... အကြောင်းအရင်းကို ရှာမတွေ့ဘူး ... ခန်းမသခင်များ တစ်ခုခုကို သတိထားမိပါ သလား”
"သနားစရာ ...”
သိုင်းခန်းမသခင်သည် ခေါင်းယမ်းလိုက်သည်။ သူ၏ ဘယ်ဘက် နားရွက်ပေါ်ရှိ နားကပ်လေး သည် ဘယ်ညာလှုပ်ယမ်း သွားခဲ့သည်။ သူသည် လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည် ...
"ကျန်းယွင်ရှန်က အရူးပဲ ... သူက ကမ္ဘာ့စိတ်နယ်လွန် ခန္ဓာတစ်ခုကို စွန့်ပစ်ထားတယ် ... ကျန်းဂိုဏ်းကသာ ဒီကောင်လေးကို ငါးနှစ် ဒါမှမဟုတ် ရှစ်နှစ်လောက်သာ သေချာပျိုးထောင် ပေးမယ်ဆိုရင် သူတို့မှာ နောက်ထပ် ခရမ်းရောင် နန်းတော်ရှင်အဆင့် သိုင်းပညာရှင် တစ်ယောက် ပိုင်ဆိုင်ရမှာ ... သူက ကောင်းကင်တောင်ပံ မြို့ရဲ့ ပထမဆုံး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်ကို ရောက်တဲ့သူတောင် ဖြစ်လာနိုင်တယ် ... ကျန်းယွင်ဟိုင် ပျောက်ဆုံး သွားပြီးတဲ့နောက် ... ကျန်းဂိုဏ်းက ကျန်းယွင်ရှန်ရဲ့ လက်ထဲမှာ ပျက်စီး သွားတော့မှာပဲ ... ဒီအရူး ..."
"ကျန်းယွင်ရှန် ... ကမ္ဘာ့ စိတ်နယ်လွန် ခန္ဓာ”
ကြီးကြပ်သူယန်သည် ဆွံ့အနေရသည်။ သူသည် ကျန်းရီသည် ကျန်းဂိုဏ်းမှ ဖြစ်ကြောင်း သိရှိပြီး ဖြစ်သည်။ ပုံရိပ်ယောင်လက်သီး၊ ပုံရိပ်ယောင်ခြေလှမ်းနှင့် ပိုးမျှင်လက်တို့သည် သိသာလွန်းနေသည်။ ရီလုံယွိတောင် ကျန်းရီ ကျန်းဂိုဏ်းမှ ဖြစ်ကြောင်းသိရာ ကြီးကြပ်သူယန်သည် မမြင်ဘဲ နေပါမည်လား။ ... သို့သော် သူသည် ကမ္ဘာ့ စိတ်နယ်လွန်ခန္ဓာ ဟူသည်ကို ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် မေးမြန်းလိုက်သည် ...။
"ခန်းမသခင် ... ကမ္ဘာ့စိတ်နယ်လွန် ခန္ဓာဆိုတာ ဘာများလဲ ... မီးစိတ်နယ်လွန် ခန္ဓာ၊ ရေစိတ်နယ်လွန် ခန္ဓာ ဆိုတာတွေတော့ ကျွန်တော် ကြားဖူးတယ် ...”
ခန်းမသခင်သည် ရှင်းပြလာခဲ့သည် ...
"ကမ္ဘာပေါ်မှာ စိတ်နယ်လွန် ခန္ဓာတွေ အများကြီး ရှိတယ် ... မီး စိတ်နယ်လွန် ခန္ဓာကျတော့ မီးဓာတ် အမျိုးအစား ကျင့်စဉ်ကို ကျင့်တဲ့ နေရာမှာ ပိုပြီး မြန်ဆန်စေတယ် ... ရေတို့၊ သတ္တုတို့၊ သစ်သားတို့လည်း ဒီအတိုင်းပဲ ... ဒါတွေကို သာမန်ပဲလို့ ပြောလို့ရတယ် ... ဒါပေမဲ့ လူတွေ အများကြီး မသိကြတဲ့ ထူးခြားတဲ့ စိတ်နယ်လွန်ခန္ဓာ သုံးမျိုးလည်း ရှိသေးတယ် ... သူတို့ကျတော့ ကမ္ဘာ့စိတ်နယ်လွန်ခန္ဓာ၊ ကောင်းကင်စိတ်နယ်လွန် ခန္ဓာနဲ့ ထာဝရ စိတ်နယ်လွန် ခန္ဓာဆိုပြီးတော့ ခွဲထားတယ် ...”
"ဒီသုံးမျိုးမှာ သဘာဝရဲ့ တာအို သဘောတရားတွေ ပါဝင်နေတယ် ... အဆင့်အနိမ့်ဆုံး ကမ္ဘာ့ စိတ်နယ်လွန် ခန္ဓာကိုယ် ပိုင်ရှင်တောင် တခြားလူတွေထက် ကောင်းကင်တာအို တည်ဆောက်ပုံတွေကို နားလည်ကြတယ် ... သူတို့က ကျင့်ကြံဆင့်တွေကို အခက်အခဲမရှိ ကျော်ဖြတ်နိုင်တယ် ... သူတို့က သိုင်းပညာ သဘောတရားကို တခြား လူတွေထက် မြန်မြန်နားလည် နိုင်တယ် ... သူတို့တွေ သိုင်းပညာကို သုံးလိုက်ရင်လည်း ကောင်းကင်တာအို တည်ဆောက်ပုံတွေ ပါဝင်နေတတ်တယ် ... တခြားသူတွေနဲ့ တိုက်ခိုက်တဲ့ အခါမှာလည်း သူတို့က တစ်ဖက် လူကိုလည်း သိုင်းပညာတွေ မြန်မြန် နားလည် စေနိုင်တယ် ...”
"တာအို တည်ဆောက်ပုံတွေ ... ဒါက ...”
ကြီးကြပ်သူယန်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားခဲ့သည်။ ကောင်းကင်တာအိုကို နားလည်ခြင်းသည် သူ့လို ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့်လူရော၊ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လူတိုင်းလည်း ရနိုင်သော အရာတစ်ခု မဟုတ်ပေ ... ကျန်းဂိုဏ်း၏ အပယ်ခံ ဂိုဏ်းသားလေးက သိုင်းပညာများ အသုံးပြုရာတွင် ကောင်းကင်တာအို၏ ဖြစ်တည်မျိုးများ ပါဝင် နေမည်ဟု မည်သူက တွေးမိပါမည်လဲ။
"ဟမ့် ... ဘာတွေများ ရေးကြီးခွင့်ကျယ် လုပ်နေစရာလိုလို့လဲ ... သိုင်းခန်းမမှာ ကောင်းကင် စိတ်နယ်လွန် ခန္ဓာကိုယ်ပိုင်ရှင်တွေ များလွန်းလို့ ... ကမ္ဘာ့စိတ်နယ်လွန် ခန္ဓာကိုယ် ပိုင်ရှင်တွေဆို ပြောနေစရာတောင် မလိုဘူး ... ပြီးတော့ ဒီကောင်လေးရဲ့ စိတ်နယ်လွန် ခန္ဓာက ချို့ယွင်းနေသလိုပဲ ... သူ့ရဲ့ ကျင့်ကြံဆင့်ကလည်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်မှာပဲ ရှိသေးတယ်''
သိုင်းခန်းမသခင်သည် ကြီးကြပ်သူယန်ကို တစ်ချက်ကြည့်လိုက်ပြီး အသာအယာ ပြောလိုက်သည် ...
"ငါပြောဖို့ ကျန်နေသေးတယ် ... ဒီခန္ဓာကိုယ် အမျိုးအစားသုံးခုက ကျင့်ကြံဆင့်ကို မြှင့်တင် ပေးနိုင်ပေမဲ့ စိတ်နယ်လွန် စွမ်းအင်တွေလည်း ပိုပြီး လိုအပ်လာလိမ့်မယ် ... ဒါကြောင့် သိုင်းခန်းမက ဒီကလေးကို ထောက်ပံ့ပေးမယ် ဆိုရင်တောင် ဒီကလေးက အမြင့်ဆုံးမှ ခရမ်းရောင် နန်းတော်ရှင် အဆင့်ပဲ ရောက်နိုင်တယ် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်ကို မရောက်မယ့် အတူတူ သူက တာအို တည်ဆောက်ပုံတွေ နားလည်လည် မလည်လည် သိပ်ပြီး မကွာခြားဘူး ...”
***