← Chapters

အထွတ်အထိပ် ရုပ်ခန္ဓာ ကျင့်စဉ်

Vol. 3 Ch. 38

အထွတ်အထိပ် ရုပ်ခန္ဓာ ကျင့်စဉ်

Vol. 3 Ch. 38

~ပစ္စည်းများကို အကျဉ်းချုံးထုပ်ပိုးပြီးနောက် ဖုန်းကျိန့်ရှုံးနှင့် အခြားသူများ၏ အလွန်အမင်း မခွဲနိုင်မခွာနိုင်သော အကြည့်များအောက်တွင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် ဖုန်းမိသားစု၏ ဂိတ်တံခါးမှ ခြေလှမ်းထွက်ခဲ့ကြသည်။

ရှောင်ချင်းချင်းမှာမူ ထိန်းမနိုင်သိမ်းမရအောင် ရှိုက်ကြီးတငင်ငိုကြွေးနေပြီး မျက်ရည်များမှာ သူမ၏မျက်နှာပေါ်တွင် သွယ်သွယ်စီးကျလျက်ရှိသည်။ သူမ၏လှပသော မျက်လုံးများမှာ မခွဲနိုင်မခွာနိုင်ခြင်းနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကာ “ချန်အာ” ဟု အဆက်မပြတ် တီးတိုးရေရွတ်နေတော့၏။

သူ၏ တစ်ဆယ့်ခြောက်နှစ်တာ ဘဝတစ်လျှောက်လုံးတွင် ဒါက ဖုန်းဝူချန်အတွက် အိမ်နှင့်ဝေးရာသို့ ပထမဆုံးအကြိမ် ခရီးထွက်ဖူးခြင်းဖြစ်သည်။

...ငါနောက်လှည့်မကြည့်တော့ပါဘူး...။ ငါသာ နောက်လှည့်ကြည့်လိုက်ရင်... မျက်ရည်တွေ ထိန်းနိုင်မှာမဟုတ်တော့ဘူး...။ မဖြစ်ဘူး...။ အဖေတို့ရှေ့မှာ ငါအားနည်းတဲ့ပုံ မပြချင်ဘူး...။

ဖုန်းဝူချန်သည် နောက်သို့ လှည့်မကြည့်ခဲ့ပေ။ အကြောင်းမှာ သူသိသည်။ သူသာ လှည့်ကြည့်လိုက်သည်နှင့် သူ၏မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာမည် ဖြစ်ပြီး ဖုန်းကျိန့်ရှုံးနှင့် အခြားသူများကို သူ၏ ပျော့ညံ့သော ဘက်ကို မမြင်စေချင်သောကြောင့် ဖြစ်သည်။

"ယောက်ျားတစ်ယောက်ရဲ့ မျက်ရည်ဆိုတာ အလွယ်တကူ မကျသင့်ဘူး..."

ဖုန်းဝူချန်သည် သူ၏ဆုံးရှုံးမှုခံစားချက်ကို အသည်းအသန် ဖိနှိပ်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သူ၏မျက်ရည်များက သူ့ကို သစ္စာဖောက်သွားခဲ့သည်။

...

ထွက်ခွာချိန်တွင် ကျဆင်းသော မျက်ရည်သည် အင်အားအတွက် မျက်ရည်၊ အနာဂတ်အတွက် မျက်ရည်များသာ ဖြစ်သည်။

ဖုန်းဝူချန်သည် ဖုန်းမိသားစု၏ အနာဂတ်ဖြစ်သည်။ သူသည် သူ၏ သန်မာသော ဘက်ကို သူတို့ကို ပြသရမည်။ ဖုန်းမိသားစုအတွက် မျှော်လင့်ချက်ကို သူ ယူဆောင်လာပေးရမည်။

"ဂရုစိုက်နော် ညီလေး"

ဖုန်းယွမ်နှင့် ဖုန်းကျန့်တို့က အဆက်မပြတ် နှုတ်ဆက်နေကြသည်။

"ဂရုစိုက်ပါ တတိယသခင်လေး"

ဖုန်းမိသားစုဝင်များက မရပ်မနား အော်ခေါ်နေကြသည်။ ဖုန်းဝူချန်ကို နှစ်ပေါင်းများစွာ အစေခံခဲ့သော ရှောင်လန်မှာလည်း ဤအခိုက်တွင် မခွဲနိုင်မခွာနိုင်သော မျက်ရည်များ ကျန်ရစ်ခဲ့သည်။

" လန်အာ .. ဝမ်းမနည်းပါနဲ့...။ ချန်အာက သူ့ဆရာနောက် လိုက်ပြီး အတွေ့အကြုံရှာဖို့ သွားတာပဲလေ...။ ငါတို့ ဝမ်းသာပေးရမှာပေါ့..."

ဖုန်းကျိန့်ရှုံးက အတင်းအကျပ်ပြုံးကာ သူမကို နှစ်သိမ့်လိုက်သော်လည်း သူ၏ဆုံးရှုံးမှုခံစားချက်မှာ ရှောင်ချင်းချင်းထက် မလျော့ပေ။

..ဖေဖေ... ကျွန်တော်ထွက်သွားပြီးရင် ရှောင်လန်က ကျွန်တော်ထားခဲ့တဲ့ ပစ္စည်းတွေကို အဖေ့ကို ပေးလိမ့်မယ်...။

ဤအခိုက်တွင် စကားလုံးများက သူ၏ခံစားချက်များကို ဖော်ပြနိုင်ခြင်း မရှိတော့ပေ။

လင်ရှောင်ရှောင်သည် ဖုန်းဝူချန်၏ ဘေးတွင် တိတ်တဆိတ် လိုက်ပါလာပြီး သူ၏မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်ကို မြင်သောအခါ သူမမှာလည်း အလွန်ဝမ်းနည်းသွားပြီး သူ့ကို မည်သို့နှစ်သိမ့်ရမည်ကို မသိတော့ပေ။

ခရီးတစ်လျှောက်လုံး ဖုန်းဝူချန်၏ စိတ်အစဉ်မှာ အလွန်လေးလံနေသည်။ ဖြတ်သွားဖြတ်လာများက သူ့ကို နှုတ်ဆက်သည့်အခါပင် ဖုန်းဝူချန်မှာ မကြားသကဲ့သို့ ရှိနေပြီး သူတို့ကို အာရုံမစိုက်နိုင်ပေ။

အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိလိုက်ခင်မှာပင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် နောက်ဆုံးတွင် ပြိုင်ဘက်ကင်းမြို့မှ ထွက်ခွာခဲ့ကြသည်။

ဖုန်းဝူချန်သည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မြို့တံခါးပေါ်မှ ရင်းနှီးနေသော စာလုံးသုံးလုံးကို လှည့်ကြည့်လိုက်ရာ ရှုပ်ထွေးသော စိတ်ခံစားချက်များ နောက်တစ်ကြိမ် တိုးတက်လာသည်ကို ခံစားလိုက်ရသည်။

မြို့တံခါးရှေ့တွင် ဖုန်းဝူချန်သည် အချိန်မည်မျှကြာအောင် ရပ်နေမိသည်ကို မသိလိုက်ခင်မှာပင် လင်ရှောင်ရှောင်၏ အသံက သူ၏နားထဲသို့ ရောက်ရှိလာပြီး သူ့ကို ပြန်လည်ဆွဲခေါ်လိုက်သည်။

"အစ်ကိုကြီးဖုန်း... သွားကြစို့လေ..."

လင်ရှောင်ရှောင်က ညင်သာစွာ ဆိုလိုက်သည်။

အသက် တစ်ချက်ရှူပြီးနောက် သူ၏စိတ်ထဲမှ ရှုပ်ထွေးပြီး ဝမ်းနည်းဖွယ်ခံစားချက်များကို ဖိနှိပ်လိုက်ကာ ဖုန်းဝူချန်က ခပ်ရေးရေးပြုံးလိုက်သည်။

"အင်း…သွားကြစို့"

ဖုန်းဝူချန်၏ ထွက်ခွာခြင်းသည် တစ်နှစ်တာ ကြာမြင့်ပေလိမ့်မည်။

ထိုတစ်နှစ်အတွင်းတွင် ပြိုင်ဘက်ကင်းမြို့၌ ဖုန်းဝူချန် ရှိတော့မည်မဟုတ်သလို၊ ဒုတိယအဆင့် သိုင်းဝိညာဉ်ပါရမီသာရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုနှုန်းရှိသည့် ထိုကြောက်မက်ဖွယ်လူငယ်လေးလည်း ရှိတော့မည်မဟုတ်ပေ။

မြို့အပြင်ဘက်တွင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ထွက်ခွာသွားသည်ကို မြင်တွေ့ရသော လူအများအပြားမှာ သူတို့၏သွားရာခရီးကို သိလိုစိတ်ဖြင့် ရှုပ်ထွေးနေကြသည်။

—----

"အစ်ကိုကြီးဖုန်း... ကျွန်မတို့ ဘယ်သွားကြမှာလဲဟင်"

ပြိုင်ဘက်ကင်းမြို့မှ အတော်အတန်အလှမ်းဝေးသော နေရာသို့ ရောက်ရှိပြီးနောက် လင်ရှောင်ရှောင်က ရုတ်တရက် မေးလိုက်သည်။ ဖုန်းဝူချန်သည် သူ၏ရှုပ်ထွေးသော စိတ်ခံစားချက်များကို သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း သူမ သိမြင်နိုင်ပြီး သူမမှာ များစွာစိတ်အေးသွားသည်။

ဤစကားကို ကြားသောအခါ ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေသည်။

"ဒီအတိုင်းပဲ လျှောက်သွားကြတာပေါ့...။ အင်ပါယာက ဒီလောက်ကျယ်တာ...။ ငါတို့ ဘယ်နေရာမဆို သွားလို့ရတာပဲ..."

"သိပ်ကောင်းတာ ပေါ့... အစ်ကိုကြီးဖုန်း..."

လင်ရှောင်ရှောင်က ပျော်ရွှင်စွာ သဘောတူရန် ဟန်ပြင်လိုက်စဉ်မှာပင် အသံတစ်ခုက သူမ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

"သခင်မလေး... ပြန်ရမယ့်အချိန် ရောက်ပါပြီ..."

လင်ရှောင်ရှောင်၏ စိတ်ထဲသို့ ထုတ်လွှင့်ဝင်ရောက်လာသော အသံက သူမ၏စကားများကို ရုတ်တရက် ရပ်တန့်သွားစေသည်။

"ဘာဖြစ်လို့လဲ"

ဖုန်းဝူချန်က လင်ရှောင်ရှောင်၏ တုံ့ဆိုင်းမှုကို သတိပြုမိကာ မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး...။ ကျွန်မ အပြင်ထွက်နေတာ အချိန်အတော်ကြာပြီ...။ အခု ပြန်သင့်ပြီ..."

လင်ရှောင်ရှောင်က စိတ်ဓာတ်ကျသော အမူအရာဖြင့် ဆိုလိုက်သည်။

စကားမဆုံးခင်မှာပင် သူမသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အလျင်အမြန် ရှင်းပြသည်။

"အစ်ကိုကြီးဖုန်း... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့...။ ကျွန်မရှင့်ကို ထားခဲ့ချင်လို့မဟုတ်ပါဘူး...။ တခြားအကြောင်းပြချက်တွေသာ မရှိဘူးဆိုရင် ကျွန်မသေရင်တောင် အစ်ကိုကြီးဖုန်းကို ထားခဲ့မှာမဟုတ်ဘူး...။ ကျွန်မက..."

လင်ရှောင်ရှောင် ရှင်းမပြနိုင်ခင်မှာပင် ဖုန်းဝူချန်က ပြုံးကာ ဖြတ်ပြောလိုက်သည်။

"ငါနားလည်ပါတယ်...။ မင်းဖုန်းမိသားစုနဲ့ နေလာတာ နှစ်လရှိပြီပဲ...။ ပြန်ရမယ့်အချိန်လည်း တန်ပြီပေါ့...။ မင်းမိဘတွေကို စိတ်မပူစေနဲ့တော့..."

ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၏ အခြေအနေကို နားလည်သည်။ သူသည် ပြိုင်ဘက်ကင်းမြို့မှ မိနစ်အနည်းငယ်မျှသာ ဝေးကွာသေးသော်လည်း သူ၏နှလုံးသားမှာ မခွဲနိုင်မခွာနိုင်ခြင်းများဖြင့် ပြည့်နှက်နေပြီဖြစ်ရာ နှစ်လကြာ အပြင်ထွက်နေခဲ့သော လင်ရှောင်ရှောင်ကို ထည့်ပြောစရာပင်မလိုတော့ပေ။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးဖုန်း...။ ကျွန်မရှင့်ကို လာရှာမှာပါ...။ ကတိပေးပါတယ်"

လင်ရှောင်ရှောင်က ဖုန်းဝူချန် သူ့ကိုမယုံကြည်မည်ကို စိုးရိမ်သဖြင့် လေးနက်စွာ အာမခံလိုက်သည်။

"မင်းတစ်ယောက်တည်း ဘယ်လိုပြန်မှာလဲ"

ဖုန်းဝူချန်က မေးလိုက်ပြီး လင်ရှောင်ရှောင်သည် ကုန်းမြေကြီး၏ အလှမ်းဝေးသော အစိတ်အပိုင်းတစ်ခုမှ လာသည်ဟုလည်း သူကြားဖူးသည်ကို သတိပြုမိသည်။

"ဖုန်းသခင်လေး အဲ့ဒီအတွက် စိတ်ပူစရာမလိုပါဘူး...။ သခင်မလေးကို ကျွန်တော်အိမ်ပြန်ပို့ပေးပါ့မယ်"

ဖုန်းဝူချန် စကားမဆုံးခင်မှာပင် တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

ထိုလူမှာ အသက်သုံးဆယ်ခန့်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အတော်ပင်ငယ်ရွယ်ကာ အဖြူရောင် ပိုးထည်ဝတ်စုံကို ဆင်မြန်းထားပြီး သူ၏တစ်ကိုယ်လုံးမှ အားကောင်းသော ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထိုလူ၏ ရောက်ရှိလာမှုသည် ဖုန်းဝူချန်ကို အတွင်းစိတ်ထဲတွင် တုန်လှုပ်သွားစေသည်။ ဒါက မလွဲမသွေ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လင်ရှောင်ရှောင်ကို လျှို့ဝှက်စွာဖြင့် အမြဲတမ်း ကာကွယ်ပေးနေခဲ့သူလည်း ဖြစ်သည်။

"အစ်ကိုကြီးဖုန်း... သူ့နာမည်က ယဲ့ဝူဟုန်တဲ့..."

လင်ရှောင်ရှောင်က ချက်ချင်းမိတ်ဆက်ပေးသည်။

"ဒီအချိန်အတွင်းမှာ သခင်မလေးကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဖုန်းသခင်လေး"

ယဲ့ဝူဟုန်က ယဉ်ကျေးသော အပြုံးဖြင့်ဆိုပြီး ဖုန်းဝူချန်ကို အနည်းငယ်ပင် ဦးညွှတ်လိုက်သည်။

ဖုန်းဝူချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေသည်။

"ရှောင်ရှောင်က ကျွန်တော့်ဖုန်းမိသားစုရဲ့ ကျေးဇူးရှင် တစ်ယောက်ပါ...။ ရိုကျိုးစရာ မလိုပါဘူး...။ ခင်ဗျားက သူမကို လိုက်ပို့ပေးမှာဆိုတော့ ကျွန်တော်စိတ်အေးရပါပြီ..."

"အစ်ကိုကြီးဖုန်း... ကိုယ့်ကိုယ်ကို ဂရုစိုက်နော်...။ ကျွန်မရှင့်ကို လာရှာမှာပါ"

လင်ရှောင်ရှောင်က အလျင်အမြန်ဆိုလိုက်၏။ သူမ၏မျက်လုံးများမှာ မခွဲနိုင်မခွာနိုင်ခြင်းများဖြင့် ပြည့်နှက်နေကာ မျက်ရည်များမှာ တလက်လက်တောက်ပနေသည်။

"ဖုန်းသခင်လေး... ကျွန်တော်တို့ သွားလိုက်ပါဦးမယ်"

ယဲ့ဝူဟုန်က ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် သူသည် လင်ရှောင်ရှောင်နှင့်အတူ ထိုနေရာတွင် တစ်ခါမှမရှိခဲ့သကဲ့သို့ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

"ရှောင်ရှောင်ရဲ့ နောက်ခံက တော်တော်လေး ကြောက်စရာကောင်းရမယ်...။ ယဲ့ဝူဟုန်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် သူတစ်ယောက်တည်းနဲ့တောင် ယန်ဟော် အင်ပါယာတစ်ခုလုံးကို တိုက်ခိုက်နိုင်လောက်တယ်..."

ဖုန်းဝူချန်က သူ့ဘာသာသူ တီးတိုးရေရွတ်နေမိသည်။

လင်ရှောင်ရှောင် ထွက်ခွာသွားသည်နှင့် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားပြီး တစ်ခဏအတွင်းမှာပင် ဖုန်းဝူချန်မှာ ဘာမှမကျန်တော့သကဲ့သို့ ဖြစ်သွားသည်။

"ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကို အမြန်ဆုံး တိုးမြှင့်ရမယ်"

ဖုန်းဝူချန်၏ မျက်လုံးများတွင် စိတ်ပိုင်းဖြတ်မှုတစ်ခု ဖြတ်ပြေးသွားပြီး သူသည် နက်ရှိုင်းအေးစက်သော အနက်ရှိုင်းဆုံးနေရာများသို့ ခြေလှမ်းလှမ်းဝင်သွားသည်။

ဖုန်းဝူချန် ဖုန်းမိသားစုမှ ထွက်ခွာလာရခြင်းအကြောင်းမှာ သူ၏လျှို့ဝှက်ချက်များကို မိသားစုက မသိစေချင်သောကြောင့်ဖြစ်ပြီး သူတို့နှင့်အတူရှိနေစဉ်တွင် သူ၏လေ့ကျင့်မှုကို အပြည့်အဝ အာရုံမစိုက်နိုင်သောကြောင့်ဖြစ်သည်။ သူသည် သူတို့အပေါ်သို့ ပိုကြီးမားသော ဘေးအန္တရာယ်ကို မယူဆောင်လာလိုပေ။

ဖုန်းဝူချန် ဝူရွှမ်းမြို့မှ ထွက်ခွာပြီး မကြာမီမှာပင် အင်ပါယာ၏ ဗိုလ်ချုပ်ကြီးတစ်ဦးဟုဆိုသော လက်အောက်ငယ်သားတစ်ဦးသည် ဖုန်းမိသားစုထံသို့ ရောက်ရှိလာပြီး ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်အတွက် ဖော်စပ်နည်းကို ရှာဖွေတောင်းဆိုသည်။

အင်ပါယာသည် ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို လိုအပ်နေကြောင်း သိရှိရသောအခါ ဖုန်းကျိန့်ရှုံးသည် တုံ့ဆိုင်းမနေဘဲ ဖော်စပ်နည်းကို ချက်ချင်း လွှဲပြောင်းပေးအပ်လိုက်သည်။

အင်ပါယာ၏ လက်အောက်ခံတစ်ဦးအနေဖြင့် ဖုန်းမိသားစုအတွက် အလှူဒါနပြုနိုင်ခြင်းမှာ ဂုဏ်ယူစရာဖြစ်ပြီး ဖုန်းကျိန့်ရှုံးမှာ သဘာဝကျကျပင် ငြင်းဆန်မည်မဟုတ်ပေ။

အခြားတစ်နေရာတွင်မူ ဖုန်းဝူချန်သည် တောင်တန်းများ၊ တောင်ကြားများတစ်လျှောက် တစ်ယောက်တည်း ခရီးနှင်ရင်း ကျင့်ကြံနေခဲ့ပြီး သုံးရက်အကြာတွင် သူသည် ဝူရွှမ်းမြို့တည်ရှိရာ ထျန်းကျိုးနှင့် အလှမ်းဝေးသော အင်ပါယာ၏ ယွင်ကျိုးသို့ ရောက်ရှိလာခဲ့သည်။

ဤနေ့တွင် ဖုန်းဝူချန်သည် ရွှေယွင်မြို့သို့ ရောက်ရှိလာခဲ့သည်။

ရက်ပေါင်းများစွာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပြီးနောက် လူများစွာနှင့် တွေ့ဆုံပြီး လှပသော ရှုခင်းများကို ဖြတ်သန်းခဲ့ရာ ဖုန်းဝူချန်မှာ စိတ်အခြေအနေ များစွာကောင်းမွန်လာပါသည်။ တစ်ယောက်တည်း ကျင့်ကြံခြင်းမှာ များစွာပိုမို သက်တောင့်သက်သာရှိပြီး ငြိမ်းချမ်းကြောင်း တွေ့ရှိခဲ့သည်။

အပြင်ဘက်မှ နှောင့်ယှက်မှုများမရှိဘဲ ဖုန်းဝူချန်သည် သူ၏ကျင့်ကြံမှုကို စိတ်ဝင်တစားဖြင့် အပြည့်အဝ အာရုံစိုက်နိုင်ခဲ့သည်။

...ဆေးမှုန့်တွေ၊ ဆေးလုံးတွေအပြင်... ငါ့ရဲ့ကျင့်ကြံမှုကို တိုးတက်ဖို့အတွက် ကောင်းကင်နဲ့ မြေကြီး ရတနာတွေကို လိုက်ရှာရမယ်...။

ဖုန်းဝူချန်သည် ရွှေယွင်မြို့၏ လမ်းများပေါ်တွင် လျှောက်လှမ်းရင်း သူ့ဘာသာသူ တွေးနေမိသည်။

ရွှေယွင်မြို့တွင် ပထမဆုံးနေ့၌ ဖုန်းဝူချန်သည် ဦးစွာ ဆေးပင်ဆိုင်တစ်ဆိုင်သို့သွားကာ ဆေးပင်များစွာနှင့် လက်နက်သန့်စင်ရန်အတွက် ပစ္စည်းအချို့ကို ဝယ်ယူခဲ့သည်။

ထို့နောက် ဖုန်းဝူချန်သည် ရွှေယွင်မြို့၏ မြို့ပြင်ရှိ တောင်နက်ကြီးများဆီသို့ ဆေးမှုန့်နှင့် ဆေးလုံးများ သန့်စင်ရန် ထွက်ခွာခဲ့သည်။

တောင်နက်ကြီးများတွင် ဝိညာဉ်စွမ်းအင်မှာ ကြွယ်ဝပြီး ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ကာ ကျင့်ကြံရန် သင့်တော်သည်။

ခုနစ်ရက်အကြာတွင် ဖုန်းဝူချန်သည် ချီသန့်စင်ခြင်းဘုံ ပဉ္စမအလွှာသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး သူ၏ကျင့်ကြံအား တိုးတက်မှုမှာ အံ့ဩလောက်အောင် လျင်မြန်လှသည်။

ကျင့်ကြံမှုအဆင့် တိုးတက်ပြီးနောက် ဖုန်းဝူချန်သည် သူ နှစ်သက်သော သိုင်းပညာ သိုင်းနည်းစနစ်များကို နတ်ဆိုးနဂါး နတ်ဘုရား၏ မှတ်ဉာဏ်များထဲမှ စတင်ရှာဖွေခဲ့သည်။

နတ်ဆိုးနဂါးနတ်ဘုရားသည် နဂါးမျိုးနွယ်၏ အထွတ်အထိပ် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ သူထံတွင် မရေမတွက်နိုင်သော ကျင့်ကြံခြင်းနည်းစနစ်များနှင့် သိုင်းပညာနည်းစနစ်များရှိ၏။ ၎င်းတို့၏အသုံးပြုမှုမှာ မကုန်ခန်းနိုင်ပေ။

ဟုတ်ပါသည်။ နတ်ဆိုးနဂါးနတ်ဘုရားသည် ဤနည်းစနစ်အားလုံးကို လေ့ကျင့်ခဲ့ခြင်းမဟုတ်ဘဲ ၎င်းတို့မှာ သူ၏မှတ်ဉာဏ်ထဲတွင်သာ တည်ရှိနေခြင်းဖြစ်သည်။

ဖုန်းဝူချန်သည် သူ၏ကိုယ်ပိုင်ကျင့်ကြံမှုအတွက် သင့်တော်သော သိုင်းပညာနည်းစနစ်များနှင့် ဓားသိုင်းကွက်များကို ရှာဖွေရန် ခြောက်နာရီကြာ အချိန်ယူခဲ့ရပြီး ၎င်းတို့တွင် လောကပျက် ကောင်းကင်ဘုံအပြစ်ဒဏ် ဓားချက်၊ နတ်သတ်ဝိညာဉ်ဖြတ် လက်ညှိုး၊ တတိယအလွှာ ကောင်းကင်အမျက်ဒေါသ လက်ဝါးနှင့် ထင်ယောင်ထင်မှား ပျောက်ကွယ်ဓားသိုင်းကွက်တို့ ပါဝင်သည်။

တတိယအလွှာ ကောင်းကင်အမျက်ဒေါသ လက်ဝါးသည် နက်နဲခြင်းအဆင့်၏ အလယ်တန်းသိုင်းပညာဖြစ်သည်မှလွဲ၍ အခြားသုံးခုမှာ မြေကမ္ဘာအဆင့်ဖြစ်ပြီး ဤမြေကမ္ဘာအဆင့် နည်းစနစ်သုံးခုမှာ ဖုန်းဝူချန် လက်ရှိတွင် အနိုင်နိုင် စတင်သင်ယူနိုင်သော နည်းစနစ်များဖြစ်သည်။

သိုင်းပညာ အစွမ်းထက်လေ၊ လိုအပ်သော ကျင့်ကြံမှုအဆင့်မှာ မြင့်လေဖြစ်သည်။ လုံလောက်စွာ အားကောင်းသော ကျင့်ကြံမှုဖြင့်သာ ပိုမို အင်အားကြီးသော သိုင်းပညာ နည်းစနစ်များကို သင်ယူနိုင်ပေမည်။

လှုပ်ရှားမှု နည်းစနစ်များအတွက်မူ ဖုန်းဝူချန်သည် လေ့ကျင့်ရန်မလိုအပ်ပေ။ အကြောင်းမှာ နတ်ဆိုးနဂါးနတ်ဘုရား လေ့ကျင့်ခဲ့သော နဂါးအရိပ်ပုံရိပ်သည် အလွန် မြင့်မားသော သိုင်းပညာတစ်ခုဖြစ်သောကြောင့် ဖြစ်သည်။ နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်နှင့် အတွေ့အကြုံကို အားကိုး၍ ဖုန်းဝူချန်သည် ၎င်းကို အချိန်မရွေး အသုံးပြုနိုင်ပေသည်။

ဖုန်းဝူချန် ယခင်က အသုံးပြုခဲ့သော ဓားသိုင်းကွက်မှာ သီးသန့်ဓားသိုင်းကွက်တစ်ခုမဟုတ်ဘဲ နတ်ဆိုးနဂါးနတ်ဘုရား၏ အတွေ့အကြုံဖြင့် ပေါင်းစပ်ထားသော ဓားကွက်အစုအဝေးတစ်ခုသာ ဖြစ်သည်။

အသွင်ပြောင်းဘုံသို့ ရောက်ရှိသော မည်သည့်ကျင့်ကြံသူမဆို ၎င်းကို အသုံးပြုနိုင်ပြီး ဖုန်းဝူချန်က ချီသန့်စင်ခြင်းဘုံတွင် ပြုလုပ်ခဲ့ခြင်းကြောင့်သာ လူများကို ဤမျှ တုန်လှုပ်စေခဲ့ခြင်းဖြစ်သည်။

ပထမဆုံး လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သော နည်းစနစ်မှာ တတိယအလွှာ ကောင်းကင်အမျက်ဒေါသ လက်ဝါးဖြစ်၏။ ဒါက ဒီအချိန်မှာ သူ့အတွက် အသင့်တော်ဆုံး သိုင်းပညာ ဖြစ်သည်။

တတိယအလွှာ ကောင်းကင် အမျက်ဒေါသ လက်ဝါးမှာ အလွန်ပြင်းထန်ပြီး အားကောင်းလှကာ အထူးသဖြင့် ခန္ဓာကိုယ် အခြေပြုသော ကျင့်ကြံသူများအတွက် သင့်တော်ပြီး ၎င်းမှာ ဖုန်းဝူချန် ရွေးချယ်ရခြင်း အကြောင်းရင်းပင် ဖြစ်သည်။

ထို့အပြင် တတိယအလွှာ ကောင်းကင် အမျက်ဒေါသ လက်ဝါး၏ စွမ်းအားကို စုပုံနိုင်ပြီး အလွှာသုံးလွှာ စုပုံလိုက်သည့်အခါ ၎င်း၏ စွမ်းအားမှာ နက်နဲခြင်း အဆင့်၏ အဆင့်မြင့်နည်းစနစ် တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။

တတိယအလွှာ ကောင်းကင်အမျက်ဒေါသ လက်ဝါးမှာ ဖုန်းဝူချန် အလွန်နှစ်သက်သော သိုင်းပညာတစ်ခု ဖြစ်သည်။

၎င်းအပြင် သူသည် အံ့ဖွယ် ခန္ဓာကျင့်စဥ်တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ဤနည်းစနစ်ကို နတ်ဆိုးနဂါးနတ်ဘုရား ကိုယ်တိုင်က ဖန်တီးခဲ့ခြင်းဖြစ်ပြီး အထွတ်အထိပ်ရုပ်ခန္ဓာ ကျင့်စဉ်ဟု အမည်ပေးထားသည်။ ၎င်းမှာ နတ်ဆိုးနဂါးနတ်ဘုရားက သူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံကို အခြေခံ၍ တီထွင်ခဲ့သော အံ့ဖွယ် ခန္ဓာကျင့်စဥ် ဖြစ်သောကြောင့် အထွတ်အထိပ်ရုပ်ခန္ဓာ ကျင့်စဉ်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။

အထွတ်အထိပ်ရုပ်ခန္ဓာ ကျင့်စဉ်၏ အံ့ဖွယ်မှာ ၎င်းကို ကျင့်ကြံသော ကျင့်ကြံသူများကို သူတို့၏ကိုယ်ပိုင် သွေးကြောများကို ချဲ့ထွင်စေနိုင်ခြင်း၊ ဝိညာဉ်စွမ်းအင် စုပ်ယူမှုအရှိန်ကို တိုးမြှင့်ပေးခြင်း၊ စွမ်းအင်သန့်စင်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ ဖွဲ့စည်းပုံကို အားကောင်းစေရန် ကူညီပေးခြင်းအပြင် မိမိကိုယ်ကို ကုသနိုင်စွမ်းကို မြှင့်တင်ပေးခြင်း၊ အာရုံကြောတုံ့ပြန်မှု၊ အာရုံခံနိုင်စွမ်း၊ လေ့လာမှုနှင့် အရှိန်ကို တိုးမြှင့်ပေးခြင်းတို့ ဖြစ်သည်။ ၎င်းမှာ ဘက်စုံမြှင့်တင်မှုပင်။

"နတ်ဆိုးနဂါးနတ်ဘုရားက တကယ်ပဲ အထွတ်အထိပ် စွမ်းအားရှင်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်တာပဲ...။ ဒီလောက်ကြောက်စရာကောင်းတဲ့ အထွတ်အထိပ်ရုပ်ခန္ဓာ ကျင့်စဉ်ကို နားလည်သဘောပေါက်နိုင်ခဲ့တယ်...။ လုံထျန်းကျန့် သူ့ကို ရှုံးနိမ့်ခဲ့တာ မဆန်းပါဘူး...။ နောက်ဆုံးမှာ အကြီးအကဲခြောက်ယောက်ကမှ သူ့ကို အနိုင်ယူနိုင်ခဲ့တာကိုး..."

ဖုန်းဝူချန်မှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားပြီး သူ၏တစ်ကိုယ်လုံးမှာ ကျောက်ရုပ်ဖြစ်သွားသည်။

"အထွတ်အထိပ်ရုပ်ခန္ဓာ ကျင့်စဉ်ကို ကျင့်ကြံပြီးရင် ငါ့ရဲ့စွမ်းရည်တွေ အားလုံး ဆက်မထိန်းနိုင်တော့ဘဲ

အများကြီး တိုးတက်လာတော့မှာပဲ"

ဖုန်းဝူချန်သည် စိတ်လှုပ်ရှားမှုလှိုင်း တစ်ခုကို ခံစားလိုက်ရသည်။

ဖုန်းဝူချန်မှာ သူ၏စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး အထွတ်အထိပ်

ရုပ်ခန္ဓာ ကျင့်စဉ်ကို စတင် ကျင့်ကြံလိုက်သည်။

နတ်ဆိုးနဂါးနတ်ဘုရားက လေ့ကျင့်ခဲ့ပြီး ဖြစ်ရာ ဖုန်းဝူချန်သည် သူ၏ မှတ်ဉာဏ်ထဲမှ နည်းစနစ်ကို ပြန်လည် လေ့ကျင့်ခြင်းမျှသာ ဖြစ်ပြီး အချိန်များစွာ မယူလိုက်ရပေ။

နာရီဝက်အတွင်းမှာပင် ဖုန်းဝူချန်သည် သူ၏ခန္ဓာကိုယ်တွင် သိသာထင်ရှားသော ပြောင်းလဲမှု တစ်ခုကို သတိပြုမိလိုက်သည်။ အာရုံကြော တုံ့ပြန်မှု၊ အာရုံခံနိုင်စွမ်း၊ လေ့လာမှု သို့မဟုတ် သူ၏ ကိုယ်ပိုင် ဖွဲ့စည်းပုံနှင့် အရှိန်ဖြစ်စေ အားလုံးမှာ ကြီးမားသော တိုးတက်မှု တစ်ခုကို မြင်တွေ့ခဲ့ရသည်။

"ကြောက်စရာကောင်းလိုက်တာ...။ အခုမှ စပြီး ကျင့်ကြံရုံ ရှိသေးတယ်...။ နာရီဝက်အတွင်းမှာ ဒီလောက် ကြီးမားတဲ့ တိုးတက်မှု ရခဲ့တယ်..."

ဖုန်းဝူချန်သည် အိပ်မက်မက်နေသကဲ့သို့ ခံစားရသည်အထိ နောက်တစ်ကြိမ် တုန်လှုပ်သွားရသည်။

သူ၏စိတ်ထဲမှ စိတ်လှုပ်ရှားမှုနှင့် စိတ်လှုပ်ရှားမှုမှာ စကားဖြင့် ဖော်ပြ၍ မရနိုင် ဖြစ်နေတော့သတည်း။

All Chapters