← Chapters

အသွင်ပြောင်း ဘုံသို့ အဆင့်ချိုးဖြတ်တက်ရောက်ခြင်း

Vol. 4 Ch. 48

အသွင်ပြောင်း ဘုံသို့ အဆင့်ချိုးဖြတ်တက်ရောက်ခြင်း

Vol. 4 Ch. 48

~အင်ပါယာ၏ ဗိုလ်ချုပ်ကြီး ကိုယ်တိုင်ကိုယ်ကျ ယွင်ကျိုးသို့ ကြွလာသည်ဆိုသည့်သတင်းသည် ယွင်ကျိုးရှိ မည်သည့်

အင်အားကြီးဂိုဏ်းကိုမှ လှုပ်လှုပ်ရှားရှား ဖြစ်မသွားစေခဲ့ပေ။

ခမ်းနားထည်ဝါလှသော ရွှမ်းထျန်းဂိုဏ်း၏ နန်းတော်ကြီးအတွင်း၌မူ မူယွင်ထျန်းနှင့် ဂိုဏ်းသားများအားလုံးသည် ရင်ပြင်တော်တွင် အသင့်စောင့်ဆိုင်းနေကြလေသည်။

“ယွင်ရှန်း... ဗိုလ်ချုပ်ကြီးက ရွှမ်းထျန်းဂိုဏ်းကို ဘာကိစ္စနဲ့ လာတယ်လို့များ ပြောသွားသေးသလား”

မူယွင်ထျန်းက စတင်၍ မေးမြန်းလိုက်၏။

မူယွင်ရှန်းက ခေါင်းကို ခါယမ်းလိုက်သည်။

“ဗိုလ်ချုပ်ကြီးက ဒီနေ့ ရွှမ်းထျန်းဂိုဏ်းကို လာမယ်လို့ပဲ လူကြုံနဲ့ အကြောင်းကြားလိုက်တာပါ... ဘာကိစ္စလဲ ဆိုတာတော့ ထည့်မပြောသွားပါဘူး”

“ဗိုလ်ချုပ်ကြီးက ရွှမ်းထျန်းဂိုဏ်းကို တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ လာဖူးတာ မဟုတ်ဘူး။ ဒီတစ်ခါ တိုက်ရိုက် ကြွလာတယ် ဆိုကတည်းက သာမန် ကိစ္စတော့ မဖြစ်နိုင်ဘူး”

အကြီးအကဲရှဲ့ဟဲက မျက်နှာထား တည်တည်ဖြင့် ဝင်ရောက်

မှတ်ချက်ချသည်။

ဟုတ်ပေသည်၊ ဗိုလ်ချုပ်ကြီး၏ ရုတ်တရက်ဆန်သော ကြွရောက်လာခြင်းသည် သူတို့အားလုံးကို အတွေးကိုယ်စီဖြင့် ခေါင်းခြောက်စေသည်မှာ အမှန်ပင်။

“ဗိုလ်ချုပ်ကြီး ကြွလာပါပြီ”

ရုတ်တရက် ရွှမ်းထျန်းဂိုဏ်း၏ အဝင်ဝတွင် ရိုသေလေးစားစွာ ကြွေးကြော်လိုက်သံတစ်ခု ထွက်ပေါ်လာ၏။

ထိုအခါ ရွှမ်းထျန်းဂိုဏ်းသားအားလုံးက တစ်ပြိုင်နက်တည်း ရိုရိုသေသေ နှုတ်ခွန်းဆက်လိုက်ကြသည်။

“ဗိုလ်ချုပ်ကြီးကို လှိုက်လှဲစွာ ကြိုဆိုပါတယ်”

ဟိန်းထွက်သွားသော အသံများသည် ရွှမ်းထျန်းဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဗိုလ်ချုပ်ကြီးအပေါ်ထားသည့် သူတို့၏ နက်ရှိုင်းသော လေးစားမှုကို ဖော်ပြနေသကဲ့သို့ ရှိလေသည်။

ထိုအခိုက်အတန့်၌ အနက်ရောင် ပိုးထည်ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် လူတစ်ဦးသည် ရွှမ်းထျန်းဂိုဏ်းထဲသို့ ခြေချ ဝင်ရောက်လာသည်။ သူ၏ အသက်မှာ လေးဆယ်ကျော်ခန့် ရှိပေမည်။

သူ့မျက်နှာထက်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်ချက် ချိတ်ဆွဲထားသော်ငြား ဗိုလ်ချုပ်ကြီး တစ်ဦး၏ ခန့်ညားသောဟန်ပန်နှင့် တန်ခိုးဩဇာအရှိန်အဝါကိုမူ ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။

သူ၏ ကြွရောက်လာခြင်းသည် အခြွေအရံအများအပြားနှင့်မဟုတ်ဘဲ လူအနည်းငယ်ကိုသာ ခေါ်ဆောင်လာခဲ့ခြင်းတည်း။

“ဒီလောက်တောင် သူစိမ်းဆန် ကြီးကျယ်နေဖို့ မလိုပါဘူးဗျာ”

ယဲ့ချန်းချုံက ယဉ်ကျေးစွာပြုံးရင်း ဆိုလိုက်သည်။

သူ့ထံတွင် စစ်ဘက်အရာရှိ တစ်ဦး၏ မာန်မာနမျိုး အစအနပင် မတွေ့ရချေ။

“ဂိုဏ်းချုပ်ဟောင်းမူ၊ ဂိုဏ်းချုပ်မူ... မတွေ့ရတာ နှစ်တွေကြာပြီပဲ... အားလုံး နေကောင်းကျန်းမာကြရဲ့လား”

ယဲ့ချန်းချုံက ရင်းရင်းနှီးနှီးပင် နှုတ်ဆက်လိုက်၏။

မူယွင်ထျန်းသည် ယွင်ကျိုး၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်သလို စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်လည်းဖြစ်သည့်အတွက် အင်ပါယာ၏ ဗိုလ်ချုပ်ကြီးဖြစ်သော ယဲ့ချန်းချုံကပင် လေးစားမှုအပြည့်ပြရသည်။

မူယွင်ထျန်းက ခေါင်းညိတ်ရင်း ပြုံးကာ ပြန်လည်တုံ့ပြန်သည်။

“ဗိုလ်ချုပ်ကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်”

မူယွင်ရှန်းက လက်ဖြင့်ဖိတ်ခေါ်ဟန်ပြရင်း ယဉ်ကျေးစွာ ဆိုလိုက်၏။

“ဒီဘက်ကို ကြွပါ... ဗိုလ်ချုပ်ကြီး”

“ကျေးဇူးပါပဲ... ဂိုဏ်းချုပ်မူ”

ယဲ့ချန်းချုံက ယဉ်ကျေးစွာပင် ပြန်လည်တုံ့ပြန်ရင်း ခန်းမဆောင်ကြီးထဲသို့ လိုက်ပါသွားတော့သည်။

ရွှမ်းထျန်းဂိုဏ်း၏ တပည့်များမှာမူ ဗိုလ်ချုပ်ကြီး အဘယ်ကြောင့် ရုတ်တရက် ရောက်လာမှန်း မည်သူမျှမသိကြသဖြင့် တီးတိုးတီးတိုးဖြင့် ဆွေးနွေးနေကြလေသည်။

ခန်းမဆောင်ကြီးထဲတွင် ယဲ့ချန်းချုံ ကြွလာမည်ကို သိထားသည့်အတွက် မူယွင်ရှန်းက သူ့ကိုဧည့်ခံရန် စားသောက်ပွဲတစ်ခုကို အသင့်ပြင်ဆင်ထားပြီးသားဖြစ်သည်။

“ဗိုလ်ချုပ်ကြီး ကိုယ်တိုင်ကိုယ်ကျ ကြွရောက်လာတာဟာ ရွှမ်းထျန်းဂိုဏ်းအတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ။ ကျွန်တော် ဗိုလ်ချုပ်ကြီးကို ဂုဏ်ပြုပါတယ်”

မူယွင်ရှန်းက သူ၏ခွက်ကို မြှောက်ရင်း ဆိုလိုက်သည်။

“ကောင်းပြီလေ... ဒါဆိုရင် ဂုဏ်ပြုကြတာပေါ့”

ယဲ့ချန်းချုံကလည်း သောက်မည့်ဟန်အပြည့်ဖြင့် ပြန်ပြောရင်း တစ်ကျိုက်တည်း မော့ချလိုက်တော့သည်။

မူယွင်ထျန်းနှင့် ရွှမ်းထျန်းဂိုဏ်းမှ အကြီးအကဲများအားလုံးကလည်း ဂုဏ်ပြုအရက်ခွက်များကို မော့ကြရာ ခန်းမဆောင်တစ်ခုလုံး ရယ်သံများဖြင့် ပြည့်နှက်သွားလေ၏။

ယဉ်ကျေးမှုအရ နှုတ်ဆက်ပွဲ ပြီးဆုံးသွားသည့်အခါမှာတော့ သူတို့အားလုံး အဓိကပြောစရာဆီသို့ ရောက်လာကြတော့သည်။

မူယွင်ထျန်းက ပထမဆုံး စတင်မေးမြန်းလိုက်၏။

“ဒီတစ်ခေါက် ဗိုလ်ချုပ်ကြီး ကိုယ်တိုင်ကိုယ်ကျ ကြွရောက်လာရတဲ့ အကြောင်းရင်းက ဘာများပါလဲ”

“ပွင့်ပွင့်လင်းလင်းပဲ ပြောရရင်တော့... ဒီတစ်ခေါက် ကျွန်တော်လာရတဲ့ အဓိကအကြောင်းရင်းက ဆရာဖုန်းအတွက်ပါပဲ”

ယဲ့ချန်းချုံက ဝေ့လည်ကြောင်ပတ်မလုပ်ဘဲ တည့်တိုးပင် ဖွင့်ဟလိုက်သည်။

“ဆရာဖုန်း... တဲ့လား”

မူယွင်ထျန်းနှင့် တခြားလူများအားလုံး ကြက်သေသေသွားကြသည်။ အင်ပါယာ၏ ထိပ်တန်းဗိုလ်ချုပ်ကြီးက ဆရာဖုန်းအတွက် ကိုယ်တိုင်ကိုယ်ကျ ကြွလာသည်ဆိုပါလား။

ယဲ့ချန်းချုံက ခေါင်းညိတ်ရင်း လေးနက်စွာ ဆို၏။

“ဟုတ်ပါတယ်... ဆရာဖုန်းရဲ့ ဂုဏ်သတင်းက တော်ဝင်မိသားစုအထိတောင် ရောက်သွားခဲ့ပြီ... ကျွန်တော်လာရတာက ဆရာဖုန်းကို အင်ပါယာဆီ ဖိတ်ခေါ်ဖို့ပါပဲ။ ဒီကိစ္စကို ဧကရာဇ်မင်းကြီးဆီ ကျွန်တော် အစီရင်ခံပြီးသားဖြစ်ပြီး သူကလည်း သဘောတူပါတယ်”

ခေတ္တရပ်ပြီးနောက် ယဲ့ချန်းချုံက ဆက်ပြောသည်။

“အတွေးဖြင့် ပုံဖော်နိုင်တဲ့ အစွမ်းထက်တဲ့ လက်နက်ပညာရှင်

တစ်ယောက်အကြောင်း တစ်ခါမှ မကြားဖူးခဲ့ဘူး... ဆဌမတန်း အဆင့် လက်နက်ပညာရှင်တောင်မှ အတွေးဖြင့် ပုံဖော်ခြင်းကို လုပ်နိုင်ပါတယ်လို့ မပြောရဲဘူး။ ဆရာဖုန်းရဲ့ ဖြစ်တည်မှုက အင်ပါယာအတွက် အလွန်အရေးကြီးပါတယ်... အင်ပါယာရဲ့ စတုတ္ထအဆင့် လက်နက်ပညာရှင်တွေတောင် ဝိညာဉ်လက်နက်တွေ သွန်းလောင်းဖို့ ခက်ခဲနေကြတာ... အကယ်၍ ဆရာဖုန်းသာ အင်ပါယာအတွက် ဝိညာဉ်လက်နက်တွေ သွန်းလောင်းပေးဖို့ ဆန္ဒရှိမယ်ဆိုရင်... ကျွန်တော်တို့ရဲ့ အင်အားက အဆတစ်ရာလောက် ပိုပြီး ထက်ရှလာလိမ့်မယ်”

“အင်ပါယာအတွက် ဗိုလ်ချုပ်ကြီးက အစွမ်းကုန်ကြိုးပမ်းပြီး အကောင်းဆုံးဆောင်ရွက်ပေးတာ တကယ်ကို လေးစားဖို့ကောင်းပါတယ်”

မူယွင်ထျန်းက လက်သီးများ ဆုပ်ကာ ဆိုလိုက်သည်။

ယဲ့ချန်းချုံက ရည်မွန်စွာ ရယ်မောရင်း ပြန်ဖြေလေ၏။

“ဂိုဏ်းချုပ်‌ဟောင်းမူက မြှောက်ပြောလွန်းနေပါပြီ... ဒါက ကျွန်တော့်ရဲ့ တာဝန်ပဲလေ”

“သတင်းတွေအရတော့ ဆရာဖုန်းက အတွေးဖြင့် ပုံဖော်ခြင်းကို တကယ်ပဲ လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်... လေလံပွဲရုံက အကြီးအကဲဝေ့ယွင် ကိုယ်တိုင် မျက်မြင်သက်သေပါပဲ... ဆရာဖုန်းက ဆေးဖော်စပ်ပညာရှင် တစ်ယောက်လည်း ဖြစ်တယ်လို့ ဆိုကြတယ်ဗျ”

မူယွင်ရှန်းက ထိုသို့ လေးနက်စွာ ဆိုလိုက်သည်။

ယဲ့ချန်းချုံက ခေါင်းညိတ်လိုက်ကာ

“ကျွန်တော်လည်း ဒီအကြောင်း ကြားပြီးပါပြီ... တကယ်ကို မယုံနိုင်စရာ ပါရမီရှင်ပဲ... သူ့ဆရာက ဘယ်သူဖြစ်မလဲ... ဒီလောက် ပါရမီထူးတဲ့တပည့်ကို ပျိုးထောင်ပေးနိုင်တဲ့သူက ဘယ်လို အစွမ်းထက်ပုဂ္ဂိုလ်မျိုး ဖြစ်မလဲဆိုတာ သိချင်မိတယ်... ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော်တို့ အင်ပါယာအတွက် ကောင်းချီးတစ်ခုပါပဲ”

“ဗိုလ်ချုပ်ကြီး... ကျွန်တော်တို့က ဗိုလ်ချုပ်ကြီးကို ဆရာဖုန်းနဲ့ တွေ့ဖို့ ခေါ်သွားပေးရမလား”

အကြီးအကဲရှဲ့ဟဲက မေးလိုက်ခြင်းပါ။

ထိုအခါ ယဲ့ချန်းချုံက ခေါင်းညိတ်ရင်း အတည်ပြုလိုက်သည်။

“ဟုတ်တယ်... ဆရာဖုန်းက အရင်က ရွှမ်းထျန်းဂိုဏ်းကို လာလည်ဖူးတယ်လို့ ကြားပါတယ်”

ဒီစကားကို ကြားတော့ ရှဲ့ဟဲက ခါးသက်သက် ပြုံးလိုက်သည်။

“ဗိုလ်ချုပ်ကြီး မသိသေးလို့ပါ... ကျွန်တော်တို့လည်း ဆရာဖုန်း ဘယ်ရောက်နေမှန်း မသိပါဘူး... ။

သူ ထျန်းတုမှာ မပေါ်လာတာ တစ်လကျော်နေပါပြီ... ဖြစ်နိုင်တာက သူ ထျန်းတုကနေ ထွက်သွားလောက်ပါပြီ”

ဒီတစ်ခါတော့ ယဲ့ချန်းချုံ မျက်မှောင်ကြုတ်သွားသည်။

“သူ မရှိတာ တစ်လ ကျော်ပြီ ဟုတ်လား... ဒါဆို ဘယ်လိုလုပ်ကြမလဲ”

မူယွင်ထျန်းက ခေါင်းခါရင်း ဆိုသည်။

“ယွင်ကျိုးက အင်အားကြီးဂိုဏ်းတော်တော်များများက ဆရာဖုန်းကို ရှာနေကြတာပါ... အကြီးအကဲဝေ့ယွင်တောင် ဆရာဖုန်း ဘယ်မှာရှိမှန်းမသိပါဘူး”

“တော်ဝင်အမိန့်ထုတ်ပြန်ပြီး ဆရာဖုန်းကို ဆင့်ခေါ်လိုက်ရင်ကော”

ဒုတိယအကြီးအကဲ လั่วရွှမ်းက အကြံပြုလိုက်သည်။

ယဲ့ချန်းချုံက အခက်တွေ့သော လေသံဖြင့် တုံ့ပြန်သည်။

“အဲဒါတော့ မဖြစ်ဘူး... ကျွန်တော် ဆရာဖုန်းကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး... သူက လူသိရှင်ကြား သိပ်မဖြစ်ချင်ဘူး ထင်တယ်... ကျွန်တော်တို့က အမိန့်ထုတ်ပြန်ပြီး ဆင့်ခေါ်လိုက်ရင် ဆရာဖုန်းက ငြင်းတောင် ငြင်းလိုက်နိုင်တယ်”

“ဗိုလ်ချုပ်ကြီး... စိတ်မပူပါနဲ့... ဖြစ်နိုင်တာက ဆရာဖုန်းက တစ်နေရာရာမှာ ကျင့်ကြံနေပြီး မထွက်ခွာသေးတာလည်း ဖြစ်နိုင်ပါတယ်... ကျွန်တော်တို့ လူလွှတ်ပြီး ရှာခိုင်းလို့ ရပါတယ်”

မူယွင်ထျန်းက အဆိုပြုလိုက်၏။

“ဟုတ်တယ်... အခု လောလောဆယ်တော့ ဒါပဲ လုပ်လို့ ရတော့မယ်”

ယဲ့ချန်းချုံက သဘောတူလိုက်သည်။

ထို့နောက် မူယွင်ထျန်းသည် ချက်ချင်းပင် ရွှမ်းထျန်းဂိုဏ်းမှ တပည့်များကို တောင်အောက် ဆင်း၍ ဆရာဖုန်းကို ရှာဖွေရန် အမိန့်ပေးလိုက်တော့သည်။

ရက်ပေါင်းများစွာဆက်တိုက် ထျန်းတုမြို့၏ မြို့သခင်ကပင် လူလွှတ်၍ ရှာဖွေခဲ့သော်လည်း သဲလွန်စ တစ်ခုမှ မရခဲ့ရာ ဗိုလ်ချုပ်ကြီးကို အလွန်ပင် စိတ်ပျက်သွားစေခဲ့သည်။ သဲလွန်စ မရှိဘဲ ရှာဖွေခြင်းသည် ပင်လယ်ထဲတွင် အပ်တစ်ချောင်း ရှာသကဲ့သို့ပင် မဟုတ်ပါလား။ ဖြစ်နိုင်ခြေ အရှိဆုံးမှာ ဆရာဖုန်းသည် ယွင်ကျိုးမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ယဲ့ချန်းချုံသည် လက်မလျှော့ဘဲ နောက်ပိုင်းတွင် ရှာဖွေရေး ဧရိယာကို ချဲ့ထွင်လိုက်ရာ ရွှမ်းထျန်းဂိုဏ်းမှ တပည့်အများအပြားသည် ထျန်းကျိုးနှင့် ယွင်ကျိုးသို့တိုင် လွှမ်းခြုံ ရှာဖွေသွားကြတော့သည်။

အချိန်သည် တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားသော်လည်း သတင်းကောင်းကား ကြားမလာခဲ့ပေ။

ထိုအချိန်မှာပင် ဖုန်းဝူချန်သည် ထျန်းယွင်တောင်တွင် ရှိနေဆဲ ဖြစ်သည်။ သူသည် အပြင်လောက၏ အဖြစ်အပျက်များကို လုံးဝမသိရှိခဲ့ပေ။

ဖုန်းဝူချန်သည် ထျန်းယွင်တောင်တွင် ကျင့်ကြံနေသည်မှာ ယခုဆိုလျှင် နှစ်လပင်ရှိနေပြီဖြစ်ပြီး သူသည် အသွင်ပြောင်း ဘုံ ပထမအလွှာသို့ ချောမွေ့စွာ အဆင့်ချိုးဖြတ်

တက်ရောက်နိုင်ခဲ့သည်။ သူသည် သိုင်းပညာများကို လေ့ကျင့်ရန် ရက်အနည်းငယ် အချိန်ယူခဲ့ရာ သူ၏စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

“အသွင်ပြောင်း ဘုံဆိုတာ ဒါမျိုးကိုး... ငါ့ရဲ့စွမ်းအားက ဒီလောက်တောင် တိုးလာတာပဲ”

ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ပိုမိုအားကောင်းလာခြင်း၏ ခံစားချက်ကြောင့် သူ၏ ရင်ထဲမှ ပီတိကို ဖိနှိပ်ထား၍ မရတော့။

အသွင်ပြောင်း ဘုံ ပထမအလွှာသို့ အဆင့်ချိုးဖြတ်တက်ရောက်ပြီးနောက် ဖုန်းဝူချန်သည် သူ၏ခန္ဓာကိုယ်တွင် အထူးသဖြင့် ကြီးမားသော

ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိလိုက်ရ၏။ သူ၏ စွမ်းအား၊ အမြန်နှုန်းနှင့် အာရုံခံနိုင်စွမ်း အစရှိသည်တို့သည် အဆင့်မြင့်ဆင့်ကဲ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သကဲ့သို့ သိသိသာသာ တိုးတက်လာခဲ့သတည်း။ ဤသည်မှာ အထွတ်အထိပ် ခန္ဓာ ကျင့်စဉ်ကို ကျင့်ကြံခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

“တတိယအဆင့် ကောင်းကင်ဘုံအမျက် လက်ဝါး”

စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဖုန်းဝူချန်သည် သူ၏အစစ်အမှန်ယွမ်ကို အလျင်အမြန် လည်ပတ်ကာ အားရပါးရ ကြွေးကြော်လိုက်သည်။ သူသည် အဝေးမှ လက်ဝါးချက်တစ်ခု ပစ်သွင်း လိုက်ရာ ဆယ်ပေခန့် ကြီးမားသော ရွှေရောင် စွမ်းအင် လက်ဝါးပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။

“ဘုန်း”

အားပြင်းသော လက်ဝါးပုံရိပ်သည် ကြီးမားသော ကျောက်တုံးကြီးတစ်ခုကို ထိမှန်ကာ ပေါက်ကွဲသံနှင့်အတူ ကျောက်တုံးကြီးသည် ချက်ချင်းပင် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကြေမွသွားပြီး အရပ်ရှစ်မျက်နှာသို့ လွင့်စင်သွားတော့သည်။ ဤလက်ဝါး၏ စွမ်းပကားက ဖုန်းဝူချန်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။

“ဘာ... ဘာဖြစ်တာလဲ... ဘာလို့ နဂါးနတ်ဘုရားစွမ်းအင် ဖြစ်သွားရတာတုန်း”

ဖုန်းဝူချန်၏ မျက်နှာသည် နားမလည်နိုင်မှုနှင့် တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

ဖုန်းဝူချန် ထုတ်လွှတ်လိုက်သော အစစ်အမှန်ယွမ်သည် နဂါးနတ်ဘုရား၏ အသက်ရှုငွေ့မှ ပြောင်းလဲလာခြင်းဖြစ်ပြီး နဂါးနတ်ဘုရား၏ စွမ်းအင်ကိုယ်တိုင် မဟုတ်ချေ။ သို့ဆိုလျှင် သူသိုင်းပညာသုံးသည့်အခါ သူ၏စွမ်းအင်သည် အဘယ်ကြောင့် နဂါးနတ်ဘုရား၏ စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားရသနည်း။

တုန်လှုပ်ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ကို ခံစားရရင်း ဖုန်းဝူချန်သည် သူ့ကိုယ်တွင်းမှ ချီပင်လယ်ကို အလျင်အမြန် စစ်ဆေးလိုက်သည်။ ဤသို့ စစ်ဆေးလိုက်သည့်အခါမှာတော့ ဖုန်းဝူချန်တစ်ယောက် မှင်သက်သွားရပြန်သည်။

သူ၏ချီပင်လယ် အလယ်ဗဟိုတွင် ရှိနေသည်က.. တောက်ပနေသော ရွှေရောင်စွမ်းအင်မျှင် တစ်မျှင်..။

ရွှေရောင်စွမ်းအင်မျှင်က သူ၏ချီပင်လယ်တစ်ခုလုံးကို ပြည့်နှက်သွားခဲ့ပြီး အစစ်အမှန်ယွမ်၏ အရိပ်အယောင်ပင်မကျန်တော့ဘဲ နဂါးနတ်ဘုရား၏ စွမ်းအင်များသာ ဖြစ်တည်နေတော့သည်။

“ဒါ... ဒါ ဘာတွေဖြစ်ကုန်တာလဲ”

ဖုန်းဝူချန်၏ မျက်နှာသည် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူခန့်မှန်းလိုက်သည်။

“ငါ့ရဲ့ အစစ်အမှန်ယွမ်အားလုံးက နဂါးနတ်ဘုရားရဲ့ စွမ်းအင်အဖြစ် ပြောင်းလဲသွားတာများလား”

ဖုန်းဝူချန်သည် ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ခဲ့သည်ကို မသိခဲ့။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူသိုင်းပညာ လေ့ကျင့်စဉ်က ဤအခြေအနေမျိုး မရှိခဲ့။

သူသည် ယနေ့မှသာ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အကြိမ်များစွာ ကြိုးစားပြီးနောက် သူ ထုတ်လွှတ်လိုက်သော စွမ်းအင်သည် နဂါးနတ်ဘုရား၏ စွမ်းအင်သာ ဖြစ်နေဆဲပင်။

နဂါးနတ်ဘုရားစွမ်းအင်၏ တည်ရှိမှုသည် သာမန်အစစ်အမှန်ယွမ်ထက် များစွာပိုမိုအားကောင်းလေသည်။

နဂါးနတ်ဘုရား၏ အသက်ရှုငွေ့သည်လည်း နဂါးနတ်ဘုရားစွမ်းအင်ထဲသို့ ပေါင်းစပ်သွားခဲ့ရာ ဖုန်းဝူချန်၏ ချီပင်လယ်အတွင်း၌ စွမ်းအင်တစ်မျိုးတည်းသာ ရှိတော့သည်...။ ထိုအရာမှာ နဂါးနတ်ဘုရား၏ စွမ်းအင်ပင်။

နှစ်မျိုးလုံးပေါင်းစပ်လိုက်သည့်အခါ ဖုန်းဝူချန်သည် နဂါးနတ်ဘုရားစွမ်းအင်ကို ပိုင်ဆိုင်ရုံသာမက ၎င်းကို ဓာတ်ငါးမျိုး

ခန္ဓာကိုယ်ပိုင်ရှင်များထက်ပင် ပိုမိုအားကောင်းသော ဒြပ်စင်အမျိုးမျိုး၏ အစစ်အမှန်ယွမ်အဖြစ်သို့ လွတ်လပ်စွာ ပြောင်းလဲနိုင်ခဲ့သည်။

ဓာတ်ငါးမျိုးခန္ဓာကိုယ်

ပိုင်ဆိုင်သော ကျင့်ကြံသူများတွင် အစစ်အမှန်ယွမ်ဒြပ်စင် ငါးမျိုးရှိသည်။ ဖုန်းဝူချန်မှာမူ တစ်မျိုးတည်းသာ ရှိသော်လည်း သူ၏ဂုဏ်သတ္တိများကို လွတ်လပ်စွာ ပြောင်းလဲနိုင်သည်။

[အပိုမှတ်စု- "ဓာတ်ငါးပါးခန္ဓာ" ဆိုသည်မှာ သာမန်ခန္ဓာကိုယ်

တစ်ခုမျှသာ မဟုတ်ဘဲ၊ စကြဝဠာ၏ အခြေခံစွမ်းအင်များ ဖြစ်သည့် ဒြပ်ငါးပါးနှင့် အထူးသဟဇာတ ဖြစ်နေသော ရှားပါးပြီး ထူးခြားသည့် ခန္ဓာကိုယ် ဖွဲ့စည်းပုံ တစ်မျိုးကို ဆိုလိုခြင်း ဖြစ်သည်။ ဤခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်သူသည် သိုင်းပညာနှင့် ကျင့်ကြံခြင်း

လမ်းကြောင်းတွင် သာမန်လူများထက် များစွ သာလွန်သော အစွမ်းအစများကို ပိုင်ဆိုင်နိုင်စွမ်း ရှိသည်ဟု ယူဆကြသည်။

ဓာတ်ငါးပါး (Wu Xing - 五行) ၏ အခြေခံသဘောတရား

ဒြပ်ငါးပါးခန္ဓာကို နားလည်ရန်အတွက် ရှေးဟောင်းတရုတ်ဒဿနနှင့် ဆေးပညာ၏ အခြေခံအုတ်မြစ်ဖြစ်သော "ဝူရှင်း" (五行) ခေါ် ဒြပ်ငါးပါးကတော့

* သစ်သား (木 mù): ကြီးထွားခြင်း၊ ပြောင်းလွယ်ပြင်လွယ်ရှိခြင်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို ကိုယ်စားပြုသည်။ ခန္ဓာကိုယ်တွင် အသည်းနှင့် သည်းခြေအိတ်တို့နှင့် ဆက်စပ်နေသည်။

* မီး (火 huǒ): စိတ်အားထက်သန်မှု၊ တက်ကြွမှုနှင့် ပြောင်းလဲခြင်းကို ကိုယ်စားပြုသည်။ ခန္ဓာကိုယ်တွင် နှလုံးနှင့် အူသိမ်တို့နှင့် ဆက်စပ်နေသည်။

* မြေ (土 tǔ): တည်ငြိမ်ခြင်း၊ အာဟာရဖြည့်တင်းခြင်းနှင့် လက်တွေ့ကျခြင်းကို ကိုယ်စားပြုသည်။ ခန္ဓာကိုယ်တွင် သရက်ရွက်နှင့် အစာအိမ်တို့နှင့် ဆက်စပ်နေသည်။

* သတ္တု (金 jīn): ခိုင်မာခြင်း၊ ရှင်းလင်းပြတ်သားခြင်းနှင့် ဖွဲ့စည်းတည်ဆောက်မှုကို ကိုယ်စားပြုသည်။ ခန္ဓာကိုယ်တွင် အဆုတ်နှင့် အူမကြီးတို့နှင့် ဆက်စပ်နေသည်။

* ရေ (水 shuǐ): စီးဆင်းခြင်း၊ လိုက်လျောညီထွေရှိခြင်းနှင့် နက်နဲမှုကို ကိုယ်စားပြုသည်။ ခန္ဓာကိုယ်တွင် ကျောက်ကပ်နှင့် ဆီးအိမ်တို့နှင့် ဆက်စပ်နေသည်။

~ဤဓာတ်ငါးပါးသည် တစ်ခုနှင့် တစ်ခု အပြန်အလှန် အားဖြည့် မွေးဖွားခြင်း (သစ်သားက မီးကို မွေး၊ မီးက မြေကို မွေး) နှင့် ထိန်းချုပ်ခြင်း (ရေက မီးကို နိုင်၊ မီးက သတ္တုကို နိုင်) စသည့် သံသရာ လည်ပတ်မှုများဖြင့် စကြဝဠာ တစ်ခုလုံး၏ ဟန်ချက်ကို ထိန်းညှိပေးထားသည်။]

ဘာတွေ ဖြစ်နေမှန်း မရှင်းလင်းသဖြင့် ဖုန်းဝူချန်လည်း ဆက်မတွေးတော့။ နောက်ဆုံးတော့ ဒါက သူ့အတွက် အန္တရာယ် ရှိသည်မှ မဟုတ်ဘဲကိုး။

တောင်ကြားကို နှုတ်ဆက်ပြီးနောက် ဖုန်းဝူချန်သည် တောင်အောက်သို့ ဆင်းလာခဲ့သည်။

အသွင်ပြောင်း ဘုံသို့ အဆင့်ချိုးဖြတ် တက်ရောက်ပြီးနောက် ဖုန်းဝူချန်၏ အမြန်နှုန်းသည် အဆပေါင်းများစွာ တိုးလာခဲ့သည်။ သူသည် အလွန် လျင်မြန်စွာ လှုပ်ရှားကာ ရှုပ်ထွေးသော တောင်တန်း တောအုပ်ထဲတွင် လူးလာ ခေါက်တုံ့ ပျံသန်းခုန်လွှားလိုက်၏။ မျက်စိ တစ်မှိတ်အတွင်းမှာပင် တောနက်ထဲသို့ တိုးလျှိုး ပျောက်ကွယ်သွားခဲ့၏။

ဆယ်မိနစ်ကျော်ကျော်အတွင်းမှာပင် ဖုန်းဝူချန်သည် ထျန်းယွင်တောင်မှ ထွက်ခွာနိုင်ခဲ့သည်။

တစ်နာရီအကြာတွင် ဖုန်းဝူချန်သည် လွမ်ထျန်းမြို့သို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့၏။

“ညီအစ်ကိုဖုန်း”

သူ မြို့ထဲသို့ ဝင်လိုက်သည်နှင့် လျိုချင်းယန်၏ စိတ်လှုပ်ရှားစွာ ကြွေးကြော်သံသည် ဖုန်းဝူချန်၏ နားထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။

ဖုန်းဝူချန်သည် သူ့ထံသို့ ပြေးလာနေသော လျိုချင်းယန်နှင့် မြောင်ချင်းချင်းကို အံ့ဩစွာ ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည်။

“ထူးဆန်းလိုက်တာ... ငါ တောင်ပေါ်က ဆင်းလာမယ်ဆိုတာ သူတို့က ဘယ်လို သိနေကြတာလဲ”

“ညီအစ်ကိုဖုန်း... ခင်ဗျားကို စောင့်နေတာ ရက်တော်တော် ကြာပြီ”

လျိုချင်းယန်က စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

လျိုချင်းယန်က ပြုံးရင်း..

“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ခင်ဗျား ဒီရက်ပိုင်းအတွင်း တောင်ပေါ်က ဆင်းလာမယ်လို့ ကျွန်တော်တို့က ခန့်မှန်းထားကြတာ... အဲ့ဒါကြောင့် ချင်းချင်းနဲ့ ကျွန်တော် မြို့တံခါးဝမှာ စောင့်နေကြတာပါ”

မြောင်ချင်းချင်းက ရွှင်ပျစွာ ပြုံးလိုက်ကာ..

“အစ်ကိုဖုန်း... ရှင် အသွင်ပြောင်း ဘုံကို အဆင့် ချိုးဖြတ်တက်ရောက်နိုင်ခဲ့ပြီ မဟုတ်လား”

ဖုန်းဝူချန် ပြန်မဖြေရသေးခင်မှာပင် လမ်းမများပေါ်မှ ဒေါသတကြီး ကြွေးကြော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“ဟေ့ကောင်... မင်းပေါ်လာမှာကို ငါသိပြီးသား... နောက်ဆုံးတော့ ငါစောင့်တွေ့ရပြီပေါ့”

“ကောချန်ခုံး”

လျိုချင်းယန်၏ မျက်နှာထား အနည်းငယ် ရှုံ့မဲ့သွားသည်။

“အစ်ကိုဖုန်း... သူလည်း အသွင်ပြောင်း ဘုံကို အဆင့်ချိုးဖြတ် တက်ရောက်သွားပြီ... သူ ရှင့်ကို တစ်ချိန်လုံးရှာနေတာ... အဆင့်ချိုးဖြတ် တက်ရောက်နိုင်တာကို အားကိုးပြီး သူက အစ်ကိုလျိုကို အကြိမ်ပေါင်းများစွာ ဒဏ်ရာရအောင်လုပ်ခဲ့တယ်... ကျွန်မတို့ နှစ်ယောက်ပေါင်းတောင် သူ့ကို မနိုင်ဘူး... ဂရုစိုက်ပါ”

ထိုသို့ မြောင်ချင်းချင်းက အလျင်အမြန် သတိပေးလိုက်သည်။

အရင်တစ်ခေါက် စားသောက်ဆိုင်တွင် ဖုန်းဝူချန်၏ လက်သီးဖြင့် ထိုးလွှင့်ခံရပြီးနောက် ကောချန်ခုံးက အငြိုးအတေးထားခဲ့ပြီး ဖုန်းဝူချန်ကို အပိုင်းပိုင်းဖြတ်ပစ်ချင်နေခဲ့သည်သာ။

“ဖုန်းဝူချန်ကို ငါ့အတွက် သတ်ပစ်လိုက်စမ်း”

ကောချန်ခုံးက မည်းမှောင်ဒေါသထွက်နေသော မျက်နှာထားဖြင့် အမိန့်ပေးလိုက်ရာ အစောင့်တစ်ဒါဇင်ကျော် ရှေ့သို့ တဟုန်ထိုး ပြေးထွက်လာကြသည်။

“ငါ့ကို သတ်ချင်တယ် ဟုတ်လား”

ဖုန်းဝူချန်က ခပ်အေးအေး ရယ်မောလိုက်ရင်း သူ့လက်ထဲတွင် မီးလျှံဓားက ဘွားကနဲ ပေါ်လာသည်။

ဘာကိုမှ တုံ့ဆိုင်းမနေဘဲ ဖုန်းဝူချန်သည် ရှေ့သို့ပြေးထွက်သွားသည်။ သူ၏အမြန်နှုန်းသည် ကြောက်မက်ဖွယ် ကောင်းလှပေ၏။ မျက်စိတစ်မှိတ်အတွင်း ဓားအလင်း တစ်ဒါဇင်ကျော် လင်းလက်သွားသည့် အလယ်တွင် ဖုန်းဝူချန်သည် မီးလျှံဓားကို ကိုင်စွဲလျက် ကောချန်ခုံး၏ ရှေ့မှောက်သို့ ရောက်နှင့်နေပြီ ဖြစ်သည်။

ထိုကြောက်မက်ဖွယ် အမြန်နှုန်းကြောင့် ကောချန်ခုံး တစ်ယောက် တုန်လှုပ်ခြောက်ခြားသွားပြီး သူ၏ မျက်လုံးသူငယ်အိမ်များမှာ အစွမ်းကုန် ကျယ်ပြန့်သွားကာ ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်သွားတော့၏။

“အား... အား... အား...”

နောက်တစ်စက္ကန့်မှာတော့ ထိတ်လန့်တကြား အော်ဟစ်သံများ လမ်းမပေါ်တွင် ပဲ့တင်ထပ်သွားသည်။ အစောင့် တစ်ဒါဇင်လုံး၏ လက်တစ်ဖက်စီမှာ ပြတ်တောက်သွားသည်ကို တွေ့လိုက်ရသည်။

“ကြောက်...... ကြောက်စရာကောင်းလိုက်တဲ့ အမြန်နှုန်း...”

လျိုချင်းယန်သည် ကြောက်လန့်လွန်းသဖြင့် သူ၏မျက်နှာမှာ သွေးမရှိ၊ ဖြူဖွေးသွားပြီး ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေတော့သည်။

လမ်းပေါ်မှ မည်သူမျှ တုံ့ပြန်ချိန် မရလိုက်သလို ဖုန်းဝူချန် ဘယ်လို လှုပ်ရှားလိုက်သည်ကို ကောချန်ခုံး အပါအဝင် မည်သူ တစ်ဦးတစ်ယောက်မှ မမြင်လိုက်ရချေ။

“အသက်ရှင်ချင်ရင် ဒူးထောက်စမ်း”

ဖုန်းဝူချန်က ခပ်အေးအေး အမိန့်ပေးလိုက်သည်။ သူ၏ ရေခဲတမျှ အေးစက်သော အသံက ကောချန်ခုံး၏ ခြေထောက်များကို ပျော့ခွေသွားစေတော့သည်။

All Chapters