အိတ်ထဲမှ ရတနာ၊ မီးလျှံဓား...
Vol. 17 Ch. 244
“၄၅ သန်း …”
ဈေးတင်သံ ထွက်ပေါ်လာသည်နှင့်အတူ လေလံပွဲတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။
လူအားလုံး ဤဈေးနှုန်းကြောင့် အံ့အားသင့်သွားကြသည်။
“ဘာကို နောက်နေတာလဲ… တစ်ခါတည်း ငါးသန်းကျပ် ထပ်တင်လိုက်တယ်ဆိုပဲ…”
“အရင်က ချင်မယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကောင်လေးပဲ။ ဒီကောင်လေးက ဒီလောက်ပိုက်ဆံသုံးပြီးတာတောင် အင်အားကျန်နေသေးတယ်…”
“ဟဲဟဲ… အရင်တုန်းက ချင်မယ်ကို ရင်ဆိုင်ရဲပြီး အခုလည်း ချန်ကုန်းကို စိန်ခေါ်နေတယ်။ ငွေကြေးအရရော သတ္တိအရပါ ဒီကောင်လေးက တစ်ထပ်တည်းပဲ။ သေမယ့်အရေးကိုတောင် ဂရုမစိုက်ဘူး…”
လူအုပ်က တစ်ညီတညီ အသံထွက်လာရာ ဦးတည်ရာသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာသည် လော့ချန်ရှိနေသည့် အခန်းဖြစ်သည်။
“လော့ချန်…”
ချန်ကုန်း၏ သွားများကြား ထိုစကားလုံးနှစ်လုံး ထွက်ပေါ်လာပြီး ရှည်လျားသော မျက်လုံးများထဲတွင် မြွေအဆိပ်ကဲ့သို့ အန္တရာယ်ပြည့်လျှံသော အလင်းရောင်များ လက်ခနဲ ဖြတ်ပြေးသွားသည်။ သူသည် ခေါင်းစောင်းကာ အနားရှိ လျှပ်ယွမ်ဂိုဏ်းမှ တပည့်များကို လှမ်းပြောလိုက်သည်။
“မင်းတို့ဆီမှာ ရှိတဲ့ ငွေကြေးအားလုံးကို ငါ့ဆီပေး…”
သူသည် နောက်ဆုံးအချိန်အထိ တစ်ယောက်ယောက်က သူ့ကို ကြားဖြတ်ဝင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လေးဆယ့်ငါးသန်းကျပ်သည် သူ၏ အကြံအစည်ကို ကျော်လွန်နေပြီဖြစ်သည်။
လျှပ်ယွမ်ဂိုဏ်းမှ တပည့်များသည် အထဲထဲအပြင်ပြင် စုဆောင်းပေးအပ်ကြပြီး ချန်ကုန်းက ထိုငွေများကို စစ်ဆေးရင်း ခေါင်းမော့ကာ အနည်းငယ် အော်ဟစ်လိုက်သည်။
“၄၈ သန်း …”
သူ၏ စကားသံမဆုံးမီ တည်ငြိမ်သော အသံတစ်သံသည် အခန်းထဲမှ ထွက်ပေါ်လာပြန်သည်။
“သန်း ၅၀ …”
ဤဝိညာဉ်ကျောက်သည် ရောင်စဉ်ကိုးသွယ်ရတနာ၏ ထူးခြားသော တုန်ခါမှုကို ဖြစ်ပေါ်စေနိုင်သဖြင့် လော့ချန်သည် ၎င်းကို ရယူရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။
ဤဈေးနှုန်း ထွက်ပေါ်လာသည်နှင့်အတူ လေလံပွဲတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
ဤလေလံပွဲသည် လင်ယွမ်ပြတိုက်က ဂိုဏ်းအသီးသီးမှ အပြင်စည်းပြိုင်ပွဲကြီးအတွက် သီးသန့်စီစဉ်ထားသည့် အထူးလေလံပွဲဖြစ်ပေသည်။
ပါဝင်သူများသည် ထုံရွှမ်နယ်ပယ်ရှိ သိုင်းသမားများသာဖြစ်ပြီး လေလံတင်ရာပစ္စည်းများသည်လည်း ထုံရွှမ်နယ်ပယ်သိုင်းသမားများအတွက် သင့်လျော်သည့်အရာများသာဖြစ်သည်။ ဤကဲ့သို့ မြင့်မားသောဈေးနှုန်းသည် ယခင်မှတ်တမ်းများ၏ စံချိန်ကို ချိုးဖျက်လိုက်သည်ဟု ဆိုနိုင်သည်။
“… ဒီကောင်ကို အပိုင်းပိုင်းမဖြတ်ရရင် ငါ့စိတ်ထဲက ဒေါသကို ဘယ်လိုမှ မဖြေလျှော့နိုင်ဘူး…”
ချန်ကုန်းသည် အားအင်ချိနဲ့သွားပြီး ထိုင်ချလိုက်ရင်း လက်သီးကို တင်းတင်းဆုပ်ကာ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာသည်။ သူ၏ လည်ချောင်းထဲမှ သားရဲကဲ့သို့ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
၄၈ ရှစ်သန်းကျပ်သည် သူတို့အုပ်စုမှ စုဆောင်းထားသည့် ငွေအားလုံးဖြစ်ပြီး ထပ်မံယှဉ်ပြိုင်ရန် အင်အားမရှိတော့ပေ။
ရုတ်တရက် လျှပ်ယွမ်ဂိုဏ်းမှ တပည့်တစ်ဦးက ပြောလိုက်သည်။
“စီနီယာချန်… ခင်ဗျားက သူနဲ့ ယှဉ်ပြိုင်စရာမလိုပါဘူး။ လေလံအောင်မြင်သွားရင်တောင် ငွေကြေးတွေ အလဟဿဖြစ်သွားမှာပဲ…”
ချန်ကုန်း၏ မျက်ခုံးများ တွန့်သွားသည်။
“ဘာကိုဆိုလိုတာလဲ…”
ထိုလျှပ်ယွမ်ဂိုဏ်းတပည့်က ထူးဆန်းစွာ ပြုံးလိုက်သည်။
“လော့ချန်က လင်ကျန်းမြို့က ထွက်သွားတာနဲ့ ဒီမြေကမ္ဘာနဂါးဝိညာဉ်ကျောက်က ဆရာကြီးရဲ့ အိတ်ထဲက ပစ္စည်းဖြစ်လာမှာပဲ မဟုတ်လား…”
“ဟမ်… ဟား... ဟား…”
ချန်ကုန်း ခဏတုံ့ဆိုင်းသွားပြီး လော့ချန်ရှိရာ အခန်းကို လှမ်းကြည့်ကာ ရယ်မောလိုက်သည်။
“ဟုတ်တယ်… ငါဘာလို့ ဒါကို မတွေးမိတာလဲ… ဒါဆို သူ့ကို အရင်ဆုံး ငါ့အတွက် ထိန်းသိမ်းထားခိုင်းလိုက်တာပေါ့… နောက်ဆုံးမှာ ဒါက ငါ့ဟာပဲ ဖြစ်လာမှာပဲ…”
တစ်ကျပ်မှမသုံးဘဲ မြေနဂါးဝိညာဉ်ကျောက်ကို ရရှိမည်ဟု တွေးမိသည်နှင့် ချန်ကုန်း၏ စိတ်အား ရုတ်တရက် ရွှင်လန်းသွားလေသည်။
“သန်း ၅၀ တစ်ကြိမ်...”
“သန်း ၅၀ သုံးကြိမ်… အောင်မြင်ပါပြီ… ဒီလူကြီးမင်းကို ဂုဏ်ပြုပါတယ်…”
ယွဲ့ယန်သည် မျက်လုံးများ ပြူးကျယ်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
သူမသည် ဤဝိညာဉ်ကျောက်သည် သန်း ၃၀ ဖြင့် ရောင်းချနိုင်လျှင်ပင် ကောင်းသည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ မှတ်တမ်းစံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။
မကြာမီ လှပသော အစေခံမိန်းကလေးတစ်ဦးသည် မြေကမ္ဘာနဂါးဝိညာဉ်ကျောက်ကို လော့ချန်ရှိရာ အခန်းသို့ ယူလာပေးသည်။
လော့ချန်သည် စိတ်မရှည်နိုင်စွာ ဝိညာဉ်ကျောက်ကို လှမ်းယူလိုက်သည်။
“ဝုန်း…”
ရုတ်တရက် ရှေးကျသော နဂါးဟစ်အော်သံတစ်ခုသည် သူ၏ ဦးနှောက်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာသည်။
တချိန်တည်းမှာပင် လော့ချန်သည် ကြယ်တာရာထဲတွင် ရှိနေသည်ဟု ခံစားလိုက်ရပြီး မိုးမြေတစ်ခုလုံး မှုန်ဝါးဝါးဖြစ်နေကာ ကြယ်တစ်လုံးပြီးတစ်လုံး ကျဆင်းနေသည်။ မိုးမြေသည် မူလရှေးကျသော ကမ္ဘာဦးခေတ်သို့ ပြန်လည်ရောက်ရှိသွားသည့်အလားပင်...။
အနီးကပ်ကြည့်လိုက်သည့်အခါ ထိုကြယ်များအားလုံးသည် တစ်ကောင်ပြီးတစ်ကောင် ဝန်းရံနေသော နဂါးကြီးများဖြစ်နေသည်။
လော့ချန်သည် အလျင်အမြန် ဝိညာဉ်ကျောက်ကို လွှတ်ချလိုက်သည်နှင့် မျက်စိရှေ့မှ ထူးဆန်းသော မြင်ကွင်းများ ချက်ချင်းပျောက်ကွယ်သွားသည်။ သို့သော် သူ၏ ဒျန်တန်ထဲရှိ နဂါးချီစွမ်းအင်သည် ပို၍ လှုပ်ရှားထကြွလာပြီး ဒျန်တန်မှ ထွက်ပြေးတော့မည့်အလား တက်ကြွနေသည်။
“ထူးခြားတဲ့ လျှို့ဝှက်ချက်တစ်ခုတော့ ရှိနေတာ သေချာတယ်...”
လော့ချန်သည် စိတ်ထဲတွင် တွေးတောလိုက်ပြီး လက်ဖဝါးတစ်ချက်ဝှေ့ရင်း မြေနဂါးဝိညာဉ်ကျောက်ကို သိမ်းဆည်းလိုက်သည်။
“လူကြီးမင်း… အဆင်ပြေလား…”
လှပသော အစေခံမိန်းကလေးသည် လော့ချန်က ဝိညာဉ်ကျောက်ကို ကိုင်လိုက်ရုံဖြင့် ခဏအတွင်း တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။
“ပြေပါတယ် ဘာမှမဖြစ်ပါဘူး…”
လော့ချန်သည် အသက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။
“ဒါဆို ကျွန်မအရင်သွားလိုက်ပါဦးမယ်…”
လှပသော အစေခံမိန်းကလေးသည် အခန်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
လော့ချန်၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု လက်ခနဲဖြတ်ပြေးသွားပြီး ထိုမိန်းကလေးကို လှမ်းခေါ်လိုက်သည်။
“ခဏလောက်… ငါ့ဆီမှာ ကြယ်သုံးပွင့်အဆင့်မြင့်ရတနာ ချပ်ဝတ်တစ်ခု ရှိတယ်… မင်းတို့ လင်ယွမ်ပြတိုက်က ဒါကို ဈေးဖြတ်ပြီး ငါသုံးနိုင်မယ့် ငွေကြေးအဖြစ် ပြောင်းလဲပေးနိုင်မလား…”
လော့ချန်သည် ယခင်က ဝိညာဉ်ကျောက်နှင့် ဝိညာဉ်ဆေးများဝယ်ယူရာတွင် သန်း ၆၀ ကျော်သုံးစွဲခဲ့ပြီး ယခု မြေနဂါးဝိညာဉ်ကျောက်အတွက် သန်း ၅၀ ထပ်သုံးလိုက်သဖြင့် သုံးနိုင်သည့်ငွေကြေးမှာ အနည်းငယ်သာ ကျန်ရှိတော့သည်။ ယခုဆိုလျှင် သန်းအနည်းငယ်သာရှိတော့ပြီး မီးလျှံဓားကို လေလံဆွဲရန် လုံးဝမလုံလောက်တော့ပေ။
အပြင်စည်းပြိုင်ပွဲကြီးသည် နီးကပ်လာနေပြီဖြစ်ရာ သင့်လျော်သော ရတနာဓားတစ်လက်သည် သူ၏ တိုက်ခိုက်ရေးစွမ်းအင်ကို အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းထက် ပိုမိုမြှင့်တင်ပေးနိုင်သည့်အတွက် မရှိမဖြစ်လိုအပ်သည်။
“ဒါက… ဒီအကြောင်းကို ကျွန်မဆုံးဖြတ်လို့မရပါဘူး… သွားမေးကြည့်ရပါမယ်…”
“ကောင်းပြီ… ဒီချပ်ဝတ်ကို ယူသွားပြီး စစ်ဆေးပေးပါ…”
လော့ချန်သည် ခရမ်းပြာချပ်ဝတ်ကို ထိုမိန်းကလေးထံ ပေးအပ်လိုက်သည်။
သူသည် လင်ယွမ်ပြတိုက်က မည်သည့်လှည့်ကွက်များ ကစားလာမည်ကို စိုးရိမ်မှုမရှိပေ။
လှပသော အစေခံမိန်းကလေးသည် ခရမ်းပြာချပ်ဝတ်ကို သိမ်းဆည်းပြီး အခန်းမှ ထွက်ခွာသွားသည်။
“သိုင်းပညာကျင့်စဉ်မှာ အရည်အချင်းနဲ့ အရင်းအမြစ်တွေက တန်းတူအရေးပါတယ်လို့ ပြောတာ မမှားဘူးပဲ…”
လော့ချန်သည် သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် အနာဂတ်တွင် ငွေကြေးများများ ရှာဖွေရမည်ဟု တွေးတောလိုက်သည်။
မဟုတ်လျှင် ကျိမိသားစု၏ ထူးချွန်သူများကို မည်သို့လိုက်မီမည်နည်း။
ကျိမိသားစုသည် မူလရှေးဟောင်းမိသားစုတစ်ခုဖြစ်ပြီး ၎င်းတို့၏ အုတ်မြစ်သည် စိတ်ကူးယဉ်မရနိုင်လောက်အောင် ခိုင်မာသည်။ မိသားစုမှ သားသမီးများသည် ထူးခြားသော ရတနာများကို သကြားလုံးသဖွယ်သုံးစွဲကြပြီး ၎င်းတို့၏ ကျင့်စဉ်အမြန်နှုန်းသည် နှေးလို့ပင် မရနိုင်ပေ။
ထိုအချိန်တွင် တတိယမြောက် ရတနာပစ္စည်းသည် လေလံတင်ရောင်းချရန် စတင်ပြီဖြစ်သည်။
၎င်းသည် ကြယ်သုံးပွင့်အဆင့် ရတနာဓားတစ်လက်ဖြစ်သည်။
ဈေးနှုန်းယှဉ်ပြိုင်မှုသည် အလွန်ပြင်းထန်ပြီး နောက်ဆုံးတွင် ပိုးထည်ဝတ်ရုံဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက နှစ်ဆယ့်ရှစ်သန်းကျပ်ဖြင့် အောင်မြင်စွာ ဝယ်ယူသွားသည်။
စတုတ္ထမြောက် ရတနာပစ္စည်းမှာ ကြယ်သုံးပွင့်အလယ်အဆင့် ကာကွယ်ရေးချပ်ဝတ်တစ်ခုဖြစ်သည်။
ထိုချပ်ဝတ်ကို လေလံစင်ပေါ်သို့ တင်လိုက်သည်နှင့် လေလံပွဲတစ်ခုလုံး ရုတ်တရက် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
သိုင်းသမားတစ်ဦးအတွက် အရေးကြီးဆုံးအရာက ဘာဖြစ်မည်နည်း။
ကျင့်စဉ်၊ သိုင်းပညာ၊ ကြယ်အဆင့်လက်နက်များ စသည်တို့သည် အသက်ထက် ပိုအရေးမပါပေ။
ကောင်းမွန်သော ကာကွယ်ရေးကြယ်အဆင့်ရတနာတစ်ခုရှိခြင်းသည် တစ်ခါတစ်ရံ အသက်တစ်ချောင်းပိုရသည့်သဘောပင်။
ဈေးနှုန်းယှဉ်ပြိုင်မှု စတင်သည်နှင့် လေလံပွဲတစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး တကိုယ်တော်သိုင်းသမားများရော ဂိုဏ်းအသီးသီးမှတပည့်များပါ အဆုံးမရှိ ဈေးတင်ယှဉ်ပြိုင်ကြသည်။
လော့ချန်သည် ထိုအရာကို သိပ်ဂရုမစိုက်ပေ။
ချပ်ဝတ်နှင့် နှိုင်းယှဉ်လျှင် သူသည် သူ့လက်နှင့် အံဝင်ခွင်ကျဖြစ်သော ရတနာဓားတစ်လက်ကို ပိုမိုလိုချင်သည်။
သူ၏ အမြင်တွင် မည်မျှကောင်းမွန်သော ကာကွယ်ရေးချပ်ဝတ်ဖြစ်စေကာမူ အားနည်းချက်တစ်ခုခုတော့ ရှိစမြဲဖြစ်သည်။
ကာကွယ်ရန် တွေးတောနေမည့်အစား ရန်သူကို မည်သို့အကြွင်းမဲ့ ဖြတ်ထုတ်နိုင်မည်ကို တွေးတောခြင်းသည် တစ်ခါတည်း ပြီးပြတ်သွားမည်ဖြစ်သည်။
လူအုပ်ကြီး၏ ပြင်းထန်သော ဈေးတင်သံများကြားတွင် ကြယ်သုံးပွင့်အလယ်အဆင့် ချပ်ဝတ်၏ ဈေးနှုန်းသည် တဟုန်ထိုး မြင့်တက်သွားပြီး အစပိုင်းတွင် ရှစ်သန်းကျပ်မှ ချက်ချင်းပင် သန်း ၂၀ ကျော်သွားသည်။
သို့သော် သန်း ၂၀ ကျော်သွားပြီးနောက် ဈေးတင်မှု အနည်းငယ် နှေးကွေးသွားသည်။
နောက်ဆုံးတွင် ချန်ကုန်းက ၂၆ သန်းခွဲ ဖြင့် ထိုချပ်ဝတ်ကို အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။
ထိုအချိန်တွင် လှပသော အစေခံမိန်းကလေးသည် အခန်းသို့ ပြန်လည်ရောက်ရှိလာပြီး ခရမ်းပြာချပ်ဝတ်ကို လော့ချန်၏ စားပွဲပေါ်သို့ ညင်သာစွာ ပြန်တင်ပေးလိုက်သည်။
လော့ချန်၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု လက်ခနဲဖြတ်ပြေးသွားပြီး မျက်ခုံးတွန့်ကာ မေးလိုက်သည်။
“ဘာလဲ… မရဘူးလား…”
လှပသော အစေခံမိန်းကလေးသည် ချိုသာစွာ ပြုံးလိုက်သည်။
“ခေါင်းဆောင်သစ်က ဒီချပ်ဝတ်က သူကြီးမင်းအတွက် အရေးကြီးတယ်လို့ ပြောပါတယ်… သူကြီးမင်းကိုယ်တိုင် သိမ်းထားဖို့ ပြောပါတယ်။ ငွေကြေးနဲ့ပတ်သက်လို့ကတော့ သန်း ၁၀၀ အတွင်း သူကြီးမင်း လွတ်လွတ်လပ်လပ် သုံးနိုင်ပါတယ်… အားလုံးကို ခေါင်းဆောင်သစ်ရဲ့ နာမည်အောက်မှာ မှတ်တမ်းတင်ထားမှာပါ…”
လော့ချန်သည် မျက်ခုံးတစ်ဖက်ပင့်ကာ မေးလိုက်သည်။
“မင်းတို့ ခေါင်းဆောင်သစ်နဲ့ ငါ သိကြတယ်လား… ဒါမှမဟုတ် ဘာအခြေအနေတွေ ရှိလဲ…”
သူသည် ဤလောကတွင် အခမဲ့ထမင်းတလုတ်ရှိသည်ဟု မယုံကြည်ပေ။
လှပသော အစေခံမိန်းကလေးသည် ခေါင်းခါလိုက်သည်။
“ဒါကို ကျွန်မမသိပါဘူး… ခေါင်းဆောင်သစ်က ပြတိုက်ကို ရောက်လာတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်… ကျွန်မလည်း မတွေ့ဖူးပါဘူး… ခေါင်းဆောင်သစ်က ပြောပါတယ်… နောက်မှ တစ်ခုခု အကူအညီတောင်းတဲ့အခါ လူကြီးမင်း မငြင်းရင် ရပြီလို့ ပြောပါတယ်…”
လော့ချန်သည် ခဏတွေးတောပြီးမှ ပြောလိုက်သည်။
“ကောင်းပြီလေ… ငါ့ရဲ့ မူလဆန္ဒနဲ့ မဆန့်ကျင်ရင် ငါလက်ခံမယ်…”
သူသည် ယခုအချိန်တွင် ငွေကြေးအလွန်လိုအပ်နေပြီး မီးလျှံဓားကို လေလံဆွဲရန် လိုအပ်သည်။
ထို့အပြင် တစ်ဖက်လူက တစ်ခုခုအကူအညီတောင်းလာလျှင်လည်း လုပ်မလုပ်ကို သူကိုယ်တိုင် ဆုံးဖြတ်နိုင်သည်ပင်။
ထိုအချိန်တွင် နောက်ထပ် လေလံပစ္စည်းတစ်ခုကို လေလံစင်ပေါ်သို့ တင်ပြလာသည်။
“ဆက်လက်ပြီး ယခုလေလံပွဲရဲ့ နောက်ဆုံးပစ္စည်းကို တင်ပြပါမယ်… ဒါကတော့ ဒီလေလံပွဲရဲ့ အဓိကထိပ်ဆုံးပစ္စည်းပါ… ကြယ်သုံးပွင့်အဆင့်မြင့် ရတနာဓား… မီးလျှံဓား ဖြစ်ပါတယ်…”