ထျန်းတု လေလံရုံ
Vol. 3 Ch. 40
~"ညီလေးဝူချန်..။ ဒီအဘိုးကြီးကို ပြောပြလို့ ရမလား...။ ဒါက ဘယ်လို နတ်ဘုရားနည်းစနစ်မျိုးလဲ...။ မင်းက မီးအဆိပ်ကို ဒီလောက်လွယ်လွယ်ကူကူ ဖယ်ရှားနိုင်ရုံတင်မကဘူး...။ ကျုပ် ဖိနှိပ်ထားရတဲ့ အအေးဓာတ်အဆိပ်တွေတောင် အများကြီး လျော့ကျသွားတယ်"
မူထျန်းယွင်က သူ၏ခေါ်ဝေါ်ပုံကိုပင် ပြောင်းလဲကာ အလျင်အမြန် စုံစမ်းမေးမြန်းလိုက်သည်။
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"စီနီယာ .. ဒါက ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ပါ"
အမှန်တကယ်တွင် သူပိုင်ဆိုင်သော နတ်ဘုရားနည်းစနစ်မှာ အဘယ်အရာဖြစ်သည်ကို သူကိုယ်တိုင်ပင် မသိပေ။
နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များထဲတွင် ဤနတ်ဘုရားနည်းစနစ်၌ အမည် မရှိခဲ့ပေ။
"ဂိုဏ်းချုပ်ဟောင်း...အဆင်ပြေရဲ့လားဗျ"
ပိုင်မင်က မှင်သက်ကြောင်ငေးနေရင်း မေးလိုက်သည်။
"မီးအဆိပ်နဲ့ အအေးဓာတ်အဆိပ်တွေ နှစ်ခုလုံး အတော်များများ ပျောက်သွားပြီ...။ တကယ်ပဲ အံ့ဩစရာပဲ"
မူထျန်းယွင်မှာ သူ့ကိုယ်သူ အိပ်မက်မက်နေသကဲ့သို့ ခံစားရကာ ဆက်လက်တုန်လှုပ်နေဆဲဖြစ်သည်။
"စီနီယာ..။ ဆေးပညာရှင်တစ်ယောက်အနေနဲ့ နှစ်တွေအကြာကြီး ဆေးပညာလေ့ကျင့်လာတော့ မလွဲမသွေ မီးအဆိပ်တွေ စုပုံလာမှာပဲ...။ အထူးသဖြင့် ရှုပ်ထွေးတဲ့ ဆေးလုံးတချို့ကို ဖော်စပ်တဲ့အခါ မီးအဆိပ်တွေ ထုတ်လုပ်တတ်တယ်...။ နောက်ပိုင်း ဆေးပညာလေ့ကျင့်တဲ့အခါ သတိထားပါ...။ ပြီးတော့ ခင်ဗျား မကျွမ်းကျင်တဲ့ စတုတ္ထ အဆင့် ဆေးလုံးတွေကို နည်းနည်းလျှော့ဖော်စပ်ပါ...။ အဖိုးတန်ဆေးဘက်ဝင် ပစ္စည်းတော်တော်များများကိုက အစွမ်းထက်တဲ့ အဆိပ်တွေပါပဲ..."
ဖုန်းဝူချန်က တည်ငြိမ်စွာ အကြံပေးလိုက်သည်။
...
မူထျန်းယွင်က ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။
"ညီလေးဝူချန်...။ ဒီအဘိုးကြီးရဲ့ ခန္ဓာကိုယ်ထဲက မီးအဆိပ်အားလုံးကို ဖယ်ရှားပေးလို့ ရမလား...။ ဒါတွေရှိနေတာက ကျုပ်ရဲ့ ဆေးပညာကို ပြင်းပြင်းထန်ထန် ထိခိုက်စေတာပါ...။ ဒါတွေ ရှိနေသရွေ့တော့ ပဉ္စမ အဆင့် ဆေးပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်မလားဆိုတာ မသေချာဘူး..."
ဤစကားကို ကြားသောအခါ ဖုန်းဝူချန်က အခက်တွေ့ကာ ဆိုသည်။
"စီနီယာ...။ မီးအဆိပ် ဖယ်ရှားရတာ မလွယ်ပါဘူး...။ ပြီးတော့ တစ်ရက်၊ နှစ်ရက်နဲ့လည်း လုံးဝ မပျောက်ကင်းနိုင်ဘူး...။ ဒါ့အပြင် ကျွန်တော့်မှာ အခု အချိန် မရှိပါဘူး..."
"ဖုန်းသခင်လေး...။ ခင်ဗျားသာ ကျွန်တော်တို့ ဂိုဏ်းချုပ်ဟောင်းရဲ့ မီးအဆိပ်ကို ဖယ်ရှားပေးနိုင်မယ်ဆိုရင် ခင်ဗျား
တောင်းဆိုသမျှကို ကျွန်တော်သဘောတူပါ့မယ်...။ ပြီးတော့ ရွှမ်းထျန်းဂိုဏ်းက ခင်ဗျားကို အစွမ်းထက်တဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ သိုင်းပညာတွေ ပေးနိုင်ပါတယ်"
ပိုင်မင်က ဖုန်းဝူချန်သည် မီးအဆိပ်ကို ကုသနိုင်သည်ကို မြင်သောအခါ စိတ်အားထက်သန်စွာ တောင်းပန်လိုက်သည်။
"ဖုန်း... အဲ... အစ်ကိုကြီးဖုန်း...။ ကျေးဇူးပြုပြီး ကျွန်တော့်အဘိုးကို ကယ်ပါ နော်...။ သူ့ရဲ့မီးအဆိပ်က မကြာခဏ ထကြွလာတတ်တယ် ၊ ကျွန်တော့်ကို ကြောက်နေရတာ..."
လူငယ်ကလည်း သူ၏ခေါ်ဝေါ်ပုံကို အစ်ကိုကြီးဖုန်းဟု တိုက်ရိုက် ပြောင်းလဲကာ အရေးတကြီး တောင်းပန်လိုက်သည်။
"ဒီလို လုပ်ပါလား.။ ကျွန်တော် စီနီယာအတွက် ဆေးညွှန်းတစ်စောင် ရေးပေးမယ်...။ ခင်ဗျားရဲ့ စတုတ္ထတန်း ဆေးပညာရှင်စွမ်းရည်နဲ့ဆိုရင် ဖော်စပ်ရတာ မခက်ခဲလောက်ပါဘူး...။ အချိန်ကြာကြာ သောက်သုံးရင် ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲက အအေးဓာတ်အဆိပ်ကို ရှင်းလင်းပေးနိုင်တယ်...။ ဒါပေမဲ့ လုံးဝပျောက်ကင်းအောင်တော့ မကုသနိုင်ဘူး...။ ဒါပေမဲ့ စီနီယာရဲ့ ဆေးပညာနဲ့ ကျင့်ကြံမှုကိုတော့ မထိခိုက်စေတော့ဘူး..."
ဖုန်းဝူချန်က စဉ်းစားပြီးနောက် နောက်ဆုံးတွင် ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ညီလေးဝူချန်"
မူထျန်းယွင်မှာ အတိုင်းမသိ ဝမ်းသာသွားပြီး ဖုန်းဝူချန်ကို လက်နှစ်ဖက် ဆုပ်ကာ ချက်ချင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
လုံးဝ မပျောက်ကင်းနိုင်လျှင်ပင် ဒါက မူထျန်းယွင်အတွက် အံ့ဖွယ်သတင်းတစ်ခု ဖြစ်နေပြီးဖြစ်သည်။
မူထျန်းယွင်သည် သူ၏ပါရမီကို တန်ဖိုးထားတတ်မှုအတွက် တိတ်တဆိတ် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ သို့မဟုတ်လျှင် သူသည် ဖုန်းဝူချန်ကို ဤနေရာသို့ ဖိတ်ခေါ်ခဲ့မည်မဟုတ်ပေ။ ဖုန်းဝူချန်မရှိဘဲ သူ၏မီးအဆိပ်မှာ ဘယ်တော့မှ ပျောက်ကင်းနိုင်မည်မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် ဖုန်းသခင်လေး"
ပိုင်မင်ကလည်း အလျင်အမြန် ကျေးဇူးတင်စကားဆိုလိုက်သည်။
မူထျန်းယွင်၏ မီးအဆိပ်ကိုသာ ဖယ်ရှားနိုင်မည်ဆိုလျှင် မူထျန်းယွင်သည် ပဉ္စမ အဆင့် ဆေးပညာရှင်အဆင့်သို့ ရောက်ရှိရန် အခွင့်အလမ်းရှိလာပြီး အနာဂတ်တွင် ရွှမ်းထျန်းဂိုဏ်းကို ပိုမို မြင့်မားလာအောင် ဦးဆောင်နိုင်ပေလိမ့်မည်။
ရွှမ်းထျန်းဂိုဏ်း၏ လက်ရှိအင်အားမှာ မူထျန်းယွင်ကြောင့်သာ လုံးဝဖြစ်သည်။
မူထျန်းယွင်မရှိလျှင် ရွှမ်းထျန်းဂိုဏ်းလည်း ရှိတော့မည်မဟုတ်။
ဖုန်းဝူချန်သည် ဆိုင်ဝန်ထမ်းကို မှင်နှင့် ဝါးချပ်များ ယူဆောင်လာခိုင်းပြီးနောက် အသေးစိတ်ဆေးညွှန်းတစ်စောင်ကို စာရင်းပြုစုကာ မူထျန်းယွင်ထံသို့ လွှဲပေးလိုက်သည်။
“စီနီယာ...။ ဒီဆေးဘက်ဝင်ပစ္စည်းတွေ အများစုက သာမန်တွေပါပဲ...။ အနည်းစုက ရှားပါးပေမဲ့ ခင်ဗျားဆီမှာ အားလုံးရှိနိုင်ပါတယ်..."
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။
"လီဟော်ဝိညာဉ်အရည်တဲ့လား"
မူထျန်းယွင်သည် ဆေးညွှန်းကို သေသေချာချာ ဖတ်ရှုရင်း အတွင်းစိတ်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ဆေးညွှန်းမှာ အလွန်အသေးစိတ်ကျ လေ၏။ ပါဝင်ပစ္စည်း တစ်ခုချင်းစီ၏ တိကျသော ပမာဏ၊ ဖော်စပ်ခြင်း လုပ်ငန်းစဉ်၏ အစီအစဉ်နှင့် အချိန်ကိုက်မှု၊ အဆင့်တိုင်းတွင် မီးတောက်ကို တိကျစွာ ထိန်းချုပ်ပုံအထိပင် ဖော်ပြထားသတည်း။
"ဆရာတစ်ဆူပါပဲ...။ ဖုန်းသခင်လေးက တကယ်ပဲ ဆရာတစ်ဆူပါ...။ ဒီသာမန်မြင်တွေ့နေကျ ပါဝင်ပစ္စည်းတွေက ပေါင်းစပ်လိုက်တဲ့အခါ မီးအဆိပ်ကို တကယ်ဖယ်ရှားနိုင်တယ်...။ ပြီးတော့ ဖုန်းသခင်လေးက ဒီကုန်ကြမ်းတွေဆီကနေ ဒီလောက် အစွမ်းထက်တဲ့ ဝိညာဉ်အရည်ကို ဖော်စပ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ..."
မူထျန်းယွင်က သူ၏ ခေါ်ဝေါ်ပုံကို နောက်တစ်ကြိမ် ပြောင်းလဲကာ ချီးကျူးလိုက်သည်။
"စီနီယာ... ဆေးညွှန်းကို မပေါက်ကြားစေဖို့ သတိရပါ...။ ခင်ဗျား အလွတ်ကျက်မှတ်ပြီးသွားရင် ချက်ချင်းမီးရှို့ပစ်လိုက်ပါ..."
ဖုန်းဝူချန်က လျစ်လျူရှုစွာ ဆိုလိုက်သည်။
"စိတ်ချပါ ဖုန်းသခင်လေး..။ ကျွန်တော်ဖော်ထုတ်မှာမဟုတ်ပါဘူး...။ ဖုန်းသခင်လေးရဲ့ ကျေးဇူးတရားကို ကျွန်တော့်နှလုံးသားထဲမှာ ထာဝရသိမ်းဆည်းထားပါ့မယ်"
မူထျန်းယွင်က စိတ်လှုပ်ရှားစွာဖြင့် ဖုန်းဝူချန်ကို လေးနက်စွာ ဦးညွှတ်လိုက်သည်။
ဤမြင်ကွင်းကိုသာ အခြားသူများ မြင်တွေ့ခဲ့မည်ဆိုလျှင် သူတို့ကို ထိတ်လန့်တကြား ဖြစ်စေမည်မှာ သေချာသည်။
ရွှမ်းထျန်းဂိုဏ်း၏ နံပါတ်တစ် ကျွမ်းကျင်သူနှင့် ယွင်ကျိုး၏
အတော်ဆုံး ဆေးပညာရှင်က လူငယ်တစ်ဦးကို ဦးညွှတ်နေသည်တဲ့လား။
မူထျန်းယွင်ကို စူးစိုက်ကြည့်ရင်း ဖုန်းဝူချန်က တည်ငြိမ်စွာဆိုသည်။
"စီနီယာ... ခင်ဗျားကျင့်ကြံနေတဲ့ ဆေးပညာဆုံးဖြတ်ကျမ်းက အားကောင်းပေမဲ့ မပြည့်စုံဘူး...။ အဲ့ဒါက ခင်ဗျားရဲ့ ဆေးပညာဘုံကို အကြီးအကျယ် အဟန့်အတားဖြစ်စေတယ်...။ ခင်ဗျားအတွက် ပြည့်စုံတဲ့ ဆေးပညာဆုံးဖြတ်ကျမ်းတစ်ခုကို ကျင့်ကြံတာက ပိုကောင်းလိမ့်မယ်ဗျ...။ ခင်ဗျားရဲ့ လက်ရှိကျမ်းလောက် မကောင်းရင်တောင် ပိုပြီးအကျိုးရှိလိမ့်မယ်..."
ခဏရပ်ပြီးနောက် ဖုန်းဝူချန်က ဆက်ပြောသည်။
"ကျွန်တော်မမှားဘူးဆိုရင် ခင်ဗျား ဆေးပညာ လေ့ကျင့်တဲ့အခါ မလုံလောက်ဘူးလို့ ခံစားနေရမှာပဲ...။ ခင်ဗျားရဲ့ ဝိဉာဉ်စွမ်းအင်က အားကောင်းလိုက် အားနည်းလိုက်နဲ့ လှုပ်ခတ်နေတယ်...။ တစ်ခါတလေကျရင် ခင်ဗျားမျက်စိမှိတ်ပြီး ဖော်စပ်နိုင်တဲ့ သာမန်ဆေးလုံးတွေတောင် ကျရှုံးသွားတတ်တယ်...။ ဒါက ဆေးပညာဆုံးဖြတ်ကျမ်းကြောင့်ပဲ..."
"ခင်ဗျားပြောတာ လုံးဝမှန်တယ်...။ ဖုန်းသခင်လေးက နတ်ဘုရားစွမ်းရည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးပါပဲ"
မူထျန်းယွင်မှာ နားထောင်လေလေ ပို၍ အံ့ဩလေလေဖြစ်ပြီး ဖုန်းဝူချန်ကို ဒူးထောက်မတတ် ချီးကျူးနေမိသည်။
၎င်းမှာ သူတို့၏ ပထမဆုံးတွေ့ဆုံမှုသာဖြစ်ပြီး ဖုန်းဝူချန်မှာ ကြည့်ရှုရုံမျှဖြင့် ဤမျှများစွာကို သိမြင်နိုင်ခဲ့သည်။ ဒါက နတ်ဘုရား တစ်ပါး၏ လုပ်ရပ် မဟုတ်လျှင် အဘယ်အရာ ဖြစ်မည်နည်း။
"ဖုန်းသခင်လေး...။ ကျေးဇူးပြုပြီး ကျွန်တော်တို့ ရွှမ်းထျန်းဂိုဏ်းကို လာလည်ပါ...။ ဒါမှ ကျွန်တော်တို့ ခင်ဗျားရဲ့ ကျေးဇူးတရားကို ပြန်ဆပ်နိုင်မှာပါ..."
ပိုင်မင်က စိတ်အားထက်သန်စွာ ဆိုလိုက်ပြီး ဖုန်းဝူချန်အပေါ် သူ၏အကြည့်မှာ ပို၍ လေးစားလာသည်။
"မလိုပါဘူး...။ ကျွန်တော့်မှာ တကယ် အချိန်မရှိလို့ပါ..."
ဖုန်းဝူချန်က ပြတ်သားစွာ ငြင်းဆန်လိုက်သည်။
သူ့တွင် တစ်နှစ်သာ ရှိပြီး ဤတစ်နှစ် အတွင်းတွင် သူသည် မိမိကိုယ်ကို အင်အားကြီးအောင် ပြုလုပ်ရမည် ဖြစ်ပြီး ဖုန်းကျိန့်ရှုံးနှင့် အခြားသူများကို စိတ်ပျက်အောင် မလုပ်နိုင်ပေ။
"ဖုန်းသခင်လေး...။ အချိန်ရတဲ့အခါ ရွှမ်းထျန်းဂိုဏ်းကို လာခဲ့ပါ...။ ခင်ဗျားကို ပြန်မဆပ်နိုင်ရင် ကျွန်တော် တစ်သက်လုံး စိတ်မအေးနိုင်မှာမဟုတ်ဘူး..."
မူထျန်းယွင်က အလျင်အမြန် တောင်းပန်လိုက်သည်။
"ကျွန်တော် လောလောဆယ်တော့ ထျန်းတုကနေ ခရီး မဆက်သေးပါဘူး...။ အချိန်ရတဲ့အခါ လာလည်ပါ့မယ်ဗျ...။ ဒါပေမဲ့ ကျွန်တော့်မှာ တခြားကိစ္စတွေ လုပ်စရာရှိသေးလို့ သွားလိုက်ပါဦးမယ်..."
ဖုန်းဝူချန်က လျစ်လျူရှုစွာဆိုပြီး ယဉ်ကျေးစွာ လက်သီးဆုပ်ကာ လှည့်ထွက်သွားလေတော့သည်။
ဖုန်းဝူချန်၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ရင်း မူထျန်းယွင်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
"ထျန်းကျိုးမှာ ဒီလောက်မြင့်မြတ်တဲ့ ကျွမ်းကျင်သူတစ်ယောက် ပိုင်ဆိုင်ထားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ...။ ဒါက အင်ပါယာအတွက် ကောင်းချီးတစ်ခုပဲ...။ ဆေးပညာရှင်အားလုံးအတွက် ကောင်းချီးတစ်ခုပဲ..."
"ဂိုဏ်းချုပ်ဟောင်း... မီးအဆိပ်တွေ ထွက်သွားတာနဲ့ ခင်ဗျား ပဉ္စမအဆင့် ဆေးပညာရှင်အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေးရှိလာပြီ"
ပိုင်မင်က စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
"ရွှမ်းထျန်းဂိုဏ်းကို ချက်ချင်း ပြန်ကြစို့...။ ပြီးတော့ တပည့်တွေထဲက ဘယ်သူမှ ဖုန်းသခင်လေးကို စိတ်ကွက်အောင် မလုပ်မိဖို့ အမိန့် ထုတ်ပြန်လိုက်"
မူထျန်းယွင်က အလျင်အမြန် ညွှန်ကြားလိုက်၏။ ထိုသို့သော ထူးချွန်သည့် ပုဂ္ဂိုလ် တစ်ဦးကို မပစ်မှားရဲပေ။
စားသောက်ဆိုင်မှ ထွက်ခွာပြီးနောက် ဖုန်းဝူချန်သည် လေလံရုံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
လေလံရုံမှာ ဝမ်ပေါင် ကုန်တိုက်ထက် များစွာ ပိုမို ကြီးမားပြီး အရွယ်အစားမှာ နှိုင်းယှဉ်၍မရပေ။
လေလံရုံမှာ လူများဖြင့် စည်ကားနေပြီး အားလုံးမှာ ရတနာများ ဝယ်ယူရန် ရှာဖွေနေသော ကျင့်ကြံသူများ ဖြစ်ရာ သက်ဝင် လှုပ်ရှားသော အငွေ့အသက်ကို ဖန်တီးနေလေသည်။
‘ ထျန်းတု လေလံရုံလား...။ ဒါလည်း အဓိက အင်အားစု တစ်ခုပဲ...။ အသွင်ပြောင်းဘုံနဲ့ ယွမ်တန်ဘုံ ပညာရှင်တွေ အများကြီးပဲ...။ အဆင့်သုံး ဆေးပညာရှင် တစ်ယောက်တောင် ပါသေးတယ်…’
ဖုန်းဝူချန်က သူ့ဘာသာသူ တွေးနေမိသည်။
ဖုန်းဝူချန် လေလံရုံ၏ ဝင်ပေါက်သို့ ရောက်ရှိသောအခါ အစေခံမလေးတစ်ဦးသည် ချက်ချင်းပင် ရှေ့သို့ထွက်လာပြီး ပြုံးကာ လေးစားစွာဆိုသည်။
"အတွင်းကို ကြွပါ သခင်လေး"
လှပသော အစေခံမလေးသည် လေလံရုံ၏ ရတနာများကို မိတ်ဆက်ပေးရင်း ဖုန်းဝူချန်ကို အတွင်းသို့ ဦးဆောင်ခေါ်သွားပြီး သူမ၏အမူအရာမှာ အလွန်သာယာဖွယ်ကောင်းသည်။
အစေခံမလေးသည် ဖုန်းဝူချန်ကို ပင်မခန်းမဆောင်သို့ ဦးဆောင်ခေါ်သွားရာ အခြားအစေခံမလေး တစ်ဦးက ချက်ချင်းပင် လက်ဖက်ရည်ပူကို ယူဆောင်လာပေး၏။ ဝန်ဆောင်မှုမှာ အလွန် အသေးစိတ်ကျကာ လူကို အလွန် သက်တောင့်သက်သာ ဖြစ်စေသည်။
ကြိုဆိုသော အစေခံမလေးက ဖုန်းဝူချန်ကို ကြည့်ကာ လေးစားစွာ မေးလိုက်သည်။
"သခင်လေးဖုန်းက ဘယ်လိုရတနာတွေ ဝယ်ယူချင်လို့ပါလဲ”
"ကိုးရောင်စုံ ဇီကျင်းဝိညာဉ်အရည် ဆယ်သုတ်...။ တစ်သုတ်စီက သက်တမ်းအနှစ်သုံးဆယ်ရှိရမယ်...။ နွေးထွေးတဲ့ ကျောက်စိမ်းတစ်တုံး...။ ဝိညာဉ်နက်နဲကျောက် သုံးတုံး...။ ပြီးတော့ ဥက္ကာခဲသံတစ်တုံး..."
ဖုန်းဝူချန်က သူ၏အမူအရာ တည်ငြိမ်နေလျက် ဖြည်းညင်းစွာ ပြန်ဖြေသည်။
ဤစကားကို ကြားသောအခါ အစေခံမလေး၏ လှပသော မျက်နှာပေါ်တွင် တုန်လှုပ်မှုတစ်ခု ပေါ်လာပြီး ဖုန်းဝူချန်ကို ကြည့်ကာ မေးလိုက်သည်။
"သခင်လေးဖုန်းက လက်နက်ပညာရှင် တစ်ယောက်လား"
ထိုအခါ ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
"ကျွန်တော်နည်းနည်း အလျင်လိုနေလို့...။ သွားပြင်ဆင်ပေးပါ..."
အစေခံမလေးမှာ ချက်ချင်းပင် စိတ်မကောင်းဖြစ်သွားပြီး တောင်းပန်စွာ ဆိုလိုက်သည်။
"သခင်လေးဖုန်း...။ လေလံရုံမှာ ရှင် တောင်းဆိုတဲ့ ရတနာတွေအားလုံး ရှိပါတယ်...။ ဒါပေမဲ့ ဥက္ကာခဲသံက ရှားပါးပြီး အဖိုးတန်တဲ့ ကုန်ပစ္စည်းတစ်ခုပါ...။ အရမ်းရှားပါးပြီး အလွန်ဈေးကြီးပါတယ်...။ ကျွန်မအကြီးအကဲတွေကို သတင်းပို့ဖို့ လိုပါတယ်..."
"အင်း... သွားလိုက်ပါ..."
ဖုန်းဝူချန်က ခေါင်းညိတ်တုံ့ပြန်သည်။
ဥက္ကာခဲသံ၏ တည်ရှိမှုမှာ အမှန်တကယ်ပင် ရှားပါးသော ရတနာတစ်ခုအဖြစ် သတ်မှတ်ထားပြီး ရွှမ်းထျယ်ထက် အဆတစ်ရာ ပိုမိုအဖိုးတန်သည်။
ဥက္ကာခဲသံကို ဝိညာဉ်လက်နက်များ ပြုလုပ်ရာတွင် အသုံးပြုသည်။ ဝိညာဉ်လက်နက်များမှာ အလွန်ရှားပါးပြီး တန်ဖိုးရှိကာ လက်နက်ပညာရှင်များမှာ ပို၍ပင်ရှားပါးရာ ဥက္ကာခဲသံ၏ ဈေးနှုန်းမှာ အလွန်အကျွံဖြစ်သည်။
ရှားပါးလေ တန်ဖိုးရှိလေဟု ဆိုရိုးရှိသည် မဟုတ်ပါလား။
ဖုန်းဝူချန်သည် ဥက္ကာခဲသံကို ဝယ်ယူရန် ရှာဖွေခြင်းမှာ သိုလှောင်လက်စွပ်တစ်ခု ပြုလုပ်ရန်ဖြစ်သည်။ အကြောင်းမှာ သူယခင်က ပြုလုပ်ခဲ့သော သာမန် သိုလှောင်လက်စွပ်များမှာ နေရာ အလွန်နည်းပါးသောကြောင့် ဖြစ်ပါသည်။
"ဥက္ကာခဲသံတဲ့လား...။ ဟေ့ကောင်... မင်းဥက္ကာခဲသံရဲ့ ဈေးနှုန်းကို သိရောသိရဲ့လား...။ ငါထျန်းတုမှာ ဒီလောက်နှစ်တွေအကြာကြီး နေလာတာ... ဥက္ကာခဲသံကို တတ်နိုင်တဲ့ ဘယ်သူ့ကိုမှ မမြင်ဖူးဘူး...။ မင်းက ဥက္ကာခဲသံကို ဝယ်နိုင်မယ်ထင်နေတာလား...။ ရယ်စရာကောင်းလိုက်တာ..."
ထိုသို့ အစေခံမလေး ထွက်သွားသည်နှင့် ဖုန်းဝူချန်၏ နားထဲသို့ လှောင်ပြောင်သော အသံတစ်ခု ရောက်ရှိလာသည်။
ဖုန်းဝူချန်၏ မျက်ခုံးများမှာ အနည်းငယ် ကျုံ့သွားပြီး စကားပြောသူကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"ဒါဆို ပြောစမ်းပါဦး...။ ဥက္ကာခဲသံတစ်တုံးက ရွှေဒင်္ဂါး ဘယ်လောက်ကျလဲ"
"ရွှေဒင်္ဂါး တစ်သန်း...။ ထျန်းတု တစ်ခုလုံးမှာ ဘယ်သူမှ မတတ်နိုင်ဘူး...။ သူတို့က အဓိကအင်အားစု တစ်ခု မဟုတ်ရင်ပေါ့လေ..."
ထိုလူက သူ၏ မျက်လုံးများတွင် မထီမဲ့မြင်နှင့် မလေးမစား
အကြည့်များဖြင့် ပြုံးကာ ပြန်ဖြေသည်။
ထိုလူ၏ ဝတ်စားဆင်ယင်ပုံအရ သူသည် ထျန်းတုရှိ မိသားစု တစ်ခုခုမှ သခင်လေး တစ်ဦး ဖြစ်ပုံရပြီး သူ၏နောက်တွင် အစောင့် ခုနစ်ယောက် ရှစ်ယောက် လိုက်ပါနေသည်။
"ငါ မတတ်နိုင်ဘူးလို့ မင်း ဘယ်လိုသိလဲ"
ဖုန်းဝူချန်က အေးစက်စွာ ပြုံးကာ မေးလိုက်သည်။
လူငယ်၏ မထီမဲ့မြင် အကြည့်မှာ ပို၍ ပြင်းထန်လာပြီး သူက ပြုံးလိုက်၏။
"မင်းရဲ့ဆင်းရဲတဲ့ပုံစံနဲ့... တစ်သန်းကို ထားဦး...။ မင်း ရွှေဒင်္ဂါး တစ်သောင်းတောင် ထုတ်နိုင်မှာ မဟုတ်ဘူး...။ ဒီမှာ ကိုယ့်ကိုယ်ကို အရှက်မခွဲနဲ့တော့..."
"ငါ မင်းနဲ့ လောင်းကြေးထပ်မယ်...။ လေလံရုံက ဥက္ကာခဲသံကို ငါ့ကို အလကားပေးလိမ့်မယ်...။ ငါတစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူး...။ ငါနိုင်ရင် မင်းရဲ့လက်တစ်ဖက်ကို ငါချိုးမယ်...။ မင်းနိုင်ရင်တော့ ငါ့လက်နှစ်ဖက်လုံးကို မင်းကို ချိုးခွင့်ပေးမယ်...။ ဘယ်လိုလဲ"
ဖုန်းဝူချန်က သူ၏မျက်လုံးများတွင် ပြင်းထန်သော အလင်းရောင်တစ်ချက်ဖြင့် အေးစက်စွာ ပြုံးကာ မေးလိုက်သည်။
"မင်းကို ပေးမယ်တဲ့လား...။ ဟားဟား"
လူငယ်မှာ ဦးစွာ မှင်တက်သွားပြီးနောက် ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်သည်။
"သခင်လေးလျို... ဘာရယ်စရာရှိလို့လဲဗျ"
ထိုအခိုက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ချဉ်းကပ်လာပြီး သခင်လေးလျိုကို ယဉ်ကျေးသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"တာဝန်ခံလီ... ခင်ဗျားရောက်လာတာ အတော်ပဲ...။ ဒီကောင်စုတ်က ဥက္ကာခဲသံ ဝယ်ချင်လို့တဲ့...။ ပြီးတော့ ခင်ဗျားတို့က သူ့ကို အလကားပေးမှာပါလို့ ကျွန်တော်နဲ့ လောင်းကြေးထပ်နေတယ်...။ သူတစ်ပြားမှ ပေးစရာမလိုဘူးတဲ့...။ သူနိုင်ရင် ကျွန်တော့်လက်တစ်ဖက်ကို ချိုးခွင့်ရမယ်...။ ဒါပေမဲ့ ကျွန်တော်နိုင်ရင်တော့ သူ့လက်နှစ်ဖက်လုံးကို ကျွန်တော်ချိုးမယ်"
သခင်လေးလျိုက ပျော်ရွှင်စွာ ဆိုလိုက်သည်။
ဤစကားကို ကြားသောအခါ တာဝန်ခံ လီက ဖုန်းဝူချန်ကို ကြည့်ကာ ပြုံးလိုက်သည်။
"ကောင်လေး... ငါမင်းကို အကြံပေးချင်တယ်...။ လောင်းကြေးမထပ်တာက ပိုကောင်းတယ်...။ လက်ကျိုးနဲ့ အဆုံးမသတ်တာက ပိုကောင်းတယ်...။ မင်း ဥက္ကာခဲသံကို မတတ်နိုင်ဘူး နော်...။ ပြီးတော့ သခင်လေးလျိုကိုလည်း မထိပါးနိုင်ဘူး...။ ထွက်သွားတာက ပိုကောင်းလိမ့်မယ်..."
တာဝန်ခံ လီသည် ဖုန်းဝူချန်ကို သိသိသာသာ အထင်သေးနေသည်။ သူက ဆယ်ကျော်သက်တစ်ဦးဖြစ်သောကြောင့်သာမက ထျန်းတုရှိ အချမ်းသာဆုံး မိသားစုများပင်လျှင် ဥက္ကာခဲသံကို မတတ်နိုင်သောကြောင့် ဖြစ်သည်။
"မင်းသာ ငါ့ရှေ့မှာ ဒူးထောက်ပြီး အရိုအသေပေးလိုက်ရင် ဒီကိစ္စ ဘယ်တော့မှ မဖြစ်ခဲ့သလို ငါ သဘောထားလိုက်နိုင်တယ်...။ မဟုတ်ရင်တော့ မင်းရဲ့ လက်တစ်ဖက်ကို ငါ ချိုးပစ်မယ်"
ဖုန်းဝူချန်က တာဝန်ခံ လီကို ခပ်စိမ်းစိမ်း စိုက်ကြည့်ရင်း ပြောလေ၏။ သူ၏အသံမှာ ရေခဲလို အေးစက်နေသည်။
သခင်လေးလျိုက အခြေအနေကို ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။
"ဪ...။ ဒေါသကြီးသားပဲ...။ မာနလည်းကြီးသားပဲ...။ မင်းဘယ်သူနဲ့ စကားပြောနေလဲဆိုတာ သိရောသိရဲ့လား...။ လေလံရုံမှာ ပြဿနာ လာရှာပြီး ကိုယ့် အဆင့်ကိုယ်တောင် မစဉ်းစားဘူး..."
"ကောင်စုတ်လေး... မင်းသာ အခု ငါ့ကို ဒူးထောက်ပြီး ကန်တော့လိုက်ရင် မင်းကို အသက်ရှင်လျက် ထွက်သွားခွင့်
ပေးကောင်းပေးနိုင်တယ်...။ မဟုတ်ရင်တော့ ဒီနေရာမှာပဲ အခုချက်ချင်း သတ်ပစ်လိုက်မယ်"
တာဝန်ခံ လီက အေးစက်စွာ ဆိုလိုက်ပြီး တဆက်တည်း၌ အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက် တစ်ခုမှာ ပတ်ဝန်းကျင်တွင် ပျံ့နှံ့ထွက်လာသည်။