← Chapters

ကျိုးမိသားစု အဝင်

Vol. 4 Ch. 53

ကျိုးမိသားစု အဝင်

Vol. 4 Ch. 53

~တစ်ခါတစ်ရံမှာတော့... အတွေးနှင့်လက်တွေ့ဟာ ထပ်တူမကျတတ်ဘူးဆိုတာကို ဖုန်းဝူချန်တစ်ယောက် ထျန်းတုမြို့ လေလံရုံကြီးထဲ ဝင်လိုက်သည့် အချိန်မှာ ပိုပြီး နားလည်သွားခဲ့သည်။

စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်း ဟူသော သူ့ရဲ့အစွမ်းကို ပြသခဲ့ပြီးကတည်းက ဒီနေရာဟာ လူပွဲတော်ကြီး ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိ‌ချေ။ ဝိညာဉ်လက်နက်တွေကို လာကြည့်ကြတဲ့လူတွေ၊ စပ်စုကြတဲ့လူတွေနဲ့... အရင်ကထက် အများကြီး ပိုစည်ကားနေတာပါလား။

ဝေ့ယွင်က ဖုန်းဝူချန် ပြုလုပ်ပေးခဲ့သည့် သိုလှောင်လက်စွပ်ကို 'ထုံရွှမ်လက်စွပ်' ဟု နာမည်ပေးထားသည်။

ထိုလက်စွပ် ပေါ်ထွက်လာခြင်းကတော့ ယွင်ကျိုးနယ်၏ လက်နက်ပညာလောကမှာ ပြောစရာစကားတစ်ခု ဖြစ်လို့ နေခဲ့၏။

"ဆရာဖုန်း"

နှစ်လလောက် ပျောက်နေခဲ့သော ဖုန်းဝူချန်ကို ရုတ်တရက် ပြန်မြင်လိုက်ရတော့ လေလံရုံရှေ့က အစောင့်တွေတောင် ကြောင်အမ်းအမ်းဖြစ်သွားကြသည်။

ထို့နောက်မှ အလန့်တကြားနှင့် သူ့ဆီပြေးလာပြီး ရိုရိုသေသေ နှုတ်ဆက်ကြတော့၏။

"ဥက္ကဋ္ဌကြီး... အကြီးအကဲတို့... ဆ... ဆရာဖုန်း... ဆရာဖုန်း ရောက်လာပြီဗျို့။"

အစောင့်တစ်ယောက်ကတော့ ခန်းမဆောင်ကြီးထဲကို အပြေးအလွှားဝင်သွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေရဲ့။

"ဆရာဖုန်း…"

လေလံရုံခန်းမဆောင်ထဲမှာတော့ အချိန်တွေအားလုံး ရပ်တန့်သွားသလိုပင်... လူတိုင်း၏ လှုပ်ရှားမှုတွေက တိခနဲ ရပ်တန့်ကုန်ကြသည်။

...

"စိတ်နဲ့ လက်နက်ဖန်ဆင်းနိုင်တဲ့ ဆရာဖုန်း... ရောက်လာတယ်ဟုတ်လား။"

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ခန်းမဆောင် တစ်ခုလုံး ဆူညံ

ပွက်လောရိုက်သွားတော့၏။

လေလံရုံ၏ ဥက္ကဌနှင့် အကြီးအကဲတွေဆိုတာ နောက်ဖေးခြံဝင်းထဲကနေ မျက်နှာတွေနီမြန်းပြီး အတိုင်းမသိ ဝမ်းသာအားရသည့် ပုံစံတွေနှင့် အလောတကြီး ပြေးထွက်လာကြသည်။

"ဆရာဖုန်း... ဒီဘက်ကို ကြွပါ ခင်ဗျာ။"

အစောင့် တစ်ယောက်က ရိုသေစွာ လမ်းပြရင်း ဖုန်းဝူချန်ကို ခန်းမဆောင်ထဲသို့ ပို့ဆောင်ပေးလေသည်။

"ဟိုဟာက ဆရာဖုန်းလား... ငယ်လိုက်တာဟယ်"

"ဆရာဖုန်းက အသွင်ပြောင်းဘုံကိုတောင် ရောက်နေပြီပဲ... တကယ့်ကို ပါရမီရှင်ပဲဟေ့။"

"ဒီအရွယ်လေးနဲ့ ပဉ္စမအဆင့် လက်နက်ပညာရှင် ဖြစ်နေပြီဆိုတာ ယုံတောင် မယုံနိုင်ဘူး။"

ခန်းမဆောင်ထဲမှာတော့ လူတိုင်းက ဖုန်းဝူချန်၏ ငယ်ရွယ်နုပျိုမှုကို ကြည့်ပြီး အံ့ဩမဆုံးဖြစ်နေကြ၏။

..ဘယ်သူက ထင်မှာလဲ... ယွင်ကျိုးနယ်မှာ ဒီလောက် ဟိုးလေးတကျော် ဖြစ်နေတဲ့ ဆရာဖုန်းဆိုတာ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေး တစ်ယောက်ပဲ ဖြစ်လိမ့်မယ်လို့လေ။..

"ဆရာဖုန်း..."

ဝာာဝန်ခံ လီက ဖုန်းဝူချန်ကို အလွန်အမင်း ရိုကျိုးစွာ နှုတ်ဆက်သည်။ သူ့မှာ ဖုန်းဝူချန်၏ မျက်လုံးကိုတောင် စေ့စေ့မကြည့်ရဲ... ။ ရင်ထဲမှာတော့ အခုထိ ကြောက်စိတ်က မကုန်သေးပေ။

'ဟာ... ဒီလောက်ကြီးထိတော့ မလိုပါဘူးကွာ။ ငါက ဘာနိုင်ငံကျော် မင်းသားမို့လို့လဲ။'

ဖုန်းဝူချန်တစ်ယောက် သူ့ကို လူတွေဝိုင်းကြည့်နေတာကိုမြင်တော့ အနေရအထိုင်ရခက်သလိုလို ဖြစ်သွားသည်။

အခုဆို ယွင်ကျိုးနယ်၏ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ ဖြစ်သော ဝာာဝန်ခံ လီဟာ ဖုန်းဝူချန် သူ့လက်တစ်ဖက်ကို ဖြတ်လိုက်ကတည်းက အတော်လေး ငြိမ်သွားခဲ့သည်။

အရင်လို အာဏာသုံးပြီး တခြားသူတွေကို အနိုင်ကျင့်တာမျိုး၊ မျက်လုံးထဲမှာ ဘယ်သူ့ကိုမှမ ထည့်တာမျိုး မလုပ်ရဲတော့ပေ။

"ဝာာဝန်ခံ လီ၊ ကျွန်တော့်အတွက် ဒီဆေးပင်တွေကို ပြင်ဆင်ပေးပါ။"

ဖုန်းဝူချန်က အမူအရာမပျက်ဘဲ ဝါးပြားတစ်ချပ်ကို ဝာာဝန်ခံ လီထံ ကမ်းပေးရင်းဆိုသည်။

"ဟုတ်... ဟုတ်ကဲ့... ဆရာဖုန်း ခဏစောင့်ပေးပါခင်ဗျာ။" ဝာာဝန်ခံ လီက ရိုကျိုးစွာပင် ပြန်ဖြေ၏။

ဝာာဝန်ခံ လီ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဥက္ကဋ္ဌကြီးနှင့် ဝေ့ယွင်တို့လို ပုဂ္ဂိုလ်တွေက နောက်ဖေးခြံဝင်းထဲကနေ ရောက်ချလာကြသည်။

"ဆရာဖုန်း... နောက်ဆုံးတော့ တွေ့ရပြီဗျာ။ အရင်တစ်ခေါက်က ကျွန်တော် ကျင့်ကြံနေလို့ ကိုယ်တိုင်ကိုယ်ကျ မကြိုဆိုနိုင်ခဲ့တာကို တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ခွင့်လွှတ်ပေးဖို့လည်း မျှော်လင့်ပါတယ်။"

ဥက္ကဋ္ဌကြီးက အလွန်ရိုကျိုးသော အပြုံးဖြင့် ဆို၏။

"ဆရာဖုန်း၊ ဒါက လေလံရုံရဲ့ ဥက္ကဋ္ဌ ရှန်းယန်ပါခင်ဗျ။" ဝေ့ယွင်က အလျင်အမြန်ပင် မိတ်ဆက်ပေးသည်။

"ဥက္ကဋ္ဌရှန်းက ယဉ်ကျေးလွန်းနေပါပြီ။" ဖုန်းဝူချန်က ထိုသို့သော အသေးအဖွဲကိစ္စများကို ဂရုမစိုက်ဟန်ဖြင့် တည်ငြိမ်စွာ ပြုံးရင်း ပြန်ပြောလိုက်သည်။

ထိုအချိန်မှာပင် ဝာာဝန်ခံ လီက ဖုန်းဝူချန်တောင်းဆိုထားသည့် ဆေးပင်များကို ယူဆောင်လာပြီး ရိုသေစွာဆို၏။

"ဆရာဖုန်း၊ ဒါက ဆရာ့အတွက် ဆေးပင်တွေပါခင်ဗျ။"

ထိုအခါ ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဆေးပင်များကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းစေလိုက်သည်။

"ဆရာဖုန်း ကြွလာခဲတာဆိုတော့ ကျွန်တော်တို့ နွေးနွေးထွေးထွေး ဧည့်ခံပါရစေ။ ကျေးဇူးပြုပြီး ကြွပါ ဆရာဖုန်း။" ရှန်းယန်က ဖိတ်ခေါ်သည့်ဟန်ဖြင့် လက်ဟန်ပြရင်း ရိုကျိုးစွာ ပြုံး၍ ဖိတ်လေသည်။

ခန်းမဆောင်ထဲမှ လူများစွာ၏ရှေ့တွင်ပင်... သြဇာအာဏာကြီးမားလှသော ရှန်းယန်သည် ဖုန်းဝူချန်ရှေ့တွင် ဥက္ကဋ္ဌတစ်ယောက်၏ ဟန်ပန်ကိုပင် မဆောင်ရဲပေ။

"မလိုတော့ပါဘူး။ ကျွန်တော်က ဆေးပင်နည်းနည်း လာဝယ်ရင်းနဲ့ အရေးကြီး ကိစ္စတစ်ခုရှိလို့ပါ၊ သွားစရာရှိသေးတယ်။" ဖုန်းဝူချန်က ပြတ်သားစွာပင် ငြင်းပယ်လိုက်၏။

'ဒုက္ခပါပဲ။ ဒီလူကြီး မျက်နှာပျက်သွားပြီလားမသိဘူး။ ငါကလည်း အားမနာအောင် မပြောတတ်တော့ဘူး။ တကယ်ကို အရေးကြီးနေတာကိုး။'

ထိုအခိုက်အတန့်မှာ ရှန်းယန်၏ မျက်နှာက အနည်းငယ် တင်းမာသွားသည်။ ဒါကတော့ အတော်လေး မျက်နှာမထောက်ရာ ရောက်သွားပြီ မဟုတ်လား။

ခန်းမဆောင်ထဲမှ လူများကလည်း အံ့ဩသွားကြ၏။

ရှန်းယန်ဆိုတာ ယွင်ကျိုးနယ်မှာ အဆင့်အတန်း မသေးတဲ့ ပုဂ္ဂိုလ် တစ်ဦး။

ဖုန်းဝူချန်က နာမည်ကြီးတယ်ဆိုပေမဲ့ ဒီလောက်ထိ မျက်နှာမထောက်ဘဲ နေစရာလား။

သူတို့အားလုံး ဖုန်းဝူချန်ကို အလွန်အမင်း မာနကြီးပြီး မောက်မာသည်ဟု ထင်သွားကြသည်။

မည်သို့ပင်ဖြစ်စေ၊ ရှန်းယန်က ဘာမှ အမှုမထားဘဲ မေးလိုက်သည်။

"ဆရာဖုန်းရဲ့ အရေးကြီးကိစ္စက ဘာများလဲ သိခွင့်ရှိမလားခင်ဗျာ။ ကျွန်တော်တို့ ကူညီနိုင်တာများရှိရင် အစွမ်းကုန် ကူညီပေးပါ့မယ်။"

"လူသတ်မလို့။" ဖုန်းဝူချန်က အမူအရာမပျက်ဘဲ ပြန်ဖြေရင်း လှည့်ထွက်သွားတော့သည်။

“လူသတ်မလို့…”

ခန်းမဆောင်ထဲမှ ရှန်းယန်၊ ဝေ့ယွင်နှင့်တကွ လူအားလုံး ခဏတာ ကြောင်အမ်းအမ်းဖြစ်သွားကြသည်။

ဆရာဖုန်းက လူသတ်မလို့တဲ့လား။ ယွင်ကျိုးနယ်မှာ ဘယ်သူကများ ပဉ္စမအဆင့် လက်နက်ပညာရှင် တစ်ယောက်ကို ရန်စရဲတဲ့ သတ္တိရှိနေလို့လဲ။

ရှန်းယန်နှင့် အခြားသူများ ထပ်မံ မေးမြန်းခွင့် မရမီမှာပင် ဖုန်းဝူချန်က လေလံရုံမှ ထွက်ခွာသွားခဲ့လေပြီ။

ထိုအခါမှ လူတိုင်းက ဖုန်းဝူချန် ဘာကြောင့် ရှန်းယန်ကို မျက်နှာမထောက်ခဲ့သလဲ။

ဘာကြောင့် အလျင်အမြန်ထွက်သွားခဲ့သလဲဆိုသည်ကို သဘောပေါက်သွားကြတော့သည်။

သူက လူသတ်ဖို့ သွားနေတာပါလား။

"ဘယ်သူက ဆရာဖုန်းကို ရန်စလိုက်တာလဲ။"

ရှန်းယန်က မျက်မှောင်ကြုတ်ရင်း စုံစမ်းမေးမြန်းလိုက်၏။

လေလံရုံမှ ထွက်လာပြီးနောက် ဖုန်းဝူချန်သည် ပထမဦးစွာ ကျိုးမိသားစုအကြောင်းကို စုံစမ်းပြီး ထို့နောက် ထျန်းတုမြို့အစွန်သို့သွားကာ ဆေးမှုန့်အချို့ကို ဖော်စပ်ရန်အတွက် လူပြတ်လပ်သော နေရာတစ်ခုကို ရှာဖွေခဲ့သည်။

အရာအားလုံး ပြင်ဆင်ပြီးစီးသွားသည့်အခါ ဖုန်းဝူချန်သည် နောက်တစ်နေ့တွင် ကျိုးမိသားစုထံသို့ တစ်ကိုယ်တည်း ထွက်ခွာလာခဲ့တော့သည်။

ကျိုးမိသားစုမှာ ထျန်းဖုန်းမြို့တွင် ရှိပြီး ထျန်းတုမြို့နှင့် မဝေးလှသဖြင့် ဖုန်းဝူချန်၏ အမြန်နှုန်းဖြင့်ဆိုလျှင် တစ်နာရီ၏ လေးပုံတစ်ပုံခန့်သာ ကြာမြင့်လေသည်။

"ဒီနေ့ပြီးရင်တော့ ထျန်းဖုန်းမြို့မှာ ကျိုးမိသားစုဆိုတာ မရှိစေရတော့ဘူး။"

ထျန်းဖုန်းမြို့ထဲသို့ ဝင်ရောက်လာရင်း ဖုန်းဝူချန်က တိတ်တဆိတ် ကြုံးဝါးလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင်တော့ အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်၍ နေ၏။

ဤသည်မှာ ဖုန်းဝူချန်အတွက် ထျန်းဖုန်းမြို့သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းမဟုတ်။

အရင်တစ်ခေါက်က ယွင်မိသားစု၏ ဖိတ်ကြားချက်ဖြင့် သူရောက်ခဲ့ဖူးပါ၏။

ထိုစဉ်က ကျိုးမိသားစု၏ ခေါင်းဆောင်နှင့်တကွ ထျန်းဖုန်းမြို့မှ အဓိကမိသားစုကြီးများ၏ အင်အားကြီးများ ရှိနေခဲ့သည်ကို သူ မှတ်မိနေသေးသည်။

သို့သော် ဖုန်းဝူချန် သိသည်မှာ ကျိုးမိသားစုသည် ထျန်းဖုန်းမြို့တွင် ရှိသည် ဆိုသည်ကိုသာ။ သူတို့၏ အင်အား မည်မျှ ကြီးမားသည်ကိုတော့ မသိ။ အနည်းငယ် မေးမြန်းစုံစမ်းပြီးနောက်မှာတော့ အသေးစိတ်ကို သူ သိရှိသွားခဲ့သည်။

"ရပ်စမ်း... ဘယ်သူလဲ။"

ဖုန်းဝူချန် ကျိုးမိသားစု

အိမ်တော်အနီးသို့ ချဉ်းကပ်သွားသည့်အခါ အစောင့် နှစ်ယောက်က သူ့ကို တားဆီးလိုက်သည်။

"မင်းကို သတ်မယ့်သူပဲ။"

ဖုန်းဝူချန်က အေးစက်စွာဆိုရင်း လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်သည်နှင့် မည်သည့်အချိန်က ပေါ်လာမှန်းမသိသော မီးလျှံဓားသွားက လျှပ်စီးကဲ့သို့ ပျံသန်းသွား၏။ ဓားသွားက အစောင့်၏ လည်မျိုပေါ်သို့ ဖြတ်ပြေးသွားသည်။

သွေးများ ပန်းထွက်လာပြီး အစောင့်မှာ မြေပေါ်သို့ လဲကျသွား၏။

ဒုတိယအစောင့်မှာ ဘာမှပင်မတုံ့ပြန်နိုင်မီ ဖုန်းဝူချန်၏ မီးလျှံဓားသွားက သူ၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ။ ထိုအစောင့်က ဖုန်းဝူချန်ကို ကြောက်လန့်တကြားကြည့်ရင်း မေးသည်။

"ဘာ... ဘာလို့... ငါတို့ကို... သတ်ရတာလဲ။"

"ငါက အပြစ်မရှိတဲ့သူတွေကို ရမ်းသတ်ချင်နေတာမဟုတ်ဘူး၊ မင်းတို့ရဲ့ မိသားစုခေါင်းဆောင်က ငါ့ကိုသတ်ချင်ခဲ့တာ။"

ဖုန်းဝူချန်က မီးလျှံဓားသွားကို ဆွဲထုတ်ရင်း အေးစက်စွာ ပြန်ဖြေကာ ကျိုးမိသားစု၏ နေအိမ်ထဲသို့ ခြေလှမ်းဝင်လိုက်သည်။

“ကျိုးမိသားစုကို လူသတ်သမား ဝင်တိုက်နေပြီ”

လမ်းမများပေါ်တွင် ထိုသတင်းက လူအုပ်ကြီးကို မြန်ဆန်စွာ ဆွဲဆောင်လိုက်တော့သည်။

ကျိုးမိသားစုထဲသို့ ကျူးကျော် ဝင်ရောက်လာသူ ဖုန်းဝူချန်သည် တွေ့သမျှလူကို သတ်ဖြတ်လေတော့သည်။

တစ်ယောက်ပြီး တစ်ယောက်၊ နှစ်ယောက်ပြီး နှစ်ယောက်...။

သနားညှာတာမှု၊ တုံ့ဆိုင်းနေမှုတို့ လုံးဝမရှိ။

ကျိုးမိသားစု၏ အစောင့်များက အုပ်စုလိုက် ရင်ဆိုင်ရန် ထွက်လာကြသော်လည်း မည်သူမျှ ဖုန်းဝူချန်ကို မတားဆီးနိုင်ခဲ့ပါ။

စစ်မှန်သောယွမ်စွမ်းအင်များ ဖွဲ့တည်လာပြီး အားကောင်းသော စွမ်းအင်ဓားသွားများက ဝဲပျံထွက်လာကာ ကျိုးမိသားစု

အစောင့်များကို ရူးသွပ်မတတ် သတ်ဖြတ်နေတော့သည်။

"ကောင်လေး... သတ္တိတွေ တယ်ကောင်းနေပါလား၊ ငါတို့ ကျိုးမိသားစု အစောင့်တွေကို သတ်ရဲတယ်ပေါ့လေ။ သူ့ကို သတ်ကြစမ်း။" အစောင့်ခေါင်းဆောင် ဟုထင်ရသူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီနေ့... ကျိုးမိသားစု တစ်စုလုံး သေကို သေရမယ်။" ဖုန်းဝူချန်က အေးစက်စွာ ကြေညာလိုက်ရာ သူ၏ ကြက်သီးထဖွယ် သတ်ဖြတ်လိုသည့် အငွေ့အသက်က ကြားရသူတိုင်းကို ကျောချမ်းသွားစေသည်။

"စကားကြီး၊ စကားကျယ်တွေ ပြောနေပါလား။" ခေါင်းဆောင်က သူ၏စစ်မှန်သော ယွမ်စွမ်းအင်ကို ထုတ်လွှတ်ရင်း ဦးဆောင် တိုက်ခိုက်လိုက်ရာ အခြား အစောင့်များကလည်း လိုက်ပါ တိုက်ခိုက်ကြသည်။

"သေစမ်း။" အေးစက်သော အော်သံနှင့်အတူ ဖုန်းဝူချန်က နတ်ဘုရား အရိပ်သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။

သူ၏ခန္ဓာကိုယ်က တစ္ဆေ တစ်ကောင်နှယ် ပျောက်ကွယ်သွားလိုက်၊ ပေါ်လာလိုက်ဖြစ်နေပြီး ဓားအလင်းတန်းတစ်ချက် လင်းလက်သွားသည်နှင့် အသွင်ပြောင်း ဘုံ ဒုတိယအလွှာမှ ခေါင်းဆောင်မှာ ချက်ချင်းပင် လဲကျသွားတော့သည်။ သူ ဘယ်လိုသေသွားသည်ကိုပင် သူကိုယ်တိုင် သိလိုက်ဟန်မတူ။

သူ၏ စွမ်းအားအကုန်ကို အညှာအတာမဲ့စွာ ထုတ်ဖော်ရင်း ဖုန်းဝူချန်သည် မီးလျှံဓားသွားကို ဝှေ့ယမ်းကာ သူ၏လမ်းကြောင်းပေါ်မှ ကျိုးမိသားစု အစောင့်များကို ဆက်လက် ခုတ်ပိုင်းသတ်ဖြတ်နေ၏။

ကျိုးမိသားစု၏ ခြံဝင်းအတွင်း ပရမ်းပတာအခြေအနေများနှင့် ထိတ်လန့်တကြားအော်ဟစ်သံများ လွှမ်းခြုံသွားသည်။ အစောင့်များက ဖုန်းဝူချန်၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကြောင့် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြပြီး နောက်ဆုံးတွင် မည်သူမျှ အနားကပ်

မလာရဲတော့သည်အထိ ကြောက်လန့်သွားကြတော့သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ကျိုးမိသားစုအစောင့် ဒါဇင်ပေါင်းများစွာကို ဖုန်းဝူချန် သတ်ဖြတ်ခဲ့ပြီး ရှေ့ခြံဝင်း တစ်ခုလုံး သွေးချောင်းစီးသွားလေတော့သည်။

"မိသားစုခေါင်းဆောင်... တစ်ယောက်ယောက် ဝင်လာပါတယ်... တစ်ယောက်ယောက် ဝင်လာပါတယ်။"

အစောင့်များက ထိတ်လန့်တကြား အော်ဟစ်ကြသည်။

ကျိုးမိသားစုခေါင်းဆောင်နှင့် အကြီးအကဲများမှာ ကျူးကျော်ဝင်ရောက်မှုကို သိရှိပြီးဖြစ်သဖြင့် နောက်ဖေးခြံဝင်းမှ အလျင်အမြန် ထွက်လာကြသည်။ သူတို့၏မျက်နှာများမှာ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒဖြင့် ခက်ထန်တင်းမာနေ၏။

ကျိုးမိသားစု၏ ကျွမ်းကျင်ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြပြီး ရှေ့ခြံဝင်းထဲမှ ဒါဇင်နှင့်ချီသော သေဆုံးနေသည့် အစောင့်များကို မြင်လိုက်ရသည့်အခါ သူတို့တစ်ကိုယ်လုံး အေးစိမ့်သွားကြသည်။

နေရာအနှံ့ ပျံ့ကျဲနေသော အလောင်းများ၊ မြေပြင်ကို အနီရောင် ဆိုးထားသော သွေးကွက်များ...။

"မိသားစု ခေါင်းဆောင်နဲ့ အကြီးအကဲတွေ ရောက်လာပြီ။" အစောင့် တစ်ယောက်က သက်ပြင်းချသံဖြင့် အော်လိုက်သည်။

"ဝိုင်းထားကြ၊ သူ့ကို လွတ်အောင်ပြေးခွင့်မပေးနဲ့။"

အသွင်ပြောင်းဘုံအဆင့်မှ ကျင့်ကြံသူတစ်ဦးက သူ၏ဒေါသထွက်နေသော မျက်လုံးများဖြင့် ဖုန်းဝူချန်ကို မကျေမချမ်း ကြည့်ရင်း အရူးအမူး အော်ဟစ်လိုက်သည်။

ကျိုးမိသားစု၏ သခင်များနှင့် အစောင့်များက ဖုန်းဝူချန်ကို ယင်ကောင် တစ်ကောင်ပင် မလွတ်မြောက်နိုင်သည့် အတိုင်းအတာအထိ တင်းကျပ်စွာ ဝိုင်းရံထားလိုက်ကြသည်။

ဖုန်းဝူချန်က မီးလျှံဓားသွားကို ကိုင်ဆောင်ရင်း ဝိုင်းရံထားသော အစောင့်များကို ဖြည်းညင်းစွာ လှည့်ကြည့်ကာ ရေရွတ်လိုက်သည်။

"မင်းတို့ ကျိုးမိသားစု တစ်စုလုံးကို မသုတ်သင်ရသေးသရွေ့ ငါ မပြန်ဘူး။"

သူ၏အသံမှာ အေးစက်နေပြီး သေမင်းတမန်ကဲ့သို့သော သူ၏အကြည့်က သူတို့မျက်နှာများကို ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားစေ၏။

"ဘယ်သူကများ ကျိုးမိသားစုထဲကို ကျူးကျော်ဝင်ရောက်ပြီး ငါတို့အစောင့်တွေကို သတ်ရဲတာလဲ။" ထိုအခိုက်တွင် ခန့်ညားထည်ဝါသော ဒေါသနှင့် လွှမ်းမိုးနိုင်စွမ်းရှိသော သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် အမိန့်ပေးသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

"မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်၊ ဒီအကောင်က ကျွန်တော်တို့အစောင့် သုံးဆယ့်ငါးယောက်ကို သတ်သွားပါတယ်။"

တစ်စုံတစ်ယောက်က သတင်းပို့သည်။

“မိုက်ရိုင်းလိုက်တာ”

ကျိုးမိသားစု ခေါင်းဆောင်က ဒေါသတကြီး ဟိန်းဟောက်ရင်း ဖုန်းဝူချန်ကို သတ်ဖို့ အမိန့်ပေးရန် ပြင်လိုက်သည်။

သို့သော် သူ ဖုန်းဝူချန်ကို မြင်လိုက်သည့်အခိုက်တွင် သူ၏အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး တောင့်တင်းသွားတော့သည်။

အကြီးအကဲများမှာလည်း ထိုနည်းတူပင် တုန်လှုပ်ခြောက်ခြားသွားကြပြီး သူတို့၏မျက်နှာများမှာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်နေကြ၏။

"ကျိုးမိသားစုခေါင်းဆောင်ကြီး... ကျွန်တော့်ကို မှတ်မိသေးရဲ့လားဗျ။" ဖုန်းဝူချန်က အေးစက်စက်ပြုံးရင်း မေးလိုက်သည်။

"ဖုန်း... ဆရာဖုန်း။" ကျိုးမိသားစုခေါင်းဆောင်က ကြောက်လန့်တကြား ရေရွတ်လိုက်သည်။

"ဆရာဖုန်း... သူက ဆရာဖုန်းလား။" ကျိုးမိသားစုအစောင့်များ၏ မျက်နှာများမှာ တုန်လှုပ်အံ့ဩမှုနှင့် ရှုပ်ထွေးမှုတို့ဖြင့် ဖြူဖျော့သွားကြသည်။

တုန်လှုပ်သွားသည်မှာ သူတို့ရှေ့မှ လူငယ်လေးသည် ယွင်ကျိုးနယ်၏ နာမည်ကျော် ဆရာဖုန်း ဖြစ်နေသောကြောင့်

ဖြစ်ပြီး ရှုပ်ထွေးသွားသည်မှာ... ဆရာဖုန်းက ကျိုးမိသားစုကို ဘာကြောင့် ရုတ်တရက် လာတိုက်ခိုက်ရသလဲ

ဟူသည့် အခြေအနေကြောင့်ပင်တည်း။

"ကျိုးမိသားစုခေါင်းဆောင်၊ ခင်ဗျား ကျွန်တော့်ကို သတ်ဖို့ လူလွှတ်ခဲ့တာကို မှတ်မိသေးရဲ့လား။ ကျွန်တော်တော့ မမေ့သေးဘူး။ ခင်ဗျားတို့ ကျိုးမိသားစုကို သွေးချောင်းစီးစေရမယ်လို့ ကျွန်တော် ပြောခဲ့တယ်လေ။" ဖုန်းဝူချန်က အေးစက်စက်ပြုံးရင်း ပြောလိုက်သည်။

ကျိုးမိသားစု အစောင့်များကတော့ ဤကိစ္စကို ရှင်းရှင်းလင်းလင်း မသိရှိကြသဖြင့် ဇဝေဇဝါဖြင့်သာ ကြည့်နေကြသည်။

ကျိုးမိသားစုခေါင်းဆောင်၏ မျက်နှာက လျင်မြန်စွာပင် ညိုမှောင်သွားသည်။ အခြေအနေက အလွန်အမင်း ဆိုးရွားသွားခဲ့လေပြီ။ ပြန်လှည့်ရန် လမ်း မရှိတော့လောက်ပေ။

"သတ်ကြစမ်း"

ကျိုးမိသားစု ခေါင်းဆောင်က အံကို ကြိတ်ကာ အမိန့်ပေးလိုက်သည်။ သူ၏မျက်နှာအမူအရာက ပုပ်သိုးနေ၏။

ကျိုးမိသားစုအစောင့်များက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏မိသားစုခေါင်းဆောင်၏ အမိန့်ကို လိုက်နာရမည်လော၊ သို့မဟုတ် ယွင်ကျိုးနယ်၏ နာမည်ကျော် ဆရာဖုန်းကို ရင်ဆိုင်ရမည်လော။ အကြားတွင် ဗျာများနေကြသည်။ သူတို့ ဘာလုပ်ရမည်ကို မ‌ဝေခွဲတတ်ကြ။

"ဘာကို စောင့်နေကြတာလဲ။ သတ်ကြစမ်း။" အကြီးအကဲတး တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"တိုက်ကြ... သတ်ကြစမ်း။" အသွင်ပြောင်း ဘုံ ကျွမ်းကျင်သူ တစ်ဦးက အော်ဟစ်လိုက်ရာ အစောင့်များမှာ ကြောက်ရွံ့မှုအပြည့်ဖြင့် လှုပ်ရှားလိုက်ကြသည်။

ထိုစဉ် ဖုန်းဝူချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ပုလင်းများစွာ ပျံထွက်သွားသည်။ နဂါးနတ်ဘုရား၏ စွမ်းအားကို အသုံးပြု၍ သူက လေထဲသို့ လက်ဆုပ်လိုက်ရာ ပုလင်းများ ပေါက်ကွဲသွားပြီး အရောင်အသွေးစုံလင်သော အမှုန့်များ နေရာအနှံ့ ပျံ့ကျဲသွားတော့သည်။

ထူးဆန်းသော အရောင်အသွေး

စုံလင်သည့် အမှုန့်များက မြူငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် ကောင်းစွာ ပျောက်ကွယ်သွားရာ အစောင့်များ ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာသွားကြသည်။

"ကံတရားဆိုတာ လည်ပြန်တတ်တယ်။ အခုတော့ ခင်ဗျားတို့ အလှည့်ပဲ။ ကျုပ် ဖော်စပ်ထားတဲ့ ဆေးမှုန့် အရသာကို မြည်းစမ်းကြည့်ကြပေါ့။" ဖုန်းဝူချန်က အေးစက်စက်ပြုံးရင်း ဆို၏။

ဤစကားကို ကြားသော် ကျိုးမိသားစုဝင်များက သူတို့၏ ပါးစပ်နှင့် နှာခေါင်းများကို အလျင်အမြန် ဖုံးအုပ်လိုက်ကြသည်။

“ဟွန့်”

ကျိုးမိသားစုခေါင်းဆောင်က ပြင်းထန်စွာ နှာမှုတ်လိုက်၏။

သူက ဖုန်းဝူချန်ကို လက်ဝါး တစ်ချက်တည်းဖြင့် သတ်နိုင်မည်ဟု ယုံကြည်ကာ မတုံ့ဆိုင်းဘဲ ရှေ့သို့ ပြေးထွက်လာတော့သည်။

သို့သော် ကျိုးမိသားစု ခေါင်းဆောင် ရှေ့သို့ ပြေးထွက်လာစဉ် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ယိုင်နဲ့သွားပြီး ဟန်ချက်ပျက်ကာ မြေပေါ်သို့ လဲကျသွားတော့သည်။

ကျိုးမိသားစုဝင်များ တုန်လှုပ် အံ့ဩသွားကြသည်။

"ကျုပ် ဖော်စပ်ထားတဲ့ ဆေးမှုန့်က ခင်ဗျားတို့ရဲ့ သွေးကြောတွေကို ပိတ်ဆို့နိုင်တယ်။ ခင်ဗျားတို့ စစ်မှန်သော ချီ ဒါမှမဟုတ် စစ်မှန်သော ယွမ်စွမ်းအင်ကို မသုံးသရွေ့တော့ နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ထားရုံနဲ့ အသုံးမဝင်ဘူး။" ဖုန်းဝူချန်က လဲကျနေသော ကျိုးမိသားစု ခေါင်းဆောင်ထံသို့ မီးလျှံဓားသွားကို ညွှန်ပြရင်း အေးစက်စွာ ရှင်းပြလိုက်သည်။

"သူ့ကို အမြန်သတ်စမ်း။"

အကြီးအကဲများက ထိတ်လန့်တကြား အော်ဟစ်ကြသည်။

"ဒီနေ့က ကျိုးမိသားစုရဲ့ နိဂုံးပဲ။ ငါ့ကို သတ်ချင်တဲ့သူတွေကို ဘယ်လို ကံကြမ္မာမျိုး စောင့်ကြိုနေလဲဆိုတာ ငါ ပြမယ်။" ဖုန်းဝူချန်၏ စကားလုံးတိုင်းသည် နတ်ဆိုးတစ်ကောင်၏ စကားသံကဲ့သို့ အေးစက်သော လူသတ် အငွေ့အသက်များဖြင့် ပြည့်နှက်နေလေတော့သည်။

All Chapters