← Chapters

မူထျန်းယွင်နှင့် ပထမဆုံး တွေ့ဆုံခြင်း

Vol. 3 Ch. 39

မူထျန်းယွင်နှင့် ပထမဆုံး တွေ့ဆုံခြင်း

Vol. 3 Ch. 39

~အထွတ်အထိပ် ရုပ်ခန္ဓာ ကျင့်စဉ်သည် အစွမ်းထက်သော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ဖြင့် မွေးရာပါပါရမီ မရှိသော ကျင့်ကြံသူများကို လုံးဝ အစားထိုးပေးနိုင်သည်ဟု ဆိုနိုင်ပါ၏။ အမှန်တကယ်ပင် အံ့ဖွယ်ရုပ်ခန္ဓာ ကျင့်စဉ် တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။

...ဒီရုပ်ခန္ဓာ ကျင့်စဉ်က တကယ်ပဲ အံ့ဩစရာကောင်းတာပဲ...။ မွေးရာပါ

ပါရမီ မရှိတဲ့သူတွေကိုတောင် လုံးဝအစားထိုးပေးနိုင်တယ်...။ တောက်... ငါ ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ သိုင်းကွက်ကို အစောကြီးကတည်းက မတွေ့ခဲ့ရတာလဲ...။

ဖုန်းဝူချန်သည် ထိုသို့ကြောက်မက်ဖွယ်ကောင်းသော အထွတ်အထိပ် ရုပ်ခန္ဓာ ကျင့်စဉ်ကျင့်စဉ်ကို အစောပိုင်းကတည်းက မတွေ့ရှိခဲ့မိခြင်းအတွက် သူ့ကိုယ်သူ ကျိန်ဆဲနေမိသည်။ အကယ်၍ သူ၏မိသားစုဝင်များသာ ယင်းကို ကျင့်ကြံနိုင်မည်ဆိုလျှင် သူတို့၏အင်အားမှာ မလွဲမသွေ တဟုန်ထိုး တက်သွားပေလိမ့်မည်။

သို့သော်လည်း ဖုန်းမိသားစုမှာ အလွန်အားနည်းနေသေးသည်ကို ထည့်သွင်းစဉ်းစားကာ ဖုန်းဝူချန်သည် ထိုအကြံကို လက်လျှော့လိုက်ပြီး သူကိုယ်တိုင် အင်အားမကြီးမားလာမီ အခြားသူများ သံသယမဝင်အောင် နေရမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့မဟုတ်လျှင် သူ၏မိသားစုမှာ ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

စိတ်လှုပ်ရှားမှုများ လွန်သွားပြီးနောက် ဖုန်းဝူချန်သည် သူ၏သိုင်းပညာများကို ဆက်လက်လေ့ကျင့်ခဲ့ပြီး၊ ရွေးချယ်ထားသော သိုင်းပညာများကို အနည်းဆုံး အခြေခံအဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားသည်။ အကြောင်းမှာ ၎င်းက သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို ကြီးစွာ မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။

ရွှေယွင်မြို့အပြင်ဘက် တောင်နက်ကြီးထဲတွင် ဖုန်းဝူချန်သည် ဆယ်ရက်ကျော်ကြာ အချိန်ကုန်ဆုံးခဲ့ပြီး ရွေးချယ်ထားသော သိုင်းပညာများကို မူလတန်းအဆင့်သို့ လေ့ကျင့်ပြီးဖြစ်သည်။

အနာဂတ်တွင် သူသာ ဇွဲလုံ့လဖြင့် လေ့ကျင့်သွားမည်ဆိုလျှင် သိုင်းပညာများ၏ စွမ်းအားအမှန်ကို ထုတ်ဖော်နိုင်မည်မှာ သေချာပါသည်။

...

"တတိယအလွှာ ကောင်းကင်ဘုံအမျက်ဒေါသ လက်ဝါး"

တောင်တန်းများ၏ နက်ရှိုင်းသောနေရာတွင် အသံတိုးတိုးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

တူညီသော အခိုက်အတန့်၌ အားကောင်းသော စွမ်းအင်တစ်ခု ပျံ့နှံ့သွားကာ ဖုန်းဝူချန်၏ လက်ဝါးသည် ရေစည်ပိုင်းကဲ့သို့ ထူထဲသော သစ်ပင်စည်ကို ရိုက်ခတ်လိုက်သည်။

"ဖြောင်း"

လက်ဝါးတစ်ချက်သည် သစ်ပင်ကို ရိုက်ခတ်လိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး သစ်ပင်မှာ နေရာတွင်ပင် ကျိုးပြတ်သွားကာ သစ်သားစများမှာ နေရာအနှံ့ လွင့်စင်သွားသည်။

"နည်းနည်းလေး တတ်မြောက်ရုံနဲ့တင် ဒီလောက်စွမ်းအားကြီးနေပြီ...။ ကြည့်ရတာ ငါရွေးချယ်လိုက်တဲ့ သိုင်းပညာက မှန်သွားပြီပဲ...။ ဒါက နက်နဲခြင်းအဆင့်ရဲ့ စွမ်းအားဆိုရင် မြေကမ္ဘာအဆင့်က ပိုပြီးတော့တောင် ကြောက်စရာကောင်းဦးမှာပဲ..."

ဖုန်းဝူချန် ရွှင်မြူးစွာ ပြုံးလိုက်မိသည်။

စကားပြောနေစဉ်မှာပင် ဖုန်းဝူချန်သည် မီးလျှံဓားကို ထုတ်ယူလိုက်၏။

နဂါးနတ်ဘုရား၏ အသက်ရှုခြင်းစွမ်းအားဖြင့် နှိုးဆော်လိုက်ရာ ဓားသည် ချက်ချင်းပင် စိမ်းပြာရောင်မီးလျှံဖြင့် တောက်လောင်လာပြီး ပြင်းထန်ကြမ်းတမ်းသော ဓားချီများမှာ လေထုထဲတွင် ပျံ့နှံ့သွားသည်။

"ထင်ယောင်ထင်မှား ဓားသိုင်းကွက်...။ ကောင်းကင်နှင့်မြေကြီး ထင်ယောင်ထင်မှား ပျက်သုဉ်းခြင်း"

ဖုန်းဝူချန်က ခြေတစ်ဖက်ကို ဆောင့်နင်းကာ လေထဲသို့ မြင့်မားစွာ ပျံတက်သွားပြီး ပြင်းထန်စွာ ဟစ်အော်လိုက်ကာ မီးလျှံဓားကို ဝှေ့ယမ်းထုတ်လိုက်သည်။

"ဝှစ်"

ဓားချီစီးကြောင်းတစ်ခုသည် စိမ်းပြာရောင်မီးလျှံနှင့်အတူ အသံလှိုင်းပေါက်ကွဲသံတစ်ခုဖြင့် လေထဲတွင် ပျံသန်းသွားပြီး ၎င်း၏လမ်းတစ်လျှောက်ရှိ ရေစည်ပိုင်းကဲ့သို့ ထူထဲသော သစ်ပင်များစွာကို ဖြတ်တောက်သွားသည်။

ထိုသို့အားကောင်းသော ဓားချီကိုကြည့်ရင်း ဖုန်းဝူချန်က ခါးသီးစွာ ပြုံးလိုက်သည်။

"အစစ်အမှန်ချီက အစစ်အမှန်ယွမ်ကိုတော့ တကယ်မယှဉ်နိုင်သေးဘူးပဲ...။ သုံးရတာ တော်တော်အားစိုက်ရတယ်...။ ငါသာ အသွင်ပြောင်းဘုံကို ရောက်သွားရင်တော့ နဂါးနတ်ဘုရားရဲ့အသက်ရှုခြင်းက သူ့ရဲ့အစွမ်းအမှန်ကို ထုတ်ပြနိုင်တော့မှာပဲ...။ အဲ့ဒီအခါကျရင်တော့ ငါစိတ်ကြိုက် သုံးနိုင်တော့မှာပဲ..."

အသွင်ပြောင်းဘုံမှာ အလှမ်းဝေးနေသေးသော်လည်း ဖုန်းဝူချန်အတွက်မူ ၎င်းမှာ ပြဿနာတစ်ရပ်မဟုတ်ပေ။

တောင်တန်းများတွင် ဆယ်ရက်ကြာ နေထိုင်ခဲ့လေသည်။

သူ၏ သိုလှောင်ထားသော အစားအစာများအားလုံး ကုန်ဆုံးသွားသဖြင့် ဖုန်းဝူချန်သည် ခေတ္တအနားယူပြီးနောက် ရွှေယွင်မြို့ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ဖုန်းဝူချန်၏ အရှိန်မှာ အလွန်လျင်မြန်လှသည်။ ထူထပ်သော တောအုပ်များကြားတွင် သူသည် သွက်လက်သော မျောက်တစ်ကောင်ကဲ့သို့ ရွေ့လျားနေသည်။

ဤအရာအားလုံးမှာ အထွတ်အထိပ်ရုပ်ခန္ဓာ ကျင့်စဉ်၏ အံ့ဖွယ်အာနိသင်ပင်ဖြစ်ပြီး ၎င်းမှာ အစပိုင်းသာရှိသေးသည်။ ကျင့်ကြံမှု ပြည့်စုံသွားသည့်အခါ ၎င်းသည် မလွဲမသွေ ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ရွှေယွင်မြို့သို့ ဝင်ရောက်ပြီး အစားအသောက်များ အဝစားသောက်ပြီးနောက် ဖုန်းဝူချန်သည် မြို့မှထွက်ခွာခဲ့သည်။

ရွှေယွင်မြို့သည် သူ၏ခရီးတွင် ယာယီနားခိုရာနေရာတစ်ခုမျှသာ ဖြစ်သည်။

ဖုန်းဝူချန်သည် ဤတစ်ကြိမ် ထွက်ခွာလာခြင်းမှာ ခရီးတစ်လျှောက် ကျင့်ကြံပြီး မိမိကိုယ်ကို သန်မာလာအောင် လေ့ကျင့်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်ရာ သူသွားလိုရာနေရာကို ဂရုမစိုက်ပေ။

ရက်ပေါင်းများစွာ ခရီးနှင်ပြီးနောက် ဖုန်းဝူချန်သည် ယွင်ကျိုး၏ ဗဟိုဒေသဖြစ်သော ထျန်းတုသို့ ရောက်ရှိလာခဲ့သည်။

ထျန်းတုသည် ယွင်ကျိုးတွင် အလွန်ကျယ်ပြန့်သော မြို့တော်တစ်ခုဖြစ်ပါသည်။ လူများဖြင့် စည်ကားကာ အစွမ်းထက်သော ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေသည်။

အနက်ရောင် ပိုးထည်ဝတ်စုံကို ဆင်မြန်းထားသော ဖုန်းဝူချန်သည် ထျန်းတု၏ လမ်းများပေါ်တွင် လျှောက်လှမ်းရင်း စပ်စုစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။ သူ၏ခန့်ညားပြီး တည်ငြိမ်သော အမူအရာသည်လည်း အမျိုးသမီးငယ်များစွာ၏ ချီးကျူးသော အကြည့်များကို ဆွဲဆောင်နေသည်။

...ဟား... ငါ့ကိုကြည့်နေကြပါလား...။ ဟဲဟဲ၊ ငါက ရုပ်ချောတာကိုး...။

ဖုန်းဝူချန်သည် ကြိတ်၍ ပြုံးလိုက်၏။

သူ ထျန်းတုသို့ ရောက်လာခြင်းမှာ ရည်ရွယ်ချက် တစ်ခုရှိသည်။ သူ၏ခရီးလမ်းတွင် ထျန်းတုတွင် ရတနာများဖြင့် ပြည့်နှက်နေသော လေလံရုံ တစ်ခုရှိကြောင်း သိရှိခဲ့ရသဖြင့် ဒီနေရာသို့ တန်းတန်းမတ်မတ် လာရောက်ခဲ့ခြင်း ဖြစ်လေသည်။

ဖုန်းဝူချန်သည် အသွင်ပြောင်းဘုံသို့ အမြန်ဆုံး တက်လှမ်းလိုပြီး ဆေးလုံးများအပြင် ကောင်းကင်နှင့် မြေကြီး ရတနာများမှာ မရှိမဖြစ်လိုအပ်ကြောင်း သူသိသည်။

ကျင့်ကြံ ဆေးလုံးများကို အလွန်အကျွံ သုံးစွဲခြင်းသည်လည်း အချို့သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ချီစုစည်းဆေးလုံးများသည် ချီသန့်စင်ခြင်းဘုံ ကျင့်ကြံသူများကို အဆင့်တစ်ဆင့် တက်လှမ်းရန် ကူညီနိုင်သော်လည်း ဖုန်းဝူချန်သည် ဆေးလုံးများအပေါ် အလွန်အကျွံ အားကိုးလိုခြင်းမရှိပေ။

ကျင့်ကြံမှုတိုးတက်ရန် ဆေးလုံးများအပေါ်တွင်သာ မှီခိုခြင်းသည် အဆင့်ကို မြှင့်တင်နိုင်သော်လည်း အခြေခံအုတ်မြစ် မခိုင်မာပါက သက်ဆိုင်ရာအဆင့်၏ စွမ်းအားအမှန်ကို ထိန်းချုပ်ရန် ခက်ခဲပေလိမ့်မည်။

ကောင်းကင်နှင့်မြေကြီးမှ ရတနာများသည် လောကကြီးကိုယ်တိုင်က ပျိုးထောင်ထားခြင်းဖြစ်ပြီး မယုံနိုင်လောက်အောင် သန့်စင်သော စွမ်းအင်များ ပါဝင်ကာ မည်သည့်အညစ်အကြေးမှမရှိပေ။ ၎င်းတို့သည် ကျင့်ကြံခြင်းအတွက် ရတနာများထဲမှ ရတနာပင်ဖြစ်သည်။

ဖုန်းဝူချန်သည် ထျန်းတုရှိ စားသောက်ဆိုင်တစ်ခုဖြစ်သော ယစ်မူးတိမ်တိုက် စံအိမ်သို့ ရောက်ရှိလာခဲ့သည်။

...တော်တော်လေး ခရီးဆက်ခဲ့ရတာ... ဗိုက်ကလည်းဆာနေပြီ...။

ယစ်မူးတိမ်တိုက်စံအိမ်၌

စားသုံးသူများဖြင့် စည်ကားနေလေ၏။ အားလုံးမှာ အားရပါးရ စားသောက်နေကြကာ ပျော်ရွှင်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ဖုန်းဝူချန်သည် ဟင်းအနည်းငယ်ကို ကြုံသလို မှာကြားပြီး အရသာခံကာ စတင် စားသောက်ရင်း သူ့ဘာသာသူ တီးတိုး ရေရွတ်နေသည်။

"စတုတ္ထအဆင့် ဆေးပညာရှင်ပဲ...။ ဝိဉာဉ်စွမ်းအားက ကျန်းယွင်ထျန်းနဲ့ အတူတူလောက်ပဲ...။ ဒါပေမဲ့ သူ့ရဲ့အင်အားကတော့ တော်တော် လန့်စရာ ကောင်းတာပဲ..."

—-----

တူညီသော အခိုက်အတန့်မှာ စားသောက်ဆိုင်၏ ဒုတိယထပ်တွင် ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦးသည် ဖုန်းဝူချန်ကို ကြည့်ရှုရင်း ခပ်ရေးရေးပြုံးနေသည်။

"ဒီလူငယ်လေးက သာမန်လူတစ်ယောက်မဟုတ်ဘူး...။ သူ့ရဲ့ ဝိဉာဥ်စွမ်းအားက သိပ်ကို ကျယ်ပြန့်တာပဲ..."

"အဘိုး... သူက ဆေးပညာရှင်

တစ်ယောက်လား"

အဘိုးအို၏ ဘေးတွင်ထိုင်နေသော လူငယ်တစ်ဦးက မေးလိုက်ခြင်းပါ။

အဘိုးအိုက ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။

"ဟုတ်တယ်... ပြီးတော့ သူက အဆင့်နှစ် ဆေးပညာရှင်အဖြစ် တက်လှမ်းခါနီးနေပြီ...။ ဒီလောက် ငယ်ရွယ်တဲ့ အသက်နဲ့ ဒီလိုအဆင့် ရှိနေတာက သူက ဆေးပညာပါရမီရှင်

တစ်ယောက် ဖြစ်ကြောင်း ပြနေတယ်...။ ပြီးတော့ ကျင့်ကြံမှု ပါရမီရှင်

တစ်ယောက်လည်း ဖြစ်တယ်...။ ဒီအရွယ်နဲ့ ချီသန့်စင်ခြင်းဘုံ ပဉ္စမ အလွှာကို ရောက်နေပြီ...။ သူက ဘယ်သူ့ရဲ့ တပည့်လဲဆိုတာ ပြောဖို့ ခက်တယ်"

"ဒါကြောင့် သူ ဝင်လာကတည်းက အဘိုးက သူ့ကို ကြည့်နေတာကိုး"

လူငယ်က နားလည်စွာ ဆိုလိုက်သည်။ သူကိုယ်တိုင်မှာ ဖုန်းဝူချန်ထက် တစ်နှစ် ..သို့မဟုတ် နှစ်နှစ်သာ ကြီးပေလိမ့်မည်။

အဘိုးအိုက ခပ်ရေးရေးပြုံးလိုက်သည်။

"ဒီလူငယ်လေးရဲ့ အရှိန်အဝါကလည်း ထူးခြားတယ်...။ လူပေါင်းများစွာကို မြင်ဖူးခဲ့ပေမဲ့ ဒီလောက်

ငယ်ရွယ်တဲ့ လူတစ်ယောက်ကို တွေ့ရခဲတယ်"

ဖုန်းဝူချန်သည် တစ်စုံတစ်ဦးက သူ့ကို စောင့်ကြည့်နေသည်ကို အချိန်အတော်ကြာကတည်းက သိရှိထားပုံ ရသော်လည်း သူက မသိချင်ယောင်ဆောင်နေသည်။

"ဂိုဏ်းချုပ်ဟောင်း... သူက ထျန်းတုက မဟုတ်လောက်ပါဘူး ခင်ဗျာ”

အဘိုးအို၏ ဘေးတွင် ရှိသော လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးက လေးစားစွာဆိုသည်။

ဂိုဏ်းချုပ်ဟောင်းဟု သိကြသော အဘိုးအိုက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

"ပိုင်မင်... သူ့ကို အပေါ်တက်လာဖို့ သွားဖိတ်ခေါ်လိုက်ပါ"

"ဟုတ်ကဲ့"

လူလတ်ပိုင်း အရွယ် အမျိုးသား ပိုင်မင်က လေးစားစွာ တုံ့ပြန်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။

"အဘိုး... ဘာလို့ သူ့ကိုရှာနေတာလဲ"

ပထမလူငယ်က စပ်စုစွာ မေးလိုက်ပြီး အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသည်။

အကြီးအကဲမှာ စကားမဆိုဘဲ သူ၏အကြည့်မှာ ဖုန်းဝူချန်ကို ဆက်လက်ကြည့်ရှုနေသည်။

ပိုင်မင်သည် ဖုန်းဝူချန်၏ စားပွဲသို့ ချဉ်းကပ်လာပြီး ယဉ်ကျေးသော အပြုံးဖြင့် ဆိုသည်။

"ကျွန်တော့်နာမည် ပိုင်မင်ပါ...။ ညီလေး... ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်ဟောင်းက ညီလေးကို အပေါ်ထပ်မှာ ခဏထိုင်ဖို့ ဖိတ်ခေါ်နေပါတယ်"

ပိုင်မင်၏ ကျင့်ကြံမှုမှာ မနည်းပေ။ သူသည် ယွမ်တန်ဘုံ တတိယအလွှာဖြစ်ပြီး သူ၏စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသည်။

"ဂိုဏ်းချုပ်ဟောင်းလား"

ဖုန်းဝူချန်မှာ အနည်းငယ် မှင်တက်သွားပြီး ပိုင်မင်ကို တစ်ချက်ကြည့်လိုက်ကာ ဒုတိယထပ်ရှိ ဆံပင်ဖြူနှင့် အဘိုးအိုကို နောက်တစ်ကြိမ် မော့ကြည့်လိုက်သည်။

ပိုင်မင်က ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

"ရွှမ်းထျန်းဂိုဏ်းပါ"

...ရွှမ်းထျန်းဂိုဏ်းတဲ့လား...။ အင်ပါယာရဲ့ အဓိကအင်အားစု တစ်ခုပဲ...။ ယွင်ကျိုးမှာတော့ အင်အားအကြီးဆုံးလို့ ပြောလို့ ရတယ်...။

အင်ပါယာတွင် ရွှမ်းထျန်းဂိုဏ်းကို အဓိကအင်အားစု တစ်ခုအဖြစ် သတ်မှတ်ထားသည်။ ၎င်းသည် ထျန်းယွင်ဂိုဏ်းလောက် သြဇာ မရှိသော်လည်း ပေါ့ပေါ့ဆဆ သဘောထား၍ မရပေ။

ယွင်ကျိုးတွင် ရွှမ်းထျန်းဂိုဏ်းသည် ခွန်အား အကြီးဆုံး တည်ရှိမှု ဖြစ်ပြီး မည်သည့် အင်အားစုမှ ၎င်းကို အပြစ်မပြုရဲပေ။

ဖုန်းဝူချန်သည် အင်ပါယာ၏ အားကောင်းသော ဂိုဏ်းအင်အားစုများအကြောင်းကို သဘာဝကျကျ ကြားဖူးထားသည်။

သို့သော် ဖုန်းဝူချန်သည် ဆံပင်ဖြူနှင့် အဘိုးအိုမှာ ရွှမ်းထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ဖြစ်မှန်း မသိခဲ့သလို ဂိုဏ်းချုပ်ဟောင်း တစ်ဦးအနေဖြင့်

စားသောက်ဆိုင်သို့ လာရောက်လည်ပတ်နေလိမ့်မည်

ဟုလည်း မထင်ထားခဲ့ပေ။

သို့တိုင်အောင် သူက ငြင်းဆန်ခြင်းမပြုပေ။ ရွှမ်းထျန်းဂိုဏ်းသည် ယွင်ကျိုးတွင် အစွမ်းအထက်ဆုံး တည်ရှိမှုဖြစ်ရာ မျက်နှာသာမပေးခြင်းသည် အလွန်မောက်မာရာကျမည် မဟုတ်ပါလော။

ဖုန်းဝူချန်သည် ဒုတိယထပ်သို့ တက်သွားရာ အကြီးအကဲက သူ့ကို ယဉ်ကျေးစွာဖြင့် သီးသန့်အခန်းတစ်ခုသို့ ဖိတ်ခေါ်လိုက်သည်။

"စီနီယာက ကျွန်တော်နဲ့ ဘာများပြောချင်လို့ပါလဲ ခင်ဗျာ"

ဖုန်းဝူချန်က ထိုင်လိုက်သည်နှင့် မေးလိုက်သည်။

အကြီးအကဲက ခပ်ရေးရေးပြုံးကာ မေးလိုက်သည်။

"ကျုပ် နာမည် မူယွင်ထျန်းပါ...။ ဒီညီလေးကို ဘယ်လိုခေါ်ရမလဲ မသိဘူး"

"ဖုန်းဝူချန်ပါ"

ဖုန်းဝူချန်က ပြုံးကာပြန်ဖြေသည်။

မူယွင်ထျန်းက အနည်းငယ်ပြုံးလိုက်ပြီး ချီးကျူးသည်။

"ဒီလောက်ငယ်ရွယ်သေးပေမဲ့ ဒီလိုကျင့်ကြံမှုမျိုး ပိုင်ဆိုင်ထားတယ်...။ ဝိဉာဉ် စွမ်းအားကလည်း သိပ်ကိုသန်မာတာပဲ...။ မင်းက ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ ထင်ရှားပါတယ်"

"စီနီယာက မြှောက်ပြောလွန်းပါတယ်...။ ကျွန်တော့်ရဲ့ ကျိုးတိုးကျဲတဲ အရည်အချင်းက စီနီယာရဲ့ စတုတ္ထအဆင့် ဆေးပညာရှင် စွမ်းပကားနဲ့ နှိုင်းယှဉ်လို့ မရပါဘူး"

ဖုန်းဝူချန်က နှိမ့်ချစွာ ဆိုလိုက်သည်။

...မောက်မာခြင်း၊ ထောင်လွှားခြင်းမရှိ...။ နှိမ့်ချခြင်း၊ အောက်ကျို့ခြင်းလည်း

မရှိ...။ ငါ့ကို ...။ တကယ်ပဲ သာမန် မဟုတ်ဘူး...။

"မင်းက ယွင်ကျိုးက မဟုတ်ဘူး ထင်တယ်...။ ဘယ်က လာတာလဲလို့ မေးလို့ရမလား...။ မင်းက ထျန်းယန် အကယ်ဒမီက ကျောင်းသား

တစ်ယောက်လား"

မူယွင်ထျန်းက စုံစမ်းမေးမြန်းသည်။

"မဟုတ်ပါဘူး...။ ကျွန်တော်က ထျန်းကျိုးက ဝူရွှမ်းမြို့က လာတာပါ"

ဖုန်းဝူချန်က အလွယ်တကူ ပြန်ဖြေသည်။

"ဪ... မင်းက ထျန်းကျိုးကကိုး..."

မူယွင်ထျန်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"တွေ့ဆုံခြင်းက ကံကြမ္မာပဲ...။ ယွင်ကျိုးကို အသစ်ရောက်လာတာ

ဆိုတော့ မလွဲမသွေ အခက်အခဲ တချို့နဲ့ ကြုံတွေ့ရနိုင်တယ်...။ အခက်အခဲ

တစ်စုံတစ်ရာ ကြုံတွေ့ရရင် ရွှမ်းထျန်းဂိုဏ်းမှာ ကျုပ်ကို အချိန်မရွေး လာရှာနိုင်ပါတယ်"

"ကျေးဇူးတင်ပါတယ် စီနီယာ"

ဖုန်းဝူချန်က ကျေးဇူးတင်စကား

ဆိုလိုက်၏။ တစ်ဆက်တည်း၌ မူယွင်ထျန်းသည် ပါရမီကို တန်ဖိုးထားသူ တစ်ဦး ဖြစ်ကြောင်း၊ သူ့ကို ကူညီရန် စိတ်အားထက်သန်ပြီး ဖုန်းဝူချန်ကို ရွှမ်းထျန်းဂိုဏ်းထဲသို့ ဆွဲသွင်းရန်လည်း စိတ်ဝင်စားနေကြောင်း နားလည်မိလိုက်သည်။

ကံမကောင်းစွာဖြင့် ဖုန်းဝူချန်သည် မည်သည့်အင်အားစုနှင့်မျှ ပူးပေါင်းရန် တစ်ခါမှမစဉ်းစားခဲ့ဖူးပေ။

နတ်ဆိုးနဂါး၏ မှတ်ဉာဏ်ဖြင့် ဖုန်းဝူချန်သည် အခြားသူများအပေါ် မှီခိုရန်မလိုအပ်ဘဲ သူကိုယ်တိုင်အပေါ်တွင်သာ မှီခိုရန် လိုအပ်သည်။

မူယွင်ထျန်း၏ ဘေးမှ လူငယ်မှာမူ အလွန်မကျေမနပ်ဖြစ်နေပုံရသော်လည်း များများစားစား မပြောရဲပေ။ သူသည် သူ၏အဘိုးကို အတော်လေး ကြောက်ရွံ့နေသေးသည်။

မူယွင်ထျန်းက အခြားတစ်ခုခု ပြောချင်နေစဉ်မှာပင် သူ၏အိုမင်းသော မျက်နှာမှာ ရုတ်တရက်ပြောင်းလဲသွားပြီး အလွန်အမင်းနာကျင်စွာဖြင့် ရှုံ့မဲ့သွားကာ သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်လာသည်။

ပိုင်မင်နှင့် လူငယ်၏ မျက်နှာများမှာ ထိတ်လန့်မှုဖြင့် ဖြူဖျော့သွားကြသည်။

"ဂိုဏ်းချုပ်ဟောင်းရဲ့ မီးအဆိပ်က ထကြွလာပြီ"

ပိုင်မင်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏သိုလှောင်လက်စွပ်မှ ဆေးလုံးတစ်လုံးကို အလျင်အမြန်ထုတ်ယူကာ မူယွင်ထျန်းကို တိုက်ကျွေးလိုက်သည်။

"ယင်ဟန်ဆေးလုံးတဲ့လား"

ဖုန်းဝူချန်က အနည်းငယ်အံ့ဩစွာ ဆိုလိုက်သည်။

"မင်းက ယင်ဟန်ဆေးလုံးအကြောင်း သိတယ်ပေါ့"

လူငယ်က အံ့ဩစွာမေးရင်း ဖုန်းဝူချန်ထံသို့ လှမ်းကြည့်လိုက်သည်။

ယင်ဟန်ဆေးလုံးသည် စတုတ္ထအဆင့် ဆေးလုံးဖြစ်ပြီး ဖုန်းဝူချန်မှာ အဆင့်တစ် ဆေးပညာရှင်တစ်ဦးမျှသာဖြစ်ရာ ယင်ဟန်ဆေးလုံးအကြောင်းကို သူဘယ်လိုလုပ် သိနိုင်မည်နည်း။ ဤအချက်က လူငယ်ကို အလွန်အံ့အားသင့်စေခဲ့သည်။

"ယင်ဟန်ဆေးလုံးက အလွန်အေးစက်တဲ့ ပစ္စည်းတစ်ခုပဲ...။ မီးအဆိပ်ကို နှိမ်နင်းနိုင်တာတော့ မှန်တယ်...။ ဒါပေမဲ့ နှင်ထုတ်နိုင်စွမ်းတော့မရှိဘူး...။ ဒါ့အပြင် ခန္ဓာကိုယ်ထဲမှာ အအေးဓာတ်အဆိပ်ကို ဖြစ်ပေါ်စေလိမ့်မယ်...။ စီနီယာရဲ့ နက်ရှိုင်းတဲ့ ကျင့်ကြံမှုနဲ့ အအေးဓာတ်အဆိပ်ကို မနှိမ်နင်းထားဘူးဆိုရင် အခု အချိန်လောက်ဆို အသက်ဆုံးရှုံးနေလောက်ပြီ"

ဖုန်းဝူချန်က တည်ငြိမ်စွာဆိုပြီးနောက် မူယွင်ထျန်း၏ ဘေးသို့ လျှောက်သွားသည်။

"ဆေးပညာ ပါရမီရှင် တစ်ယောက် ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်လေ...။ ယင်ဟန်ဆေးလုံးအပေါ် မင်းရဲ့နားလည်မှုက စေ့စပ်သေချာပြီး မင်းရဲ့ဆေးပညာကျမ်း ကျွမ်းကျင်မှုကလည်း မနည်းဘူးပဲ"

မူယွင်ထျန်းက အားနည်းစွာ ရယ်မောလိုက်ပြီး သူ၏မျက်နှာမှာ အလွန်ဖြူဖျော့နေကာ မီးအဆိပ်၏ နာကျင်သော ညှဉ်းပန်းမှုကို ရှင်းလင်းစွာ ပြသနေသည်။

"စီနီယာ စကားမပြောတာက ပိုကောင်းပါလိမ့်မယ်"

ဖုန်းဝူချန်က ညင်သာစွာ ပြုံးလိုက်ပြီး မူယွင်ထျန်း၏ အစောပိုင်းက ကြင်နာမှုအတွက် ကျေးဇူးဆပ်သည့်အနေဖြင့် လက်တစ်ဖက်ကူညီရန် ဆုံးဖြတ်လိုက်သည်။

[“လက်တစ်ဖက် ကူညီတယ်"- တရုတ်လို 助一臂之力 (zhù yī bì zhī lì) လို့ခေါ်ပြီး "လက်တစ်ဖက်ရဲ့ အင်အားနဲ့ ကူညီထောက်ပံ့ခြင်း" ကို ဆိုလိုပါတယ်။ ဆိုလိုတာကတော့ ကိုယ့်ရဲ့ အင်အား၊ စွမ်းပကားတစ်စိတ်တစ်ပိုင်းကို အသုံးပြုပြီး တစ်ပါးသူကို ကူညီမစခြင်း ဖြစ်ပါတယ်။]

လျင်မြန်သော လှုပ်ရှားမှုများဖြင့် ဖုန်းဝူချန်သည် မူယွင်ထျန်း၏ ကျောနောက်တွင် ရှုပ်ထွေးပြီး နက်နဲခြင်း လက်ဟန်များကို ချောမွေ့ပြီး တုံ့ဆိုင်းခြင်း မရှိ ဖန်တီးလိုက်လေ၏။

ပိုင်မင်နှင့် လူငယ်မှာ နားမလည်စွာ ကြည့်နေကြပြီး ဖုန်းဝူချန် ဘာလုပ်နေသည်ကို နားမလည်ကြပေ။

"ဒါ..."

မူယွင်ထျန်း၏ မျက်နှာမှာ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားပြီး တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

မူယွင်ထျန်းသည် သူ၏ခန္ဓာကိုယ်ထဲမှ မီးအဆိပ်များ ချက်ချင်းနှိမ်နင်းခံလိုက်ရပြီး သူ၏လက်မောင်းများရှိ သွေးကြောများတစ်လျှောက် ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ အနက်ရောင် အမျှင်တန်းများသည် သူ၏လက်မောင်းများပေါ်တွင် ပေါ်လာပြီး နောက်ဆုံးတွင် အနက်ရောင် အငွေ့များအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။

မူယွင်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အနက်ရောင် အငွေ့များ ထွက်ပေါ်လာပြီး ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းလှရာ ပိုင်မင်နှင့် အခြားတစ်ယောက်မှာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။

ပိုင်မင်နှင့် လူငယ်မှာ စကားလုံးများပင် မထွက်နိုင်အောင် မှင်သက်သွားကြသည်။

"ဒါက... မီးအဆိပ်ပဲ"

မူယွင်ထျန်းမှာ အလွန်အမင်း အံ့အားသင့်သွားပြီး ပျောက်ကွယ်သွားသော အနက်ရောင် အငွေ့များကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ မီးအဆိပ်များမှာ သူ၏ခန္ဓာကိုယ်မှ အလွန်လွယ်ကူစွာ ထုတ်နှုတ်ခံလိုက်ရသည်။

မူယွင်ထျန်း ပို၍မယုံကြည်နိုင်ဖြစ်မိသည်မှာ ဖုန်းဝူချန်က သူ့ကျောကို အနည်းငယ်ဖိနှိပ်ရုံမျှဖြင့် ဤသို့ကြောက်မက်ဖွယ် အာနိသင်ကို ရရှိခဲ့ခြင်းပင်။

"အံ့ဩစရာပဲ"

မူယွင်ထျန်းမှာ အလွန်အမင်း တုန်လှုပ်သွားပြီး မီးအဆိပ်ကို ထပ်မံထုတ်နှုတ်ရန် သူ၏အစစ်အမှန်ယွမ်ကို ချက်ချင်း စီးဆင်းစေလိုက်သည်။

ခဏလေးအတွင်းမှာပင် မူယွင်ထျန်းသည် သူ၏ခန္ဓာကိုယ်တွင် နှစ်ပေါင်းများစွာ စုပုံနေခဲ့သော မီးအဆိပ်များ အများအပြား ထုတ်နှုတ်ခံလိုက်ရသဖြင့် ဆယ်နှစ်ခန့် ငယ်ရွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"မယုံနိုင်စရာပဲ"

မူယွင်ထျန်းက မိန်း‌မော တွေဝေနေသော အမူအရာဖြင့် ဆိုလိုက်ပြီး ဒါက သူ၏ဘဝတွင် မြင်တွေ့ခဲ့ရသမျှ အံ့ဖွယ်အကောင်းဆုံး အရာ ဖြစ်သကဲ့သို့ ရှိနေသည်။

All Chapters