← Chapters

တုန်လှုပ်ခြင်း

Vol. 4 Ch. 56

တုန်လှုပ်ခြင်း

Vol. 4 Ch. 56

~"ဆရာဖုန်း၊ ဗိုလ်ချုပ်ကြီးက စစ်စခန်းမှာ စောင့်နေပါတယ်ခင်ဗျာ။ ကျွန်တော်တို့နဲ့အတူ စခန်းကို လိုက်ခဲ့ပေးပါ။"

ဗိုလ်ချုပ်လင်းကျန့်ထျန်း၏ လေသံမှာ အထူးပင် ရိုကျိုးနေ၏။ သူ၏ လက်အောက်မှ နံပါတ်တစ်ဗိုလ်ချုပ်ဖြစ်သည့် ယဲ့ချန်းချုံးပင်လျှင် ဖုန်းဝူချန်အပေါ်၌ မလေးမခန့်မပြုဝံ့သည် ဖြစ်ရာ သူက မည်သို့လျှင် မရိုမသေနေဝံ့ပါမည်နည်း။

"ဒုက္ခရှာလို့ပဲဗျာ။"

ဖုန်းဝူချန်က ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

"ဒီဘက်ကိုကြွပါ ဆရာဖုန်း။"

လင်းကျန့်ထျန်းက ရိုသေစွာဖြင့် လမ်းပြရင်း ကြိုဆိုသည့်ဟန်ပန်ကို ပြုလုပ်လေ၏။

ဖုန်းဝူချန်သည် စစ်မြင်းတစ်စီးပေါ်သို့ ခုန်တက်လိုက်ပြီး လင်းကျန့်ထျန်းနှင့် အခြားသူများနောက်သို့ လိုက်ပါသွားတော့သည်။ စုန့်တင့်ထျန်းလိုလူမျိုးနှင့် ဆက်ပြီး စကားများနေရန် သူ့မှာ အချိန်မရှိပါချေ။

ဖုန်းဝူချန်တို့ ထွက်ခွာသွားပြီး အတန်ကြာမှပင် လမ်းပေါ်မှ လူအုပ်ကြီးမှာ သူတို့၏ တုန်လှုပ်မှုမှ လွတ်မြောက်နိုင်ခဲ့ကြလေသည်။

...

'ဆရာဖုန်း...။ ယွင်ကျိုးတစ်ခွင်မှာ ကျော်ကြားနေတဲ့ ဆရာဖုန်းဆိုတာ... သူ... သူများလား။ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့... ဗိုလ်ချုပ်လင်းက သူ့ကို အရမ်းရိုသေနေတာပဲ။ ဘယ်လိုလူမို့လို့လဲကွာ။'

စုန့်တင့်ထျန်းမှာ အလျင်အမြန်ပင် ခန့်မှန်းမိလိုက်သော်လည်း စိတ်ထဲတွင်တော့ မသေချာလှသေး။

"ဗိုလ်ချုပ်လင်းက သူ့ကို ဒီလောက် ရိုသေနေတာ... အဲ့ဒီလူငယ်က ဘယ်သူလဲဟ။"

"ငါတော့ မှားသွားပြီ။ ဒီလူငယ်လေး နောက်ခံအင်အားက တော်ရုံမဟုတ်ဘူးပဲ။ ဗိုလ်ချုပ်လင်းကတောင် သူ့ကို 'ဆရာဖုန်း' လို့ ခေါ်သတဲ့။"

"ဆရာဖုန်း...။ ဟုတ်ပြီ။ ဟုတ်ပြီ။ ယွင်ကျိုးမှာ စိတ်တစ်ချက်နဲ့ လက်နက်ဖန်တီးနိုင်တဲ့ ဆရာ တစ်ယောက်ရှိတယ်လို့ မကြာသေးခင်က ကောလာဟလထွက်နေတာလေ။ သူ... သူပဲဖြစ်ရမယ်။"

လမ်းပေါ်မှ လူများမှာ ဆူညံပွက်လောရိုက်သွားကြ၏။ ဗိုလ်ချုပ်လင်းက ကိုယ်တိုင်ကိုယ်ကျ လာကြိုသည်တဲ့...။ အင်ပါယာ၏ နံပါတ်တစ် ဗိုလ်ချုပ်ကြီးက စစ်စခန်းမှာ စောင့်နေသည်တဲ့...။ ဤသို့သော ဧည့်ခံမှုကို ခံရသောသူမှာ မည်သို့သော တန်ခိုးရှင်ကြီး ဖြစ်နိုင်မည်နည်း။

ဤမျှလောက် ငယ်ရွယ်နုပျိုပါလျက် ဤမျှလောက် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားခြင်းက လော့ဖုန်းမြို့မှ လူအများအပြားကို အလွန်အမင်း မနာလိုဖြစ်စေခဲ့ပါတော့သည်။

စစ်မြင်းတို့၏ ခွာသံများသည် ကျယ်လောင်စွာ မြည်ဟည်းလျက်ရှိ၏။ ခန့်ညားထည်ဝါသော အရှိန်အဝါတို့ဖြင့် မည်သည့်အရာကိုမှ ဂရုမစိုက်ဟန်၊ ရှေ့မှ တားဆီးမည့်အရာအားလုံးကို တိုးဝှေ့ချေမှုန်းသွားမည့်ဟန်ဖြင့် လမ်းမများပေါ်တွင် တရကြမ်း ခရီးနှင်နေကြသည်။

ဗိုလ်ချုပ်လင်းနှင့် အခြားသူအနည်းငယ်နှင့်အတူ ဖုန်းဝူချန်သည်လည်း စစ်မြင်းတစ်စီးပေါ်တွင် လိုက်ပါလာခဲ့သည်။ ဓားဖြင့် ပျံသန်းသည်လောက် မမြန်ဆန်ပေမဲ့သော်လည်း မြင်းခွာသံတဖြောင်းဖြောင်းကြားတွင် အရှိန်ပြင်းပြင်းဖြင့် ခရီးနှင်ရသည့် အရသာကတော့ ရင်ခုန်စရာကောင်းလှပါ၏။

ထိုအခိုက်တွင် စစ်စခန်းအတွင်း၌မူ... အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့မှ စစ်သည်များသည် ပူပြင်းလှသော နေရောင်အောက်တွင် သပ်ရပ်သောတန်းများဖြင့် စီတန်းရပ်နေကြပြီး ရောက်ရှိလာတော့မည့် အရေးကြီးပုဂ္ဂိုလ်ကို ကြိုဆိုရန် စောင့်ဆိုင်းနေကြသည်။

စစ်သည်ငါးရာကျော်ထံမှ ထွက်ပေါ်နေသော ကြမ်းကြုတ်ခက်ထန်သည့် သံမဏိစိတ်ဓာတ်နှင့် သွေးသားအငွေ့အသက်တို့က လေထုထဲတွင် လွှမ်းခြုံနေ၏။ သူတို့၏မျက်နှာများထက်တွင် ရဲရင့်တည်ကြည်မှုနှင့် မယိမ်းမယိုင်သော သစ္စာစောင့်သိမှုတို့ကို အထင်းသား မြင်နေရသည်။

စစ်စခန်းတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေပြီး ယဲ့ချန်းချုံးအပါအဝင် လူတိုင်းက စောင့်မျှော်နေကြလေသည်။

မည်မျှကြာသွားသည်ကို မည်သူမျှမသိ...။ တိတ်ဆိတ်နေသော စစ်စခန်းအတွင်းသို့ မြင်းခွာသံများ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာခဲ့တော့သည်။

ထိုအသံများ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ယဲ့ချန်းချုံး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားနေသော အပြုံးတစ်ခု ဖြစ်ထွန်းလာခဲ့ပြီး စစ်သည်များမှာလည်း စိတ်ဓာတ်များ တက်ကြွလာကြသည်။ သူတို့၏ နှလုံးသားများထဲတွင် သိချင်စိတ်နှင့် မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်လို့နေပါ၏။

'ဗိုလ်ချုပ်ကြီးကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့သူဆိုတော့ ဘယ်လိုတန်ခိုးရှင်ကြီးဖြစ်မလဲ မသိဘူး။'

'ငါတို့ကိုတောင် ပိုပြီးသန်မာလာအောင် လုပ်ပေးနိုင်တဲ့သူတဲ့...။ ဘယ်လိုလူမျိုးဖြစ်မလဲ။'

စစ်သည်များ၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်လျှံနေတော့သည်။

မြင်းခွာသံများ ပိုမိုနီးကပ်လာသည့်အခါ စစ်သည်များသည် ဗိုလ်ချုပ်လင်း၏ မြင်းကို လှမ်းမြင်လိုက်ရပြီး သူတို့၏ မျှော်လင့်ချက်များမှာ ပို၍ပင် ကြီးမားလာခဲ့သည်။

သို့သော်... ဗိုလ်ချုပ်သုံးဦး၏ နောက်မှ လိုက်ပါလာသော လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည့်အခါမှာတော့ သူတို့အားလုံး ကြက်သေသေသွားကြပြီးနောက် မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေမိကြသည်။

'ဟမ်...။ ဒါ... ဒါ ဗိုလ်ချုပ်ကြီးကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ဆိုတာလား။ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်...။'

'နောက်နေတာလားကွာ။ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ဘယ်လောက်များ အစွမ်းထက်နေမှာမို့လို့လဲ။ အလံနက်တပ်မတော်ဖြစ်ဖြစ်၊ ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့ကဖြစ်ဖြစ် ဘယ်စစ်သည်မဆို သူ့ကို အလွယ်လေး အနိုင်တိုက်နိုင်မှာပဲ။'

"ဗိုလ်ချုပ်ကြီးက ငါတို့ကို လေ့ကျင့်ပေးဖို့ ကလေးတစ်ယောက်ကို ဖိတ်လာတာလား။ နောက်နေတာတော့ မဟုတ်ပါဘူးနော်။"

"ဒီကလေးက ကြည့်ရတာတော့ သိပ်မထူးခြားဘူး... ဒါပေမဲ့ သူ့ပါရမီကတော့ ကြောက်စရာကောင်းသားပဲ။ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်နဲ့ အသွင်ပြောင်း ဘုံ ပထမအလွှာကို ရောက်နေပြီ။"

"ဗိုလ်ချုပ်ကြီးများ မှားသွားတာလားမသိဘူး။ ကလေးတစ်ယောက်ကို ငါတို့ကို လေ့ကျင့်ပေးခိုင်းတယ်ဆိုတော့..."

စစ်သည်များမှာ အလွန်အမင်း စိတ်ပျက်သွားကြပြီး တီးတိုးစကားဆိုနေကြသည်။ မျှော်လင့်ချက်ကြီးမားလေလေ၊ စိတ်ပျက်မှုက ကြီးမားလေလေပင်တည်း။

သို့ရာတွင် ထိုစစ်သည်ငါးရာထဲမှ လူတစ်ယောက်မှာတော့ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုသူကား... လိန်မူချန်ပင်တည်း။

'သေစမ်း...။ ဗိုလ်ချုပ်ကြီးဖိတ်ထားတဲ့သူက... သူ... သူတဲ့လား။'

လိန်မူချန် မယုံကြည်နိုင်အောင်ဖြစ်သွားသည်။ ယဲ့ချန်းချုံးက သူ၏ အဓိကရန်သူကို စစ်စခန်းထဲသို့ ဖိတ်ခေါ်လာခဲ့သည်တဲ့လေ။

ဖုန်းဝူချန်က ယဲ့ချန်းချုံး၏ ဖိတ်ကြားချက်ဖြင့် စစ်စခန်းသို့ ရောက်လာခြင်းသည် လိန်မူချန်အတွက်တော့ ငရဲကျနေသကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုတစ်ခုပင် ဖြစ်တော့သည်။

"မူချန်၊ ဘာဖြစ်လို့လဲ။ မင်း သူ့ကိုသိလို့လား။"

လိန်မူချန်၏ဘေးမှ စစ်သည်တစ်ဦးက သူ၏မျက်နှာဖြူဖျော့ကာ ချွေးပြန်နေသည်ကို သတိပြုမိပြီး မေးလိုက်သည်။

လိန်မူချန်က ခေါင်းညိတ်ပြရင်း အသံတိုးတိုးဖြင့် ဆို၏။ "သူက သန်မာတယ်...။ ငါမင်းကို ပြောပြဖူးတဲ့သူပဲ။"

"အို...။ ဒါဆို မင်းကိုအနိုင်တိုက်သွားတာ သူပေါ့။"

ထိုစစ်သည်က ဖုန်းဝူချန်ကို အံ့ဩတကြီး ပြူးပြူးပြဲပြဲ ကြည့်ရင်း မယုံကြည်နိုင် ဖြစ်နေသည်။

လိန်မူချန်က မတတ်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

စစ်စခန်းထဲတွင် ဖုန်းဝူချန်နှင့် တွေ့ရမည်ကို တွေးမိရင်း သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ တိုး၍သာလာတော့သည်။

… သေအောင် ညှဉ်းပန်းနှိပ်စက်ခံရတော့မှာ သေချာနေ ပြီ။…

မြင်းပေါ်မှ ဆင်းသက်ပြီးနောက် ဖုန်းဝူချန်ကို ယဲ့ချန်းချုံးက နွေးထွေးစွာ ကြိုဆိုရင်း ယဉ်ကျေးသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ "ဆရာဖုန်း။ နောက်ဆုံးတော့ ရောက်လာပြီပေါ့။"

ယဲ့ချန်းချုံး၏ ထက်သန်လှသော အမူအရာကို မြင်သော် ဖုန်းဝူချန်က ပြုံးလိုက်ရင်း တုံ့ပြန်လိုက်၏။

"ဗိုလ်ချုပ်ကြီးကို တွေ့ရတာ ဝမ်းသာပါတယ်။"

"ဆရာဖုန်းက နှိမ့်ချလွန်းနေပါပြီ။"

ယဲ့ချန်းချုံးက ဖုန်းဝူချန်ကို အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးကဲ့သို့ သဘောထားကာ ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။

"အလို..ဆရာဖုန်းလား..."

ယဲ့ချန်းချုံး၏ စကားကြောင့် စစ်သည်များမှာ ပို၍ပင် တုန်လှုပ်သွားကြတော့သည်။

ပထမဦးစွာ သူတို့သည် ယဲ့ချန်းချုံးက ဖုန်းဝူချန်အပေါ် ရိုသေလေးစားစွာ ဆက်ဆံနေသည်ကို တုန်လှုပ်သွားကြပြီး ဒုတိယအနေဖြင့် ဤလူငယ်လေးသည် ယွင်ကျိုးနယ်၏ နာမည်ကျော် 'ဆရာဖုန်း' ဖြစ်နေသည်ကို ထိတ်လန့်သွားကြခြင်း ဖြစ်ပါ၏။

"သူက... ယွင်ကျိုးနယ်တစ်ခွင်မှာ ကျော်ကြားနေတဲ့ ဆရာဖုန်းလား။"

"စိတ်ဖြင့် လက်နက်ဖန်ဆင်းခြင်း ပညာရှင် ဆရာဖုန်း...။ ဒါကြောင့်ကိုး ဗိုလ်ချုပ်ကြီးက ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ထားတာ။ အခုတော့ ငါတို့မှာ ပဉ္စမ တန်းစား လက်နက်

ပညာရှင် တစ်ယောက် ရှိနေပြီဆိုတော့ ဗိုလ်ချုပ်ကြီးက ငါတို့အတွက် အစွမ်းထက် လက်နက်တွေ ပံ့ပိုးပေးချင်လို့ နေမှာပဲ။"

"ပဉ္စမ တန်းစားလက်နက်

ပညာရှင် ဆရာဖုန်းပါလား။ ဒါပေမဲ့... နေဦး။ ဆရာဖုန်းက လက်နက်

ပညာရှင်လေ။ သူက ငါတို့ကို အများဆုံး လက်နက် လုပ်ပေးနိုင်ရုံပဲ ရှိမှာပေါ့။ ငါတို့ကို ဘယ်လိုလုပ် လေ့ကျင့်ပေးနိုင်မှာလဲ။"

"ပဉ္စမ တန်းစားလက်နက်

ပညာရှင် တစ်ယောက်ကို လာဖို့ ဖိတ်ခေါ်နိုင်ခဲ့တာဆိုတော့ ဗိုလ်ချုပ်ကြီး တော်တော်လေး ကြိုးစားခဲ့ရမှာပဲ။"

အရာရှိများနှင့် စစ်သည်များမှာ တစ်ဖန်ပြန်လည် ဆွေးနွေးငြင်းခုံနေကြပြီး သူတို့၏မျက်နှာများမှာ အရင်က စိတ်ပျက်မှုများနေရာတွင် တုန်လှုပ်မှုများဖြင့် အစားထိုးလို့နေလေသည်။

ဘေးတွင်ရပ်နေသော ဗိုလ်ချုပ်ကြီး လင်းကျန့်ထျန်းက ရုတ်တရက် တပ်ဖွဲ့များဘက်သို့ စူးစိုက်ကြည့်လိုက်ရာ သူတို့ကို ကြောက်လန့်တကြားဖြစ်စေပြီး ကျယ်လောင်စွာ အော်ဟစ်စေတော့သည်။

"ဆရာဖုန်းကို ကြိုဆိုပါတယ်ခင်ဗျာ။"

"ဟွန့်။ အခြေအနေကိုတော့ မြန်မြန်ဆန်ဆန် သဘောပေါက်သားပဲ။"

ယဲ့ချန်းချုံးက စစ်သည်များအပေါ် သူ၏ကျေနပ်မှုကို ဖော်ပြလိုက်သည်။

"ဆရာဖုန်း၊ ဒီလူလေးရာက အင်ပါယာရဲ့ အလံနက်တပ်မတော်ဖြစ်ပြီး ဒီတစ်ရာ့သုံးဆယ်ကတော့ ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့ပါပဲ။" ယဲ့ချန်းချုံးက ဖုန်းဝူချန်အား အလျင်အမြန်ပင် မိတ်ဆက်ပေးလိုက်၏။

ဖုန်းဝူချန်က ခေါင်းညိတ်ပြပြီး အလံနက်တပ်မတော်ကို တစ်ချက်ကြည့်ကာ ဆိုသည်။

"အလံနက်တပ်မတော်ရဲ့ အစွမ်းကို ကျွန်တော် မျက်မြင်ကိုယ်တွေ့ ကြုံဖူးပါတယ်။ တကယ်ပဲ အားမနည်းကြပါဘူး။"

သူ၏အကြည့်က ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့ထံသို့ ရောက်သွားပြီး ဖုန်းဝူချန်က ဆက်ပြောသည်။

"ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော် တပ်ဖွဲ့ကိုတော့ ကျွန်တော် ကြားပဲ ကြားဖူးပါတယ်။ ဒီနေ့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ သူတို့ရဲ့ နာမည်ကျော်ကြားမှုက တကယ်ပဲ ထိုက်တန်ပါတယ်။ သူတို့ သန်မာကြတယ်... ဗိုလ်ချုပ်ကြီး ပျိုးထောင်ထားတဲ့ အင်အားကြီးတွေက တကယ်ပဲ ထူးခြားပြောင်မြောက်လှပါတယ်။"

"ဆရာဖုန်းက မြှောက်ပင့်လွန်းနေပါပြီ။ ဒါတွေအားလုံးက သူတို့ကိုယ်တိုင် ကြိုးစားမှုကြောင့်ပါပဲ။"

ယဲ့ချန်းချုံးက ပျော်ရွှင်စွာ ပြုံးရင်းဆိုသည်။ သူဦးဆောင်ခဲ့သော စစ်သည်များအတွက် ဖုန်းဝူချန်၏ ချီးကျူးမှုကို ရရှိသည့်အတွက် သူမှာ သဘာဝအတိုင်းပင် ကျေနပ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ ဂုဏ်အယူဆုံးသော အောင်မြင်မှုဖြစ်သောကြောင့်တည်း။

ရုတ်တရက် ယဲ့ချန်းချုံးသည် စကားဆုံးသည်နှင့် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဆရာဖုန်း၊ ခင်ဗျားက အလံနက်တပ်မတော်ရဲ့ အစွမ်းကို မြင်ဖူးတယ်လို့ ပြောလိုက်တာလား။ ခင်ဗျားက အလံနက်တပ်မတော်က အဖွဲ့ဝင်တွေနဲ့များ ယှဉ်ပြိုင်တိုက်ခိုက်ဖူးလို့လား။"

ဖုန်းဝူချန်က ခေါင်းညိတ်ပြပြီး ပြုံးကာဆိုသည်။ "အဲ့ဒီလို ပြောလို့ရပါတယ်။"

ဤစကားကို ကြားသော် လိန်မူချန်၏ စိတ်ဝိညာဉ်မှာ သူ့ခန္ဓာကိုယ်မှ လွင့်ထွက်သွားလုနီးပါးဖြစ်သွားပြီး သူ၏ကျောပြင်မှာ ချွေးစေးများဖြင့် စိုရွှဲကာ မတ်တပ်ပင် မရပ်နိုင်တော့လုမတတ် ဖြစ်သွားခဲ့၏။

အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် ယန်ဟော် မြင်းသည်တော်တပ်ဖွဲ့မှ စစ်သည်များမှာလည်း မည်သည့် အလံနက်တပ်မတော် အဖွဲ့ဝင်က ဖုန်းဝူချန်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သလဲ၊ ရလဒ်က ဘယ်လို ဖြစ်ခဲ့သလဲဆိုသည်ကို အလွန်သိချင်နေကြသည်။

ယဲ့ချန်းချုံးက ဖုန်းဝူချန် အငြိုးအတေးထားမည်ကို စိုးရိမ်ဟန်ဖြင့် ချက်ချင်းပင် တင်းမာသော မျက်နှာထားဖြင့် အလံနက်တပ်မတော်ကို တစ်ချက်ဝေ့ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။

"ဘယ်သူလဲ။ ရှေ့ထွက်ခဲ့စမ်း။"

"မူချန်။ ကိုယ့်ဘာသာကိုယ် ဂရုစိုက်ဦး။"

လိန်မူချန်၏ဘေးမှ စစ်သည်က လေးနက်စွာဆိုသည်။

လိန်မူချန်က သူ့ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်ပြီးမှ ရှေ့သို့ထွက်လိုက်သည်။

"လိန်မူချန်။"

လိန်မူချန် ရှေ့သို့ထွက်လာသည့်အခါ လူအုပ်ကြီးမှာ အံ့ဩသွားကြသည်။ အခြားအလံနက်တပ်မတော်သားများပင် ဤအကြောင်းကို မသိရှိကြဟန်တူသည်။

ဒေါသဖြင့် ပြည့်နှက်နေသော ယဲ့ချန်းချုံး၏ မျက်လုံးများက လိန်မူချန်ထံသို့ စူးစိုက်သွားပြီး သူက ဟိန်းဟောက်လိုက်သည်။

“လိန်မူချန်။ မင်း သတ္တိတွေ တယ်ကောင်းနေပါလား။ ဆရာဖုန်းကို မရိုသေ၊ မလေးစားဘဲ နေရဲတယ်ပေါ့။"

"ဗိုလ်ချုပ်ကြီးကို သတင်းပို့ပါတယ်။ ကျွန်တော် အဲ့ဒီအချိန်တုန်းက သူက ဆရာဖုန်းမှန်း မသိခဲ့ပါဘူး။"

လိန်မူချန်က အမှန်အတိုင်း သတင်းပို့ရင်း ဖုန်းဝူချန်ကို တစ်ချက်ကြည့်ကာ စိတ်ထဲမှ ကြိမ်းမောင်းလိုက်သည်။

'ဒီသောက်ကလေးကတော့ တကယ်ပဲ ငါ့ကို ဒုက္ခပေးချင်နေတာပဲ။'

"ဗိုလ်ချုပ်ကြီး၊ သူ အဲ့ဒီအချိန်တုန်းက တကယ်မသိခဲ့ပါဘူး။"

ဖုန်းဝူချန်က လိန်မူချန်၏ မျက်လုံးထဲမှ ထိတ်လန့်မှုကို မြင်ပြီး ရယ်ချင်စိတ်ကို ထိန်းကာ အမူအရာမပျက်ဘဲ ဆိုလိုက်သည်။

"ဟေး... လိန်မူချန်၊ မင်းနဲ့ ဆရာဖုန်း ဘယ်သူနိုင်သွားလဲ။"

ကောင်းကင်အရိပ်မီးလျှံမြင်းသည်တော်တပ်ဖွဲ့မှ စစ်သည်တစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

လိန်မူချန်က အလွန်မတတ်သာစွာဖြင့် ပြန်ဖြေသည်။ "ဆရာဖုန်း နိုင်သွားတယ်။"

"ဆရာဖုန်း နိုင်သွားတယ်...။ အသွင်ပြောင်း ဘုံပထမအလွှာက တတိယအလွှာကို အနိုင်တိုက်လိုက်တယ် ဟုတ်လား။"

"ဒါ ဖြစ်နိုင်လို့လား။ ဆရာဖုန်းက တကယ်ပဲ အဲ့လောက်တောင် သန်မာတာလား။"

အရာရှိများနှင့် စစ်သည်များအားလုံး တုန်လှုပ်သွားကြပြီး သူတို့၏ မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှ ထွက်ကျလာတော့မတတ်ပင်။

ဤနေရာတွင် ရှိနေသူတိုင်း အလံနက်တပ်မတော်၏ အစွမ်းကို သိကြသည်။ သူတို့သည် မည်သူမျှ မထိုးဖောက်နိုင်သော အင်အားစုတစ်ခုဖြစ်ပြီး ကြမ်းတမ်းသော ခွန်အားဖြင့် ပြည့်နှက်နေကာ တူညီသောအဆင့်မှ မည်သည့်ပြိုင်ဘက်မဆို အလံနက်တပ်မတော်ကို အနိုင်မတိုက်နိုင်ပေ။

ဖုန်းဝူချန်မှာ အသွင်ပြောင်း ဘုံ ပထမအလွှာတွင်သာ ရှိသေးသော်လည်း သူက လိန်မူချန်ကို အနိုင်တိုက်နိုင်ခဲ့သည်။

သူ၏ စွမ်းအားမှ မည်မျှ

ကြောက်မက်ဖွယ်

ကောင်းလိုက်မည်နည်း။

သူတို့သာမက ယဲ့ချန်းချုံးပင်လျှင် လိန်မူချန်က ဖုန်းဝူချန်ကို အမှန်တကယ် ရှုံးနိမ့်ခဲ့သည်ကို မယုံကြည်နိုင် ဖြစ်နေသည်။

သူ ပျိုးထောင်ခဲ့သော စစ်သည်များ၏ အရည်အသွေးကို ယဲ့ချန်းချုံး ကောင်းစွာသိရှိပါ၏။

"ဗိုလ်ချုပ်ကြီး၊ ဆရာဖုန်းက တကယ်ပဲ အဲ့ဒီလောက် ကြီးမားတဲ့ အစွမ်းပိုင်ဆိုင်ထားတာလား။"

စစ်သည်တစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဗိုလ်ချုပ်ကြီး၊ ဆရာဖုန်းက လိန်မူချန်ကို အနိုင်တိုက်နိုင်ရင်တောင်မှ ဆရာဖုန်းက ကျွန်တော်တို့ကို လေ့ကျင့်ပေးဖို့ကတော့ ဖြစ်နိုင်မှာမဟုတ်ဘူးလေ... ဟုတ်တယ်မဟုတ်လား။"

"ဆရာဖုန်းက အသွင်ပြောင်း ဘုံ ပထမအလွှာမှာပဲ ရှိသေးတာ။ ကျွန်တော်တို့အားလုံးက ဆဋ္ဌမအလွှာအထက်မှာ။ သူက အလံနက်တပ်မတော်ကို လေ့ကျင့်ပေးဖို့တော့ ဖြစ်နိုင်လောက်ပေမဲ့ ကျွန်တော်တို့ကိုတော့ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးပဲ ကျွန်တော်တို့ကို လေ့ကျင့်ပေးပါတော့။"

"ဟုတ်တယ်၊ ဗိုလ်ချုပ်ကြီး...။ ဆရာဖုန်းက ကျွန်တော်တို့ကို လက်နက်တွေ ဖန်တီးပေးရုံနဲ့တင် လုံလောက်နေပါပြီ။"

ကောင်းကင်အရိပ်မီးလျှံမြင်းသည်တော်တပ်ဖွဲ့မှ စစ်သည်များမှာ သူတို့၏အမြင်များကို တစ်ယောက်ပြီးတစ်ယောက် တင်ပြကြပြီး ဖုန်းဝူချန်က သူတို့ကို လေ့ကျင့်ပေးသည်ကို လက်မခံနိုင်ကြသော်လည်း သူ့ကို ရန်စရန်လည်း မဝံ့ရဲကြ။

အလံနက်တပ်မတော်မှ ပိုမိုသန်မာသော အဖွဲ့ဝင်အချို့ပင်လျှင် ဆန့်ကျင်မှုပြသကြသည်။

အင်ပါယာ၏ အင်အားကြီးတပ်ဖွဲ့များထဲမှ အင်အားကြီးများဖြစ်သည့်အလျောက် တစ်ယောက်ချင်းစီမှာ မာနဖြင့် ပြည့်နှက်နေကြသည်။ သူတို့ထက် ငယ်ရွယ်ပြီး ကျင့်ကြံခြင်းအဆင့်နိမ့်သော လူငယ်တစ်ယောက်ကို သူတို့ကို လေ့ကျင့်ပေးရန် မည်သို့ခွင့်ပြုနိုင်မည်နည်း။

"တိတ်စမ်း။"

ယဲ့ချန်းချုံးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ကြောက်မက်ဖွယ်ရာ အရှိန်အဝါက ပေါက်ကွဲထွက်လာရာ စစ်သည်များအားလုံး ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့သည်။

ယဲ့ချန်းချုံးမှာ ဤစစ်သည်များကို လေ့ကျင့်ပေးရန် ဖုန်းဝူချန်ကို ဖိတ်ကြားရန် အလွန်အမင်း ကြိုးပမ်းခဲ့ရပြီး သူတို့၏ ကန့်ကွက်မှုများက သူ့ကို ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်စေခဲ့သည်။

"ဗိုလ်ချုပ်ကြီး၊ ဒေါသထွက်စရာ မလိုပါဘူး။"

ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် အနည်းငယ်ပြုံးကာ ဆိုလိုက်ပြီးနောက် စစ်သည်များကို ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။ "ကျွန်တော် ခင်ဗျားတို့ထဲက ဘယ်သူ့ကိုမှ အတင်းအကျပ်မလုပ်ပါဘူး။ ခင်ဗျားတို့ထဲက ဆန္ဒရှိတဲ့သူရှိရင် ကျွန်တော့်ဘေးမှာ လာရပ်ပါ။"

ဖုန်းဝူချန်၏ အသံမှာ ကျယ်လောင်ခြင်းမရှိသော်လည်း ယုံကြည်မှုဖြင့် ပြည့်နှက်နေလေသည်။

ထိုအခိုက်တွင် စစ်သည်များ တိတ်ဆိတ်သွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသော်လည်း မည်သူမျှ ပထမဆုံး ခြေလှမ်းမထွက်ခဲ့ကြ။

"ကျွန်တော် လုပ်မယ်။"

လိန်မူချန်က ပထမဆုံး စကားဆိုလိုက်သည်။

'သေစမ်း...။ ဒီအတိုင်းနေရင်လည်း ဒီကောင် ငါ့ကို တစ်လလုံး နှိပ်စက်နေမှာပဲ။ သူ့ဘက်က ရပ်လိုက်ရင်တော့... အနည်းဆုံးတော့ အငြိုးမထားလောက်တော့ဘူးမလား။ ဟုတ်တယ်... မာနထက် အသက်က အရေးကြီးတယ်။'

လိန်မူချန်၏အမြင်တွင် ဖုန်းဝူချန်ရှိနေခြင်းက သူ့ကို ညှဉ်းပန်းနှိပ်စက်မည်မှာ သေချာသည်။ စစ်တန်းလျားတွင် ဖုန်းဝူချန်ကို ဆန့်ကျင်ခြင်းသည် သေလမ်းရှာခြင်းပင်ဖြစ်ရာ နာခံလိုက်နာခြင်းက ပိုကောင်းပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဒုက္ခအချို့မှ သက်သာရာရနိုင်ပေမည်။

လိန်မူချန်က ပထမဆုံး စကားဆိုလိုက်ရာ ဖုန်းဝူချန် အံ့ဩသွားသည်။ သူက လိန်မူချန် ဆန္ဒရှိမည်ဟု မမျှော်လင့်ထားခဲ့။

ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် ဖုန်းဝူချန်က မေးလိုက်သည်။ "တခြား ဘယ်သူ ဆန္ဒရှိသေးလဲ။"

"ကျွန်တော်လည်းပါတယ်။"

အလံနက်တပ်မတော်မှ အဖွဲ့ဝင်တစ်ဦးက အော်ဟစ်လိုက်ပြီး အလျင်အမြန် ရှေ့သို့ထွက်လာသည်။ ထိုသူမှာ လိန်မူချန်၏ဘေးတွင် ရပ်နေခဲ့သူပင်တည်း။

လူနှစ်ယောက်သာ ဆန္ဒရှိသည်ကို မြင်သော် ယဲ့ချန်းချုံး၏ မျက်နှာမှာ လုံးဝညိုမှောင်သွားပြီး တင်းမာစွာ သတိပေးလိုက်သည်။

"မင်းတို့အားလုံး မင်းတို့ရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တမရကြရင်တော့ ကောင်းမယ်။ ဆရာဖုန်းက မင်းတို့ကို တစ်လပဲ အချိန်ပေးမှာနော်။”

All Chapters