← Chapters

ဖုန်းဝူချန်ရဲ့ ဝင်ပါခြင်း

Vol. 4 Ch. 55

ဖုန်းဝူချန်ရဲ့ ဝင်ပါခြင်း

Vol. 4 Ch. 55

~ဘယ်ဆိုးလို့လဲ။ ဓားပျံက ထျန်းယန် အကယ်ဒမီက သွေးနီငှက်တွေလောက်တော့ မြန်သားပဲ။

ဖြည်းဖြည်းချင်း ကျင့်သားရလာပြီးနောက်မှာတော့ ဖုန်းဝူချန်တစ်ယောက် မြင့်မားသည့် ကောင်းကင်ယံပေါ်အထိ ပျံတက်သွားပြီး လေထဲမှာ ဝဲပျံနေရသော အရသာကို အပြည့်အဝ ခံစားနေမိတော့သည်။

'ဟာ... ပျော်စရာတော့ ကောင်းသားပဲ။ ဒါပေမဲ့ ဒီလိုကြီး လေထဲမှာ ပေါ်တင်ပျံနေရတာက လူမြင်သူမြင် သိပ်မကောင်းဘူးပဲ။ ဘယ်သူမှ မမြင်လောက်ပါဘူးနော်။'

နာရီဝက်လောက် ပျံသန်းပြီးသည့်နောက်မှာတော့ ဖုန်းဝူချန် မြေပြင်ပေါ်ပြန်ဆင်းသက်ကာ မြို့တစ်မြို့ထဲဝင်ပြီး ဆေးပင်အချို့ဝယ်ယူလိုက်သည်။ ပြီးမှ မြို့အစွန်ဘက်ကို ထွက်လာခဲ့၏။

သူ ဝယ်လာသော ဆေးပင်တွေအားလုံးက ဒုတိယ အဆင့် ဆေးလုံးတွေ ဖော်စပ်ဖို့အတွက်ချည်းပဲ။ သူက ဆေးလုံးအမျိုးအစားနှစ်ခု ဖော်စပ်ဖို့ စီစဉ်ထားလေသည်။

...

ဆေးလုံးနှစ်မျိုးလုံးက ဈေးသက်သာပြီး ဖော်စပ်ရလွယ်ကူပေမဲ့ အစွမ်းအာနိသင်ကတော့ အလွန်ပြင်းထန်လှသည်။ အထူးသဖြင့် အသွင်ပြောင်းဘုံ မှာရှိတဲ့ လူတစ်ယောက်အတွက်တော့ တကယ့်ကို အသက်ကယ်ဆေးတွေပါပဲ။

ဒါပေါ့လေ... ဒီဆေးလုံး နှစ်မျိုးက နတ်ဆေးတော့ ဘယ်ဟုတ်ပါ့မလဲ။ ပိုပြီး အစွမ်းထက်သော ကုသဆေးတွေ၊ စွမ်းအင် ပြန်လည် ဖြည့်တင်းသော ဆေးလုံးတွေနှင့် ယှဉ်လိုက်လျှင်တော့ အများကြီး ကွာပါသေးသည်။

ဖုန်းဝူချန်၏ လက်ရှိ အဆင့်နှစ်ဆေးလုံးပညာရှင် အဆင့်နှင့်ဆိုလျှင် အစွမ်းကုန်ကြိုးစားမှ အဆင့်သုံးဆေးလုံးတွေကို ဖော်စပ်နိုင်ဦးမည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားက ဒီထက် ပိုပြင်းသည့် ဆေးတွေကို ဖော်စပ်ဖို့ လုံလောက်သည်အထိ အားမကောင်းသေးဘူးလေ။

'အမှန်အတိုင်းပြောရရင် တတိယ အဆင့်ဆေးလုံးတွေ ဖော်စပ်လို့တော့ ရတယ်။ ဒါပေမဲ့... အဲ့ဒါက လူကို ပင်ပန်းစေတယ်။ ဝိဉာဉ်စွမ်းအင်ရော၊ အားအင်ရော အကုန်ကုန်တာ။ အခုလောလောဆယ် ဒုတိယ အဆင့်ဆေးလုံးလောက်ဆို လုံလောက်နေတာပဲကို။ ဘာလို့ အပင်ပန်းခံနေတော့မှာလဲ။'

ဆေးလုံးတွေ ဖော်စပ်ပြီးသွားသည့်အခါ ဖုန်းဝူချန်က ရက်အနည်းငယ်လောက် ကျင့်ကြံလိုက်ပြီးမှ ခရီးဆက်ခဲ့ပြန်သည်။

အခု သူ့ရဲ့ကျင့်ကြံခြင်းက အသွင်ပြောင်းဘုံ ကို ဝင်ရောက်သွားပြီဆိုတော့ နောက်တစ်ဆင့်တက်ဖို့က ပိုပြီးတောင် ခက်ခဲလာခဲ့လေပြီ။

ခရီးတစ်ထောက်နားလိုက်၊ ခရီးဆက်လိုက်နှင့် ခုနစ်ရက်ကြာသည့် အခါမှာတော့ ဖုန်းဝူချန်တစ်ယောက် အင်ပါယာ၏ တော်ဝင်နယ်မြေ... ဧကရာဇ်မြို့တော်ကြီးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါတော့သည်။

ဧကရာဇ်မြို့တော်ကတော့ ကျယ်ပြန့်ခမ်းနားပြီး စွမ်းအားရှင်တွေ၊ ပါရမီရှင်တွေနှင့် ပြည့်နှက်လို့ နေ၏။

မြို့တော်ကြီးကို ဒေသအများအပြားခွဲခြားထားပြီး ဒေသတစ်ခုချင်းစီမှာလည်း မြို့ပြအစုအဝေးတွေနှင့် ဖွဲ့စည်းထားပါသေးသည်။

သို့သော်ငြား... ဖုန်းဝူချန်၏ ဦးတည်ရာက တော်ဝင်မိသားစုဆီ မဟုတ်... ဗိုလ်ချုပ်ကြီး၏ စစ်စခန်းဆီသို့သာ ဖြစ်လေသည်။

ဗိုလ်ချုပ်ကြီး၏ စစ်စခန်းက တော်ဝင်နယ်မြေ၏ မြောက်ဘက်တောအုပ်ထဲမှာ တည်ရှိသည်။ သိပ်မကြီးသော်လည်း အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့တို့၏ လေ့ကျင့်ရေး

အခြေစိုက်စခန်းတည်း။ တခြားစခန်းတွေကတော့ အင်ပါယာ၏ နယ်စပ်တစ်ဝိုက်မှာ ပြန့်ကျဲ တည်ရှိနေကြသည်။

ဖုန်းဝူချန်က အင်ပါယာကို ရောက်ရောက်ချင်း စစ်စခန်းဆီကို တန်းမသွားသေးပေ။

ဧကရာဇ်မြို့တော်ထဲမှာ တော်ဝင်မိသားစုဝင်တွေ၊ ဆွေတော်မျိုးတော်တွေ နေထိုင်ကြသည်။ အာဏာရှိပြီး သြဇာလွှမ်းမိုးသည့် အရာရှိကြီးတွေလည်း အများအပြားရှိနေတာမို့ ဒီနေရာက တကယ့်ကို ကြီးမား‌သော အင်အားစုကြီး တစ်ခုပင်။

အင်ပါယာ၏ တော်ဝင်မိသားစုအပြင် နောက်ထပ် ဧရာမအင်အားစုကြီးတစ်ခု ရှိသေးသည်။ ဒါကတော့... ယဲ့မိသားစုပင်။

ယဲ့မိသားစုက အင်ပါယာအပေါ် မျိုးဆက်အလိုက် သစ္စာစောင့်သိခဲ့ကြပြီး ဘယ်တော့မှ သစ္စာဖောက်ဖို့ သံသယမဝင်ခဲ့ကြပေ။ သို့ကြောင့်လည်း တော်ဝင်မင်းမျိုးမင်းနွယ်တွေ၏ အထူးလေးစားမှုကို ခံကြရခြင်းတည်း။

အင်ပါယာကသာ ယဲ့မိသားစုနှင့် မဟာမိတ်ဖွဲ့လိုက်လျှင် ထျန်းယွင်ဂိုဏ်းတောင်မှ အလွယ်တကူ ရန်မစရဲဟု ကြားဖူး၏။

ဒီအကြောင်းတွေကြောင့်ပဲ ဧကရာဇ်မြို့တော်မှာ အဆင့်မြင့်အရာရှိကြီးများ၏ ဆိုးပေနေသော မျိုးဆက်သစ်တွေက မောက်မာပြီး ထင်ရာစိုင်းနေကြသည်ပင်။

ဧကရာဇ်မြို့တော်ထဲကို ဝင်လိုက်သည့်အခါ ဖုန်းဝူချန် တစ်ခါမှမမြင်ဖူးသော စည်ပင်သာယာမှုနှင့် ခမ်းနားထည်ဝါမှုတွေကို တွေ့လိုက်ရသည်။ ထျန်းတုမြို့ထက်တောင် သာလွန်နေသေး၏။

"ဝိုး... ဧကရာဇ်မြို့တော်ဆိုတာ ဒါမျိုးကိုး။ နေရာတကာမှာ အားကြီးသန်မာပုံရတဲ့ ဘဲကြီးတွေချည်းပဲ။ ငါ့လို တောသားကတော့ မျက်စိလည်သွားလောက်တယ်။ အရင်ဆုံးတော့ တည်းခိုခန်းကောင်းကောင်း တစ်ခုရှာပြီး တစ်ရက်လောက်တော့ အနားယူမှပဲ ဖြစ်တော့မယ်။ ဒီအတိုင်းကြီး ဗိုလ်ချုပ်ကြီး စခန်းထဲ တန်းဝင်သွားလို့ကတော့... ဒီလူတွေ ငါ့ကို 'ဘယ်က တောသားလဲ' ဆိုပြီး အထင်သေးနေဦးမယ်။"

သူက တည်းခိုခန်းတစ်ခုမှာ ဝင်တည်းပြီး တစ်ရက်လောက်နားမှ စစ်စခန်းဆီကို သွားဖို့ စီစဉ်လိုက်ပါ၏။

…

အင်ပါယာ၏ မြောက်ဘက် စစ်စခန်းမှာတော့ လူတစ်ယောက်က ရိုသေစွာ သတင်းပို့နေသည်။

"ဗိုလ်ချုပ်ကြီး၊ ဆရာဖုန်း ဧကရာဇ်မြို့တော်ကို ရောက်လာပြီး လော့ဖုန်းမြို့က ထျန်းလိုင် တည်းခိုခန်းမှာ နားနေပါတယ်ခင်ဗျာ။"

"အို... ဆရာဖုန်း ဧကရာဇ်မြို့တော်ကို ရောက်လာပြီဟုတ်လား။ ကောင်းလိုက်တာ။"

ယဲ့ချန်းချုံးက အံ့ဩတကြီးမေးရင်း မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေ ပြည့်လျှံလာကာ အမိန့်ပေးလိုက်သည်။

"မနက်ဖြန်မနက်အစောကြီး လူတစ်ယောက် လွှတ်ပြီး ဆရာဖုန်းကို သွားကြိုခိုင်းလိုက်။ သူ့ကို လုံးဝ ပေါ့လျော့လို့ မဖြစ်ဘူးနော်။"

"လက်အောက်ငယ်သား နာခံပါတယ်ခင်ဗျာ။" ထိုလူက ရိုသေစွာ ပြန်ဖြေ၏။

"တစ်ယောက်ယောက်... နန်းတော်ကိုချက်ချင်းသွားပြီး လက်နက်သန့်စင်ဖို့ ပစ္စည်းတွေ သွားယူခဲ့။ ပြီးတော့ မြို့စားကြီးနဲ့ အကြီးအကဲစစ်ထူကိုလည်း အကြောင်းကြားလိုက်။" ယဲ့ချန်းချုံးက မဖုံးကွယ်နိုင်သော အပြုံးတွေနှင့် မျက်နှာကြီး ဝင်းပကာ စီမံလိုက်တော့သည်။

ယဲ့ချန်းချုံး အပြင်ကိုထွက်လာပြီး အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် မြင်းသည်တော်

တပ်ဖွဲ့ဝင်အားလုံးကို အမြန်ဆုံး စုဝေးဖို့ အမိန့်ပေးလိုက်၏။

အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့ဝင် စုစုပေါင်း အရေအတွက်က ရာဂဏန်းအနည်းငယ်ထက် မပိုသော်လည်း သူတို့က အင်ပါယာ၏ အတော်ဆုံးစစ်သည်တွေ ဖြစ်ပြီး ထူးချွန်‌သော တိုက်ခိုက်ရေးစွမ်းရည်တွေ ပိုင်ဆိုင်ထားကြသည်။

ခွန်အား၊ အမြန်နှုန်း၊ တုံ့ပြန်မှု၊ အာရုံခံနိုင်စွမ်း... စတာတွေအားလုံးက သာမန်စစ်သည်တွေထက် အများကြီး သာလွန်ပြီး သူတို့က အင်ပါယာ၏ ထက်ရှသော ဓားသွားပင်။

"မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို မြှင့်တင်ပေးဖို့ ငါကိုယ်တိုင် အရေးကြီး ဧည့်သည်တော် တစ်ယောက်ကို ဖိတ်ခေါ်ထားတယ်။ သူက မင်းတို့ကို ပိုပြီးသန်မာလာအောင် လုပ်ပေးနိုင်တယ်။ ဒါက ငါတို့အင်ပါယာကို အင်အားတောင့်တင်းစေမယ့် အခွင့်အရေးပဲ။ မနက်ဖြန် သူ ငါတို့စခန်းကိုရောက်လာပြီး မင်းတို့ကို တစ်လတိတိ လေ့ကျင့်ပေးလိမ့်မယ်။"

ယဲ့ချန်းချုံးက အခွင့်အာဏာအပြည့်နှင့် တည်ကြည်လေးနက်စွာ ကြေညာလိုက်ရာ စစ်သည်တွေအားလုံးက သူ့အပေါ်မှာ လေးစားမှုတွေနှင့် ပြည့်နှက်နေကြ၏။

သို့သော် ယဲ့ချန်းချုံး၏ စကားကို ကြားတော့ စစ်သည်တွေအားလုံး နားမလည်နိုင်ဖြစ်သွားကြသည်။

" အရေးကြီး ဧည့်သည်တော် တစ်ယောက်... ငါတို့ကို လာ လေ့ကျင့်ပေးမယ်

ဟုတ်လား။"

"ဗိုလ်ချုပ်ကြီးကိုယ်တိုင် ဖိတ်တာဆိုတော့... ဗိုလ်ချုပ်ကြီးထက်တောင် ကျင့်ကြံခြင်း အဆင့် မြင့်တဲ့သူလားမသိဘူး။"

"ဘယ်သူ ဖြစ်နိုင်မှာလဲကွာ။ အင်ပါယာမှာ ငါတို့ကို လေ့ကျင့်ပေးဖို့ ဗိုလ်ချုပ်ကြီးထက် ပိုတော်တဲ့သူ ရှိသေးလို့လား။"

စစ်သည်တွေက အချင်းချင်း ဆွေးနွေးနေကြပြီး ဒီ အရေးကြီး ဧည့်သည်တော် အကြောင်းကို သိချင်စိတ်နှင့် ရှုပ်ထွေးမှုတွေ ပြည့်နှက်ကုန်ကြသည်။

"ငါလုပ်ပေးနိုင်တာ ဒါအကုန်ပဲ။ တစ်လပဲ အချိန်ရမှာဆိုတော့ မင်းတို့ ဘယ်လောက် တိုးတက်မလဲ

ဆိုတာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်။ ကောင်းကင်အရိပ်မြင်းသည်တော်

တပ်ဖွဲ့ထဲ ဝင်နိုင်မလား မဝင်နိုင်ဘူးလားဆိုတာကလည်း မင်းတို့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်လိမ့်မယ်။"

ယဲ့ချန်းချုံးက ဆက်လက်ပြောလိုက်သည်။

…

နောက်တစ်နေ့မှာတော့ ဖုန်းဝူချန်က ကျင့်ကြံနေရာကနေ စောစောနိုးလာသည်။ ပြတင်းပေါက်ကနေ ဖြာကျနေသည်ြ နေရောင်နွေးနွေးက သူ့ကို ကြိုဆိုနေပြီး အသက်ဓာတ်တွေနဲ့ ပြည့်နှက်လို့ နေ၏...။

ဖုန်းဝူချန်က ပျင်းရိစွာ အကြောဆန့်လိုက်ရင်း ရေရွတ်လိုက်သည်။

"အချိန်တန်ပြီပဲ။"

သို့နှင့်၊ သူက မြန်မြန်ဆန်ဆန် မျက်နှာသစ်၊ အစာစားပြီးနောက် တည်းခိုခန်းကနေ ထွက်လာခဲ့သည်။

'တိတ်တိတ်ဆိတ်ဆိတ် လမ်းကြားတစ်ခုရှာပြီး ဓားပျံနဲ့ပဲ တန်းသွားလိုက်ရင် အကောင်းဆုံးပဲ။'

သို့သော် တည်းခိုခန်းကနေ ခြေတစ်လှမ်းထွက်လိုက်သည်နှင့် လမ်းပေါ်မှာ မလှမ်းမကမ်းမှာ ရန်ပွဲတစ်ခု ဖြစ်နေတာကို သူတွေ့လိုက်ရသည်။ လူတစ်ဒါဇင်လောက်က လူတစ်ယောက်ကို ဝိုင်းရိုက်နေကြပြီး အရိုက်ခံရသည့် သူက လုံးဝ ပြန်မခုခံရဲချေ။

လမ်းပေါ်က ဘယ်သူမှလည်း ဝင်မဆွဲရဲကြပေ။ ဘာလို့လဲဆိုတော့ ရိုက်နေသည့် လူတွေအားလုံးက အင်ပါယာစစ်သည်တွေ၏ ဝတ်စုံကို ဝတ်ထားကြတာကိုး။ သူတို့က စစ်ဘက်က လူတွေဆိုတာ ရှင်းနေသည်ပဲ။

"သူ့ကို သေအောင်ရိုက်ကြစမ်း။"

သခင်လေးတစ်ယောက်က ဘေးကနေ အေးစက်စက် အမိန့်ပေးနေသည်။ သူ၏ ဝတ်စားဆင်ယင်ပုံအရ အရာရှိ တစ်ယောက်ယောက်၏ သားဖြစ်ကြောင်း သိသာလှ၏။

'ဒုက္ခပါပဲ... ဝင်ပါရတော့မလား။ မသိချင်ယောင်ဆောင်ပြီး ဆက်သွားလိုက်ရင် ကောင်းမလား။ အေးလေ... ငါက ဘာကောင်မို့လို့လဲ။ ဒါပေမဲ့... ဟိုအရိုက်ခံနေရတဲ့လူကို ကြည့်ရတာလည်း သနားစရာ။ တောက်... ဖြစ်ချင်ရာဖြစ်၊ ဝင်ပါတော့မယ်ကွာ။'

ဖုန်းဝူချန်တစ်ယောက် ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ ရှေ့တိုးသွားကာ ပြတ်သားစွာ အော်ဟစ်လိုက်သည်။

"ရပ်လိုက်ကြစမ်း။"

စစ်သည်တစ်ဒါဇင်လောက် ချက်ချင်းရပ်တန့်သွားပြီး သူတို့၏ အကြည့်တွေက ဖုန်းဝူချန်ဆီကို ရောက်လာကြသည်။

မောက်မာနေသည့် သခင်လေးက ဟိန်းဟောက်လိုက်သည်။

" သောက်ကောင်လေး... ဒါ မင်းဝင်ပါရမယ့်ကိစ္စ ဘယ်တုန်းက ဖြစ်သွားတာလဲ။ ငါဘယ်သူလဲဆိုတာ မင်းသိလား။ ယုံချင်ယုံ မယုံချင်နေ... ငါ မင်းကိုပါ ရိုက်ပစ်လိုက်မယ်။"

ဖုန်းဝူချန်က သူ့ကို လျစ်လျူရှုလိုက်ပြီး အေးစက်သော အကြည့်တွေနှင့် စစ်သည်တစ်ဒါဇင်ကို စိုက်ကြည့်ရင်း…

"အင်ပါယာက မင်းတို့ကို ပြည်သူတွေကို ကာကွယ်ဖို့ လေ့ကျင့်ပေးထားတာ။ အခုတော့ မင်းတို့က သူတို့ကို အနိုင်ကျင့်နေကြတယ်... လူအများကြီးနဲ့ တစ်ယောက်တည်းကို ဝိုင်းရိုက်နေကြတယ်။ မင်းတို့က အင်ပါယာအတွက် အရှက်ရစရာပဲ။ အင်ပါယာရဲ့ စစ်သည်လို့ ခေါ်ခံရဖို့တောင် မထိုက်တန်ဘူး။"

ဖုန်းဝူချန်၏ စကားကိုကြားတော့ စစ်သည်တွေ၏ မျက်နှာတွေက ရှုံ့မဲ့သွားကြသည်။

"မင်း... မင်း... ယုံချင်ယုံ မယုံချင်နေ... ငါ မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။"

ဖုန်းဝူချန်၏ လျစ်လျူရှုမှုကြောင့် ဒေါသထွက်နေသော သခင်လေးက ဖုန်းဝူချန်ဆီကို လျှောက်လာရင်း ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

စကားတစ်ခွန်းမှမဆိုဘဲ ဖုန်းဝူချန်က သခင်လေး၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်ပြီး အားပြင်းပြင်းနှင့် တစ်ပတ်လှည့်ကာ မြေပြင်ပေါ် ပစ်ချလိုက်သည်။

"ဘုန်း။"

'သွားပြီ... ငါ လုပ်လိုက်ပြီ။ ဒီကောင် ဘယ်သူ့သားသမီးမှန်းလည်းမသိဘူး။ ငါတော့ ဒုက္ခရောက်တော့မှာပဲ။'

ဖုန်းဝူချန်က စိတ်ထဲက တွေးရင်း တစ်ချက်ကန်လိုက်ရာ မောက်မာနေသည့် သခင်လေးက အောင့်သက်သက်

အသံနှင့်အတူ လွင့်ထွက်သွားတော့၏။

"သူ့ခြေထောက်တွေကို ငါ့အတွက် ရိုက်ချိုးပစ်လိုက်စမ်း။"

လူအများကြီးရှေ့မှာ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်၏ အရှက်ခွဲတာကို ခံလိုက်ရတော့ သခင်လေးက ဒေါသတွေ ပေါက်ကွဲထွက်လာပြီး စစ်သည်တွေကို ဟိန်းဟောက်လိုက်သည်။

စစ်သည်တွေက ရှေ့ကိုပြေးထွက်လာကြပြီး စောစောက အရိုက်ခံထားရသည့် လူက အခွင့်အရေးရတုန်း ထွက်ပြေးသွားတော့သည်။

ဖုန်းဝူချန် ခေါင်းခါလိုက်သည်။

ဒီစစ်သည်တွေကို ရှင်းဖို့ စစ်မှန်သောယွမ်စွမ်းအင်တောင် သုံးစရာမလို... သူ၏ လက်သီးတွေနှင့်တင် သူတို့ကို မြေပေါ်လှဲချဖို့ လုံလောက်နေပြီ။

စစ်သည်တွေက ဖုန်းဝူချန်၏ လက်ချက်ဖြင့် လျင်မြန်စွာ အရေးနိမ့်သွားကြပြီး မြေပေါ်မှာ လူးလှိမ့်ကာ နာကျင်စွာ အော်ဟစ်နေကြတော့သည်။

ဘေးက ဝိုင်းကြည့်နေသော လူတွေက စိတ်ထဲမှာ ကျေနပ်နေပေမဲ့ ဖုန်းဝူချန်အတွက်တော့ တိတ်တဆိတ် သနားနေမိကြသည်။

"ဒီလူငယ်လေး သတ္တိတော့ ရှိသားပဲ... အင်ပါယာစစ်သည်တွေကို ရိုက်တာက တစ်မျိုး၊ အဆင့်ခုနစ်အရာရှိရဲ့ သားကိုပါ ရိုက်ရဲတာကတော့ သေချင်နေတာနဲ့ အတူတူပဲ။"

"ဓားကိုဆွဲပြီး တစ်ယောက်ယောက်ကို ကူညီတော့မယ်ဆိုရင် ဘယ်သူလဲဆိုတာကို အရင်ကြည့်ရမှာပေါ့။ ဒီလူငယ်လေးကတော့ တဇွတ်ထိုးနိုင်လွန်းတယ်။"

လူအတော်များများက သဘောမတူဟန်ဖြင့် ခေါင်းခါကြသည်။

ထိုသခင်လေးမှာ အဆင့်ခုနစ်အရာရှိ စုန့်ချိုးမင်၏သား စုန့်တင့်ထျန်းပင် ဖြစ်သည်။ သူက လော့ဖုန်းမြို့မှာ သူ့အဖေ၏ ရာထူးကိုအသုံးချပြီး ပြည်သူတွေကို အနိုင်ကျင့်ကာ ထင်ရာစိုင်းနေသူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားလှ၏။

"ညီလေး... အမြန်ထွက်သွားတော့၊ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်။"

စိတ်ကောင်းရှိသော အဘိုးအိုတစ်ယောက်က အသံတိုးတိုးနှင့် လှမ်းအော်သလို တခြားသူတွေကလည်း သူ့ကို ထွက်သွားဖို့ တိုက်တွန်းကြသည်။

"ထွက်သွားနိုင်မယ်ထင်နေလား။ အိပ်မက်မက်မနေနဲ့။"

စုန့်တင့်ထျန်းက မတ်တပ်ရပ်လိုက်ပြီး သူ၏အကြည့်တွေက အေးစက်ကာ သတ်ဖြတ်လိုစိတ်တွေနှင့် ပြည့်နှက်နေသည်။ သူ၏ အသွင်ပြောင်းဘုံ ဒုတိယအလွှာမှ စစ်မှန်သော ။ယွမ်စွမ်းအင်ကို ထုတ်လွှတ်လိုက်၏။

စုန့်တင့်ထျန်းက ကြမ်းကြုတ်သော ကျားတစ်ကောင်လို ရှေ့သို့ တိုးထွက်လာပြီး ဖုန်းဝူချန်ကို ပြင်းထန်သည့် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ တစ်ချက်တည်းနှင့် သတ်ပစ်ဖို့ ရည်ရွယ်နေပုံပင်။

"ဘုန်း။"

တည်ငြိမ်စွာနှင့် မလှုပ်မယှက်ရပ်နေသည့် ဖုန်းဝူချန်က လက်သီးချက် သူ့အနားရောက်ခါနီးမှ သူ၏ လက်သီးကို ပြန်လည် ပစ်သွင်းလိုက်သည်။

အွတ်ခနဲ အသံနှင့်အတူ သူ၏လွှမ်းမိုးနိုင်စွမ်းရှိသည့် အားက စုန့်တင့်ထျန်းကို လွင့်ထွက်သွားစေ၏။

အင်အားကွာခြားချက်က မသေးလှ။

'သောက်ကျိုးနည်း... ဒီကောင်လေး တော်တော်သန်မာတာပဲ။'

စုန့်တင့်ထျန်းက တုန်လှုပ်သွားပြီး သူ၏လက်မောင်းမှ စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရကာ ကျိုးသွားမတတ်ပင်။

ဖုန်းဝူချန်က သနားညှာတာမှု ပြခဲ့ပြီး၍... မဟုတ်ရင် စုန့်တင့်ထျန်း၏ လက်မောင်းက အသုံးမဝင်တော့ပေ။

ဖုန်းဝူချန်ကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း စုန့်တင့်ထျန်းက စစ်သည်တွေကို အမိန့်ပေးလိုက်သည်။

"နောက်တပ်ကူတွေ သွားခေါ်ကြစမ်း။ ဒီကောင်လေးကို လုံးဝ လွတ်အောင်ပြေးခွင့်မပေးနဲ့။"

သို့သော် စုန့်တင့်ထျန်း စကားဆုံးသည်နှင့် လမ်းတစ်ဖက်အစွန်ကနေ အော်သံတွေ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဗိုလ်ချုပ်လင်း ကြွချီလာပြီ။"

"ဗိုလ်ချုပ်လင်း..." လူအုပ်ကြီး၏ အာရုံစိုက်မှုက အသံလာရာဆီကို ပြောင်းသွားတော့သည်။

"ဗိုလ်ချုပ်လင်း ငါတို့ လော့ဖုန်းမြို့ကို ကြွလာပါလား။"

တကယ်ပဲ ဗိုလ်ချုပ်လင်းဖြစ်ကြောင်း အတည်ပြုလိုက်သည့်အခါ လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ အော်ဟစ်ကာ ဝမ်းမြောက်ကြတော့သည်။

"ဗိုလ်ချုပ်လင်းက ဒီကို ဘာလို့လာတာလဲ။"

စုန့်တင့်ထျန်းက နားမလည်နိုင်ဖြစ်ကာ လှည့်ကြည့်လိုက်သည်။

လမ်းတစ်ဖက်အစွန်မှာ သံချပ်ကာဝတ်စုံ ဝတ်ထားသည့် လူတစ်ယောက်က စစ်မြင်းတစ်ကောင်ကို စီးလာပြီး သူ အရှိန်အဝါက အားကောင်းပြီး ခန့်ညားလှသည်။ သူ့နောက်မှာ ဗိုလ်ချုပ်အချို့လည်း လိုက်ပါလာကြ၏။

သူတို့ကို ဦးဆောင်လာသူမှာ ဗိုလ်ချုပ်လင်းကျန့်ထျန်းကိုယ်တိုင်ပင်။

သူက အင်ပါယာမှာ အတော်လေး နာမည်ကြီးပြီး ယဲ့ချန်းချုံး၏ လက်အောက်က ထိပ်တန်း စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ ယဲ့ချန်းချုံးနှင့်အတူ နှစ်ပေါင်းများစွာ စစ်ပွဲတွေမှာ ပါဝင်ခဲ့ပြီး အင်ပါယာအတွက် ဂုဏ်ပြုဆုများစွာ ရယူပေးခဲ့သည်။

"ဗိုလ်ချုပ်လင်းကို အရိုအသေပြုပါတယ်။"

စုန့်တင့်ထျန်း ခေါ်လာသည့် စစ်သည်တွေက ရိုသေစွာ ဒူးထောက်လိုက်ကြသည်။

ဗိုလ်ချုပ်လင်းက သူတို့ကို ဂရုမစိုက်ဘဲ သူ၏ အကြည့်က ဖုန်းဝူချန်အပေါ်မှာ စူးစိုက်နေသည်။ ထို့နောက် ဗိုလ်ချုပ်အချို့ မြင်းပေါ်က ဆင်းပြီး ချဉ်းကပ်လာကြသည်။

"ဗိုလ်ချုပ်လင်း၊ အချိန်ကိုက်ပဲ ရောက်လာတာပဲ။ ဒီလူငယ်က စစ်သည်တွေကို ဒဏ်ရာရအောင်လုပ်ပြီး ကျွန်တော့်ကိုပါ ရိုက်ရဲပါတယ်။ သူ့ကို ချက်ချင်းဖမ်းလိုက်ပါ။" စုန့်တင့်ထျန်းက ဗိုလ်ချုပ်လင်းကို အော်ပြောရင်း ဖုန်းဝူချန်ကို ကျေနပ်စွာကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။

"ကောင်စုတ်လေး... ငါ မင်းကို...

"ဖြောင်း။"

စုန့်တင့်ထျန်းစကားမဆုံးမီမှာပင် ဗိုလ်ချုပ်လင်းက သူ့ကို ပါးရိုက်လိုက်ပြီး စူးရှသည့် အသံနှင့်အတူ သူ့ကို တိတ်ဆိတ်သွားစေတော့သည်။

'ဘာ... ဘာဖြစ်သွားတာလဲ။ ဗိုလ်ချုပ်လင်းက... ငါ့ကို ဘာလို့ရိုက်... အရိုက်ခံရမှာက ဖုန်းဝူချန် မဟုတ်ဘူးလား။'

စုန့်တင့်ထျန်းက နားမလည်နိုင်ဖြစ်သွားသည်။ သူကိုယ်တိုင် အရိုက်ခံလိုက်ရသည်ကို မယုံနိုင်ပေ။

လမ်းပေါ်က ဝိုင်းကြည့်နေသူတွေကလည်း ဘာဖြစ်နေမှန်းမသိဘဲ အတူတူပင် ရှုပ်ထွေးနေကြသည်။

"ဗိုလ်ချုပ်လင်း... ခင်ဗျား... ခင်ဗျား ဘာလုပ်နေတာလဲ။" စုန့်တင့်ထျန်းက နားမလည်နိုင်ဖြစ်ကာ ဒေါသတကြီး မေးလိုက်သည်။

ဗိုလ်ချုပ်လင်းက သူ့ကို လုံးဝဂရုမစိုက်။ ဗိုလ်ချုပ်များက ဖုန်းဝူချန်ထံသို့ အပြေးအလွှားသွားကြပြီး ဦးညွှတ်ကာ ရိုသေစွာ ဆိုကြသည်။

"ဆရာဖုန်း၊ ကျွန်တော်တို့ နောက်ကျသွားပါတယ်။ ခွင့်လွှတ်ပေးပါခင်ဗျာ။"

"ဗိုလ်ချုပ်လင်းတို့ ချဲ့ကားပြောနေပါပြီ။" ဖုန်းဝူချန်က ညင်သာစွာ ပြန်ဖြေလိုက်သည်။

“ဆရာဖုန်း…”

ဗိုလ်ချုပ်လင်းနှင့် တခြားသူတွေက သူ့ကို ဒီလောက်ရိုရိုသေသေ 'ဆရာဖုန်း' ဟု ခေါ်ဝေါ်နေတာကို မြင်တော့ စုန့်တင့်ထျန်းနှင့် ဝိုင်းကြည့်နေသူတွေ

အားလုံး ပါးစပ်အဟောင်းသားနှင့် ဖုန်းဝူချန်ကို ကြည့်ကာ ကြက်သေ သေသွားကြတော့သည်။

All Chapters