မော့မိသားစု လှုပ်ရှားပြီ
Vol. 3 Ch. 34
~ချီစုစည်းဆေးမှုန့် လောကထဲသို့ ရောက်ရှိလာသည်မှာ လဝက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ၎င်းမှာ အဆက်မပြတ် ပစ္စည်းပြတ်လပ်လျက်ရှိသည်။ နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်သော လူများသည် ဤကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြရသည်။
ချီစုစည်းဆေးမှုန့်ကို လက်ဝယ်ရရှိရန်အတွက် မြို့အသီးသီးနှင့် အဖွဲ့အစည်းအမျိုးမျိုးမှ လူများသည် တန်းစီစောင့်ဆိုင်းနေကြရ၏။
ပြိုင်ဘက်ကင်းမြို့၏ လမ်းများမှာ နေ့စဉ်နှင့်အမျှ လူများဖြင့် ပြည့်ကျပ်နေပြီး၊ ခေတ်သစ်မြို့ကြီးများ၏ ရုံးတက်ရုံးဆင်းချိန်များထက်ပင် မလျော့ပေ။
ချီစုစည်းဆေးမှုန့်၏ လွှမ်းမိုးမှုနှင့် ဆွဲဆောင်မှုမှာ အလွန်ကြီးမားလှသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မျိုးဆက်သစ်များအတွက် အသွင်ပြောင်းဘုံသို့ အလျင်အမြန် တက်လှမ်းနိုင်ရန် အကောင်းဆုံးရတနာဖြစ်ပြီး အခြားမည်သည့်ရတနာနှင့်မျှ အစားထိုး၍မရသောကြောင့်ပင်။
ချီစုစည်းဆေးလုံးပင်လျှင် ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။ ၎င်းသည် ချီသန့်စင်ခြင်းဘုံမှ ကျင့်ကြံသူတစ်ဦးကို အဆင့်တစ်ဆင့်တက်ရန် ကူညီနိုင်သော အဆင့်တစ်ဆေးလုံးဖြစ်သော်လည်း ဈေးနှုန်းမှာ အလွန်မြင့်မားပြီး လူအများစု မတတ်နိုင်ကြပေ။
...ချီစုစည်းဆေးလုံးကတော့ အဆင့်တစ်ဆေးလုံးဆိုပေမဲ့... ဈေးကလည်းမတရားကြီးတော့ ဘယ်သူကတတ်နိုင်မှာလဲ...။
ပို၍အရေးကြီးသည်မှာ ဆေးပညာရှင်တစ်ဦးအတွက်ပင်လျှင် ချီစုစည်းဆေးလုံးများကို ဖော်စပ်ရန် အလွန်ခက်ခဲသည်။ ဆေးပညာနယ်ပယ်မှာ အလွန်အားနည်းနေသေးရာ အဆင့်နှစ် ဆေးပညာရှင်တစ်ဦးဖြစ်သော ဖုန်းချန်ယန်၏ ကျွမ်းကျင်မှုဖြင့်ပင် ထုတ်လုပ်ရန် ခက်ခဲလှသည်။
...
ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးသော ဆေးလုံးများသည် ခြွင်းချက်မရှိ အရှုပ်ထွေးဆုံးနှင့် ဖော်စပ်ရန် အခက်ခဲဆုံး ဖြစ်သည်။
...
**မော့မိသားစု ခန်းမဆောင်။**
"မိသားစုခေါင်းဆောင် ယွမ်တန်ဘုံကို တက်လှမ်းနိုင်ခဲ့တာအတွက် ဂုဏ်ယူပါတယ်"
မော့ယွမ်ခုံနှင့် အခြားမော့မိသားစုမှ အဆင့်မြင့်အဖွဲ့ဝင်များမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ မော့ခွန်းသည် လဝက်ခန့် တံခါးပိတ်ကျင့်ကြံခဲ့ပြီးနောက် ဟွားယွမ်ဆေးလုံး၏ အကူအညီဖြင့် ယွမ်တန်ဘုံသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
မော့ခွန်းသည် မူလကတည်းက အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ်တွင် ရှိနေခဲ့ရာ ဟွားယွမ်ဆေးလုံး၏ အကူအညီဖြင့် လဝက်အတွင်း တက်လှမ်းနိုင်ခဲ့ခြင်းမှာ သာမန်ပင်ဖြစ်သည်။
မော့ခွန်း၏ မျက်နှာမှာ အပျော်ရိပ်များဖြင့် ပြည့်နှက်နေ၏။ ယွမ်တန်ဘုံ၏ စွမ်းအားသည် အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ်ထက် များစွာ ပိုမို အားကောင်းလှသည်။
"ဖုန်းကျိန့်ရှုံး... မင်းတို့ ဖုန်းမိသားစု အကြွေးပြန်ဆပ်ရမယ့် အချိန် ရောက်ပြီ..."
သူ့စကားအဆုံး၌ မော့ခွန်းက အေးစက်စွာ ပြုံးလိုက်ပြီး သူ၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားကာ အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေသည်။
ယွမ်တန်ဘုံသို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် မော့ခွန်းသည် သူ၏ကိုယ်ပိုင်အစွမ်းအပေါ် အလွန်ယုံကြည်မှု ရှိနေသည်။
ဖုန်းကျိန့်ရှုံးသည် သူ့ထက်စော၍ ယွမ်တန်ဘုံသို့ တက်လှမ်းနိုင်ခဲ့သော်လည်း မော့ခွန်းမှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။
"ခေါင်းဆောင်... ဖုန်းမိသားစုက ကျွန်တော်တို့ကို ချီစုစည်းဆေးမှုန့် မရောင်းပေးဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ အတင်းအဓမ္မပဲ ဖော်စပ်နည်းကို ယူလိုက်ကြတာပေါ့"
မျိုးဆက်သစ်တစ်ဦးက ရက်စက်စွာ ပြောလိုက်သည်။
"ဟုတ်တယ်...။ ပြန်ယူရမယ်"
အခြားသူများကလည်း တစ်သံတည်း ထောက်ခံကြသည်။
ထိုအခါ မော့ခွန်းက သူ့လက်ကို တစ်ချက် ဝှေ့ယမ်းကာ သူတို့ကို တိတ်ဆိတ်စေလိုက်ပြီးနောက် မေးလိုက်သည်။
"ဟွမ်ဖူမိသားစုက လူတွေ ရောက်ပြီလား"
"ခေါင်းဆောင်... သူတို့ လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ရောက်နေပါပြီ"
မော့ယွမ်ခုံက ပြန်ဖြေသည်။
မော့ခွန်းက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာဆိုသည်။
"လင်းမိသားစုက ခုထိ နာလန်မထူသေးဘူး...။ ဒီလူတွေ ဖုန်းမိသားစုကို ကူညီနိုင်မှာ မဟုတ်ဘူး။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်...။ မော့မိသားစုဝင်အားလုံး... ဖုန်းမိသားစုဆီကနေ အကြွေးတွေ ပြန်သွားတောင်းကြ"
"ဟုတ်ကဲ့"
မော့ယွီက အမိန့်ကို လက်ခံရင်း လေးစားစွာနှင့် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
" လေ့အာ.. မင်း ယန်မိသားစုဆီ သွားလိုက်...။ ယန်မိသားစုက သူတို့ရဲ့အရင်က အရှက်တရားကို လက်စားချေချင်တယ်ဆိုရင် လင်းမိသားစုကို လျှို့ဝှက်ပြီးတော့ တားဆီးခိုင်းလိုက်...။ ငါတို့ ဖုန်းမိသားစုကို ချေမှုန်းပြီးသွားရင် သူတို့အတွက် ဆုလာဘ်တွေ မနည်းစေရဘူးလို့”
မော့ခွန်းက ဆက်လက်အမိန့်ပေးသည်။
"ဟုတ်ကဲ့...။ သား ချက်ချင်း လှုပ်ရှားလိုက်ပါ့မယ်"
မော့လေက ခေါင်းညိတ်တုံ့ပြန်သည်။
‘ဖုန်းကျိန့်ရှုံး... မင်းတို့ဖုန်းမိသားစုက အခုဆို ကျော်ကြားမှု ပျံ့နှံ့နေပြီ ဟုတ်လား။ မင်းတို့ကို မျက်နှာလုပ်ချင်တဲ့ မျိုးနွယ်စုတွေ အများကြီးရှိနေတယ် မဟုတ်လား။ ဟမ့်..ဒီနေ့... မင်းတို့ ဖုန်းမိသားစုကို ငါ ချေမှုန်းပစ်မယ်...။ ဆေးဖော်စပ်နည်းကို သိမ်းပိုက်မယ်...။ ပြီးတော့ မင်းတို့ ဖုန်းမိသားစုကို လုံးဝ ဖျက်ဆီးပစ်မယ်’
မော့ခွန်းက သူ၏မျက်လုံးများတွင် ရက်စက်မှုများ ပြည့်နှက်ကာ ရင်တွင်း၌ မုန်းတီးစွာ တွေးနေမိသည်။
မကြာမီပင် မော့မိသားစုသည် လူအင်အားအလုံးအရင်းဖြင့် စုရုံးထွက်ခွာလာပြီး ဖုန်းမိသားစုဆီသို့ ခန့်ညားထည်ဝါပြီး လူသတ်လိုသော အငွေ့အသက်များဖြင့် ဦးတည်လာ ကြတော့သည်။
လမ်းများပေါ်မှ လူများသည် မော့မိသားစုထံမှ ဤသို့သော အခင်းအကျင်းမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် ထိတ်လန့်သွားကြ၏။
ပုံမှန်အားဖြင့် စည်ကားနေသော လမ်းများသည် လူသူကင်းမဲ့သွားပြီး လူများသည် မော့မိသားစု၏ လွှမ်းမိုးနိုင်သော အင်အားကို ခံစားမိကာ အလျင်အမြန် လူစုခွဲ၍ ပုန်းအောင်းနေကြတော့သည်။
"အိုး…ယွမ်တန်ဘုံ...။ ဒုက္ခတော့ ရောက်ကုန်တော့မှာပဲ...။ မော့မိသားစု ခေါင်းဆောင်ကလည်း ယွမ်တန်ဘုံကို တက်လှမ်းနိုင်သွားပြီ...။ သူတို့ ဖုန်းမိသားစုကို လက်စားချေဖို့ သွားနေတာပဲ”
"ကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီးပဲ"
လူအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး မော့မိသားစု၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိကြသည်။
မော့အစောင့်များကို လင်းမိသားစုမှ တစ်စုံတစ်ဦးက သတ်ဖြတ်ခဲ့သည်။ ဖုန်းကျိန့်ရှုံးက ကြားဝင်စွက်ဖက်ခဲ့ရာမှ မိသားစုနှစ်ခုကြား ပွင့်လင်းသော ပဍိပက္ခဆီသို့ ဦးတည်သွားခဲ့သည်။
ထို့အပြင် ချီစုစည်းဆေးမှုန့်ကိစ္စကြောင့် ဖုန်းမိသားစုက မော့မိသားစုကို မရောင်းပေးဘဲ လူသိရှင်ကြား အရှက်ခွဲခဲ့ရာ မော့မိသားစု၏ ဒေါသကို ဆီလောင်းပေးသလို ဖြစ်ခဲ့သည်။
ယခု မော့ခွန်း ယွမ်တန်ဘုံသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ဖုန်းမိသားစုကို သူဘယ်လိုလုပ် အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း။
လူပေါင်းများစွာရှိသော ပြိုင်ဘက်ကင်းမြို့တွင် ယွမ်တန်ဘုံ ပညာရှင်တစ်ဦးကို မည်သူမျှ မပြစ်မှားရဲပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် သေခြင်းတရားနှင့် ရင်ဆိုင်ရမည်
ဖြစ်သောကြောင့်တည်း။
"ကုန်တိုက်သခင်...။ မော့မိသားစု ခေါင်းဆောင်က သူတို့အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ဖုန်းမိသားစုဆီ သွားနေပါတယ်...။ သူတို့ တိုက်ခိုက်ကြတော့မယ် ထင်တယ်"
ထိုအချိန်၊ ဝမ်ပေါင်ကုန်တိုက်အတွင်း ကျန်းဟန်က စိုးရိမ်တကြီး သတင်းပို့လာသည်။
"မကောင်းတော့ဘူး...။ ဖုန်းမိသားစုဆီ ချက်ချင်းသွားရမယ်"
ယူဝမ်ရှုံး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး စကားတစ်ခွန်းမှမဆိုဘဲ ဖုန်းမိသားစုဆီသို့ သုတ်သီးသုတ်ပျာ ထွက်သွားတော့သည်။
ဖုန်းမိသားစုသည် လက်ရှိတွင် ဝမ်ပေါင်ကုန်တိုက်၏ အကောင်းဆုံး စီးပွားရေးမိတ်ဖက်ဖြစ်ရာ သူ၊ ယူဝမ်ရှုံးက လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
"မိသားစုခေါင်းဆောင်...။ ဒုက္ခရောက်ပါပြီ...။ မော့ခွန်းက မော့မိသားစုအားလုံးကို ဦးဆောင်ပြီး ကျွန်တော်တို့ဖုန်းမိသားစုဆီ လာနေပါတယ်"
အစောင့်တစ်ဦးက ခန်းမဆောင်ထဲသို့ အလျင်အမြန် ပြေးဝင်လာပြီး သတင်းပို့သည်။
"မော့ခွန်းလည်း ယွမ်တန်ဘုံကို တက်လှမ်းနိုင်သွားပြီထင်တယ်"
ဖုန်းကျိန့်ရှုံးက မှတ်ချက်ချကာ မျက်မှောင်ကြုတ်လိုက်သည်။
"မိသားစုနှစ်စု စစ်ဖြစ်ကြရင်တော့ ထိခိုက်သေဆုံးမှုတွေ ရှိမှာပဲ"
"လာသင့်တဲ့အရာကတော့ အမြဲတမ်းလာမှာပဲ"
ဖုန်းချန်ယန်က လျစ်လျူရှုစွာ ပြောလိုက်ခြင်းပါ။။
သတင်းပျံ့နှံ့သွားပြီးနောက် ဖုန်းမိသားစုသည် လူတိုင်းကို အလျင်အမြန် စုစည်းကာ မော့မိသားစုနှင့် အဆုံးထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
"ရှောင်ရှောင်... မင်း ဒီကိစ္စမှာ ပါဝင် ပတ်သက်လို့ မဖြစ်ဘူး။ မင်းက ဖုန်းမိသားစုဝင် မဟုတ်ဘူးလေ...။ စွန့်စားစရာ မလိုပါဘူး"
ဖုန်းဝူချန်က စိုးရိမ်စွာ ပြောလိုက်သည်။
...ဒီကောင်မလေးသာ တစ်ခုခုဖြစ်သွားရင်... သူ့မိဘတွေကို ငါဘယ်လိုမျက်နှာပြရမှာလဲ...။
"ဟုတ်ကဲ့၊ ကျွန်မ အစ်ကိုကြီးဖုန်းရဲ့စကားကို နားထောင်ပါ့မယ်"
လင်ရှောင်ရှောင်က ပြုံးကာ ခေါင်းညိတ်ပြသည်။
“အရင်တုန်းကတော့ ဖုန်းမိသားစုမှာ တစ်ခုခုဖြစ်ရင် ဒီအတိုင်း ကြည့်မနေဘူးလို့ ပြောခဲ့တဲ့ မျိုးနွယ်စုတွေနဲ့ အင်အားစုတွေ...။ ဒီနေ့တော့ ငါသေချာကြည့်ထားချင်သေးတယ်…”
ဖုန်းဝူချန် ထက်ရှသော အသံဖြင့် ရေရွတ်ရင်း အေးစက်စွာ ပြုံးလိုက်သည်။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ရှေ့တံခါးဝသို့ ရောက်သောအခါ ထို မျိုးနွယ်စုများနှင့် အင်အားစုများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။
လမ်းများမှာ လူသူကင်းမဲ့နေပြီး လူတိုင်းက သူတို့၏အိမ်များထဲတွင် ပုန်းအောင်းကာ အရိပ်အခြေ ကြည့်နေကြသည်။ မော့မိသားစု၏ အခင်းအကျင်းကို မြင်သောအခါ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည်ကို သူတို့ခန့်မှန်းမိကြပြီး မည်သူမျှ ခေါင်းတစ်ခြမ်းပင် မပြူရဲကြပေ။
ထိုအခိုက်တွင် ဖုန်းမိသားစုနှင့် မော့မိသားစုမှ လူရာပေါင်းများစွာသည် တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်၍ အမူအရာ ခက်ထန်စွာ ရပ်နေကြသည်။
"ဖုန်းကျိန့်ရှုံး... မင်းတို့ မော့မိသားစုကို ဆေးမှုန့်မရောင်းတာကို ငါဘာမှမပြောခဲ့ဘူး...။ ဒါပေမဲ့ မင်းတို့က လင်းမိသားစုက ငါတို့အစောင့်တွေကို သတ်ဖြတ်နေတုန်းမှာ ဝင်တားခဲ့တယ်...။ ငါတို့ကို လုံးဝ အလေးမထားတာပဲ...။ ငါတို့ရဲ့ ရန်ညှိုးကို ဖြေရှင်းရမယ့်အချိန် ရောက်ပြီ"
မော့ခွန်းက အေးစက်စွာ ပြောလိုက်သည်။
"မော့ခွန်း... ဒါဆို မင်းဘာလိုချင်လဲ"
ဖုန်းကျိန့်ရှုံးက လေးနက်သော အသံဖြင့် မေးလိုက်ပြီး မော့မိသားစုနှင့် စစ်ဖြစ်ရမည်ကို အနည်းငယ်မျှ မကြောက်ရွံ့ပေ။
မော့ခွန်း၏ စကားများမှာ ဆင်ခြေတစ်ခုမျှသာဖြစ်ရာ ဖုန်းကျိန့်ရှုံးက အပိုစကားများဖြင့် အချိန်မဖြုန်းလိုတော့ပေ။
"ဖုန်းမိသားစုကို ဖျက်ဆီးမယ်...။ တိုက်ခိုက်ကြ"
မော့ခွန်းက ညှိနှိုင်းရန် အခွင့်အလမ်းမပေးဘဲ ဟိန်းဟောက်လိုက်သည်။
မော့ခွန်းနှင့် သူ၏လူများအားလုံးသည် ဤနေရာသို့ စကားပြောရန်လာခြင်းမဟုတ်ဘဲ တိုက်ခိုက်ရန် လာခြင်းဖြစ်သည်။
မော့မိသားစုဝင် ရာပေါင်းများစွာသည် ဒေါသတကြီး ဟိန်းဟောက်ကြပြီး သူတို့၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများမှာ တဟုန်ထိုးတက်လာကာ ရှေ့သို့ ပြေးဝင်တိုက်ခိုက်ကြသည်။
"ဓားလှံတွေမှာ မျက်စိမပါဘူး...။ အားလုံး သတိထားကြ...။ ဒီကောင်တွေကို သတ်”
ဖုန်းကျိန့်ရှုံးက အေးစက်စွာ ညာသံပေးလိုက်စဉ် သူ၏ အစွမ်းထက်သော အစစ်အမှန်ယွမ်များမှာ ပေါက်ကွဲ၍ မော့ခွန်းဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
"သတ်"
ဖုန်းချန်ယန်က ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ မိုးထိအောင်တက်သွားကာ ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။
"သတ်"
ဖုန်းမိသားစုဝင် ရာပေါင်းများစွာသည် တုံ့ဆိုင်းခြင်း မရှိဘဲ ပြေးထွက်သွားကြ၏။ သူတို့၏ အရှိန်အဟုန်မှာ လွှမ်းမိုး
နိုင်လောက်သည်။
လဝက်ခန့် ကျင့်ကြံမှုနှင့် ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်၏ အကူအညီဖြင့် ဖုန်းမိသားစုဝင်များသည် သူတို့၏ ကျင့်ကြံမှုကို သိသိသာသာ တိုးတက်စေခဲ့သည်။ ချီသန့်စင်ခြင်းဘုံရှိသူများအတွက် သူတို့၏ အင်အားမှာ ကြီးစွာတိုးတက်လာခဲ့သည်။
တိုက်ပွဲသည် ချက်ချင်းဖြစ်ပွားခဲ့ပြီး မိသားစုနှစ်ခုလုံးသည် ပြင်းထန်သော ပဋိပက္ခကို ရှောင်လွှဲ၍မရနိုင်တော့ပေ။
ဖုန်းဝူချန်၏ အေးစက်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ပျံ့နှံ့ထွက်လာပြီး သူသည် မီးလျှံဓားကို ကိုင်စွဲကာ သူ၏ အစစ်အမှန်ချီကို ဖွင့်လှစ်၍ တိုက်ပွဲထဲသို့ ပြေးဝင်သွားသည်။
"သတိထားနော် အစ်ကိုကြီးဖုန်း"
လင်ရှောင်ရှောင်က စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။
"ညီလေး...။ ငါတို့ ဘေးချင်းယှဉ်ပြီး တိုက်ကြစို့"
ဖုန်းယွမ်က အော်ပြောလိုက်သည်။
"ကောင်းပြီ...။ ကျွန်တော်တို့ ညီအစ်ကိုသုံးယောက် အတူတူမတိုက်ဖြစ်တာ ကြာပြီ"
ဖုန်းဝူချန်က ကြောက်ရွံ့ခြင်းမရှိသော စိတ်အားထက်သန်မှုဖြင့် ကြေညာလိုက်သည်။
မိသားစုနှစ်ခုကြားမှ တိုက်ပွဲသည် နေရာတိုင်းတွင် ပရမ်းပတာ ဖြစ်စေခဲ့သည်။
"ချီသန့်စင်ခြင်းဘုံ စတုတ္ထအလွှာတဲ့လား။ ဖုန်းဝူချန်က နောက်တစ်ခါတောင် တက်လှမ်းသွားပြန်ပြီ..."
ယူဝမ်ရှုံးက ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့်ကို သိရှိသွားသောအခါ တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
"ခဏလေး"
သူ၏တုန်လှုပ်မှုကြားတွင် ယူဝမ်ရှုံး၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏မျက်လုံးများမှာ ပြူးထွက်မတတ်ဖြစ်ကာ အော်ဟစ်လိုက်သည်။
"မီးလျှံဓားက ဘယ်တုန်းက သာလွန်အဆင့် ရတနာလက်နက် ဖြစ်သွားတာလဲ"
ဖုန်းဝူချန်က ဝမ်ပေါင်ကုန်တိုက်မှ မီးဓာတ်နတ်ဆိုး အမြုတေကို ယူသွားခဲ့သည်ကို ပြန်စဉ်းစားမိသောအခါ ယူဝမ်ရှုံးမှာ ပို၍ပင် တုန်လှုပ်သွားရ၏။သူ မယုံကြည်နိုင်သော အတွေးတစ်ခု သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။
...ဖုန်းဝူချန်က... လက်နက်ပညာရှင်များ ဖြစ်နေမလား...။
ဒါက ယူဝမ်ရှုံး၏ စိတ်ထဲမှ အတွေးပင်ဖြစ်သည်။
အကယ်၍ ဖုန်းဝူချန်သည် လက်နက်ပညာရှင်တစ်ဦး မဟုတ်ပါက မီးလျှံဓားသည် သာလွန်အဆင့် ရတနာလက်နက် ဘယ်လိုလုပ် ဖြစ်လာနိုင်မည်နည်း။ ပြိုင်ဘက်ကင်းမြို့တွင် လက်နက်ပညာရှင်များ မရှိသလို မိုင်ပေါင်းသောင်းချီအတွင်းမှာပင် တစ်ဦးမျှ ရှာမတွေ့နိုင်ပေ။ မီးလျှံဓားသည် အလိုအလျောက် သာလွန်အဆင့် ရတနာလက်နက် ဖြစ်လာနိုင်မည်တော့ မဟုတ်။
"ကုန်တိုက်သခင်...။ ကျွန်တော်တို့ ကူညီသင့်လား"
ကျန်းဟန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ ဖုန်းမိသားစု အကျပ်အတည်းကြုံနေချိန်တွင် သူတို့မကူညီပါက ဖုန်းဝူချန်က သူ၏အသက်ကို ကယ်တင်ပေးမည်မဟုတ်ဟု သူ စိုးရိမ်နေ၏။ ဖုန်းမိသားစုက ဝမ်ပေါင်ကုန်တိုက်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို စွန့်လွှတ်မည်ကို သူကြောက်ရွံ့နေသည်။
အကယ်၍ သူတို့ကူညီမည်ဆိုလျှင် မော့မိသားစု၏ နောက်တွင် အစွမ်းထက်သော ဟွမ်ဖူမိသားစုက ကျောထောက်နောက်ခံပေးထားရာ မော့မိသားစုနှင့် ရန်သူဖြစ်သွားမည်မှာ သေချာသည်။
ယူဝမ်ရှုံးက ပြန်မဖြေဘဲ ထိုကိစ္စကို စဉ်းစားနေပုံရသည်။
ဆယ်မိနစ်ကျော်ကြာ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် မိသားစုနှစ်ခုလုံး၏ ထိခိုက်သေဆုံးမှုများမှာ တိုးလာခဲ့ပြီး လမ်းများမှာ ယခုအခါ သွေးများဖြင့် နီရဲနေကာ သွေးနံ့ပြင်းပြင်းမှာ လေထဲတွင် လွှမ်းခြုံနေသည်။
ညီအစ်ကိုသုံးယောက်ဖြစ်သော ဖုန်းဝူချန်တို့သည် ပခုံးချင်းယှဉ်ကာ မော့မိသားစု၏ အစောင့်များကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေကြသည်။
မော့လေကလည်း မော့မိသားစု၏ အစောင့်များကို ဦးဆောင်ကာ ပြင်းထန်စွာ တန်ပြန်တိုက်ခိုက်နေ၏။ သူတို့သွားရာ နေရာတိုင်းတွင် ဖုန်းမိသားစု၏ အစောင့်များကြား ထိခိုက်သေဆုံးမှုများ ချန်ထားခဲ့ကာ သနားညှာတာမှုမရှိပေ။
နှစ်ဖက်စလုံးမှာ ဒေါသဖြင့် တောက်လောင်နေပြီး သူတို့၏အဝတ်အစားများမှာ ရန်သူများ၏ သွေးဖြင့် စိုရွှဲနေသည်။
ဖုန်းကျိန့်ရှုံးနှင့် မော့ခွန်းတို့ကြားမှ ပြင်းထန်သော တိုက်ပွဲသည် အပြင်းအထန်အဆင့်သို့ ရောက်ရှိလာပြီး နှစ်ဦးစလုံးမှာ အင်အားတူညီကြကာ လက်ချင်းယှဉ်တိုက်ခိုက်ရာတွင်ဖြစ်စေ၊ သိုင်းပညာများတွင်ဖြစ်စေ မည်သူမျှ နောက်မဆုတ်ကြပေ။
"ကွမ်းမော့... မင်း အစ်ကိုကြီးနဲ့ အစ်ကိုလတ်နဲ့ ပူးပေါင်းလိုက်...။ ငါ မော့ယွီကို သွားသတ်မယ်"
ဖုန်းဝူချန်က ရက်စက်စွာ တိုက်ခိုက်နေရင်း ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ၏အကြည့်မှာ ပြင်းထန်ပြီး သတ်ဖြတ်လိုသော စိတ်ဆန္ဒဖြင့် မော့ယွီကို စူးစိုက်ကြည့်နေသည်။
"ကောင်းပြီ"
ဖုန်းကွမ်းမော့က ချက်ချင်းတုံ့ပြန်ပြီး နှောင့်နှေးခြင်းမရှိပေ။
"သတိထားနော် ညီလေး"
ဖုန်းကျန့်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
ဖုန်းကွမ်းမော့သည် ဖုန်းချန်ယန်၏ မြေးဖြစ်ပြီး ဖုန်းဝူချန်ထက် တစ်နှစ်ငယ်ကာ ဖုန်းမိသားစု၏ စံနှုန်းများအရပင် စတုတ္ထအဆင့် သိုင်းဝိညာဉ်ပိုင်ရှင် ပါရမီရှင်တစ်ဦးဖြစ်သည်။
ဤအခိုက်အတန့်မှာ ဖုန်းဝူချန်၏ အရှိန်မှာ ကြောက်မက်ဖွယ်ကောင်းပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်မှာ ဖမ်းဆုပ်ရန် မဖြစ်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်ကာ တစ္ဆေတစ်ကောင်ကဲ့သို့ ဘယ်ညာရွေ့လျားနေသည်။ သူ
သွားရာနေရာတိုင်းတွင် ချီသန့်စင်ခြင်းဘုံ စတုတ္ထအလွှာနှင့် အောက်ရှိ မည်သူမဆို သူ၏ ဓားဖြင့် လည်ပင်းကို ထိုးစိုက်ခံရလေ၏။ သူ၏ တိုက်ခိုက်မှုများမှာ အေးစက်ပြီး သနားညှာတာမှုကင်းမဲ့လှသည်။
"သခင်လေးဖုန်းက အရမ်း ကြောက်စရာကောင်းတာပဲ။ အံ့ဩစရာကောင်းတဲ့ လှုပ်ရှားမှုနည်းစနစ်ကြီး...။ မော့မိသားစုရဲ့ အစောင့်တွေက သူ့ကို လုံးဝမတားနိုင်ဘူးဟ"
"ချီသန့်စင်ခြင်းဘုံ စတုတ္ထအလွှာ...။ သခင်လေးဖုန်းက နောက်တစ်ခါ အဆင့်ချိုးဖြတ်သွားပြန်ပြီ။ သူ့ရဲ့ပါရမီက ကြောက်စရာ
ကောင်းလိုက်တာ"
မီးလျှံဓားကို ကိုင်စွဲကာ ရန်သူများကို ရက်စက်စွာ သတ်ဖြတ်နေသော ဖုန်းဝူချန်၏ မြင်ကွင်းသည် အိမ်များအတွင်းမှ တိုက်ပွဲကို ကြည့်ရှုနေသူများကို ထိတ်လန့်စေခဲ့သည်။
"သတိထား မော့ယွီ...။ မင်းတို့... မော့ယွီကို မြန်မြန်သွားကာကွယ်ကြ"
အန္တရာယ်ကို သိရှိသွားသော မော့လေက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ အစောင့်အချို့ကို မော့ယွီအား ကာကွယ်ရန် အမိန့်ပေးလိုက်သည်။
မော့မိသားစု အစောင့်ငါးယောက် ခြောက်ယောက် ပြေးလာသောအခါ သူတို့၏ တစ်သက်တာတွင် ဘယ်တော့မှ မမြင်ချင်သော ကြောက်မက်ဖွယ် မြင်ကွင်း တစ်ခုကို တွေ့လိုက်ရသည်။
ရှေ့သို့တိုးလာသော ဖုန်းဝူချန်က အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူ၏ နဂါးဝိညာဉ်အသက်ရှုခြင်းကို ဖွင့်လှစ်လိုက်ရာ မီးလျှံဓားသည် ချက်ချင်းပင် ဟိန်းဟောက်နေသော မီးတောက်များဖြင့် လင်းထိန်သွားသည်။
မီးလျှံဓားကို လက်ထဲတွင်ကိုင်ကာ ဖုန်းဝူချန်က လေထဲမှာ စက်ဝိုင်း တစ်ခုဆွဲလိုက်ပြီး ချက်ချင်းပင် မီးလျှံဓား ခြောက်စင်းကို ဖွဲ့တည်ကာ ပေါက်ကွဲထွက်စေလိုက်သည်။
"ဝှစ်... ဝှစ်... ဝှစ်”
မျက်စိတစ်မှိတ်အတွင်းမှာပင် တားဆီးရန်လာသော မော့မိသားစု အစောင့်ခြောက်ဦးစလုံးမှာ မီးလျှံဓားများဖြင့် ထိုးဖောက်ခံရပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြလေ၏။
"အစစ်အမှန်ယွမ်ကို ထုတ်လွှတ်တာ...။ မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး...။ ဖုန်းဝူချန်က အသွင်ပြောင်းဘုံကိုတောင် မရောက်သေးဘူးလေ"
"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ ချီသန့်စင်ခြင်းဘုံကလူတစ်ယောက်က အစစ်အမှန်ယွမ်ကို အပြင်ဘက်ကို ဘယ်လိုထုတ်လွှတ်နိုင်မှာလဲ"
"ဒါက အစစ်အမှန်ချီကို အပြင်ကို ထုတ်လွှတ်တာ...။ အားကောင်းလိုက်တဲ့ အစစ်အမှန်ချီ...။ သခင်လေးဖုန်းက တကယ်ပဲ အစစ်အမှန်ချီကို အပြင်ထုတ်လွှတ်နိုင်တာပဲ...။ ချီသန့်စင်ခြင်းဘုံမှာ ဘယ်သူမှ ဒါကို မလုပ်နိုင်ခဲ့ဖူးဘူး"
နေရာတစ်ခုလုံးမှာ တုန်လှုပ်ခြောက်ခြားသွားပြီး မိသားစုနှစ်ခုလုံးမှာ ဖုန်းဝူချန်၏ လှုပ်ရှားမှုကြောင့် အံ့အားသင့်သွားကြသည်။