← Chapters

လက်ဝါးတစ်ချက်သာ

Vol. 5 Ch. 68

လက်ဝါးတစ်ချက်သာ

Vol. 5 Ch. 68

~ရုတ်တရက်ကြီး ရှေ့မှောက်သို့ ရောက်ရှိလာသော ပုံရိပ်ကြောင့် လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့နှစ်ဦးမှာ ကြောင်အမ်းအမ်းဖြင့် မှင်တက်သွားကြလေသည်။

လင်းယွင်ထျန်ကတော့ ခပ်စိမ်းစမ်း

မျက်နှာထားဖြင့် ဖုန်းဝူချန်အား စေ့စေ့စပ်စပ် အကဲခတ်လိုက်လေ၏။ ဖုန်းဝူချန်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သို့သော် ဖုန်းဝူချန်က သူ၏ စွမ်းအင်ဓားချက်ကို လက်ဝါးတစ်ချက်တည်းဖြင့် ချေမှုန်းဖျက်ဆီးပစ်နိုင်ခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် ဤလူငယ်လေး အလွန်အမင်း အစွမ်းထက်ကြောင်း သူ သိလိုက်သည်။

'ဘယ်သူလဲကွ... အသွင်ပြောင်းဘုံ စတုတ္ထ အလွှာ သိုင်းပညာရှင်တစ်ယောက်က ဒီလောက်တောင် အစွမ်းထက်နေရသလား’

လင်းယွင်ထျန် စိတ်ထဲမှ တွေးလိုက်မိသည်။

လင်းယွင်ထျန်သည် ထျန်းတုမြို့သို့ အကြိမ်များစွာ ရောက်ဖူးသော်လည်း ယခုလို ငယ်ရွယ်သော ပါရမီရှင်တစ်ဦးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ငယ်ရွယ်သော ပါရမီရှင်အားလုံးသည် ထျန်းယန်အကယ်ဒမီတွင် ရှိနေသင့်သည် မဟုတ်လော။

"မင်းတို့နှစ်ယောက် အဆင်ပြေရဲ့လား"

ဖုန်းဝူချန်သည် ဖြည်းညင်းစွာ လှည့်လာပြီး ပြုံးကာ မေးလိုက်သည်။

သူသည် လင်းယွင်ထျန်ကိုတော့ မထီမဲ့မြင်ဖြင့် တစ်ချက်သာ ဝေ့ကြည့်လိုက်၏။

"အစ်ကိုဖုန်း"

ဖုန်းဝူချန်ကို မြင်လိုက်ရသောအခါ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့၏ မျက်နှာများထက်တွင် ပျော်ရွှင်မှုတို့က ဖြတ်ပြေးသွားပြီး ပြိုင်တူ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ဖုန်းဝူချန်သည် 'အရိုးဆက် ချီဖြည့်ဆေးလုံး' နှစ်လုံးကို ထုတ်ယူလိုက်ပြီး ပြုံးကာ ကမ်းပေးလိုက်သည်။

"ဒါကိုသောက်ပြီး ဒဏ်ရာတွေကို ကုလိုက်ကြ"

"ကျေးဇူးတင်ပါတယ် အစ်ကိုဖုန်း"

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့သည် ဆေးလုံးများကို အလျင်အမြန်ပင် ယူလိုက်ကြသည်။

"သူက ဆရာဖုန်း မဟုတ်ဘူးလား"

"အိုအို..ဟုတ်တယ်... ဆရာဖုန်းပဲ... ငါ သူ့ကို လေလံပွဲမှာ မြင်ဖူးတယ်... သူ ပျောက်နေတာ နှစ်လတောင် ရှိပြီ"

အဝေးမှ လူအုပ်ကြီးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အချို့လူများက ဖုန်းဝူချန်၏ မည်သူမည်ဝါ ဖြစ်သည်ကို မှတ်မိသွားကြသော်လည်း အသံကျယ်ကျယ်ဖြင့် ပြောဆိုရန်တော့ မဝံ့ရဲကြပေ။

'ဆရာဖုန်းက သူတို့နဲ့ တကယ်ပဲ သိနေတာပဲ... ကြည့်ရတာ သူတို့ တော်တော်လေး ရင်းနှီးကြပုံပဲ’

ရှန်းယန်သည် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် စိတ်ထဲမှ တွေးလိုက်သည်။

အကြီးအကဲဝေ့ယွင်၏ မျက်နှာထက်တွင်လည်း စိုးရိမ်သော အရိပ်အယောင်များ ထင်ဟပ်နေ၏။

တစ်ဖက်က ဆရာဖုန်း၊ တစ်ဖက်က ဖန်းထျန်းတောင်ကြား...။ အကယ်၍ သူတို့က အသေးအဖွဲကိစ္စကို အကြီးအကျယ် မလုပ်လျှင်တော့ ကိစ္စမရှိပေ။ သို့သော် တိုက်ခိုက်ကြမည်ဆိုလျှင်တော့ ပြောရန် ခက်ခဲပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဆရာဖုန်းသည် သူ၏ ရက်စက်ကြမ်းကြုတ်မှုအတွက် နာမည်ကြီးနေခဲ့ပြီး ဖြစ်သည်။

ကျိုးမိသားစုနှင့် ကောမိသားစုတို့သည် အကောင်းဆုံး ဥပမာများပင် မဟုတ်ပါလား။

"အစ်ကိုဖုန်း... အဲ့ဒီကောင်က တော်တော် မောက်မာတယ်... ချင်းအာနဲ့ ကျွန်တော်က အစ်ကိုဖုန်း ယွင်ကျိုးနယ်ကို ပြန်လာပြီဆိုတာ သိလို့ ထျန်းတုလေလံပွဲရုံကို လာလောက်မှာပဲလို့ တွေးပြီး အပြေးအလွှား လာခဲ့ကြတာ... ဘယ်သူသိမှာလဲ... အဲ့ဒီကောင်က ကျွန်တော်တို့ သူ့လမ်းကို ပိတ်ထားတယ်လို့ ပြောတယ်... ကျွန်တော်တို့ကို တွန်းထုတ်ပြီး တခြားလူတွေရဲ့ ပစ္စည်းတွေကို မှောက်လှဲပစ်ခဲ့တယ်... ပြီးတော့ သူက ခွေးတွေ လမ်းမပိတ်ရဘူးလို့တောင် ပြောသေးတယ်"

လျိုချင်းယန်သည် လင်းယွင်ထျန်ကို ဒေါသတကြီး လက်ညှိုးထိုးကာ မကျေမချမ်း တိုင်တောလိုက်သည်။

လျိုချင်းယန်၏ မျက်နှာ အမူအရာကို ကြည့်ခြင်းအားဖြင့် သူ မည်မျှ ဒေါသထွက်နေသည်ကို သိနိုင်ပေသည်။

"ဟုတ်တယ်၊ အစ်ကိုဖုန်း... ဒီလူက တော်တော် ယုတ်မာတယ်"

မြောင်ချင်းချင်းက ဒေါသတကြီး ဆိုလိုက်သည်။

ဖုန်းဝူချန်က ခပ်ပါးပါး ပြုံးလိုက်ပြီး ဆို၏။

"သွားကြစို့... သူ့ကို အရေးလုပ်မနေနဲ့တော့... ငါတို့ မတွေ့ဖြစ်ကြတာ နှစ်လတောင် ရှိပြီ... မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေ တော်တော်လေး တိုးတက်လာခဲ့တာပဲ... နှစ်ယောက်လုံး အသွင်ပြောင်းဘုံ တတိယအလွှာကို ရောက်နေကြပြီ"

"ဟွန့်"

လျိုချင်းယန်သည် လင်းယွင်ထျန်ကို နှာခေါင်းရှုံ့လိုက်သည်။

သို့နှင့် ဖုန်းဝူချန်သည် မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ကို ခေါ်ဆောင်ကာ လှည့်ထွက်သွားတော့သည်။

ဖုန်းဝူချန်က ထိုကိစ္စကို ဆက်လက် အရေးမလုပ်သောအခါ ရှန်းယန်နှင့် ဝေ့ယွင်တို့ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိကြသည်။

သို့သော် ဖုန်းဝူချန်၏ လျစ်လျူရှုမှုသည် လင်းယွင်ထျန်ကို ဒေါသထွက်စေခဲ့သည်။

"ဒီစုတ်ပဲ့ကောင်က ငါ့ကို လာပြီး အထင်သေးရဲတယ်"

လင်းယွင်ထျန် ဒေါသပေါက်ကွဲသွားတော့သည်။

"စီနီယာ အစ်ကိုကြီး... အဲ့ဒီကောင်က တော်တော် မောက်မာတယ်... သူ ကျွန်တော်တို့ကို လုံးဝ အဖက်မလုပ်ဘူး"

ညီငယ်တစ်ဦးက အံကြိတ်ကာ ဒေါသတကြီး ဆိုလိုက်သည်။

လင်းယွင်ထျန်သည် ဖန်းထျန်းတောင်ကြားမှ ပါရမီရှင်တပည့်တစ်ဦး ဖြစ်သည်။ သူသည် အကြီးဆုံးတပည့် မဟုတ်သလို ဖန်းထျန်းတောင်ကြား၏ နံပါတ်တစ် ပါရမီရှင်လည်း မဟုတ်သည့်တိုင် ဖန်းထျန်းတောင်ကြားက အလွန်အမင်း တန်ဖိုးထားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဆဲပင်။

သို့သော် ယခုအခါတွင်မူ သူသည် တစ်ဆယ့်ခြောက်နှစ်၊ တစ်ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေးတစ်ဦး၏ လျစ်လျူရှုခြင်းကို ခံလိုက်ရသည်။ လင်းယွင်ထျန် မည်သို့ သည်းခံနိုင်မည်နည်း။

"ဟေ့ကောင်... မင်းတို့ကို ဘယ်သူက သွားခွင့်ပြုလို့လဲ"

လင်းယွင်ထျန်သည် ရုတ်တရက် ပါးစပ်ဖွင့်လိုက်သည်။ သူ၏ အသံသည် အနည်းငယ် အေးစက်နေပြီး ဒေါသအရိပ်အယောင်များပင် ပါဝင်နေ၏။

"ဟွန့်... ငါတို့ မင်းကို မနိုင်ပေမဲ့ အစ်ကိုဖုန်း မင်းကို မနိုင်ဘူးလို့တော့ မထင်နဲ့"

လျိုချင်းယန်က ခေါင်းလှည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

လင်းယွင်ထျန်သည် လျိုချင်းယန်ကို လျစ်လျူရှုလိုက်ပြီး ဖုန်းဝူချန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်း ဘယ်သူလဲ... မင်း ရွှမ်းထျန်းဂိုဏ်းက တပည့်တော့ မဖြစ်နိုင်ဘူး"

ဖုန်းဝူချန်က ခပ်ပါးပါး ပြုံးရင်း

"ဒါက အသေးအဖွဲ ကိစ္စလေး တစ်ခုပါပဲ... မင်းတို့လည်း တိုက်ခိုက်ပြီး

သွားကြပြီဆိုတော့ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရင် ဘယ်လိုလဲ"

"အသေးအဖွဲ ကိစ္စ ဟုတ်လား... မင်း ငါတို့ကို အဖက်မလုပ်ဘဲနဲ့ ဒါကို အသေးအဖွဲ ကိစ္စလို့ ပြောရဲသေးတယ်လား"

တပည့်တစ်ဦးက ဖုန်းဝူချန်ကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆိုလိုက်သည်။

"ဒါဆို မင်းတို့က ဘာဖြစ်ချင်သလဲ"

ဖုန်းဝူချန်က ပြုံးရင်း မေးလိုက်သည်။

သူတို့က ဖန်းထျန်းတောင်ကြားမှ တပည့်များ ဖြစ်ကြောင်း သိသည့်တိုင် ဖုန်းဝူချန်သည် စိုးစဉ်းမျှပင် မကြောက်ရွံ့ခဲ့ပေ။

ရွှမ်းထျန်းဂိုဏ်းပင်လျှင် သူ၏ ရှေ့တွင် ရိုသေလေးစားရသည်။ ဖန်းထျန်းတောင်ကြားက ဘာမို့လို့လဲ။ ဖုန်းဝူချန် တကယ်ကို မကြောက်ခဲ့ပေ။

ထိုအခါ လင်းယွင်ထျန်က ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း မထီမဲ့မြင် ဆိုလိုက်သည်။

“ဘုံ စတုတ္ထအလွှာ ကျင့်ကြံမှုနဲ့ ငါ့ရဲ့ တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက်နိုင်ခဲ့တယ်... ကြည့်ရတာ မင်းရဲ့ ခွန်အားက မနည်းဘူးထင်တယ်”

ခေတ္တရပ်တန့်ပြီးနောက် လင်းယွင်ထျန်က ထပ်ပြောလိုက်သည်။

"ဒီကိစ္စကို အဆုံးသတ်ချင်ရင်တော့ အရင်ဆုံး ငါ့ကို အနိုင်တိုက်ရလိမ့်မယ်"

လင်းယွင်ထျန်သည် ဖန်းထျန်းတောင်ကြားမှ တပည့်တစ်ဦး ဖြစ်သည်။

အကယ်၍ သူ နောက်ဆုတ်သွားမည်ဆိုလျှင် မျက်နှာပျက်စရာ ဖြစ်သွားမည် မဟုတ်လော။ ဖန်းထျန်းတောင်ကြားအတွက် …မျက်နှာပျက်စရာ ဖြစ်သွားမည် မဟုတ်လော။

ဖုန်းဝူချန် စကားမပြောမီမှာပင် လျိုချင်းယန်က ပြုံးရယ်လိုက်ပြီး ဆို၏။

"မင်း အစ်ကိုဖုန်းက ဘယ်သူလဲဆိုတာ သိရဲ့လား... မင်း သူ့ကို စိန်ခေါ်ရဲသေးတယ်ပေါ့... မင်းက အစ်ကိုဖုန်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

လျိုချင်းယန်သည် ဖုန်းဝူချန်က ဘုံ စတုတ္ထ အလွှာတွင်သာ ရှိသေးကြောင်း သိသည့်တိုင် ဖုန်းဝူချန်က စွမ်းအင်ဓားချက်ကို လက်ဝါးတစ်ချက်တည်းဖြင့် အလွယ်တကူ ချေဖျက်ပစ်နိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ ဖုန်းဝူချန်၏ ခွန်အားသည် လင်းယွင်ထျန်ထက် မနိမ့်ကျကြောင်း သူ သိနှင့်နေခဲ့ပြီ ဖြစ်သည်။

"မင်းက ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး...ဒီကိစ္စမှာ မင်း ဝင်ပါခဲ့လို့ ငါပြောသလို လုပ်ရလိမ့်မယ်... စိတ်မပူပါနဲ့... ငါ မင်းကို မသတ်ပါဘူး"

လင်းယွင်ထျန်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ကြမ်းကြုတ်ရက်စက်မှု အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူ ဖုန်းဝူချန်နှင့် တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချပြီး ဖြစ်နေခဲ့သည်။

လင်းယွင်ထျန်သည် ဘုံ ဆဋ္ဌမအလွှာတွင် ရှိနေသည်။ သူ အစွမ်းကုန် အသုံးပြုမည်ဆိုလျှင် ဖုန်းဝူချန်ကို အနိုင်တိုက်နိုင်မည်ဟု သူ ယုံကြည်နေ၏။

လင်းယွင်ထျန်၏ စိန်ခေါ်မှုသည် ရှန်းယန်နှင့် ဝေ့ယွင်တို့ကို တိတ်တဆိတ် စိုးရိမ်စေခဲ့သည်။ သူတို့ တိုက်ခိုက်ကြသည်နှင့် မည်သူနိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ပဋိပက္ခကို ပိုမိုပြင်းထန်စေမည်မှာ သေချာသည်။

လေလံပွဲရုံသည် ဖုန်းဝူချန်ကိုလည်းကောင်း၊ ဖန်းထျန်းတောင်ကြားကိုလည်းကောင်း စိတ်မကွက်စေနိုင်ပေ။

သူတို့သည် လေလံပွဲရုံ ပါဝင်ပတ်သက်ခြင်း မရှိစေရန်သာ မျှော်လင့်နေကြသည်။ သို့မဟုတ်လျှင် မည်သည့်ဘက်ကိုမျှ ကူညီရန် ခက်ခဲပေလိမ့်မည်။

"ငါသာ နိုင်သွားရင်ရော... ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ကြမှာလား"

ဖုန်းဝူချန်က ပြုံးရင်း မေးလိုက်သည်။

သူ၏ မျက်နှာထက်တွင် စိုးရိမ်သော အရိပ်အယောင် စိုးစဉ်းမျှပင် မရှိပေ။ ပို၍ပင် ယုံကြည်မှု ရှိနေခဲ့သည်။

သူ့ကို ကြည့်ရင်းလင်းယွင်ထျန် မျက်မှောင်အနည်းငယ် ကျုံ့လိုက်သည်။ ထိုသူ၏ မျက်လုံးများထဲမှ ကြမ်းကြုတ်ရက်စက်မှုသည် ပိုမိုပြင်းထန်လာခဲ့သည်။ ထိုသူ၏ စကားများသည် ထိုသူသာ သေချာပေါက် အနိုင်ရလိမ့်မည်ဟု ပြောဆိုနေခြင်းပင် မဟုတ်ပါလား။

"မင်း ငါ့ကို အနိုင်တိုက်ပြီးမှပဲ ဆက်ပြောကြတာပေါ့"

လင်းယွင်ထျန်က လေးနက်သော အသံဖြင့် တုံ့ပြန်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်ချီစွမ်းအင်များသည် ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာ၏။

သူ၏ တစ်ကိုယ်လုံးသည် စိမ်းဖျော့ရောင်အလင်းတန်းတစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များသည် လေပြင်းမုန်တိုင်းတစ်ခုအလား တိုက်ခတ်လာသည်။

လင်းယွင်ထျန် ရှေ့သို့ ပြေးထွက်သွား၏။

သူသည် ကြမ်းကြုတ်သော ကျားတစ်ကောင်ပမာ လျင်မြန်လှ၏။ သူ တိုက်ခိုက်သည်နှင့် အစွမ်းကုန် အသုံးပြုခဲ့သည်။

"ဟွန့်... ကောင်းကင်နဲ့မြေကြီး ဘယ်လောက်ကြီးမား ကျယ်ပြန့်တယ်ဆိုတာကို မသိတဲ့

ခွေးကောင်... စီနီယာအစ်ကိုလင်းကို ဒေါသထွက်အောင် လုပ်ပြီးမှတော့ သေဖို့ပဲ စောင့်နေတော့"

"သူက အသွင်ပြောင်းဘုံ စတုတ္ထ အလွှာမှာပဲ ရှိသေးတာ... ဒါကိုတောင် ဒီလောက် မောက်မာတဲ့ စကားတွေ ပြောရဲသေးတယ်... ငါ ထင်တာတော့ သူ အစ်ကိုကြီးလင်းရဲ့ စွမ်းအင်ဓားချက်ကို ချေဖျက်နိုင်ခဲ့တာက ကာကွယ်ရေး ရတနာ တစ်ခုခုကို အားကိုးခဲ့လို့ပဲ ဖြစ်ရမယ်"

ဖန်းထျန်းတောင်ကြားမှ တပည့်များသည် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းမြောက်နေကြသည်။ သူတို့သည် လင်းယွင်ထျန်၏ ခွန်အားအပေါ် အလွန်အမင်း ယုံကြည်မှု ရှိနေကြ၏။

ဖုန်းဝူချန် မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ သူတို့၏ အမြင်တွင် သူသည် ဘုံ ဆဋ္ဌမအလွှာ သိုင်းပညာရှင်တစ်ဦး၏ ပြိုင်ဘက် မဟုတ်ပေ။

လင်းယွင်ထျန်သည် မည်သည့်လှည့်ကွက်မျှ မပါဘဲ တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ သူသည် ဖုန်းဝူချန်၏ မျက်နှာဆီသို့ တိုက်ရိုက် လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူ၏ လက်သီးမှ လေတိုးသံသည် တဝီဝီ မြည်ဟိန်းနေပြီး အလွန်အမင်း ကြမ်းကြုတ်ရက်စက်လှ၏။

ဖုန်းဝူချန်သည် နေရာမှ တစ်စက်ကလေးမျှပင် မရွေ့လျားခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်ယွမ်စွမ်းအင်များသည် လှိုင်းလုံးများပမာ ထွက်ပေါ်လာ၏။ သူ၏ ညာဘက်လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး ဆုပ်ကိုင်သည့် ပုံစံ ပြုလုပ်လိုက်သည်။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်တစ်ခုသည် လေပြင်းတစ်ချက်အလား ဖြတ်သန်းတိုက်ခတ်သွား၏။

"ဝုန်း”

ဖုန်းဝူချန်၏ ဆံပင်ရှည်များသည် လေထဲတွင် လွင့်မျောနေပြီး မြေပြင်ပေါ်မှ ဖုန်မှုန့်များသည် နေရာအနှံ့သို့ ပျံ့လွင့်သွားကြသည်။

ထိုလက်သီးတစ်ချက်၏ အစွမ်းသည် အလွန်အမင်း ကြောက်မက်ဖွယ်

ကောင်းလှပေ၏။

သို့သော် ၎င်းသည် ဖုန်းဝူချန်ကို နောက်သို့ တစ်လှမ်းမျှပင် ဆုတ်ခွာသွားစေရန် မတတ်နိုင်ခဲ့ပေ။ အစွမ်းအားလုံးကို ဖုန်းဝူချန်က တားဆီးပစ်လိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်ရသလဲ"

လင်းယွင်ထျန်သည် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားပြီး ဖုန်းဝူချန်ကို အလွန်အမင်း တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်လိုက်သည်။

"အဲ့ဒီကောင်က စီနီယာ အစ်ကိုကြီးလင်းရဲ့ စွမ်းအားကို တိုက်ရိုက် တားဆီးနိုင်ခဲ့တယ်"

ဖန်းထျန်းတောင်ကြားမှ တပည့်များ၏ မျက်နှာများ တင်းမာသွားကြသည်။ သူတို့၏ နှလုံးသားထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားကြသည်။

‘အရမ်း အစွမ်းထက်တယ်... အလွန်အမင်းကို အစွမ်းထက်တယ်...။’

လူတိုင်း တုန်လှုပ်

ခြောက်ခြားသွားကြသည်။ ဖုန်းဝူချန်တွင် ယခုလို ကြမ်းကြုတ်သော ခွန်အား ရှိလိမ့်မည်ဟု မည်သူမျှ ယုံကြည်ရဲခြင်း မရှိပေ။

"အသွင်ပြောင်းဘုံ စတုတ္ထအလွှာ သိုင်းပညာရှင် တစ်ယောက်က ဒီလောက်တောင် အစွမ်းထက်နိုင်လို့လား"

ရှန်းယန်၏ မျက်နှာအိုကြီးသည် ကြောင်ငေးနေမိသည်။

လင်းယွင်ထျန်၏ ကျင့်ကြံမှုအဆင့်သည် ဖုန်းဝူချန်ထက် အဆင့်နှစ်ဆင့် မြင့်မားသည် မဟုတ်ပါလော။

သာမန် အခြေအနေအရဆိုလျှင် ဖုန်းဝူချန်သည် ထိုလက်သီး တစ်ချက်ဖြင့် လွင့်စင်ထွက်သွားခဲ့သင့်သည်။

သို့သော် သူတို့ မမျှော်လင့်ထားခဲ့သည်မှာ ဖုန်းဝူချန်သည် တစ်လက်မမျှပင် မရွေ့လျားခဲ့ခြင်းပင်။ သူ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေပြီး အေးအေးဆေးဆေးပင် တိုက်ခိုက်ခဲ့၏။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဖုန်းဝူချန်၏ ခွန်အားသည် လင်းယွင်ထျန်ထက်ပင် ပို၍ အစွမ်းထက်ကြောင်း သိနိုင်ပေသည်။

ဘုံ စတုတ္ထအလွှာ သိုင်းပညာရှင်တစ်ယောက်က တကယ်ပဲ ဒီလောက် ကြောက်စရာ

ကောင်းနေတာလား။

မည်သူမျှ ယုံကြည်ရဲခြင်း မရှိပေ။

သူတို့ စိတ်ကူးပင် မကြည့်နိုင်ခဲ့ကြပေ။

တုန်လှုပ်ခြောက်ခြားပြီးနောက် လင်းယွင်ထျန်သည် သူ၏ လက်သီးကို ပြန်ရုပ်သိမ်းလိုခဲ့သည်။ သို့သော် သူ မည်မျှပင် အားအင်သုံးစွဲသည်ဖြစ်စေ ဖုန်းဝူချန်၏ လက်မှ မလွတ်မြောက်နိုင်ကြောင်း သူ သိလိုက်ရသည်။ သူ၏ လက်သီးကို ဖုန်းဝူချန်က တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားလေ၏။

လင်းယွင်ထျန် မည်မျှပင် ကြိုးစားသည်ဖြစ်စေ မလွတ်မြောက်နိုင်သည်ကို မြင်သောအခါ လူတိုင်း ထပ်မံ၍ တုန်လှုပ်ခြောက်ခြားသွားကြပြန်သည်။

လင်းယွင်ထျန်မှာမူ ဒေါသထွက်သွားသည်။ သူ၏ မျက်နှာသည် လုံးဝ မှောင်မည်းသွား၏။ ဖုန်းဝူချန်သည် လူတိုင်း၏ ရှေ့တွင် သူ့အား အရူးလုပ်ခဲ့သည်။

ဤအချက်သည် သူ၏ သတ်ဖြတ်လိုစိတ်ကို လှုံ့ဆော်ပေးလိုက်ပြီး ဖြစ်နေခဲ့သည်။

"ခွေးမသား"

လင်းယွင်ထျန်၏ မျက်နှာသည် ဒေါသကြောင့် နီရဲနေပြီး သူ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ အစွမ်းထက်သော အစစ်အမှန်ချီစွမ်းအင် တစ်ခုသည် သူ၏ လက်သီးမှ ရုတ်တရက် စီးဆင်းလာသည်။

"ဘုန်း”

တစ်စုံတစ်ခုကို အာရုံခံမိလိုက်သော ဖုန်းဝူချန်သည် ချက်ချင်းပင် သူ၏ လက်ကို လွှတ်လိုက်ပြီး လင်းယွင်ထျန်၏ ရင်ဘတ်ကို တံတောင်ဖြင့် ရိုက်ကာ လွင့်စင်ထွက်သွားစေခဲ့သည်။ သူ လင်းယွင်ထျန်ကို တိုက်ခိုက်ရန် အခွင့်အရေး မပေးခဲ့ပေ။

ထိုအချိန်မှာပင် ဖုန်းဝူချန်သည် တစ်နေရာမှတစ်နေရာသို့ နေရာ ရွှေ့ပြောင်းခြင်း သိုင်းကွက်ကို အသုံးပြုကာ ရှောင်တိမ်းလိုက်သည်။

"ဝှစ်... ဝှစ်... ဝှစ်..."

ဖုန်းဝူချန်၏ အမြန်နှုန်းမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် ရုတ်တရက် ပေါ်လာလိုက်၊ ရုတ်တရက် ပျောက်ကွယ်သွားလိုက်ဖြင့် မည်သူမျှ သူ၏ လှုပ်ရှားမှုကို မမြင်နိုင်ကြပေ။

လင်းယွင်ထျန်သည် သူ၏ အရိပ်ကိုပင် မမြင်လိုက်ရဘဲ အဆက်မပြတ် ထိုးနှက်ခြင်းကို ခံနေရသည်။

မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ လူတိုင်း မှင်တက်အံ့ဩနေကြ၏။

ရှန်းယန်နှင့် ဝေ့ယွင်တို့လည်း လန့်နေကြသည်။

ဒါ ဘုံ စတုတ္ထအဆင့် သိုင်းပညာရှင်တစ်ယောက် ဟုတ်သေးရဲ့လား။

ယွမ်တန်ဘုံ သိုင်းပညာရှင်

တစ်ယောက်ပင်လျှင် ယခုလို မြန်ဆန်လှသော အမြန်နှုန်း ရှိမည် မဟုတ်ပေ။

လင်းယွင်ထျန် လုံးဝ မှင်တက်သွားသည်။

သူ့ရှေ့မှလူက လူလား၊ တစ္ဆေလား ဆိုသည်ကိုပင် သူ သံသယဝင်လာခဲ့သည်။

သူ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။

အဆက်မပြတ် လက်သီးဖြင့် ထိုးနှက်ခံရပြီးနောက် လင်းယွင်ထျန် ဒဏ်ရာရနေခဲ့ပြီ ဖြစ်သည်။

သူ၏ ရင်ဘတ်၊ နောက်ကျော၊ ပခုံးနှင့် အခြားနေရာများမှ ပြင်းထန်သော နာကျင်မှုများ ထွက်ပေါ်လာသည်။

ဘုံ စတုတ္ထအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရာတွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိဘဲ သူ၏ မာနကို ဖုန်းဝူချန်က ရက်စက်စွာ နင်းခြေဖျက်ဆီးပစ်လိုက်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်၏ ပုံရိပ်သည် လင်းယွင်ထျန်၏ နောက်ကျောတွင် ပေါ်ထွက်လာပြီး သူ၏ ကျောကို လင်းယွင်ထျန်အား ပေးထားသည်။

"အရှုံးပေးလိုက်တော့... မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး"

ဖုန်းဝူချန်က မထီမဲ့မြင် ဆိုလိုက်သည်။

ရုတ်တရက် ထွက်ပေါ်လာသော အသံသည် လင်းယွင်ထျန်ကို သူ၏ ခန္ဓာကိုယ် တုန်ယင်သွားသည်အထိ ကြောက်လန့်သွားစေခဲ့သည်။

ဒါ ဘယ်လို ကြောက်စရာကောင်းတဲ့ အမြန်နှုန်းလဲ။ ဒါ ဘယ်လို ကြောက်စရာကောင်းတဲ့ လှုပ်ရှားမှုသိုင်းကွက်လဲ။

"မဖြစ်နိုင်ဘူး"

လင်းယွင်ထျန်က အံကြိတ်ကာ ဒေါသတကြီး ဆိုလိုက်သည်။

အေးစက်သော သတ်ဖြတ်လိုစိတ်သည် ပိုမို ကြောက်မက်ဖွယ်

ကောင်းလာခဲ့သည်။

ဖန်းထျန်းတောင်ကြားမှ တပည့် တစ်ဦးအနေဖြင့် လင်းယွင်ထျန်သည် တိုက်ပွဲတွင် သေဆုံးသွားသည့်တိုင် အရှုံးပေးလိမ့်မည် မဟုတ်ပေ။ သူ၏ မာနသည် သူ့အား အရှုံးပေးခွင့် ပြုလိမ့်မည် မဟုတ်ပေ။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး ဆို၏။

"ဖန်းထျန်းတောင်ကြားက တပည့်တွေအားလုံး ဒီလောက်တောင် တုံးအကြတာလား... မင်း ငါ့ပြိုင်ဘက် မဟုတ်မှန်း သိရဲ့သားနဲ့ ဆက်တိုက်ချင်သေးတယ်"

" အောက်တန်းကျတဲ့ ကောင်... မင်း ငါ့ရဲ့ ဖန်းထျန်းတောင်ကြားကို မစော်ကာနဲ့"

လင်းယွင်ထျန်က အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။

"ငါ မှားလို့လား... မင်း ငါ့ပြိုင်ဘက် မဟုတ်မှန်း သိရဲ့သားနဲ့ ဆက်တိုက်ချင်သေးတယ်... တကယ့် ငတုံးပဲ...ငါတို့ကြားက ခြားနားချက်ကို သိစေရမယ်"

ဖုန်းဝူချန်က အနည်းငယ် ပြုံးရယ်လိုက်ကာ နဂါးနတ်ဘုရား၏ စွမ်းအားကို အသက်သွင်းလိုက်သည်။ သူ၏ တစ်ကိုယ်လုံးသည် ရွှေရောင်အလင်းတန်း ဖျော့ဖျော့တစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး ကိုးဘုံကောင်းကင်မှ စစ်နတ်ဘုရား တစ်ပါးအလား ဖြစ်နေ၏။

"နဂါးနတ်ဘုရားအရိပ်"

စကားပြောပြီးနောက် ဖုန်းဝူချန်သည် သူ၏ လှုပ်ရှားမှုသိုင်းကွက်ကို အသုံးပြုကာ ကြမ်းကြုတ်သော တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့သည်။

အရိပ်များသည် လင်းယွင်ထျန်ကို ဝန်းရံထားသည်။ လူတစ်ဒါဇင်၏ ဝိုင်းရိုက်ခြင်းကို ခံနေရသကဲ့သို့ ဖြစ်နေ၏။ လင်းယွင်ထျန်သည် ခုခံကာကွယ်နိုင်ခြင်း မရှိပေ။

ဖုန်းဝူချန်၏ လွှမ်းမိုးနိုင်သော ခွန်အားဖြင့် ဖိနှိပ်ခံထားရပြီး တိုက်ခိုက်ရန် အခွင့်အရေး မရခဲ့ပေ။

သူ၏ ဒဏ်ရာများ တဖြည်းဖြည်း ပိုမိုဆိုးရွားလာသည်နှင့်အမျှ လင်းယွင်ထျန်သည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သူ၏ တစ်ကိုယ်လုံးတွင် အညိုအမည်းစွဲ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေတော့၏။

သူ၏ ခန္ဓာကိုယ်ရှိ အဆစ်တိုင်းသည် မနှိုင်းယှဉ်နိုင်အောင် နာကျင်နေသည်။ သူ၏ ဒဏ်ရာများသည်လည်း အနည်းငယ် ပြင်းထန်နေ၏။ အစမှအဆုံးထိ ပထမဆုံး လက်သီးတစ်ချက်မှလွဲ၍ လင်းယွင်ထျန်သည် နောက်ထပ် လက်သီးတစ်ချက်မျှ ထိုးနှက်နိုင်ခြင်း မရှိခဲ့ပေ။

All Chapters