နတ်ဘုရားစုံတွဲ
Vol. 4 Ch. 46
~"ညီအစ်ကိုဖုန်း... ဘယ်လိုထင်လဲ...။ သွားကြည့်ကြမလား...။ အဲ့ဒီနေရာက ဝိညာဉ်စွမ်းအင်တွေ သိပ်ကိုသိပ်သည်းတာ...။ ဂူနဲ့များ ပတ်သက်နေမလားပဲ..."
လျိုချင်းယန်က သူ၏မစောင့်နိုင်တော့သည့် စိတ်ကို မဖုံးကွယ်နိုင်ဘဲ စိတ်အားထက်သန်စွာ တိုက်တွန်းလေ၏။
ဖုန်းဝူချန်က ခေါင်းတစ်ချက်ညိတ်လိုက်သည်။
"နေရာကောင်းတစ်ခုဆိုမှတော့ သွားကြည့်သင့်တာပေါ့..."
"ငါအဖေ့ကို ပြန်ပြောပြီး ချင်းအာကိုပါ ခေါ်ခဲ့ဦးမယ်...။ ဂူကို သူရှာတွေ့ခဲ့တာလေ...။ သူ့ကိုချန်ထားခဲ့လို့မှ မဖြစ်တာ...။ ညီအစ်ကိုဖုန်း... မြို့တံခါးဝမှာပဲ ငါတို့ကိုစောင့်နေနော်"
လျိုချင်းယန်က အော်ဟစ်မှာကြားရင်း အပြေးတစ်ပိုင်း ထွက်ခွာသွားတော့၏။
မိနစ်အနည်းငယ်အကြာတွင် လျိုချင်းယန်သည် ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့နှင့်အတူ
လွမ်ထျန်းမြို့မှ ထွက်ခွာခဲ့ပြီး မြောက်ဘက်ရှိ ထျန်းယွင်တောင်ဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
—----
စားသောက်ဆိုင်အတွင်း၌ အစောင့်တစ်ဦးက ရိုသေစွာ သတင်းပို့လေသည်။
"သခင်လေး...။ လျိုချင်းယန်နဲ့ သူ့အဖွဲ့ မြို့ပြင်ထွက်သွားပါပြီ...။ သူတို့ ထျန်းယွင်တောင်ဘက်ကို ဦးတည်သွားနေပုံရပါတယ်...။ မြောင်ချင်းချင်းလည်း သူတို့နဲ့အတူတူ ပါသွားပါတယ်..."
"ထျန်းယွင်တောင် ဟုတ်လား...။ သူတို့အဲ့ဒီမှာ ဘာသွားလုပ်ကြတာလဲ..."
သခင်လေးတစ်ဦးက နားမလည်နိုင်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။
...
"ချင်းအာလည်း ပါသွားတယ် ဟုတ်လား...။ ဒီလျိုချင်းယန်ဆိုတဲ့ အကောင်က...။ ငါနဲ့ မိန်းကလေး လုရဲတယ်ပေါ့လေ..."
အခြားသခင်လေးတစ်ဦးက သူ၏မျက်နှာမှာ မည်းမှောင်သွားကာ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"ကျောက်ယန်...။ စိတ်မပူပါနဲ့ကွာ...။ ငါတို့သူတို့ကို ရှင်းပြီးသွားရင် မင်းအခွင့်အရေးမရမှာကို..မပူပါနဲ့."
အခြားသခင်လေးတစ်ဦးက ကျောက်ယန်၏ ပခုံးကိုပုတ်ရင်း ရယ်မောကာ ချော့မော့ပြောဆိုလိုက်၏။
"ထျန်းယွင်တောင်ကို ဘယ်သူမှမသွားဘူး...။ ညီအစ်ကိုလိန်... ဒါ ငါတို့အတွက် အခွင့်အရေးပဲ...။ ငါတို့ သူတို့နောက် လိုက်ပြီး အဲ့ဒီဖုန်းဝူချန်ဆိုတဲ့ ကောင်ကို သတ်ပစ်လိုက်ကြမလား..."
ကောချန်ခုံးက ဖုန်းဝူချန်ကို ချက်ချင်းသတ်ပစ်လိုစိတ် ပြင်းပြစွာဖြင့် အကြံပြုလိုက်သည်။
လိန်မူချန်က ခေါင်းခါလိုက်ပြီး အေးစက်စွာ ပြုံးလိုက်၏။
"မလိုပါဘူး...။ ထျန်းယွင်တောင်က သိပ်ကျယ်တာ...။ သူတို့ကိုရှာဖို့ ဘာလို့အချိန်ဖြုန်းနေမှာလဲ...။ ပတ်ပတ်လည်မှာ လူတွေစခန်းချပြီး စောင့်ကြည့်နေတာက ပိုကောင်းတယ်...။ သူတို့ ပြန်လာတာကို မြင်တာနဲ့ လှုပ်ရှားဖို့ နောက်မကျသေးပါဘူး..."
"အစ်ကိုကြီးလိန်က ထက်မြက်ပါပေတယ်"
သခင်လေးများအားလုံးက လက်မထောင်ကာ တညီတညွတ်တည်း ထောက်ခံကြသည်။
…
တစ်နာရီခန့်အကြာတွင် လျိုချင်းယန်သည် ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့ကို ထျန်းယွင်တောင်ခြေရင်းသို့ ဦးဆောင်ခေါ်ဆောင်လာခဲ့သည်။
ထျန်းယွင်တောင်သည် ခန့်ညားထည်ဝါပြီး တောင်ထွတ်များမှာ ထပ်ဆင့်နေကာ ထူးခြားသော ပုံသဏ္ဌာန်များရှိ၏။ တောင်မှာ ဆူးနွယ်များဖြင့် ထူထပ်ပြီး မယုံနိုင်လောက်အောင် ရှုပ်ထွေးလှရာ ထို့ကြောင့်ပင် လူများက ရှောင်ရှားကြခြင်းဖြစ်သည်။
အကြောင်းမရှိဘဲ ထိုသို့ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်သို့ မည်သူက လာမည်နည်း။
သို့ဖြစ်သော်ငြားလည်း ထျန်းယွင်တောင်၏ ဝိညာဉ်စွမ်းအင်မှာ အမှန်တကယ်ပင် အလွန်ကြွယ်ဝပြီး အပြင်လောကထက် အနည်းဆုံး အဆများစွာ မြင့်မားလေသည်။
"ညီအစ်ကိုဖုန်း...။ ငါပြောတာမမှားဘူးမလား...။ တောင်ခြေရင်းမှာတင် ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းနေတာကို ငါခံစားမိနေပြီ..."
လျိုချင်းယန်က ပျော်ရွှင်စွာ ကြွေးကြော်လိုက်သည်။
"ဝိညာဉ်စွမ်းအင်က တော်တော်လေး သိပ်သည်းတာပဲ...။ တကယ်ပဲ ကျင့်ကြံဖို့အတွက် ရတနာနယ်မြေတစ်ခုပဲ...။ ရှုပ်ထွေးလွန်းတာတစ်ခုပဲ..."
ဖုန်းဝူချန်မှာ အလွန်ကျေနပ်နေဟန်တူပြီး သူ၏မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်ခု ထင်ဟပ်နေ၏။
"ညီအစ်ကိုဖုန်း..။ ဂူက တောင်အတွင်းထဲမှာ...။ ငါ့နောက်လိုက်ခဲ့...။ ငါလမ်းကို မှတ်မိတယ်"
လျိုချင်းယန်က ဆိုလိုက်ပြီး ဖုန်းဝူချန်က သူ့နောက်မှ ကပ်လိုက်ကာ ရှေ့မှဦးဆောင်၍ ထွက်ခွာသွားလေပြီ။
မြောင်ချင်းချင်းက အလျင်အမြန် လိုက်လာပြီး ခပ်ဖွဖွရယ်မောလိုက်သည်။
"အစ်ကိုဖုန်း...။ အဲ့ဒီ တောင်ကြားလေးက တကယ်လှတယ်ရှင့်..."
လျိုချင်းယန်ပြောသော ဂူမှာ ထျန်းယွင်တောင်၏ နက်ရှိုင်းသော အတွင်းပိုင်းတွင် ရှိသည်။ မြေမျက်နှာသွင်ပြင်မှာ ရှုပ်ထွေးသောကြောင့် သူတို့သည် သစ်ပင်တစ်ပင်မှတစ်ပင်သို့ ကူးလူးသွားလာရ၏။
"တောင်အတွင်းထဲကို ပိုနက်လေ... ဝိညာဉ်စွမ်းအင်က ပိုသိပ်သည်းလေပဲ..."
ဖုန်းဝူချန်က တကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ၎င်းမှာ ဂူနှင့်ပတ်သက်နေမည်ဟု သံသယဝင်မိလာသည်။
သို့သော် မည်သည့်ရတနာက ထိုသို့သိပ်သည်းသော ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်နိုင်မည်နည်း။
နာရီဝက်ခန့်အကြာတွင် လျိုချင်းယန်၏ ဦးဆောင်မှုဖြင့် သူတို့သည် ဂူ၏တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
"ညီအစ်ကိုဖုန်း...။ ဂူက ဟိုးရှေ့က တောင်ကြားလေးထဲမှာပဲ...။ ပန်း လှလှလေးတွေ အများကြီးရှိတယ်"
မြောင်ချင်းချင်းက ကောင်းကင်ဘုံနှင့် တူသော တောင်ကြားငယ် တစ်ခုကို ညွှန်ပြရင်း ပြုံးလိုက်သည်။
ဖုန်းဝူချန်သည် ရှေ့သို့လှမ်းကြည့်လိုက်ရာ ထပ်တူပင် အံ့အားသင့်သွားသည်။ ထျန်းယွင်တောင်သည် ရှေးဟောင်းသစ်ပင်များ၊ မြက်ရိုင်းများနှင့် တောပန်းများဖြင့် ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်ရှိသော်လည်း ရှေ့မှတောင်ကြားမှာမူ ပတ်ပတ်လည်တွင် ပန်းများပွင့်လန်းနေသော ရှင်းလင်းသည့်နေရာတစ်ခုဖြစ်ပြီး ဥယျာဉ်ငယ်တစ်ခုကဲ့သို့ ဏအလွန်သပ်ရပ်နေသည်။
ပတ်ဝန်းကျင်၏ ရှုပ်ထွေးမှုနှင့် တောင်ကြား၏ ဆန့်ကျင်ဘက်အသွင်မှာ ထင်ရှားလှပြီး ဤနေရာကို နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ ခံစားရစေသည်။
"ညီအစ်ကိုဖုန်း...။ အဲ့ဒီအားကောင်းတဲ့ အရှိန်အဝါကို ခံစားမိလား...။ ချင်းအာနဲ့ ငါက အဲ့ဒီတုန်းက အဝေးကနေပဲ ကြည့်ခဲ့ပြီး အနားမကပ်ရဲခဲ့ဘူး လေ..."
လျိုချင်းယန်က ဖွင့်ဟဝန်ခံလိုက်သည်။
မြောင်ချင်းချင်းက ဖြည့်စွက်ပြောဆိုလိုက်သည်။ဥ
"အဲ့ဒီတုန်းက အတွင်းထဲမှာ အဆင့်မြင့်ပညာရှင်တစ်ယောက် ကျင့်ကြံနေတယ်လို့ ထင်ခဲ့တာ...။ ဒါကြောင့် ကျွန်မတို့ ဝင်မစွက်ဖက်ရဲခဲ့ဘူး..."
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်၏။
"ဒီအားကောင်းတဲ့ အရှိန်အဝါက တံဆိပ်တစ်ခုပဲ...။ ရတနာတစ်ခုခုကို တံဆိပ်ခတ်ထားတာ ဖြစ်နိုင်တယ်...။ သွားကြည့်ကြစို့..."
"အစ်ကိုဖုန်း...။ အတွင်းထဲမှာ တစ်ယောက်ယောက် ကျင့်ကြံနေရင် ဘယ်လိုလုပ်မလဲ...။ ကျွန်မတို့သာ မဆင်မခြင် ဝင်သွားရင် သေမှာပဲမဟုတ်လား..."
လျိုချင်းယန်က စိုးရိမ်တကြီး တားမြစ်လိုက်သည်။
မြောင်ချင်းချင်း၏ စကားမှာ အကြောင်းပြချက် မရှိသည်တော့
မဟုတ်။ ထိုသို့လှပပြီး နတ်ဘုံဆန်သော နေရာမျိုးမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာနိုင်မည် မဟုတ်ပေ။
"ဒီမှာ ဘယ်သူမှမရှိဘူး..."
ထိုသို့ ဖုန်းဝူချန်က ယုံကြည်မှုရှိရှိ အတည်ပြုလိုက်ပြီး အလျင်အမြန် ရှေ့သို့ ချဉ်းကပ်သွားသည်။
ထိုအခါ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြပြီး မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် နောက်မှ လိုက်ပါသွားကြသည်။
နှစ်ဦးသားသည် တောင်ကြားသို့ရောက်ရှိပြီး ဂူထဲသို့ ချက်ချင်းမဝင်ဘဲ တောင်ကြား၏ ပတ်ဝန်းကျင်ကို ဦးစွာလေ့လာလိုက်ကြသည်။
တောင်ကြား၏ ဘေးတစ်ဖက်တစ်ချက်တွင် ပန်းများပွင့်လန်းနေပြီး ထူးခြားသော ရနံ့မှာ လူကို တည်ငြိမ်သက်တောင့်သက်သာဖြစ်စေကာ လူတစ်ဦး၏ စိတ်ကို အလွန်ပင် လန်းဆန်းစေသည်။
"ဝိုး...။ သိပ်လှတာပဲ"
မြောင်ချင်းချင်းက ပျော်ရွှင်စွာ ကြွေးကြော်လိုက်ပြီး ပန်းခင်းများဆီသို့ စိတ်အားထက်သန်စွာ ပြေးသွားသည်။
"ညီအစ်ကိုဖုန်း...။ ဒီနေရာက ဘယ်လောက် ကြာပြီလဲ...။ ဘာလို့ ဒီတောင်ကြားက ဒီလောက် လှနေရတာလဲ"
လျိုချင်းယန်က သူ၏ သိလိုစိတ် ပြင်းပြမှုဖြင့် မေးလိုက်သည်။
"ငါလည်း မသိဘူး...။ ဒါပေမဲ့ ဒီမှာ နတ်ဘုရားစုံတွဲ တစ်တွဲ နေထိုင်ခဲ့ဖူးတယ် ဆိုတာတော့ ပြောနိုင်တယ်...။ ဒီခြေရာတွေက သူတို့ဓားသိုင်း
လေ့ကျင့်ခဲ့တာကို ပြနေတယ်...။ ယောက်ျား တစ်ယောက်နဲ့ မိန်းမ တစ်ယောက် အတူတူ လေ့ကျင့်တဲ့ ဓားသိုင်းကွက် တစ်ခုပဲ...။ ဖြစ်နိုင်တာကတော့ သူတို့က လောကီ ကိစ္စတွေကို စွန့်လွှတ်ပြီး ဒီမှာလာပြီး တကိုယ်တည်း နေခဲ့ကြတာပဲ...။ ဒီပန်းတွေကလည်း သူတို့စိုက်ခဲ့တာ ဖြစ်ရမယ်...။ ဘာလို့ သူတို့ထွက်သွားခဲ့လဲဆိုတာတော့ မသိရဘူး..."
ဖုန်းဝူချန်က မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး ရှင်းလင်းသော ခြေရာများကို စစ်ဆေးရင်း ဆိုလိုက်သည်။
"နတ်ဘုရားစုံတွဲတဲ့လား"
မြောင်ချင်းချင်း၏ မျက်လုံးများမှာ အားကျမနာလိုမှုများဖြင့် ပြည့်နှက်သွားသည်။
"အော်... ဒီလိုကိုး..."
လျိုချင်းယန်က အနည်းငယ် သံသယရှိနေသေးသော်လည်း ခေါင်းညိတ်လိုက်သည်။
ဖုန်းဝူချန်သည် ဂူဘက်သို့ လှည့်ကြည့်လိုက်သည်။ ဂူတွင် အမည်များမရှိသလို သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းလည်းမဟုတ်ပေ။ ၎င်းမှာ လက်လုပ်ဂူတစ်ခု ဖြစ်သည်။
ဖုန်းဝူချန်သည် ဂူစံအိမ်ဆီသို့ လျှောက်သွားရာ အားကောင်းသော တံဆိပ်စွမ်းအင်မှာ အတွင်းမှ ထွက်ပေါ်နေသည်။
သုံးဦးသား ဂူစံအိမ်ထဲသို့ ဝင်ရောက်သွားသောအခါ အားလုံးမှာ ထိတ်လန့်သွားကြသည်။
"အား…ညီအစ်ကိုဖုန်း...။ လူရှိတယ်"
လျိုချင်းယန်က ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
မြောင်ချင်းချင်း၏ လှပသော မျက်နှာမှာ ကြောက်လန့်မှုဖြင့် ဖြူဖျော့သွားသည်။ အရာအားလုံးမှာ အလွန်ရုတ်တရက်ဖြစ်ပြီး သူမမှာ တုံ့ပြန်နိုင်စွမ်းမရှိတော့ပေ။
"မလန့်ကြနဲ့...။ သူတို့သေနေကြပါပြီ..."
ဖုန်းဝူချန်က အစပိုင်းတွင် သူကိုယ်တိုင်လည်း ထိတ်လန့်သွားခဲ့သဖြင့် အလျင်အမြန် တားမြစ်လိုက်သည်။
"ဘာ...။ သေနေပြီ ဟုတ်လား"
မြောင်ချင်းချင်းမှာ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွား၏။ သူမ၏ခေါင်းကို လှည့်၍ အနီးကပ်ကြည့်လိုက်ရာ လူနှစ်ဦးမှာ မလှုပ်မယှက်ဖြစ်နေပြီး ခပ်ရေးရေး ခရမ်းရောင်စွမ်းအင် အလွှာ တစ်ခုဖြင့် ပတ်ရစ်ထားသည်ကို တွေ့ရှိလိုက်ရသည်။
ဂူစံအိမ်၏ အလယ်ဗဟိုတွင် အဖြူရောင်ဝတ်စုံနှင့် ခန့်ညားသော အမျိုးသားတစ်ဦးသည် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို ပွေ့ဖက်ထားသည်။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အမျိုးသား၏ ရင်ခွင်တွင် ငြိမ်းချမ်းစွာ အနားယူနေပြီး သူမ၏လှပသော မျက်နှာမှာ ပျော်ရွှင်မှုနှင့် စိတ်အလိုတကျ စွန့်လွှတ်အနစ်နာခံမှုများဖြင့် ပြည့်နှက်နေသည်။
"သူတို့သေဆုံးတာ နှစ်ပေါင်းများစွာ ကြာလောက်ပြီ...။ ဒီတံဆိပ်က သူတို့ရဲ့ခန္ဓာကိုယ်တွေကို မပုပ်မသိုးအောင် ထိန်းသိမ်းထားတာ...။ သေချာမကြည့်ရင်တော့ သိသာမှာမဟုတ်ဘူး..."
ဖုန်းဝူချန်က ရှင်းပြလိုက်သည်။
ဂူစံအိမ်မှာ စတုရန်းမီတာ ဆယ်ဂဏန်းမျှသာ ကျယ်ဝန်းပြီး စားပွဲနှင့် ကုလားထိုင်များအားလုံးမှာ ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ ရိုးရှင်းသော်လည်း အလွန် ခမ်းနားသည်ဟု ခံစားရသည်။
"ဒါက တကယ်ပဲ အားကျစရာပဲ...။
ဒီမမ လှလှက အရမ်းကို ပျော်ရွှင်ခဲ့မှာပဲ...။ သေဆုံးတဲ့ အချိန်မှာတောင် မမမှာ အပြုံးတစ်ခု ရှိနေတုန်းပဲ...။ သူတို့သာ အသက်ရှင်နေသေးရင် ဘယ်လောက် ကောင်းလိုက်မလဲ နော်..."
မြောင်ချင်းချင်းက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပြီး သူမ၏လှပသော မျက်လုံးများတွင် မျက်ရည်များ တလက်လက် တောက်ပနေလေသည်။
ဖုန်းဝူချန်သည် ဂူစံအိမ်ကို တစ်ချက်ကြည့်လိုက်သည်။ အားကောင်းသော တံဆိပ်အပြင် သူသည် အခြားမည်သည့်ရတနာ သို့မဟုတ် ထူးခြားသည့်အရာကိုမျှ မတွေ့ရှိခဲ့ပေ။
"ညီအစ်ကိုဖုန်း...။ ဒီကဝိညာဉ်စွမ်းအင်တွေက သိပ်ကိုကြွယ်ဝတာ...။ ဒီတံဆိပ်နဲ့များ ပတ်သက်နေမလား"
လျိုချင်းယန်က သူလည်း အခြားမည်သည့်ရတနာကိုမျှ မမြင်တွေ့ရသဖြင့် စပ်စုစွာ မေးလိုက်သည်။
"အရာအားလုံးမှာ ဝိညာဉ်ရှိတယ်...။ ဖြစ်နိုင်တာကတော့ သူတို့ရဲ့အချစ်ကြောင့်ပဲ...။ အဲ့ဒါက ထျန်းယွင်တောင်ရဲ့ အသီးအနှံတွေကို စိတ်လှုပ်ရှားစေခဲ့တယ်...။ ဒီလောက်နှစ်တွေအကြာကြီး ကြာပြီးတဲ့နောက်မှာတောင် ထျန်းယွင်တောင်ရဲ့ အသီးအနှံတွေက ဒီနေရာကို ကာကွယ်ပေးနေတုန်းပဲ...။ ဒါကြောင့် ဝိညာဉ်စွမ်းအင်တွေ ဒီမှာစုစည်းနေတာ..."
ဖုန်းဝူချန်က ခန့်မှန်းလိုက်သည်။
"ထျန်းယွင်တောင်ရဲ့ အသီးအနှံတွေကို စိတ်လှုပ်ရှားစေတယ် ဟုတ်လား"
လျိုချင်းယန်မှာ ရပ်တန့်သွားပြီး သူ၏မျက်နှာမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကာ သူ့ဘာသာသူ တွေးနေမိသည်။
...ဒါက မဟုတ်မဟတ်တွေ မဟုတ်ဘူးလား...။ လောကကြီးမှာ ဒီလိုအံ့ဖွယ်အရာမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ...။
"အပြင်ထွက်ပြီး ကျင့်ကြံကြစို့...။ သူတို့ကို မနှောင့်ယှက်ကြနဲ့တော့..."
ဖုန်းဝူချန်က လျစ်လျူရှုစွာ ဆိုလိုက်သည်။
"ရှေးကပုဂ္ဂိုလ်များရှင်...။ ကျွန်မတို့ ရှင်တို့ကို နှောင့်ယှက်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး...။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ...။ ချင်းအာ ရှင်တို့ကို အရိုအသေပေးပါတယ်...။ ရှင်တို့ အမြဲတမ်း အတူတူ ရှိနေနိုင်ပါစေလို့ မျှော်လင့်ပါတယ်..."
မြောင်ချင်းချင်းမှာ အလွန် စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်ချလိုက်ပြီး နတ်ဘုရား စုံတွဲထံသို့ ဦးညွှတ်၍ ကန်တော့လိုက်သည်။
"ချင်းအာ... ထတော့...။ ရှေးကပုဂ္ဂိုလ်တွေက ငါတို့ကို အပြစ်တင်မှာမဟုတ်ဘူးလို့ ငါယုံကြည်ပါတယ်..."
လျိုချင်းယန်က မြောင်ချင်းချင်းကို အလျင်အမြန် ထူပေးလိုက်သည်။
ထိုအခါ မြောင်ချင်းချင်းက ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။
သို့သော် မြောင်ချင်းချင်း မတ်တပ်ရပ်လိုက်သည်နှင့် ငြိမ်းချမ်း တိတ်ဆိတ်သော ဂူစံအိမ်အတွင်း၌ တောက်ပသော ခရမ်းရောင်
အလင်းတန်း တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။ ဤခရမ်းရောင်
အလင်းတန်း၏ ရင်းမြစ်မှာ ထိုတံဆိပ်ပင်ဖြစ်သည်။
"ညီအစ်ကိုဖုန်း...။ ဘာ... ဘာဖြစ်နေတာလဲ...။ ရှေးကပုဂ္ဂိုလ်တွေက ငါတို့ကို တကယ်ပဲ အပြစ်မတင်လောက်ပါဘူးနော်..."
လျိုချင်းယန်က ထိတ်လန့်တကြား မေးလိုက်ပြီး မြောင်ချင်းချင်းကို သူ၏နောက်သို့ အလျင်အမြန် ကာကွယ်လိုက်သည်။
"စိတ်မပူနဲ့...။ အန္တရာယ်အငွေ့အသက်မရှိဘူး"
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သော်လည်း သူကိုယ်တိုင်လည်း ဘာဖြစ်နေသည်ကို မသိပေ။
သုံးဦးသား ရှုပ်ထွေးစိုးရိမ်စွာ ရပ်နေစဉ်မှာပင် တောက်ပသော ခရမ်းရောင်အလင်းတန်းများ ပြိုးပြက်နေသည့် တံဆိပ်ပေါ်တွင် စာလုံးများ ဆက်တိုက်ပေါ်လာသည်။
"ကြည့်ပါဦး အစ်ကိုလျို...။ ဒါဘာလဲဟင်"
မြောင်ချင်းချင်းက ကြွေးကြော်လိုက်ပြီး သူမ၏မျက်လုံးများမှာ တံဆိပ်ပေါ်မှ စာလုံးများကို စူးစိုက်ကြည့်နေသည်။
လျိုချင်းယန်သည် စာလုံးတန်းများကို တုန်လှုပ်စွာ စိုက်ကြည့်နေပြီး ဆိုလိုက်သည်။
"ဒါက ဓားသိုင်း တစ်ခုနဲ့ တူတယ်"
"ဟုတ်တယ်...။ ဓားသိုင်း တစ်ခုပဲ..."
ဖုန်းဝူချန်က ပြုံးကာ အတည်ပြုလိုက်ပြီး ဘာဖြစ်နေသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။
ဖုန်းဝူချန်က ပြုံးကာ ဆိုလိုက်သည်။
" မိန်းကလေး ချင်းချင်းရဲ့ စေတနာက ရှေးကပုဂ္ဂိုလ်တွေကို စိတ်လှုပ်ရှားစေခဲ့တယ်...။ ဒါက မင်းတို့ရဲ့ ကံကောင်းတဲ့ တွေ့ဆုံမှုပဲ...။ ရှေးကပုဂ္ဂိုလ်တွေက သူတို့ရဲ့ဓားသိုင်းနဲ့ သူတို့ဘဝတစ်လျှောက်လုံး သင်ယူခဲ့သမျှကို မင်းဆီကို လက်ဆင့်ကမ်းပေးချင်နေတာ..."
"ကျွန်မကို လက်ဆင့်ကမ်းပေးမယ် ဟုတ်လား"
မြောင်ချင်းချင်းမှ အကြီးအကျယ် တုန်လှုပ်သွားသည်။
အမှန်စင်စစ် မြောင်ချင်းချင်း တုန်လှုပ်နေစဉ်မှာပင် ခရမ်းရောင်အလင်းတန်းတစ်ခုသည် သူမ၏နဖူးထဲသို့ ရုတ်တရက် ပစ်လွှတ်ဝင်ရောက်သွားပြီး သတင်းအချက်အလက်များစွာမှာ သူမ၏ စိတ်ထဲသို့ လှိုင်းလုံးကြီး တစ်ခုကဲ့သို့ စီးဝင်သွားသည်။
"အိုး…အံ့ဩစရာပဲ...။ ချင်းအာ...။ မင်း ကံကောင်းမှုကြီးနဲ့ ကြုံလိုက်ရတာပဲ"
လျိုချင်းယန်က ပျော်ရွှင်စွာ ကြွေးကြော်လိုက်သည်။
မြောင်ချင်းချင်းသည် သတင်းအချက်အလက်များကို လက်ခံရရှိနေစဉ်တွင် သူမ၏စိတ်ထဲ၌ ရှေးကပုဂ္ဂိုလ်နှစ်ဦး၏ ပုံရိပ်များကို မြင်တွေ့လိုက်ရ၏။ သူတို့ အတူတကွ ပျော်ရွှင်စွာ နေထိုင်ခဲ့သည့် မြင်ကွင်းများ၊ ဗျပ်စောင်းတီးခြင်း၊ ကခုန်ခြင်း၊ အတူတကွ ဓားသိုင်း လေ့ကျင့်ခြင်းနှင့် အခြား စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများ ဖြစ်သည်။
အမူအရာတိုင်းသည် နှလုံးသားကို ထိခတ်လှုပ်ရှားစေပြီး မသိလိုက်ခင်မှာပင် မြောင်ချင်းချင်း၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာလေသည်။ သူမ၏ မျက်နှာမှာလည်း စိတ်လှုပ်ရှားပြီး ပျော်ရွှင်သော အပြုံးရိပ် တစ်ခုကို ပြသနေတော့သည်။
..အင်း…စိတ်ကောင်းနှလုံးကောင်းရှိတဲ့ မိန်းကလေးပဲ...။ လျိုချင်းယန်က သူမကို ကောင်းကောင်းဆက်ဆံမယ်လို့ မျှော်လင့်ပါတယ်..
ဖုန်းဝူချန်က သူ့ဘာသာသူ တွေးနေမိပြီး သူ၏စိတ်မှာ မလွဲမသွေ လင်ရှောင်ရှောင်ထံသို့ ရောက်ရှိသွားသည်။
သူမကို မတွေ့ရသည်မှာ ရက်ပေါင်းများစွာ ကြာပြီ ဖြစ်ရာ ဖုန်းဝူချန်သည် လင်ရှောင်ရှောင်ကို လွမ်းမိသွားရပါသည်။
"ချင်းအာ ဘာလို့ငိုနေတာလဲ"
လျိုချင်းယန်က မြောင်ချင်းချင်းကို နှစ်သိမ့်ရန် ဟန်ပြင်လိုက်စဉ်တွင် ဖုန်းဝူချန်က သူ့ကို တားဆီးလိုက်ပြီး ဂူစံအိမ်မှ အလျင်အမြန် ဆွဲထုတ်လိုက်သည်။
"ညီအစ်ကိုဖုန်း...။ ခင်ဗျား ဘာလုပ်နေတာလဲ"
လျိုချင်းယန်က နားမလည်စွာ မေးလိုက်သည်။
ထိုအခါ ဖုန်းဝူချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
"ချင်းချင်းက ရှေးက ပုဂ္ဂိုလ်တွေရဲ့ အတိတ်က ပုံရိပ်တွေကို မြင်နေရမှာပဲ...။ သူတို့ရဲ့ အမွေအနှစ်ကို လက်ခံရရှိနေတာ ဖြစ်နိုင်တယ်...။ ဒါက သူ့ရဲ့ အခွင့်အရေးပဲ...။ သူ့ကို မနှောင့်ယှက်ကြရအောင်...။ ကျင့်ကြံဖို့ နေရာကောင်းတစ်ခု ရှာကြစို့..."
"အော်... ဒီလိုကိုး...။ ဒါဆို ကောင်းတာပေါ့"
လျိုချင်းယန်က ပြုံးကာ စိတ်အေးသွားသည်။
သူတို့အပြင်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် ဆန်းကြယ်သော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။
တောင်ထဲမှ သားရဲအမျိုးမျိုးတို့သည် တောင်ကြားပတ်လည်တွင် အမှန်တကယ်ပင် စုရုံးနေကြ၏။ ၎င်းတို့သည် လှပသော ဗျပ်စောင်းသံစဉ်ကို နားထောင်နေသကဲ့သို့ ဆွဲဆောင်ခံနေရကာ ထွက်ခွာရန် မလိုလားကြပေ။
ငှက်များမှာ လေထဲတွင် ကခုန်နေကြပြီး ပန်းများမှာ လှုပ်ယမ်းနေကာ အတိတ်က ပျော်ရွှင်ဖွယ်မြင်ကွင်းများမှာ သူတို့ရှေ့မှောက်တွင် ပြန်လည်ပေါ်ထွက်လာသကဲ့သို့ ရှိနေသည်။
နတ်ဘုရား မောင်နှံတို့၏အချစ်သည် အမှန်တကယ်ပင် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်စေခဲ့ပြီး သက်ရှိအားလုံးကို ထိခတ်စေခဲ့သည်။