တိုးမြှင့်ရေး လုပ်ငန်းစဉ်
Vol. 5 Ch. 61
~လူတစ်ယောက်ကို ကောင်းစေချင်သည့် စေတနာဟာ တစ်ခါတစ်လေကျတော့ ရက်စက်မှုလို ထင်ရတတ်သည်။ ကိုယ့်စေတနာကို သူတစ်ပါးက နားလည်မပေးသည့်အခါတွင်တော့ ထိုစေတနာသည် အမုန်းတရားအဖြစ် ပြောင်းလဲသွားတတ်သေး၏။
သို့သော် ဖုန်းဝူချန်အတွက်တော့ ဒါတွေက သိပ်အရေးကြီးသည့် ကိစ္စ မဟုတ်ပါပေ။
“ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတုန်း ကျင့်ကြံတာက မင်းတို့ကို ပိုပြီး မြန်မြန် တိုးတက်စေလိမ့်မယ်... ဒါက မင်းတို့ရဲ့ ကောင်းကျိုးအတွက်ပဲ"
ဖုန်းဝူချန်သည် လက်ထဲမှ ကြာပွတ်ရှည်ကို ဝှေ့ယမ်းလိုက်ရင်း စစ်သားများ ကျင့်ကြံနေသည်ကို ကြည့်ကာ လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်သည်။
ဖုန်းဝူချန်၏ အောင်နိုင်သူသဖွယ် ဟန်ပန်အပြည့်ဖြစ်နေသော မျက်နှာကို ကြည့်ရင်း စစ်သားအားလုံး၏ အဆုတ်များမှာ ဒေါသကြောင့် ပေါက်ကွဲထွက်လုမတတ်ပင်။
"ဆရာဖုန်း... ဒီနည်းလမ်းက တကယ် အလုပ်ဖြစ်ပါ့မလား"
ဗိုလ်ချုပ်ကြီးယဲ့ချန်းချုံးသည် စိုးရိမ်ပူပန်မှုများဖြင့် မေးမြန်းလိုက်မိသည်။
တပ်မတော်နှစ်ခုလုံးမှ စစ်သည်တော်များအား သူကိုယ်တိုင်ပင် လေ့ကျင့်ပေးခဲ့ပြီး မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းခဲ့ကြပြီး ဖြစ်၏။ သို့သော် ဖုန်းဝူချန်ကဲ့သို့ စစ်သည်တော်များအား အချင်းချင်း ဒဏ်ရာရအောင် ပြုလုပ်စေပြီးမှ ကျင့်ကြံစေသည့် နည်းလမ်းမျိုးကိုတော့ တစ်ခါမှ မကြုံခဲ့ဖူးပေ။
ဤနည်းလမ်းသည် စစ်သည်တို့၏ စွမ်းအားကို တိုးတက်စေနိုင်သည့်တိုင် သူတို့၏ မာနကိုမူ ထိခိုက်စေပေလိမ့်မည်။
အကယ်၍ ရန်သူနှင့် တိုက်ခိုက်ရင်း ဒဏ်ရာရခဲ့လျှင် စစ်သည်တို့သည် စိုးစဉ်းမျှပင် မညည်းညူကြပေ။ သို့သော် ယခုမူ မည်သို့မျှ ပြန်မတုံ့ပြန်ရဘဲ မတ်တပ်ရပ်ရင်း ဒဏ်ရာရအောင် ပြုလုပ်ခံနေရခြင်း ဖြစ်ရာ သည်းခံနိုင်စရာ အကြောင်းမရှိသော ကိစ္စပင် ဖြစ်လေသည်။
ဖုန်းဝူချန်က မထီမဲ့မြင် လေသံဖြင့် ပြန်ပြောလိုက်သည်။
"ဗိုလ်ချုပ်ကြီး စိတ်မပူပါနဲ့... ဒီလောက်လေးတောင်မှ သူတို့ သည်းမခံနိုင်ဘူးဆိုရင် သူတို့က အရမ်းကို အားနည်းလွန်းလို့ပဲ... သူတို့ရဲ့ မာနတရားတွေကို မချိုးနှိမ်ပေးသရွေ့ သူတို့အတွက် ပိုသန်မာလာဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်"
"ဗိုလ်ချုပ်ကြီးယဲ့... ဆရာဖုန်းကိုပဲ အားလုံး လွှဲအပ်ထားလိုက်ကြရအောင်ပါ... ဆရာဖုန်းမှာ သူ့နည်းသူ့ဟန်တွေ ရှိမှာပါ... သူတို့ကို စိတ်မပူပါနဲ့တော့... သူတို့ရဲ့ မာနတွေက တကယ်ကို ကြီးလွန်းနေတာ အမှန်ပဲ"
ယန်ထျန်းရှန်က အကြံပေးစကား ဆိုလေ၏။
ယဲ့ချန်းချုံး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်... "
ယန်ထျန်းရှန်ကိုယ်တိုင်က ဝင်ပြောလာမှတော့ သူလည်း ဘာမှ ဆက်ပြော၍ မဖြစ်တော့ပေ။
ဒဏ်ရာများကို ကုသနေကြသော စစ်သည်များအား တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဖုန်းဝူချန်သည် လှည့်ထွက်သွားခဲ့သည်။
ထိုအချိန်တွင် သူက စကားတစ်ခွန်းကိုလည်း ထပ်ပြောသွားသေးသည်။
"မင်းတို့ ဒဏ်ရာတွေ တော်တော်လေး သက်သာသွားပြီ ဆိုရင် နောက်တစ်ခါ ထပ်လုပ်ရမယ်... ကုသဆေးလုံးတွေကိုတော့ ညဘက် ကျင့်ကြံတဲ့အချိန်မှပဲ သောက်သုံးခွင့် ရှိတယ်"
"ဘာ..."
ထိုစကားကို ကြားလိုက်ရသောအခါ စစ်သည်အားလုံး၏ ဦးခေါင်းများမှာ ဒေါသကြောင့် ပေါက်ကွဲထွက်သွားမတတ်ပင်။
စစ်သည်တော်များစွာသည် သပိတ်မှောက်ရန်အထိပင် ကြံစည်လိုက်ကြ၏။ သို့သော် ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးအစုံနှင့် ရင်ဆိုင်လိုက်ရသောအခါ သူတို့အားလုံး မိုက်မဲသော အပြုအမူများ မလုပ်ရဲကြတော့ဘဲ အံကြိတ်ကာ သည်းခံနေလိုက်ရတော့သည်။
ဖုန်းဝူချန် ထွက်သွားသည်နှင့် ယဲ့ချန်းချုံးက စိုးရိမ်တကြီး ဆိုလိုက်သည်။
"အရှင်... တစ်နေ့ကို နှစ်ကြိမ်တောင်... သူတို့တွေ ဒါကို သည်းခံနိုင်မှာ မဟုတ်ဘူး... သူတို့ နှလုံးသားထဲမှာ နာကြည်းမုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတာ... ဒီလိုအခြေအနေမျိုးနဲ့ ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ... အရာရာက အစွန်းရောက်သွားတဲ့အခါ ပြောင်းပြန် ဖြစ်သွားမှာကို ကျွန်တော်မျိုး ကြောက်မိပါတယ်"
" မောင်မင်းက... ဒီအရှင်ကို မေးခွန်းထုတ်နေတာလား"
စစ်ထူကျန့်ထျန်းက အေးစက်စွာ အော်ငေါက်လိုက်သည်။
ယဲ့ချန်းချုံး၏ မျက်နှာသည် ရုတ်ချည်း ပြောင်းလဲသွားပြီး အလျင်အမြန်ပင် ဆိုလိုက်ရတော့သည်။
"မဝံ့ပါဘူး... ကျွန်တော်မျိုးက သူတို့အတွက် စိုးရိမ်လို့ပါ"
အင်ပါယာ၏ မင်းသားကိုယ်တိုင်က
ဖုန်းဝူချန်ကို ဆရာအဖြစ် တင်မြှောက်ထားသည်ကို ယဲ့ချန်းချုံး မမေ့သေးပါ။
ယန်ထျန်းရှန်က ခေါင်းခါရင်း ဆိုလေသည်။
“အရိုးဆက် ချီစွမ်းအင်ဆေးလုံးက အစွမ်းထက်တဲ့ ကုသမှုအာနိသင်ရှိတယ်၊ တစ်ညလုံး ကုသပြီး လေ့ကျင့်ပြီးရင် ဒဏ်ရာအများစုက သက်သာသွားလောက်ပါပြီ၊ ဒါတွေက အပေါ်ယံ ဒဏ်ရာတွေပဲ... သူတို့ မသေနိုင်ပါဘူး”
တစ်နေ့တာကုန်ဆုံးသွားသောအခါ စစ်သည်များမှာ ပြောပြ၍မကုန်နိုင်သော ဆင်းရဲဒုက္ခများကို ခံစားခဲ့ကြရသည်။ တစ်နေ့လုံး နာကျင်မှုများဖြင့် ကုန်ဆုံးခဲ့ရပြီး ဖုန်းဝူချန်ကို ကျိန်ဆဲရန်ပင် အင်အား မရှိတော့လောက်အောင် ပင်ပန်းနွမ်းနယ်နေကြ၏။
သို့သော် ကုစားဆေးလုံးများကို သောက်သုံး၍ တစ်ညလုံး ကုသ လေ့ကျင့်ပြီးနောက် နောက်တစ်နေ့တွင်လည်း အဖြစ်က အရင်အတိုင်းပင်။
ဤအဖြစ်က ယဲ့ချန်းချုံးနှင့် ဗိုလ်ချုပ်များကို စိုးရိမ်ပူပန်စေသည်။ အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့တို့သည် အင်ပါယာ၏ လက်ရွေးစင် တပ်များ ဖြစ်ပြီး ဤစစ်သည်များကို လေ့ကျင့်ပေးရန်မှာ မလွယ်ကူခဲ့။ အကယ်၍ သူတို့သာ ညှဉ်းပန်းနှိပ်စက်ခံရ၍ သေဆုံးဒဏ်ရာရ သွားပါက ပြန်လည်
အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်သွားမည် မဟုတ်ပါလား။
ထို့ပြင် အရေးပေါ် အခြေအနေ တစ်ခုခု ဖြစ်ပေါ်လာပါက ဤစစ်သည်များ တိုက်ခိုက်နိုင်စွမ်း ရှိပါဦးမည်လော။
ဖုန်းဝူချန်ကတော့ လုံးဝ ဂရုမစိုက်ဘဲ စစ်သည်များကို သူ၏ အမိန့်အတိုင်း လိုက်နာရန်သာ အမိန့်ပေးထား၏။
ဖုန်းဝူချန် ကိုယ်တိုင်မှာတော့ လက်နက် သန့်စင်သင့်သည့် အချိန်တွင် သန့်စင်သည်၊ လေ့ကျင့်သင့်သည့်
အချိန်တွင် လေ့ကျင့်သည်၊ တစ်စုံတစ်ယောက်ကို ကြာပွတ်ဖြင့် ရိုက်သင့်သည့် အချိန်တွင် ရိုက်လေသည်။
စစ်သည်များ၏ ဖုန်းဝူချန်အပေါ် အမုန်းတရားမှာ ပိုမိုကြီးထွားလာပြီး သူ့ကို အမုန်းဆုံးရန်သူအဖြစ် သတ်မှတ်လိုက်ကြတော့သည်။
သို့သော် စစ်သည်များ သပိတ်မှောက်ရန် ကြံစည်သည့်အခါတိုင်း ဖုန်းဝူချန်၏ တစ်ခုတည်းသော တုံ့ပြန်မှုမှာ...
“ဒီလောက်လေးတောင်မှ မခံနိုင်ဘဲနဲ့ မင်းတို့ကိုယ်မင်းတို့ အင်ပါယာရဲ့ လက်ရွေးစင် စစ်သည်တော်လို့ ခေါ်ရဲသေးလား”
ဖုန်းဝူချန်၏ စကားများကြောင့် နာကျင်သွားသော စစ်သည်များမှာ အံကြိတ်ကာ သည်းခံနေရုံသာ တတ်နိုင်ကြတော့၏။
အချိန်တွေ တရိပ်ရိပ်ကုန်ဆုံးကာ ငါးရက် ကြာသွားလေပြီ။ စစ်သည်များမှာ နေ့စဉ်နေ့တိုင်း နာကျင်ဖွယ်ရာ ညှဉ်းပန်းမှုများကို ခံစားနေရပြီး တစ်ရက်ကို တစ်နှစ်အလား ထင်မှတ်နေရသည်။ မျှော်လင့်ချက်ကို
မမြင်နိုင်ဘဲ သေခြင်းထက်ပင် ဆိုးဝါးသော ဝေဒနာကို ခံစားရင်း ဒေါသထွက်ရန်ပင် အင်အားမရှိတော့ချေ။
စစ်သည်များအမြင်တွင်တော့
ဖုန်းဝူချန်သည် သူတို့ကို လေ့ကျင့်ပေးရန် ရောက်လာခြင်းမဟုတ်ဘဲ ညှဉ်းပန်းနှိပ်စက်ရန် ရောက်လာခြင်း ဖြစ်လေသည်။
သို့ရာတွင် သူတို့၏ ခွန်အားများ တိုးတက်လာပြီး ခန္ဓာကိုယ်များ ပိုမိုသန်မာလာသည်ကို သတိပြုမိကြသော်လည်း သူတို့၏
အရိုက်အခတ်ခံနိုင်ရည်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကထက် သိသိသာသာ ပိုကောင်းလာသည်ကိုတော့ သတိမထားမိကြပေ။
ဖုန်းဝူချန်အပေါ် ထားရှိသော သူတို့၏ ဒေါသနှင့် မကျေနပ်မှုများကြောင့် ဤအချက်ကို မျက်ကွယ်ပြုမိကြခြင်း ဖြစ်တန်ရာ၏။
ယဲ့ချန်းချုံးနှင့် ဗိုလ်ချုပ်များကတော့ အားလုံးကို မြင်နေရသော်လည်း စစ်သည်များ၏ ခံနိုင်ရည်ကိုသာ ပို၍စိုးရိမ်နေကြပြီး တပ်နှစ်တပ်လုံး ဤဒဏ်ကြောင့် ပျက်စီးသွားမည်ကို ကြောက်ရွံ့နေကြသည်။
နံနက်တိုင်း အပြင်ထွက်လာသည့်အခါ စစ်သည်များမှာ သူတို့၏ ထုံးစံအတိုင်းရှိသော စိတ်ဓာတ်နှင့် တက်ကြွမှုများ ပျောက်ဆုံးနေပြီး မျက်နှာများမှာ ရှုံးနိမ့်ခြင်းနှင့် နာကျင်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ဖျားနာနေသော ကြောင်များကဲ့သို့ တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိဘဲ အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့တို့၏ သြဇာအာဏာ လုံးဝ ကင်းမဲ့နေလေသည်။
ဖုန်းဝူချန်၏ အမိန့်အရ ဒဏ်ရာများ မကြာသေးမီကမှ သက်သာလာသော စစ်သည်များသည် ထိုအမိန့်ကို ကျင့်သားရနေပုံပင်။ မကြာမီမှာပင် ရက်စက်ကြမ်းတမ်းသော လေ့ကျင့်မှုများက တစ်ဖန်ပြန်လည် စတင်တော့သည်။
နေ့ရက်တိုင်းသည် အတူတူပင်ဖြစ်ပြီး ဆယ်ရက်ကြာပြီးနောက်၊ နာကျင်ဖွယ်ရာ လေ့ကျင့်မှုများဖြင့် တစ်လခွဲကြာသောအခါ စစ်သည်များ၏ ခွန်အားများ တိုးတက်လာပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း ပိုမိုသန်မာလာသော်လည်း သူတို့ကို စိတ်လှုပ်ရှားစေလောက်သည့် အတိုင်းအတာအထိတော့ မဟုတ်သေးပါ။
ယခင်နေ့များအတိုင်းပင် ယနေ့တွင်လည်း စစ်သည်များ၏ မျက်နှာများမှာ ရှုံးနိမ့်ခြင်းနှင့် နာကျင်ခြင်းတို့ဖြင့် ဖုံးလွှမ်းနေပြီး သူတို့၏ ညိုမည်းရောင်ရမ်းနေသော ဒဏ်ရာများကိုလည်း ထင်ထင်ရှားရှား မြင်နေရဆဲပင်။
“မင်းတို့က အင်ပါယာရဲ့ အကောင်းဆုံး လက်ရွေးစင်တွေဆိုတာ မှန်တာပဲ။ တစ်လခွဲလုံးလုံး လေ့ကျင့်တာကို ခံနိုင်ရည်ရှိတာ တကယ်ကို ချီးကျူးစရာပဲ”
ဖုန်းဝူချန်က စစ်သည်များရှေ့တွင်ရပ်ရင်း ချီးကျူးလိုက်သည်။ ဒါက တစ်လခွဲအတွင်း သူ ပထမဆုံးအကြိမ် ချီးကျူးလိုက်ခြင်း ဖြစ်သည်။
ကံဆိုးစွာပင် မည်သည့်စစ်သည်ကမှ သူ့စကားကို အသိအမှတ်မပြုဘဲ သူတို့၏ မျက်လုံးများထဲတွင် အဆုံးမဲ့သော ဒေါသနှင့် မကျေနပ်မှုများဖြင့် ဖုန်းဝူချန်ကိုသာ စူးစိုက်ကြည့်နေကြသည်။
“ဒီနေ့ကစပြီး လေ့ကျင့်ခန်း ပြီးဆုံးပြီ”
ဖုန်းဝူချန်က ပြုံးရင်းဆို၏။
“လေ့ကျင့်ခန်း ပြီးဆုံးပြီတဲ့လား”
ဖုန်းဝူချန်၏ စကားကိုကြားသောအခါ စစ်သည်များမှာ ပထမတော့ ကြောင်အသွားကြပြီး သူတို့နားကိုပင် သူတို့မယုံနိုင်သလို အံ့အားသင့်သော အမူအရာများဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။
'ငါတို့များ... ကြားမှားသွားတာလား။ တစ်လခွဲလုံး ညှဉ်းပန်းနှိပ်စက်ခံပြီးတဲ့နောက်မှာ ဖုန်းဝူချန်က လေ့ကျင့်ခန်းပြီးပြီလို့ ရုတ်တရက် ကြေညာလိုက်တယ်တဲ့လား။'
ယဲ့ချန်းချုံး၊ လင်းကျန့်ထျန်းနှင့် အခြားဗိုလ်ချုပ်အနည်းငယ်ကလည်း ဖုန်းဝူချန်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ သူတို့အားလုံး ကြားမှားသွားကြတာလား။
စစ်သည်များ၏ အံ့အားသင့်ပြီး မယုံနိုင်ဖြစ်နေသော အမူအရာကို မြင်သောအခါ ဖုန်းဝူချန်က ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။
“အင်ပါယာရဲ့ လက်ရွေးစင် စစ်သည်တွေ အနေနဲ့ မင်းတို့အားလုံး ပြီးခဲ့တဲ့ တစ်လခွဲအတွင်းမှာ ကျေနပ်လောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး လိုအပ်ချက်တွေကို ပြည့်မီခဲ့ကြပြီ။ အခု လေ့ကျင့်ခန်း ပြီးဆုံးပြီ”
“လေ့ကျင့်ခန်းတွေ ပြီးဆုံးသွားပြီ... ပြီးဆုံးသွားပြီ... တကယ် ပြီးဆုံးသွားပြီ”
စစ်သည်များ သေချာသွားသည်နှင့် သူတို့၏ စိတ်ဓာတ်ကျနေသော မျက်နှာများမှာ နောက်ဆုံးတွင် အပြုံးများ ပေါ်လာကြပြီး ထောင်မှ လွတ်လာသော အကျဉ်းသားများကဲ့သို့ သူတို့၏ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို မဝှက်ထားဘဲ ဖော်ပြကြတော့သည်။
အလွန်အမင်း စိတ်လှုပ်ရှားနေသော စစ်သည်များသည် သူတို့၏ နာကျင်မှုကို မေ့သွားပုံရပြီး အရိုင်းဆန်စွာ အော်ဟစ်ကာ ပျော်ရွှင်နေကြတော့၏။
“ဆရာဖုန်း... ခင်ဗျား ပြောတဲ့ လိုအပ်ချက်တွေက ဘာတွေလဲ”
ယဲ့ချန်းချုံးက နားမလည်စွာ မေးလိုက်သည်။ သူတို့ တစ်လခွဲလုံး လေ့ကျင့်ခဲ့ကြသော်လည်း စစ်သည်များ၏ ခွန်အားတွင် သိသာသော တိုးတက်မှုကို သူ မမြင်ခဲ့ရပေ။
“သူတို့တွေ ကျင့်ကြံခြင်းရဲ့ လိုအပ်ချက်တွေကို ပြည့်မီသွားကြပြီ”
ဖုန်းဝူချန်က လျှို့ဝှက်သော အပြုံးဖြင့် ပြန်ဖြေ၏။
“ကျင့်ကြံခြင်းရဲ့ လိုအပ်ချက်တွေ”
လူအုပ်ကြီးမှာ နားမလည်စွာဖြင့် တီးတိုးရေရွတ်ရင်း သူတို့၏ အကြည့်များမှာ ဖုန်းဝူချန်ထံသို့ စုစည်းသွားကြသည်။
“ဗိုလ်ချုပ်လင်းရဲ့ လေ့ကျင့်မှု အပြီးမှာ ခင်ဗျားတို့တွေ တကယ်ပဲ သန်မာခဲ့ကြတယ်။ ဒါပေမဲ့ ကျုပ်မျှော်လင့်ချက်ကိုတော့ မပြည့်မီခဲ့ဘူး။ အခုတော့ ခင်ဗျားတို့ ကျင့်ကြံဖို့အတွက် လိုအပ်ချက်ကို ပြည့်မီသွားကြပြီ”
ဖုန်းဝူချန်က တည်ငြိမ်စွာ ဆို၏။
သူ၏ အကြည့်က ယန်ထျန်းရှန်ထံသို့ ရောက်သွားပြီးနောက် ဖုန်းဝူချန်က ဆက်ပြောသည်။
“ဒီရက်တွေအတွင်းမှာ နန်းတွင်း အကြံပေးကြီးနဲ့ ကျုပ်က ရွှေဝိညာဉ် ဆေးလုံး တချို့ကို သန့်စင်ခဲ့ကြတယ်။ အဲ့ဒါက အသွင်ပြောင်းဘုံ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံနှုန်းကို အရှိန်မြှင့်ပေးနိုင်တယ်။ ဆေးလုံးတွေ အဆင်သင့် ဖြစ်နေပြီ၊ ခင်ဗျားတို့ တစ်ယောက်ချင်းစီ တစ်လုံးစီ ယူလိုက်ကြ”
စစ်သည်များမှာ စိတ်ထဲမှ ပျော်ရွှင်သွားကြပြီး
ဖုန်းဝူချန်တွင် လူသားဆန်မှု အနည်းငယ် ရှိသေးသည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ကြရသည်။
ဆေးလုံးများ ရရှိပြီးနောက် စစ်သည်များသည်
ဖုန်းဝူချန် ပြောခဲ့သော ကျင့်ကြံခြင်းကို စတင် မျှော်လင့်နေကြတော့၏။
စစ်သည်များကို စိုက်ကြည့်ရင်း ဖုန်းဝူချန်က လေးနက်စွာ အသိပေးလေသည်။
“ကျုပ်မှာ ကျင့်ကြံခြင်းကို အထောက်အကူ ပြုတဲ့ ‘အထွတ်အထိပ် ခန္ဓာကျင့်စဉ်’ လို့ခေါ်တဲ့ သိုင်းပညာ
တစ်ခု ရှိတယ်။ ဒီကျင့်ကြံခြင်းအတွက် လိုအပ်ချက်တွေက တော်တော် မြင့်တယ်။ ခင်ဗျားတို့ အားလုံး ကျန်တဲ့ တစ်လခွဲလုံး တစ်ကိုယ်တည်း ကျင့်ကြံကြရမယ်”
“အထွတ်အထိပ် ခန္ဓာကျင့်စဉ်”
လူအုပ်ကြီးမှာ နားမလည်နိုင်ခြင်းနှင့် မျှော်လင့်ခြင်းတို့ဖြင့် ပြည့်နှက်သွားသည်။
အထွတ်အထိပ် ခန္ဓာကျင့်စဉ် ဆိုသည်မှာ မည်သို့သော သိုင်းပညာမျိုး ဖြစ်သနည်း။ မည်သည့် အရာက ၎င်းကို ယခုလို အစွမ်းထက်စေသနည်း။
“ဆရာဖုန်း... ဒီလောက်မြင့်မားတဲ့ ကျင့်ကြံခြင်း လိုအပ်ချက်တွေနဲ့ ဆိုတော့ အထွတ်အထိပ် ခန္ဓာကျင့်စဉ်က ဘယ်လောက်တောင် အစွမ်းထက်လို့ပါလဲ”
လိန်မူချန်မှာ မနေနိုင်တော့ဘဲ လူတိုင်း၏ အတွေးကို ကိုယ်စားပြုကာ မေးလိုက်သည်။ သူတို့ အားလုံး သိချင်နေကြသည်ပင်။
“ခင်ဗျားတို့ ကျင့်ကြံပြီးရင် နားလည်သွားလိမ့်မယ်။ ဘယ်လောက် တိုးတက်မလဲ ဆိုတာကတော့ ကိုယ့်ကံကြမ္မာနဲ့ပဲ ဆိုင်တယ်”
ဖုန်းဝူချန်က အားလုံးကို ဖွင့်မပြောခဲ့ပေ။
အထွတ်အထိပ် ခန္ဓာကျင့်စဉ်၏ စွမ်းအားမှာ သူတို့၏ စိတ်ကူးထက်ပင် ကျော်လွန်နေသော်လည်း ဖုန်းဝူချန်က သူတို့ကို အခြေခံများသာ သင်ပေးမည် ဖြစ်သည်။
အစစ်အမှန်နှင့် အစွမ်းထက်သော အထွတ်အထိပ် ခန္ဓာကျင့်စဉ်၏ အနှစ်သာရကိုတော့ သူတို့နှင့် မျှဝေမည် မဟုတ်ပါ။
“ဗိုလ်ချုပ်ကြီးယဲ့၊ ဗိုလ်ချုပ်လင်း... ခင်ဗျားတို့ စိတ်ဝင်စားရင်လည်း ကျင့်ကြံကြည့်လို့ ရပါတယ်။ ခင်ဗျားတို့အတွက်လည်း အကျိုးရှိမှာပါ”
ဖုန်းဝူချန်က ယဲ့ချန်းချုံးကို ပြုံးရင်း ပြောလိုက်လေ၏။
“ကျေးဇူးတင်ပါတယ် ဆရာဖုန်း”
ယဲ့ချန်းချုံးနှင့် အခြားသူများက အလျင်အမြန် ကျေးဇူးတင်စကား ဆိုကြ၏။
အထွတ်အထိပ် ခန္ဓာကျင့်စဉ်၏ ကျင့်ကြံနည်းကို မှတ်သားပြီးနောက် စစ်သည်များမှာ သူတို့၏ ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။
စပ်စုနေသော ယဲ့ချန်းချုံးနှင့် လင်းကျန့်ထျန်းတို့ကလည်း သူတို့နည်းတူ လိုက်လံ ကျင့်ကြံကြသည်။ ၎င်းက မည်မျှ အစွမ်းထက်သည်ကိုတော့ သူတို့ မသိသေးပေ။
သို့သော် ကျင့်ကြံပြီး ရက်အနည်းငယ်အကြာမှာပင် ယဲ့ချန်းချုံးနှင့် လင်းကျန့်ထျန်းကဲ့သို့သော ဗိုလ်ချုပ်များမှာ အထွတ်အထိပ် ခန္ဓာကျင့်စဉ်၏ ကြောက်မက်ဖွယ်
ကောင်းသော သဘာဝကြောင့် တုန်လှုပ် ခြောက်ခြားသွားကြပြီ ဖြစ်သည်။
ရက်အနည်းငယ်အတွင်းမှာပင် သူတို့၏ ခွန်အားတွင် သိသိသာသာ တိုးတက်မှုကို ခံစားမိကြပြီး စွမ်းအား၊ အမြန်နှုန်း၊ အာရုံခံနိုင်စွမ်းနှင့် အခြားသော ကဏ္ဍများတွင် တိုးတက်မှုများ ရရှိခဲ့ကြသည်။
ယခုလို စွမ်းအား ထက်မြက်လှသော သိုင်းပညာမျိုးကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ပေ။ သူတို့ မေးခွန်းများ မေးချင်သော်လည်း ဖုန်းဝူချန်၏ ကျင့်ကြံခြင်းကို အနှောင့်အယှက်
မပေးဝံ့ကြပါ။
အခြေခံ နည်းစနစ်မျှသာ ဖြစ်သော်လည်း ယခုလို ကြောက်မက်ဖွယ် ကောင်းသော တိုးတက်မှုကို ဆောင်ကြဉ်းပေး
နိုင်သည်ဆိုလျှင် အစစ်အမှန် အထွတ်အထိပ် ခန္ဓာကျင့်စဉ်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို သူတို့ စိတ်ကူးကြည့်နိုင်ပေသည်။
ကျင့်ကြံနေသော စစ်သည်များမှာလည်း သူတို့ ခန္ဓာကိုယ်အတွင်းမှ ကြီးမားသော ပြောင်းလဲမှုများကို ခံစားနေရသည်။
သူတို့မှာ တစ်ချိန်တည်းမှာပင် တုန်လှုပ် ခြောက်ခြားပြီး မယုံနိုင် ဖြစ်နေကြကာ ရွှေဝိညာဉ် ဆေးလုံးများ၏ အကူအညီဖြင့် သူတို့၏ ကျင့်ကြံမှု အဆင့်မှာ လျင်မြန်စွာ တက်လာခဲ့သည်။
သူတို့ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုနှင့်
သူတို့၏ ကျင့်ကြံမှု တိုးတက်လာသော နှုန်းမှာ သူတို့ တစ်ခါမှ မကြုံဖူးခဲ့သော အရာပင်။
တစ်လခွဲ ကြာပြီးနောက် စစ်သည်များ၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာပြီး များစွာသောသူတို့မှာ အဆင့်သစ်များသို့ တက်လှမ်းနိုင်ခဲ့ကြသည်။ လွန်ခဲ့သော တစ်လခွဲကနှင့် နှိုင်းယှဉ်လျှင် သူတို့မှာ လုံးဝ ကွဲပြားခြားနားသော လူများ ဖြစ်သွားကြပြီး သူတို့၏ စွမ်းအား၊ အမြန်နှုန်း၊ တုံ့ပြန်မှုနှင့် အာရုံခံနိုင်စွမ်းများ အားလုံး အလွန်တိုးတက်လာသည်ကို ခံစားမိကြသည်။
အလံနက် တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော် တပ်ဖွဲ့တို့သည် ယခုအခါ လုံးဝပြောင်းလဲသွားပြီး ပိုမိုအစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။
တပ်နှစ်တပ်လုံးတွင် ယခုလို အံ့ဩဖွယ်ကောင်းသော တိုးတက်မှုများကို မြင်တွေ့ရသောအခါ ယဲ့ချန်းချုံးနှင့် ဗိုလ်ချုပ်အချို့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
အထွတ်အထိပ် ခန္ဓာကျင့်စဉ်ကို ကျင့်ကြံပြီးမှသာ စစ်သည်များမှာ လွန်ခဲ့သော တစ်လခွဲက လေ့ကျင့်မှုများသည် အခြေခံအတွက်သာဖြစ်ကြောင်း အမှန်တကယ် နားလည်သွားကြတော့သည်။
အထွတ်အထိပ် ခန္ဓာကျင့်စဉ်သည် ဖြစ်ကတတ်ဆန်း ကျင့်ကြံနိုင်သော အရာမဟုတ်ပေ။ စတင်သူအတွက်ပင် အလွန်တောင့်တင်းသော ခန္ဓာကိုယ် လိုအပ်ပြီး ကျင့်ကြံရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲလှသည်။
ဤအချိန်တွင်မှ စစ်သည်များသည် ဖုန်းဝူချန်က သူတို့၏ ကျင့်ကြံမှုကို မြှင့်တင်ရန်အတွက် ဖိနှိပ်သော နည်းလမ်းများကို သုံးခဲ့ကြောင်း အမှန်တကယ် နားလည်သွားကြ၏။
သူသည် စစ်သည်များ၏ မုန်းတီးမှုကို ခံယူပြီး သူတို့၏ လေ့ကျင့်မှုကို အတင်းအကျပ် တွန်းအားပေးခဲ့ခြင်းမှာ သူ၏ စိတ်ပိုင်းဖြတ်မှုအတွက် တကယ့်သက်သေပင် ဖြစ်ပြီး စစ်သည်များကို အလွန်ပင် လှုပ်ရှားစေခဲ့သည်။
'သောက်ကျိုးနည်း... ငါတို့က သူ့ကို အထင်လွဲနေတာကိုး။ သူက ငါတို့ကို ကောင်းစေချင်လို့
ဒီလို လုပ်ခဲ့တာပဲ။ ငါတို့ကွာ... ကျေးဇူးကန်းတဲ့ ခွေးတွေလိုပါပဲလား။'
ကျေးဇူးတင်စိတ်များ လွှမ်းခြုံလျက် စစ်သည်များသည် ဖုန်းဝူချန်အပေါ် လေးနက်သော ကျေးဇူးတင်စိတ်ကို ခံစားလိုက်ကြရသည်။ ယခင်က သူ့ကို မည်မျှ မုန်းတီးခဲ့ကြသလဲဆိုလျှင် ယခုအခါ ထိုမျှလောက်ပင် ကျေးဇူးတင်နေကြသည်။
ဖုန်းဝူချန်အပေါ် ထားရှိခဲ့သော သူတို့၏ ယခင် မကျေနပ်မှုများနှင့် ဒေါသများကို ပြန်လည် အမှတ်ရသောအခါ စစ်သည်များမှာ အလွန်အမင်း အပြစ်ရှိသလို ခံစားရပြီး မိမိတို့ကိုယ်ကို အကူအညီပေးသော လက်ကို ပြန်ကိုက်သည့် ကျေးဇူးကန်းသော ခွေးများအဖြစ် သတ်မှတ်လိုက်ကြသည်။
တစ်လခွဲအတွင်း ဖုန်းဝူချန်၏ ကိုယ်ပိုင် ကျင့်ကြံမှုမှာလည်း အလွန် တိုးတက်လာပြီး အသွင်ပြောင်းဘုံ အဆင့်၏ တတိယအလွှာသို့ တက်လှမ်းနိုင်ခဲ့သည်။ သူ၏ ကြောက်ခမန်းလိလိ ကျင့်ကြံနှုန်းမှာ စခန်း တစ်ခုလုံးကို တစ်ဖန် အံ့အားသင့်စေခဲ့ပြန်တော့သည်။