ပေါက်ကွဲခြင်း
Vol. 1 Ch. 32
ကျန်းရီသည် အကြိမ်ပေါင်းများစွာ အော်ခေါ်နေခဲ့သော်လည်း တုံ့ပြန်သံတစ်ခုမှ ပေါ်ထွက်မလာခဲ့ပေ။ သူ၏ မျက်လုံးအိမ်များသည် ကျဉ်းမြောင်းသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း တုန်လှုပ်လာရသည်။ ဤကမ္ဘာပေါ်တွင် သူနှင့်အရင်းနှီးဆုံး ဆွေမျိုးမှာ ရှောင်နူတစ်ယောက်ပင် ရှိသည်။ သူမသာ သေဆုံးသွားပါလျှင် သူရူးသွားမည်လား မသိနိုင်ပေ။
ချွန်းယာ ... ဟုတ်တယ်..ငါချွန်းယာကို ရှာရမယ်
ကျန်းရီသည် ချက်ချင်း သဘောပေါက်သွားကာ အပြင်ဘက်သို့ အလျင်စလို ပြေးထွက်လာခဲ့သည်။ ချွန်းယာ၏ ခြံဝင်းသည် သိပ်မဝေးပေ။ သူမသည် ရှောင်နူရှိသော နေရာကို သေချာပေါက် သိရပေမည်။
ရှပ်..ရှပ်..ရှပ်
ကျန်းရီသည် ခြံဝင်းအပြင်သို့ ခြေတစ်လှမ်းမျှသာ ထွက်လိုက်သည်နှင့် လမ်းလျှောက်လာသော အသားညိုညို ပိန်ပိန်ပါးပါး မိန်းမပျိုကို မြင်လိုက်ရသည်။ သူမသည် ကျန်းရီ၏ အန္တရာယ်ရှိသော အမူအရာကို မြင်လိုက်လျှင် ကြောက်လန့်သွားခဲ့သည်။ သူမ၏ကိုယ်သည် တုန်လှုပ်သွားခဲ့ပြီး ထစ်အစွာ စကားဆိုလာခဲ့သည် ...
"သခင်လေးကျန်းရီ ... သခင်လေး ပြန်လာပြီ"
ချွန်းယာ၏ အခြေအနေကို မြင်လျှင် ကျန်းရီသည် ခြောက်ခြားသွားရသည်။ သူသည် သူမထံပြေးသွားလိုက်ပြီး အနီးသို့ မရောက်ခင်မှာပင် အော်မေးလိုက်သည် ...
"ချွန်းယာ ... ရှောင်နူဘယ်မှာလဲ”
ချွန်းယာသည် တုန်လှုပ်သွားကာ ခြေနှစ်လှမ်းမျှပင် ဆုတ်သွားခဲ့သည်။ သူမသည် အပြုံးတစ်ခုကို အားယူ၍ ဖန်တီးလိုက်ကာ ပြောလာခဲ့သည် ...
"သခင်လေးကျန်းရီ ... လွန်ခဲ့တဲ့ နှစ်ရက်က ... ရှောင်နူက ပြောလာခဲ့တယ် ... သူမ ဆွေမျိုးတစ်ယောက်ဆီ အလည်သွားမယ် ဆိုပြီးတော့ ... နှစ်ပတ်လောက်ကြာမှ ပြန်လာမယ်လည်း ပြောသွားတယ်"
"အဓိပ္ပာယ်မရှိလိုက်တာ"
ကျန်းရီသည် အေးစက်စွာ အော်ပြောလိုက်ပြီး သူ့ကိုယ်မှ အတွင်းအား အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။ ချွန်းယာသည် အသက်ပင် မရှူနိုင်တော့ပေ။ ကျန်းရီသည် ချွန်းယာ၏ လက်ကို ဆွဲလိုက်ကာ အေးစက်စက် ပြောလိုက်သည် ...
"ချွန်းယာ ... အဓိပ္ပာယ် မရှိတာတွေကို တော်တော့ ... ရှောင်နူနဲ့ငါ နှစ်ယောက်လုံးက မိဘမဲ့တွေ ... ငါတို့မှာ ဘယ်ဆွေမျိုး ရှိလို့လဲ။ ... မကြောက်နဲ့ ... ငါ့ကို အမှန်အတိုင်းပြော ... ငါသူမကို တကယ် စိုးရိမ်နေတာ မင်းမသိဘူးလား”
ချွန်းယာသည် ခေါင်းကိုငုံ့ကာ ရေရွတ်နေခဲ့သည်။ သူမ၏ မျက်လုံးများတွင် အကြပ်အတည်း တွေ့နေသည့်ဟန်များ ထင်ဟပ်နေခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူမသည် အံကို ကြိတ်လိုက်ကာ ပြန်ပြောလာခဲ့သည် ...
"သခင်လေး ကျန်းရီ ... ရှောင်နူ အဆင်ပြေပါတယ် ... မစိုးရိမ်ပါနဲ့ ... သူမ နှစ်ပတ်ကြာရင် ပြန်ရောက်လာမှာပါ ...”
ကျန်းရီသည် သက်ပြင်းရှည် တစ်ချက်ချလိုက်သည်။ ရှောင်နူ မသေသေးသရွေ့ အဆင်ပြေပါသည်။ သူသည် စိတ်ငြိမ်ငြိမ်ထားကာ သူ၏ လေသံကို ပျော့ပြောင်းစွာ လျှော့ချ၍ မေးလိုက်သည် ...
"သူမ ဘယ်ကို သွားတာလဲ။ ... ချွန်းယာ ... ငါ့ကို မညာနဲ့ အမှန်အတိုင်းပြောပြ ... မကြောက်နဲ့ ... ငါဒီမှာရှိတယ်..မင်းဒုက္ခမရောက်စေရဘူး"
"သခင်လေး ကျန်းရီ ... မမေးပါနဲ့တော့"
ချွန်းယာသည် စိတ်ရှုပ်စွာ ပြောလာခဲ့သည် ...
"သခင်လေး ... နှစ်ပတ်ပဲ စောင့်လိုက်ပါ ... ရှောင်နူ သေချာပေါက် ပြန်ရောက်လာလိမ့်မယ် ... သူမကို ဘာမှ မပြောပါဘူးလို့ ကျွန်မကတိပေးထားတယ်''
ချွန်းယာ၏ ပုံစံကို မြင်လျှင် ကျန်းရီသည် အနည်းငယ် စိတ်အေးသွားရသည်။ သူသည် သက်ပြင်းချလိုက်ကာ လက်ယမ်းပြလိုက်သည် ...
"အိုး ... ဒါဆို မင်းအရင်ဆုံး ပြန်လိုက် ... ငါတစ်လခွဲစောင့်ပေးမယ်"
ချွန်းယာသည် ခေါင်းညိတ်ပြကာ သူမခြံဝင်းဆီ လျှောက်သွားခဲ့လိုက်သည်။ သူမသည် နောက်ပြန်လှည့်ကာ ကျန်းရီကို တစ်ချက် ချောင်းကြည့်လိုက်သည်။ သူမ အိမ်ပြန်ရောက်မှပင် သက်ပြင်း ချနိုင်လေသည်။ သူမသည် အိမ်သို့ ရောက်သည်နှင့် အခန်းတစ်ခု အတွင်းသို့ အမြန် ပြေးဝင်သွားခဲ့သည်။
အခန်းလေးသည် သေးငယ်ပြီး ဆေးနံ့များဖြင့် ဖုံးလွှမ်းနေသည်။ ကိုယ်တစ်ပိုင်းသည် သွေးများ စွန်းထင်းနေသော ပတ်တီးများဖြင့် ဖုံးလွှမ်းနေသည့် ပုံရိပ်လေးသည် အိပ်ရာထက်တွင် လဲလျောင်းနေခဲ့သည်။ သူမ၏ မျက်နှာ တစ်ခြမ်းသည် အသားလုံးတစ်ခုကဲ့သို့ ရောင်ကိုင်းနေပြီး မျက်လုံးများသည်လည်း ဖောင်းအစ်နေလေသည်။ ချွန်းယာကို မြင်လျှင် နူးညံ့သော လေသံလေးသည် ပေါ်ထွက်လာခဲ့သည်..
"ချွန်းယာ ... သခင်လေး သွားပြီလား”
ချွန်းယာသည် ပြန်ပြောလာခဲ့သည် ...
"သခင်လေး ကျန်းရီက ငါ့ကို သေအောင် လှန့်နေတာပဲ ... ငါအမှန်အတိုင်း ပြောမိတော့မလို့ ... ရှောင်နူ.. နင်သခင်လေးကို အမှန်အတိုင်း မပြောချင်တာ သေချာလား။ သူသာ ဒါကို သိသွားတဲ့အခါကျရင် ရူးသွားလိမ့်မယ်''
ရှောင်နူ၏ အမူအရာသည် ဖြူလျော့သွားခဲ့ပြီး သက်ပြင်း အသာအယာ ချလိုက်သည်..
"ငါသူ့ကို ဖုံးကွယ်မထားလို့ ဘာလုပ်ရမှာလဲ။ ... သခင်လေးကို ငါ့ရဲ့ အခုပုံစံကို ဘယ်လိုမြင်ခွင့် ပြုရမှာလဲ”
"မင်း ဘယ်လိုပုံဆိုတာ ဘာလို့ ငါ့ကို မပြနိုင်တာလဲ”
ထိုအချိန်တွင် အခြားလေသံတစ်ခုသည် ရှောင်နူ၏ စကားကို ဖြတ်ပြောလာခဲ့သည်။ တံခါးသည် ပွင့်သွားခဲ့ပြီး အနက်ရောင် ပုံရိပ်တစ်ခုသည် ပေါ်လာခဲ့သည်။
ကျန်းရှောင်နူကို ပတ်တီးများဖြင့် စည်းနှောင်ထားရသည်ကို သူမြင်သောအခါ လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။ ဒေါသည် သူ့မျက်နှာကို ဖုံးလွှမ်းလာခဲ့ပြီး စကားတစ်ခွန်းကိုသာ ဆိုလာခဲ့သည် ...
"ဒါကို ဘယ်သူလုပ်တာလဲ”
"သခင် ... သခင်လေး"
ရှောင်နူ၏ မျက်လုံးများသည် ကြောက်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူမသည် သူမ၏ သခင်လေးကို ကောင်းကောင်းသိသည်။ သူသည် သူမအနိုင်ကျင့် ခံရသည့် အခါတိုင်းတွင် သူ့အသက်ကိုပင် ပဓာနမထားဘဲ လက်စားပြန်ချေပေးခဲ့သည်။ သူမသည် ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည် ...
"သခင်လေး ... ရှောင်နူ မတော်တဆ ချော်လဲပြီး ကိုယ့်ဟာကိုယ် ဒဏ်ရာရတာပါ ...”
"ပါးစပ်ပိတ်ထား"
ကျန်းရီသည် ရှောင်နူကို အော်ဟစ်လိုက်သည်။ သူသည် ချွန်းယာကို လှည့်ကြည့်ကာ ပြောလိုက်သည် ...
"ချွန်းယာ ... မင်းပြော"
ကျန်းရီ၏ သတ်ဖြတ်လိုသော အရှိန်အဝါများသည် ပို၍ အားကောင်းလာခဲ့သည်။ ချွန်းယာသည် စကားမပြောရဲအောင်ပင် ကြောက်လန့်လာခဲ့သည်။ သူမသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အံကြိတ်ကာ ပြောလာခဲ့လေသည် ...
"သခင်လေး ကျန်းရီ ... အဲဒါ သခင်လေးဟူ ... သခင်လေးကျန်းပေါင်နဲ့ ကျန်းစုန့်တို့ပါ ... လွန်ခဲ့တဲ့ နှစ်ရက်က သူတို့သုံးယောက် သခင်လေးရဲ့ အိမ်ဆီရောက်လာပြီး ရှောင်နူကို သခင်လေး ဘယ်သွားလဲဆိုတာ မေးကြတယ် ... ရှောင်နူက မပြောတော့ သူတို့ သူမကို ရိုက်ကြတယ် ... ကျွန်မသာ စောစောမမြင်ခဲ့ရင် ရှောင်နူ သူတို့ လက်ထဲမှာ သေနေလောက်ပြီ"
ချွန်းယာ၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းရီ၏ အမူအရာသည် ရှင်းလင်းသွားသည့်နှယ် ... သူသည် ရွှေတစ်ရွက်ကိုသာ ထုတ်ယူကာ ချွန်းယာထံ ပစ်ပေးလိုက်သည် ...
"ချွန်းယာ ... ရှောင်နူအတွက် သမားတော်ကောင်းကောင်း တစ်ယောက်ရှာပေးလိုက် ... သူမကို သေချာ ဂရုစိုက်ထားပေး ... ငါမကြာခင် ပြန်လာခဲ့မယ်"
"သခင်လေး"
ရှောင်နူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည် ... သူမသည် ထထိုင်ရန် ကြိုးစားလိုက်ကာ အားနည်းစွာ အော်ပြောလာခဲ့သည် ...
"သခင်လေး ... အလျင်စလိုမလုပ်ပါနဲ့ ... ရှောင်နူအဆင်ပြေပါတယ် ... အာ့ ...”
သူမ၏ ရုတ်တရက် လှုပ်ရှားလိုက်မှုကြောင့် ဒဏ်ရာများ ထိခိုက်သွားသဖြင့် ရှောင်နူသည် မျက်ရည်များ ကျလာခဲ့ရသည် ... သူမသည် ခေါင်းတွင်တွင်ရမ်းရင်းသာ ကျန်းရီထွက်သွားသည်ကို ကြည့်နေခဲ့ရသည်။
"သခင်လေး ... သခင်လေး"
ရှောင်နူသည် မရပ်မနား အော်ဟစ်နေခဲ့သော်လည်း ကျန်းရီခြေလှမ်းများသည် ပို၍သာ ဝေးသွားခဲ့သည်။ သူမသည် ချွန်းယာဘက် လှည့်ကာ ပြောလိုက်သည် ...
"ချွန်းယာ ... သခင်လေးကို မြန်မြန်သွားပြီးတား ... သူသွားလို့မရဘူး ... သူသေအောင် အရိုက်ခံရလိမ့်မယ်''
"ရှောင်နူ ... သခင်လေး ကျန်းရီကို ငါမတားနိုင်ဘူး ... ဘယ်သူမှလည်း တားနိုင်မှာမဟုတ်ဘူး"
ချွန်းယာသည် ခေါင်းရမ်းကာ ရှောင်နူပြန်လှဲနိုင်စေရန် ကူညီလိုက်သည်။ သူမသည် ကျန်းရီထွက်သွားရာ ဘက်သို့ကြည့်ကာ ပြောလာခဲ့သည် ...
"ရှောင်နူ ... မစိုးရိမ်နဲ့ ... သခင်လေးကျန်းရီက အရင်နဲ့ မတူတော့ဘူးလို့ ငါခံစားနေရတယ် ... ငါစောစောကရတဲ့ ခံစားချက်ကို နင်မသိပါဘူး ... အဲဒါက ဂိုဏ်းချုပ်ကို မြင်လိုက်ရသလိုပဲ ကြောက်ဖို့ ကောင်းတယ် ...”
***
ကျန်းဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးဆောင်တွင် ခေါင်းလောင်းသံ မပီမသတစ်ခုက ထွက်ပေါ်လာခဲ့သည်။ လက်ဖက်ရည်သောက်နေသော စည်းကမ်းထိန်းသိမ်းရေးဆောင်၏ လက်ထောက်အကြီးအကဲ ကျန်းယွင်ရှစ်သည် လက်ဖက်ရည်ခွက် လွတ်ကျသွားတော့မတတ်ပင် ... စည်းကမ်းထိန်းသိမ်းရေးဆောင် အပြင်ဘက်တွင် မည်သည့်ဂိုဏ်းသားမဆို နစ်နာချက် တစ်စုံတစ်ရာရှိပါက စည်းကမ်းထိန်းသိမ်းရေးဆောင်ကို အသိပေးရန် ရည်ရွယ်၍ ခေါင်းလောင်းတစ်လုံး ထားရှိသည်။
စည်းကမ်းထိန်းသိမ်းရေးဆောင်မှ ခေါင်းဆောင်အကြီးအကဲနေရာကို အကြီးအကဲချုပ်က ပိုင်ဆိုင်ခဲ့ပေသည်။ သို့သော် အကြီးအကဲချုပ် ပျောက်ဆုံးသွားပြီးသည့်နောက် ဂိုဏ်းချုပ်သည် ကျန်းယွင်ရှစ်ကို စည်းကမ်းထိန်းသိမ်းရေးဆောင်၏ အရေးကိစ္စများ ကိုင်တွယ်ရန် လက်ထောက်အကြီးအကဲအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ကျန်းယွင်ရှစ်သည် လက်ထောက်အကြီးအကဲမျှသာ ဖြစ်သော်လည်း ကျန်းဂိုဏ်းအတွင်းတွင် လုပ်ပိုင်ခွင့် အတော်လေး ရှိပေသည်။
ကျန်းယွင်ရှစ်သည် ရှေ့သို့ အမြန်လျှောက်လာကာ အစောင့်တစ်ယောက်ကို ဒေါသတကြီး အော်ပြောလိုက်သည် ...
"ဘယ်ခွေးသားလေးက အပြင်က ခေါင်းလောင်းကို လာတီးနေတာလဲ။ ... သူ့ကို ခေါ်လာခဲ့စမ်း"
ခေါင်းလောင်းကို တီးခဲ့သူသည် ချက်ချင်းခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။ ကျန်းယွင်ရှစ်သည် ဤဂိုဏ်းသားအား ယခင်က မမြင်ဖူးပေ။ ထို့ကြောင့် သူသည် အော်ဟစ်လိုက်သည် ...
"မင်းမှာ ဘာနစ်နာချက် ရှိလို့လဲ။ ... ဂိုဏ်းက မနေ့ကမှ ပျော်ပွဲရွှင်ပွဲအခမ်းအနား ကျင်းပပေးသည် မင်းကအခုဘဲ မကျေနပ်ချက်ကို တိုင်ကြားချင်တယ် ... မင်းကိစ္စက ဘာမှ မဟုတ်ဘူးဆို ငါမင်း ခြေထောက်တွေကို ချိုးပစ်မယ်"
"ကျန်းရီက စည်းကမ်းထိန်းသိမ်းရေးဆောင်ရဲ့ လက်ထောက်အကြီးအကဲကို ဂါရဝပြုပါတယ်''
ဝင်လာသူကား ကျန်းရီဖြစ်သည်။ သူသည် ဂိုဏ်းသားတိုင်း ကြောက်ရသော စည်းကမ်းထိန်းသိမ်းရေးဆောင်သို့ ကျားတစ်ကောင်ကဲ့သို့ တည်ငြိမ်စွာ ဝင်လာခဲ့သည်။ သူသည် စကားမပြောခင် ကျန်းယွင်ရှစ်အား အရိုအသေပေးလိုက်သည် ...
"ကျွန်တော် ခေါင်းလောင်းကို တီးတာက တိုင်ကြားစရာ ရှိလို့ပါ ... ကျွန်တော်က ကျန်းရုဟူ၊ ကျန်းပေါင်နဲ့ ကျန်းစုန့်တို့ကို တိုင်ချင်ပါတယ် ... သူတို့က ကျွန်တော့်ရဲ့ အစေခံမိန်းကလေး ရှောင်နူကို အကြောင်းအရင်းမရှိဘဲ သေလုမျောပါး ဖြစ်အောင် ရိုက်ခဲ့ပါတယ် ... သူတို့ကို အပြစ်ပေးဖို့ စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို တောင်းဆိုပါတယ်"
စည်းကမ်း ထိန်းသိမ်းရေး ဆောင်အတွင်းမှ အစောင့်လေးယောက်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ကျန်းရီမှ ကျန်းယွင်ရှစ်အား လက်ထောက်အကြီးအကဲဟု နှုတ်ဆက်လိုက်သည်ကို ကြားသောအခါ သူတို့သည် ကျန်းရီကို သနားစရာသတ္တဝါလေးနှယ် ကြည့်နေခဲ့ကြသည်။ သူသည် အသက်ရှင်ရတာကို ငြီးငွေ့နေတာများလား။
ကျန်းရီ၏ စကားမဆုံးသေးခင်ပင်တွင် ကျန်းယွင်ရှစ်သည် ဒေါသတကြီး ဖြစ်လာခဲ့သည်။ သူသည် လက်ကို စားပွဲပေါ်သို့ ရိုက်ချလိုက်သည် ...
"ဒီလို အသေးအဖွဲ ကိစ္စလေးကို မင်းက တိုင်ကြားချင်တာလား။ ... ကျန်းရုဟူတို့ သုံးယောက်က ခေါင်းမကောင်းကြလို့လား။..အကြောင်းအရင်း မရှိဘဲ မင်းရဲ့ အစေခံကို သူတို့က ဘာလို့ ရိုက်မှာလဲ။ ... မင်းသာ သူတို့ကို ရန်သွားမစရင် သူတို့က ဒီလို လုပ်ပါ့မလား။ ... ပြန်သွားပြီး ... ကျင့်ကြံနေလိုက် ... မင်းက ဆူဆူပူပူ လုပ်ရဲရင် ခွင့်မလွှတ်ဘဲ ပြင်းပြင်းထန်ထန် အပြစ်ပေးပစ်မယ် ... ဟမ့်"
"ငါထင်တဲ့ အတိုင်းပဲ"
ကျန်းရီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဆက်မပြောတော့ပေ။ ကျန်းယွင်ရှစ်သည် ဂိုဏ်းချုပ် ကျန်းယွင်ရှန်၏ ညီအရင်းဖြစ်သည်။ ကြီးကြပ်ရေးမှူး ခေါင်းဆောင် ကျန်းယွင်ရှဲသည် ကျန်းယွင်ရှစ်၏ ဝမ်းကွဲအစ်ကို ဖြစ်သည်။ တစ်ယောက်ယောက်သည် ကျန်းယွင်ရှဲ၏ သားကို တိုင်ကြားလာသည့်အခါ ကျန်းယွင်ရှစ်သည် သွေးသားတော်စပ်မှုကိုသာ အလေးပေးမည်မှာ သေချာသည်။
ကျန်းရီသည် စည်းကမ်းထိန်းသိမ်းရေးဆောင်ကို အားကိုးရန် အတွေး တစ်ခါမှပင် မရှိခဲ့ဘူးပေ။ သူသည် အကြောင်းအရင်း မရှိဘဲ ပြဿနာရှာခြင်း မဟုတ်ကြောင်း အသိပေးလို၍သာ ဖြစ်သည်။ အကြောင်းအရင်းမရှိဘဲ ... သူသည် မပေါက်ကွဲတတ်ပေ ...
စည်းကမ်းထိန်းသိမ်းရေးဆောင်မှ ထွက်လာပြီးသည်နှင့် သူသည် ကျန်းဂိုဏ်း၏ အတွင်းဘက် အဆောင်များဆီ ထွက်လာခဲ့သည်။ သူသည် အဆောင်ကြီး တစ်ခုရှေ့အရောက်တွင် အော်ဟစ်လိုက်သည် ...
"ကျန်းရုဟူ ... တစ်ယောက်ယောက် မင်းကို တွေ့ဖို့ ရောက်နေတယ်"
အဆောင်ကြီး၏ တံခါးသည် ပွင့်လာခဲ့ပြီး အစေခံအိုကြီးတစ်ယောက်ထွက်လာကာ ကျန်းရီကို သံသယရှိစွာ မေးလာခဲ့သည် ...
"မင်းက ဘယ်သူလဲ။ ... သခင်လေးဟူက သိုင်းပညာ သရုပ်ပြ ခန်းမကို သွားတယ် ... သူ့ကို အဲဒီမှာ သွားရှာ"
ကျန်းရီသည် ခေါင်းညိတ်ကာ အိမ်တော်ဝန်း အလယ်ဘက်ဆီ ပြန်လျှောက်လာခဲ့သည်။ ဆယ့်ငါးမိနစ်မျှ ကြာပြီးနောက် သူသည် သိုင်းပညာသရုပ်ပြခန်းမကို ရောက်သွားလေသည်။ သူသည်အပြင်မှပင် လေ့ကျင့်နေသော အသံများကို ကြားနေရလေသည်။
သိုင်းပညာသရုပ်ပြခန်းမ ... ငါဒီကို မရောက်တာ ရှစ်နှစ်ကျော်တောင် ကြာသွားခဲ့ပြီ ...
သူသည် တံခါးမကြီးကို အသာအယာ တွန်းဖွင့်လိုက်သည်။ သိုင်းပညာသရုပ်ပြခန်းမအတွင်းတွင် ဂိုဏ်းသား လေးငါးဆယ်ခန့်သည် သိုင်းပညာများ လေ့ကျင့်နေကြလေသည်။ ကျန်းရီပေါ်ပေါက်လာမှုသည် လူများ၏ အကြည့်ကို ဖမ်းစားသွားခဲ့သည်။ ကျန်းရီမှန်း သိသွားပြီးနောက် မျက်လုံးအစုံ နှစ်ဆယ်ခန့်သည် တောက်ပသွားကာ တစ်ယောက်နှင့်တစ်ယောက် စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
ကျန်းရီနောက်ဆုံးတော့ ပေါ်လာခဲ့ပြီ
"ရုယင်း ... ငါ့အစ်ကိုကို သွားခေါ်ချေ"
ထောင့်တစ်ခုတွင် ပျင်းရိစွာ ထိုင်နေသော ကျန်းရုဟူသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ သူသည် သူ့ဘေးတွင် ထိုင်နေသော ကျန်းရုယင်းအား တစ်စုံတစ်ခု တိုးတိုးပြောလိုက်ကာ ဘေးတံခါးမှ ထွက်သွားခိုင်းလိုက်သည်။ သူသည် လူတချို့ကို ခေါ်ကာ ကျန်းရီဆီ ဦးတည်သွားလိုက်သည်။ သူသည် အဝေးမှပင် ကြိမ်းမောင်းလိုက်သည် ...
"ကျန်းရီ ... မင်းဒီကို ဘာလာလုပ်တာလဲ။ ... ဒီနေရာက မင်းရှိသင့်တဲ့ နေရာလား”
ကျန်းရီသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့် ထူးချွန်သူမှ ရှိမနေသည်ကို သေချာအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် နှာခေါင်း တစ်ချက်ရှုံ့လိုက်ကာ ကျန်းရုဟူကို စိုက်ကြည့်လိုက်သည် ...
"ဒီနေရာက တကယ်လည်း ငါ့အတွက် မဟုတ်ဘူး ... အဲဒါတင်မကဘူး ... မင်းတို့တွေ ဒီမှာ ရှိနေတာကြောင့် ငါကလည်း မလာချင်ပါဘူး ...”
စကားဆုံးသည်နှင့် သူသည် အခန်းတွင်းသို့ ခြေလှမ်းကြဲကြီးများနှင့် ဝင်လိုက်ကာ တံခါးမကြီးကို ပိတ်လိုက်သည်။ သူ၏ ဓားကဲ့သို့ စူးရှသော အကြည့်တို့သည် လူတိုင်းအပေါ်သို့ ဖြတ်သန်းသွားခဲ့ပြီး သူသည် ကြော်ငြာလိုက်သည် ...
"လူတိုင်း နားထောင်ကြပါ ... ဒီနေ့..ငါ ကျန်းရုဟူ၊ ကျန်းပေါင်နဲ့ ကျန်းစုန့်တို့ရဲ့ ခြေထောက် ခြောက်ချောင်းကိုပဲ လိုချင်တာ ... ကျန်တဲ့ သူတွေကို ဘေးဖယ်နေကြပါ ... မဟုတ်ရင် အကျိုးဆက်ကို စဉ်းစားနေမှာ မဟုတ်ဘူး"
"ဝိုး"
သိုင်းပညာသရုပ်ပြခန်းမတစ်ခုလုံးသည် လုှပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အများစုသည် သူတို့ နားကြားမှားသည် ဟုပင် ထင်နေကြသည်။ ဤနေရာတွင် ရှိနေသော ဂိုဏ်းသားများအနက် အနည်းဆုံး ဆယ့်နှစ်ယောက်လောက်သည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်သို့ ရောက်နေကြပြီး ဖြစ်သည်။
ကျန်းရီသည် ဘယ်လိုများ မျက်နှာပြောင် တိုက်ရဲရပါသနည်း။ ထို့ပြင် ဤနေရာသည် ကျန်းဂိုဏ်း၏ အရေးပါသော နေရာများအနက်မှ တစ်နေရာဖြစ်သည်။ ကျန်းရီသည် ပြဿနာ ရှာရဲသည်လား။ ... သူသည် စည်းကမ်းထိန်းသိမ်းရေးဆောင်၏ အင်အားကို စိန်ခေါ်နေတာ အသိသာကြီး မဟုတ်ပါလား။
*****