← Chapters

အရူးအမူး လုယက်ကြခြင်း

Vol. 3 Ch. 31

အရူးအမူး လုယက်ကြခြင်း

Vol. 3 Ch. 31

~ယူဝမ်ရှုံး၏ စကားသံအဆုံးတွင်တော့ ဖုန်းမိသားစုထံမှ လူတစ်ဦးတစ်ယောက်မျှ ရောက်ရှိမလာသေးသည်ကို လူတိုင်း ရုတ်တရက် သတိပြုမိလိုက်ကြလေသည်။

ပွဲခင်းတစ်ခုလုံးသည် အပ်ကျသံပင်မကြားရလောက်အောင် တခဏတာ တိတ်ဆိတ်သွားခဲ့ပြီး ထိုတိတ်ဆိတ်မှုက ထူးဆန်းအံ့ဩဖွယ် ကောင်းလှ၏။

“ဒါဆို ချီစုစည်းဆေးမှုန့်ကို ဖော်စပ်ခဲ့တာက ဖုန်းမိသားစုရဲ့ အကြီးအကဲပေါ့။”

“ဖုန်းမိသားစုရဲ့ အကြီးအကဲက ဖော်စပ်ခဲ့တာကိုး။ ဒါကြောင့် ဖုန်းချန်ယန်တို့အဖွဲ့ကို အရိပ်အယောင်တောင် မတွေ့ရတာပဲ။”

ဤမျှ အစွမ်းထက်လှသော ဆေးမှုန့်ကို ဖုန်းမိသားစု၏ အကြီးအကဲက ဖန်တီးဖော်စပ်ခဲ့လိမ့်မည်ဟု ပွဲလာပရိသတ်ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ထင်မှတ်မထားခဲ့ကြချေ။

ယန်ချင်းယွင်၊ မော့ခွန်းနှင့် အခြားမိသားစုများမှ အဆင့်မြင့်ပုဂ္ဂိုလ်တို့၏ မျက်နှာများကမူ ချက်ချင်းပင် မဲမှောင်သွားကြသည်။ သူတို့သည် ယခုလေးတင်ကပင် ဆေးမှုန့်ကို အမြောက်အမြား ဝယ်ယူရန် ကြံစည်နေခဲ့ကြသော်လည်း ယခုမူ ရောင်းချသူက သူတို့အား လုံးဝ ရောင်းချပေးလိုသည့် ဆန္ဒမရှိမှန်း သိလိုက်ရသောအခါ လူပုံအလယ်တွင် အကြီးအကျယ် မျက်နှာပျက်ရလေတော့သည်။

...

"ဟ... ဒီဖုန်းဝူချန်ဆိုတဲ့ သောက်ကလေး..." မော့ခွန်းက ဒေါသတကြီးဖြင့် အံကိုကြိတ်လိုက်သည်။

သူ့မျက်နှာက အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် ပုံစံမျိုး ဖြစ်နေ၏။

ပြိုင်ဘက်ကင်းမြို့မှ လူများကတော့ အတွင်းစိတ်ထဲမှာ ပျော်နေကြပြီး လူအတော်များများက သူတစ်ပါး ဒုက္ခရောက်တာကို ဝမ်းသာနေသည့် အပြုံးမျိုးဖြင့် ပြုံးနေကြသည်။

ယန်မိသားစုနှင့် မော့မိသားစုတို့ ပြိုင်ဘက် မရှိတော့လျှင် ချီစုစည်းဆေးမှုန့်ကို လူအများအပြား ဝယ်နိုင်မည့် အခွင့်အရေး ပိုများလာသည် မဟုတ်ပါလား။

မျက်နှာ ညိုမှောင်နေသော မိသားစုခေါင်းဆောင် နှစ်ယောက်ကို ကြည့်ရင်း ယူဝမ်ရှုံးက ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

"ခေါင်းဆောင်နှစ်ယောက်ကို ကျွန်တော် ရှင်းပြပါရစေ။ အကြီးအကဲဖုန်းက အဆင့်နှစ် ဆေး ပညာရှင် အဖြစ် တက်လှမ်းသွားခဲ့ပါပြီ။ ဝမ်ပေါင် ကုန်တိုက်က သူ့ကို အပြစ်ပြုလို့ မရပါဘူး၊ ခေါင်းဆောင် နှစ်ယောက်လုံး နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"အဆင့်နှစ် ဆေးပညာရှင်တဲ့လား"

လူအုပ်ကြီးက နောက်တစ်ကြိမ် တဝိုးဝိုး အသံများဖြင့် ကြွက်စီသွားပြန်၏။

"ဟမ့်"

မော့ခွန်းက အေးစက်စွာ နှာခေါင်း တစ်ချက် ရှုံ့ပြီး လှည့်ထွက်သွားတော့သည်။

ယန်ချင်းယွင်ကလည်း ယန်မိသားစုမှ အဆင့်မြင့် ပုဂ္ဂိုလ်များနှင့်အတူ ဒေါသတကြီး ထွက်ခွာသွားလေ၏။

"မိသားစု နှစ်စုက ဖုန်းမိသားစုကို သွားဆွမိပြီဆိုတော့ ချီစုစည်းဆေးမှုန့်ကို သူတို့ တစ်သက်လုံး ရနိုင်တော့မှာ မဟုတ်ဘူး။ ငါသာ ယွမ်တန်ဘုံ ကျင့်ကြံသူ ဖုန်းချန်ယန်ဆိုရင် ယန်မိသားစုနဲ့ မော့မိသားစုကို သုတ်သင်ပစ်မှာပဲ"

"ဒီတစ်ခါတော့ ဖုန်းမိသားစုက တကယ်ကို ထိုးတက်လာတော့မှာပဲ။ ဒီလောက် အစွမ်းထက်တဲ့ ဆေးမှုန့်တွေနဲ့ဆို ဖုန်းမိသားစုရဲ့ အင်အားက မကြာခင် ပိုပြီးတော့ ကြောက်စရာကောင်းလာတော့မှာပဲ။ ငါတို့ရဲ့ မျိုးဆက်သစ်တွေလည်း ဟိုမိသားစုနှစ်စုရဲ့ မျိုးဆက်သစ်တွေကို ကျော်တက်နိုင်ဖို့ အခွင့်အရေးရှိလာပြီ"

"ယန်မိသားစုကတော့ ဒီတစ်ခါ အကြီးအကျယ် နစ်နာတော့မှာပဲ။ သူတို့နဲ့ ပူးပေါင်းမယ့်သူလည်း မရှိတော့ဘူး။ မိသားစုရဲ့ ရွှေဒင်္ဂါးတွေကလည်း တစ်နေ့မဟုတ်တစ်နေ့ ကုန်သွားမှာပဲ"

"တော်သေးတာပေါ့... ငါတို့က ဖုန်းမိသားစုကို ထိပ်တိုက်မတွေ့မိလို့.. ဖုန်းချန်ယန်က ဖြောင့်မတ်ပြီး ပွင့်လင်းတယ်။ ကောင်းကင်ဘုံက လူကောင်းတွေကို အမြဲစောင့်ရှောက်တာပဲ"

လူတိုင်းက အားကျမနာလိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။

ယူဝမ်ရှုံးက လက်ကိုမြှောက်ကာ လူအုပ်ကို တည်ငြိမ်စေလိုက်ပြီးနောက် ပြုံးလျက်ဆို၏။

"ချီစုစည်းဆေးမှုန့်ရဲ့ ဈေးနှုန်းက မကြီးပါဘူး။ ဆရာ ဖုန်းချန်ယန်ကလည်း လူတိုင်းရဲ့ အခက်အခဲကို ထည့်စဉ်းစားပေးထားပါတယ်။ ဒါကြောင့် ဆေးမှုန့်တစ်ထုပ်ကို ရွှေဒင်္ဂါး ငါးထောင်ပဲ ကျသင့်မှာပါ"

"ဒါ အရမ်းကောင်းတာပေါ့။ တစ်ထုပ်ကို ရွှေဒင်္ဂါး ငါးထောင်တည်းတဲ့။ တစ်လလောက်ဆိုရင် တစ်ထုပ် ဝယ်နိုင်ပြီ"

"ဖုန်းချန်ယန်က တကယ်ကို လူကောင်းပဲ။ ငါတို့ရဲ့ အခက်အခဲကို စဉ်းစားပေးတယ်။ ဖုန်းမိသားစုက အကောင်းဆုံးပဲ"

"ဖုန်းမိသားစု အောင်မြင်ပါစေ။ ဖုန်းမိသားစု အောင်မြင်ပါစေ"

ယူဝမ်ရှုံး၏ စကားအပြီးတွင် နေရာတစ်ခုလုံး နောက်တစ်ကြိမ် ပွဲဆူသွားပြီး လူအများအပြားမှာ မျက်ရည်များပင် ဝဲလာကြသည်။

အလွန်အမင်း စိတ်လှုပ်ရှားနေသော လူအုပ်ကိုကြည့်ရင်း ယူဝမ်ရှုံးက ဆက်လက်ပြုံးကာ ပြောလိုက်သည်။

"ဖုန်းမိသားစုရဲ့ တတိယသခင်လေးကလည်း ပြောထားပါတယ်။ ဆေးမှုန့်ကို လူတိုင်းဝယ်နိုင်မှာပါတဲ့။ အချိန်တော့ နည်းနည်းလိုတာပေါ့။ ဒါကြောင့် ဘယ်သူမှ မလုကြဖို့ မျှော်လင့်ပါတယ်။ ဒီနေ့ မဝယ်နိုင်တဲ့သူတွေ မနက်ဖြန် ဝယ်လို့ရပါတယ်။ မနက်ဖြန်မှ မဟုတ်ရင် သဘက်ခါပေါ့။ ချီစုစည်းဆေးမှုန့်က ပစ္စည်းပြတ်သွားမှာ မဟုတ်လို့ အားလုံး စိတ်ချနိုင်ပါတယ်"

ထိုအခါ ပရိသတ်ထဲမှ တစ်ယောက်က မေးခွန်းထုတ်လာ၏။

"ကုန်တိုက်သခင်ယွီ...။ ပြိုင်ဘက်ကင်းမြို့မှာ လူတွေ ဒီလောက် များတာ အကြီးအကဲဖုန်းက တကယ်ပဲ ဒီလောက် အများကြီး ဖော်စပ်နိုင်လို့လား။ သူ ပင်ပန်းပြီး မလဲသွားနိုင်ဘူးလား"

"ဟုတ်တယ်...။ ဆေးဖော်ရတာက အရမ်းပင်ပန်းပြီး ဝိဉာဉ်စွမ်းအင်တွေ အများကြီး သုံးရတယ်လို့ ကြားတယ်"

"အကြီးအကဲဖုန်းသာ ပင်ပန်းပြီး လဲသွားရင် ငါတို့ နောက်တစ်ခါ ဆေးမှုန့်တွေ ဝယ်လို့ မရတော့ဘူး ဟုတ်တယ် မလား"

လူအုပ်ကြီးက နောက်တစ်ကြိမ် စိုးရိမ်သွားကြပြန်သည်။

"အားလုံး စိတ်ချပါ။ အကြီးအကဲဖုန်းက ဆေးမှုန့်ဖော်စပ်နည်းကို ကျွန်တော့်ကို လက်ဆောင်ပေးဖို့ သဘောတူထားပါတယ်။ ကျွန်တော်လည်း အမြန်ဆုံး ဖော်စပ်နိုင်အောင် ကြိုးစားမှာပါ" ဟု ယူဝမ်ရှုံးက ပျော်ရွှင်စွာ ကတိပြုလိုက်သည်။

ဒါက သူကိုယ်တိုင် အဆင့်နှစ် ဆေးပညာရှင်အဖြစ် တက်လှမ်းရန် အရေးကြီးသော အခိုက်အတန့် တစ်ခုလည်း ဖြစ်လေ၏။

စကားပြောပြီးနောက် သူက ကျန်းဟန်ဘက်သို့ လှည့်ကာ ရောင်းချရန် အချက်ပြလိုက်သည်။

"အားလုံး တန်းစီကြပါ။ မတွန်းကြနဲ့" ဟု ကျန်းဟန်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်ရာ လူအုပ်ကြီးက နောက်တစ်ကြိမ် စိတ်လှုပ်ရှားသွားကြပြန်၏။

"တာဝန်ခံ ကျန်း။ ကျွန်တော် အရင်ဆုံးပါ။ တစ်ထုပ် ပေးပါ"

"မြန်မြန်လုပ်ပါ... မြန်မြန်လုပ်ပါ။ ကျွန်တော်လည်း တစ်ထုပ် လိုချင်တယ်"

"ကျွန်တော်ရောပဲ။ ကျွန်တော်လည်း တစ်ထုပ်လိုချင်တယ်"

တစ်ယောက်ပြီးတစ်ယောက်... နှစ်ယောက်ပြီးနှစ်ယောက်... လူအုပ်ကြီးမှာ ဆိုင်တစ်ဆိုင်တွင် အကြီးအကျယ် ဈေးလျှော့ရောင်းချနေသည်နှင့် ကြုံရသလို အရူးအမူး ဖြစ်ကုန်ကြတော့သည်။

တစ်နာရီပင် မပြည့်သေးသော အချိန်အတွင်း ဖုန်းချန်ယန်နှင့် ဖုန်းဝူချန်တို့ ဖော်စပ်ထားသော ဆေးမှုန့် ရာပေါင်းများစွာမှာ ရောင်းကုန်သွားခဲ့သည်။

ဤသို့သော ရောင်းအားကောင်းသည့် ဆေးမှုန့်သည် ဝမ်ပေါင် ကုန်တိုက်တွင် လေလံပွဲများထက်ပင် ကျော်လွန်၍ အအောင်မြင်ဆုံး စီးပွားရေးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ဆေးမှုန့်များ ရောင်းကုန်သွားပြီးနောက် ကျန်းဟန်မှာ မှင်တက်သွား၏။ ဆေးမှုန့် ရာပေါင်းများစွာ ဤမျှအမြန် ရောင်းကုန်သွားသည်ကို သူ မယုံနိုင်အောင် ဖြစ်နေသည်။

"သုံးရာ့ငါးဆယ်လုံး ကုန်သွားပြီလား"

ကျန်းဟန်က အံ့ဩတကြီးဖြင့် မျက်တောင်ခတ်လိုက်မိသည်။ ဆေးမှုန့်များမှာ အလွန်လျင်မြန်စွာ ရောင်းကုန်သွားခဲ့ရာ အချိန် မည်မျှ ကုန်သွားသည်ကိုပင် သတိမထားမိလိုက်။

သူ့နောက်သို့ လက်လှမ်းလိုက်သည့်အခါ လေထဲကိုသာ ကုတ်ခြစ်မိနေမှန်း သိလိုက်ရတော့သည်။

ဝမ်ပေါင်ကုန်တိုက် အပြင်ဘက်တွင် တန်းစီနေသော လူတန်းရှည်ကြီး သုံးတန်းမှာ မည်သည့်ဆေးမှုန့်မှ မဝယ်လိုက်ရပေ။ ခန်းမကြီးထဲမှ လူများပင် မရလိုက်ကြ။ သူတို့ အနည်းငယ် စိတ်ပျက်သွားကြသော်လည်း မနက်ဖြန်တွင် ထပ်ရဦးမည်ဖြစ်ပြီး ဘယ်တော့မှ ပစ္စည်းပြတ်မည်

မဟုတ်ကြောင်း သိထားကြလေသည်။

"ဖုန်းချန်ယန်က ဒီဆေးမှုန့်ကို ဘယ်လိုများ စဉ်းစားမိပါလိမ့်..."

ယူဝမ်ရှုံးက မကုန်ခန်းနိုင်သော အားကျစိတ်ဖြင့် သူ့ဘာသာသူ တွေးနေမိ၏။

…..

"ဝူချန်... အပူချိန်က မှန်ရဲ့လား ကြည့်စမ်းပါဦး"

ဖုန်းမိသားစု၏ ဆေးဖော်ခန်းထဲတွင် ဖုန်းချန်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။

"အကြီးအကဲ... မီးကို နည်းနည်းလေး ပိုတိုးလိုက်ပါ...။ မဟုတ်ရင် ဇီနင်ရွှမ်းရွက်တွေက ပန်းပွင့်အဖြစ် မခဲခင်မှာ တခြား ဆေးပင်တွေ အကုန် ပျက်စီးသွားလိမ့်မယ်" ဖုန်းဝူချန်က ဆေးလုံးဖိုကို စူးစိုက်ကြည့်ရင်း အလျင်အမြန် ပြောလိုက်သည်။ သူကိုယ်တိုင်လည်း ဆေးဖော်ခြင်းကို အာရုံစိုက်နေသလို ဟန်ဆောင်ထားရသေး၏။

...ငါကတော့ ဟန်ဆောင်ပန်ဆောင် ဆေးဖော်ရတာပေါ့လေ။ တကယ်သာ ငါ့အရည်အချင်းအမှန်ကို ထုတ်သုံးလိုက်ရင် အဘိုးကြီး မျက်လုံးပြူးသွားမှာ...။ မဖြစ်သေးပါဘူး... ဖြည်းဖြည်းပေါ့...။

ဖုန်းဝူချန်အတွက်တော့ ရတနာခုနစ်ပါး ချီစုစည်း ဆေးမှုန့်ကို ဖော်စပ်ခြင်းသည် လက်တစ်ဖက် ယမ်းလိုက်သလောက်ပင် လွယ်ကူလှသည်။ သို့သော် ဖုန်းချန်ယန်ရှေ့တွင်တော့ သူက အလွန်အကျွံ တော်လွန်းနေ၍ မဖြစ်ပေ။

● လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖုန်းဝူချန်နှင့် ဖုန်းချန်ယန်တို့နှစ်ဦးလုံး ဆေးဖော်ခန်းထဲတွင် ဆေးမှုန့်များ းဖော်စပ်နေခဲ့ကြသည်။ ဖုန်းချန်ယန်သည် ဖုန်းဝူချန်၏ အရည်အသွေးမြင့် ဆေးမှုန့်များ ထုတ်လုပ်နိုင်စွမ်းကို သိရှိသွားခဲ့ပြီး ဖြစ်သောကြောင့် သူ့ထံမှ လမ်းညွှန်မှုကို အဆက်မပြတ် တောင်းခံနေခဲ့သည်။

ဖုန်းချန်ယန်၏ မမောမပန်း ကြိုးစားမှုများကြောင့် သူ ထုတ်လုပ်သော ဆေးမှုန့်များ၏ အရည်အသွေးမှာလည်း တဖြည်းဖြည်း မြင့်တက်လာလေသည်။

ဖုန်းဝူချန်၏ အကြံပေးချက်အတိုင်း ဖုန်းချန်ယန်က မီးတောက်၏ အရှိန်ကို မြှင့်တင်ကာ တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် လုပ်ဆောင်သွားသည်။

တစ်နာရီခန့်အကြာတွင် ဖုန်းချန်ယန်သည် ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး အရည်အသွေးမှာလည်း ယခင်ကထက် များစွာမြင့်မားနေသဖြင့် သူ့မှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။

"ဝူချန်... မင်းရဲ့ဆရာက တကယ်ကို အံ့ဩဖို့ကောင်းတာပဲကွာ။ မင်းဆရာ ပြောတဲ့အတိုင်းပဲ ဆေးမှုန့် အရည်အသွေးက အများကြီး တိုးတက်လာတယ်။ ကောင်စုတ်လေး မင်းက ဆေးဖော်ပညာမှာ ကြောက်စရာကောင်းတဲ့ ပါရမီ ရှိတာပဲ။ မင်းဆရာက မင်းကို ဘယ်နှရက်လောက် သင်ပေးလိုက်တာလဲ။ မင်းက ငါ့ထက်တောင် ပိုကျွမ်းကျင်နေသလိုပဲကွ" ဖုန်းချန်ယန်က ပျော်ရွှင်စွာ ချီးကျူးလိုက်ပြီး တစ်ဆက်တည်းမှာပင် ဖုန်းဝူချန်ကိုပါ ထုတ်ဖော် ချီးကျူးမိလေသည်။

“သိပ်တော့ မမြန်ပါဘူး... ငါးရက် ခြောက်ရက်လောက်ပဲဗျ...။"

ဖုန်းဝူချန်က ပခုံးတွန့်ကာ ရယ်ရင်း ပြန်ပြောလိုက်သည်။

"ဒီကောင်လေးတော့... ငါ့ကို လာပြီးတော့ စိတ်ဓာတ်ကျအောင် မလုပ်စမ်းနဲ့။" ဖုန်းချန်ယန်က မျက်လုံးကို လှန်ကာ ဆူပူလိုက်သည်။

ငါးရက် ခြောက်ရက်ကို များတယ်လို့ မှတ်နေသေးသည်။ တခြားသူတွေဆိုရင် အောင်မြင်ဖို့ ဘယ်လောက်ကြာအောင် ကြိုးစားရမှန်းပင် မသိနိုင်။

ဖုန်းချန်ယန်ပင် သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံသာ မရှိပါက လဝက်အတွင်း အောင်မြင်စွာ ဖော်စပ်နိုင်မည် မဟုတ်ပေ။

ရက်ပေါင်းများစွာ အရူးအမူး ဆေးမှုန့်များ ဖော်စပ်ပြီးနောက် ဖုန်းဝူချန်သည် သူ၏ ဝိဉာဉ်စွမ်းအင်မှာ လျင်မြန်စွာ တိုးတက်လာသည်ကို ခံစားမိပြီး အဆင့်နှစ် ဆေးပညာရှင်၏ အဆင့်သို့ စတင်ထိတွေ့နေပြီ ဖြစ်သည်။

"အကြီးအကဲ... ရက်အတော်ကြာ ဖော်စပ်ပြီးပြီဆိုတော့ ဒီဆေးမှုန့်တွေက ရက်အနည်းငယ်လောက်တော့ ခံမှာပါ။ ယူဝမ်ရှုံးက အမြန်ဆုံး ဖော်စပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ကျင့်ကြံဖို့ ပြန်သွားရတော့မယ်။ ပြီးတော့ ဆေးပညာ ဆုံးဖြတ်ချက်ကျမ်းကို ကျင့်ကြံဖို့ မမေ့နဲ့နော် အကြီးအကဲ။ ဆရာက ပြောတယ်။ဆေးပညာ ဆုံးဖြတ်ချက်ကျမ်းကို ကျင့်ကြံရင် အဆင့်သုံး ဆေးပညာရှင်အဖြစ် ပိုမြန်မြန် အဆင့်ချိုးဖြတ်နိုင်တယ်တဲ့" ဟု ဖုန်းဝူချန်က ဆေးဖော်ခန်းထဲမှ ထွက်လာရင်း တိုက်တွန်းလိုက်သည်။

ဆေးဖော်ခန်းထဲတွင် ရက်ပေါင်းများစွာ နေခဲ့ရသဖြင့် သူ၏တစ်ကိုယ်လုံးမှာ ဆေးပင်များ၏ အနံ့ဖြင့် စွဲနေတော့သည်။

ဖုန်းဝူချန် ထွက်သွားသည်ကို ကြည့်ရင်း ဖုန်းချန်ယန်၏ ဇရာရနေသော မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး နှုတ်ခမ်းများ လှုပ်ရွလိုက်သည်။

"ဒီကလေးက သာမန် မဟုတ်ဘူး...။ သူ့ဝိဉာဉ်စွမ်းအင်က အလွန်အမင်း သန်မာတယ်။ ဆေးမှုန့်

ဖော်စပ်တာကလည်း လွယ်လွယ်ကူကူပဲ။ အရည်အသွေးက ငါ့ထက်တောင် သာသေးတယ်။ တစ်ခါမှလည်း မရှုံးနိမ့်ဖူးဘူး။ ဆရာ တစ်ယောက်က သူ့ကို စိတ်ဝင်စားတာ မဆန်းပါဘူး။ ငါတို့ ဖုန်းမိသားစုက နဂါးအစစ် တစ်ကောင်ကို မွေးထုတ်လိုက်နိုင်ပြီ"

သူ၏အခန်းသို့ ပြန်ရောက်သောအခါ ဖုန်းဝူချန်က ရှောင်လန်ကို ရေချိုးဇလုံအသစ်တစ်ခု ယူခိုင်းလိုက်ပြီး ရေနွေးနွေးဖြင့် စိမ်ကာ သူ့ကိုယ်ပေါ်မှ ဆေးပင်အနံ့များကို ဆေးကြောပစ်လိုက်သည်။

သက်ပြင်းရှည်ကြီးကို ချရင်း ဖုန်းဝူချန်က ကုတင်ပေါ်တွင် လှဲအိပ်လိုက်ပြီး ရေရွတ်လိုက်သည်။

"ဆေးဖော်ရတာက တကယ်တော့ မလွယ်ပါဘူး...။ ဒါပေမဲ့ အခုက ကျင့်ကြံဖို့ အခွင့်အရေးကောင်းပဲ... ပျင်းနေလို့တော့ မဖြစ်ဘူး...။"

သူ၏ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေသော်လည်း ဖုန်းဝူချန်က တင်ပျဉ်ခွေထိုင်ကာ အထွတ်အထိပ် နဂါးနတ်ဘုရားကျမ်းကို စတင်ကျင့်ကြံလိုက်သည်။

ချီစုစည်းဆေးလုံးများ မရှိသော်ငြားလည်း ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့် သက်သက်ဖြင့်ပင် ဖုန်းဝူချန်၏ ကျင့်ကြံမှုအရှိန်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် လျင်မြန်လှသည်။

"အင်း…နောက်ကျရင် အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ ကျင့်ကြံမှုတိုးတက်အောင် ချီစုစည်းဆေးလုံးတွေ ဖော်စပ်ပေးရမယ်။"

ဖုန်းဝူချန် .အစီအစဉ် ဆွဲနေမိသည်။

ချီစုစည်း ဆေးလုံးများကို အဆင့်တစ် ဆေးလုံးများအဖြစ် သတ်မှတ်ထားပြီး ဖုန်းချန်ယန်ပင် ဖော်စပ်ရန် ခက်ခဲသော်လည်း အဆင့်နှစ် ဆေးပညာရှင် အဆင့်သို့ ရောက်ရှိသွားလျှင်တော့ ဒါက အခြားဇာတ်လမ်း တစ်ခု ဖြစ်သွားပေလိမ့်မည်။

ဆယ်မိနစ်အတွင်း ဖုန်းဝူချန်သည် သူ၏ ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ရှားနိုင်ခဲ့ပြီး တစ်ဖန် တက်ကြွလန်းဆန်းလာခဲ့သည်။

"ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ရော ဝိဉာဉ်စွမ်းအင်ရော နည်းနည်း တိုးတက်လာတယ်။ အကျိုး သက်ရောက်မှုက တော်တော်သိသာတာပဲ။ မကြာခင်မှာ အဆင့်နှစ် ဆေးပညာရှင်အဆင့်ကို ရောက်တော့မယ်ထင်တယ်။ အဲ့ဒီအခါကျရင် ဟွားယွမ်ဆေးလုံးတွေ ဖော်စပ်နိုင်ပြီ။ အဲ့ဒါက အကြီးအကဲတို့ ကျင့်ကြံဖို့အတွက် အတော်ပဲ" ဟု ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ခန့်မှန်းလိုက်သည်။

ဟွားယွမ်ဆေးလုံးများသည် အသွင်ပြောင်းဘုံမှ ကျင့်ကြံသူများကို အဆင့်တစ်ဆင့် တက်လှမ်းရန် ကူညီနိုင်ပြီး အစွမ်းအာနိသင်မှာ အလွန်ပင် ထက်မြက်လှသည်။

ပျင်းရိစွာ အကြောဆန့်ရင်း ဖုန်းဝူချန်သည် သူ၏အခန်းမှ ထွက်လာခဲ့ပြီး သူ၏မိသားစု ဆေးဆိုင်သို့ သွားရန် ရည်ရွယ်လိုက်သည်။ သူ၏နောက်တစ်ဆင့်မှာ ချီစုစည်းဆေးလုံးအချို့ကို ဖော်စပ်ရန် ဖြစ်သည်။

"အစ်ကိုကြီးဖုန်း"

ဖုန်းဝူချန် အပြင်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် လင်ရှောင်ရှောင်၏ ကြည်လင်သော ရယ်သံကို ကြားလိုက်ရခြင်းပါ။

ဖုန်းဝူချန်မှာ ဒီအခြေအနေကို ကျင့်သားရနေလေပြီ။ သူ အပြင်ထွက်တိုင်း သူ၏ရှေ့တွင် ပထမဆုံး ပေါ်လာသူမှာ လင်ရှောင်ရှောင်ပင် ဖြစ်သည်။

"ချီသန့်စင်ခြင်းဘုံ သတ္တမ အလွှာ...။ နောက်ဆုံးတော့ မင်း အဆင့်ချိုးဖြတ် နိုင်ခဲ့ပြီပဲ။ ကောင်မလေး..မင်း ဘယ်က လာမှန်းတောင် ငါ တကယ် မသိဘူး။ ဒီလောက် မယုံနိုင်စရာ ပါရမီ ရှိရတာလဲ" လင်ရှောင်ရှောင်ကို ချိုမြိန်သော အပြုံးဖြင့် မြင်လိုက်ရသည့်အခါ ဖုန်းဝူချန်က အားမတန်မာန်လျှော့ကာ ပြောလိုက်သည်။

...ဒီကောင်မလေးက ငါ့အရိပ်လို ဖြစ်နေတာကို စိတ်အနှောင့်အယှက်ဖြစ်မယ့်အစား... ဘာလို့မှန်းမသိ... လုံခြုံသလိုတောင် ခံစားနေရပါလား...။

အမှန်အတိုင်း ဆိုရလျှင်

လင်ရှောင်ရှောင် တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးသော်လည်း သူမ၏ အစွမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး သူ ထင်ထားသည်ထက် သေချာပေါက် ပိုသာလိမ့်မည်ဟု ခံစားနေရသည်။

သူ၏စကားကိုကြားသော် လင်ရှောင်ရှောင်က လျှာကလေး တစ်လစ်ထုတ်ကာ ရယ်လိုက်သည်။

"ဘယ်လောက်ပဲ ကြောက်စရာကောင်းတဲ့ ပါရမီရှိရှိ... အစ်ကိုကြီးဖုန်းလောက် မြန်မြန်တက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။ ရှင့်ပါရမီက ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ လဝက်အတွင်းမှာ အဆင့်နှစ်ဆင့် တက်သွားတာ... ကျွန်မတောင် အဲ့လိုမလုပ်နိုင်ဘူး"

"သွားစို့... မင်းကို အပြင်ခေါ်သွားမယ်။" ဖုန်းဝူချန်က ပြုံးကာပြောလိုက်သည်။ လင်ရှောင်ရှောင် သူ၏အရိပ်ပမာ ဖြစ်နေသည်ကို ကျင့်သားရနေပြီဖြစ်၍ စိတ်အနှောင့်အယှက်ဖြစ်ခြင်း အလျဉ်းမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုအဖြစ်က သူ့ကို လုံခြုံမှုပင် ပေးနေသကဲ့သို့ ရှိသည်။

" ဝေး….အရမ်းကောင်းတယ်" လင်ရှောင်ရှောင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ဖုန်းဝူချန်၏ လက်မောင်းကို ချစ်ခင်စွာ ဆွဲထားလိုက်သည်။

သူတို့နှစ်ဦးမှာ တစ်ယောက်နှင့် တစ်ယောက် အရမ်းချစ်ကြသော စုံတွဲတစ်တွဲနှင့် တူနေပြီး အခြားသူများကို အားကျစေသည်။

ဖုန်းဝူချန်သည် အိမ်မှမထွက်ခင်အထိ သတိမထားမိခဲ့ဘဲ အပြင်ရောက်မှ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လန့်သွားခဲ့ရသည်။

ဖုန်းအိမ်တော်၏ ဂိတ်တံခါးအပြင်ဘက်တွင် ပြိုင်ဘက်ကင်းမြို့မှ လူအုပ်ကြီးတစ်အုပ် ဆေးမှုန့်ဝယ်ရန် သူ့ထက်င့ အလုအယက် တိုးကြိတ်နေကြခြင်းတည်း။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ပေါ်လာသည်နှင့် သူတို့ကြားတွင် စိတ်လှုပ်ရှားမှုများ ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။ သူတို့၏ စိတ်အားထက်သန်မှုကို မြင်လိုက်ရသောအခါ ဖုန်းဝူချန်က ရယ်ရင်း မနိုင်ဘူးဆိုသလို အမူအရာဖြင့် ခေါင်းခါလိုက်သည်။

"အားလုံးပဲ ကျေးဇူးပြုပြီး တည်ငြိမ်ကြပါ"

ဖုန်းဝူချန်က အော်ပြောလိုက်ပြီးမှ ဆက်ပြောသည်။

"လူကြီးမင်းများခင်ဗျာ...။ ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို ဝမ်ပေါင်ကုန်တိုက်မှာပဲ ရနိုင်ပါတယ်။ ဖုန်းအိမ်တော် ဒါမှမဟုတ် ဖုန်းမိသားစုဆိုင်တွေမှာ ရောင်းချမှာ မဟုတ်ပါဘူး။ ဝမ်ပေါင်ကုန်တိုက်မှာလည်း ရောင်းကုန်သွားရင် မနက်ဖြန်အထိ စောင့်ရပါလိမ့်မယ်"

ဖုန်းဝူချန်သည် သည်လို မြင်ကွင်းကို ကြိုတင်မျှော်လင့်ထားခဲ့သောကြောင့် ဆေးမှုန့်များကို ဝမ်ပေါင်ကုန်တိုက်မှတစ်ဆင့် ရောင်းချရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တစ်ဦးတည်း ရောင်းချခွင့်ကို ရယူထားခြင်းမှာ ကြိုတင်ကာကွယ်မှု တစ်ခုသာ ဖြစ်၏။

လူအုပ်ကြီးမှာ ဖုန်းမိသားစုထံမှ တိုက်ရိုက်ဝယ်ယူနိုင်မည်ဟု ထင်ထားခဲ့ရာမှ စိတ်ပျက်စွာဖြင့် လူစုခွဲသွားကြသည်။ သူတို့မှာ မချင့်မရဲဖြင့် ပြန်လည် ထွက်ခွာသွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

လူများ ထွက်ခွာသွားကြသည်နှင့် ဖုန်းဝူချန်က သက်ပြင်းချလိုက်သည်။ ခြေတစ်လှမ်းလှမ်းရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏မျက်ခုံးများ ရုတ်တရက် ကျုံ့သွားပြီး တိုးတိုးရေရွတ်လိုက်သည်။

"လူသတ်လိုတဲ့ အရှိန်အဝါပဲ"

"အစ်ကိုကြီးဖုန်း... အဲ့ဒါ မော့မိသားစုက လူတွေပဲ" လင်ရှောင်ရှောင်က မော့မိသားစုမှ လူများကို မြင်တွေ့သွားပြီးနောက် ပြောလိုက်သည်။

"မော့လေလား.. ဟက်...။ သူ့ကို ဂရုစိုက်မနေနဲ့။ သူက ဖုန်းအိမ်တော်နားမှာ လက်လှုပ်ရဲမယ်လို့တော့ ငါ မထင်ဘူး။ သူ သေချင်နေတာ မဟုတ်ရင်ပေါ့လေ" ထိုသို့ ဖုန်းဝူချန်က ခပ်ပြုံးပြုံးပြောလိုက်ပြီး သူ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခု မသိမသာ ဖြတ်ပြေးသွားလေသည်။

All Chapters