← Chapters

သည်းထိတ်ရင်ဖို

Vol. 5 Ch. 64

သည်းထိတ်ရင်ဖို

Vol. 5 Ch. 64

~ဝမ်ဟဲ၏ ဖခင် ဝမ်ကျုံးရှန်မှာ အင်ပါယာ၏ ပဉ္စမတန်းအဆင့် ဝန်ကြီးတစ်ပါးဖြစ်ပြီး အလွန်မြင့်မား၍ ဩဇာကြီးမားသော ရာထူးကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ဖေးယွင်မြို့တွင် ဝမ်မိသားစု၏ နေအိမ်မှာ အမြင့်ဆုံးအဆင့်တွင် ရှိပြီး ပဉ္စမတန်းအဆင့်အောက်ရှိ အရာရှိအားလုံးမှာ ဝမ်မိသားစုကို သူတို့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြသည်။

ဤအချက်က ဝမ်ဟဲတွင် အလွန်အားကောင်းသော နောက်ခံရှိကြောင်း ပြသနေပြီး သူ့ကို ဖေးယွင်မြို့၏ အထင်ရှားဆုံး သခင်လေးတစ်ပါး ဖြစ်စေခဲ့သည်။

ဖေးယွင်မြို့တွင်သာမက အနီးအနားရှိ မြို့များတွင်ပင် မည်သူတစ်ဦးတစ်ယောက်မှ ဝမ်ဟဲအပေါ် မဆင်မခြင် ပြုမူရဲခြင်း မရှိပေ။ စတုတ္ထတန်းအဆင့် အရာရှိများပင်လျှင် သူ့ကို အတိုင်းအတာတစ်ခုအထိ လေးစားမှုပြသရသည်။ အကြောင်းမှာ သူ၏ဖခင်မှာ ပဉ္စမတန်းအဆင့် အရာရှိဖြစ်သောကြောင့်ပင်။

ဝမ်ကျုံးရှန်မှာ သူ၏ ဆွေမျိုးများကို အလွန်အကာအကွယ်ပေးတတ်သူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူ၏ အပြင်ပန်းမှာ စေတနာကောင်းသူတစ်ယောက်နှင့်တူသော်လည်း သူ၏ နှလုံးသားမှာမူ အလွန်ပင် ကောက်ကျစ်စဉ်းလဲပြီး အဆိပ်ပြင်းလှသည်။

ဝမ်ဟဲ၏ နောက်ကွယ်တွင် ယခုလိုအားကောင်းသော နောက်ခံရှိနေသည့်အတွက် အကယ်၍ ဖုန်းဝူချန်သာ သူ့ကို သတ်လိုက်ပါက ဖေးယွင်မြို့မှာ မလွဲမသွေ ပရမ်းပတာ ဖြစ်သွားပေလိမ့်မည်။

...

"မင်း... မင်း.. မျိုးမစစ်.. မင်းက ဘာကောင်လဲ"

ဝမ်ဟဲက ဖုန်းဝူချန်ကို ကြမ်းတမ်းစွာ စိုက်ကြည့်ရင်း မေးလိုက်သည်။ မီးလျှံဓားသွားက သူ၏ ရင်ဘတ်ကို ချိန်ရွယ်ထားသော်လည်း သူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။

"ထျန်းကျိုးနယ်၊ ပြိုင်ဘက်ကင်းမြို့က ဖုန်းမိသားစုပဲ"

ဖုန်းဝူချန်က အေးစက်စွာ ပြန်ဖြေလိုက်သည်။

"ကောင်းတယ်... သိပ်ကောင်းတယ်။ မင်းရဲ့ ဖုန်းမိသားစုတစ်စုလုံးကို အသတ်ခံရတာ ငါမြင်ရစေမယ်"

ဝမ်ဟဲက ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ဆို၏။

"ဒါဆိုရင်တော့ မင်းကို ငါအရင်သတ်ရမှာပေါ့"

ထိုသို့ပြောရင်း ဖုန်းဝူချန်၏ မီးလျှံဓားသွားမှာ ဝမ်ဟဲ၏ ရင်ဘတ်ထဲသို့ ဖြည်းညင်းစွာ ထိုးစိုက်ဝင်ရောက်သွားသည်။ သွေးများ စီးကျလာပြီး အဝတ်အစားများကို နီရဲသွားစေတော့၏။

"ရပ်လိုက်စမ်း"

ရုတ်တရက် အေးစက်သော အော်သံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံနှင့်အတူ ဖိအားပေးနိုင်သော အရှိန်အဝါတစ်ခု ပျံ့နှံ့လာခဲ့သည်။

"ဝှစ်"

ခရမ်းရောင်အလင်းတန်းတစ်ခုမှာ အသံထက်မြန်သော ပေါက်ကွဲသံနှင့်အတူ ဖုန်းဝူချန်ထံသို့ ပစ်ခတ်လာသည်။ ၎င်း၏ အရှိန်မှာ အံ့မခန်း မြန်ဆန်လှပေ၏။

"အသွင်ပြောင်း ဘုံ အဆင့် အဌမ အလွှာ"

ဖုန်းဝူချန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ လျင်မြန်စွာ နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ထိုတိုက်ခိုက်မှုကို ကပျာကယာ ရှောင်တိမ်းလိုက်သည်။

အသွင်ပြောင်း ဘုံအဆင့် ဆဌမအလွှာရှိသော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရာတွင် ဖုန်းဝူချန်မှာ အစွမ်းကုန် ထုတ်သုံးနေရပြီဖြစ်သည်။ အသွင်ပြောင်း ဘုံအဆင့် အဌမလွှာရှိသော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်တော့ သူ လုံးဝ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

"သခင်လေး... ဒဏ်ရာရသွားသေးလား"

ရောက်ရှိလာသူမှာ အရပ်ရှည်ပြီး တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။

ထိုသူမှာ ဝမ်မိသားစု၏ ကိုယ်ရံတော်ခေါင်းဆောင် ကျောက်ဖေး ဖြစ်သည်။ တစ်စုံတစ်ယောက်က မိသားစုထံ သွားရောက်

အကြောင်းကြားပြီး

ဖြစ်ကြောင်းမှာ ထင်ရှားလှ၏။

ကျောက်ဖေး ရောက်ရှိလာသည်နှင့် မကြာမီမှာပင် အင်ပါယာ၏ စစ်သည်အင်အားအများအပြား ရောက်ရှိလာပြီး သူတို့ပတ်လည်ရှိ လမ်းများကို ပိတ်ဆို့လိုက်ကြသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထွက်ခွာခွင့်မပြုဘဲ လူတိုင်းကို မြေပေါ်တွင် ထိုင်ခိုင်းထားရာ မည်သူမှ ကြွက်သားတစ်စ မလှုပ်ရဲကြပေ။

ဝမ်ဟဲ၏ မျက်နှာမှာ အလွန်ပင် မည်းမှောင်နေပြီး သူ၏ မျက်နှာကြွက်သားများမှာ ထိန်းမနိုင်သိမ်းမရ တဆတ်ဆတ်တုန်ခါနေသည်။ သူ သွားကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

"သူ့ကို ငါ့အတွက် သတ်ပစ်လိုက်စမ်း"

ကျောက်ဖေးက ဖုန်းဝူချန်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူလည်း အလွန်ပင် တုန်လှုပ်သွားသည်။ အဆင့် ဆဌမအလွှာရှိသော ဝမ်ဟဲက အဆင့်တတိယ အလွှာသာရှိသော လူငယ်လေးတစ်ယောက်ကို မယှဉ်နိုင်သည်မှာ သူအတွက် မယုံနိုင်စရာ ဖြစ်နေသည်။

ဝမ်ဟဲ အားနည်းသည်ဟု မထင်ဘဲ ဖုန်းဝူချန်၏ ခွန်အားမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ ကျောက်ဖေး ထင်မြင်မိသည်။

တစ်ချက်သာ ကြည့်ပြီးနောက် ကျောက်ဖေး ရှေ့သို့ ပြေးဝင်သွားပြီး အစစ်အမှန်ယွမ်များမှာ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းကာ အားပြင်းသော စွမ်းအင်လှိုင်းကြီး ထုတ်လွှတ်လိုက်သည်။

ကျောက်ဖေး၏ ခွန်အားမှာ စွမ်းအားရော၊ အမြန်နှုန်းပါ ဖုန်းဝူချန်ထက် သာလွန်နေလေသည်။

"တတိယလွှာ ကောင်းကင်အမျက် လက်ဝါး"

ဖုန်းဝူချန်က နတ်ဆိုး နဂါးနတ်ဘုရား၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းဖြင့် တောက်ပလာသည်။ အသံကျယ်ကျယ်ဖြင့် အော်ဟစ်ရင်း လက်ဝါးအားလှိုင်း သုံးချက် ဆက်တိုက် ထုတ်ဖော်လိုက်၏။

အားပြင်းသော ရွှေရောင် လက်ဝါးပုံရိပ်

တစ်ခု လေထဲတွင် ဖြတ်သန်းသွားပြီး လက်ဝါးသုံးချက် ထပ်ဆင့်

ကျရောက်သောအခါ ၎င်း၏ အားမှာ အဆများစွာ တိုးမြင့်လာခဲ့သည်။

‘နက်နဲခြင်း အဆင့် သိုင်းပညာပဲ။ အားကောင်းလိုက်တာ။ ဒီလောက်ခွန်အား ရှိနေမှတော့ သခင်လေးကို ရှုံးနိမ့်သွားတာ အံ့ဩစရာမရှိဘူး။ ဒီကောင်လေး တကယ်ပဲ မရိုးရှင်းဘူး။’

ကျောက်ဖေးက အံ့အားသင့်စွာ တွေးလိုက်မိသည်။ သို့သော် သူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မပြခဲ့ပေ။

"အဝါရောင် အလယ်အလတ် အဆင့်သိုင်းပညာ... ဝရဇိန်လက်ဝါး"

ကျောက်ဖေး ပြေးဝင်သည်။ သူ၏ ညာလက်ဝါးမှာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို စုစည်းလိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ ရှေ့သို့ ရိုက်ချလိုက်သည်။

"ဘန်း"

"ဒုတ်"

ကျောက်ဖေး၏ ခွန်အားမှာ အားကောင်းလှသည်ဟု ဆိုရပေမည်။ လက်ဝါးတစ်ချက်တည်းဖြင့် သူ ဖုန်းဝူချန်၏ လက်ဝါးပုံရိပ်ကို လွယ်ကူစွာ ချေမှုန်းပစ်လိုက်သည်။

ဖုန်းဝူချန်မှာ သွေးများအန်ကျလာလေ၏။ ခန္ဓာကိုယ်မှာ လမ်းတစ်လျှောက် မီတာအနည်းငယ်အကွာသို့ လျှောတိုက်သွားပြီးနောက် နောက်ဆုံးတွင် မီးလျှံဓားသွားကို အားပြုကာ မတ်တပ်ရပ်နိုင်ခဲ့သည်။

အဆင့် အဌမလွှာ ရှိသော ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုကို မလဲကျဘဲ ခံနိုင်ရည်ရှိခြင်းမှာ ဖုန်းဝူချန်အတွက် တော်တော်လေး အထင်ကြီးစရာ ကောင်းနေပြီဖြစ်သည်။

"ငါ့စွမ်းအားရဲ့ ဆယ်ပုံခုနစ်ပုံကို ခံနိုင်ရည်ရှိတယ်"

ကျောက်ဖေးတစ်ယောက် ကြိတ်၍ အံ့အားသင့်သွားရပြန်ပြီး ဖုန်းဝူချန်၏ နောက်ကြောင်း ရာဇဝင်ကို စပ်စုချင်စိတ် ပေါ်လာတော့သည်။

ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေး တစ်ယောက်က ခွန်အားကြီးမားရုံသာမက နာကျင်မှုကို ခံနိုင်ရည်လည်း အလွန်မြင့်မားရာ စပ်စုချင်စိတ်ကို ဖြစ်ပေါ်စေမည်မှာ သေချာပါ၏။

ဖုန်းဝူချန် လျင်မြန်စွာပင် အရိုးဆက်ချီစွမ်းအင်ဆေးလုံးနှင့် စိမ်းလဲ့နက်ရှိုင်းသော လျှို့ဝှက်ဆန်းကြယ် ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး မျိုချလိုက်သည်။ အရေးကြီးသည့် အခိုက်အတန့်များတွင် ဆေးလုံး၏ အာနိသင်မှာ ပိုမိုပြင်းထန်လှသည်။

အဆင့် အဌမလွှာရှိသော ပြိုင်ဘက်တစ်ယောက်ကို မနိုင်လျှင်ပင် သူ၏ အစစ်အမှန်ယွမ် အနည်းငယ်ကျန်ရှိနေသေးပြီး ဒဏ်ရာများ အတိုင်းအတာတစ်ခုအထိ သက်သာလာပါက ဖုန်းဝူချန်မှာ ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

သို့သော် လမ်းများမှာ စစ်သည်အင်အားအများအပြားဖြင့် ဝန်းရံထားသည့်အတွက် ဖုန်းဝူချန်မှာ ထွက်ပြေးနိုင်မည်မဟုတ်ဟု စိုးရိမ်မိသည်။

ထိုအချိန်တွင် ဝမ်ဟဲက စစ်သည်တစ်ယောက်ထံမှ ဓားတစ်ချောင်းကို ယူကာ ဖုန်းဝူချန်ထံသို့ လျှောက်လှမ်းလာသည်။ သူ၏ မျက်နှာမှာ ကြမ်းတမ်းသော လှောင်ပြုံးတစ်ခုဖြင့် ရှုံ့မဲ့နေလေ၏။

"မင်းကောင်လေး... ငါ့ကိုမသတ်ခင် ငါဘယ်သူလဲဆိုတာ မစုံစမ်းခဲ့ဘူးလား။ ဒီနေ့တော့ မင်းမှာ အတောင်ပံတွေရှိရင်တောင် ပျံပြီး ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"

ဝမ်ဟဲက အေးစက်စွာ ဆိုရင်း ဖုန်းဝူချန်ကို ကိုယ်တိုင် သတ်ရန် ရည်ရွယ်ထားသည်။

ထိုစကားကို ကြားသောအခါ အမူအရာမဲ့နေသော ဖုန်းဝူချန်က တစ်က်မျှပင် မရွံ့ဘဲ ချေပလိုက်၏။

"အဲ့ဒါတော့ စောင့်ကြည့်ရမှာပေါ့"

သူ၏ အေးစက်သော အကြည့်မှာ အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး ကြည့်ရှုသူကို ခြောက်လှန့်စေနိုင်သည်။

"ဟမ့်... မင်းပြေးနိုင်မယ် ထင်နေလား"

ဝမ်ဟဲက မထီမဲ့မြင် လှောင်ပြောင်လိုက်ပြီး ဖုန်းဝူချန်ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။ သူ၏ လက်ထဲမှ ဓားမကြီးအား မြှောက်လိုက်ပြီး ဖုန်းဝူချန် ဦးခေါင်းဆီသို့ ခုတ်ပိုင်းချလိုက်၏။

ထိုအချိန်တွင် အလွန်အားပြင်းသော ရေခဲဂုဏ်သတ္တိရှိသည့် အစစ်အမှန်ယွမ်တစ်ခု ဖုန်းဝူချန်၏ အတွင်းမှ ပေါက်ကွဲထွက်လာသည်။ နှင်းခဲဓားသွားမှာ အသင့်အနေအထားဖြစ်နေပြီး အအေးဓာတ်မှာ လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။

"သခင်လေး... သတိထား"

ကျောက်ဖေး၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး ဝမ်ဟဲကို အလျင်အမြန် နောက်သို့ ဆွဲလိုက်သည်။

ကျောက်ဖေးကိုယ်တိုင်မှာ ကြောက်ရွံ့ခြင်းမရှိသော်လည်း အပြင်းအထန် ဒဏ်ရာရနေသော ဝမ်ဟဲမှာ အားပြင်းသော အအေးဓာတ်ကို ခံနိုင်မည်မဟုတ်ပေ။

ကျောက်ဖေးက ဝမ်ဟဲကို နောက်သို့ ဆွဲလိုက်စဉ်မှာပင် မီးလျှံဓားသွားကို ကိုင်ဆောင်ထားသော ဖုန်းဝူချန်မှာ လမ်း၏ အခြားတစ်ဖက်သို့ ပြေးဝင်သွားပြီး ထွက်ပြေးလွတ်မြောက်ရန် သွေးလမ်းကြောင်း တစ်ခု ဖောက်ထွင်းလိုက်တော့သည်။

"သတ်ကြစမ်း... မလွတ်စေနဲ့"

ဝမ်ဟဲက အော်ဟစ်လိုက်သည်။

လမ်းများကို ပိတ်ဆို့ထားသော စစ်သည်များမှာ ရှေ့သို့ တရကြမ်း ပြေးဝင်လာကြ၏။ မည်သူမှ အမိန့်ကို မဖီဆန်ရဲကြပေ။

"ရွှစ် ရွှစ် ရွှစ်"

"ထန် ထန် ထန်"

မီးလျှံဓားသွားကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အားပြင်းသော နှင်းခဲဓားသွား ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာပြီး စစ်သည်များကို သစ်တော်ပန်းပွင့်အပ်များ မိုးရွာသကဲ့သို့ ရက်စက်စွာ ထိုးဖောက်သွားသည်။

နာကျင်သော အော်သံနက်များမှာလည်း မရပ်မနား ထွက်ပေါ်နေတော့၏။

ဖုန်းဝူချန်မှာ သတ်ဖြတ်ရာတွင် ပြတ်သားပြီး သနားညှာတာမှု အစအနမျှပင် မရှိပေ။ သူ၏ မီးလျှံဓားသွား ရောက်ရှိသွားသည့် နေရာတိုင်းတွင် သံကို ရွှံ့စေးကဲ့သို့ လှီးဖြတ်သွားပြီး စစ်သည်များမှာ တစ်ယောက်ပြီးတစ်ယောက် သွေးအိုင်ထဲတွင် လဲကျသွားကြသည်။ သူတို့ မည်မျှ များပြားသည် ဖြစ်စေ အသုံးမဝင်ဘဲ ဖုန်းဝူချန်ကို မတားဆီးနိုင်ခဲ့ပေ။

ဖုန်းဝူချန်၏ မျက်နှာမှာ အေးစက်နေပြီး အမူအရာမဲ့ကာ သွေးအေးလူသတ်သမား

တစ်ယောက်နှင့် တူလှသည်။

သူ၏ လုပ်ရပ်များ၏ ကြမ်းတမ်းမှုကြောင့် လမ်းမပေါ်မှ လူများ၏ မျက်နှာများမှာ ကြောက်လန့်တကြား ဖြူဖျော့သွားကြသည်။

ထိုစဉ် ကျောက်ဖေး၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်သွားသည်။ ဝမ်ဟဲ၏ ဒေါသတကြီး အော်ဟစ်သံအောက်တွင် သူ တစ်ဖန် ရှေ့သို့ ပြေးဝင်သွားပြန်သည်။

"မင်းတို့အားလုံး နောက်ဆုတ်ကြစမ်း"

ကျောက်ဖေးက အော်ဟစ်လိုက်သည်။

ကျောက်ဖေး ပြေးဝင်လာသည်နှင့် ဖုန်းဝူချန်က ချက်ချင်းပင် သိရှိသွားပြီး လှည့်ကာ ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ အားပြင်းသော ရွှေရောင်ဓားအလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။

တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်က မြို့တံခါးဆီသို့ ပြေးထွက်သွားပြီး သူ၏ လမ်းကို ပိတ်ဆို့ရန် ကြိုးစားသော မည်သည့်စစ်သည်ကိုမဆို ရက်စက်စွာ သတ်ဖြတ်ပစ်လိုက်လေသည်။

"သူ့ကို ငါ့အတွက် တားထားစမ်း... ကျောက်ဖေး... သူ့ကို လိုက်စမ်း"

ဝမ်ဟဲက ဒေါသတကြီး ဆက်လက်အော်ဟစ်နေသည်။ ကံဆိုးစွာပင် ထိုစစ်သည်များမှာ ဖုန်းဝူချန်၏ ပြိုင်ဘက် မဟုတ်ကြပေ။

ဓားအလင်းကို ရှောင်တိမ်းရင်း ကျောက်ဖေးက အစစ်အမှန်ယွမ်ကို ထုတ်ဖော်ကာ အရှိန်ပြင်းစွာဖြင့် လိုက်လံ ဖမ်းဆီးနေလေသည်။

ဖုန်းဝူချန်က စစ်သည်များကို သွေးအေးစွာ သတ်ဖြတ်ရင်း စိမ်းလဲ့နက်ရှိုင်းသော လျှို့ဝှက်ဆန်းကြယ်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ စားသုံးလိုက်သည်။ သူ မြို့တံခါးမှ ထွက်ပြေးပြီးနောက် ဓားပျံစီးနင်း၍ လွတ်မြောက်ရန် ကြံစည်ထားသည်။

မမျှော်လင့်ဘဲ မြို့တံခါးမှာလည်း စစ်သည်အင်အားအများအပြားဖြင့် ပိတ်ဆို့ထားခြင်း ခံထားရသည်။

ဝမ်မိသားစုမှာ ယခုတစ်ကြိမ်တွင် စစ်သည်အင်အား အနည်းဆုံး ရာပေါင်းများစွာ ထုတ်သုံးထားလေသည်။

ဖုန်းဝူချန်၏ မျက်နှာ မည်းမှောင်သွားသည်။ သူ၌ ရွေးချယ်စရာမရှိတော့။ နောက်ကွယ်မှ စစ်သည်အများအပြားမှာလည်း လိုက်မီလာကြသည်။

စဉ်းစားရန် အချိန်မရတော့။ ကျောက်ဖေး သူ့ကို မမီခင် သူ ထွက်ပြေးလွတ်မြောက်ရမည် ဖြစ်သည်။

အစစ်အမှန်ယွမ်ကို သူ၏ မီးလျှံဓားသွားထဲသို့ ထိုးသွင်းရင်း ဖုန်းဝူချန်က ဓားပျံ စီနင်းဖို့ အကောင်အထည်ဖော်လိုက်သည်။

သို့သော် ထိုအချိန်တွင် မြို့တံခါးမှ စစ်သည်များမှာ ဝင်ရောက်လာသော လူတစ်စု၏ တိုက်ခိုက်မှုကြောင့် ရုတ်တရက် ပစ်လွင့်သွားကြပြီး လမ်းတစ်ခု အတင်းအကျပ် ရှင်းလင်းသွားလေသည်။

ဖုန်းဝူချန် သေချာကြည့်လိုက်ရာ ချက်ချင်းပင် မှင်တက်သွားပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

"လိန်မူချန်... ချီဟွမ်"

"အလံနက်တပ်မတော်နဲ့ ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့ပဲ"

စစ်သည် အများအပြားမှာ သူတို့၏ ဝတ်စုံကို ကြည့်ပြီး မှတ်မိသွားကာ နောက်သို့ ဆုတ်ခွာသွားကြသည်။

ဝမ်မိသားစု၏ စစ်သည်များမှာ အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့နှင့် ပဋိပက္ခမဖြစ်ဝံ့ကြပေ။

"တကယ်ပဲ သူတို့က အလံနက်တပ်မတော်နဲ့ ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့က စစ်သည်တွေပဲ"

"သူတို့ ဖေးယွင်မြို့မှာ ဘာလုပ်နေကြတာလဲ။ ဘာလို့ ဝမ်မိသားစုက စစ်သည်တွေကို ဒဏ်ရာရအောင် လုပ်နေကြတာလဲ"

ကြည့်ရှုနေသူများမှာ နားမလည်နိုင်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ဖြင့် ပြည့်နှက်နေကြသည်။ အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့မှာ ယေဘုယျအားဖြင့် စစ်စခန်းများတွင်သာ နေထိုင်ကြပြီး အထူးအခြေအနေမရှိဘဲ ပေါ်ထွက်လာလေ့မရှိသည်ကို သူတို့ သိကြသည်။

"ဆရာဖုန်း... ဒဏ်ရာရသွားသေးလား။ ကျွန်တော်တို့ နောက်ကျသွားတယ်"

ချီဟွမ်က လေးစားစွာ မေးလိုက်သည်။ သူ၏ မျက်နှာမှာ မည်းမှောင်နေပြီး လူသတ်သမားတစ်ယောက်၏ အေးစက်သော သွေးဆာနေသည့် သြဇာအာဏာတစ်ခု ထွက်ပေါ်နေသည်။

တစ်စုံတစ်ယောက်ကို တုန်လှုပ်ခြောက်ခြားစေနိုင်သော ယခုလိုအေးစက်သော သြဇာအာဏာမျိုးမှာ အင်ပါယာ၏ အစစ်အမှန်စစ်သည်များထံတွင်သာ ရှိနိုင်ပေသည်။

"ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ မင်းတို့က ဘာလို့ဒီကို ရောက်နေကြတာလဲ"

ဖုန်းဝူချန်က မေးလိုက်သည်။

"ဆရာဖုန်း... ခင်ဗျားထွက်သွားပြီဆိုတာ သိသိချင်း ကျွန်တော်တို့ ချက်ချင်း လိုက်ရှာခဲ့ကြတာပါ။ မြို့တော်တော်များများ ရှာပြီးမှ ဖေးယွင်မြို့ကို တွေ့ခဲ့တာပါ"

လိန်မူချန်က ရှင်းပြလိုက်သည်။

"ဆရာဖုန်း... ဘာတွေဖြစ်နေတာလဲ"

အခြားတစ်ယောက်က မေးလိုက်သည်။

"ဝမ်ဟဲပါလား... ဒါတွေက ဝမ်မိသားစုရဲ့ ကိုယ်ရံတော်တွေပဲ။ သူတို့က အင်ပါယာစစ်သည်တွေ မဟုတ်ဘူး"

ချီဟွမ်က ဝမ်ဟဲကို တွေ့မြင်လိုက်ရသည့်အခါ မျက်နှာ အမူအရာမှာ လေးနက်သွားရသည်။

"မူချန်... ချက်ချင်း ပြန်ပြီး ဗိုလ်ချုပ်ကြီးကို သတင်းပို့လိုက်ပါ"

ချီဟွမ်က တိုးတိုးလေး ပြောလိုက်သည်။ ဝမ်ဟဲ၏ အဆင့်အတန်းကို သူ အပြည့်အဝ သိရှိထားသည်။ ယဲ့ချန်းချုံး၏ ထောက်ခံမှုရှိလျှင်ပင် သူတို့ ဝမ်ဟဲကို အလွယ်တကူ မစော်ကားဝံ့ကြပေ။

အလံနက် တပ်မတော်နှင့် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့၏ အစိတ်အပိုင်း ဖြစ်သော်လည်း သူတို့မှာ ရာထူး မရှိသော သာမန်စစ်သည်များသာ ဖြစ်ကြသည်။

သို့သော် ယဲ့ချန်းချုံး၏ စစ်သည်များဖြစ်သည့်အတွက် သူတို့ ဝမ်မိသားစုကို မကြောက်ကြပေ။ သူတို့မှာ အဆင့်မြင့်အရာရှိများ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် အရည်အချင်းမရှိခြင်းသာ ဖြစ်သည်။

သို့သော် ဖုန်းဝူချန်မှာ ယဲ့ချန်းချုံး ကိုယ်တိုင် ဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်ဖြစ်ပြီး အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့၏ စစ်သည်များအတွက် အဓိက နည်းပြဖြစ်သည် မဟုတ်ပါလော။။ သူတို့ အသက်ကို စွန့်ရလျှင်ပင် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

အချိန် မဆွဲဘဲ လိန်မူချန်က လျင်မြန်စွာ စစ်စခန်းသို့ ဒုန်းဆိုင်း၍ ပြန်သွားလေသည်။

ဝမ်မိသားစု၏ ကိုယ်ရံတော်များအနက် သူ့ကို မည်သူမှ မတားရဲကြပေ။

"အလံနက်တပ်မတော်နဲ့ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့"

ချီဟွမ်နှင့် သူ၏ လူများ၏ ဝတ်စုံကို မြင်သောအခါ ကျောက်ဖေးနှင့် ဝမ်ဟဲ အလိုမကျ မျက်မှောင်ကြုတ်

လိုက်ကြသည်။

ဖုန်းဝူချန်က ဘယ်သူလဲ။

အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့က ဘာကြောင့် သူ့ကို ကူညီကြသနည်း။

"သောက်ကောင်လေး... အလံနက်တပ်မတော်နဲ့ ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့က မင်းကို ကူညီဖို့ ရောက်လာလိမ့်မယ်လို့ မထင်ထားဘူးပဲ"

ဝမ်ဟဲက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာမှာ ဒေါသဖြင့် မည်းမှောင်နေသည်။

သူ၏ ကြမ်းတမ်းသော အကြည့်က ချီဟွမ်နှင့် အခြားသူများထံသို့ ရောက်ရှိသွားပြီး ဝမ်ဟဲက ပြင်းထန်စွာ ဆို၏။

"ဒီကောင်လေးက ငါ့ကို သတ်ချင်နေတယ်။ မင်းတို့ သူ့ကို ကာကွယ်ရင် မင်းတို့လည်း သူနဲ့အတူတူ အပြစ်ရှိတယ်။ ဗိုလ်ချုပ်ကြီးတောင် မင်းတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးကို လေးစားတဲ့ အနေနဲ့ ငါ မင်းတို့ကို ဘာမှ မလုပ်ဘူး။ အခုချက်ချင်း ထွက်သွားကြစမ်း"

"ဝမ်ဟဲ... သူ ဘယ်သူလဲဆိုတာ မင်းသိ လား"

ချီဟွမ်က အေးစက်စွာ မေးလိုက်သည်။

"သူ ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ သူ ငါ့ကိုသတ်ချင်ရင် သူသေရမယ်"

ဝမ်ဟဲက ပြန်အော်ဟစ်လိုက်သည်။

ချီဟွမ်က ပြင်းထန်ပြီး ပြတ်သားစွာ ပြန်လည်ချေပလိုက်သည်။

"သူက ဗိုလ်ချုပ်ကြီးကိုယ်တိုင် ယွင်ကျိုးကို သွားပြီး ဖိတ်ခေါ်ခဲ့တဲ့ ဆရာဖုန်းပဲ။ သူက ငါတို့ အလံနက်တပ်မတော်နဲ့ ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့ရဲ့ အဓိကနည်းပြပဲ။ မင်းက ဆရာဖုန်းကို မလေးမစားလုပ်ပြီး ဒဏ်ရာရအောင်တောင် လုပ်ခဲ့တယ်။ ဗိုလ်ချုပ်ကြီးက မင်းကို အပြစ်ပေးမှာ မကြောက်ဘူးလား"

"ဆရာဖုန်း"

ရှိနေသူအားလုံး၏ မျက်နှာထားများ သိသိသာသာ ပြောင်းလဲသွားကြသည်။

"အတွေးတစ်ချက်နဲ့ ဖန်တီးနိုင်တဲ့ လက်နက်သန့်စင်သူ ဆရာဖုန်း"

ကျောက်ဖေးမှာ ကြောက်လန့်တကြား ဖြူဖျော့သွားသည်။

နှစ်လကြာပြီးနောက် ဆရာဖုန်း၏ ကျော်ကြားမှုမှာ အင်ပါယာမြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

စတုတ္ထတန်းအဆင့် လက်နက်သန့်စင်သူ စစ်ထူကျန့်ထျန်းကိုပင် ဧကရာဇ်မင်းက မင်းသားဘွဲ့ ချီးမြှင့်ခဲ့သည် မဟုတ်ပါလော။ အတွေးဖြင့် လက်နက်ဖန်တီးနိုင်သော ဒဏ္ဍာရီလာ ပဉ္စမတန်းအဆင့် လက်နက်သန့်စင်သူ ဖုန်းဝူချန်ကို ဆိုဖွယ်ရာမရှိပေ။

သူ၏ အဆင့်အတန်းမှာ ထူးခြားပြီး စစ်ထူကျန့်ထျန်းထက် များစွာ သာလွန်နေလေသည်။

All Chapters