← Chapters

သွေးအားဖြည့်ဆေးလုံး၊ သေမင်းတံခါးဝသို့ တမင်တကာ ခေါက်တော့မည်

Vol. 17 Ch. 241

သွေးအားဖြည့်ဆေးလုံး၊ သေမင်းတံခါးဝသို့ တမင်တကာ ခေါက်တော့မည်

Vol. 17 Ch. 241

လေလံတင်ပွဲစင်မြင့်ပေါ်တွင် ယွဲ့ယန်သည် ရွှေဖြင့်မွမ်းမံထားသော ကျောက်စိမ်းပြားတစ်ချပ်ကို လက်ဖြင့်ကိုင်ထားသည်။ ထိုကျောက်စိမ်းပြားပေါ်တွင် ဆေးပုလင်းနှစ်လုံးကို တင်ထားပြီး သူမက မိတ်ဆက်ပြောကြားလိုက်သည်။

"လေလံပစ္စည်းအမှတ် ၄၃ က သွေးအားဖြည့်ဆေးလုံးဆယ်လုံးပါ... ဒီဆေးလုံးက ကြယ်သုံးပွင့်အဆင့်မြင့်ဝိညာဉ်ဆေးဆိုတဲ့ နာမည်အတိုင်း သိုင်းသမားတွေရဲ့ သွေးစွမ်းအင်ကို အားဖြည့်ပေးနိုင်တယ်... သွေးအားဖြည့်ပြီး ကိုယ်ခန္ဓာကို အာဟာရဓာတ်ကို ဖြည့်တင်းပေးနိုင်တယ်... ဒါတင်မကဘူး... ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးက အနည်းဆုံးဖြစ်လို့ ထုံရွှမ်နယ်ပယ်အဆင့်နှစ်မှာရှိတဲ့ သိုင်းသမားတွေကို စွမ်းအားအဆင့်တက်လှမ်းဖို့ အမြန်ကူညီပေးနိုင်တယ်... တခြားအဆင့်က သိုင်းသမားတွေအနေနဲ့လည်း ဒီဆေးကို သုံးပြီး သွေးစွမ်းအင်ကို ဖြည့်တင်းနိုင်သလို ကိုယ်ခန္ဓာကို အာဟာရဓာတ်ဖြည့်ပေးနိုင်ပါတယ်..."

"သွေးအားဖြည့်ဆေးလုံးဆယ်လုံးကို ငါးလုံးတစ်စုအဖြစ် နှစ်စုခွဲပြီး လေလံတင်မှာပါ... တစ်စုချင်းစီရဲ့ မူလစျေးနှုန်းက ငွေကျပ် သိန်း ၃၀ ဖြစ်ပြီး တစ်ကြိမ်ထပ်တိုးတိုင်း အနည်းဆုံး ငွေကျပ် ၁ သိန်း ထပ်မံတိုးရပါမယ်..."

"ဟာ... သွေးအားဖြည့်ဆေးလုံးတဲ့လား... ငါက ထုံရွှမ်နယ်ပယ်အဆင့်နှစ်ရဲ့ အစပိုင်းမှာ အကြာကြီးပိတ်မိနေတာ... ဒီဆေးလုံးရှိရင် အလယ်အဆင့်ကို မြန်မြန်တက်နိုင်မှာပဲ... ဒီတစ်ကြိမ်တော့ တစ်စုကို လုံးဝလက်လွတ်လို့မရဘူး..."

"ဒီဆေးလုံးရှိရင် ငါဆို ထုံရွှမ်နယ်ပယ်အဆင့်နှစ်ရဲ့ အထွတ်အထိပ်ကို ခပ်မြန်မြန် တက်လှမ်းနိုင်မယ်... အပြင်စည်းပြိုင်ပွဲမှာ နာမည်ကြီးအောင် လုပ်ပြရမယ်..."

တာဝန်ခံယွဲ့ယန်ရဲ့ စကားသံပြီးဆုံးသည်နှင့် လေလံတင်ပွဲတစ်ခုလုံး၏ လေထုသည် ရုတ်ချည်းဆိုသလို ပူပြင်းထကြွလာသည်။

အထူးသဖြင့် ထုံရွှမ်နယ်ပယ်အဆင့်နှစ်တွင် ရှိနေသည့် ဂိုဏ်းသားများမှာ ဆေးပုလင်းကို မျက်လုံးမမှိတ်ဘဲ စိုက်ကြည့်နေကြပြီး ချက်ချင်းပင် တက်သွားကာ ဆုပ်ကိုင်လုယူလိုသည့်အလား အကြည့်များက ထက်သန်လှသည်။

"ဟူး... စိတ်ဝင်စားစရာကောင်းလာပြီ..."

သီးသန့်အခန်းထဲတွင် လော့ချန်တစ်ယောက် မျက်လုံးများ တောက်ပလာသည်။

သူသည် ထုံရွှမ်နယ်ပယ်အဆင့်နှစ်သို့ တက်လှမ်းရန် တစ်လှမ်းသာလိုတော့သည်။ သွေးစွမ်းအင်ကို အားဖြည့်ပေးနိုင်သည့် မိုးမြေချီစွမ်းအင်ရတနာများ၊ ဝိညာဉ်ဆေးများ၊ ဝိညာဉ်ဆေးလုံးများကို လုံးဝလက်လွတ်မခံနိုင်ပေ။

တာဝန်ခံယွဲ့ယန်က စိတ်ဝင်စားမှု မြင့်တက်လာသည်ကို မြင်ပြီးနောက် လေလံတင်ပွဲစတင်ရန် ကြေညာလိုက်သည်။

"၃၁ သိန်း..."

"၃၂ သိန်း..."

"၃၅ သိန်း..."

အသံတစ်သံပြီးတစ်သံ ယှဉ်ပြိုင်လေလံဆွဲသံများအကြား ပထမတစ်စုဖြစ်သည့် သွေးအားဖြည့်ဆေးလုံးများ၏ စျေးနှုန်းသည် တဟုန်ထိုး မြင့်တက်လာသည်။

လေလံတင်ပွဲစင်မြင့်၏ တစ်ဖက်တွင် မင်းသားတန်းဂိုဏ်းသား ချင်မယ်သည် ခဏတွေးတောပြီးနောက် ကျယ်လောင်စွာ လေလံဆွဲလိုက်သည်။

"၃၈ သိန်း..."

ရမ်ချင်က အံ့ဩတကြီးမေးလိုက်သည်။

"စီနီယာချင်မယ်... ခင်ဗျားလည်း ဒီသွေးအားဖြည့်ဆေးလုံးတွေ လိုအပ်နေတာလား..."

ချင်မယ်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"ငါကျင့်ကြံထားတဲ့ ဓားစွမ်းရည်ထဲမှာ တစ်ကွက်က သွေးစွမ်းအင်ကို သုံးပြီး ထုတ်လွှတ်ရတယ်... ဒီဆေးလုံးက သုံးပြီးရင် ဘေးထွက်ဆိုးကျိုးသိပ်မရှိဘူး... အပြင်စည်းပြိုင်ပွဲမှာ ငါ့ရဲ့ သွေးစွမ်းအင်ကို ချက်ချင်းဖြည့်တင်းပေးနိုင်မယ်လေ..."

ရမ်ချင်က ခေါင်းညိတ်ပြလိုက်သည်။

သူကြားဖူးသည့်အတိုင်း ချင်မယ်ကျင့်ကြံထားသော ဓားစွမ်းရည်သည် အလွန်အစွမ်းထက်ပြီး အထူးသဖြင့် သေကွင်းသေကွက်ဖြစ်သည့် ဓားအကွက်တစ်ခုသည် ထုံရွှမ်နယ်ပယ်အဆင့်သုံး အထွတ်အထိပ်ရှိ သာမန်သိုင်းသမားများကို ချက်ချင်းသတ်ဖြတ်နိုင်သည်ဟု ဆိုသည်။

"ဟာ... တစ်ချက်ထဲနဲ့ သုံးသိန်းထပ်တိုးလိုက်တာကွ... ဒါလူတွေကို ဆက်ဆွဲဖို့ လမ်းမပေးချင်တဲ့သဘောလား..."

"ဒါက ရွှမ်ယွမ်ဂိုဏ်းရဲ့ အပြင်စည်းတပည့် ချင်မယ်ပဲ... အေးလေ... ပထမတစ်စုကို သူ့ကို အရင်လွှတ်ပေးလိုက်ပါတော့..."

ချင်မယ်က တစ်ချက်ထဲဖြင့် စျေးနှုန်းကို ၃၈ သိန်းအထိ မြှင့်တင်လိုက်သဖြင့် လူအများက သူ့ကို သတိထားမိသွားကြသည်။ သူ့ကို သိကြသူများကလည်း လေလံဆွဲရန် အားလုံးလက်လွှတ်လိုက်ကြသည်။

လေလံဆွဲပြီး အနိုင်ရရန် ဖြစ်နိုင်ခြေကို ဘေးဖယ်ထားလိုက်လျှင်တောင် သွေးအားဖြည့်ဆေးလုံးငါးလုံးအတွက် ဂိုဏ်းထဲက ထူးချွန်တစ်ဦးကို ရန်လိုဖွယ်ရာ လုပ်ရပ်သည် ဉာဏ်မမီသည့် လုပ်ရပ်ပင်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် နောက်ထပ်တစ်စုကလည်း ရှိသေးသည်မဟုတ်လား။

သို့ရာတွင် လူတိုင်းက လက်လွှတ်လိုက်သည်တော့မဟုတ်။

မီးခိုးရောင်ဝတ်ရုံဝတ်ထားသည့် သက်ကြီးရွယ်အိုတစ်ဦးက ထပ်မံလေလံဆွဲလိုက်သည်။

"၃၉ သိန်း..."

ချင်မယ်က မထီမဲ့မြင်ပြုသည့်အပြုံးဖြင့် တွန့်ဆုတ်မနေဘဲ ဆက်လက်လေလံဆွဲလိုက်သည်။

"သိန်း ၄၀ ..."

မီးခိုးရောင်ဝတ်ရုံဝတ်ထားသည့် သက်ကြီးရွယ်အိုသည် မျက်မှောင်ကြုတ်လိုက်ပြီး ချင်မယ်က မဖြစ်မနေ လက်ဝယ်ရယူလိုသည့်အမူအရာကို မြင်လိုက်ရသဖြင့် ခဏတွန့်ဆုတ်ပြီးနောက် နောက်ဆုံးတွင် လေလံဆွဲခြင်းကို လက်လွှတ်လိုက်သည်။

ချင်မယ်မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

သွေးအားဖြည့်ဆေးလုံးကို လေလံအောင်မြင်စွာ ရယူနိုင်ခြင်းသည် တစ်ကြောင်း၊ လူအများရှေ့တွင် လေလံအောင်မြင်စွာ ဆွဲနိုင်ခြင်းသည် ဂုဏ်ယူစရာတစ်ခုဖြစ်သည်မဟုတ်လား။

ထို့နောက် မည်သူမျှ ထပ်မံလေလံမဆွဲတော့သည်ကို မြင်လိုက်ရသဖြင့် ယွဲ့ယန်သည် လေလံတင်ပွဲပြီးဆုံးကြောင်း ကြေညာရန်ပြင်လိုက်သည်။

ထိုအချိန်မှာပင် ကြည်လင်သာယာသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

"၄၂ သိန်း..."

ချင်မယ်မျက်နှာပေါ်က အပြုံးသည် ရုတ်တရက် တောင့်တင်းသွားသည်။

ရမ်ချင်က လော့ချန်ရှိရာ သီးသန့်အခန်းဆီသို့ အကြည့်လွှဲပြီး ဒေါသတကြီး ပြောလိုက်သည်။

"အဲ့ဒီအသုံးမကျတဲ့ကောင်ပဲ... ဒီအချိန်မှာ လေလံဆွဲတာဟာ စီနီယာချင်မယ်နဲ့ တမင်တကာ ရန်စတာပဲ..."

ချင်မယ်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"၄၃ သိန်း..."

သီးသန့်အခန်းထဲတွင် လော့ချန်က တွန့်ဆုတ်မနေဘဲ ချက်ချင်းပြန်လည်လေလံဆွဲလိုက်သည်။

"၄၅ သိန်း..."

သူသည် ချင်မယ်ကို တမင်တကာ ပစ်မှတ်ထားခြင်းမဟုတ်ပေ။ ဒုက္ခရှာမှုမျိုးကို မလိုလားသဖြင့် လေလံစျေးနှုန်းများ တည်ငြိမ်လာမှသာ ဝင်ဆွဲလိုက်ခြင်းဖြစ်သည်။

"၄၅ သိန်းတဲ့... ဒီလူကြီးမင်းက အမြင်စူးရှတာပဲ... နောက်ထပ် ထပ်တိုးမယ့်သူရှိသေးလား... ဒီသွေးအားဖြည့်ဆေးလုံးက ကြယ်သုံးပွင့် အဆင့်မြင့်ဝိညာဉ်ဆေးဖြစ်ပေမယ့် ဘေးထွက်ဆိုးကျိုးက အနည်းဆုံးပဲ... ဆက်တိုက်သုံးလို့ရတယ်... တန်ဖိုးရှိလှတဲ့ ဆေးလုံးပါ..."

ယွဲ့ယန်က လေလံစျေးနှုန်းထပ်မံမြှင့်တက်လာသည်ကို မြင်ပြီးနောက် ပရိတ်သတ်ကို ထကြွအောင် လှုံ့ဆော်လိုက်သည်။

ချင်မယ်၏မျက်နှာသည် သိသိသာသာ မည်းမှောင်လာသည်။

မူလက သိန်း ၄၀ ဖြင့်သာ သွေးအားဖြည့်ဆေးလုံးကို လက်ဝယ်ရယူနိုင်မည်ဟု ထင်ထားခဲ့သော်လည်း လော့ချန်က ရုတ်တရက် ဝင်ရောက်လာပြီး စျေးနှုန်းကို ၄၅ သိန်းအထိ မြှင့်တင်လိုက်သည်မဟုတ်လား။

"၄၆ သိန်း..."

အံကို တင်းတင်းကြိတ်ပြီးနောက် ချင်မယ်က ဆက်လက်လေလံဆွဲလိုက်သည်။

"၄၈ သိန်း ..."

လော့ချန်၏ အသံသည် ထပ်မံထွက်ပေါ်လာပြီး တွန့်ဆုတ်မှုဟူ၍ လုံးဝမရှိပေ။

လူအားလုံးမှာ အနည်းငယ် အံ့ဩသွားကြသည်။

ဤသွေးအားဖြည့်ဆေးလုံးငါးလုံးသည် အမှန်ပင် မဆိုးလှဘဲ ထုံရွှမ်နယ်ပယ်အဆင့်နှစ်ရှိ သိုင်းသမားများအတွက် အကျိုးသက်ရောက်မှု အလွန်ကောင်းမွန်သည်။

သို့သော် ၄၈ သိန်း ဆိုသည့် စျေးနှုန်းသည်လည်း မြင့်မားလွန်းလှသည်။ ထုံရွှမ်နယ်ပယ်အဆင့်နှစ်ရှိ သိုင်းသမားအများစုမှာ ဤမျှလောက် ငွေကြေးမျိုးကို လက်ဝယ်မပိုင်ဆိုင်နိုင်ပေ။

သိုင်းသမားများသည် ဝင်ငွေများစွာ ရရှိသော်လည်း အသုံးစရိတ်များလည်း များပြားလှသည်။

ဆေးလုံးများ၊ ရတနာလက်နက်များ၊ ဝိညာဉ်ကျောက်များ၊ သိုင်းပညာနှင့် ကျင့်စဉ်ကျမ်းများသည် တစ်ခုချင်းစီတိုင်းမှာ တန်ဖိုးမြင့်မားလှသည်။

"ဒီကောင်လေးက သိပ်ကိုဆိုးယုတ်လွန်းတယ်... နေရာတကာမှာ ငါတို့နဲ့ ရန်စတာပဲ..."

ရမ်ချင်က ဒေါသတကြီး အကြည့်များဖြင့် ပြောလိုက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

ချင်မယ်က နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်ပြီး ဖြည်းညင်းစွာ ရှူထုတ်လိုက်သည်။ မျက်နှာပေါ်တွင် ခံစားချက်ဟူ၍ မရှိသလို ပြောလိုက်သည်။

"ဘာမှမဖြစ်ဘူး... ၄၈ သိန်း နဲ့ သွေးအားဖြည့်ဆေးလုံးငါးလုံးဝယ်တာက မတန်တော့ဘူး... သူ့ကို လွှတ်ပေးလိုက်ပါ... ငါက ဒုတိယတစ်စုကို လေလံဆွဲမယ်..."

ဘေးတွင်ထိုင်နေသည့် ချန်ကျွမ်းရှန်က ရင်ထဲတွင် အေးစက်စွာ ပြုံးလိုက်သည်။

"လော့ချန်... မင်းကတော့ ဆက်ပြီး သေမင်းတံခါးဝကို ခေါက်နေတော့မှာပဲ..."

သူသည် ချင်မယ်ကို နားလည်သည်။ အပေါ်ယံတွင် တည်ငြိမ်နေသယောင်ဆောင်နေသော်လည်း စိတ်ထဲတွင်မူ မုန်တိုင်းထန်လျက်ရှိသည်။

"၄၈ သိန်း တစ်ကြိမ်...”

“၄၈ သိန်း နှစ်ကြိမ်...”

“၄၈ သိန်း သုံးကြိမ်... ဂုဏ်ယူပါတယ် လူကြီးမင်းက... သွေးအားဖြည့်ဆေးလုံးငါးလုံးကို ၄၈ သိန်းကျပ်နဲ့ အောင်မြင်စွာ ရရှိသွားပါပြီ... မကြာခင် လူကြီးမင်းထံ ပို့ဆောင်ပေးပါမယ်..."

ယွဲ့ယန်က သိမ်မွေ့စွာ ပြုံးပြလိုက်ပြီး နောက်ထပ် သွေးအားဖြည့်ဆေးလုံးပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

"အခုကစပြီး ဒုတိယတစ်စုကို လေလံတင်ပါမယ်... မူလစျေးနှုန်းက ယခင်အသုတ်လိုပဲ သိန်း ၃၀ ပါ... တစ်ကြိမ်ထပ်တိုးတိုင်း အနည်းဆုံး ၁ သိန်းကျပ် ထပ်မံတိုးရပါမယ်..."

ယွဲ့ယန်ရဲ့ စကားသံပြီးဆုံးသည်နှင့် ချင်မယ်ရဲ့ အေးစက်တည်ငြိမ်သည့် အသံသည် ချက်ချင်းထွက်ပေါ်လာသည်။

"သိန်း ၄၀..."

"ဝိုး..."

လေလံတင်ပွဲထဲရှိ လူအားလုံးမှာ ဤလုပ်ရပ်ကြောင့် မူးဝေသွားကြသည်။

တစ်ချက်ထဲဖြင့် သိန်း ၄၀ ကျပ်အထိ ထပ်တိုးလိုက်သည်တဲ့လား။

ဤလုပ်ရပ်သည် ဒုတိယတစ်စုဖြစ်သည့် သွေးအားဖြည့်ဆေးလုံးကို လိုလားနေသူများအားလုံးကို အကြံအစည်များ စွန့်လွှတ်စေခဲ့သည်။

မည်သူမဆို နားထောင်ကြည့်လျှင် ချင်မယ်သည် ဤသွေးအားဖြည့်ဆေးလုံးတစ်စုကို မဖြစ်မနေ ရယူလိုကြောင်း သိသာထင်ရှားသည်မဟုတ်လား။

ယခုအချိန်တွင် လေလံဆွဲရန် ကြိုးစားခြင်းသည် ချင်မယ်ကို ဒေါသထွက်စေမည့်အလားပင်။

ထိုအချိန်မှာပင် တည်ငြိမ်သည့် အသံတစ်သံသည် သီးသန့်အခန်းထဲမှ ထပ်မံထွက်ပေါ်လာသည်။

"၄၅ သိန်း..."

"ဟေး..."

လူအုပ်တစ်ခုလုံး ဆူညံသွားပြီး လူအားလုံး၏ အကြည့်များသည် လော့ချန်ရှိရာ သီးသန့်အခန်းဆီသို့ တစ်ပြိုင်နက်လှည့်သွားကြသည်။ အားလုံးမှာ မျက်လုံးပြူးပြဲသွားကြသည်။

ဤသို့ လေလံဆွဲခြင်းသည် ချင်မယ်ကို မျက်စိထဲမထားသည့် လုပ်ရပ်ပင်ဖြစ်သည်။

ချင်မယ်က လော့ချန်ရှိရာ သီးသန့်အခန်းကို မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး နက်ရှိုင်းစွာ ပြောလိုက်သည်။

"၄၈ သိန်း... ဟိတ်ကောင်... မင်းစကားမပြောခင် သေချာစဉ်းစားပြီးမှ ပြော..."

"သိန်း ၅၀ ..."

ချင်မယ်၏ စကားသံပြီးဆုံးသည်နှင့် ကြည်လင်သာယာသည့် အသံသည် သီးသန့်အခန်းထဲမှ ထပ်မံထွက်ပေါ်လာပြီး လေသံထဲတွင် အနည်းငယ်မျှပင် တုန်လှုပ်မှုမရှိပေ။

"ခွပ်..."

ချင်မယ်ထိုင်နေသည့် ကုလားထိုင်၏ လက်တင်ပြားသည် ဖျက်ဆီးခံလိုက်ရပြီး မျက်နှာပေါ်တွင် ရက်စက်ကြမ်းတမ်းသည့် အမူအရာများဖြင့် ပြည့်နှက်နေသည်။ ရင်ဘတ်မှာ ပြင်းထန်စွာ တလှုပ်လှုပ်ဖြစ်နေပြီး အချိန်အကြာကြီး တွေးတောနေသော်လည်း ထပ်မံလေလံဆွဲခြင်းကို မလုပ်တော့ပေ။

သူ့ထံတွင် စုစုပေါင်း ငွေကျပ် သိန်း ၃၀၀ ကျော်သာ ရှိပြီး နောက်ပိုင်းတွင် မီးလျှံဓားကို လေလံဆွဲရန် လိုအပ်သေးသည်။ သိန်း ၅၀ ကျပ်ဆိုသည်မှာ သူအသုံးပြုနိုင်သည့် အများဆုံးပမာဏပင်ဖြစ်သည်။

"ကောင်းတယ်... အရမ်းကောင်းတယ်..."

အသက်တစ်ချက်ရှူထုတ်လိုက်ပြီး ချင်မယ်က ရုတ်တရက် ပြုံးလိုက်သည်။ ထိုအပြုံးသည် ရမ်ချင်နှင့် ချန်ကျွမ်းရှန်တို့၏ ရင်ထဲတွင် ထိတ်လန့်စေသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။

မူလက လော့ချန်ကို ဒုက္ခပေးရန် စိတ်ကူးမရှိခဲ့သော်လည်း ယခုမူ ထိုသူက သေမင်းတံခါးဝကို ကိုယ်တိုင်လာခေါက်နေသည်မဟုတ်လား။

All Chapters