အလဲအလှယ်
Vol. 4 Ch. 52
~အလံနက်တပ်မတော်၏ ပေါ်ထွက်လာမှုကတော့ သွေးနံ့သင်းသော သံမဏိစိတ်ဓာတ်နှင့် အေးစက်ခက်ထန်သည့် အငွေ့အသက်တို့ကို သယ်ဆောင်လာလေရာ မြင်ရသူတိုင်း ရင်ဘတ်ထဲ ဒိန်းခနဲဖြစ်ကာ ရဲရဲမကြည့်ဝံ့ကြတော့ပေ။
လိန်မူချန်မှာမူ ထိုအချိန်အထိ ထိတ်လန့်မှုမှ အရှိန်မပြယ်သေးဘဲ တပ်မှူး၏ အမိန့်ပေးသံကိုပင် ကြားလန် မတူတော့။
လိန်မူချန် တစ်ယောက်တည်းသာမက၊ သူ၏ဖခင်နှင့်တကွ အခြားမိသားစုများမှ လူများသည်လည်း အလံနက်တပ်မတော် ရောက်ရှိလာသည်ကို သတိမထားမိအားကြ။
သူတို့၏ အံ့ဩတုန်လှုပ်နေသော မျက်ဝန်းများအားလုံးက ဖုန်းဝူချန် ထွက်ခွာသွားရာ အရပ်ဆီသို့သာ စူးစိုက်နေကြဆဲသာ ဖြစ်၏။
သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာများထက်တွင် ရှုပ်ထွေးလှသော ခံစားချက်ပေါင်းစုံက ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေကြသည်။
အဓိက မိသားစုကြီးများမှာတော့ နောင်တတရားတို့ဖြင့် ရင်ကိုထုမတတ် ခံစားနေရပြီး လျိုမိသားစုကို အလွန်အမင်း မနာလိုဖြစ်နေကြတော့သည်။
အကယ်၍သာ အရေးကြီးသည့် အချိန်တွင် သူတို့သာ ဖုန်းဝူချန်ဘက်မှ ရပ်တည် ကူညီခဲ့မည်ဆိုပါက အနာဂတ်တွင် သူတို့ မိသားစု၏ အင်အားမှာ တိုးတက်လာမည်မှာ မလွဲဧကန်ပင်။
လိန်ကျိန့်နန်၏ ရင်ထဲတွင်တော့ ပို၍ပင် ခံစားနေရသည်။ မြို့သခင်တစ်ယောက်အနေနှင့် သူသည် ဖုန်းဝူချန်အပေါ် အထင်အမြင်မကောင်းအောင် ပြုမူခဲ့ပြီးလေပြီ။
နောင်တစ်ချိန်တွင် လက်နက် ပြုလုပ်ရန်အတွက် ဖုန်းဝူချန်၏ အကူအညီကို တောင်းခံဖို့ ဆိုသည်မှာ မျှော်လင့်ချက် သိပ်မရှိတော့ပါချေ။
...
ထိုအခိုက်အတန့်တွင် လူအများအပြား၏ အကြည့်တို့က ကောမိသားစုထံသို့ တဖြည်းဖြည်း ရောက်ရှိသွားကြသည်။
အင်ပါယာထဲတွင် အကျိုးအမြတ်အတွက်ဆိုလျှင် ကောမိသားစုကို အညှာအတာကင်းမဲ့စွာ ချေမှုန်းပစ်မည့် သူတွေကတော့ ဒုနှင့် ဒေးပင်။
…
မြို့အပြင်ဘက်တွင်တော့ ဖုန်းဝူချန်သည် တစ်စုံတစ်ခုကို စဉ်းစားရင်း စကားတစ်ခွန်းမှမဆိုဘဲ လျှောက်လှမ်းနေခဲ့၏။
ပိုင်မင်မှာမူ ဖုန်းဝူချန်ကို အကဲခတ်ရင်း စိတ်ထဲမှ ကြိတ်၍ ချီးကျူးနေမိသည်။
‘နှစ်လလေးပဲရှိသေးတယ်၊ သူက အသွင်ပြောင်း ဘုံ အဆင့်ကို ရောက်နေပြီ။ ဆရာဖုန်းရဲ့ပါရမီကတော့ တကယ်ကို ကြောက်ခမန်းလိလိပဲ၊ တစ်မြို့လုံး ပြောမဆုံးပေါ့။’
ဖုန်းဝူချန်သည် ကျင့်ကြံခြင်းတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်ရုံသာမက ပဉ္စမ အဆင့် လက်နက်ပညာရှင်နှင့် ဆေးလုံးပညာရှင်တစ်ဦးလည်း ဖြစ်သေးသည်။
ပိုင်မင်သည် တစ်ခါမှ ဤသို့သော သာမန်မဟုတ်သည့် ပါရမီရှင်မျိုးကို မမြင်ဖူးခဲ့သလို အင်ပါယာတွင်လည်း ရှိမည်မထင်။
"ဆရာဖုန်း၊ ဗိုလ်ချုပ်ကြီးက ရွှမ်ထျန်းဂိုဏ်းကို တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ မလာဖူးဘူးဗျ။ ဒါက ဆရာဖုန်းကို ဘယ်လောက်
တန်ဖိုးထားလဲဆိုတာ ပြတာပဲ။ ဆရာဖုန်းက ဒီလောက်လွယ်လွယ်ကူကူ သဘောတူလိမ့်မယ်လို့ ကျွန်တော်လည်း မထင်ထားဘူး။ ဗိုလ်ချုပ်ကြီးကတောင် ဆရာဖုန်း ငြင်းမှာကို စိုးရိမ်နေခဲ့တာ။" ပိုင်မင်က ရိုကျိုးစွာ ပြုံးရင်း ပြောပြလိုက်သည်။
အင်ပါယာ၏ ဗိုလ်ချုပ်ကြီးက သူ့ကိုလာရှာသည်ကို ဖုန်းဝူချန် အံ့ဩမနေခဲ့။
သတင်းက တော်ဝင်မိသားစုထံ ဤမျှလောက် မြန်မြန်ဆန်ဆန် ရောက်သွားသည်ကိုသာ သူ အံ့ဩမိခြင်း ဖြစ်ပါသည်။
"အင်ပါယာရဲ့ ဗိုလ်ချုပ်ကြီး ယဲ့ချန်းချုံးဆိုတာ အင်ပါယာရဲ့ နံပါတ်
တစ်ဗိုလ်ချုပ်၊ ယဲ့မိသားစုရဲ့ ခေါင်းဆောင်၊ ဒီလောက်အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကားကို ကျွန်တော်က ငြင်းလိုက်ရင် ဗိုလ်ချုပ်ကြီးကို အလေးမထားရာ ရောက်မသွားဘူးလားဗျာ။" ဖုန်းဝူချန်က ပြုံးတုံ့တုံ့ဖြင့် ပြန်ပြောလိုက်၏။
ရှင်းရှင်းပြောရလျှင် အကယ်၍သာ ဖုန်းဝူချန်က ငြင်းဆန်ခဲ့သည်ဆိုပါက ထိုသတင်းသာ ပြန့်သွားလျှင် ဖုန်းဝူချန်နှင့် ဖုန်းမိသားစုမှာ အင်ပါယာမှ ပြည်သူများ၏ ကျိန်ဆဲခြင်းကို ခံရရုံသာမက ဖုန်းမိသားစုအနေဖြင့် အင်ပါယာတွင် ခြေကုပ်ယူရန်ပင် ခက်ခဲသွားပေလိမ့်မည်။
သင်သာ အင်ပါယာကို ကျော်လွန်နိုင်သည့် ကြောက်မက်ဖွယ်ရာ အင်အားမျိုး ပိုင်ဆိုင်
မထားလျှင်ပေါ့လေ။
ထို့ကြောင့်… ဖုန်းဝူချန်ကတော့ ငြင်းဆန်ရန် မစဉ်းစားခဲ့ပါ။
နှစ်ယောက်သား ရွှမ်ထျန်းဂိုဏ်းသို့ အမြန် ခရီးနှင်ခဲ့ရာ တစ်ရက်အတွင်းမှာပင် ရောက်ရှိသွားကြသည်။
ပိုင်မင်က ဆရာဖုန်းကို ပြန်ခေါ်လာနိုင်ခဲ့သည်ဟု သိလိုက်ရသည့်အခါ လနှင့်ချီ၍ ရှာဖွေနေရသဖြင့် ပင်ပန်းနေကြသော ရွှမ်ထျန်းဂိုဏ်းမှ တပည့်အများအပြားမှာ ဟူးခနဲ သက်ပြင်းချနိုင်သွားကြတော့၏။
ယဲ့ချန်းချုံး၊ မူထျန်းယွင်နှင့် အခြားသူများက ခန်းမဆောင်ထဲမှ တဖွဲဖွဲ ထွက်လာကြသည်။
ဗိုလ်ချုပ်ကြီး၏ မျက်နှာသာပေးခြင်းကို ခံရသဖြင့် ဖုန်းဝူချန်၏ အဆင့်အတန်းမှာ တစ်ဆင့် ပို၍ မြင့်တက်
သွားပြန်လေသည်။
"ဗိုလ်ချုပ်ကြီး၊ ဂိုဏ်းချုပ်ဟောင်းမူ၊၊ ဂိုဏ်းချုပ်မူတို့ကို အရိုအသေပြုပါတယ်ခင်ဗျာ။"
ရင်ပြင်တော်သို့ ရောက်သည်နှင့် တပည့်များစွာ၏ အားကျလေးစားသော အကြည့်များအလယ်တွင် ဖုန်းဝူချန်သည် ယဲ့ချန်းချုံးနှင့် အခြားသူများကို မြင်သည်နှင့် ယဉ်ကျေးစွာ အရိုအသေပေးလိုက်သည်။
"ဆရာဖုန်း၊ ဒီလောက် ယဉ်ကျေးနေဖို့မလိုပါဘူး။"
ယဲ့ချန်းချုံးက ကျေနပ်စွာ ပြုံးရင်း ဖုန်းဝူချန်ကို အကဲခတ်ကြည့်နေလေ၏။
‘အသက်ငယ်ငယ်နဲ့ တကယ့်ကို သူရဲကောင်းပါပဲ။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသွင်ပြောင်းဘုံကို ရောက်နေပြီ။ ဘယ်လိုဆရာမျိုးကများ ဒီလို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ကို ပျိုးထောင်ပေးနိုင်ရတာလဲ။’
ယဲ့ချန်းချုံးက စိတ်ထဲတွင် ချီးကျူးနေရင်း ဖုန်းဝူချန်ကို ပထမဆုံး တွေ့တွေ့ချင်းမှာပင် အလွန် ကျေနပ်သွားတော့သည်။
"ကျေးဇူးပြုပြီး ကြွပါ ဆရာဖုန်း။"
မူယွင်ရှန်းက ယဉ်ကျေးစွာ ပြုံးရင်း ဖိတ်ခေါ်လိုက်၏။
ရွှမ်ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ဟောင်းနှင့် ယဲ့ချန်းချုံးတို့က ခန်းမဆောင်တွင် သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုနေခြင်းကပင် ဖုန်းဝူချန်အပေါ် သူတို့ ထားရှိသည့် လေးစားမှုကို ပြသနေလေသည်။
ဖုန်းဝူချန်ကို ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေး တစ်ယောက်ဟု မထင်လိုက်ပါနှင့်။ ကြီးမားသော အင်အားရှေ့တွင် ယဲ့ချန်းချုံးတို့ပင် ဦးညွှတ်ရပေသည်။
အင်အားသာ အဓိက ဖြစ်သော လောကတွင် အရည်အချင်း ရှိသူသာ အမြင့်ဆုံးနေရာကို ရယူပိုင်ခွင့် ရှိသည်။
ပဉ္စမအဆင့် လက်နက်ပညာရှင်
တစ်ဦး၏ ဂုဏ်ပုဒ်သည် အင်ပါယာတွင်သာမက တိုက်ကြီး တစ်ခုလုံးတွင်ပင် သာမန် မဟုတ်သော တည်ရှိမှုတစ်ခု ဖြစ်ပေ၏။
ယဲ့ချန်းချုံးသည် အင်ပါယာ၏ နံပါတ်တစ်ဗိုလ်ချုပ် ဖြစ်လင့်ကစား ဖုန်းဝူချန်ရှေ့တွင် မောက်မာဝံ့မည် မဟုတ်။
ဧကရာဇ်မင်းကိုယ်တိုင် ကြွလာလျှင်ပင် ဖုန်းဝူချန်ကို မျက်နှာသာပေးရပေလိမ့်မည်။
ဤသို့သော ကြောက်မက်ဖွယ်ရာ ပါရမီရှင်တစ်ဦးကို အင်ပါယာက ရန်မစနိုင်ပါ။ ဖုန်းဝူချန်၏ နောက်ကွယ်တွင် မည်သို့သော ကြောက်မက်ဖွယ်ရာ စွမ်းအားရှင်ကြီးများ ရှိနေမည်ကို မည်သူ သိနိုင်မည်နည်း။
"ဆရာဖုန်းရဲ့ စိတ်ဖြင့်
လက်နက်ဖန်ဆင်းခြင်း တန်ခိုးက ယွင်ကျိုးကို အံ့ဩစေပြီး အင်ပါယာကို တုန်လှုပ်စေခဲ့တယ်၊ ခင်ဗျားရဲ့ အရည်အချင်းက လေးစားထိုက်ပါတယ်။ ကျုပ် ဒီကို လာတဲ့ ရည်ရွယ်ချက်ကို ပိုင်မင်က ပြောပြပြီးလောက်ပြီလို့ ယုံကြည်ပါတယ်။ ဆရာဖုန်းက အင်ပါယာရဲ့ အင်အားကို မြှင့်တင်ပေးဖို့ ကူညီလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။"
ထိုသို့ ယဲ့ချန်းချုံးက ဗိုလ်ချုပ်ကြီး တစ်ယောက်၏ ဟန်ပန်မျိုးမပါဘဲ ယဉ်ကျေးသော လေသံဖြင့် ပွင့်ပွင့်လင်းလင်း
ပြောဆိုလိုက်တော့သည်။
မုထျန်းယွင်၊ မုယွင်ရှန်းနှင့် အခြားသူများ၏ မျက်လုံးများက ဖုန်းဝူချန်ထံတွင် စူးစိုက်နေကြပြီး သူ၏နှုတ်မှ ထွက်လာမည့် စကားကို စိုးရိမ်တကြီး စောင့်မျှော်နေကြလေသည်။
ခန်းမဆောင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွား၏။
"ဗိုလ်ချုပ်ကြီး၊ ခင်ဗျားရဲ့တောင်းဆိုမှုကို ကျွန်တော်လိုက်လျောနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ စည်းကမ်းချက်တစ်ခုတော့ ရှိတယ်။" ဖုန်းဝူချန်က ဖြည်းညင်းစွာ ပြောလာသည်။
ထိုစကားကို ကြားလိုက်ရသော် ယဲ့ချန်းချုံးက ချက်ချင်းပင် စိတ်အေးသွားဟန်ဖြင့် ဝမ်းမြောက်စွာ ဆို၏။
"ဆရာဖုန်း၊ ပြောသာ ပြောပါခင်ဗျာ။"
ဖုန်းဝူချန်က တည်ငြိမ်စွာပင် ဆက်လက်ပြောကြားသည်။
"ကျွန်တော် အင်ပါယာအတွက် လက်နက် ပြုလုပ်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ တစ်လပဲနော်။ ဆိုလိုတာက ကျွန်တော် အင်ပါယာအတွက် တစ်လပဲ အမှုထမ်းနိုင်မယ်။"
"တစ်လ..." ယဲ့ချန်းချုံးက မျက်မှောင်ကြုတ်သွား၏။
တစ်လဆိုတာ နည်းလွန်းသည်ဟု သူ ခံစားနေရသလိုပင်။
ဖုန်းဝူချန်ကဲ့သို့ အင်မတန် ထူးကဲလှသော ပါရမီရှင်တစ်ဦးကို ယဲ့ချန်းချုံးသည် အစကတည်းက သူတို့ဘက်သို့ ဆွဲသွင်းရန် ရည်ရွယ်ထားခဲ့သည်သာ။
ဤမျှလောက် အရည်အချင်း မြင့်မားသည့် ပါရမီရှင် တစ်ယောက်နှင့် ဆိုလျှင် အင်ပါယာ၏ အင်အားက မည်သို့ မတိုးတက်ဘဲ နေမည်နည်း။
"ယဲ့ချန်းချုံး၊ ကျွန်တော်က တစ်သက်လုံး အင်ပါယာအတွက် လက်နက်
လုပ်ပေးနေလို့ မဖြစ်ဘူး။ ကျွန်တော့်မှာလည်း ကိုယ်ပိုင်ကိစ္စတွေ ရှိသေးတယ်။ ဒါပေမဲ့ အင်ပါယာက ကျွန်တော့်ကို လိုအပ်လာရင်တော့ အစွမ်းကုန် ကြိုးစားပေးမှာပါ။" ဖုန်းဝူချန်က ယဲ့ချန်းချုံး သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဂရုမစိုက်ဟန်ဖြင့် မနှိမ့်ချ၊ မမောက်မာသော လေသံဖြင့် ဆို၏။
‘ဒီလူငယ်လေးရဲ့ ရည်မှန်းချက်က မသေးဘူးပဲ။ သူ့စိတ်က အင်ပါယာမှာ ရှိမနေဘူး၊ တိုက်ကြီးဆီမှာ ရောက်နေလောက်တယ်။’
မူထျန်းယွင်က စိတ်ထဲမှ တွက်ချက်လိုက်သည်။
ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီရှင်၊ ထို့အပြင် ပဉ္စမအဆင့်လက်နက်ပညာရှင် သာမန် အင်ပါယာ တစ်ခုက မည်သို့ ထိန်းသိမ်းထားနိုင်မည်နည်း။
‘ဗိုလ်ချုပ်ကြီးတော့ စိတ်ပျက်ရချည်ရဲ့’
မူယွင်ရှန်းက ယဲ့ချန်းချုံး၏ အတွေးကို သိနေသဖြင့် တိတ်တဆိတ် ခေါင်းခါလိုက်သည်။
သူက ဖုန်းဝူချန်ကို အင်ပါယာအတွက် အမှုထမ်းစေရန် ဆွဲဆောင်လိုရုံသာ။
ပဉ္စမအဆင့် လက်နက်ပညာရှင်၏ အဆင့်အတန်းသည် အလွန် မြင့်မြတ်လှရာ သာမန်အင်ပါယာလေး တစ်ခုမပြောနှင့်၊ တိုက်ကြီးပေါ်မှ အဓိက အင်အားစုကြီးများပင် ထိုသို့သော ပုဂ္ဂိုလ်မျိုးကို အပြိုင်အဆိုင် လိုချင်နေကြသည်။
ထို့အပြင် သူက စိတ်ဖြင့် လက်နက်ဖန်ဆင်းနိုင်သည့် လက်နက်ပညာရှင်တစ်ဦး ဖြစ်နေသေးသည်။
"ကောင်းပြီလေ။ တစ်လဆိုလည်း တစ်လပေါ့။"
အတန်ကြာ စဉ်းစားပြီးနောက် ယဲ့ချန်းချုံးက နောက်ဆုံးတွင် သဘောတူလိုက်သည်။
ဖုန်းဝူချန်က အင်ပါယာ လိုအပ်လျှင် အစွမ်းကုန်ကြိုးစားပေးမည်ဟု ပြောခဲ့သည် မဟုတ်ပါလား။
"ဆရာဖုန်း၊ ခင်ဗျားရဲ့ စည်းကမ်းချက်တွေက ဘာများလဲ သိပါရစေ။" ယဲ့ချန်းချုံးက ထပ်မေးသည်။
ဖုန်းဝူချန်က ပြုံးတုံ့တုံ့ဖြင့် ပြန်ဖြေသည်။
"ကျွန်တော်က ကောင်းကင်အရိပ် မြင်းသည်တော်
တပ်ဖွဲ့နဲ့ အလံနက်
တပ်မတော်ထဲက လူဆယ်ယောက်ကို ကျွန်တော့် လက်အောက်ငယ်သားအဖြစ် ရွေးချယ်ချင်တယ်။ သူတို့က ကျွန်တော့်အမိန့်ကိုပဲ နာခံရမယ်၊ အနာဂတ်မှာလည်း ကျွန်တော်နဲ့အတူ ထွက်ခွာသွားကြရမယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး သဘောကျတဲ့ ပါရမီရှင်တွေကိုတော့ ကျွန်တော် မခေါ်သွားပါဘူး။ ပြီးတော့... ကျွန်တော့်မှာ ဗိုလ်ချုပ်ကြီးရဲ့ ကောင်းကင်အရိပ်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်ကို အခုထက်ပိုပြီး အင်အားကြီးမားလာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းရှိပါတယ်... ဒါကို အလဲအလှယ် လုပ်တယ်လို့ပဲ သဘောထားလိုက်ကြတာပေါ့။"
"အို..." ယဲ့ချန်းချုံးက အံ့ဩသွားဟန်ဖြင့် အလွန်ဝမ်းမြောက်စွာ မေးလိုက်သည်။
"ဆရာဖုန်း... တကယ်ပြောတာလား။"
"လိမ်စရာလားဗျာ။ တစ်လအတွင်းမှာ သူတို့တွေ အခုထက်ပိုပြီး အင်အားကြီးလာစေရမယ်။" ဖုန်းဝူချန်က အသေအချာပင် ကတိပြုလိုက်၏။
"ကောင်းပြီ။" ယဲ့ချန်းချုံးက ချက်ချင်းပင် သဘောတူလိုက်ပြီး သူ၏နှလုံးသားမှာ အတိုင်းမသိ ဝမ်းမြောက်မှုဖြင့် ခုန်ပေါက်နေတော့သည်။
မူထျန်းယွင်၊ မူယွင်ရှန်းနှင့် အကြီးအကဲများအားလုံး အလွန်သိချင်နေကြသော်လည်း ဒီအချိန်တွင် မေးမြန်းရန် မသင့်တော်ဟု ထင်ကြသည်။
"ဗိုလ်ချုပ်ကြီး၊ ကျွန်တော့်မှာ လက်နက်သန့်စင်ဖို့ ပစ္စည်းတွေ မရှိဘူးနော်။ ခင်ဗျားတို့ကိုယ်တိုင် ပြင်ဆင်ရမှာ။ ကျွန်တော်က လူဆင်းရဲပါ။"
ဖုန်းဝူချန်က လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလေ၏။
ထိုအခါ ယဲ့ချန်းချုံးက ဝမ်းမြောက်စွာပြုံးရင်း ပြန်ပြောသည်။ "လက်နက်သန့်စင်ဖို့ ပစ္စည်းတွေအတွက်တော့ ဆရာဖုန်း စိတ်ပူစရာမလိုပါဘူး။ အချိန်တန်ရင် ဆရာဖုန်းကို အကူအညီတောင်းပါ့မယ်။"
ဖုန်းဝူချန်၏ အကြည့်က မုထျန်းယွင်ထံသို့ ရောက်သွားပြီး…
"ဂိုဏ်းချုပ်မူ၊ ပိုင်မင်က ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ရွှမ်ထျန်းဂိုဏ်းအတွက် အဖိုးတန်ရတနာ ဆယ်မျိုးနဲ့ ဝိညာဉ်လက်နက်တစ်ခု ပြုလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပိုင်မင်သာ အချိန်မီ ရောက်မလာခဲ့ရင် ခင်ဗျားတို့ ကျွန်တော့်ကို ပြန်တွေ့ရတော့မှာ မဟုတ်ဘူး။"
"ကျေးဇူးတင်ပါတယ် ဆရာဖုန်း။"
မူထျန်းယွင်မှာ အတိုင်းမသိ ဝမ်းသာသွားပြီး အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုလေသည်။
"ပိုင်မင်၊ ဘာဖြစ်ခဲ့တာလဲ။" မူယွင်ရှန်းက အလျင်အမြန် မေးလိုက်သည်။
"ဘယ်သူကများ ဒီလောက် သတ္တိကောင်းပြီး ဆရာဖုန်းကို လုပ်ကြံဖို့ ကြိုးစားရတာလဲ။"
ယဲ့ချန်းချုံးက မျက်မှောင်ကြုတ်ကာ ဆိုလိုက်ရာ သူ၏မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခုက မသိမသာ ဖြတ်ပြေးသွားသည်။
ပိုင်မင် ရှင်းမပြမီမှာပင် ဖုန်းဝူချန်က စကားဖြတ်ပြောလိုက်သည်။
"ဒါက ကိစ္စသေးသေးလေးပါ၊ ခင်ဗျားတို့ စိတ်ပူစရာ မလိုပါဘူး။"
သူက ထိုသို့ပြောသော်လည်း မူယွင်ရှန်းက ပိုင်မင်အား အေးစက်စက် အကြည့်တစ်ချက် ပစ်လွှတ်လိုက်ရာ ပိုင်မင်က မသိမသာ ခေါင်းညိတ်ပြသည်။
မူယွင်ရှန်း ဘာဆိုလိုသည်ကို သူ နားလည်၏။
ရွှမ်ထျန်းဂိုဏ်းသည် ယွင်ကျိုးတွင် အင်အားအကြီးဆုံး တည်ရှိမှုဖြစ်ပြီး ဖုန်းဝူချန်က ထိုနေရာတွင် အသက်အန္တရာယ် ကြုံခဲ့ရသည်။
မူယွင်ရှန်းသည် ထိုသို့သော ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ဖြစ်ပွားခွင့်ပေးမည် မဟုတ်တော့။
ဖုန်းဝူချန်၏ တည်ရှိမှုသည် ရွှမ်ထျန်းဂိုဏ်းအတွက် အလွန်အကျိုးရှိပေသည်။
စကားအနည်းငယ်ပြောဆိုပြီးနောက် ယဲ့ချန်းချုံးသည် သူ၏လက်အောက်ငယ်သားများနှင့်အတူ ထွက်ခွာသွားသည်။ ဖုန်းဝူချန်ကလည်း ဆယ်ရက်အတွင်း အင်ပါယာသို့ သွားမည်ဟု သဘောတူလိုက်၏။
ယဲ့ချန်းချုံး အင်ပါယာသို့ ပြန်သွားသည့်အခါ ပိုင်မင်သည်လည်း ခန်းမဆောင်မှ ထွက်ခွာသွားပြီး ဖုန်းဝူချန်မှာမူ ရွှမ်ထျန်းဂိုဏ်းတွင် ဆက်နေခဲ့သည်။
ရွှမ်ထျန်းဂိုဏ်းအတွက် လက်နက်ပြုလုပ်ပေးရန် သဘောတူထားသည့်အတိုင်း ဖုန်းဝူချန်သည် သူ၏ကတိကို တည်ပေလိမ့်မည်။ ရွှမ်ထျန်းဂိုဏ်းတွင် လက်နက်ပြုလုပ်ရန် ပစ္စည်းများ မရှိမည်ကိုတော့ စိုးရိမ်စရာမလို။ ဥက္ကာခဲသံကိုပင် သူတို့က ထုတ်ပေးနိုင်ပေသည်။
နောက်တစ်နေ့တွင် လွမ်ထျန်းမြို့၌ တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ရုတ်တရက်ပျံ့နှံ့လာပြီး လူအများ ထိတ်လန့်သွားကြတော့သည်။
ကောမိသားစု တစ်စုလုံး တစ်ညတည်းနှင့် မျိုးဆက်ဖြတ် အသတ်ခံလိုက်ရသည်။
ကော အိမ်တော်တစ်ခုလုံး သွေးညှီနံ့များဖြင့် ဖုံးလွှမ်းနေတော့၏။
သတင်းပြန့်သွားပြီးနောက် လွမ်ထျန်းမြို့မှ လူတိုင်းသည် အကြောင်းရင်းကို ခန့်မှန်းမိကြသည်။
အကြောင်းမှာ ကောမိသားစုက ဆရာဖုန်းကို ရန်စခဲ့သောကြောင့်ပင်။
ဒါက အကျိုးဆက်ပဲပေါ့လေ။
ပြင်းထန်လှသော အကျိုးဆက်ကြောင့် လွမ်ထျန်းမြို့မှ အဓိကမိသားစုကြီးများ အကြီးအက်ျူ ထိတ်ပျာကုန်ကြပြီး သူတို့ ဆရာဖုန်းကို ရန်မစခဲ့မိသည့်အတွက် တိတ်တဆိတ် သက်ပြင်း
ချနိုင်ခဲ့ကြသည်။ သူတို့သည် လျိုမိသားစုနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ရန်အတွက် အလျင်အမြန်ပင် လက်ဆောင်များ ယူဆောင်ကာ သွားရောက်
တွေ့ဆုံကြတော့၏။
လွမ်ထျန်းမြို့ မြို့သခင်
လိန်ကျိန့်နန်မှာ ကြောက်လွန်း၍ ဒူးများပင် ပျော့ခွေသွားရသည်။
ပထမဆုံးအကြိမ်အဖြစ် သူသည် သေမင်း၏ တံစဉ်က သူ့လည်ပင်းနားမှ ဖြတ်သွားသည်ကို ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာပင် ထိုအချိန်က
သူသည် ကိစ္စကို ထပ်မံ၍ မရှည်ခဲ့။ သို့မဟုတ်လျှင် မြို့သခင် စံအိမ်တစ်ခုလုံး ကောမိသားစုလိုပင် အဆုံးသတ်သွားနိုင်ပေသည်။
ဤသည်ကား ပဉ္စမအဆင့် လက်နက်ပညာရှင်တစ်ဦး၏ ကြောက်မက်ဖွယ်ရာ အစွမ်းပင်တည်း။
သင်သာ သူ့ကို ရန်စလိုက်သည်နှင့် ဘေးဒုက္ခက သင့်ထံသို့ ကျရောက်လာမည်ဖြစ်ပြီး မည်သူမျှ တောင့်ခံနိုင်မည်မဟုတ်။
မည်သူ၏လက်ချက်ဖြစ်သည်ကို မည်သူမျှ မသိသော်လည်း ကောမိသားစုတစ်စုလုံးကို တစ်ညတည်းနှင့် သတ်ဖြတ်နိုင်သူသည် အလွန်အင်အားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသူဖြစ်မည်မှာ သေချာသည်။
ကောမိသားစုကို သုတ်သင်ခဲ့သူမှာ ရွှမ်ထျန်းဂိုဏ်းမှ စွမ်းအားရှင်တစ်ဦးဖြစ်သည့် ပိုင်မင်ပင်ဖြစ်သည်။
သူသည် ရွှမ်ထျန်းဂိုဏ်းမှ ယွမ်တန် ဘုံ အဆင့် ပညာရှင်များစွာကို ဦးဆောင်ကာ ကောမိသားစုတစ်စုလုံးကို တစ်ညတည်းနှင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
ဤအကြောင်းအရာအားလုံးကို ဖုန်းဝူချန် တစ်ယောက် မသိရှိခဲ့ပါ။
ရွှမ်ထျန်းဂိုဏ်းတွင် နှစ်ရက် တည်းခို နေထိုင်ပြီးနောက် ဖုန်းဝူချန်လည်း ထွက်ခွာသွားတော့သည်။
ဖုန်းဝူချန်၏ အံ့ဩဖွယ်ရာ လက်နက် သန့်စင်ခြင်း စွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီးနောက် မုထျန်းယွင်နှင့် အခြားသူများသည် စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်း
ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို နောက်ဆုံးတွင် နားလည်သွားကြပြီး သူတို့၏ စိတ်ဝိညာဉ်များ တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။
ဖုန်းဝူချန်အပေါ် သူတို့၏ လေးစားမှုနှင့် ကြောက်ရွံ့မှုတို့မှာ ပိုမိုအားကောင်းလာပြီး အချို့မှာမူ ကိုးကွယ်လိုစိတ်ပင် ဖြစ်ပေါ်လာကြသည်။
စိတ်ဖြင့် လက်နက်ဖန်ဆင်းခြင်းသည် သူတို့အတွက် နတ်ဘုရားများသာ စွမ်းဆောင်နိုင်သည့် အရာတစ်ခုလို ဖြစ်နေသည်။
အကယ်၍သာ မူထျန်းယွင်နှင့် အခြားသူများက ဖုန်းဝူချန် ဆေးလုံးဖော်စပ်သည်ကိုသာ မြင်လိုက်ရမည်ဆိုလျှင် စိတ်တစ်ချက်ဖြင့် ဆေးလုံးဖြစ်စေခြင်း ပညာရပ်က မူထျန်းယွင်ကို ဒူးထောက်ကာ တပည့်ခံရန် တောင်းဆိုစေလောက်ပေသည်။
"အင်ပါယာကို မသွားခင် ကျိုးမိသားစုကို အရင်ရှင်းပစ်ရမယ်။ ကျိုးမိသားစုက အင်အားမသေးဘူး၊ သူတို့ကို သုတ်သင်ဖို့ မလွယ်ဘူး။ ငါ ပြင်ဆင်ထားမှဖြစ်မယ်။" ဖုန်းဝူချန်က အေးစက်စက်ရယ်မောရင်း သူ့ဘာသာသူ ရေရွတ်လိုက်သည်။
ကျိုးမိသားစုသည် တစ်ချိန်က သူ့ကို ရန်ရှာရန် လူလွှတ်ခဲ့ဖူးသည်ကို သူ မမေ့သေးပါ။
ရွှမ်ထျန်းဂိုဏ်းမှ ထွက်ခွာလာပြီးနောက် သူသည် ထျန်းတုမြို့သို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့လေတော့သည်။