အကြီးအကဲနှစ်ဦး တပည့်ခံခြင်း
Vol. 4 Ch. 58
~စစ်သည်များအားလုံး ထွက်ခွာသွားပြီးနောက် လိန်မူချန်တစ်ယောက် ဖုန်းဝူချန်အနားသို့ အပြေးအလွှားကပ်သွားကာ အသံတိုးတိုးဖြင့် တောင်းပန်လေတော့သည်။
"ဆရာဖုန်း... အရင်ကကိစ္စတွေ... ကျွန်တော် တကယ်ကို မှားသွားပါတယ်။ ဆရာဖုန်း ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားပြီး အငြိုးမထားပါနဲ့နော်။ ခင်ဗျားခိုင်းတာ ဘာမဆို ကျွန်တော်လုပ်ပါ့မယ်။"
'သေစမ်း...။ ဒီကောင်တော့ ငါ့ကို တစ်လလုံး နှိပ်စက်တော့မှာပဲ။ အခုတည်းက ဖားထားမှ...။ ဟုတ်တယ်၊ ဘာခိုင်းခိုင်းလုပ်မယ်ပြောလိုက်မယ်။ အသက်ရှင်ဖို့က အဓိကပဲ။'
"တကယ်... ဘာမဆိုလား။"
ဖုန်းဝူချန်က အေးစက်စက်ပြုံးရင်း မေးလိုက်သည်။
'ဟ... ဒီကောင်လေး ကြောက်နေတာများ ကြည့်စမ်း။ ချွေးတွေတောင် ပြန်နေပြီ။ ကောင်းတယ်။ ဒီလိုကြောက်နေမှ ငါခိုင်းလို့ကောင်းမှာ။ သူ့ကို ငါ့လက်အောက်ခေါ်ထားရင် ပိုတောင် ပျော်စရာကောင်းဦးမယ်။'
ဖုန်းဝူချန်၏ မသမာသော အကြည့်ကို မြင်သော် လိန်မူချန်တစ်ကိုယ်လုံး ချွေးစေးများပြန်လာခဲ့သော်လည်း သူက ခေါင်းကိုသာ မြဲမြံစွာ ညိတ်ပြလိုက်သည်။ "ဘာမဆိုပါပဲ။"
"တစ်လနေရင်... မင်း ဒီနေရာကနေ ငါနဲ့အတူထွက်သွားပြီး တစ်သက်လုံး ငါ့လက်အောက်ငယ်သား ဖြစ်လာရမယ်။ ဒီကိစ္စကို ငါ ဗိုလ်ချုပ်ကြီးနဲ့ ပြောပြီးသားပဲ။ ငါက လူဆယ်ယောက်ကို ခေါ်သွားချင်တယ်... ဗိုလ်ချုပ်ကြီးကလည်း သဘောတူထားတယ်။"
ဖုန်းဝူချန်က ကစားလိုဟန်ဖြင့် အေးစက်စက်ပြုံးကာ ဆိုလိုက်၏။
"ဘာ...။ ထွက်သွားရမယ်...။"
လိန်မူချန်မှာ ဖုန်းဝူချန်ကို လုံးဝအံ့ဩတကြီးဖြင့် ကြည့်နေမိတော့သည်။
"မင်း မလိုချင်ဘူးဆိုရင်လည်း... ထားလိုက်ပေါ့။ ငါက အငြိုးအတေးကြီးတဲ့သူမျိုးကွ။"
ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတစ်ချက်တွန့်ပြလိုက်သည်။
...
"မင်း...။"
လိန်မူချန်မှာ ဒေါသထွက်လွန်း၍ သူ၏အဆုတ်များပင် ပေါက်ကွဲထွက်သွားတော့မတတ် ခံစားလိုက်ရသော်လည်း သူ မပေါက်ကွဲဝံ့ခဲ့ပေ။
အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့သို့ ဝင်ရောက်ခွင့်ရခြင်းသည် အင်ပါယာမှ မရေမတွက်နိုင်သော လူများ အိပ်မက်မက်ကြသည့် အရာတစ်ခုပင် ဖြစ်သည်။ တက္ကသိုလ်များသို့ ဝင်ခွင့်ရခြင်း၊ ထျန်းယွင်ဂိုဏ်း၏ တပည့်ဖြစ်ခွင့်ရခြင်းတို့နှင့် တူညီလှ၏။
ယခုတော့ ဖုန်းဝူချန်က သူ့ကို တစ်လအတွင်း ထွက်သွားရန် တောင်းဆိုနေသည်တဲ့...။ ဒါက သူ၏ တောက်ပသော အနာဂတ်ကို ဖျက်ဆီးနေခြင်းမဟုတ်ပါလား။
‘မင်း ငါ့ကို ပစ်မှတ်ထားချင်ရင်... တည့်တည့်သာလာခဲ့စမ်းပါ။ သေသွားရင်တောင်မှ ငါ လက်မလျှော့ဘူး။’
လိန်မူချန်က စိတ်ထဲမှ ကြိမ်းမောင်းလိုက်သည်။ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့သို့ ဝင်ရောက်ရန် နီးစပ်နေပြီဖြစ်ရာ သူ အလွယ်တကူ လက်လျှော့မည် မဟုတ်ပေ။
စစ်သည်များ လူစုခွဲသွားပြီးနောက် ယဲ့ချန်းချုံးနှင့် အခြားဗိုလ်ချုပ်များ၏ မျက်နှာအမူအရာများမှာ တုန်လှုပ်မှုဖြင့် ကျန်ရစ်နေခဲ့သည်။
သူတို့ကိုယ်တိုင် ပုံသွင်းခဲ့သော အလံနက်တပ်မတော်သည် သူတို့ထက် မည်သူကမှ ပိုမိုမသိနိုင်သော အင်အားစုတစ်ခု ဖြစ်ပါလျက် ယခုတော့ ဖုန်းဝူချန်၏ရှေ့တွင် တစ်ချက်တည်းပင် မခံနိုင်ဟု ထင်ရရာ သူတို့ မည်သို့ မတုန်လှုပ်ဘဲ နေနိုင်ပါမည်နည်း။
သို့သော် တုန်လှုပ်စရာ ကောင်းသည်ထက် ယဲ့ချန်းချုံးကို ပို၍ နားမလည်နိုင်ဖြစ်စေသည်မှာ... ဖုန်းဝူချန်က ကျင့်ကြံရန် အချိန်ကို မည်သည့်နေရာမှ ရရှိခဲ့ပါသနည်း။
ဆေးလုံးပညာနှင့် လက်နက်ပ သန့်စင်သော ပညာရပ်တို့ကို လေ့လာရင်း တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်းကိုပါ လေ့ကျင့်နိုင်သည်တဲ့လား။
လုံးဝမဖြစ်နိုင်ပေ။
စစ်သည်များအားလုံး ထွက်ခွာသွားပြီးနောက် ယဲ့ချန်းချုံးက နောက်ဆုံးတွင် ချဉ်းကပ်လာပြီး ဆိုလိုက်သည်။
"ဆရာဖုန်းက တကယ်ပဲ ဖုန်းမိသားစုရဲ့ တတိယသခင်လေး ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။ အင်ပါယာက ဖုန်းမိသားစုနဲ့ တကယ်ပဲ ရေစက်ရှိသားပဲ။ မကြာသေးခင်ကပဲ ကျွန်တော်က 'ချီစုစည်းမှုအရောအနှော' ရဲ့ ချက်နည်းအတွက် ဖုန်းမိသားစုကို လူလွှတ်ခဲ့သေးတယ်။ ခင်ဗျားရဲ့ဖခင်က အင်ပါယာကို ရက်ရက်ရောရော ပေးအပ်ခဲ့ပါတယ်။"
"အဲ့ဒီလိုလား။"
ဖုန်းဝူချန်က ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် ပြောရပါဦးမယ်။ 'ချီစုစည်းမှုအရောအနှော' ရဲ့ အာနိသင်က ထူးထူးခြားခြားကို ကောင်းပါတယ်။ ချီသန့်စင်ခြင်းအဆင့်က စစ်သည်တွေဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်းက သိသိသာသာကို တိုးတက်လာတယ်။ အင်ပါယာအတွက်တော့ 'ချီစုစည်းမှုအရောအနှော' က အရမ်းအရေးကြီးပါတယ်။"
ယဲ့ချန်းချုံးမှာ ပြောရင်းဆိုရင်း ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။
ဖုန်းဝူချန်က အမူအရာမပျက်ဘဲ ပြန်ပြောသည်။ "အင်ပါယာအတွက် အကျိုးပြုရမှာပေါ့။ အင်ပါယာ သန်မာလာမှ ပြည်သူတွေကို ပိုပြီးကာကွယ်ပေးနိုင်မှာလေ။"
ဖုန်းဝူချန်၏ ဤစကားများက ယဲ့ချန်းချုံးကို အလွန်အမင်း ကျေနပ်သွားစေခဲ့တော့သည်။
"ဆရာဖုန်း၊ ဒီဘက်ကို ကြွပါခင်ဗျာ။ နန်းတွင်း အကြံပေးကြီးနဲ့ သူ့ရဲ့ အကြီးအကဲတွေက လက်နက် သန့်စင်ဖို့ ပစ္စည်းတွေ ယူလာပြီးပါပြီ။"
ယဲ့ချန်းချုံးက ရင်းနှီးစွာပြုံးရင်း ဖုန်းဝူချန်ကို ရှေ့သို့ လမ်းပြခေါ်ဆောင်သွားသည်။
အင်ပါယာ၏ နန်းတွင်း အကြံပေးကြီးမှာ အင်ပါယာ၏ အင်အားအကြီးဆုံး ပဉ္စမ အဆင့် ဆေးလုံးပညာရှင် 'ယန်ထျန်းရှန်' ဖြစ်ပြီး အကြီးအကဲပုဂ္ဂိုလ်မှာမူ အင်ပါယာ၏ စတုတ္ထအဆင့် 'လက်နက် ပညာရှင် စစ်ထူကျန့်ထျန်း' ပင်တည်း။
ထိုပုဂ္ဂိုလ်နှစ်ဦးစလုံးမှာ အင်ပါယာတွင် မြင့်မားသော အာဏာရာထူးများ ပိုင်ဆိုင်ထားပြီး အလွန်လေးစားခံရကာ သူတို့၏အဆင့်အတန်းမှာ ယဲ့ချန်းချုံးထက်ပင် မြင့်မားလေသည်။
ယဲ့ချန်းချုံးက ဖုန်းဝူချန်ကို စစ်စခန်းအနီးရှိ 'ယာကျင်းဆောင်' သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုနေရာမှာ သူ ပုံမှန်အားဖြင့် အနားယူကျင့်ကြံသည့် နေရာဖြစ်၏။
ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့မှာ ယာကျင်းဆောင်အတွင်း၌ စောင့်ဆိုင်းနေကြပြီး ဖြစ်သည်။
အင်ပါယာ၏ ဤအရေးပါသော ပုဂ္ဂိုလ်ကြီးနှစ်ဦးကိုယ်တိုင် ဒုက္ခခံကာ ကြွရောက်လာခြင်းကပင် သူတို့ ဖုန်းဝူချန်အပေါ် ထားရှိသည့် အာရုံစိုက်မှုနှင့် လေးစားမှုကို ပြသနေလေသည်။
"နန်းတွင်း အကြံပေးကြီး၊ မင်းသား...။ ဒါက ဆရာဖုန်းပါပဲ။"
ယာကျင်းဆောင်သို့ ဝင်ရောက်သည်နှင့် ယဲ့ချန်းချုံးက အလျင်အမြန်ပင် ရိုသေစွာ မိတ်ဆက်ပေးလိုက်သည်။
"ကျုပ်က ယန်ထျန်းရှန်ပါ၊ ဒါကတော့ စစ်ထူကျန့်ထျန်းပါ။ ဆရာဖုန်းအကြောင်းကို ကျုပ်တို့ ကြားသိနေတာ ကြာပါပြီ။"
အကြီးအကဲနှစ်ဦးမှာ အလျင်အမြန်ပင် မတ်တပ်ထရပ်ကြပြီး ဖုန်းဝူချန်ကို ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
သူတို့၏ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် တုန်လှုပ်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်လို့ နေပါ၏။
အကြီးအကဲနှစ်ဦးစလုံးမှာ ပိုးသားဝတ်ရုံဖြူများ ဆင်မြန်းထားကြပြီး သူတို့၏ဆံပင်နှင့် မုတ်ဆိတ်များမှာ ဖြူဖွေးနေကာ အိုမင်းနေပုံရသော်လည်း သူတို့၏မျက်ခုံးများမှ စွမ်းအားရှင်များ၏ အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် လျှော့တွက်၍ မရပေ။ ထို့အပြင် သူတို့ထံမှ နတ်သူတော်များ၏ ကျက်သရေရှိသော အငွေ့အသက်များပင် ထွက်ပေါ်နေသလို ရှိလေသည်။
'သေစမ်း...။ ဒီအဘိုးကြီး နှစ်ယောက်ကတော့ တကယ့်ကို တန်ခိုးရှင်ကြီးတွေနဲ့ တူတာပဲ။ ငါ့လို ကလေး တစ်ယောက်ကို ဒီလောက် ရိုသေနေကြတာ... ငါ ဘယ်လို ပြန်နေရမှန်းတောင် မသိတော့ဘူး။'
သူတို့က ဖုန်းဝူချန်၏ ကျော်ကြားမှုကို ကြားဖူးပြီးဖြစ်ကာ ဆရာဖုန်းမှာ လူငယ် တစ်ယောက်ဖြစ်ကြောင်း သိထားသော်လည်း သူ၏နုပျိုမှုကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အခါမှာတော့ တုန်လှုပ်သွားကြဆဲပင်။
ဘေးတွင်ရပ်နေသော ယဲ့ချန်းချုံးမှာ အကြီးအကဲနှစ်ဦးက ဖုန်းဝူချန်ကို ဤမျှလောက် ရိုသေလေးစားစွာ ဆက်ဆံနေသည်ကို မြင်ပြီး အနည်းငယ် ကြောင်ငေးသွားမိသည်။
'ဒုက္ခပါပဲ။ ဒီအဘိုးကြီးတွေက မျိုးဆက်၊ အင်အားနဲ့ အဆင့်အတန်းအရဆိုရင် ဖုန်းဝူချန်အထက်မှာ ရှိသင့်တာလေ။ ဒီလောက် ရိုသေနေစရာမလိုပါဘူး။ ငါ... ငါများ စိတ်ဖြင့်လက်နက်ဖန်ဆင်းနိုင်တဲ့ ပဉ္စမတန်းစား လက်နက်ပညာရှင် တစ်ယောက်ရဲ့ ကြောက်မက်ဖွယ်ရာအစွမ်းကို လျှော့တွက်မိနေတာလား။'
အကြီးအကဲနှစ်ဦး၏ အပြုအမူက ယဲ့ချန်းချုံးကို သူ လျှော့တွက်မိနေကြောင်း သဘောပေါက်သွားစေခဲ့သည်။
"ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး ခင်ဗျာ။"
ဖုန်းဝူချန်က အင်ပါယာ၏ ဧရာမပုဂ္ဂိုလ်ကြီးနှစ်ဦးနှင့် တွေ့ဆုံရာတွင် အနည်းငယ်မျှပင် ထိတ်လန့်ခြင်း၊ ရှုပ်ထွေးခြင်းမရှိဘဲ တည်ငြိမ်စွာ ပြုံးရင်းဆိုလိုက်သည်။
"ဆရာဖုန်း၊ ကျွန်တော် လက်နက်သန့်စင်ဖို့ ပစ္စည်းတွေအားလုံး ယူလာခဲ့ပါတယ်။ နွေးထွေးတဲ့ ကျောက်စိမ်း၊ မိစ္ဆာအမြုတေ၊ ရွှမ်သံ... အများကြီးပဲ။ ဒါပေမဲ့ ဥက္ကာခဲသံကတော့ အလွန်ရှားပါးလို့ ကျွန်တော့်မှာ ခုနစ်တုံးပဲ ရှိပါတယ်။"
စစ်ထူကျန့်ထျန်းက ရိုသေစွာ ဆိုလိုက်သည်။ လက်နက်ပြုလုပ်ရန် ပစ္စည်းများကို ယာကျင်းဆောင်အတွင်းသို့ ယူဆောင်လာခဲ့ပြီးဖြစ်ပြီး အတော်ပင် များပြားလှသည်။
အင်ပါယာတစ်ခုလုံးတွင် ခုနစ်တုံးသာရှိသည်ဆိုခြင်းက ဥက္ကာခဲသံ မည်မျှရှားပါးပြီး အဖိုးတန်သည်ကို ပြသနေလေသည်။
စစ်ထူကျန့်ထျန်းမှာ အဆင့်လေး လက်နက်ပညာရှင်တစ်ဦးဖြစ်သော်လည်း ဝိညာဉ်လက်နက်များ ဖန်တီးရန် အလွန်ခက်ခဲသည်ကို တွေ့ရှိခဲ့ရသည်။ အင်ပါယာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း သူမှာ အဆင့်နိမ့် ဝိညာဉ်လက်နက်နှစ်ခုသာ ဖန်တီးနိုင်ခဲ့ပြီး ထိပ်တန်းအဖိုးတန်ရတနာများပင် များပြားလှသည်တော့မဟုတ်။
ထို့ကြောင့် သူမှာ စိတ်ဖြင့်လက်နက်ဖန်ဆင်းနိုင်သော ပဉ္စမတန်းစား လက်နက်ပညာရှင်တစ်ဦးအပေါ် မရိုမသေမနေနိုင်ခဲ့ပေ။
ဖုန်းဝူချန်က ခေါင်းညိတ်ပြပြီး ဆိုလိုက်သည်။ "အကြီးအကဲစစ်ထူ ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကောင်းဆုံး ဥက္ကာခဲသံနှစ်တုံးကိုတော့ ကျွန်တော်ကိုယ်တိုင်အတွက် သိမ်းထားလိုက်မယ်။ ကျန်တဲ့ငါးတုံးနဲ့ ခင်ဗျားအတွက် ဝိညာဉ်လက်နက်ဆယ်ခု ဖန်တီးပေးပါ့မယ်။"
ဤသို့ပြောပြီးနောက် ဖုန်းဝူချန်က သူတို့၏သဘောတူညီချက်ကိုပင် မစောင့်ဘဲ အကောင်းဆုံးအရည်အသွေးရှိသော ဥက္ကာခဲသံနှစ်တုံးကို ယူကာ သူ၏သိုလှောင်လက်စပ်ထဲသို့ ထည့်သိမ်းလိုက်တော့သည်။
စစ်ထူကျန့်ထျန်းနှင့် အခြားသူများမှာ ရင်ထဲတွင် နာကျင်သွားကြသော်လည်း သူတို့ ဘာမှမပြောဝံ့ခဲ့။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ ဖုန်းဝူချန်ကို စိတ်မကွက်စေလိုသောကြောင့်တည်း။
ဖုန်းဝူချန်က နဂါးနတ်ဘုရား၏ စွမ်းအားကို အသုံးပြုလိုက်ရာ ကြမ်းကြုတ်သော အရှိန်အဝါ တစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။ ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နွေးထွေးသော ကျောက်စိမ်းတစ်တုံး၊ မိစ္ဆာအမြုတေတစ်လုံး၊ ဥက္ကာခဲသံအချို့နှင့် အခြားအရန်ပစ္စည်းများမှာ သူ့ထံသို့ လေထဲမှ မျောလွင့် ပျံသန်းလာခဲ့သည်။
"ဘုန်း။"
သူ၏လက်ဖဝါးကို လက်သည်းကုတ်သဏ္ဌာန်
ပြုလိုက်သည်နှင့် "ဘုန်း" ဟူသော အသံတိုးတိုးနှင့်အတူ သူ၏လက်ဖဝါးအလယ်တွင် စိမ်းပြာရောင်မီးလျှံတစ်စ ဖြစ်ပေါ်လာခဲ့သည်။
လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်သည်နှင့် စိမ်းပြာရောင်မီးလျှံမှာ သူ့ထံသို့ ပျံသန်းလာသော လက်နက်ပစ္စည်းများကို ချက်ချင်းပင် ဖုံးလွှမ်းသွားတော့သည်။
ဖုန်းဝူချန်၏ လက်များမှာ အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး ရှုပ်ထွေးနက်နဲသော တံဆိပ်များကို ဖန်တီးနေသည်။ ပစ္စည်းအမျိုးမျိုးမှာ ဥက္ကာခဲသံ၏ပတ်လည်တွင် လည်ပတ်နေကြပြီး ပြင်းထန်စွာ တောက်လောင်နေသော စိမ်းပြာရောင်မီးလျှံများက သူတို့ကို ဝါးမျိုထားလေသည်။
အံ့ဩဖွယ်ကောင်းပြီး နက်နဲလှသော နည်းစနစ်များကို အကြီးအကဲနှစ်ဦးမှာ နားမလည်နိုင်ကြသော်လည်း သူတို့မှာ အလွန်အမင်း စွဲဆောင်ခံနေရသည်။
ဖုန်းဝူချန်မှာ လက်နက်များပြုလုပ်ရန် မီးဖိုပင်မလိုအပ်၊ ထိုအချက်က သူတို့ကို လုံးဝ အံ့ဩ တုန်လှုပ်သွားစေခဲ့သည်။
မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရမှသာ သူတို့မှာ ဆရာဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားများကို နားလည်သွားကြတော့သည်။ စိတ်ဖြင့် လက်နက်ဖန်ဆင်းခြင်းသည် အမှန်တကယ်ပင် အခိုင်အမာ ပြောဆိုချက်တစ်ခု ဖြစ်လေသည်။
ဥက္ကာခဲသံမှာ အရည်ပျော်သွားပြီး အခြားပစ္စည်းများမှာ ၎င်းနှင့် ပေါင်းစပ်သွားသည့်အခါ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ဖုန်းဝူချန်က သူ၏စိတ်ဆန္ဒဖြင့် အရည်ပျော်နေသော သတ္တုကို လှံရှည်နှစ်စင်းအဖြစ် ပုံဖော်လိုက်တော့သည်။
စိတ်ဖြင့် လက်နက်ဖန်ဆင်းခြင်း။
လက်နက်ဖန်တီးခြင်း၏ အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။ ဤသို့သော တန်ခိုးစွမ်းအားများက အကြီးအကဲနှစ်ဦးနှင့် ယဲ့ချန်းချုံးကို ပါးစပ်အဟောင်းသားဖြစ်ကာ တောင့်တင်းသွားစေပြီး စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတော့သည်။
ဖုန်းဝူချန် လက်နက် သန့်စင်ခြင်းနယ်ပယ်တွင် မည်မျှကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိနေသည်ကို သူတို့ စိတ်ကူးပင် မယဉ်နိုင်ကြပေ။
လှံရှည်များ ပြုလုပ်ပြီး အအေးခံပြီးနောက် လှံနှစ်စင်းလုံးမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပျံ့နှံ့ထွက်ပေါ်လာပြီး တစ်စင်းချင်းစီမှာ အဆင့်နိမ့် ဝိညာဉ်လက်နက်များအဖြစ် သတ်မှတ်ခံရသည်။
စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်းက တစ်ခုတည်း မဟုတ်ဘဲ နှစ်ခုဖန်တီးလိုက်သည်တဲ့လား။
'ဒါ... ဒါ ဘယ်လို လန့်စရာ တန်ခိုးစွမ်းအားမျိုးလဲ။ ဘယ်လိုကြောက်ဖို့ ကောင်းတဲ့ လက်နက်ဖန်တီးခြင်း နယ်ပယ်မျိုးလဲ။'
"ဆရာဖုန်းက တကယ်ပဲ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် တစ်ပါးပါပဲ။ ကျေးဇူးပြုပြီး... ဆရာဖုန်း... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ။"
စစ်ထူကျန့်ထျန်းမှာ ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး သူ၏နှလုံးသားမှာ တုန်လှုပ်မှုနှင့် လေးစားမှုတို့ဖြင့် ပြည့်နှက်နေကာ ဖုန်းဝူချန်ကို ဆရာအဖြစ် တော်စပ်လိုစိတ် ပြင်းပြနေလေသည်။
စစ်ထူကျန့်ထျန်း၏ ရုတ်တရက် ဒူးထောက်ချလိုက်ခြင်းက ဖုန်းဝူချန်ကို အလွန်အမင်း အံ့ဩသွားစေသော်လည်း သူ့ကို ပို၍ပင် အံ့ဩသွားစေသည်မှာ စစ်ထူကျန့်ထျန်းက သူ့ကို ဆရာအဖြစ် တော်စပ်လိုခြင်းပင်တည်း။
ဖုန်းဝူချန်က သူ၏ ကနဦးအံ့ဩမှုပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"ခင်ဗျား တကယ်ပဲ ကျွန်တော့်ကို ဆရာအဖြစ် တော်စပ်ချင်တယ်
ဆိုရင်တော့... ခင်ဗျားကို ကျွန်တော့်တပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိပါတယ်။"
စစ်ထူကျန့်ထျန်းက ရိုသေစွာ တောင်းဆိုလိုက်သည်။
"တပည့်က လုံးဝရိုးသားပါတယ်။ ဆရာ့နောက်ကိုလိုက်ပြီး လက်နက် သန့်စင်ခြင်းပညာကို သင်ယူဖို့ပဲ ဆန္ဒရှိပါတယ်။"
"ထပါ။"
ဖုန်းဝူချန်က သိမ်မွေ့စွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ။"
စစ်ထူကျန့်ထျန်းမှာ အတိုင်းမသိ ဝမ်းမြောက်သွားတော့သည်။
ယဲ့ချန်းချုံးမှာ သတိလစ်သွားမိတော့မည်။
အင်ပါယာ၏ နံပါတ်တစ် လက်နက်ပညာရှင်က ဖုန်းဝူချန်ကို ဆရာအဖြစ် တော်စပ်ချင်သည်တဲ့လား။
"ဒါက... စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်းရဲ့ တန်ခိုးစွမ်းအားလား။ ဆရာဖုန်းက တကယ်ပဲ တန်ခိုးစွမ်းအားတွေ ပိုင်ဆိုင်ထားတာပဲ။"
ယန်ထျန်းရှန်က သူ၏မျက်လုံးများ ပြူးကျယ်ထွက်လာလုမတတ် အံ့ဩတကြီး ရေရွတ်လိုက်သည်။
"နန်းတွင်း အကြံပေးကြီး၊ ဆရာဖုန်းက ဖုန်းမိသားစုရဲ့ တတိယသခင်လေး ဖုန်းဝူချန်ပါပဲ။"
ယဲ့ချန်းချုံးက အလျင်အမြန်ပင် ဆိုလိုက်သည်။
"အို...။ ဖုန်းမိသားစုရဲ့ တတိယသခင်လေး ဖုန်းဝူချန်...။"
ယန်ထျန်းရှန်မှာ တစ်ဖန်ပြန်လည် တုန်လှုပ်သွားပြီး ဆရာဖုန်းမှာ တကယ်ပဲ ဖုန်းမိသားစု၏ တတိယသခင်လေး ဖြစ်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ဖူးခဲ့ပါ။
အလွန်အမင်း တုန်လှုပ်နေသော ယန်ထျန်းရှန်ကို ကြည့်ရင်း ဖုန်းဝူချန်က အနည်းငယ်ပြုံးကာ ဝန်ခံလိုက်သည်။
"ဟုတ်ပါတယ်။"
"ဆရာ၊ ကျွန်တော်ကြားဖူးတာတော့ ဆရာက ဆေးလုံးပညာမှာလည်း အတော်လေး ကျွမ်းကျင်တယ်တဲ့။ ဆေးလုံးတစ်လုံးရဲ့ အနံ့ကနေ အပြစ်အနာအဆာတွေကို ရှာဖွေနိုင်တယ်ဆို...။ နန်းတွင်း အကြံပေးကြီးကို ကူညီပေးလို့ရမလား။"
စစ်ထူကျန့်ထျန်းက အခြားအကြီးအကဲနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိသည့်အလျောက် သဘာဝအတိုင်းပင် ယန်ထျန်းရှန်၏ ဆေးလုံးပညာနယ်ပယ်ကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးနိုင်ရန် မျှော်လင့်နေမိသည်။
ထိုအခါ ယန်ထျန်းရှန်မှာ ဆေးလုံးတစ်လုံး၏ မလုံလောက်မှုများကို အနံ့သက်သက်ဖြင့် မခွဲခြားနိုင်သဖြင့် အဆင့်ငါး ဆေးလုံးတစ်လုံးကို အလျင်အမြန်ပင် ဖုန်းဝူချန်ထံသို့ တင်ပြရင်း ရိုသေစွာ တောင်းဆိုလိုက်သည်။
"ကျေးဇူးပြုပြီး ဉာဏ်အလင်းဖွင့်ပေးပါ ဆရာဖုန်း။"
ဖုန်းဝူချန်က ဆေးလုံးကို ယူကာ အတိုချုံးတစ်ချက်ကြည့်ပြီး အနံ့ကို ရှူရှိုက်လိုက်ကာ ဆိုလိုက်သည်။
"ခရမ်းရောင်နှလုံးသား အတားအဆီးဖြိုခွဲဆေးလုံး...။ ကျင့်ကြံခြင်းကို မြှင့်တင်ပေးဖို့ အသုံးတော်ခံတဲ့ ပဉ္စမ အဆင့် ဆေးလုံးတစ်လုံး...။ ယွမ်တန်အဆင့်က လူတွေအတွက် သင့်တော်တယ်။ အစွမ်းထက်တဲ့ ခရမ်းရောင်နှလုံးသား အတားအဆီးဖြိုခွဲဆေးလုံးတစ်လုံးက ယွမ်တန်အဆင့်က တစ်ယောက်ယောက်ကို ကျင့်ကြံခြင်းတစ်ဆင့် မြှင့်တင်ပေးနိုင်တယ်။"
ယန်ထျန်းရှန်နှင့် အခြားသူများမှာ ခေါင်းညိတ်ပြကြသော်လည်း ဖုန်းဝူချန် စကားမဆုံးသေးကြောင်း သိသဖြင့် ငြိမ်သက်နေကြသည်။
ဖုန်းဝူချန်က ဆက်ပြောသည်။ "ကံမကောင်းစွာနဲ့ပဲ... ဒီခရမ်းရောင်နှလုံးသား အတားအဆီးဖြိုခွဲဆေးလုံးက အရည်အသွေးအရမ်းနိမ့်တယ်။ သူ့ရဲ့ပုံစံတွေက ဝေဝါးနေပြီး အရောင်အသွေးလည်းမရှိဘူး။ ဆေးလုံးထဲမှာ အညစ်အကြေးတွေ အများကြီးပါဝင်နေပြီး အကောင်းဆုံးအနေနဲ့... သူက ယွမ်တန်အဆင့်က တစ်ယောက်ယောက်ရဲ့ ကျင့်ကြံခြင်းကို သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ တိုးမြှင့်ပေးနိုင်လိမ့်မယ်။"
ဤစကားကို ကြားသော် ယန်ထျန်းရှန်၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းသွားပြီး ဖုန်းဝူချန်၏ တည့်တိုးရောဂါရှာဖွေမှုကြောင့် ရှင်းရှင်းလင်းလင်း ဖော်ထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ဆေးလုံးကို ယန်ထျန်းရှန်ထံသို့ ပြန်ပေးရင်း ဖုန်းဝူချန်က ဆိုလိုက်သည်။ "နန်းတွင်း အကြံပေးကြီး... ခင်ဗျားဖန်တီးထားတဲ့ အဆင့်ငါး ဆေးလုံးရဲ့ အရည်အသွေးနိမ့်ကျမှုက အဆင့်နိမ့် ဆေးလုံး
ဆုံးဖြတ်ချက်ကြောင့်သာ မကဘဲ ခရမ်းရောင်နှလုံးသား အတားအဆီးဖြိုခွဲ ဆေးလုံးအပေါ် ခင်ဗျားရဲ့ နားလည်မှုအဆင့်၊ ခင်ဗျားခန္ဓာကိုယ်ထဲက မီးအဆိပ်နဲ့... အဓိကပြဿနာဖြစ်တဲ့... ဆေးပင်ပါဝင်ပစ္စည်း အချိုးအစားနဲ့လည်း သက်ဆိုင်နေတယ်။ ဒီဆေးလုံးထဲက ခရမ်းရောင်နှလုံးသား ယန်လော့ရွက်ရဲ့ ပမာဏက အရမ်းများနေပြီး ခုနစ်ရွက်ရွှမ်မင်မြက်နဲ့ ချီခဲယွမ်အသီးကတော့ အရမ်းနည်းနေတယ်။ ပြီးတော့ ပါဝင်ပစ္စည်းတွေက အရမ်းနုနယ်ပြီး အညစ်အကြေးတွေ အရမ်းများနေတယ်။ အရည်ကျိုတဲ့အခါ မီးတောက်ကို ထိန်းချုပ်တာ မညီမညာဖြစ်ခဲ့ပြီး ဆေးလုံးခဲစေတဲ့ လုပ်ငန်းစဉ်မှာ ခင်ဗျား စိတ်အာရုံလွင့်နေခဲ့မှာပဲ။ ဆေးလုံးကနေ မီးလောင်နံ့သင်းသင်းလေး ရနေတယ်။ ဒါက ဆေးလုံးပညာရှင်
တစ်ယောက်အတွက် အခြေခံအမှားပဲ။ ဒါကြောင့် ဆေးလုံးရဲ့ အရည်အသွေးညံ့ဖျင်းတာပေါ့။ ဒါပေမဲ့... ဒါကို ဖန်တီးနိုင်ခဲ့တာကိုက အတော်လေး အောင်မြင်မှုတစ်ခုပဲ။ ဒါက နန်းတွင်း အကြံပေးကြီးမှာ ပြီးပြည့်စုံတဲ့ ဆေးနည်းမရှိဘူးဆိုတာကို ညွှန်ပြနေပါတယ်။"
"ဆရာဖုန်းက တကယ်ပဲ နတ်ဘုရား တစ်ပါးပါပဲ။ ကျွန်တော် ဆရာဖုန်းကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းပန်ပါတယ်။ ကျွန်တော် ဆရာဖုန်းနောက်ကိုလိုက်ပြီး ဆေးလုံးပညာကို သင်ယူဖို့ ဆန္ဒရှိပါတယ်။ ဆေးလုံးလက်ထောက်လေး ဖြစ်ရဖြစ်ရ၊
... နောင်တရမှာ မဟုတ်ပါဘူး။"
ယန်ထျန်းရှန်မှာ လုံးဝတုန်လှုပ်သွားပြီး ဦးညွှတ်ကာ ချက်ချင်းပင် ဒူးထောက်ချလိုက်သည်။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ကောင်းသော ပညာများကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီးနောက် ယန်ထျန်းရှန်မှာ လုံးဝယုံကြည်သွားခဲ့သည်။
'သေစမ်း...။ အင်ပါယာရဲ့ အင်အားအကြီးဆုံး ဆေးလုံးပညာရှင်ကပါ ဖုန်းဝူချန်ကို ဆရာအဖြစ် တော်စပ်ချင်တယ်တဲ့လား။'
ယဲ့ချန်းချုံးမှာ လုံးဝအံ့ဩတကြီးဖြစ်သွားသည်။
အကြီးအကဲနှစ်ဦးစလုံးမှာ အင်ပါယာ၏ ဧရာမပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ ဖုန်းဝူချန်၏ တန်ခိုးစွမ်းအားများကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီးနောက် သူတို့တစ်ဦးချင်းစီမှာ သူ၏တပည့်များဖြစ်ရန် ကြိုးပမ်းကြပြီး ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ်မျှသာရှိသော လူငယ်တစ်ယောက်ကို ကိုးကွယ်နေရသည်ကို အနည်းငယ်မျှပင် ဂရုမစိုက်ကြတော့။
အရည်အချင်းရှိသူကို လေးစားသော လောကတွင်... အသက်အရွယ်နှင့် အဆင့်အတန်းမှာ အရေးမကြီးပေ။