← Chapters

ဆိုးဆိုးဝါးဝါး ပျက်စီးနေသော လျှို့ဝှက်ကျင့်စဉ်

Vol. 1 Ch. 29

ဆိုးဆိုးဝါးဝါး ပျက်စီးနေသော လျှို့ဝှက်ကျင့်စဉ်

Vol. 1 Ch. 29

သိုင်းခန်းမသခင်၏ မှတ်ချက်သည် ကြီးကြပ်သူယန်နှင့် အကြီးအကဲဖေး၏ ကျန်းရီအပေါ်ထားသော မျှော်လင့်ချက်များကို ဖျက်ဆီးလိုက်သည်။ သို့သော် သူသည် ကျန်းရီတွင် တခြားသူများ၏ သိုင်းကျွမ်းကျင်မှု အဆင့်အတန်းကို တိုးမြှင့်ပေးနိုင်သည့် စွမ်းရည် တစ်မျိုး ပိုင်ဆိုင်ကြောင်းကို အတည်ပြုပေးခဲ့သည်။

ကြီးကြပ်သူယန်သည် အကြီးအကဲဖေး၏ ညွှန်ကြားချက်များကို မေးမြန်းပြီးနောက် သိုင်းခန်းမသည် ကျန်းရီကို ရွှေအဆင့် သိုင်းလေ့ကျင့်ဘက် တစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးရန် ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် သိုင်းခန်းမ တစ်ခုလုံးကို သိုင်းလေ့ကျင့်ဘက် 'အထီးကျန်ဝံပုလွေ'သည် တစ်နေ့တွင် သုံးကြိမ်သာ တိုက်ခိုက်ပေးလိမ့်မည် ဖြစ်ကြောင်းနှင့် တစ်ကြိမ်လျှင် ခရမ်းရောင်ရွှေ တစ်ရာတေးလ် လိုအပ်လိမ့်မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

ထိုကြေညာချက် ထုတ်ပြန်လိုက်သည်နှင့် သိုင်းခန်းမတစ်ခုလုံးရှိ သခင်လေးများ၊ မမလေးများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ မူလက ကျန်းရီကို အာရုံစိုက်ခြင်း မရှိကြသော သူများသည်ပင် ထိုသိုင်းလေ့ကျင့်ဘက်သည် မည်သူဖြစ်ကြောင်း စတင် စုံစမ်းလာကြသည်။ သူနှင့် တစ်ပွဲလေ့ကျင့်ရန် အဘယ့်ကြောင့် ထိုမျှ ကုန်ကျခံရမည်နည်း။

ထိုကြေညာချက်ကို မြင်သော် ရီလုံယွိနှင့် ရီလင်းရွှယ်သည် စိတ်ပျက် သွားကြသည်။ သူတို့သည် ကျန်းရီမှာ ရီမိသားစုကို အားကိုးရန် လိုတော့မည် မဟုတ်ကြောင်း သိလိုက်သည်။ သိုင်းခန်းမကသာ ကျန်းရီကို သူတို့လက်အောက်သို့ မသွတ်သွင်းလိုက်လျှင် သူသည် ကျန်းဂိုဏ်းတွင် အဆင့်အတန်းမြင့်မား သွားမည်မှာ သေချာပေါက်ပင်... သို့သော် ပြီးခဲ့သော ကာလအတွင်း ရီမိသားစုမှ လူများသည် ကျန်းရီနှင့် လေ့ကျင့်ခဲ့ပြီး အကျိုးအမြတ် အနည်းအများတော့ ရခဲ့သည်သာ... အနာဂတ်တွင်မူ သူတို့သည် လေ့ကျင့်ပွဲ တစ်ခုအတွက် ခရမ်းရောင်ရွှေ တစ်ရာတေးလ်ကို သုံးရတော့မည်သာ...။

"ဒါက ပြဿနာပဲ...."

ကြေညာချက် ထွက်လာသည်နှင့် ကုန်ကျစရိတ် မြင့်မားနေသော်လည်း မရေမတွက်နိုင်သော သခင်လေး၊ မမလေးများသည် ကျန်းရီနှင့် လေ့ကျင့်ခွင့်ရရန် တောင်းဆို လာကြသည်။ နောက်ဆုံးတော့လည်း အထက်တန်းလွှာတို့၏ ဂိုဏ်းကြီးများသည် ငွေကြေးကို နှမြောတွန့်တိုခြင်း မရှိကြပေ။ သို့သော် သူအသုံးပြုသော သိုင်းပညာ ရပ်များသည် ကျန်းဂိုဏ်း၏ ကျော်ကြားသော သိုင်းပညာရပ်များ ဖြစ်ကြသည်။ အမြင်အာရုံ ကောင်းသော သူတိုင်းသည် သူနှင့် ပွဲအနည်း လေ့ကျင့်ပြီးသည်နှင့် သူသည် ကျန်းဂိုဏ်းမှ ဖြစ်ကြောင်း ချက်ချင်း ပြောနိုင်ပေမည်။ သူ၏ သရုပ်မှန် ပေါ်လာသည်နှင့် မာမိသားစုမှ လူများသည် သူ့ကို လုပ်ကြံရန် ကြိုးစား လာကြပေမည်။ မာမိသားစုက ဘာမှမလုပ်လျှင်တောင် သတင်းများသာ ကျန်းဂိုဏ်းသို့ ရောက်သွားလျှင် သူသည် ဒုက္ခလှလှ တွေ့လိမ့်မည် ဖြစ်ပြီး ဂိုဏ်း၏ ပြင်းပြင်းထန်ထန် အပြစ်ပေးမှုကို ခံရပေမည်...။

ကျန်းရီသည် ကြီးကြပ်သူယန်ကို ရှာလိုက်သည်။ ကြီးကြပ်သူယန်သည် သူ့ကို ဘာမှ ဖုံးကွယ် မထားသည့်အပြင် ကျန်းရီတွင် အခြားသူများ၏ သိုင်းပညာကို သဘာဝလွန်အဆင့် ရောက်အောင် ကူညီပေးနိုင်သော ကမ္ဘာ့စိတ်နယ်လွန်ခန္ဓာကို ပိုင်ဆိုင်ကြောင်း ရှင်းတောင် ပြလိုက်သေးသည်။ ထိုသို့ သတင်းများကို ကြားရသော်လည်း သူသည် ပျှော်ရွှင်မှုကို မခံစားရရုံသာမက သံသယများပါ ဝင်လာရသည်။

ကျန်းရီသည် သူ့တွင် ကြီးကြပ်သူ ယန်ပြောသည့် ကမ္ဘာ့စိတ်နယ်လွန်ခန္ဓာ မရှိကြောင်း သေချာသိနေသည်။ သူ၏ ကျင့်ကြံနှုန်းနှေးရသည့် အကြောင်းအရင်းမှာလည်း အကျိုးမပေးသော ချိတ်ပိတ်ခံ သင်္ကေတကြောင့် ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများ မယုံနိုင်ဖွယ် မြန်ဆန်နေရသည့် အချက်သည်လည်း စိတ်နယ်လွန်ခန္ဓာကြောင့် မဟုတ်ဘဲ သူ၏ အနက်ရောင် အတွင်းအားသည် အမြင်အာရုံကို ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြှင့်တင်ပေးနေ၍ ဖြစ်သည်။ သူ၏ တခြားသူများကို မြန်ဆန်စွာ သဘာဝလွန်အဆင့် ရောက်အောင် ကူညီပေးနိုင်သော စွမ်းရည်တောင်မှ အနက်ရောင်အတွင်းအား ကြောင့်ပင် ဖြစ်လိမ့်မည်။

သို့သော် သူ့တွင် ရှင်းပြရန် နည်းလမ်း မရှိသောကြောင့် ကြီးကြပ်သူယန် ပြောသမျှကို မျက်စိစုံမှိတ် လက်ခံလိုက်ရုံသာ... သူသည် ကြီးကြပ်သူယန်ကို သိုင်းခန်းမတွင် သိုင်းပညာ အသစ်တချို့ သင်ကြားခွင့်ရရန် မျှော်လင့်ချက်ဖြင့် ငါးရက် ခွင့်လာတောင်းခြင်း ဖြစ်သည်။

သိုင်းပညာအသစ်များ သင်ကြားခြင်းသည် သူ့သရုပ်မှန်ကို အချိန်အကြာကြီး ဖုံးကွယ်မထားနိုင်ပေ။ သို့သော် လက်ရှိတွင် အချိန်တတ်နိုင်သမျှ ဆွဲထားရန်သာ လိုအပ်သည်။ အချိန်အနည်းငယ် ကုန်လွန်သွားသည်နှင့် သူသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ကို ရောက်သွားမည် ဖြစ်သည်။ ထို့နောက်တွင်မူ မာမိသားစုသည် သူ့ကို ဒုက္ခပေးလိုလျှင်တောင် သူ့တွင် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာပေမည်။

ကြေညာချက် ထွက်လာသည်နှင့်  လေ့ကျင့်ရန်အတွက် ကျန်းရီကို လာရောက် ရှာဖွေကြသူ မြောက်မြားစွာ ရှိလာပြီဖြစ်သည်။ သို့သော် ကျန်းရီ ခွင့်တောင်း လိုက်သည်နှင့် ကြီးကြပ်သူယန်သည် ကျန်းရီကို ပိုက်ဆံများရှာရန် အသုံးချရမည့် အချက်ကို ကြည့်၍ ကျန်းရီ၏ တောင်းဆိုမှုကို မငြင်းပယ်ခဲ့ချေ။ သူသည် သူ၏ ပိုင်ဆိုင်မှုများထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်ပြီး ကျန်းရီကို ပစ်ပေးလိုက်သည်။ ထို့နောက် သူသည် ပြောလာခဲ့သည်...

"သိုင်းခန်းမက သိုင်းပညာတွေကို သင်ယူဖို့က ပုံမှန်အတိုင်းဆို ခရမ်းရောင်ရွှေနဲ့ ပေးချေရတယ်... ဒါပေမဲ့ မင်းကအခု သိုင်းခန်းမရဲ့ ခရမ်းရောင်ရွှေအဆင့် သိုင်းလေ့ကျင့်ဘက် ဆိုတော့ ငါက မင်းကို အထူးအခွင့်အရေး တစ်ခုပေးလိုက်မယ်... မင်းက စာအုပ်သိုလှောင်ခန်းကို သွားပြီး ကြီးကြပ်သူပိုင်ကို ရှာလိုက်... မင်း အဲဒီမှာ ကြိုက်တဲ့ အဆင့်မြင့် သိုင်းပညာသုံးခုကို ယူလို့ရတယ်... ဒါက ငါ့ရဲ့ အမိန့်ပေးတံဆိပ်ပြားပဲ... ငါမင်းကို ငါးရက် ခွင့်ပေးလိုက်မယ်... ဒါပေမဲ့ ငါးရက်ပြီးရင်တော့ မင်းက လေ့ကျင့်ပွဲတွေကို ဆက်လုပ်ပေးရမယ်..."

"ကျေးဇူးတင်ပါတယ်... ကြီးကြပ်သူယန်"

ကျန်းရီသည် ကြီးကြပ်သူယန်ကို အရိုအသေပေးလိုက်ပြီး သိုင်းလေ့ကျင့်ခန်း ရှိရာမှ ထွက်ခွာလာခဲ့သည်။ အစောင့်တစ်ယောက်ကို မေးမြန်းပြီးနောက် သူသည် စင်္ကြံလမ်းတစ်ခုမှသည် ခန်းမငယ် တစ်ခုထဲသို့ ဝင်သွားလိုက်သည်။ သူသည် သိုင်းခန်းမသို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း အခြား ခန်းမတစ်ခုသို့ လာရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

သိုင်းခန်းမ၏ တည်ရှိမှုသည် အလွန်ထူးခြားသည်။ ၎င်းကို မည်သည့် အချိန်တွင် တည်ထောင်ခဲ့မှန်းလည်း မည်သူမျှ မသိကြပေ။ သိုင်းခန်းမရှိ လူများသည်လည်း သရုပ်မှန်ကို ဖုံးကွယ်ထားကြသည်။ သိုင်းခန်းမကို မည်သူမှ အပြစ်မပြုရဲသည်မှာလည်း သူတို့သည် ပြဿနာလည်း မရှာကြသလို နယ်မြေကြီးခြောက်ခု၏ ပဋိပက္ခများတွင် ဝင်မပါ၍ ဖြစ်သည်။

သိုင်းခန်းမသည် သိုင်းပညာရှင်များကို ဝန်ဆောင်မှုသာ ပေးသည်။ သိုင်းခန်းမတိုင်း၏ အတွင်းဘက်တွင် ကျင့်ကြံနှုန်းကို မြန်ဆန်စေသော စွမ်းအားပြည့်ဝသည့် အစီအရင်တစ်ခု တည်ရှိသည်။ သိုင်းပညာရပ်များ၊ လက်နက်များ၊ ဆေးများ၊ အခြား အသုံးအဆောင်များ ပေါများ ကြွယ်ဝစွာရှိသည်။ ခိုင်ခံ့သော အခန်းများ၊ သိုင်းလေ့ကျင့်ဖက်နှင့် လေ့ကျင့်ပွဲများ၊ စိတ်စွမ်းအား လေ့ကျင့်ခန်းများလည်း ရှိသည်။ အားလုံးသည် သိုင်းပညာရှင်များ၏ အင်အား တိုးတက်စေရန်သာ ဖြစ်သည်။ တစ်စုံတစ်ယောက်တွင် ခရမ်းရောင်ရွှေသာ လုံလုံလောက်လောက် ရှိပါက ဤနေရာသည် မည်သည့် သိုင်းပညာရှင်အတွက် မဆို သိုင်းကျင့်ရန် နိဗ္ဗာန်ဘုံပင် ဖြစ်သည်။

သိုင်းခန်းမသည် အားကောင်းသော သိုင်းပညာရှင်များကို လေ့ကျင့် မွေးထုတ်ပေးသည်။ သိုင်းခန်းမ၏ တည်ရှိမှုသည် သိုင်းပညာရှင်တိုင်းအတွက် အလွန်အရေးပါပေသည်။  သိုင်းခန်းမသာ မရှိလျှင် နယ်မြေတစ်ခုလုံးရှိ သိုင်းသမားအားလုံး၏ အင်အားသည် နှစ်ဆယ်ရာခိုင်နှုန်းခန့် လျော့ကျ သွားပေမည်။

"အထီးကျန် ဝံပုလွေက ကြီးကြပ်သူပိုင်ကို ဂါရဝပြုပါတယ်... ကျွန်တော့်ကို ကြီးကြပ်သူယန်က လွှတ်လိုက်တာပါ..."

ခန်းမငယ်ထဲတွင် အစောင့် တစ်ယောက်တလေမှ ရှိမနေဘဲ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သာ ရှိနေသည်။ ထိုလူသည် ရှေးဟောင်းစာအုပ် တစ်အုပ်ကို ဖတ်နေခဲ့သည်။ ကျန်းရီသည် သူ၏ တံဆိပ်ပြားကို ထုတ်လိုက်ကာ ကြီးကြပ်သူယန် ပြောသော စကားများကို ပြန်ပြောလိုက်သည်။ ထိုလူသည် ကျန်းရီကို စူးစမ်းသည့်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး လက်ဆန့်လိုက်ကာ ခန်းမတွင်းရှိ အခန်းငယ်တစ်ခုကို ညွှန်ပြလိုက်သည်။ သူသည် ပြောလာခဲ့သည်...

"မင်းအထဲကို သွားပြီး ကြိုက်တဲ့ လျှို့ဝှက်ကျင့်စဉ် သုံးခုကို ယူလိုက်"

"အာ...''

ကျန်းရီသည် ဆွံ့အသွားရသည်။ ဒီကြီးကြပ်သူက သူ့နောက်ကို လိုက်ဖို့ တစ်ယောက်ယောက် ထည့်မပေးဘူးလား... သူသည် ကျန်းရီကို ကိုယ်တိုင်ဝင်ခွင့် ပြုလိုက်သည်လား... သူ၏ မှတ်ဉာဏ်သည် အလွန်ကောင်းပေသည်... တစ်ချက် ကြည့်လိုက်ရုံနှင့် အားလုံးကို မှတ်မိနိုင်ပေသည်။ ကြီးကြပ်သူသာ သူ့ကို ခွင့်ပြုလျှင် သူသည် ကျင့်စဉ် တစ်ဒါဇင်လောက်ကို အလွတ်မှတ်မိနိုင်ပြီး နှစ်နာရီအတွင်း အလုံးစုံ နားလည်သွားနိုင်ပေသည်။

ကြီးကြပ်သူသည် ခေါင်းငုံ့ကာ စာကို ဆက်ဖတ်နေခဲ့သည်။ သူသည် ကျန်းရီကို အာရုံစိုက် မနေခဲ့တော့ပေ။ ကျန်းရီသည် ခန်းမငယ်ထဲမှ တံခါးတစ်ခုကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။ အခန်းအတွင်းရှိ နံရံများတွင် ညလင်းပုလဲများ လင်းလက်နေခဲ့သည်။ အခန်းတွင်းတွင် အဆင့်သုံးခုပါ စာအုပ်စင်ကြီးများမှ လွဲ၍ ဘာမှ ရှိမနေပေ။ စာအုပ်စင် တစ်ခုချင်းစီတွင် လျှို့ဝှက်ကျင့်စဉ်များ အထပ်လိုက်ဖြင့် ပြည့်နေပြီး စာအုပ်စင်များသည် အခုတစ်ရာထက် နည်းမည် မဟုတ်ချေ...

ကျန်းရီသည် တိတ်တဆိတ် တွေးတောနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့ရင်ထဲတွင် စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် စာအုပ်စင်တစ်ခု ရှေ့သို့ လျှောက်သွားလိုက်ပြီး ကျင့်စဉ်တစ်ခုကို ဖတ်ရန် ယူလိုက်သည်။

"နဂါးလင်းယုန်လက်သည်း... အလယ်အလတ်အဆင့် အဆင့်မြင့် သိုင်းပညာ... ဒီပညာရပ်ကို လေ့ကျင့်တဲ့သူက ကျွမ်းကျင်သွားရင် သူ့ရဲ့ လက်တွေက လင်းယုန်လက်သည်းတွေလို ဖြစ်လာမယ်... ပြီးတော့ လွယ်လွယ်ကူကူပဲ ကျောက်တုံးတွေ ကျောက်ဆောင်တွေကို ဖျက်ဆီးနိုင်မယ်...''

ကျန်းရီသည် ကျင့်စဉ်၏ မျက်နှာဖုံးပေါ်ရှိ မှတ်စုတိုလေးကို တစ်ချက် ကြည့်လိုက်သည်။ သူသည် ကျင့်စဉ်တွင် ပါရှိသော အကြောင်းအရာများကို ဖတ်ကြည့်ရန် တွေးလိုက်ပြီး စာအုပ်ကို ဖွင့်လိုက်သော် စာအုပ်အဖုံးသည် တစ်လက်မမျှပင် ရွေ့မသွားဘဲ အခိုင်အမာ ပိတ်နေကြောင်း တွေ့လိုက်ရသည်။

"ကြီးကြပ်သူက ငါ့ကို ဝင်ခိုင်းပြီး အေးအေးဆေးဆေး နေနိုင်တာ အံ့သြစရာ မဟုတ်တော့ပါဘူး..."

သူသည် ဒေါသထွက်လာခဲ့သည်။ အကျဉ်းချုပ် စာမျက်နှာလေး တစ်ရွက်ကို ဖတ်ပြီး သူနှင့်သင့်တော်မတော် မည်သို့ ဆုံးဖြတ်ရမည်နည်း...

ထားလိုက်တော့... ငါကြုံသလိုရွေးရမှာပဲ... အားလုံးက အဆင့်မြင့် အလယ်အလတ်အဆင့် ဖြစ်နေဖို့လိုတယ်... ပြီးတော့ တစ်ခုက ရွေ့လျားမှုအတွက်၊ တစ်ခုက တိုက်ခိုက်ဖို့နဲ့ တစ်ခုက ခုခံဖို့ သူသည် လျှို့ဝှက်ကျင့်စဉ်များကို ဖွင့်မရမှတော့ ကံကိုသာ အားကိုးရပေမည်။ သူသည် တစ်မနက်ခင်းလုံး ကုန်ဆုံးပြီးနောက် ကျင့်စဉ်တိုင်း နီးပါးကို ကြည့်ရှုပြီး ဖြစ်သည်။ ထို့နောက်တွင် သူသည် အလယ်အလတ်အဆင့် အဆင့်မြင့်ကျင့်စဉ် သုံးခုကို ရွေးချယ်လိုက်သည်။

အစွန်းရောက် အာကာသခြေလှမ်း... တစ်ယောက်ယောက်က ကျင့်စဉ်ကို ကျင့်လိုက်ရင် သူ့ရဲ့ အမြန်နှုန်းက ခဏလေးအတွင်း သုံးဆလောက် မြန်ဆန်သွားမယ်...ဆိုးကျိုးက အတွင်းအားတွေ ကုန်တာမြန်မယ်... အတွင်းအား မသုံးရင် သူ့ရဲ့ အမြန်နှုန်းက နှစ်ဆမြန်သွားမယ်… ဒါပေမဲ့ ခွန်အား အများကြီး သုံးရမယ်...

ဗုဒ္ဓလက်ဝါး...အင်အားအပြည့် တိုက်ခိုက်ရမယ့် ပညာရပ် အမျိုးအစားပဲ... အမြန်နှုန်း မြင့်တဲ့ သူတွေနဲ့ သင့်တော်တယ်...စိတ်ပိုင်းဆိုင်ရာ မြန်မြန် နွမ်းနယ်သွားမယ်...

တောင်ဖြိုလက်သီး... ခုခံတဲ့ ပညာရပ် ... ကျင့်ကြံဆင့်ပေါ် မူတည်ပြီး အင်အားကလည်း တိုးလာမယ်...

သူ ရွေးချယ်လိုက်သော ကျင့်စဉ်သုံးခုသည် အားကောင်းသည်ဟု ထင်ရသည်။ အထူးသဖြင့် ဗုဒ္ဓလက်ဝါးသည် ကျန်းရီအတွက် အထူးသီးသန့် ပြုလုပ် ပေးထားသည်ဟု ထင်ရသည်။ တောင်ဖြို လက်သီးသည်ကား ပို၍ပင် အားကောင်းသည်ဟု ထင်ရသည်။ သို့သော် ကျန်းရီသည် ကျင့်စဉ်၏ အကြောင်းအရာများကို မဖတ်ရသောကြောင့် အားဘယ်လောက် ပြင်းမည် ဆိုသည်ကိုတော့ သေချာ မသိပေ။ အစွန်းရောက် အာကာသ ခြေလှမ်းသည်ကား သူ၏ ပုံရိပ်ယောင် ခြေလှမ်းထက် ပို၍ အားကောင်းသည်ဟု ထင်ရသည်။

ကျန်းရီသည် ဘေးပတ်လည်ကို တစ်ကြိမ်မျှ ကြည့်လိုက်သော်လည်း ဤသုံးခုထက် ပို၍ သင့်တော်သော ကျင့်စဉ်များ မရှိသည်ကို သေချာသိလိုက်သည်။  သူသည် လှည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။

ဒါက မူရင်း စာအုပ်လား...

ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ကျန်းရီသည် စာအုပ်စင် တစ်ခု၏ ထောင့်ရှိ အဝါရောင် ကျင့်စဉ် တစ်ခုကို တွေ့လိုက်သည်။ အခန်းတွင်းရှိ စာအုပ်များ အားလုံးသည် အသစ် ဖြစ်သည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ပြန်ကူးထားသော စာအုပ်များ ဖြစ်ကြောင်း ပြောနိုင်လေသည်။ သူက မူရင်းတစ်ခုကို တွေ့လိုက်တာလား......သူသည် ကျင့်စဉ်သုံးခုကို ပြန်ချထားလိုက်ပြီး မူရင်းစာအုပ်ကို တစ်ချက် ကြည့်လိုက်သည်။ သို့သော် သူသည် စိတ်ပျက်သွားခဲ့သည်။

ထိုစာအုပ်သည် တကယ့်ကို မူရင်းကျင့်စဉ် တစ်ခု ဖြစ်သည်။ အမည်သည် အတွင်းအားပေါက်ကွဲ လက်ဝါးဖြစ်သည်။ အဆင့်သည်မူ မြေကမ္ဘာအဆင့်တွင် ရှိလေသည်။ ကံဆိုးစွာပင် ကျင့်စဉ်သည် ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီး ပြန်ပင်ကူးမထားရဘဲ မူရင်းအတိုင်း ရှိနေသည်။ သိုင်းခန်းမသည် အလယ်အလတ်အဆင့် ကျင့်စဉ်အဖြစ်သာ သတ်မှတ်ထားခဲ့လေသည်။

မြေကမ္ဘာအဆင့် လျှို့ဝှက်ကျင့်စဉ်... ငါတို့ ကျန်းဂိုဏ်းမှာတောင် အဆင့်အမြင့်ဆုံး ကျင့်စဉ်အနေနဲ့ မြေကမ္ဘာအဆင့်ကျင့်စဉ် တစ်ခုတည်းရှိတာ... ဆိုးတာက ဒါက ပျက်စီးနေတာပဲ... မဟုတ်ရင် ငါဒါကို ဖတ်ဖို့ အခွင့်အရေးရဦးမှာ...

ကျန်းရီသည် ကျင့်စဉ်ကို စာအုပ်စင်ပေါ်သို့သာ ပြန်ထားလိုက်သည်။ ၎င်းကို လက်ရေးမူဖြင့်သာ ရေးထားပြီး မဖော်ပြနိုင်သော အင်အားတို့ ပါဝင်နေသည်။ ၎င်းသည် အတွင်းအားတို့ကို သုံးဆခန့် တိုးသွားစေပြီး ပြိုင်ဘက်ကို ပြင်းထန်သော အားဖြင့် ထိခိုက်စေနိုင်သည်။ သို့သော် ဆိုးသည်ကား ကျင့်စဉ်စာအုပ် အတွင်းမှ စာရွက်တချို့ ပျောက်ဆုံးနေခဲ့ပြီး ကျင့်ကြံရန် ခက်ခဲသည်။ ထို့ပြင် ထိုပညာရပ်ကို ကျွမ်းကျင်သွားလျှင်တောင် အတွင်းအားများစွာ ကုန်ဆုံးပေမည်။ ကျန်းရီ၏ လက်ရှိ အတွင်းအားသည် တစ်ချက်၊ နှစ်ချက် တိုက်ခိုက်ပြီးသွားသည်နှင့် ကုန်ဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် အတွင်းအား ပေါက်ကွဲလက်ဝါးသည် သူနှင့်မသင့်တော်ပေ...

မဟုတ်သေးဘူး... ဒါလည်းမမှန်ဘူး...

ခြေနှစ်လှမ်းမျှ လှမ်းပြီးနောက် ကျန်းရီ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ သူသည် တစ်ခုခုကို မေ့နေခဲ့သည်။

သူ၏ ဒန်တျန်အတွင်းတွင် အပြာရောင် အတွင်းအားများ သာမက အနက်ရောင် အတွင်းအား များလည်း ရှိသည်။ နှစ်ခုကို ပေါင်းစပ်လိုက်လျှင် သူ၏ အင်အားသည် အဆမတန် တိုးပွားသွားပေသည်။ သူသာ အတွင်းနှစ်ခုကို ပေါင်းစပ်၍ အတွင်းအားပေါက်ကွဲ လက်ဝါးကို ထုတ်လွှတ်လိုက်လျှင် သူ့တိုက်ခိုက်မှု အင်အားသည် မည်မျှ ပြင်းသွားလိမ့်မည်နည်း...

သူ၏ အတွင်းအားနှစ်မျိုးကို ပေါင်းစပ်လိုက်လျှင်တောင် အင်အားသည် သုံးဆခန့် တိုးသွားသည် ဖြစ်သည်။ သူသာ အတွင်းအားပေါက်ကွဲ လက်ဝါးကို သုံးလျှင် အင်အားသည် နောက်ထပ် သုံးဆ တိုးသွားပေလိမ့်မည်။ မူရင်းအင်အားထက် ခြောက်ဆခန့်တိုးသွားလိမ့်မည် မဟုတ်ပါလား...... သူသာ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်သို့ ရောက်သွားလျှင် သူသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်းအဆင့်တွင် ရှိသော မည်သူကို မဆို အလွယ်တကူ သတ်နိုင်မည် မဟုတ်ပါလား......သူသည် ခရမ်းရောင် နန်းတော်ရှင်အဆင့် လူကိုတောင် သတ်ကောင်းသတ်နိုင် ပေလိမ့်မည်။

ကျန်းရီသည် ဖြစ်နိုင်ချေကို စဉ်းစားလိုက်ပြီးသည်နှင့် သူသည် တုန်လှုပ်သွားရသည်။ သူ၏ လက်ရှိ အတွင်းအားနှင့်ဆိုလျှင် အတွင်းအား ပေါက်ကွဲ လက်ဝါးကို တစ်ချက်၊ နှစ်ချက်သာ သုံးနိုင်မည် ဖြစ်သည်။ သို့သော် ထိုတိုက်ခိုက်မှုသည်ပင် သူ့အသက်ကို ကယ်ရန် လုံလောက်ပေသည်။

ငါဒါကို ကျင့်မယ်။

ကျန်းရီသည် ခဏမျှ တွန့်ဆုတ်နေသော်လည်း သူသည် အတွင်းအား ပေါက်ကွဲ လက်ဝါးကို ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ သူသာ ဤပညာရပ်ကို ကျွမ်းကျင်အောင် မသင်ယူနိုင်လျှင် အခွင့်အရေး တစ်ခုကို ဖြုန်းတီးလိုက်သည်နှင့် တူလေသည်။ သူသာ အောင်မြင်သွားလျှင်မူကား သူ့အသက်ကို ကယ်တင်နိုင်မည့် ချက်ကောင်း တစ်ခုကို ဖမ်းဆုပ် နိုင်လိုက်ခြင်း ဖြစ်ပေသည်။

သူသည် စိတ်ကို ဆုံးဖြတ်လိုက်ပြီး တောင်ဖြိုလက်သီး ကျင့်စဉ်စာအုပ်ကို ပြန်ချထားလိုက်သည်။ သူသည် ကျင့်စဉ် သုံးခုကို ကိုင်လာကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ သူသည် ထိုစာအုပ်သုံးခုကို ကြီးကြပ်သူပိုင်ရှေ့တွင် ထားလိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်...

"ကြီးကြပ်သူပိုင်...ကျွန်တော် ရွေးချယ်ပြီးပါပြီ"

ကြီးကြပ်သူပိုင်သည် သူ့စာအုပ်ကို လက်မှ ချလိုက်ပြီး သူ့လက်မှ အတွင်းအားများ ထွက်ပေါ်လာကာ ကျင့်စဉ်သုံးခုကို ဖိချလိုက်သည်။ ထိုကျင့်စဉ်သုံးခုမှ အလင်းရောင်များ တောက်ပလာခဲ့သည်။ သူသည် ကျင့်စဉ်များကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလာခဲ့သည်...

"မဆိုးပါဘူး...မင်းမှာ အမြင်ကောင်းရှိသားပဲ...ဒီ အစွန်းရောက် အာကာသခြေလှမ်းက အဆင့်မြင့် လှုပ်ရှားမှု ပညာတစ်မျိုးပဲ ... ဗုဒ္ဓလက်ဝါး ... ဒါလည်း ရွေးချယ်မှုကောင်း တစ်ခုပဲ ... ဟမ် ... အတွင်းအား ပေါက်ကွဲ လက်ဝါး..... အထီးကျန်ဝံပုလွေ ... မင်းဒါကို ရွေးချင်တာ သေချာလား.....မင်းမှာ အခမဲ့ အခွင့်အရေးက သုံးခါပဲ ရှိတာနော် ... မင်းနောက်ထပ် သိုင်းပညာတစ်ခုကို လေ့ကျင့်ဖို့ဆိုရင် ခရမ်းရောင် ရွှေတစ်ရာတေးလ် ပေးမှပဲ ရတော့မှာ ... ငါမင်းကို အမှန်အတိုင်း ပြောရမယ်ဆိုရင် လူပေါင်း ဒါဇင် အနည်းငယ်လောက်က ဒီအတွင်းအား ပေါက်ကွဲလက်ဝါးကို လေ့ကျင့်ဖို့ ကြိုးစားခဲ့ကြတယ် ... ဒါပေမဲ့ ဘယ်တစ်ယောက်ကမှ ဒါကို ကျွမ်းကျင် အောင်မြင်အောင် မလေ့ကျင့်နိုင်ကြဘူး..."

"လူပေါင်း ဒါဇင် အနည်းငယ်လောက်...''

ကျန်းရီသည် ဆွံ့အသွားရသည်။ သို့သော် သူသည် အတွင်းအား ပေါက်ကွဲ လက်ဝါးကို အနက်ရောင် အတွင်းအားနှင့် ပေါင်းစပ်လိုက်လျှင် သူထုတ်ဖော်နိုင်မည့် ပြင်းထန်သည့် အင်အားအကြောင်းကို တွေးမိသော အခါတွင် သူသည် အံကို ကြိတ်၍ ခေါင်းညိတ်လိုက်သည်...

"ကျွန်တော်ဒါကို ကြိုးစားကြည့်ချင်တယ်"

*****

All Chapters