သီးခြားနယ်မြေရဲ့လျှို့ဝှက်ချက်များ
Vol. 59 Ch. 814
“သီးခြားနယ်မြေကို ဝင်လာသူအများစုက သေကြလိမ့်မယ်..ထွက်သွားတဲ့လူနည်းစုက အဲဒီ့အကြောင်း ပြန်မပြောကြဘူး..ပြန်မပြောချင်လို့လား ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုကြောင့်လား...”
စုမင်က ဓားပြများ ရွာနှင့် နီးကပ်လာသည်ကို လှမ်းကြည့်လိုက်သည်။ ရွာရှိ ခွေးများက မြင်းခွာသံများကြောင့် အန္တရာယ်ကို သတိပြုမိပုံရပြီး ကျယ်လောင်စွာ ဟောင်ကြသည်။ ထိုအချိန်တွင် ရွာရှိမီးများ အားလုံး လင်းထိန်သွားလေသည်။
ကလေးငယ်များ၏ အော်ဟစ်သံနှင့်အတူ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထို့နောက် တစ်ရွာလုံးရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။
‘ ငါ ဒီရွာကို တစ်လခွဲလောက် စောင့်ကြည့်နေတာ ထူးထူးခြားခြား ဘာမှမတွေ့ဘူး..ဒါက သာမန်သေမျိုးတွေရဲ့ရွာပဲ..ဒါက လှည့်စားထားတဲ့မြင်ကွင်းမဟုတ်ဘဲ အစစ်အမှန်ပဲ...”
‘ဒီရွာက ဒီနေရာမှာ တည်ထားတာ..တကယ်လို့ ဓါးပြတွေသာ ခဏခဏလာရင်တောင် သူတို့က ဘာအကာအကွယ်မှမလုပ်ထားဘူး..ခြံစည်းရိုးတောင် ကာမထာဘူး..”
“ဓါးပြတွေလာတဲ့ပုံက နည်းနည်းထူးဆန်းတယ်..ဘာလို့ ငါပဲ သူတို့ကိုမြင်ရတာလဲ..”
စုမင်က မျက်လုံးကို မှိတ်ထားသည်။ သူ့ခေါင်းထဲတွင် အတွေးပေါင်းများစွာ ဝင်လာစဉ် ဓါးပြအုပ်စုမှာ ရွာနှင့်
ပေတစ်ထောင်အောက်သာဝေးတော့သည်။ ခွေးဟောင်သံများကြောင့်
မိခင်များက ကလေးများကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားကာ တုန်ရီနေလေသည်။ သူတို့မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ ပေါ်လာသည်။
ရွာကလူများက မရှိရှိရာလက်နက်ကို ဆွဲကိုင်ထားလေသည်။ သူတို့ ကြောက်နေသော်လည်း နောက်မဆုတ်ကြပေ။ စိတ်ပျက်အားငယ်နေမည့်အစား
သူတို့ထံမှ ရူးသွပ်သောအသံများ ထွက်ပေါ်လာသည်။
သူတို့၏မိသားစုနှင့်အိမ်များကို အသက်ပေးကာကွယ်ရန် အဆင်သင့်ဖြစ်နေလေသည်။
“သူတို့ကိုသတ်ကြ..တစ်ရွာလုံးကို ဖျက်ဆီးပစ်လိုက်..ယောက်ျားလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို သတ်ပစ်လိုက်..သူတို့ရဲ့ အစားအသောက်တွေ မိန်းမတွေ အကုန်လုယူမယ်.. ဒီရွာကို ဖျက်ဆီးပြီးတာနဲ့ ငါတို့ ပြန်ကြမယ်”
ဓါးပြများကြားတွင် အသန်မာဆုံးလူက
ယုတ်မာစွာပြုံးလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ ဓါးရှည်ကိုဝှေ့ယမ်းပြီး ညစ်ကျယ်စွာရယ်မောကာ ရွာသို့ဝင်သွားကြလေသည်။
ပေတစ်ထောင်၊ ပေရှစ်ရာ၊ ပေခြောက်ရာ...
စုမင်က ဤမြင်ကွင်းကို အဝေးမှ ကြည့်နေသည်။ ဓားပြများက ရွာနှင့် ပေသုံးရာအကွာတွင် ရောက်ရှိနေသည်ကို ကြည့်ပြီး ကြောက်လန့်နေသောရွာသားများ၊ ကလေးများ၏ အပြစ်ကင်းစင်သော မျက်လုံးများရှိကြောက်ရွံ့မှု၊ မိန်းမသားများနှင့် အသက်ပေးရဲသောယောကျာ်းများကို စုမင် တွေ့ရလေသည်။
စုမင် ရုတ်တရက် နားလည်သွားသည်။
“ငါ တုံ့ဆိုင်းနေတာပဲ…”
စုမင်က တိုးတိုးလေးရေရွတ်လိုက်သည်။
“ငါက တုံ့ဆိုင်းနေရင်း ဟိုဟာလုပ်ရမလိုလို ဒီဟာလုပ်ရမလိုလိုဖြစ်နေပြီ..ရွာသားတွေကို ကူညီဖို့ ဒါမှမဟုတ် ဓားပြတွေကို ကူညီဖို့ ရွေးချယ်လို့ရတယ်..ဒါမှမဟုတ် လူတိုင်းကို သတ်ပစ်ဖို့ ရွေးချယ်နိုင်တယ်..ငါ့မှာ တခြားရွေးချယ်စရာတွေ ရှိပေမဲ့...”
“ဒါက ငါ့ဆန္ဒမဟုတ်ဘူး.. ငါ့ပတ်ဝန်းကျင်နဲ့ ဒီလောကကြီးက ငါ့ကို ရွေးချယ်မှုတစ်ခုလုပ်ဖို့ အတင်းဆွဲခေါ်နေတယ်..အဲ့တော့ ငါဘာပဲလုပ်လုပ် ရွေးချယ်မှုတစ်ခုပဲလုပ်မယ်..”
“ဒါက သီးခြားနယ်မြေ...မယုံနိုင်လောက်အောင် အန္တရာယ်များတယ်လို့ ကောလဟာလထွက်နေတဲ့သီးခြားနယ်မြေ.. ငါနားလည်သွားပြီ...”
စုမင်က အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။ သူက ရွာနှင့် ပေတစ်ရာသာ ဝေးသော ဓားပြများကို ကြည့်၍ သူ့ရှေ့ရှိ အရာများကို နားလည်လာခဲ့သည်။ ဤသည်မှာ သီးခြားနယ်မြေက သူ့ကို ပထမဆုံးရွေးချယ်မှုလုပ်ရန် တွန်းအားပေးနေလေသည်။
“ဒီအပင်က ခြောက်သွေ့နေသလိုပဲ.. ပင်စည်တစ်ခုပဲ ရှိတယ်.. ဒါပေမဲ့ ပိုမြင့်လေ အကိုင်းအခက်တွေ ပိုများလာမယ်..ငါလဲ ရွေးချယ်မှုတစ်ခုလုပ်ပြီးတာနဲ့. နောက်ပိုင်းမှာ ရွေးချယ်မှုတွေ ပိုများလာမယ် အဆုံးကို ရောက်တဲ့အခါ အဆုံးဆိုတာ မရှိမှန်း သိလာလိမ့်မယ်”
စုမင်က မတ်တပ်ထရပ်ပြီး သူ့ဘေးက သစ်ပင်ကို ကြည့်လိုက်သည်။
“ရွေးချယ်စရာလား..”
စုမင်၏မျက်လုံးများတွင် အေးစက်သောအလင်းတန်းတစ်ခုပေါ်လာသည်။ သူ့ညာလက်ကို မဝေးလှသောရွာသို့ လွှဲယမ်းလိုက်သည်။ ထိုအချိန်တွင် ဓားပြများကို ရွာသို့ခေါ်ဆောင်သွားသော အမျိုးသားက သူ့လက်ထဲမှ ဓါးကို မြဲမြဲကိုင်ကာ ရယ်မောနေသည်။ စုမင်က ထိုလူ၏ ဦးခေါင်းကို ချိန်ရွယ်လိုက်သည်။ ထိုလူက ဖျတ်ခနဲတုန်လှုပ်သွားကာ ကြက်သီးတဖြန်းဖြန်းထသွားလေသည်။လေတစ်ချက်အဝှေ့တွင် သူရော သူမြင်းပါ ပြာအဖြစ်သို့ပြောင်းလဲသွားလေသည်။
ထိုနေရာတွင် သွေးထွက်သံယိုမရှိ၊ အသားစများ မရှိပေ။ ဓါးပြခေါင်းဆောင်က ရိုးရှင်းစွာ ပြာကျသွားပြီး လူအုပ်ကြီး၏မျက်လုံးရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။ ရွာသားများလည်း အံ့အားသင့်နေချိန်တွင် အခြားဓားပြများ အားလုံး ကြောက်လန့်တကြားဖြစ်ကုန်ကြသည်။
ဤထူးဆန်းသောမြင်ကွင်းကြောင့် ရွာသူရွာသားအားလုံး အသက်ရှူရပ်လုမတတ်ဖြစ်သွားသည်။သူတို့က နှင်းထဲတွင် ပြန့်ကျဲနေသော ပြာများကို စူးစူးဝါးဝါး အကြည့်ဖြင့် ငေးကြည့်ရင်း ဖြစ်ပျက်လာသမျှ အရာအားလုံးက အစစ်အမှန်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူတို့ရှေ့တွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက အိပ်မက်တစ်ခု ခံစားနေခဲ့ရသော်လည်း အမှန်တရားကို လက်ခံခဲ့ကြသည်။
စုမင်က နှင်းထုကြားထဲကနေ သူတို့ဆီသို့
လျှောက်လာသည်ကို လူအားလုံးမြင်ကြသည်။ ထို့နောက် သူတို့က တုန်တုန်ယင်ယင်ဖြင့် နောက်ပြန်ဆုတ်သွားကြသည်။ စုမင်က ဝတ်ရုံဖြူဝတ်ဆင်ထားကာ ကြက်သေသေနေသောရွာသားများရှေ့တွင် မတ်တပ်ရပ်လိုက်သည် ။ သူက ရွာသားအားလုံးကို တောက်လျှောက်ကြည့်နေလေသည်။
စောစောက ရွာသားအားလုံး ဓါးပြများကို မြင်ရစဉ်က သူတို့၏ကြောက်ရွံ့မှုထက်သာလွန်သောအကြောက်တရားကို စုမင်ထပ်တွေ့လိုက်ရသည်။ ထို့ကြောင့် စုမင်က တိတ်ဆိတ်စွာ အကြည့်လွှဲလိုက်ပြီး နောက်လှည့်လိုက်သည်။ သူထွက်ခါနီးမှာ လေပြင်းက သူ့ဆံပင်များကို တစ်ချက်ဝေ့လိုက်သည်။
“လီ...သခင်လေး... မင်းက ဒဏ္ဍာရီထဲက သူရဲကောင်းပဲ..”
တုန်လှုပ်သောအသံက လူအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ အဘိုးကြီးတစ်ယောက် ရှေ့ကို အမြန်တိုးလာသည်။ ဇရာ၏တိုက်စားမှုကြောင့် အဘိုးအို၏မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည့်နေလေသည်။ ထိုအချိန်တွင် သူက စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် စုမင်ကို ကြည့်လိုက်သည်။
“မင်းက ဒဏ္ဍာရီလာ သူရဲကောင်းပဲ.. ငါတို့ရွာရဲ့သူရဲကောင်းပဲ..ငါ လုံးဝမမှားပါဘူး..မင်းရဲ့ ပုံတူကို ငါမှတ်မိတယ်..မင်းက ဒဏ္ဍာရီလာ သူရဲကောင်းပဲ..”
စုမင် တခဏချင်း အံ့အားသင့်သွားပြီး အသက်ကြီးနေသောအဘိုးအိုကို လှည့်ကြည့်လိုက်သည်။
အဘိုးအိုက စိတ်လှုပ်ရှားလွန်သောကြောင့် သူ့စကားများက လိုရင်းမရောက်တော့ပေ။ သူက ရွာရှိ အဆောက်အဦးတစ်ခုဆီသို့ အမြန်ညွှန်ပြလိုက်သည်။
စုမင်က အဆောက်အဦးကိုလှမ်းကြည့်လိုက်သောအခါ သူ့မျက်လုံးထဲတွင်ဖျတ်ခနဲလင်းလက်လာသည်။ သူက ထိုတံခါးကိုတွန်းဖွင့်လိုက်စဉ် သူ့နှလုံးသားက တုန်လှုပ်သွားသည်။ သူက အထဲသို့မဝင်ဘဲ ဝင်ပေါက်မှာ အကြာကြီး ရပ်နေခဲ့သည်။
ထိုအဆောက်အဦးက ဘိုးဘွားပိုင် အ မွေအနှစ်ဖြစ်သည်။ ထိုနေရာတွင် အထိမ်းအမှတ်ပန်းကန်ပြားများစွာရှိပြီး
သားစဉ်မြေးဆက် ကိုးကွယ်ရန်ထားရှိခဲ့သည်။ ထိုပန်းကန်ပြားများ၏နောက်ဘက် နံရံတွင် ပုံတစ်ပုံရှိသည်။
ထိုပုံကားချပ်တွင် လူတစ်ယောက်ပုံကို ဆွဲထားလေသည်။ ထိုလူက ရှည်လျားသော အဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး ဆံရှည်များကို ချထားလေသည်။ သူ့ခန္ဓာကိုယ်က ဘေးတိုက်ပုံစံမျိူးဖြစ်ပြီး စုမင်ထွက်ခွာရန် လှည့်ထွက်ခါနီးပုံစံနှင့် တထေးရာတည်း ဖြစ်၏။
“ဒါက တစ်နှစ်ပတ်လုံး ငါတို့ကောင်းချီးပေးတဲ့ပုံတူပဲ..အတိတ်က မင်း... “
အဘိုးကြီး၏အံ့အားသင့်နေသောအသံက စုမင်နောက်က ထွက်လာသော်လည်း စုမင်က မကြားတော့ပေ။
စုမင်အတွက်အရေးကြီးတာက ပုံတူပန်းချီပင်ဖြစ်သည်။ နှင်းကျဲကျဲကျဲနေသောလေထဲမှာ သူ့ဆံပင်များက လွင့်ဖြာနေခဲ့သည်။ ထိုပုံတူက လွန်ခဲ့သောနှစ်ပေါင်းများစွာက တည်ရှိခဲ့သောပုံမဟုတ်မှန်း စုမင်သိလေသည်။ ထိုပုံတူက သူဖြစ်နေလေသည်။
“သီးခြားနယ်မြေ...”
စုမင်က တီးတိုးစွာရေရွတ်လိုက်သည်။ သူ့ညာလက်ကို မြှောက်လိုက်ပြီး လေထဲရှိပုံတူကို ဆုပ်ကိုင်လိုက်သည်။ ပုံတူက သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီး ကြီးမားသော စွမ်းအင်ပမာဏက သူ့ခန္ဓာကိုယ်ထဲသို့ တည့်တည့်တိုးဝင်လာသည်။ ထို့နောက်ရှေးကျသောအသံတစ်ခု စုမင်၏ ခေါင်းထဲတွင် ပေါ်လာသည်။
အချိန်ကာလအပိုင်းအခြားတစ်ခုကိုဖြတ်သန်းပြီးသောကြောင့် ထိုအသံက အက်ရှရှဖြစ်နေလေသည်။
“ငါက စွေ့ချန်ကျစ်ပဲ...”
ထိုအသံက စုမင်၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ရှေးခေတ်လေသံက နဂါးငွေ့တန်းတစ်ခုလုံးကို ရပ်တန့်သွားစေနိုင်သောတည်ရှိမှုကို သယ်ဆောင်လာခဲ့သည်။ ထိုအသံကပဲ့တင်ထပ်လာစဉ် စုမင်၏ပတ်ဝန်းကျင်ရှိ နှင်းများက ရပ်တန့်သွားသည်။ ရွာသူရွာသားအားလုံးလဲ ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်နေကြသည်။
သူ့မျက်လုံးရှေ့တွင် သူ့ပတ်ဝန်းကျင်ရှိ အဆောက်အအုံများက တစ်စစီ ပြိုကျသွားတော့သည်။ ထိုအချိန်တွင် မလှုပ်မယှက်ရပ်နေသူများတောင် စတင်ပုပ်ပွလာတော့သည်။
သူတို့တင် မဟုတ်ပေ။ မြေပြင်ပေါ်ရှိ နှင်းများ၊ လေထုနှင့် ကောင်းကင်ကြီး တစ်ခုလုံး ကြွေကျနေသကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်လာသည်။
စုမင်၏လက်ထဲက ပုံတူကလဲ တဖြည်းဖြည်း ယိုယွင်းလာသည်။ ထိုပုံတူက အဆက်မပြတ် စီးဆင်းနေသော အချိန်ကာလထဲတွင် ထာဝရနစ်မြုပ်သွားသကဲ့သို့ ထင်ရသည်။
ထိုအချိန်တွင် နယ်မြေအတွင်းရှိ အရောင်အားလုံးက မှိန်ဖျော့သွားကာ မီးခိုးရောင်တစ်မျိုးသာ ကျန်ခဲ့လေသည်။ စုမင်၏ကိုယ်ခန္ဓာတစ်ခုတည်းသာလျှင် မူလအရောင်ကို ထိန်းသိမ်းထားနိုင်ပြီး လောကကြီးထဲတွင် ကွဲပြားသည့်တစ်ခုတည်းသော အရာဖြစ်လာသည်။
“ငါမွေးကတည်းက လောကကြီးဆိုတာဖြစ်တည်ပြီးသား..ငါက ကျင့်ကြံခြင်းလမ်းစဉ်ကို အချိန်အတော်ကြာလိုက်စားခဲ့တယ်..ငါ ဘယ်လောက်ကျင့်ကြံခဲ့တယ်ဆိုတာတောင်မေ့သွားပြီ..ဒီစကြာဝဠာကြီးမှာ ကောင်းကင်ဘုံကိုးခုရှိတယ်..ငါက အဲဒီထဲက သီးသန့်ဖြစ်တည်နေတဲ့လူတစ်ယောက်ပဲ..ငါက ကျင့်ကြံခြင်းလမ်းစဉ်အဆုံးကိုရောက်ခဲ့တယ်..အတွေးတစ်ခုတည်းနဲ့ ငါက ကောင်းကင်ဘုံတွေကို ဖျက်စီးနိုင်တယ်..အတွေးတစ်ခုတည်းနဲ့ စကြာဝဠာကြီးကို ရှင်သန်အောင်လုပ်နိုင်နယ်..”
“အတွေးတစ်ခုတည်းနဲ့ အသက်အားလုံးကို သေစေနိုင်တယ်..စကြာဝဠာကြီးတစ်ခုလုံးမှာ လောကကြီးကိုးခုရှိတယ်.. ပထမစကြာဝဠာဖြစ်တည်လာတုန်းက ကောင်းကင်ဘုံတွေက ခွဲခြားခံရပြီး ငါက အဲ့ထဲက တစ်ခုဖြစ်လာတယ်..ငါသေရင် စကြဝဠာတစ်ခုလုံး ပျောက်ဆုံးသွားလိမ့်မယ်...”
“ငါ့ရဲ့ဆန္ဒက ဘယ်နေရာပဲရောက်ရောက် လောကမှော်ယာဉ်ပျံကျင့်ကြံသူ နောက်ထပ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်..ကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့ကျင့်ကြံသူဟာ သူ့ဘဝတစ်လျှောက်လုံး ကျင့်ကြံလမ်းစဉ်ပေါ်မှာပဲ ရှိနေလိမ့်မယ်..စကြာဝဠာမှာရှိတဲ့ သက်ရှိအားလုံး ဒါမှမဟုတ် ငါ့လောကမှာရှိတဲ့သက်ရှိအားလုံးကိုလဲ အဲ့လိုပဲဖြစ်စေချင်တယ်”
“ဒါပေမယ့် … စကြဝဠာကြီး ပျက်စီးသွားရင် ဘယ်သူမှ အဲဒီပျက်စီးမှုကို နောက်ပြန်ဆုတ်လို့မရပါဘူး..စကြဝဠာကြီးက ပျက်စီးဖို့ ဆန္ဒရှိမယ်ဆိုရင် အဲဒါကို တွန်းလှန်နိုင်တဲ့ စွမ်းအားမရှိဘူး… အဲဒီ
လောကကြီးကိုးခုလုံး ပျက်စီးသွားမှာပဲ..
သူတို့ဟာ ဖုန်မှုန့်တွေချည်း ဖြစ်သွားပြီး ငါတစ်ယောက်တည်း ရုန်းကန်နေရတုန်းပဲ..”
“စကြာဝဠာမှာ လောကကြီးကိုးခု ရှိပြီး ရှစ်ခုက ကွဲအက်သွားတယ်..ဒါ့ကြောင့် ငါရုန်းကန်နေရင်တောင် ဘာအကျိုးရှိတော့
မှာလဲ..”
“ငါ စကြာဝဠာကြီးဆီကို ပြန်လာချင်တယ်..ငါ အောင်မြင်ခဲ့ရင် စကြဝဠာကို ပြန်ဖန်တီးမယ်..မအောင်မြင်ခဲ့ရင် ငါ့ရဲ့ အကြွင်းအကျန်တွေက စကြဝဠာရဲ့နေရာတစ်ခုမှာ ပေါ်လာမှာပဲ..ငါ့ရဲ့အဖော်ဖြစ်တဲ့ အကြွင်းအကျန်တွေကြောင့်မလို့ ငါသေသွားရင်လဲ နောင်တရစရာတော့မရှိဘူး”
“ငါ ပျက်စီးမသွားရင် ဥပဒေသတစ်ခုကိုချမှတ်မယ်..ငါ စွေ့ချန်ကျစ်က ကြေညာစရာတစ်ခုရှိတယ်..လောကကြီးပျက်စီးပြီး အမှုန်အမွှားအဖြစ်ပြောင်းလဲသွားရင်..ကံကြမ္မာ ရောက်ရှိလာပြီး ငါ့ရဲ့နတ်ဘုရားအနှစ်သာရရဲ့စွမ်းအားကို ရယူနိုင်လိမ့်မယ်...”
“နတ်ဘုရားအနှစ်သာရစွမ်းအားဆိုတာ စကြဝဠာစတင်ဖွဲ့စည်းချိန်မှာ မွေးဖွားခဲ့တဲ့လောကကိုးခုရဲ့အနှစ်သာရပဲ..နတ်ဘုရားအနှစ်သာရကိုရရှိသူတွေသာ လောကကြီးကိုးခုထဲက တစ်ခုဖြစ်လာမှာ..ဒါမှသာ သူတို့ရဲ့ကျင့်ကြံလမ်းစဉ်က အဆုံးကိုရောက်ရှိပြီး လောကကြီးတစ်ခုကို ပုံသွင်းနိုင်လိမ့်မယ်...”
“ကံကြမ္မာဖန်ဆင်းရှင်လေး..မင်း အခုစကြာဝဠာမှာ ဘယ်လောက်ကြာကြာရှိနေလဲဆိုတာ ငါမသိဘူး..ဒါပေမဲ့ မင်းမြင်ဖူးတဲ့ စစ်မှန်တဲ့လောကကြီးအရေအတွက်က ငါ့လိုမြင့်မြတ်တဲ့ ပါရမီရှင်တွေ ဘယ်လောက်ရှိလဲဆိုတာ ပြောပြလိမ့်မယ်..”
“စကြဝဠာရဲ့ နှလုံးသားကို ကြည့်ပါ.. အရိုးပြာမှုန့်( အကြွင်းအကျန်)တွေ ဘယ်လောက်ပျောက်ကွယ်သွားပြီလဲဆိုတာ ရှာပါ..ပြီးရင် လူဘယ်နှစ်ယောက်က မြင့်မြတ်တဲ့ ပါရမီရှင်တွေ ဖြစ်လာလဲဆိုတာ မင်းသိလိမ့်မယ်..”
စုမင်၏နှလုံးသားက တသိမ့်သိမ့် တုန်လှုပ်သွားလေသည်။ဤသည်မှာ သူ သတိရှိနေစဉ် ကြုံတွေ့ခဲ့ရသောအကြီးမားဆုံး ထိတ်လန့်မှုပင်ဖြစ်၏။ ထိုထိတ်လန့်မှုက သီးခြားနယ်မြေအပေါ်နားလည်မှုအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
“မင်းရဲ့ နတ်ဘုရားအနှစ်သာရကို ရယူချင်ရင် ရလဒ်သုံးခု ရှိလိမ့်မယ်..တစ် မင်းဖျက်ဆီးခံရလိမ့်မယ်..နှစ် မင်းမှာ ငါ့ရဲ့ နတ်ဘုရားအနှစ်သာရကို ပိုင်ဆိုင်ဖို့ အခွင့်အရေး မလုံလောက်ဘူးဆိုတာ သိသွားလိမ့်မယ်..ဒါပေမဲ့ မင်းထွက်သွားနိုင်လိမ့်မယ်..ဒါပေမဲ့ မင်း ဒီနယ်မြေအကြောင်း ဘာမှပြောခွင့်မရှိဘူး မဟုတ်ရင် မင်းဖျက်ဆီးခံရလိမ့်မယ်..သုံး မင်းကငါ့ရဲ့ နတ်ဘုရားအနှစ်သာရနဲ့ ပေါင်းစပ်ပြီး မြင့်မြတ်တဲ့ပါရမီရှင် လမ်းစဉ်အတိုင်းလျှောက်လှမ်းရလိမ့်မယ်..”
စုမင်၏ခေါင်းထဲမှာ မိုးကြိုးများပစ်ခံရသလို ခေါင်းနပန်းများကြီးသွားလေသည်။ သူ့ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်လှုပ်သွားလေသည်။ထိုအချိန်တွင် သူ့ပတ်ဝန်းကျင်ရှိလောကကြီးက ချက်ချင်းပြိုပျက်သွားတော့သည်။ သူ့ရှေ့ရှိအဆောက်အအုံများက ပြိုကျသွားသည်၊ လူများက ပြာအဖြစ်ပြောင်းလဲသွားသည်၊
ကောင်းကင်ကြီးက ပျောက်ကွယ်သွားသည်၊ စုမင်တစ်ယောက်တည်းကြောင်အမ်းအမ်းဖြစ်ကာ ကျန်နေခဲ့သည်။
ထိုအချိန်တွင် သူ့လက်ထဲရှိပုံတူကလဲ လုံးဝပျောက်ကွယ်သွားသည်။