လမ်ချမ်ချမ့်
Vol. 1 Ch. 30
သိုင်းခန်းမမှ ကြေငြာချက် ထွက်လာပြီးနောက် ဂိုဏ်းကြီးငါးခုမှ အထက်တန်းလွှာ သားသမီးတို့သည် ပုံမှန်အားဖြင့် အာရုံစိုက် လာကြသည်။ သို့သော် ဝိညာဉ်သားရဲ သင်တန်းကျောင်းနှင့် အနောက်ဘက် မြို့စောင့်တပ်၏ လူသစ် လက်ခံခြင်းတို့ကြောင့် ကောင်းကင် တောင်ပံမြို့ရှိ ထူးချွန်သူ ဆယ်ပုံ ကိုးပုံခန့်တို့သည် တံခါးပိတ် ကျင့်ကြံနေကြသည်။ သိုင်းခန်းမမှ ကြေငြာချက်ထုတ်ပြန်ချိန်သည် လမ်ဂိုဏ်းမှ သခင်မလေး လမ်ချမ်ချမ့်၏ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာချိန်နှင့် တိုက်ဆိုင်သွားခဲ့သည်။ သူမသည် ကောလဟာလများကြားပြီး စုံစမ်း မေးမြန်းမှုများ လုပ်ရန် သိုင်းလေ့ကျင့်ခန်းရှိ ကြီးကြပ်သူယန်ရှိရာ လာခဲ့သည်။ သို့သော် အထီးကျန် ဝံပုလွေသည် တံခါးပိတ် ကျင့်ကြံနေသောကြောင့် ငါးရက်ကြာပြီးမှသာ သူနှင့်လေ့ကျင့်နိုင်မည် ဖြစ်ကြောင်း သူမကြားခဲ့ရသည်။
ရီမိသားစုမှ လူများသည် သူတို့၏ စကားကို တည်ကာ ကျန်းရီ၏ စွမ်းရည်အကြောင်း စကားတစ်ခွန်းမှ မဟခဲ့ကြပေ။ သို့သော် ကျန်းရီနှင့် လေ့ကျင့်ဖူးသော အခြားသခင်လေး၊ မမလေးများသည် ကျန်းရီ၏ အခြားသူများကို သဘာဝလွန် အဆင့် ရောက်အောင် ကူညီပေးနိုင်သော သတင်းကို ပြောဆိုနေခဲ့ကြသည်။ ကျန်းရီတံခါးပိတ် လေ့ကျင့်နေသည်ဟု သူတို့ ကြားသိရသည့်အခါ စိတ်ဝင်စားမှု လျော့ကျမသွားဘဲ ပို၍ပင် တိုးပွားလာခဲ့သည်။
ဂိုဏ်းသားပေါင်းစုံတို့သည် သူတို့၏ ဂိုဏ်းအသီးသီးကို တင်ပြသည့်အခါတွင်လည်း ဂိုဏ်း၏ အထက်လူကြီးများထံ ချက်ချင်း ရောက်ရှိသွားပေသည်။ သို့သော် သူတို့သည် ကျန်းရီ၏ စွမ်းရည်နှင့် ပတ်သက်သော မကောင်းသော တစ်စုံတစ်ရာ မလုပ်ရဲကြပေ။ ... မည်သူကများ သိုင်းခန်းမ၏ အဖွဲ့ဝင်တစ်ဦးကို ပြဿနာရှာရဲပါမည်နည်း။ ... ဂိုဏ်းပေါင်းစုံမှ အထက်လူကြီးများသည် သိုင်းခန်းမတွင် လေ့ကျင့်နေသော သူတို့၏ မျိုးဆက်လူငယ်များကိုပင် အမိန့်များပေးလိုက်သေးသည်။ သူတို့၏ သိုင်းပညာ ကျွမ်းကျင်မှု တိုးတက်လာမည်ဆိုလျှင် ကျန်းရီနှင့် လေ့ကျင့်ရန် ပိုက်ဆံကုန်မည်ကို စိုးရိမ်နေစရာ မလိုဟုပင် ... သူတို့၏ စွမ်းရည်များသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းနှင့် အနောက်ဘက်မြို့စောင့်တပ်၏ လူသစ်လက်ခံသော အခမ်းအနားမတိုင်မီ တိုးတက်လာရန်သာ အရေးကြီးသည် မဟုတ်ပါလော ...
သို့နှင့် ကျန်းရီသည် သိုင်းလေ့ကျင့်ဖက်များအကြားတွင် ရေပန်းအစားဆုံး ဖြစ်လာခဲ့သည်။ သူတံခါးပိတ်လေ့ကျင့်နေရာမှ ငါးရက်အကြာတွင် ထွက်လာမည်ကို စောင့်နေကြသော လူမှာ အယောက်နှစ်ဆယ် ကျော်နေလေသည်။ ကြီးကြပ်သူယန်သည်ကား ပြုံးပျော်နေခဲ့သည်။ သူသည် မကြာခင်တွင် စတင်တော့မည့် ဝိညာဉ်သားရဲသင်တန်းကျောင်းနှင့် အနောက်ဘက် မြို့စောင့်တပ်၏ လူသစ်လက်ခံခြင်း အခမ်းအနား အကြောင်းကို သိလေသည်။ ကျန်းရီ၏ ပေါ်ပေါက်လာမှုသည် သိုင်းခန်းမ၏ အကျိုးအမြတ်များကို များစွာ မြှင့်တင်ပေးလေရာ သူ၏ အဆင့်အတန်းသည်လည်း အရေးပါလာပေတော့မည်။
ကျန်းရီသည်ကား အပြင်ရှိ အခြေအနေများကို လုံးဝမသိချေ။ သို့သော် သူသိသွားလျင်လည်း သေချာပေါက်ကို သေချင်စိတ်ပေါက်သွားပေလိမ့်မည်။ လက်ရှိအချိန်တွင် သူသည် သူ၏ အခန်းငယ်လေးထဲတွင် တံခါးပိတ်၍ သိုင်းပညာရပ်များကို နားလည်ရန် ကြိုးစား လေ့ကျင့်နေခဲ့သည်။ သူသည် ငါးရက်အတွင်းတွင် အစွန်းရောက် အာကာသ ခြေလှမ်းနှင့် ဗုဒ္ဓလက်ဝါးတို့ သဘာဝလွန် အဆင့်သို့ မရောက်နိုင်လျှင်တောင် ကနဦး အဆင့်နှင့် ကျွမ်းကျင်သော အဆင့်သို့ အသာလေး ရောက်နိုင်ပေသည်။
ကြီးကြပ်သူပိုင်သည် ကျန်းရီကို ကျင့်စဉ်များအား သူ့အခန်းသို့ ယူဆောင်ခွင့် ပြုလိုက်သည်။ ကျန်းရီသည် နှစ်ရက် အတွင်းတွင် အစွန်းရောက် အာကာသ ခြေလှမ်းနှင့် ဗုဒ္ဓလက်ဝါး နှစ်ခုလုံးအား ကနဦး အဆင့်သို့ ရောက်အောင် လေ့ကျင့်နိုင်ခဲ့သည်။ အတွင်းအား ပေါက်ကွဲလက်ဝါးကို မူကား သူ့တွင် လေ့ကျင့်ရန်အချိန် အလုံအလောက် မရပေ ... သူသာ လေ့ကျင့်လျှင်လည်း ၎င်းသည် သူ၏ လေ့ကျင့်တိုက်ပွဲများအတွင်း အသုံးမဝင်ပေ ... သူအကောင်းဆုံး လုပ်နိုင်သည်မှာ ကျင့်စဉ်တွင် ပါဝင်သော အကြောင်းအရာများကို အလွတ်မှတ်ထားရန်သာ ဖြစ်သည်။
သို့သော် သူ့ကို စိတ်ဓာတ်ကျစေသည်ကား အတွင်းအားပေါက်ကွဲလက်ဝါး ကျင့်စဉ်၏ အတွင်းမှ စာရွက်နှစ်ရွက်သည် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ထို့ပြင် အခြားစာရွက်၏ တစ်ပိုင်းသည်လည်း စုတ်ပြဲနေခဲ့သည်။ သူသည် ကျင့်စဉ်၏ အဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်ထားပြီ ဖြစ်သည်။ သို့သော် ပျောက်နေသော အပိုင်းများသည် ပို၍ အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ကြသည်။ ထိုစာရွက်ပိုင်းများတွင် အတွင်းအားကို ထိန်းချုပ်နည်းများ ပါဝင်နေသည်။ လူပေါင်း ဒါဇင်အနည်းငယ်လောက်က ဒါကို လေ့ကျင့်ဖို့ ကြိုးစားပြီး မအောင်မြင်တာ အံ့သြစရာ မရှိတော့ပါဘူး။
ငါးရက်ကြာပြီးနောက် ကျန်းရီသည် ပုံမှန်အတိုင်း ပေါ်ထွက်လာခဲ့သည်။ သူသည် အရည်အသွေး မကောင်းသော အနက်ရောင် ခြုံထည်ကို ဝတ်ဆင်ထားပြီး အန္တရာယ် အငွေ့အသက်များ ထွက်ပေါ်နေသော ဝံပုလွေ မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ သူ၏ ပုံပန်းသွင်ပြင်သည်ကား လက်သီးတစ်ချက်နှင့်ပင် လွင့်ထွက်သွားတော့မည့် ဟန်ရှိနေပြီး ကျင့်ကြံဆင့်သည်လည်း သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်တွင်သာ ရှိသေးသည်။ သတင်းပေါင်းစုံကို ကြားထားသော လမ်ချမ်ချမ့်သည် ကျန်းရီကို မြင်သောအခါ အတော်လေး စိတ်ပျက်သွားရသည်။
'လမ်ချမ်ချမ့်' ဟူသော အမည်သည် ချစ်ဖို့ ကောင်းသည့်ပုံ ပေါ်သည်။ သို့သော် သူမ၏ ပုံပန်း သွင်ပြင်သည်ကား ကြမ်းတမ်းပြီး ပေါက်ကွဲလွယ်သည့်ပုံ ရှိလေသည်။ သူမသည် ကျန်းရီထက် အရပ်ပိုရှည်၊ လူလည်း ပိုထွားကာ ပို၍ သန်မာသည့်ပုံ ပေါ်လေသည်။ သူမသည် သာမန် အနက်ရောင် ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို သပ်ရပ်စွာ ပြင်ဆင်ထားလေသည်။ သူမ၏ ပခုံးထက်ရှိ ရွှေရောင် တစ်ဖက်သွား ဓားရှည်သည်ကား သူမကို ဂိုဏ်းကြီးတစ်ခုမှ သခင်မလေး တစ်ယောက်ဟု မထင်ရစေပဲ ... အကြောက်အလန့် မရှိသော လူဆိုးတစ်ယောက်နှယ် ထင်ရစေသည်။
"တန်းစီနေတဲ့ သူတွေထဲမှာ ဘယ်သူက အရင်ဆုံးလဲ။ ... ဒီအမကြီးနဲ့ အရင်စလိုက်တာပေါ့"
သူမသည် ရှေ့သို့ ခြေလှမ်းကြဲကြီးများနှင့် လျှောက်လာကာ ကြည်လင်ပြတ်သားသော အသံတစ်ခုကို ထုတ်လွှင့်လိုက်သည်။ သူမရှေ့ရှိ သခင်လေးသည် သူမကို မြင်သောအခါ နောက်ဆုတ်၍ သူမအတွက် နေရာဖယ်ပေးလေသည်။ ကောင်းကင်တောင်ပံမြို့တွင် ကျော်ကြားသော သခင်မလေး နှစ်ယောက်ရှိလေသည်။ တစ်ယောက်မှာ နတ်ဘုရားမ တစ်ပါးကဲ့သို့ လှပ၍ ဉာဏ်ပညာ ကြီးမားသော ကျီထင်ယွီ ဖြစ်ပြီး အခြားတစ်ယောက်မှာ မိသားစုတွင်းရှိ ယောက်ျားသားများထက် ပို၍ရဲရင့်သော လမ်ဂိုဏ်းမှ သခင်မလေး လမ်ချမ်ချမ့်ပင် ဖြစ်သည်။
ဤသခင်မလေးသည် ကောင်းကင်တောင်ပံမြို့၏ ထူးချွန်သူများထဲတွင် ကျီထင်ယွီပြီးလျှင် ဒုတိယလိုက်သူ ဖြစ်သည်။ သူမသည် ဒေါသကြီးသော စရိုက်ရှိပြီး တိုက်ခိုက်ရခြင်းကို နှစ်သက်သူလည်း ဖြစ်သည်။ ကောင်းကင်တောင်ပံမြို့တွင် သူမ၏ ရိုက်ခြင်း ခံရသော သခင်လေးများမှာ မြောက်များစွာ ရှိသည်။
"ကျွန်တော်ပါ ... မိန်းကလေးလမ် ... မိန်းကလေး ကျွန်တော့်နေရာကို လိုချင်တယ်ဆိုရင် ယူလိုက်ပါ"
လျှိုဂိုဏ်းသား တစ်ယောက်သည် လမ်ချမ်ချမ့်ကို မြင်လိုက်သည်နှင့် သူ့နေရာကို လိုလိုလားလား ပေးလာခဲ့သည်။
လမ်ချမ်ချမ့်သည် စိတ်ကျေနပ်မှု အပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ကျန်းရီကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် သူမ၏ တစ်ဖက်သွား ဓားရှည်ကို သုံးကာ ကျန်းရီကို ညွှန်ပြလိုက်သည် ...
"အထီးကျန်ဝံပုလွေ ... ဒီအမကြီးနဲ့ လာပြီး တိုက်ခိုက်စမ်းပါ ... ရှင့်ရဲ့ ဘယ်အရည်အချင်းက ခရမ်းရောင်ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် ဖြစ်လာစေလဲ ဆိုတာ ကျွန်မ သိချင်နေတာ ...”
ကျန်းရီ၏ မျက်လုံးများသည် ထက်ရှသွားခဲ့ပြီး ကြီးကြပ်သူယန်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ဒီဒေါသကြီးနေသော မမလေး အကြောင်းကို မေးနေစရာပင် မလိုဘဲ သူမ၏ အရှိန်အဝါကို ကြည့်၍ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်ထက် မနိမ့်ကြောင်း သိလိုက်သည်။ လူတိုင်းသည် သူမကို လေးစားကြောက်ရွံ့သလို ကြည့်နေသည်ကို မြင်ရလျှင် သူမသည် သေချာပေါက် အထူးချွန်ဆုံးသူ ဆယ်ယောက်မှ တစ်ယောက် ဖြစ်ရပေမည်။ သူမ၏ ပခုံးထက်တွင် တစ်ဖက်သွား ဓားရှည်ကြီး တစ်ချောင်းတောင် ရှိလိုက်သေးသည်။ သူမသည် ထိုဓားနှင့် သူ့ကိုယ်ကို နှစ်ပိုင်းတော့ မခွဲလောက်ပါဘူး ... ဟုတ်တယ်မလား။
ကြီးကြပ်သူယန်သည် မည်သည့်အမူအရာမှ မပြဘဲ လမ်ချမ်ချမ့်ဆီ လျောက်သွားလိုက်ပြီး စကားအနည်းငယ် ပြောလိုက်သည်။ သူမသည် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ တိုက်ပွဲဝင် ရွှေရောင် တစ်ဖက်သွား ဓားရှည်ကို ကြီးကြပ်သူယန်ထံ ကမ်းပေးလိုက်သည်။ ထို့နောက် သူမသည် သိုင်းလေ့ကျင့်ခန်းရှိရာ တစ်ဦးတည်း ဝင်သွားခဲ့သည်။
ကြီးကြပ်သူယန်သည် ကျန်းရီဆီ လျှောက်လာပြီး တိုးတိုးကပ်ပြောလာခဲ့သည် ...
"ဝင်သွားတော့ ... အထီးကျန်ဝံပုလွေ ... မိန်းကလေးလမ်က သူ့အင်အားတွေကို လျှော့ထားပေးမယ်တဲ့ ... မစိုးရိမ်ပါနဲ့ ... သိုင်းခန်းမထဲမှာ ဘယ်သူမှ လူမသတ်ရဲပါဘူး"
ကျန်းရီသည် အံကြိတ်ကာ သိုင်းလေ့ကျင့်ခန်းဆီ ဝင်သွားလိုက်သည်။ တံခါးများ ပိတ်သွားသည်နှင့် သူသည် ဒေါသကြီးသော မိန်းကလေးနှင့် ရင်ဆိုင်ရတော့သည် ... ဝေးဝေးက ရှောင်ရမယ်
ကျန်းရီသည် လမ်ချမ်ချမ့်ကို ကြောက်လန့်တကြား ကြည့်လိုက်ပြီး အခန်းတံခါးကို ဖွင့်၍ ထွက်သွားချင်စိတ်များ ပေါ်ပေါက်လာရသည်။ လမ်ချမ်ချမ့်သည် သူမ၏ ဝတ်ရုံကို ဖယ်ရှားနေသည်။ ဒီမမလေးက သူမကိုယ်သူမ ကျန်းရီဆီ ထိုးကျွေးဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား။ ... လမ်ချမ်ချမ့်သည် ဝတ်ရုံကို ဖယ်လိုက်သည်နှင့် သူမ၏ တိုက်ပွဲဝင် ကိုယ်ကျပ် ဝတ်စုံသည် ပေါ်ထွက်လာခဲ့သည်။ သူမသည် သွေးပူလေ့ကျင့်ခန်း သဘောဖြင့် ကြွက်သားများကို ဆန့်ထုတ်လိုက်သည့်အခါ သူမ၏ ရင်ဘတ်များပင် လှုပ်ယမ်းသွားရသည်။ ကျန်းရီသည် မနေနိုင်တော့ဘဲ အကြည့်လွှဲလိုက်ရသည်။
သူမ၏ ဝတ်ရုံကို ဖယ်ရှားပြီးသည်နှင့် လမ်ချမ်ချမ့်သည် ကျန်းရီကို ထူးမခြားနားစွာ ကြည့်လာခဲ့သည် ...
"ရှင် အဲ့မှာ ဘာရပ်ကြည့်နေတာလဲ။ ... မြန်မြန် ရှင့်ဖင်ကို ရွှေ့လာပြီး တိုက်ခိုက်တော့လေ ... ကြီးကြပ်သူယန်ရဲ့ တောင်းဆိုမှုကြောင့် ရှင့်ကို ကျွန်မ အင်အား အစစ်အမှန်ရဲ့ တစ်ဝက်ပဲ သုံးပြီး တိုက်ခိုက်မှာ ... ဒါတောင်မှ ကျွန်မကို အနိုင်မတိုက်နိုင်ရင် ရှင့်ကို တွားသွားပြီး ထွက်သွားရအောင် လုပ်ပေးမယ် ... ကျွန်မရဲ့ ခရမ်းရောင်ရွှေ တစ်ရာတေးလ်ကို ဒီလောက် လွယ်လွယ်နဲ့ အဆုံးမခံနိုင်ဘူး''
ကျန်းရီသည် ဤမျှ ဒေါသကြီးသော မိန်းကလေးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူသည် အနက်ရောင် အတွင်းအားတစ်မျှင်ကို မျက်လုံးဆီ ပို့ဆောင်လိုက်ကာ လမ်ချမ်ချမ့်၏ လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် ကြည့်နေခဲ့လိုက်သည်။
လမ်ချမ်ချမ့်သည် ဒေါသကြီးသော ကျားတစ်ကောင်ကဲ့သို့ ခုန်လိုက်ပြီး ရှေ့သို့ တိုးဝင်လာခဲ့သည်။ သူမ၏ ဘယ်ဘက်လက်သီးသည် လေထုထဲတွင် ပုံရိပ်ထင်ကျန်သွားသည် အထိ ထူးဆန်းစွာ တိုးဝင်လာခဲ့သည်။
ကျန်းရီ၏ အမြင်အာရုံထဲတွင် မည်သည့်ထူးဆန်းမှုကိုမှ မတွေ့ရသော်လည်း သူသည် ဆွံ့အသွားခဲ့ရသည်။ သူသည် လေထုအလယ်တွင် တည်ငြိမ်နေသော လက်သီးသည် လှည့်စားမှု သက်သက်သာ ဖြစ်ပြီး လမ်ချမ်ချမ့်၏ တကယ့်လက်သီးအစစ်သည် သူ့ထံ တဖြေးဖြေး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
"အစွန်းရောက် အာကာသခြေလှမ်း"
သူ့ခြေထောက်သည် ထူးဆန်းသည် ဟန်အနေအထားနှင့် ဘေးဘက်သို့ ရွေ့လျားသွားခဲ့သည်။ သူ၏ အစွန်းရောက်အာကာသခြေလှမ်းသည် ကျွမ်းကျင်အဆင့်တွင်ပင် ရှိသော်လည်း ပုံရိပ်ယောင်ခြေလှမ်း၏ သဘာဝလွန်အဆင့်နှင့် အင်အား အတူတူလောက်ပင် ...
အစွန်းရောက်အာကာသခြေလှမ်း။
လမ်ချမ်ချမ့်သည် ကျန်းရီကို ထူးမခြားနားစွာပင် သရော်လိုက်သည်။ သူမသည် ကျန်းရီနှင့် အလားတူ အပြုအမူများကိုပင် သုံးကာ အသာအယာ ရှောင်တိမ်းသွားခဲ့သည်။ သူမသည် ကျန်းရီထက်ပင် အနည်းငယ် မြန်ဆန်နေခဲ့သည်။
ဒီမိန်းကလေးကလည်း ဒီပညာကို သိနေတယ် ...
ကျန်းရီသည် ဆွံ့အသွားရသည်။ လမ်ချမ်ချမ့်သည် သူ့ထက်အဆများစွာ အားကောင်းပေသည်။ သူမသည် အင်အားတစ်ဝက်သာ သုံးထားသော်လည်း သူ့ကို ဖိနှိပ်နိုင်နေသည်။ သူသာ အနက်ရောင် အတွင်းအားကို မသုံးလျှင် သူမလက်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ ...
ဗုဒ္ဓလက်ဝါး
ကျန်းရီသည် လမ်ချမ်ချမ့်၏ နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို နောက်ဆုတ်လိုက်ပြီး ရှောင်တိမ်းလိုက်သည်။ သူသည် လေထုအလယ်တွင်ပင် စက်ဝိုင်းခြမ်းပုံစံတစ်ခုကို လက်သင်္ကေတဖြင့် ဆွဲလိုက်သည်။ လမ်ချမ်ချမ့်၏ လက်သီးသည် စက်ဝိုင်းပုံ အတွင်းကျရောက်သွားခဲ့သည်။
"ဘန်း"
ကျယ်လောင်သော အသံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ၏ လက်ဝါးသည် ဘေးဘက်သို့ လွင့်သွားခဲ့ပြီး လူသည်လည်း ခြေလှမ်း ခုနှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။ သို့သော် သူသည် အကောင်းအတိုင်း ရှိနေဆဲပင် ...
လမ်ချမ်ချမ့်သည်လည်း ဆွံ့အနေခဲ့သည်။ သူမ၏ လက်သီးသည် ရေကို ထိတွေ့လိုက်ရသကဲ့သို့ပင် ... ၎င်းသည် သူမကို သွေးအန်ချင်စိတ် ပေါက်သွားသည်အထိ ဒေါသ ထွက်စေသည်။ မကြာခင်တွင် သူမသည် ဒေါသတကြီး အော်ဟစ်လာသည် ...
"အမာကို ခုခံဖို့ အပျော့ကို သုံးတယ်။ ... လျှိုဂိုဏ်းကလို အပျော့စား ပညာရပ်ပဲ ... ကျွန်မရဲ့ လက်သီး ဘယ်နှစ်ချက်ကို ရှင်ခံနိုင်မလဲဆိုတာ ဒီအမကြီးက ကြည့်ချင်လိုက်တာ''
စကားဆုံးသည်နှင့် လမ်ချမ်ချမ့်သည် ကျန်းရီဆီ ပြေးဝင်လာခဲ့သည်။ ကျန်းရီသည် နောက်ကို အလျင်အမြန် ဆုတ်လိုက်ရသည်။ သူ့ရင်ထဲတွင် ခြောက်ခြားနေဆဲဖြစ်သည်။ သူသည် ငါးရက်ကြာ လေ့ကျင့်ပြီးနောက် ဗုဒ္ဓလက်ဝါးသည် ကနဦးအဆင့်တွင်သာ ရှိသေးသည်။ ပထမတိုက်ခိုက်မှုသည် သူ့ကို မည်သို့မှ သက်ရောက်မှု မရှိသော်လည်း သူ၏ ဟူခို့နေရာ(လက်ခုံ ပေါ်မှ ကြည့်လျှင် လက်မနှင့် လက်ညှိုးကြားရှိ အချိုင့်နေရာ)သည် နာကျင်နေခဲ့သည်။
ဗုဒ္ဓလက်ဝါး
ကျန်းရီသည် ဤသို့ ပြိုင်ဘက်မျိုးကို တွေ့မှတော့ သည်းခံနေရုံအပြင် ဘာများ လုပ်နိုင်မည်နည်း။..သူမသည် ကြီးမသော အင်အားနှင့် လမ်ဂိုဏ်းမှ သခင်မလေး ဖြစ်သည်။ ကျန်းရီသည် သူမမှာ ထူးချွန်ဆုံးသူ ဆယ်ယောက်ထဲမှ တစ်ယောက်ဟု ထင်နေ၍သာ ကျန်းဂိုဏ်းမှ သိုင်းပညာများကို ထုတ်မသုံးရဲခြင်း ဖြစ်သည်။
"ဘန်း"
လမ်ချမ်ချမ့်သည် သူမကို ရှောင်တိမ်းနေသော ကျန်းရီကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။ ငါးမိနစ်အတွင်းတွင် သူသည် လမ်ချမ်ချမ့်ထံမှ လက်သီး အလုံးတစ်ရာလောက်ကို လက်ခံရရှိပြီး ဖြစ်သည်။ သူ၏ လက်များသည် အဆစ်လွဲကာ တုန်ခါနေခဲ့ပြီ ဖြစ်သည်။ လမ်ချမ်ချမ့်သည် လက်သီးများကို မရပ်မနား ပစ်သွင်းရခြင်းကို အတော်လေး နှစ်ခြိုက်ဟန် တူသည်။
ကျန်းရီသည် အသက်ကိုပြင်းပြင်းရှူ နေခဲ့ရသည်။ သူ့မျက်လုံးများသည် သူတော်တော် နာကျင်နေပြီ ဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။ သူသည် လေထုကို ဖြိုခွင်း၍ သူ့ထံဝင်ရောက်လာသော နောက်ထပ် လက်သီးတစ်လုံးကို မြင်လိုက်လျှင် သူ့လက်များ ကျိုးသွားတော့မည်ဖြစ်ကြောင်း သူသိလိုက်သည်။ သူသာ မခုခံနိုင်လျှင် သူသည် သေချာပေါက် တွားသွား၍ ထွက်ရပေမည်။
အနက်ရောင်အတွင်းအား
သူသည် အနက်ရောင်အတွင်းအားကို လက်ဝါးဆီ ပို့ဆောင်လိုက်ပြီး ပြိုင်ဘက်၏ လက်သီးရောက်အလာကို စောင့်နေလိုက်သည်။ သူ့လက်များသည် လက်သီးကျရောက်မည့် လမ်းကြောင်းတွင် စက်ဝိုင်းပုံ ဆွဲလိုက်ပြီး ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။
"ဘန်း"
မျှော်လင့်ထားသလိုပင် ကျန်းရီသည် ခြေဆယ့်နှစ်လှမ်းခန့် ဆုတ်လိုက်ရလေသည်။ လမ်ချမ်ချမ့်၏ ရှည်လျား ကြံ့ခိုင်သော ခန္ဓာကိုယ်သည်လည်း ခြေလှမ်း ရှစ်လှမ်းခန့် ဆုတ်လိုက်ရလေသည်။
"ဟမ်”
သူမ၏ မျက်လုံးရွဲကြီးများသည် အံ့အားသင့်သွားသည့် ပုံပေါ်နေခဲ့သည်။ သူမသည် ရှက်ရွံ့မှုကြောင့် ကျန်းရီထံ ဒေါသတကြီး ပြေးလာခဲ့သည်။ ပြေးလာစဉ်တွင် သူမ၏ မျက်လုံးများသည် အလင်းတစ်ချက် လက်သွားပြီး ရပ်တန့်လိုက်သည်။ သူမသည် ရပ်တန့်လိုက်ပြီး တီးတိုးရေရွတ် စကားဆိုနေခဲ့သည်။ ခဏကြာပြီးနောက် သူမသည် မျက်လုံးများကို မှိတ်လိုက်လေသည်။
"အွတ်ရှ်"
ကျန်းရီသည် သူ၏ ယောင်ကိုင်းနေသော လက်ဝါးများကို လေဖြင့် တဖူးဖူးမှုတ်၍ နှိပ်နယ်နေခဲ့သည်။ သူသည် သူ၏ ဗုဒ္ဓလက်ဝါးကိုလည်း အတော်လေး ကျေနပ်နေခဲ့သည်။ ၎င်းသည် ကနဦးအဆင့်တွင်ပင် ရှိသေးသည် ... မိန်းကလေးလမ်၏ တိုက်ခိုက်မှုကို ခုခံနိုင်ပေသည်။ သဘာဝလွန်အဆင့်သိူ့သာ ရောက်ရှိသွားပါလျှင် သူသည် သူမကို အသာအယာ ခုခံနိုင်ပေလိမ့်မည်။
ဗုဒ္ဓလက်ဝါးသည် အားပြင်းသော တိုက်ခိုက်မှုကို ခုခံရန် တွန်းကန်အားဖြစ်ပေါ်လာဖို့ ပျော့ပြောင်းမှု အပေါ်အခြေခံ အသုံးပြုရသည်။ ပြိုင်ဘက်၏ တိုက်ခိုက်အား ကောင်းလေလေ သက်ရောက်မှုအား ပြင်းလေလေ ဖြစ်သည်။
"ဟား..ဟား..ဟား"
ကျန်းရီသည် သူ့ဟာသူ ရေရွတ်နေစဉ်မှာပင် ဆန့်ကျင်ဘက်တွင် ရပ်နေသော လမ်ချမ်ချမ့်သည် မျက်လုံးများ ဖွင့်ကာ အားရပါးရ ရယ်မောလိုက်လေသည်။
သူမသည် ရယ်မောပြီးသည်နှင့် အားပြင်းသော လက်သတစ်လုံးကို ကျန်းရီထံ ပစ်သွင်းလိုက်လေသည်။ လက်သီးသည် လေထုအလယ်တွင် ဆယ့်နှစ်ပေခန့် ဝေးနေသေးသည်။ သို့သော် ကျန်းရီသည် တုန်လှုပ်သည်အထိ ကြောက်ရွံ့သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လက်သီးသည် သူ့လည်ပင်းကို ကျိုးသွားစေနိုင်သော အရှိန်ဖြင့် တိုးဝင်လာသောကြောင့်ပင် ... ထို့ပြင် ဤတစ်ကြိမ်သည် ယခင်တိုက်ခိုက်မှုများထက် နှစ်ဆခန့် မြန်ဆန်နေခဲ့သည်။ သခင်မလေးလမ်၏ သိုင်းပညာသည် သိသိသာသာ တိုးတက်သွားကြောင်း ထင်ရှားနေလေသည်။
ကျန်းရီ၏ လက်များသည် ထိခိုက်ထားပြီး ဖြစ်သည်။ ထိုမျှလောက် အရှိန်နှင့် လက်သီးကို ခုခံရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် အော်လိုက်ရန်သာ တတ်နိုင်ခဲ့လေသည် ...
"နေပါဦး ... မိန်းကလေးလမ်"
"ဗုန်း"
သူ့ကို တုံ့ပြန်လာသည်ကား သူ့ခန္ဓာကိုယ် လွင့်ထွက်သွားစေသည် အထိ ရင်ဘတ်ပေါ် ကျရောက်လာသော အားပြင်းသည့် လက်သီးတစ်ချက်ပင် ...
*****